နှစ်တစ်သောင်းအတွင်း ဒုတိယ ကြယ်ခြောက်ပွင့် ပါရမီရှင်
Vol. 20 Ch. 286
အခန်း (၂၈၆) : နှစ်တစ်သောင်းအတွင်း ဒုတိယ ကြယ်ခြောက်ပွင့် ပါရမီရှင်
တောင် …
မြို့လေးတစ်ခုလုံးအနှံ့ ခေါင်းလောင်းအသံ ပဲ့တင်ထွက်လာသည်။
“ ဟေး မင်းတို့ကြားပြီးပြီလား။ ခရမ်းစံအိမ်ရဲ့ သူတော်စင်က ဒီနေ့ သူ့စစ်နတ်ဘုရား မျှော်နန်းဆောင် တိုက်ပွဲကို တိုက်ရိုက်ထုတ်လွှင့်ပြသမယ်တဲ့”
“ မြန်မြန် နေရာသွားဦးကြစို့ … နောက်ကျနေရင် ကြည့်ဖို့ အခွင့်အရေး မရဘဲ နေလိမ့်မယ် ”
“ ခရမ်းစံအိမ် သူတော်စင်က စစ်နတ်ဘုရား မျှော်နန်းဆောင်ထဲ အဆင့်ဘယ်လောက် ဖြတ်ကျော်နိုင်မလဲ မသိဘူး။ သူရော ဒဏ္ဍာရီလာ ကြယ်ခြောက်ပွင့် ပါရမီရှင် ဖြစ်လာနိုင်မလား ”
“ အရမ်းမိုက်မှာပဲ … ဒီနှစ်တစ်သောင်းအတွင်းမှာ ကြယ်ခြောက်ပွင့် ပါရမီရှင်က တစ်ယောက်တည်းပဲ ရှိခဲ့တာမလား။ အဲဒီလူကလည်း ဟွမ်ရှီလေ ”
“ တစ်ယောက်တည်း မဟုတ်ဘူးကွ။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ကြယ်ခုနှစ်ပွင့် ပါရမီရှင်ဆိုတာ မင်း မကြားသေးဘူးလား။ တချို့က သူ့ကို ကြယ်ရှစ်ပွင့် ပါရမီရှင် ဖြစ်နိုင်တယ်လို့တောင် ပြောနေကြတာ ”
“ ရောင်းရင်း အဲဒါက အပိုစကားတွေပါကွာ။ ကြယ်ရှစ်ပွင့် ပါရမီရှင်က ဘယ်လိုစွမ်းအားမျိုး ရှိနိုင်မှာလဲ။ မင်း တကယ်ယုံတယ်ပေါ့လေ ”
“ ကြယ်ရှစ်ပွင့်တို့ ကိုးပွင့်တိုက အရမ်းများသွားပြီ။ ဟွမ်ရှီတောင် ကြယ်ခြောက်ပွင့် ပါရမီရှင်အဆင့်ပဲ ရောက်ခဲ့တာလေ ”
“ ငါ့အမြင်အရတော့ အံ့ဖွယ်မိုးကောင်းကင်က ကြယ်ခြောက်ပွင့် ပါရမီရှင်ပဲ ဖြစ်လိမ့်မယ်။ အဲဒါဆိုရင်တောင် အံ့ဩဖို့ ကောင်းနေပြီလေ ”
“ ဟေး ဒီနေ့ စိန်ခေါ်မှု ဖြတ်ကျော်မှာ ခရမ်းစံအိမ် သူတော်စင်လေ။ မင်းတို့က အံ့ဖွယ်မိုးကောင်းကင် သူတော်စင်အကြောင်းပဲ ဘာလို့ ပြောနေကြတာလဲ ”
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ခရမ်းစံအိမ် သူတော်စင်ထက် ချောနေတာ ငါတို့အပြစ်မှ မဟုတ်တာ။ သူက သူ့ထက် စီနီယာကျတာဆိုတော့ ခရမ်းစံအိမ် သူတော်စင်ကို သေချာပေါက် ကျော်သွားမှာပဲ ”
“ ဟူး … အံ့ဖွယ် မိုးကောင်းကင် သူတော်စင်ကရော သူ့တိုက်ပွဲတွေကို ဘယ်အချိန်မှ ထုတ်လွှင့်ပြသမှာလဲ။ ငါ့တစ်မိသားစုလုံးရဲ့ ချမ်းသာသမျှ အကုန်သုံးပြီးတော့ကို ကြည့်ပစ်ဦးမှာ ”
“ ငါရောပဲ ငါရောပဲ။ အဲလိုတွေးနေတာ … ခရမ်းစံအိမ် သူတော်စင်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှာက နည်းနည်းပျင်းစရာကြီး ”
…………….....
ချီရှောက်ရွမ်က သူတော်စင်တောင်အောက်၌ နောက်ဆုတ်ခဲ့ရသော်လည်း ချန်ကျုံးထျန်း ခန့်မှန်းထားသည့်အတိုင်း သူ့အပေါ် လူထုအမြင်ကတော့ သိပ်မထိခိုက်သွားပေ။
ဝါစဉ်အရ ဖိနှိပ်ခံရခြင်းမှာ ချီရှောက်ရွမ် တစ်ယောက် မတော်တတ်၍ မဟုတ်ဘဲ ကံဆိုး၍သာ ဖြစ၏။ တကယ်တော့ ချီရှောက်ရွမ်၏ သုံးယောက်တစ်ယောက် ပြိုင်ပွဲသည် သူ့ပုံရိပ်ကို မြင့်တက်စေခဲ့သည်။
ချီရှောက်ရွမ် ပြောသည့်အတိုင်း ဖန်ချန်းနှင့် ကျန်းယွင်ရှီး၏ တိုက်ပွဲစွမ်းအားက ဗောဓိသတ္တဝ ကူသို့ထက် ကျော်လွန်နေလေပြီ။
သူတို့နှစ်ယောက်ကို မြင်သည့်သူတိုင်း ကျန်းယွင်ထင်ကလည်း သူတို့စွမ်းအားကို တိုးမြင့်ထားပေးကြောင်း သိနိုင်ပေသည်။ ထိုသို့သော အခြေအနေအောက်၌ ချီရှောက်ရွမ်က အမှန်တကယ် မရှုံးနိမ့်လိုက်ပေ။
ဤသို့သော တိုက်ပွဲစွမ်းရည်က သူ့အဆင့်တူများအတွင်း ပြိုင်ဖက်ကင်း အင်အားတစ်ခု ဖြစ်နေလေပြီ။
ကျင့်ကြံသူအများစုအတွက် ချီရှောက်ရွမ်၏ စစ်နတ်ဘုရား မျှော်နန်းဆောင် ပြိုင်ပွဲ တိုက်ရိုက်ထုတ်လွှင့်မှုမှာ တစ်သက်မှာ တစ်ကြိမ်ကြည့်ခွင့်ရသည့် စိတ်လှုပ်ရှားစရာ အခွင့်အရေးမျိုး ဖြစ်၏။
အကယ်၍ သူတို့သာ ကံကောင်းလျှင် ထိုပြိုင်ပွဲမှ လမ်းညွှန်ချက်တချို့ သင်ယူနိုင်လိမ့်မည်။
မည်သူကမှ လွဲချော်မခံနိုင်ပေ။ ထို့ကြောင့် တစ်နာရီအတွင်း စစ်နတ်ဘုရား မျှော်နန်းဆောင်၏ နယ်နမိတ်ကား လူများဖြင့် စည်ကားပြွတ်သိပ်နေလေသည်။
သူတို့က စစ်နတ်ဘုရား မျှော်နန်းဆောင်အတွင်း ဝင်၍ တိုက်ပွဲကောင်းကောင်း ကြည့်နိုင်ဖို့ရာ ရတနာများဖြင့် စစ်နတ်ဘုရား အမှတ်များ လဲလှယ်ကြသည်။ ရှန်ထျန်း၏ အကြံပြုချက်အရ မျှော်နန်းဆောင် ဝိညာဉ်မလေးက အားလုံးအတွက် သက်တောင့်သက်သာရှိသည့် ထိုင်ခုံများ စီစဉ်ပေးထားပြီး အကောင်းဆုံး ဧည့်ခံမှုကို ပေးထားသည်။
................
သိပ်မကြာခင် ယဲ့ချန်းခန်၏ သီးသန့်ပြုလုပ်ထားသော “ ပွဲကြည့်စင်”၌ လူအပြည့်အသိပ် ဖြစ်သွားတော့သည်။
သူတို့က ထိုင်ခုံပေါ် ပျင်းရိစွာ ထိုင်နေရင်း သူတို့ရှေ့ရှိ အာကာပြင်က ပုံပြောင်းလာသည်။ ခရမ်းအလင်းတန်းက ကြည်လင်ပြတ်သားသည့် ဖန်သားပြင်တစ်ခု ဖန်တီးလိုက်သည်။
သူတို့က နဂါးနက် ချပ်ဝတ် ဝတ်ဆင်ထားသည့် ရုပ်ချောချော အမျိုးသားတစ်ဦး ဖန်သားပြင်ပေါ် ပေါ်လာသည်ကို မြင်လိုက်ကြရသည်။ သူက ကောင်းကင်ပုဆိန်လှံရှည်ကို ဒူးပေါ် ကန့်လန်ဖြတ်တင်ထားပြီး ထိုင်နေသည်။
အဝေးမှပင် လူထုက ထိုလူ့ဆီမှ အားကောင်းကောင်း အငွေ့အသက်များကို ခံစားမိလိုက်ကြသည်။
သူက မျိုးဆက်တူအတွင်း ပြိုင်ဖက်ကင်းသည့် ခရမ်းစံအိမ် သူတော်စင် ဖြစ်ပေသည်။
“ ကျုပ် ပြန်ကောင်းသွားပြီ။ ကျုပ်အတွက် နောက်ထပ် ကြယ်ငါးပွင့် ပါရမီရှင် ရွေးချယ်ပေးပါ ”
ချီရှောက်ရွမ်က ယခု သူ့ကို လူများစောင့်ကြည့်နေကြောင်း သိ၍ နဂိုခက်ထန်အေးစက်သည့် အမူအယာကို ပြန်ထိန်းထားလိုက်သည်။
သူက ရှန်ထျန်းကို တန်းစိန်မခေါ်ပေ။ အကြောင်းမှာ နှလုံးနက် စစ်နတ်ဘုရား မျှော်နန်းဆောင်က ဈေးနှုန်းကို ထပ်မြင့်လိုက်၍ ဖြစ်သည်။ သူ့အနေနှင့် ရှန်ထျန်းကို တိုက်ရိုက်စိန်ခေါ်လိုလျှင် စစ်နတ်ဘုရား အမှတ် သုံးသောင်း ပေးချေရမည် ဖြစ်၏။
အမှတ် သုံးသောင်းက ဘယ်လောက်တောင်များလဲ သိရဲ့လား …
ကြယ်ငါးပွင့်၊ ခြောက်ပွင့် သို့မဟုတ် ခုနှစ်ပွင့်ကို စိန်ခေါ်ဖို့ရာ စစ်နတ်ဘုရား အမှတ်တစ်ထောင်သာ ကျသင့်ပေသည်။ ရှန်ထျန်းကို စိန်ခေါ်ဖို့အတွက်မူ ကြယ်ခုနှစ်ပွင့် ပါရမီရှင် အယောက် သုံးဆယ်ကို စိန်ခေါ်မှုနှင့် ညီမျှနေသည်။
ပို၍ အရေးကြီးသည်က သူ့အနေနှင့် အနိုင်ရဖို့ ရာနှုန်းပြည့် မသေချာပေ။
မှန်ပေသည်။ ချီရှောက်ရွမ်က မာန်စွယ်ကျိုးသွားသလို ခံစားနေရသည်။
သူက ရှန်ထျန်း၏ စွမ်းဆောင်မှုကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ဖူးပြီ မဟုတ်ပါလော။ သူက ကောင်းကင်မိုးကြိုး စမ်းသပ်ချက်အား ခေါင်းတစ်ခုတည်းဖြင့် ခံယူသွားခြင်း ဖြစ်၏။
ချီရှောက်ချွမ်ကိုယ်တိုင်က ကောင်းကင် မိုးကြိုးစမ်းသပ်ချက် စွမ်းအားကို မြင်တွေ့လိုက်ရသောကြောင့် ဦးခေါင်းမာကြောခြင်းက သူ အားကောင်းကြောင်း ဆိုလိုခြင်း မဟုတ်သော်လည်း ချီရှောက်ရွမ်က စိုးရိမ်မိနေသေးသည်။
ယခု သူက ရှန်ထျန်းအား အသေအကြေတိုက်ရမည့် ရန်သူအဖြစ် သတ်မှတ်ထားလိုက်သည်။
အသေအကြေ တိုက်ရမည့် ရန်သူဆိုသည်မှာ ဘာအဓိပ္ပါယ်လဲ … ချီရှောက်ရွမ်ကိုပင် စိတ်ဖိစီးလာအောင် လုပ်နိုင်သည့် ပြိုင်ဖက်မျိုး ဖြစ်၏။
သူက ရှန်ထျန်းကို အနိုင်ယူနိုင်ဖို့ မသေချာပေ။ အကယ်၍ သူ ရှုံးနိမ့်သွားလျှင် စစ်နတ်ဘုရား အမှတ် သုံးသောင်းမှာ ပလုံသွားပေမည်။ ဤသည်မှာ စိတ်ဝိညာဉ်သလင်းကျောက် သုံးသောင်း ဖြစ်၏။
ရလဒ်အနေနှင့် ချီရှောက်ရွမ်က ကြယ်ငါးပွင့်နှင့် ကြယ်ခြောက်ပွင့် ပါရမီရှင်တို့ဖြင့် အရင်စမ်းသပ် စိန်ခေါ်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
……………....
“ ပုံရိပ်မြင်ကွင်းကို လွဲပြောင်းပေးနေပါပြီ။ ပြီးဆုံးသွားပါပြီ … တိုက်ပွဲ စတင်ပါပြီ ”
စစ်နတ်ဘုရား စင်မြင့်အထက်တွင် အနက်ရောင်အလင်း ပေါ်လာသည်။ ထိုအရာမှာ အနက်ဝတ်နှင့် အမျိုးသားတစ်ဦး ဖြစ်၏။ သို့သော် သူ့ဝတ်စုံအနက်မှာ ချီရှောက်ရွမ်၏ နဂါးနက်ချပ်ဝတ်နှင့် လုံးဝ ကွဲပြားပေသည်။ ဤသည်မှာ အနက်ရောင် အရိပ်ခြုံထည်ဝတ်ရုံတစ်ခု ဖြစ်၏။
ထိုလူ၏ မျက်နှာကို ခရမ်းရောင် မျက်နှာဖုံးဖြင့် ဖုံးအုပ်ထားပြီး နက်နဲသိမ်မွေ့သည့် မျက်လုံးအစုံသာ ဖော်ပြထားသည်။ သူက ချီရှောက်ရွမ်အား သူ့သားကောင်ကို ချောင်းနေသည့် အမဲလိုက်မုဆိုးတစ်ယောက်သဖွယ် ကြည့်လိုက်သည်။
“ အရိပ်လုပ်ကြံသူ ယင်လု … ငါက အမှောင်ထုကို ခစားတယ်။ နတ္ထိဆိုတာက ငါ့အယူဝါဒ ဖြစ်ပြီးတော့ မင်းအသက်က ငါ့အပိုင်ပဲ ”
ငရဲအနက်ပိုင်းမှ အသံပဲ့တင်ထွက်လာသလိုမျိုး အသံထွက်လာသည်။ ထိုအရာက ကြောချမ်းစရာ ကောင်းလှ၏။ ပွဲကြည့်ပရိတ်သတ်ပင် ချမ်းစိမ့်စိမ့် ဖြစ်သွားကြသည်။ ထိုခံစားချက်နှင့် ပတ်သတ်၍ မမှားပေ။ ဤသည်မှာ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်၏ အငွေ့အသက် ဖြစ်၏။
ထိပ်တန်း လုပ်ကြံသတ်ဖြတ်သူသာ ဤသို့အငွေ့အသက်များ ထုတ်လွှင့်နိုင်ပေမည်။ ဤသို့သော သတ်ဖြတ်သူက အငွေ့အသက် ထုတ်လွှင့်လိုက်သည်နှင့် အမဲလိုက်ပွဲ စတင်ကြောင်း ဆိုလိုခြင်းနှင့် အတူတူ ဖြစ်ပေသည်။
အကယ်၍ သားကောင်သာ လုံလုံလောက်လောက် အားမကောင်းပါက ထိုအငွေ့အသက်တစ်ခုတည်းဖြင့် ထိတ်လန့်တုန်လှုပ်သွားစေဖို့ လုံလောက်၏။
ဤသို့အခြေအနေမျိုး၌ လုပ်ကြံသတ်ဖြတ်သူက သူ့အပြင်းဆုံး တိုက်ကွက်ကို တိတ်တဆိတ် ထုတ်သုံးလိုက်ကြသည်။
ပုံရိပ်က စကားပြောပြီးသည်နှင့် စင်မြင့်ပေါ်မှ ပျောက်ကွယ်သွားလေသည်။ ဤသည်မှာ လူတစ်ယောက်၏ ခန္ဓာကိုယ်ကို အာကာပြင်အစိတ်အပိုင်းအတွင်း ပုန်းအောင်းနိုင်သည့် စွမ်းရည်မျိုး ဖြစ်၏။
အကယ်၍ ပစ်မှတ်သာ နိုးနိုးကြားကြားရှိမနေပါက တစ်ချက်တည်းဖြင့် အသတ်ခံရနိုင်သည်။ လုပ်ကြံသတ်ဖြတ်သူက သူ့သားကောင်ကို ချက်ချင်း ဇိဝိန်ခြွေပစ်လိမ့်မည်။
ယဲ့ချန်းခန်၏ တိုက်ရိုက်ထုတ်လွှင့်မှုက အဆင်ပြေလှသည်။ အားလုံးက ထိုတိုက်ပွဲအလယ်ရောက်နေသလိုမျိုး ခံစားနေကြရသည်။
ထိုစဉ် အားလုံးက ထိုစင်မြင့်ပေါ် ရပ်နေသလိုမျိုး ခံစားလိုက်ကြရသည်။ သူတို့က နေရာအနှံ့မှ သတ်ဖြတ်ငွေ့များ သူတို့ကို လွှမ်းခြုံသွားသလိုမျိုး ခံစားလိုက်မိသည်။
သူတို့ဆံပင်များပင် ထောင်လာမိသည်။ အားနည်းသော ကျင့်ကြံဆင့်ရှိသူ တချို့က တုန်တုန်ယင်ယင်ပင် ဖြစ်လာကြ၏။
ကျင့်ကြံသူအများစုအတွက် ကြယ်ငါးပွင့် ပါရမီရှင်က ပြိုင်ဖက်ကင်း ရန်သူ ဖြစ်ပေသည်။
ပွဲကြည့်ပရိသတ်များကြား ဆွေးနွေးမှုများ ဆူညံပွက်လောရိုက်လာသည်။
“ ဒီကြယ်ငါးပွင့် ပါရမီရှင်က တကယ်ကို အားကောင်းတာပဲ။ ငါသာ သူနဲ့တွေ့ရင် စက္ကန့်ပိုင်းလေးအတွင်း အသတ်ခံရလောက်တယ် ”
“ ငါက ကနဦးဝိညာဉ်အဆင့် ဖြစ်နေပေမဲ့ ဒီရွှေအမြုတေအဆင့် ကလေးကို ငါ့ဘာသာ မကိုင်တွယ်နိုင်လောက်ဘူးလို့ ဘာလို့ ခံစားမိနေပါ့လိမ့်”
“ ဒီလိုသတ်ဖြတ်ငွေ့က … အနည်းဆုံး ကျင့်ကြံသူ တစ်ရာလောက်ကို သတ်ခဲ့ဖူးမှာပဲ။ သူက အစ်ကိုကြီးဖန်ချန်းရဲ့ ပြိုင်ဖက်ထက် ပိုအားကောင်းတယ် ”
“ နတ်ဘုရားလောကရဲ့ ပါရမီရှင်တွေက ဒီလိုကြောက်စရာကောင်းတယ်လို့တော့ မပြောနဲ့နော်။ ငါ အခု သူ့ကို ရှာလို့တောင် မတွေ့တော့ဘူး၊ ခရမ်းစံအိမ် သူတော်စင်က သူ့ကို နိုင်ပါ့မလား ”
……………....
ထိုစဉ် ချီရှောက်ရွမ်က နည်းနည်းလေးမျှ စိုးရိမ်နေပုံ မပေါ်ပေ။
ချွမ် …
သူက ကောင်းကင်ပုဆိန်လှံရှည်ကို မြေကြီးထဲ အားပြင်းပြင်း စိုက်ချလိုက်သည်။ စင်မြင့်တစ်ခုလုံးမှာ တုန်ခါသွားပြီး အက်ကြောင်းများ ဖြစ်ပေါ်လာလေ၏။
ချီရှောက်ရွမ်၏ ရွှေအမြုတေက သူ့ခေါင်းအထက် ဖြည်းဖြည်းချင်း လှည့်ပတ်နေသည်။ ခရမ်းအငွေ့အသက်တချို့က သူ့အား ဖုံးလွှမ်းသွားလေ၏။
ခရမ်းနယ်ပယ် …
ဤသည်မှာ ခရမ်းစံအိမ်၏ နာမည်ကျော် အကာအကွယ်ပညာရပ်တစ်ခု ဖြစ်၏။ ဤသည်မှာ ပုံမှန်ရွှေအမြုတေ ကျင့်ကြံသူများ၏ နယ်ပယ်ထက် ဆယ်ဆမက ပိုအားကောင်းပေသည်။
ခရမ်းနယ်ပယ် ပေါ်ထွက်လာသည်နှင့် အဆင့်တူအတွင်း ကျင့်ကြံသူတချို့သာ ချိုးဖောက်နိုင်လိမ့်မည်။ ဤအရာကို အရှေ့ပိုင်းလွင်ပြင်၏ ထိပ်တန်းကာကွယ်ရေး ပညာရပ်ဖြင့် အမွမ်းတင်ထားကြသည်။
သူ့ခရမ်းနယ်ပယ် ထုတ်သုံးလောက်အောင်အထိဆိုတော့ … ခရမ်းစံအိမ် သူတော်စင်က ဖိနှိပ်ခံလိုက်ရတာလား …
ပွဲကြည့်စင်မြင့်ရှိ အားလုံးက ပထမဆုံး ရင်ဆိုင်မှုကို မျှော်လင့်စောင့်စားရင်း အသက်အောင့်ထားလိုက်ကြသည်။
ဝှီး ...
ဝှီးခနဲ မသိမသာ အသံတိုးတိုး ထွက်ပေါ်လာသည်။
ခရမ်းစံအိမ် သူတော်စင်အနောက်ဘက်မှ ခရမ်းအလင်းတန်းတစ်ချက် လင်းလက်သွားသည့် ဓားမြှောင်တစ်လက် ရုတ်ချည်း ပေါ်လာသည်။
ထိုအရာက ခရမ်းနယ်ပယ်ကို ထိုးခွဲလိုက်သည့်အခိုက်အတန့် ခရမ်းအငွေ့အသက်များ ချက်ချင်း ပြန့်ကျဲသွားသည်။ ထိုအရာကို တားဆီးဖို့ ကျရှုံးသွားလေသည်။
အဆိပ်၊ စိမ့်ဝင်ထိုးဖောက်ခြင်း၊ နောက်ကျောမှ ဓားနှင့် ထိုးခြင်း …
ဤသည်တို့က လုပ်ကြံသတ်ဖြတ်သူတစ်ယောက်၏ အရည်အချင်းများ ဖြစ်ကြသည်။ သူတို့က တစ်ခုနှင့် တစ်ခု ထောက်ပံ့ပေးထားသည်။ ဓားမြှောင်က ခရမ်းစံအိမ် သူတော်စင်၏ အသားကို ထိုးဖောက်သွားသည်နှင့် ပုံရိပ်က ချက်ချင်း နောက်ဆုတ်လိုက်သည်။
သူက အဆိပ်ဖြင့် သားကောင် အားလျော့သွားမည့်အချိန်အထိ တိတ်တဆိတ် စောင့်ဆိုင်းဖို့ ပြင်ထားသည်။ ဤသည်မှာ လုပ်ကြံသတ်ဖြတ်သူတစ်ဦး၏ နည်းလမ်း ဖြစ်၏။
အလွန်ရိုးရှင်းသော နည်းလမ်းတစ်ခု ဖြစ်သော်လည်း မြန်မြန်ဆန်ဆန် လုပ်ဆောင်သောကြောင့် အကျိုးသက်ရောက်မှုရှိပေသည်။
တခြားတိုက်ကွက်များ မလိုလောက်အောင်အထိ မြန်ဆန်လွန်းလှသည်။
အသံတိုးတိုး ထွက်ပေါ်လာသည်နှင့် ဓားမြှောင်က ခရမ်းနယ်ပယ်အတွင်း ထိုးဖောက်သွားလေပြီ။ နောက်စက္ကန့်ပိုင်းလေး၌ အဆိပ်က ချီရှောက်ရွမ် ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားတော့သည်။
ပုံရိပ်က ရုတ်ချည်း သတိကြီးသွားသည်။ သူက ဓားမြှောင်ကို မြန်မြန် ဆွဲယူကာ သူ့အငွေ့အသက်အားလုံးကို စုပ်ယူလိုက်သည်။ သူ့ဝတ်ရုံက ဖြတ်ခနဲ လက်သွားပြီးနောက် အာကာပြင်အစိတ်အပိုင်းထဲ ဝင်ကာ ပျောက်ကွယ်သွားပြန်သည်။
“ မင်းက သတိကြီးသားပဲ။ နောက်ကျလွန်းသွားတာ သနားစရာပဲ ”
ဂါး …
စင်မြင့်အထက်တွင် နဂါးအော်သံ ပျံ့လွှင့်လာသည်။ နဂါးနက်၏ လက်သည်းချွန်ဖြင့် အာကာပြင်အား စုတ်ဖြဲပစ်လိုက်သည်။
ဗြိ …
ချီရှောက်ရွမ်က အာကာပြင်မှ အနက်ရောင်ပုံရိပ်အား ဆွဲထုတ်လိုက်သည်။ သူ့ညာဘက်လက်ကို နဂါးလက်သည်းအဖြစ် ပြောင်းလဲထားပြီး ပုံရိပ်၏ လည်ပင်းကို အမိအရ ဖမ်းဆုပ်ထားလိုက်သည်။
သူ့နဖူးအထက် ခရမ်းရောင် သားရဲမျက်လုံးကို မြင်နိုင်ပေသည်။ ထိုအရာမှ ခရမ်းရောင်ဖျော့ဖျော့ တောက်ပနေလေ၏။
“ ခင်ဗျားရဲ့ ကိုယ်ပျောက်စွမ်းက ပုံမကျဘူး။ ကျုပ်အတွက် ဘာခြိမ်းခြောက်မှုမှ မဟုတ်ဘူး”
ချီရှောက်ရွမ်က ပုံရိပ်၏ လည်ပင်းကို ခြေမွပစ်လိုက်သည်။ သူ့မျက်နှာက ပုရွက်ဆိတ်တစ်ကောင်ကို သတ်လိုက်သည့်အလား မပြောင်းမလဲ ကျန်ရှိနေသည်။
ခဏတာကြာမြင့်ပြီးနောက် လူအုပ်ကြား စိတ်လှုပ်ရှားမှုများနှင့် အားပေးသံများ ပျံ့နှံ့လာတော့သည်။
ချီရှောက်ရွမ်က စစ်နတ်ဘုရား စင်မြင့်တစ်လျှောက်ကို ဖြတ်၍ မျှောလွင့်လာသော မှတ်ချက်များကို မြင်လိုက်ရသည်။
“အားကောင်းလိုက်တာ … ခရမ်းစံအိမ် သူတော်စင်က ဒီလိုအားကောင်းတဲ့ လုပ်ကြံသတ်ဖြတ်သူကိုတောင် တစ်ကွက်တည်းနဲ့ အနိုင်ယူပစ်လိုက်တာပဲ … လှလိုက်တာ ”
“ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု နေရာမှာ ရပ်နေရင်း ခရမ်းစံအိမ် အထွတ်အမြတ်မြေရဲ့ တပည့်ရင်းဖြစ်တဲ့ ငါ ကျီရှုကျင်းက အခုအဖြစ်အပျက်ကို ရှင်းပြပါရစေ ….
သူတော်စင်က ငါတို့အထွတ်အမြတ်မြေရဲ့ ခရမ်းကောင်းကင်မျက်လုံးကို အသုံးပြုသွားတာပါ။ အဲဒါက နှစ်တစ်ထောင်အတွင်း ဘယ်သူမှ အောင်အောင်မြင်မြင် မကျင့်ကြံနိုင်ခဲ့တဲ့ အဆင့်မြင့် ပညာရပ်တစ်ခု ဖြစ်ပေမဲ့ အဆုံးအစွန်အထိ ကျင့်ကြံပြီးသွားရင် အာကာပြင်ခွဲတွေအားလုံးကို ထိုးဖောက်ပြီး မြင်နိုင်စွမ်း ရှိတယ်။
ဒီလုပ်ကြံသတ်ဖြတ်သူက သူတော်စင်ရဲ့ ခရမ်းနယ်ပယ်ကို ကာကွယ်ရေးအတွက် သုံးတယ် ထင်နေတာ။ ရယ်စရာပဲ …. သူတော်စင်က သူ့ကို ထောင်ချောက်ထဲ မျှားခေါ်လိုက်ရုံပဲ။ ခရမ်းနယ်ပယ်က ကောင်းကင်မျက်လုံးရဲ့ လှုပ်ရှားမှုအားလုံးကို ဖုံးပေးထားတော့ ရန်သူက သတိလွတ်သွားပြီး တိုက်ခိုက်လာတာပဲ …
အဲဒီနောက်ကျ သူက ရုပ်ပိုင်းဆိုင်ရာ အားနည်းတဲ့ လုပ်ကြံသတ်ဖြတ်သူကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တာပဲ … သူတော်စင်က လှလှပပ တိုက်ခိုက်သွားခဲ့တာပဲ။ သူတော်စင်အစ်ကိုကြီးက ပြိုင်ဖက်ကင်းတယ် ”
[ခရမ်းစံအိမ်ရဲ့ တပည့်ရင်း ကျီရှုကျင်းက ခရမ်းစံအိမ် သူတော်စင် ချီရှောက်ရွမ်ကို ဝိညာဉ်ကျောက်တုံး ၆၆၆ တုံး လက်ဆောင်ပေးပါတယ် ]
[ခရမ်းစံအိမ်ရဲ့ တပည့်ရင်း ကျီရှုကျင်းက ခရမ်းစံအိမ် သူတော်စင် ချီရှောက်ရွမ်ကို ဝိညာဉ်ကျောက်တုံး ၆၆၆ တုံး လက်ဆောင်ပေးပါတယ် ]
[ခရမ်းစံအိမ်ရဲ့ တပည့်ရင်း ကျီရှုကျင်းက ခရမ်းစံအိမ် သူတော်စင် ချီရှောက်ရွမ်ကို ဝိညာဉ်ကျောက်တုံး ၆၆၆ တုံး လက်ဆောင်ပေးပါတယ် ]
………………....
ကျီရှုကျင်းက ကပ်ဖားနေမှန်း သိသာလှသည်။ သူမက ချီရှောက်ရွမ်၏ ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်မှု တိုက်ပွဲအနိုင်ရခြင်းကို အခွင့်ကောင်းယူကာ တည်ရှိမှုကို သိရှိစေရန် ဝိညာဉ်ကျောက်တုံးများ လက်ဆောင်ပေးနေသည်။
လူတွေက တခြားလူများအတိုင်း လိုက်လုပ်ရသည်ကို သဘောကျကြသည်။ လူများစွာက ရုတ်ချည်းဆိုသလို သူ့အား ဝိညာဉ်ကျောက်တုံး ၆၆၆ တုံး လက်ဆောင်ပေးလာကြသည်။
ချီရှောက်ရွမ်က ခက်ထန်သည့် အမူအယာကို မပြောင်းမလဲထိန်းထားသော်လည်း သူက တိုးတက်ပြောင်းလဲလာမှုကြောင့် ကျေနပ်နေမိသည်။ အစောပိုင်းလေးက ဝမ်းနည်းစိတ်ပျက်မှုအားလုံး ချက်ချင်း အငွေ့ပျံသွားသလို ဖြစ်၏။
စစ်နတ်ဘုရား မျှော်နန်းဆောင်က အမှန်တကယ် နေရာကောင်းတစ်ခု ဖြစ်၏။ စစ်နတ်ဘုရား အမှတ် လဲလှယ်နှုန်းက ဈေးကြီးသော်လည်း လောက၌ ဤသို့အားကောင်းသည့် ပြိုင်ဖက်များစွာနှင့် ရင်ဆိုင်နိုင်မည့် နေရာကို မည်သို့ရှာတွေ့မည်နည်း။
ပို၍ အရေးကြီးသည်က ချီရှောက်ရွမ်က ကျူးယီကို အလွယ်လေး အနိုင်ယူလိုက်ပြီးနောက် စစ်နတ်ဘုရား မျှော်နန်းဆောင်မှ ကြယ်ငါးပွင့်အဆင့် အမွေအနှစ် ပညာရပ်တစ်ခု ရွေးချယ်ခွင့် ပေးလေသည်။
ထိုကြယ်ငါးပွင့်အဆင့် ပညာရပ်အားလုံးက အလွန် အားကောင်းကြပေသည်။ ချီရှောက်ရွမ်က အားလုံးကို လိုချင်လာမိ၏။
မျှော်နန်းဆောင် ဝိညာဉ်မလေး ပြောစကားအရ ချီရှောက်ရွမ်က ကြယ်ငါးပွင့် ပါရမီရှင်တစ်ယောက်ကို အနိုင်ယူနိုင်တိုင်း ကြယ်ငါးပွင့်အဆင့် အမွေအနှစ်တစ်ခု ရွေးချယ်နိုင်လေသည်။
ထို့အပြင် သူ့စစ်နတ်ဘုရား အမှတ်လည်း မလျော့ဘဲ ကျန်ရှိနေမည် ဖြစ်၏။
ဆိုလိုသည်မှာ ချီရှောက်ရွမ်က စစ်နတ်ဘုရား မျှော်နန်းဆောင်ဆီ အဖိုးတန်ရတနာများစွာ ပေးလိုက်သော်လည်း ထိုရတနာများက ကျန်ရှိနေဆဲ ဖြစ်၏။ သူတို့က တခြားပုံစံအဖြစ်သာ ပြောင်းလဲသွားသည်။ ဤနည်းလမ်းဖြင့် ချီရှောက်ရွမ်က နတ်ဘုရားလောကမှ ပါရမီရှင်များနှင့် တိုက်ခိုက်လိုသည့် သူ့စိတ်ဆန္ဒကို ကျေနပ်ဖြည့်ဆည်းနိုင်ရုံတင်မကဘဲ အမွေအနှစ် ပညာရပ်များကိုလည်း သင်ယူနိုင်ပေမည်။
အကယ်၍ သူက တိုက်ပွဲကို တိုက်ရိုက်ထုတ်လွှင့်ပြသဖို့ ရွေးချယ်လိုက်လျှင် ကျင့်ကြံသူအုပ်စုဆီမှ ဝိညာဉ်ကျောက်တုံးများ လက်ဆောင်ရလာနိုင်သေး၏။ သူက အတော်လေး ဂုဏ်ယူနေမိသည်။
ချီရှောက်ရွမ်က ဤသည်မှာ ပြီးပြည့်စုံသော နေရာတစ်ခု ဖြစ်ကြောင်း ခံစားမိနေ၏။
“သူတော်စင်အငယ်လေး ဂုဏ်ယူပါတယ်ကွယ်။ မင်းက ကြယ်ငါးပွင့် ပါရမီရှင်ရဲ့ ပုံရိပ်ကို အောင်အောင်မြင်မြင် အနိုင်ယူခဲ့တယ်။ စစ်နတ်ဘုရား မျှော်နန်းဆောင်ရဲ့ စည်းမျည်းအရ မင်းဆီမှာ ကြယ်ငါးပွင့်အဆင့် အမွေအနှစ်တစ်ခု ရွေးချယ်ခွင့် ရှိတယ်။ မင်းက ကြယ်ငါးပွင့် ပါရမီရှင်နှစ်ယောက်ကို အနိုင်ယူထားပြီးပြီဆိုတော့ ကြယ်ငါးပွင့်အဆင့်ကိုပဲ ဆက်စိန်ခေါ်နေမယ်ဆိုရင်တော့ အမွေအနှစ် ထပ်လက်ခံခွင့် မရှိတော့ပါဘူး …
ကြယ်ငါးပွင့် ပါရမီရှင်တစ်ယောက်အနေနဲ့ စစ်နတ်ဘုရား အဆင့်စာရင်းကို ကြည့်တာဖြစ်ဖြစ် ဒါမှမဟုတ် တိုက်ပွဲ ဆက်တိုက်တာဖြစ်ဖြစ် ရွေးချယ်နိုင်ပါတယ်။ တကယ်လို့ မင်း ကြယ်ခြောက်ပွင့် ပါရမီရှင်ကို အနိုင်ရသွားမယ်ဆိုရင် ကြယ်ခြောက်ပွင့်အဆင့် အမွေအနှစ် ရွေးချယ်ခွင့် ရှိပါတယ်။
သူတော်စင်အငယ်လေး ဆုံးဖြတ်လိုက်ပါ … ”
မျှော်နန်းဆောင် ဝိညာဉ်မလေး၏ အသံက တစ်ဖန်ထွက်ပေါ်လာပြန်သည်။ ချီရှောက်ရွမ်ထံ နူးညံ့လတ်ဆတ်သည့် လေပြေညှင်းလေး တိုက်ခတ်လာသလိုမျိုး ခံစားလိုက်ရ၏။
တစ်ချိန်တည်းတွင် ချီရှောက်ရွမ်၏ တိုက်ပွဲဆာလောင်မှုအား နှိုးဆွပေးလိုက်သည်။ သူက ကြယ်ငါးပွင့် ပါရမီရှင်နှစ်ယောက်ကို ဆက်တိုက် အနိုင်ယူထားလေသည်။
သူက ဓာတ်သဘာဝ အရေးသာမှုကြောင့် အနည်းငယ် မလုံမလဲခံစားမိသော်လည်း သူက တိုက်ပွဲစွမ်းရည်၌ အရေးသာနေဆဲ ဖြစ်၏။
ချီရှောက်ရွမ်၏ အမြင်အရ ကြယ်ငါးပွင့် ပါရမီရှင်များက သူ့အား ဖိအားမပေးနိုင်တော့ပေ။ ကြယ်ခြောက်ပွင့် ပါရမီရှင်ကို စိန်ခေါ်ရန် အချိန်ကျရောက်လာလေပြီ။
“ မျှော်နန်းဆောင် ဝိညာဉ်မလေး ကျုပ်အတွက် ကြယ်ခြောက်ပွင့် ပါရမီရှင်ကို ရွေးချယ်ပေးပါ ”
ချီရှောက်ရွမ်၏ တည်တည်ငြိမ်ငြိမ် အသံက စင်မြင့်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားလေသည်။ လူအုပ်ကြား တိတ်ဆိတ်မှု ကြီးစိုးသွားလေ၏။
ထို့နောက် ဖန်သားပြင်၌ မှတ်ချက်များစွာ တက်လာကြသည်။
“ တကယ့်ကို ခရမ်းစံအိမ်ရဲ့ သူတော်စင်ပဲ ”
“ ကြယ်ခြောက်ပွင့် ပါရမီရှင်နဲ့ ရင်ဆိုင်တာကို ဘယ်သူမှ တိုက်ရိုက်မထုတ်လွှင့်ဖူးသေးဘူး ”
“ ခရမ်းစံအိမ် သူတော်စင်သာ ကြယ်ခြောက်ပွင့် ပါရမီရှင်ကို အနိုင်ယူနိုင်ခဲ့ရင် လူသစ်အဆင့်စာရင်းထဲ နံပါတ်တစ် ဖြစ်မသွားဘူးလား ”
“ စီနီယာအစ်ကိုကြီးရှောက်ရွမ်က နတ်ဧကရာဇ်အရှင် ဖြစ်လာဖို့ အလားအလာရှိတယ်။ သူက လူသစ်စာရင်းမှာ နံပါတ်တစ် ဖြစ်သင့်တယ် မထင်ဘူးလား။ စီနီယာအစ်ကိုကြီးရှောက်ရွမ်က ကြယ်ခြောက်ပွင့် ပါရမီရှင် ဘွဲ့ကို အရယူနိုင်မှာ အသေအချာပဲ ”
[ခုနှစ်စဉ်ကြယ် သူတော်စင် ချန်ကျုံးထျန်းက ခရမ်းစံအိမ် သူတော်စင် ချီရှောက်ရွမ်ကို ဝိညာဉ်ကျောက်တုံး ၉၉၉၉ တုံး လက်ဆောင်ပေးပါတယ်]
[ခုနှစ်စဉ်ကြယ် သူတော်စင် ချန်ကျုံးထျန်းက ခရမ်းစံအိမ် သူတော်စင် ချီရှောက်ရွမ်ကို ဝိညာဉ်ကျောက်တုံး ၉၉၉၉ တုံး လက်ဆောင်ပေးပါတယ်]
[ခုနှစ်စဉ်ကြယ် သူတော်စင် ချန်ကျုံးထျန်းက ခရမ်းစံအိမ် သူတော်စင် ချီရှောက်ရွမ်ကို ဝိညာဉ်ကျောက်တုံး ၉၉၉၉ တုံး လက်ဆောင်ပေးပါတယ်]
“ရက်ရောလိုက်တာ … ဝိညာဉ်ကျောက်တုံး သောင်းကျော်ကို ဒီလိုပဲ ပေးလိုက်တာပေါ့လေ။ သူက သူတော်စင်ပဲ … တကယ်ကို ချမ်းသာတယ်”
“ ရွေးချယ်ပေးတာ ကျပန်းဆိုတော့ ခရမ်းစံအိမ် သူတော်စင်ကို အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့များ တွဲပေးမလား မသိဘူး။ ဒီလိုဆိုရင်တော့ အတော်လေး စိတ်လှုပ်ရှားဖို့ ကောင်းမှာပဲ ”
“ စီနီယာအရတော့ ခရမ်းစံအိမ် သူတော်စင်က အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို အဘိုးလေးလို့ ခေါ်ရမှာတဲ့ … သူတို့နှစ်ယောက်က တကယ့်ဘဝမှာ မတိုက်နိုင်မှတော့ ဒီနေရာဖြစ်ဖြစ် တွဲပေးခံရရင် ကောင်းမယ် ”
“ ကောင်းလိုက်တဲ့ အကြံ … ခရမ်းစံအိမ် သူတော်စင်ကို သူ့အဘိုးလေးနဲ့ ရင်ဆိုင်ရအောင် ဝင်ပြောကြတာပေါ့။ ငါ အံ့ဖွယ်မိုးကောင်းကင်ရဲ့ အစ်ကိုကြီး ဖန်ချန်းက ထိပ်ဆုံးကနေ ထောက်ခံပေးမယ် ”
[မိုးကြိုးလှိုင်း ဗောဓိသတ္တဝ ကူသို့က ခရမ်းစံအိမ် သူတော်စင် ချီရှောက်ရွမ်ကို ဝိညာဉ်ကျောက်တုံး ၁ တုံး လက်ဆောင်ပေးပါတယ်]
[မိုးကြိုးလှိုင်း ဗောဓိသတ္တဝ ကူသို့က ခရမ်းစံအိမ် သူတော်စင် ချီရှောက်ရွမ်ကို ဝိညာဉ်ကျောက်တုံး ၁ တုံး လက်ဆောင်ပေးပါတယ်]
[မိုးကြိုးလှိုင်း ဗောဓိသတ္တဝ ကူသို့က ခရမ်းစံအိမ် သူတော်စင် ချီရှောက်ရွမ်ကို ဝိညာဉ်ကျောက်တုံး ၁ တုံး လက်ဆောင်ပေးပါတယ်]
ဖန်ချန်းက ဒေါသထွက်ကာ “ ကူသို့ … ငါ့အစား ဟန်ဆောင်ရဲတယ်ပေါ့လေ။ မင်း တိုက်ချင်နေတာလား။ မင်း ငါ့ကို အဘိုးလေး ခေါ်တဲ့အထိကို ရိုက်ပစ်ဦးမယ် ”
…………...
စင်မြင့်အထက်မှ ဖန်သားပြင်ကို ကြည့်ရင်း ချီရှောက်ရွမ်က ဘဝင်ခိုက်မိနေသည်။ သို့သော် နောက်ဆုံး မှတ်ချက်တချို့ကို ဖတ်လိုက်ပြီးနောက် သူ့အပြုံးတို့က အေးခဲသွားတော့သည်။
သေစမ်း … ငါ အဲဒီအဘိုးလေးကိစ္စကို ဘယ်တော့မှ ဖြတ်ကျော်နိင်မှာလဲ …
ဖန်ချန်း ငါ ထွက်လာတဲ့အခါ မင်းကို ကောင်းကင်ပုဆိန်လှံရှည်နဲ့ သတ်ပစ်မယ် …
ဟိုငတုံး ကူသို့ကိုလည်း သူ့ကတုံး ယောင်ကိုင်းတဲ့အထိ ထုပစ်ဦးမယ် …
သူက ငါ့ကို အနိုင်မယူနိုင်တော့ ဒီတိုက်ရိုက်ထုတ်လွှင့်တာကို အခွင့်ကောင်းယူပြီး ငါ့ကို လာနောက်နေတာပဲ … သူက ဖန်ချန်းအယောင်တောင် ဆောင်ထားသေးတယ်။ ဒီငတုံးကိုယ်တော်တော့ ကစားပွဲ ဆော့ချင်နေတာပဲ … သူ့ကို ဉာဏ်ကောင်းတယ် ထင်နေတယ် …
ချီရှောက်ရွမ်က အပေါ်ယံတွင် တည်ငြိမ်နေသော်လည်း စိတ်ထဲ၌ မျှော်လင့်စောင့်စားနေမိလေပြီ။
ထိုစဉ် မျှော်နန်းဆောင် ဝိညာဉ်မလေး၏ အသံ ထွက်ပေါ်လာ၏ “ကြယ်ခြောက်ပွင့် ပါရမီရှင်ကို ကျပန်းရွေးချယ်ပေးနေပါတယ်။ ပုံရိပ်မြင်ကွင်းကို ပြောင်းလဲပေးနေပါတယ်။ ပြီးဆုံးသွားပါပြီ … တိုက်ပွဲ စတင်ပါပြီ ”
အစိမ်းရောင် အလင်းများ စုစည်းလာသည်။
ဤသူမှာ အစိမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး ပိန်ပါးပါး ကိုယ်ခန္ဓာရှိသူ ဖြစ်၏။ ပိန်ပါးကာ ကြော့ရှင်းလှပပေသည်။
“ မြွေစိမ်းမျိုးနွယ်ရဲ့ ရှောင်ချင်က ရောင်းရင်းကို နှုတ်ဆက်ပါတယ်ရှင် ”
အမျိုးသမီး ဆွဲဆောင်နူးညံ့သော အသံဖြင့် ပြောလိုက်သည်။ ကြားရသူအဖို့ နှလုံးသားအား ခလောက်ဆန်သွားစေသည်။
ခဏတာကြာပြီးနောက် ပွဲကြည့်ပရိတ်သတ်အပေါင်းလည်း ဆွဲဆောင်ခံလိုက်ရသည်။ သူတို့အားလုံးက ချစ်ကျွမ်းဝင်သွားသလိုမျိုး ဖြစ်နေကြ၏။
ကတုံးပြောင်ပြောင်နှင့် အမျိုးသားတစ်ဦးတည်း၏ မျက်နှာအထက်သာ ပျော်ရွှင်တက်ကြွမှုအပြည့် ဖြစ်နေသည်။
“ ချီရှောက်ရွမ်တစ်ယောက် ဒီမြေခွေးမနဲ့ တွေ့သွားမယ် မထင်မိဘူး ”
ဟုတ်ပေသည်။ ထိုကတုံးပြောင်ကား ဗောဓိသတ္တဝ ကူသို့သာ ဖြစ်၏။
လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ဗုဒ္ဓအရှင် ထျန်းရှို့က တံခါးပိတ် သီတင်းကျင့်သုံးခဲ့သည်။ ကူသို့က ထိုအခွင့်အရေးကို အပြည့်အဝ အသုံးချကာ မိုးကြိုးလှိုင်း အထွတ်အမြတ်မြေမှ ခိုးထွက်လာပြီး အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှ ဖန်ချန်းနှင့် အတူကစားဖို့ ရောက်လာလေသည်။
ဖန်ချန်း၏ တိုက်တွန်းချက်ကြောင့် ဗောဓိသတ္တဝ ကူသို့လည်း စစ်နတ်ဘုရား မျှော်နန်းဆောင်ထဲ ဝင်သွားခဲ့သည်။
သူ့သိချင်စိတ်ကို မထိန်းနိုင်ဘဲ ကြယ်ခြောက်ပွင့် ပါရမီရှင်ကို စိန်ခေါ်ဖို့ ကြိုးစားခဲ့သည်။ အဆုံးသတ်၌ သူက မြွေပါရမီရှင် ရှောင်ချင်နှင့် တွေ့ကာ ဆိုးဆိုးရွားရွား ကစားခံခဲ့ရသည်။
ဗောဓိသတ္တဝ ကူသို့၏ အမြင်အရ ချီရှောက်ရွမ်လည်း ရှောင်ချင်နှင့် တွေ့ဆုံမှုအတွင်း ဆိုးဆိုးရွားရွား အရှက်ကွဲပေလိမ့်မည်။
သူနှင့် ဖန်ချန်း နှစ်ယောက်လုံးက ကြယ်ခြောက်ပွင့် ပါရမီရှင် စိန်ခေါ်မှုကို ကျရှုံးခဲ့ကြသည်။ သူတို့က တိတ်တဆိတ် ရှုံးနိမ့်ခဲ့ကြသော်လည်း ချီရှောက်ရွမ်က လူသိရှင်ကြား အရှက်ကွဲပေတော့မည်။
သူက အတော်လေး ကြည့်ချင်နေမိလေပြီ။
………………...
ဗောဓိသတ္တဝ ကူသို့က စိတ်အားထက်သန်စွာ စောင့်မျှော်နေလေသည်။ သူက ချီရှောက်ရွမ်တစ်ယောက် အပြင်းအထန် ရိုက်နှက်ခံရည်ကို မြင်ရဖို့ မစောင့်နိုင်တော့ပေ။
သို့သော်လည်း သူ မြင်ချင်သည့်အရာကို မမြင်လိုက်ရပေ။ အချုပ်အားဖြင့် ချီရှောက်ရွမ်က ရှောင်ချင်အား ထိန်းချုပ်ထားပြီး သူမကို ပျော့ခွေသွားအောင် ရိုက်ပစ်လိုက်သည်။
ထိုလူက သူမကို နူးနူးညံ့ညံ့ ကောင်မလေး ဖြစ်နေ၍လည်း ဂရုမစိုက်ပေ။
နဂါးနက်ချပ်ဝတ်နှင့် ကောင်းကင်ပုဆိန်လှံရှည်က အားအပြည့် ထွက်ပေါ်လာသည်။ သူ့ခရမ်းအငွေ့အသက်က သူ့အား ခရမ်းနဂါးတစ်ကောင်လိုမျိုး လွှမ်းခြုံထားသည်။ သူ့အားပြင်းပြင်း တိုက်ခိုက်မှုကြောင့် ရှောင်ချင်က နောက်သာဆုတ်နေရသည်။
“ ဒါက သွေးမျိုးဆက် ဖိနှိပ်မှုပဲ ”
ဗောဓိသတ္တဝ ကူသို့ဘေးတွင် ရပ်နေသည့် ကျန်းယွင်ထင်က တည်တည်ငြိမ်ငြိမ် ဝင်ပြောလိုက်သည်
“ချီရှောက်ရွမ်က အတော်လေး ကံကောင်းတာပဲ။ သူက နဂါးမျိုးနွယ်ရဲ့ လူသားတွဲဖက်ဖြစ်တဲ့အပြင် အဆင့် ၈ နဂါးနက် အောင်းဝူရဲ့ နဂါးစွမ်းအားလည်း ရှိထားသေးတယ်။ နဂါးသွေးမျိုးဆက်က မြွေမျိုးနွယ်အပေါ် လွှမ်းမိုးနိုင်စွမ်း ရှိတယ်။
ပြီးတော့ ချီရှောက်ရွမ်ရဲ့ တိုက်ပွဲစွမ်းရည်ကလည်း အစောပိုင်း ကြယ်ခြောက်ပွင့် ပါရမီရှင်အဆင့်လောက် ရှိတယ်။ ရလဒ်အနေနဲ့ ဒီတိုက်ပွဲက မစတင်ခင်ကတည်းက အဆုံးသတ်ကို ဆုံးဖြတ်ပြီးသားပဲ ”
ကျန်းယွင်ထင်၏ မှန်းဆချက်ကို သက်သေပြသည့်လား တိုက်ပွဲကား တစ်နာရီလောက် ကြာမြင့်သွားပြီး ချီရှောက်ရွမ်က ရှောင်ချင်ကို သူ့ကောင်းကင်ပုဆိန်လှံရှည်ဖြင့် ထိုးစိုက်နိုင်လိုက်သည်။
အစိမ်းရောင်အလင်းတန်းများ ပျောက်ကွယ်သွားပြီး စင်မြင့်အထက်တွင် ချီရှောက်ရွမ် တစ်ယောက်တည်းသာ မားမားမတ်မတ် ကျန်ရှိတော့သည်။
ထိုစဉ် လူသစ်စာရင်းရှိ အားလုံးက တဆင့်လျော့ကျသွားကြသည်။ နာမည်အသစ်ကား ပေါ်ထွက်လာလေသည်။
ထိုစဉ် စစ်နတ်ဘုရား အဆင့်စာရင်းတွင် ယခင်နံပါတ်နှစ်ဖြစ်သည့် ပေချန်းရွမ်က တတိယနေရာ ကျဆင်းသွားသည်။ “ချီရှောက်ရွမ်” ဟူသော နာမည်အသစ်က သူ့နေရာအစား ဝင်ယူသွားသည်။
အားလုံးက တိတ်ဆိတ်သွားကြလေသည်။ လူမြောက်များစွာက ဒဏ္ဍာရီအသစ်တစ်ခု မွေးဖွားလာသည်ကို မျက်မြင် မြင်လိုက်ကြရသည်။
နှစ်တစ်သောင်းအတွင်း ပထမဆုံး ကြယ်ခြောက်ပွင့် ပါရမီရှင်
ဤတိုက်ပွဲတွင် သွေးမျိုးဆက် အားသာချက်ရှိခဲ့သော်လည်း အနိုင်ရခြင်းက အောင်မြင်မှုသာ ဖြစ်၏။
ဤသည်မှာ ကောင်းကင်ဘုံမှ ချီရှောက်ရွမ်အပေါ် ပထမအကြိမ် ကောင်းချီးပေးခြင်းမျိုး မဟုတ်ပေ။
“ ငါက တကယ်ကို ဒီမျိုးဆက်ရဲ့ ကြယ်ပွင့်လေးပဲ ”
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဖန်သားပြင်က ပြန်လည်အသက်ဝင်လာပြန်သည်။ ချီရှောက်ရွမ်က မျက်လုံးကို ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။
သူက သွေးများဆူပွက်နေသလိုမျိုး ခံစားနေရသည်။ သူ့ယုံကြည်ချက်နှင့် သူ့ပြိုင်ဖက်ကင်းမှုအပေါ် ယုံကြည်မှုတို့က ပြန်ရောက်လာလေပြီ။ ထိုစဉ် သူက အကြောက်တရား ကင်းမဲ့သွားလေပြီ။
ချီရှောက်ရွမ်က ရှန်ထျန်းကို စိန်ခေါ်ဖို့ စစ်နတ်ဘုရား အမှတ်သုံးသောင်း သုံးရမလား ဝေခွဲမရ ဖြစ်နေမိသည်။ ယခု သူက ရယ်စရာကောင်းနေသလို ခံစားနေမိ၏။
အားလုံးက သူ့တွင် နတ်ဧကရာဇ်အရှင် ဖြစ်လာနိုင်သည့် အလားအလာရှိကြောင်း ပြောခဲ့ကြသည်။ စစ်နတ်ဘုရား မျှော်နန်းဆောင်ပင် သူ့အား ကြယ်ခြောက်ပွင့် ပါရမီရှင်အဖြစ် အသိအမှတ်ပြုခဲ့သည်။
ကြယ်ခြောက်ပွင့် ပါရမီရှင်လား …
ဟွမ်ရှီ၏ အဆင့်က သူ့ထက် အနည်းငယ် မြင့်မားသော်လည်း သူနှင့် အဆင့်တူ ဖြစ်နေပြီ မဟုတ်ပါလော။
သို့သော် သူတို့နှစ်ယောက်လုံးက ကြယ်ခြောက်ပွင့် ပါရမီရှင်များ ဖြစ်၍ စွမ်းရည်က ထိုမျှကွာခြားမည် မဟုတ်ပေ။
ဤတိုက်ပွဲစွမ်းရည်ဖြင့် ရှန်ထျန်းကို အဘယ်ကြောင့် ကြောက်နေရမည်နည်း။
ရယ်စရာကောင်းလိုက်တာ …
နောက်ဆုံးတွင် ချီရှောက်ရွမ်၏ ရဲရင့်ပြတ်သားမှုကို ပြန်ရောက်ရှိလာသည်။
သူက တည်တည်ငြိမ်ငြိမ်ဖြင့် “မျှော်နန်းဆောင် ဝိညာဉ်မလေး … ကျုပ်ကို ရှန်ထျန်းနဲ့ တွဲပေးပါ”
ချီရှောက်ရွမ်က သူ့စစ်နတ်ဘုရား အမှတ်သုံးသောင်းမှာ သုညဖြစ်သွားကြောင်း မြင်လိုက်ရသည်။
စစ်နတ်ဘုရား စင်မြင့်အထက် အာကာပြင်မှ သက်တန့်ရောင်အလင်းတန်း ကျဆင်းလာကာ ရွှေရောင်အလင်းလုံးအဖြစ် ပြောင်းလဲသွားသည်။
ပုံရိပ်သဏ္ဌာန်များစွာ ပေါ်လာသည်။
မိုးကြိုးနတ်ဘုရား သဏ္ဌာန်၊ နဂါး နတ်ဘုရားသဏ္ဌာန်၊ နတ်ဓားသဏ္ဌာန် …
နောက်ဆုံးတွင် လွှမ်းခြုံထားသည့် သက်တန့်အလင်းတန်းက စတင်စုစည်းလာသည်။
ရွှေရောင်ချပ်ဝတ်နှင့် လူငယ်လေးက စင်မြင့်အထက်တွင် ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။