အခန်း (၁၂၉)
Vol. 13 Ch. 129
ကျန်းကျန်းက နေရာလွတ်ထဲမှ အရာအားလုံးကို ထိန်းချုပ်နိုင်တယ်။ ထိုအထဲမှာ လူတွေကလည်း အပါအဝင်ပဲ။
ကျန်းကျန်း သူမရဲ့လက်ကို ဝှေ့ယမ်းလိုက်ကာ ဒုတိယထပ်မှရှိတဲ့ မာစတာအိပ်ခန်းရဲ့ ပြတင်းပေါက်ကို ဖွင့်လိုက်တယ်။ ထို့နောက်မှာ ဝမ်မင်ရဲ့ ခန္ဓာကိုယ်က မြင်ပြင်ကနေ တဖြည်းဖြည်းချင်း မြင့်တက်လာခဲ့ပြီး ပြတင်းပေါက်တစ်လျှောက် လွင့်ပျံသွားခဲ့ကာ ပျော့ပျောင်းနူးညံ့တဲ့ မွေ့ယာပေါ်မှာ လဲလျောင်းလျှက်သား ဖြစ်သွားခဲ့တယ်။
ကျန်းကျန်းက အောက်မှာ ရပ်ရင်း အနည်းငယ် တုံ့ဆိုင်းစွာနဲ့ ဘေးပတ်ပတ်လည်ကို လှည့်ပတ်ပြီးကြည့်လိုက်တယ်။ ဒီနေရာရဲ့ ဝင်ပေါက်က အလင်းနံရံနဲ့ ကာရံထားခဲ့တယ်။ သူမ ဘယ်သူ့ကိုမှ မထုတ်ပေးသရွေ့ ထိုအလင်းနံရံက ရှိနေမှာပဲ။
ကျန်းကျန်းအနေနဲ့ ဒီနေရာက ဘာတွေအမှားအယွင်းရှိနေတာလဲဆိုတာကို ဝမ်မင်ကို မသိစေချင်ဘူး။ ဒါကြောင့် ခဏလောက်စဉ်းစားပြီးနောက် ကျန်းကျန်းက သူမရဲ့လက်ကို ဝှေ့ယမ်းလိုက်တယ်။ ထိုနောက်မှာတော့ မြင့်မားတဲ့တောင်တန်းတွေက မြေပြင်ပေါ်မှ မြင့်တက်လာကာ စက်ဝိုင်းပုံသဏ္ဍာန်ဖြင့် ကာရံထားခဲ့ပြီး ကျန်းကျန်း ဝင်လာခဲ့တဲ့ လျှို့ဝှက်ဂူကြီးတစ်ခုသာ ကျန်ရှိနေတော့တယ်။ ဒါကိုလည်း သေချာစွာ ရှာမကြည့်ဘူးဆိုရင် ရှာတွေ့နိုင်မှာ မဟုတ်ဘူး။
အလုပ်များတဲ့မနက်ခင်းတစ်ခု ပြီးသွားချိန်မှာတော့ ကျန်းကျန်းက ဗိုက်ဆာသလို ခံစားလာရပြီ။ ဒါကြောင့် သူမ အစောပိုင်းတုန်းက တွေ့ခဲ့တဲ့ ခရမ်းချဉ်သီးနဲ့ အမဲသားအိုးကို ယူလိုက်ပြီး ခေါက်ဆွဲတစ်ပန်းကန်ကို ကိုယ်တိုင်ချက်ပြုတ်ဖို့အတွက် ရေနွပူတစ်အိုးအရင်တည်ကာ ခေါက်ဆွဲအရင်ပြုတ်လိုက်တယ်။
ထို့နောက် ခေါက်ဆွဲနူးသွားချိန်မှာအရောင်တောက်နေတဲ့ ခရမ်းချဉ်သီးအမဲသားနှပ် နှစ်ဇွန်းကို ခေါက်ဆွဲပေါ်မှာတင်လိုက်တယ်။ မွှေးကြိုင်တဲ့ရနံ့နဲ့ အရောင်တောက်ပတဲ့ခေါက်ဆွဲတို့က အစားချင်စိတ်ကို ချက်ချင်းတိုးလာစေတယ်။
အမဲသားရဲ့ ရနံ့က မွှေးပျံ့နေခဲ့ပြီး ကျန်းကျန်း တူကို ဆွဲယူပြီး ခေါက်ဆွဲတစ်လုပ်ကို အရင်ဆုံး ပါးစပ်ထဲသို့ထည့်လိုက်တယ်။ ခေါက်ဆွဲကိုဝါးနေတုန်းမှာ အမဲသား တစ်တုံးယူပြီး ပါးစပ်ထဲသို့ထည့်လိုက်ပြန်တယ် ။
ဒီအမဲသားက အဆီတစ်ဝက်နှင့် အသားတစ်ဝက်ပါတဲ့ အမဲသားအမျိုးအစားဖြစ်ပြီး အပိုင်းပိုင်းဖြတ်ပြီး အပူချိန်နိမ့်နိမ့်နဲ့ ချက်ထားခြင်းဖြစ်လေတယ်။
ကျန်းကျန်းရဲ့ ပါးစပ်ထဲသို့ အဆီနှင့် နူးညံ့တဲ့ အမဲသားတစ်ပိုင်းကို ထည့်ပြီးနောက် နူးညံ့ပြီး အရသာရှိတဲ့ အမဲသားက သူမရဲ့ပါးစပ်ထဲမှာ အရည်ပျော်သွားတော့မလို ထင်မြင်ရစေခဲ့တယ်။
ကျန်းကျန်း နှာရှုံ့လိုက်စားလိုက်နဲ့ အမဲသားခေါက်ဆွဲပန်းကန်လုံးကြီးတစ်လုံးကို စားလိုက်ပြီးနောက် ဗိုက်တင်းလွန်းပြီး အစာအိမ်တစ်ခုလုံးပြည့်လျှံနေသလို ဖြစ်သွားခဲ့ပြီ။
ဒါကြောင့် ပန်းကန်လုံးကို ဆေးကြောလိုက်ပြီး ကျန်းကျန်း အပေါ်ထပ်ကိုတက်ပြီး ဝမ်မင်ကို သွားကြည့်ပြန်တယ်။ ဝမ်မင်က အိပ်နေတုန်းပဲဆိုတာကို တွေ့တော့ ခြေသံမထွက်စေဘဲ အောက်ထပ်ကို ပြန်ဆင်းလာခဲ့တယ်။
ကျန်းကျန်း နေရာလွတ်ရဲ့ တခြားတစ်ဖက်ဆီသို့ ရွှေ့ပြောင်းသွားလိုက်ပြီး ခုတင်ပေါ်မှာ လှဲပြီး မျက်လုံးကိုမှိတ်ထားလိုက်တယ်။ သူမရဲ့ အသိစိတ်ကို အပြင်ဘက်သို့ ထုတ်လွှတ်ပြီးတဲ့နောက်မှာမှ ကျန်းကျန်း ပြန်လည် သတိရလာခဲ့တယ်။
သူမ ဖတ်ခဲ့ဖူးတဲ့သမိုင်းကြောင်းအရ ဒီရက်အနည်းငယ်အတွင်းမှာ ဝမ်မင်တစ်ယောက်တည်းကသာ ဒီအခြေအနေအထိရောက်အောင် ဖိအားပေးခံရတဲ့ လူမဟုတ်ဘူး။ သူနဲ့အတူ စာပေပညာရှင်တွေအပါအဝင် လူပေါင်းနှစ်ဆယ်၊သုံးဆယ်ခန့်ရှိသေးတယ်။
ကျန်းကျန်း ကွမ်ဖြူးရှပ်ဘုရားကျောင်းကိုရောက်တော့ ခြံဝန်းအတွင်းမှာ လူနှစ်ဆယ်၊ သုံးဆယ်လောက်ကို ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားတဲ့အဖွဲ့က ပိတ်ဆို့ပြီး ရပ်ခိုင်းထားတာကို တွေ့လိုက်ရတယ်။ သူတို့ရဲ့ရှေ့မှာ တောင်တန်းကြီးလိုပုံနေတဲ့ စာအုပ်တွေ အများကြီးရှိကာ မီးရှို့ရန် အသင့်ဖြစ်နေပုံရတယ်။
ကျန်းကျန်းရဲ့ မျက်နှာက ဒေါသတွေဖြင့် နီမြန်းနေပြီး သူမက ဖန်းအစောင့်အရှောက်အဖွဲ့ဝင်တွေကို ကြည့်ကာ သူတို့ကို လေပြင်းနှင့်အတူ မြစ်ထဲသို့ ပစ်ချလိုက်နိုင်စေဖို့သာ ဆုတောင်းမိတော့တယ်။
နေရာလွတ်ရဲ့အပြင်က လေတိုက်တာပဲဖြစ်ဖြစ်၊ မိုးရွာတာပဲဖြစ်ဖြစ် ရာသီဥတုတွေက သူမရဲ့ထိန်းချုပ်မှုကို နားမထောင်တာကတော့ ဝမ်းနည်းစရာပဲ။ သူမအနေနဲ့ နေရာလွတ်ထဲက ရာသီဥတုကိုပဲ ထိန်းချုပ်နိုင်တယ်။
ဖန်း အစောင့်အရှောက်တစ်ဦးက သူ့ရဲ့လက်ထဲမှ ခါးပတ်နဲ့ ပီကင်းအော်ပရာဇာတ်ပွဲမှ အဖွဲ့ဝင်တစ်ယောက်ကို ရိုက်နှက်တော့မှာကိုတွေ့လိုက်ရတော့ ကျန်းကျန်း အလျှင်အမြန်ပဲ သူ့ရဲ့ခြေထောက်အောက်မှ မြေပြင်ကို ထိန်းချုပ်လိုက်ပြီး ထိုဖန်းအစောင့်အရှောက်ကို မြေပြင်ပေါ်သို့ လဲကျသွားစေခဲ့တယ်။
သူ မြေကြီးပေါ်ကနေ ထလာချိန်မှာပဲ ကျန်းကျန်းက အနီးအနားမှာရှိနေတဲ့ ငှက်တွေအားလုံးကို စုစည်းဖို့ ကြိုးစားခဲ့တယ်။ ကံကောင်းစွာနဲ့ပဲ မြို့တော်မှာ ငှက်တွေ အများကြီးရှိနေခဲ့တယ်။ အထူးသဖြင့် ကျီးကန်းတွေ အများကြီးရှိနေခဲ့တယ်။
ဖန်းအစောင့်အရှောက်အဖွဲ့ဝင်တွေက သူတို့ရဲ့ လက်ထဲမှ ခါးပတ်တွေနဲ့ တုတ်တွေကိုမြောက်ပြီး ရိုက်နှက်ဖို့ လုပ်လိုက်တဲ့အချိန်မှာ တိမ်မည်းတွေလိုမျိုး ထူထပ်တဲ့ ငှက်အုပ်စုတွေက ဖန်းအစောင့်အရှောက့တွေရဲ့ မျက်နှာနဲ့ လက်တွေကို အရူးအမူး ကိုက်ခဲလာကြတာကြောင့် သူတို့ရဲ့ လက်ထဲမှ ဆိုင်းဘုတ်တွေနဲ့ဝှေ့ရမ်းရုံသာ တတ်နိုင်ခဲ့ပြီး အမြန်အဆန် ရှောင်ရှားခဲ့ကြရတယ်။
ငှက်အုပ်စုက ထိုဖန်းအစောင့်အရှောက်အဖွဲ့ကို ပိတ်ဆို့ထားခဲ့ပြီး ထိုအစောင့်အရှောက်တွေကို သူတို့ရဲ့ ချွန်ထက်တဲ့ နှုတ်သီးတွေနှင့် ခြေသည်းတွေကိုသုံးကာ ကွန်ဖြူးရှပ်ဘုရားကျောင်းမှ ထွက်ခွာသွားတဲ့အထိ မောင်းထုတ်ခဲ့ကြတယ်။
ဖန်း အစောင့်အရှောက်တွေက ဝိုင်းအုံနေတဲ့ ငှက်တွေကို ကြည့်ရင်း အကူအညီမဲ့ ဖြစ်သွားကြပေမယ့် ရှေ့ကိုတော့ ဆက်မတိုးရဲကြဘူး။
“ဝမ်မင်က ဘာလို့ဒီနေ့မလာတာလဲ.. သူ့ကို ဒီနေ့သတင်းပို့ဖို့လာခိုင်းထားတာ မဟုတ်ဘူးလား!”
ဖန်းအစောင့်အရှောက်တစ်ယောက်က သူ့ရဲ့လက်မောင်းကို မြှောက်လိုက်ပြီး ဟစ်ကြွေးလာတယ်
“ဝမ်မင်ရဲ့အိမ်ကို သွားရအောင်!”
ငှက်တွေဆီကနေ မောင်းထုတ်ခံလိုက်ရတဲ့ လူတစ်စုက ဝမ်မင်ရဲ့ အိမ်သို့ တင်းမာတဲ့မျက်နှာထားတွေနဲ့ပြင်းထန်စွာ လာခဲ့ကြပေမဲ့လည်း ဝမ်မင်ရဲ့ ဇနီးသည်ဖြစ်သူက ထိုသူမှာ မနက်အစောကြီးကတည်းက ထွက်သွားပြီး နောက်တစ်ခေါက် ပြန်မလာသေးကြောင်းကိုသာ ဝန်လေးစွာပြောလာခဲ့တယ်။
လူအုပ်စုကြီးက ယုံကြည်ခြင်းမရှိဘဲ အိမ်ထဲသို့ဝင်ပြီး ရှာဖွေခဲ့ကြပေမဲ့ ဘယ်သူ့ကိုမှ မတွေ့ခဲ့ရတာကြောင့် ဒေါသတကြီးနဲ့ ကျိန်ဆဲရင်း ထွက်သွားခဲ့ကြတယ်။
တစ်ရက်လောက်ကြာပြီးတဲ့နောက်မှသာ တချို့လူတွေဆီကနေ ဝမ်မင်ကို မနက်အစောကြီး တောရိုင်းကန်ဘက်မှာ တစ်ယောက်တည်း မြင်ခဲ့ရကြောင်းပြောလာကြလိမ့်မယ်။ တချို့က ရေကန်ထဲကို ခုန်ချသွားတာလို့ ထင်ခဲ့ကြတယ်။
လက်ရှိမှာတော့ သူတို့အဖွဲ့တွေက ဝမ်မင်ကို ရှာမတွေ့ခဲ့သလို ကွန်ဖြူးရှပ်ဘုရားကျောင်းထဲမှာရှိနေတဲ့ ထိုလူတွေကိုလည်း မရိုက်နိုင်ခဲ့ဘူး။
ဒါကြောင် ဖန်း အစောင့်အရှောက်တွေက စိတ်လောကြီးလာကြတယ်။ နောက်ခဏလောက်နေတော့ ဘယ်သူကစပြီးပြောတာမှန်း မသိရဘဲ ငှက်ကိုပစ်ဖို့အတွက် သေနတ်ကို အသုံးပြုဖို့ ပြောလာကြတယ်။
အခုအချိန်တွေမှာ သေနတ်တွေကို တားမြစ်ပိတ်ပင်ထားခြင်း မရှိပေမဲ့လည်း အရေအတွက်တွေက အများအပြား မရှိသေးဘူး။ တိုက်ခိုက်ရေး အဖွဲ့ခေါင်းဆောင် တစ်ယောက်တည်းမှာပဲ ရှိလေတယ်။
သူက ထိုသေနတ်ကို အိမ်မှယူလာခဲ့ပြီး ငှက်တွေကိုချိန်ပြီး အချိန်မဆွဲဘဲခလုပ်ကို ဆွဲလိုက်လေတယ်။
ကျန်းကျန်းက ကျောက်ခဲစလေးအနည်းငယ်ကိုသင့်လျော်တဲ့အရွယ်အစားရဖို့ လျင်မြန်စွာထိန်းချုပ်လိုက်ကာ သေနတ်ပြောင်းဝထဲသို့ ထည့်လိုက်ပြီး အချိန်ကိုက် ဖောက်ခွဲလိုက်တယ်။
“ဒိုင်း!”
သေနတ်သံက ဆူညံစွာ ထွက်ပေါ်လာခဲ့ပေမဲ့ ကျည်ဆန်က အပြင်ဘက်သို့ မထွက်သွားဘဲ ပြောင်းဝထဲမှာပဲ ပေါက်ကွဲခဲ့ကာ အစောင့်အရှောက်ရဲ့လက်က သွေးတွေ ပန်းထွက်လာခဲ့တယ်။
တစ်စုံတစ်ယောက် ဒဏ်ရာရသွားတာကြောင့် သူတို့တွေက သဘာဝကျစွာနဲ့ ဆေးရုံကို ချက်ချင်းပြေးသွားခဲ့ကြတယ်။ ကောင်းကင်ယံမှာ ကျီးကန်းနက်တွေက စုဝေးပျံဝဲနေတာကို မြင်လိုက်ရတာကြောင့် ကျန်ရစ်တဲ့ အဖွဲ့ဝင်ကျောင်းသားတွေကလည်း နှလုံးသားထဲမှာ သံသယတွေနဲ့ ကြောက်လန့်စွာတွေးတောနေခဲ့ကြတယ်။ ဒါကြောင့် တစ်စုံတစ်ယောက်ကို ဆေးရုံသို့ ပို့လိုက်ရတဲ့ အကြောင်းပြချက်နှင့်ပဲ လူစုခွဲလိုက်ကြတယ်။
ကွန်ဖြူးရှပ်ဘုရားကျောင်းအတွင်းမှာရှိတဲ့ လူတွေက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ စိတ်ပျော်ရွှင်စွာနဲ့ ရယ်မောလိုက်ကြတယ်။ ပီကင်းအော်ပရာရဲ့ မာစတာတစ်ယောက်ကဆိုရင် ပျော်ရွှင်စွာနဲ့ စာသားနှစ်ကြောင်းကိုတောင် သီဆိုခဲ့တယ်။
သူ့ရဲ့ ဘေးနားက အမျိုးသမီးစာရေးဆရာ တစ်ယောက်က သူ့ကို အလျင်စလို ဆွဲကာ အသံတိုးတိုးနဲ့ဖြောင်းဖြလိုက်တယ်။
“ရှင့်ရဲ့အသံကို အဲဒီလူတွေ မကြားစေနဲ့၊ ဒါမှမဟုတ်ရင် သူတို့တွေ နောက်တစ်ခါပြန်လှည့်ပြီး ပြဿနာရှာနေလိမ့်မယ်”
ရှုပ်ထွေးနေတဲ့ ဆံပင်တွေနှင့် စာရေးဆရာအိုကြီးက တံခါးဆီသို့ လျှောက်သွားပြီး အပြင်ကိုတစ်ချက်ကြည့်လိုက်တယ်။ ဖန်း အစောင့်အရှောက်တွေ အားလုံး ထွက်သွားပြီဆိုတာကို မြင်တော့မှ သူက လှမ်းပြောလိုက်တယ်။
“သူတို့တွေ အကုန်ထွက်သွားကြပြီ.. ငါတို့လည်း မြန်မြန် သွားကြစို့”
စာရေးဆရာတချို့က မြေပြင်ပေါ်မှာ အပုံကြီးလိုက်ရှိနေတဲ့ စာအုပ်များကို ကြည့်ကာ စိတ်ဆင်းရဲနေခဲ့ကြပေမဲ့ သူတို့လည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့ကြရတယ်။
“ဒီစာအုပ်တွေကို ဘယ်လိုလုပ်ကြမလဲ? ဒါတွေအားလုံးက အဖိုးထိုက်တန်လွန်းတဲ့ ယဥ်ကျေးမှု အမွေအနှစ်မှတ်တမ်းတင်စာအုပ်တွေချည်းပဲ”
“အဲဒါကို တခြားနေရာကို သယ်ယူသွားဖို့ ဖြစ်နိုင်ပါ့မလား.. ငါတို့ကိုရှာတွေ့ဖို့ သက်သေအထောက်အထားတွေပဲ ဖြစ်သွားလိမ့်မယ်.. အခုတော့ ထားခဲ့ပြီး သွားကြရအောင်”
လူတစ်စု သက်ပြင်းချလိုက်ကြပြီး မြေပြင်ပေါ်မှ ရတနာတွေကို နောက်တစ်ဖန်ပြန်ကြည့်ကာ စိတ်ပျက်လက်ပျက် ထွက်ခွာသွားခဲ့ကြတယာ။
သူတို့ အားလုံးထွက်သွားကြတာကိုမြင်တော့ ကျန်းကျန်းက ထိုနေရာသို့ အလျှင်အမြန် နေရာကူးပြောင်းလာခဲ့ကာ လက်ကိုဝှေ့ရမ်းပြီး မြေပြင်ပေါ်မှာရှိနေတဲ့အရာအားလုံးကို နေရာလွတ်ထဲသို့ ထည့်သိမ်းလိုက်ပြီး နောက်ထပ်စာကြည့်တိုက်ဆီသို့ အမြန်ပြေးသွားခဲ့ပြန်တယ်။
*
ဝမ်မင်က နေ့လည် လေးနာရီအထိ အိပ်ပျော်သွားခဲ့တယ်။ သူ မျက်လုံးဖွင့်ပြီး ကြည့်လိုက်ချိန်မှာ နှင်းတွေလိုဖြူဖွေးနေတဲ့ မျက်နှာကျက်ကို မြင်တွေ့လိုက်ရပြီး သူ့ရဲ့ဘေးပတ်ဝန်းကျင်မှာလည်း လှပတဲ့ အလှဆင်ပစ္စည်းတွေကို ရှိနေခဲ့တာကြောင့် သူ လှည့်ကြည့်ရင်း ခဏတာလောက် စိတ်ရှုပ်ထွေးသွားခဲ့တယ်။
သူက နှာခေါင်းပေါ်သို့ လျောကျနေတဲ့ မျက်မှန်တွေကို ပြန်လည်တွန်းတင်လိုက်ကာ ခုတင်ပေါ်မှ ဆင်းလိုက်ပြီး ပြတင်းပေါက်နားဆီသို့ လျှောက်သွားလိုက်တယ်။
ဝမ်မင်တစ်ယောက် ဒီတစ်ကြိမ်မှာတော့ မွှေးကြိုင်တဲ့ရနံ့တွေ ထုတ်လွှတ်နေပုံရတဲ့ ပန်းတွေနှင့် တျီတျီတျာတျာမြည်နေတဲ့ ငှက်လေးတွေကို တွေ့မြင်နိုင်ခဲ့ပြီ။ မဝေးလှတဲ့နေရာမှာတော့ အကာအရံတစ်ခုလိုဖြစ်နေတဲ့ တောင်တန်းတွေရှိနေပြီး ဒီနေရာက သီးသန့်ဆန်က နိဗ္ဗာန်ဘုံတစ်ခုလို ဖြစ်နေခဲ့လေတယ်။
ဝမ်မင်အနေနဲ့ ဒီအိမ်က ကျန်းကျန်းဆိုတဲ့ ကလေးမလေးရဲ့ အိမ်ဖြစ်လိမ့်မယ်လို့ ခန့်မှန်းမိတယ်။ သူ့အနေနဲ့ သူ ရောက်ရှိလာမှုကြောင့် သူမရဲ့မိသားစုကို ထိခိုက်စေမှာကို စိုးရိမ်တာကြောင့် တံခါးကို အမြန်ဖွင့်ပြီး အပြင်ကို ထွက်လာခဲ့တယ်။
“တစ်ယောက်ယောက်ရှိလား”
ဝမ်မင်က အပေါ်ထပ်မှာ ဘယ်သူ့ကိုမှ မတွေ့တာကြောင့် အောက်ထပ်သို့ဆင်းရင်း ဧည့်ခန်းထဲသို့ ရောက်လာခဲ့တယ်။ သူက ကော်ဖီစားပွဲပေါ်မှာ စာရွက်ဖြူလေးတစ်ရွက်ကို တွေ့လိုက်ရတော့ အမြန်ကောက်ယူကြည့်လိုက်တော့ စာလုံးသေးသေးလေးတွေကို မြင်တွေ့ခဲ့ပြီး ဖတ်ကြည့်လိုက်တယ်။
“အဘိုးဝမ်မင် မီးဖိုချောင်ထဲမှာ ခေါက်ဆွဲနဲ့ ခရမ်းချဉ်သီးအမဲသားအိုးရှိတယ်။ အဘိုး အိပ်ရာကထလာတဲ့အခါ ပြန်နွှေးပြီး စားကြည့်လိုက်နော်။ ဒီနေရာက အရမ်းလုံခြုံပါတယ်။ ဘယ်သူမှ ဝင်လာမှာမဟုတ်ဘူး။ အဘိုး ဒီနေရာမှာ ငြိမ်းချမ်းတဲ့အချိန်အထိ နေလို့ရတယ်။
ပျင်းလာခဲ့မယ်ဆိုရင် အဖိုးအတွက် စာကြည့်ခန်းထဲမှာ ဘောပင်နဲ့ စာရွက်တွေရှိတယ်.. ဒါပေမယ့် လျှပ်စစ်မီးမရှိလို့ ရေနံဆီမီးခွက်ကိုပဲ သုံးနိုင်လိမ့်မယ်။
—ကျန်းကျန်း”