အခန်း (၁၃၀)
Vol. 13 Ch. 130
ဝမ်မင်က ကျန်းကျန်းရဲ့ စာကို ဖတ်ပြီးတဲ့နောက်မှာ မီးဖိုချောင်ဘက်သို့ အလျင်စလိုမသွားခဲ့ဘူး။ သူက တံခါးဝမှ ထွက်ခွာသွားကာ ပတ်ပတ်လည်ကို လှမ်းကြည့်ခဲ့တယ်။
လက်ရှိနေရာက ဘေးပတ်ဝန်းကျင်တခွင်လုံး တောင်တန်းတွေနဲ့ ကာရံထားတာကို မြင်တွေ့ခဲ့ရပြီး အလယ်ဗဟိုမှာ သီးသန့်နေရာရှိနေခဲ့သလိုမျိုးပဲ။
ပန်းသီးပင်ပေါ်မှာ နားခိုနေတဲ့ ငှက်လေးတွေ၊ မြက်ခင်းပြင်မှာ ပြေးလွှားနေတဲ့ ယုန်လေးတွေကို မြင်နိုင်ပြီး အိမ်ရှေ့မှာလည်း ပန်းတွေပွင့်နေတာကို မြင်တွေ့နေခဲ့ရတာကြောင့် အလွန်ဘဲ စိတ်ချမ်းမြေ့စေတယ်။
သူ အိမ်ထဲသို့ ပြန်လှည့်ဝင်သွားခဲ့ကာ ပန်းကန်လုံးတစ်လုံးကိုယူပြီး ကျန်ရှိနေခဲ့တဲ့ခေါက်ဆွဲကို စားလိုက်တယ်။
သူက ခေါက်ဆွဲ ပါးစပ်အပြည့် နှစ်လုပ်စားလိုက်ပြီး ခုံမှာ မှီလိုက်ကာ သက်တောင့်သက်သာရှိလှစွာ ပြုံးလိုက်မိတယ်။
ကျန်းကျန်းကတော့ တစ်နေကုန် အလုပ်များနေပြီး ဂူထဲသို့ ပြန်မဝင်ခင်မှာ ငါးနာရီထိုးလုနီးနီး ဖြစ်နေပြီလို့ ခန့်မှန်းရတယ်။ ဝမ်မင်က စာအုပ်တွေကို အလွန်အမင်းချစ်မြတ်နိုးတယ်လို့ ပြောရမယ်။ သူက ဒီလိုမျိုး ဒဏ်ရာတွေ ရထားတဲ့အချိန်မှာတောင် စာကြည့်ခန်းထဲမှာရှိတဲ့ စာအုပ်တွေကို မြင်တော့ အရှေ့ကို ဆက်မသွားနိုင်တော့ဘူး။
ကျန်းကျန်း အခန်းတံခါးကို ခေါက်လိုက်တယ်။ ဝမ်မင်က ခေါင်းမော့ကြည့်လာပြီး ကျန်းကျန်းရောက်နေတာကိုမြင်တော့ အလျှင်အမြန်ထရပ်လိုက်ကာ လေးလေးနက်နက် ဦးညွတ်လာခဲ့တယ်။
“ကျေးဇူးတင်ပါတယ် သူငယ်ချင်းလေးကျန်းကျန်း.. မင်းက အဘိုးရဲ့ အသက်ကို ကယ်တင်ခဲ့တာပဲ..တကယ်ကို ကျေးဇူးတင်ပါတယ်”
“မလုပ်နဲ့ မလုပ်နဲ့ မလုပ်နဲ့! “
ကျန်းကျန်း ရှက်ရွံ့စွာှင့် သူမရဲ့ ခေါင်းကို ကုတ်လိုက်မိတယ်။
“အဘိုးက လေးစားစရာကောင်းတဲ့ စာပေပညာရှင်ဆရာကြီးတစ်ယောက်လေ.. ဘယ်လိုလုပ်ပြီး သမီးကို ဦးညွှတ်နေတာလဲ”
ဝမ်မင်က ခါးသီးစွာပြုံးလိုက်ကာ ခေါင်းကို ခါရမ်းလိုက်ပေမဲ့လည်း သူက စကားများများစားစား မပြောခဲ့တော့ဘူး။
“ကျန်းကျန်း ဒါက ဘယ်နေရာမှာလဲ၊ ငါတို့တွေ အဝေးကြီးကို သွားလိုက်ရတဲ့ပုံမရဘူး.. ဒီအနီးအနားမှာ ဒီလောက်ပြီး လှပတဲ့ အိမ်က ဘယ်လိုလုပ်ပြီး ရှိနေတာလဲ”
“အိုး!”
ကျန်းကျန်းက မျက်တောင်ခတ်လိုက်ပြီး အပြစ်ကင်းစွာ ပြုံးလိုက်တယ်။
“သမီးလည်း ဒီနေရာကို ဘာလို့ခေါ်တာလဲဆိုတာ မသိပါဘူး၊ တစ်ခါတုန်းက သမီးယုန်လေးတစ်ကောင်ကို လိုက်ဖမ်းရင်းနှင့် ဒီနေရာကို ရောက်လာတာ.. နောက်ပြီး ဒီလိုအနောက်တိုင်းပုံစံ အဆောက်အအုံတစ်ခုကို တွေ့ခဲ့တာပဲ..
ဒီမှာ ပိုင်ရှင်ရေးခဲ့တဲ့စာတစ်စောင်ရှိသေးတယ်.. သူက ဒီအိမ်ကို ဒီမှာပဲထားခဲ့မယ်.. ကံကြမ္မာပါလို့ ရှာတွေ့တဲ့သူကို လက်ဆောင်ပေးမယ်တဲ့..
အဘိုးကိုတွေ့တော့ တစ်စုံတစ်ယောက်ဆီမှာ အရိုက်ခံခဲ့ရတယ်လို့ သမီးထင်လို့လေ.. ဒါကြောင့် ဘယ်သူမှမရှိဘဲ တိတ်ဆိတ်တဲ့နေရာမှာ ခဏလောက်နေချင်လိမ့်မယ်လို့ တွေးမိလို့.. သမီး အဘိုးကို ဒီနေရာဆီကို ခေါ်လာပေးတာ”
ကျန်းကျန်းက ဝမ်မင်ကို ကြည့်ပြီး တုံ့ဆိုင်းစွာ မေးလိုက်တယ်။
“အဘိုး အခု အိမ်ကိုပြန်ချင်လား? ဒါပေမယ့် အခုပြန်မယ်ဆိုရင် လုံခြုံလိမ့်မေယ်လို့ သမီးမထင်ဘူး”
“ဟုတ်တယ် .. မင်းပြောတာ မှန်တယ် သူတို့ဆီကို ပြန်မသွားတာ ကောင်းလိမ့်မယ်”
ဝမ်မင်က ကျန်းကျန်းကို ကြည့်ပြီး အလေးအနက်အမူအရာနဲ့ မေးလိုက်တယ်။
“ဒီက သူငယ်ချင်းလေးကျန်းကျန်း.. အဘိုး မင်းရဲ့ဒီနေရာကို ခဏလောက် ငှားရမ်းပြီးနေလို့ ရမလား.. အဘိုးဆီမှာ ပိုက်ဆံမရှိပေမယ့် ဗဟုသုတတွေတော့ အများကြီးရှိတယ်၊ မင်းသာ မကြိုက်ဘူးမဖြစ်ရင် မင်းရဲ့ ဆရာပေးနိုင်တယ်”
ကျန်းကျန်း စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြလိုက်တယ်။ သူမရဲ့ မျက်နှာလေး ပျော်ရွှင်မှုတွေနဲ့ ပြည့်သွားခဲ့ရတယ်။
“အမ်း အမ်း.. သမီး အရမ်းကို ကျေနပ်တယ်!”
ဝမ်မင်က ပညာမာနကြီးမားပြီး သန်မာလွန်းတဲ့ စာပေပညာရှင်တစ်ယောက်ဖြစ်လေတယ်။
သူက “စိတ်ဝိဥာဥ်ကျိုးပဲ့သည်ထက် အရိုးကျိုးပဲ့သွားသည်က သာ၍ကောင်းမွန်သည်” ဆိုတဲ့ အယူအဆကို အမြဲတမ်းလေးစားတဲ့သူလည်းဖြစ်တယ်။
တစ်ချိန်တည်းမှာ သူက အလွန်ရိုးရှင်းပြီး အရာအားလုံးမှာ အလှတရားရှိတယ်ဆိုတဲ့စကားကို ယုံကြည်တယ်။ အခုချိန်မှာ သူ့နှလုံးသားက လွတ်မြောက်မှုရရှိသွားတာဖြစ်နိုင်တယ်။
သူ အိပ်ပျော်သွားပြီးနောက်မှာ လှည်းနဲ့ ဘယ်လောက်ဝေးကွာတဲ့အထိ ဆွဲခေါ်ခံလိုက်ရလဲဆိုတာကို သူ မသိပေမဲ့လည်း နောက်ထပ် မမေးချင်တော့ဘူး။ သူတို့တွေက သူ့ရဲ့အသက်ကိုတောင် ကယ်တင်ပေးခဲ့ကြတာဖြစ်လို့ ဘာလို့ မေးခွန်းတွေ အများကြီး မေးဖို့ လိုနေဦးမှာလဲ?
ဝမ်မင် သူ့မိန်းမနဲ့ သားသမီးတွေ၊မြေးတွေ အကြောင်းကို တွေးတောပြီး သက်ပြင်းတစ်ချက်ချလိုက်တယ်။ သူ့ကို အထိခိုက်စေခဲ့ဆုံးလူတွေက သူ့ရဲ့မိသားစုကိုယ်တိုင်ပဲဖြစ်နေလိမ့်မယ်လို့ သူ ဘယ်သောအခါကမှ မမျှော်လင့်ထားခဲ့ဘူး။
သူ တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေအပြည့်နဲ့ အိမ်ကို ပြန်သွားခဲ့တဲ့အချိန်မှာ သော့ခတ်ထားတဲ့ အိမ်တံခါးကိုသာ မျက်နှာချင်းဆိုင်လိုက်ရတယ်။
သူ တစ်သက်လုံး ချစ်ခင်ခဲ့တဲ့ ဇနီးသည်နှင့် သားသမီးတွေက သူ့ကြောင့် မိသားစုတွေပါ ထိခိုက်ခံစားရမှာကို စိုးရိမ်ခဲ့ကြတာကြောင့် တံခါးဖွင့်ပေးရန် ငြင်းဆန်ခဲ့ကြတယ်။
ဝမ်မင်ဆီမှာ တခြား ဘယ်နေရာကိုမှသွားစရာမရှိခဲ့ဘူး။ ဒါကြောင့် တုံ့ဆိုင်းစွာနဲ့ ခြံတံခါးကိုသာ တစ်နာရီကျော်လောက်ခေါက်နေခဲ့မိတယ်။ နောက်ဆုံးတော့ သူ့ကြောင့် ပြသနာတွေရောက်ရှိလာမှာကို ကြောက်ရွံ့ပုံရတယ်။ သူ့ရဲ့ဇနီးသည်က တံခါးအနည်းငယ်ဖွင့်ပြီး သူ့ကို ဝင်ခွင့်ပြုခဲ့တယ်။
သို့ပေမဲ့ သူမက သူ့ရဲ့ကိုယ်ပေါ်မှ သူ့ဒဏ်ရာတွေကို မမြင်တွေ့တဲ့ပုံပဲ။ အလွန် အေးတိအေးစက်နိုင်စွာနဲ့သာ ပြောလာခဲ့တယ်။
“မိသားစုတစ်ခုလုံးကို ဆွဲချမနေပါနဲ့”
ထို့နောက်မှာ သူ့ကို လျစ်လျူရှုကာ အိမ်ခန်းတံခါးကိုပိတ်ပြီး သူမဘာသာသူမ သွားအိပ်နေခဲ့တယ်။
ထိုညမှာ သူ့ရဲ့ သားတွေနေထိုင်တဲ့ အိမ်တွေကလည်း တိတ်ဆိတ်နေခဲ့ပြီး သူ့ကိုကြည့်ဖို့အတွက် ဘယ်သူမှ အိမ်ပြင်ကို ထွက်မလာခဲ့ဘူး။
ဝမ်မင်က ကျန်းကျန်း ငုံ့ကြည့်လိုက်မိတယ်။ သူ့အနေနဲ့ သူ့ရဲ့ အသက်ကို ကယ်တင်ပြီး သူ့ကို နွေးထွေးစေခဲ့တဲ့သူက တကယ်တမ်းမှာ သူ့ရဲ့ စာဖတ်သူ အသေးလေးဖြစ်နေလိမ့်မယ်လို့လည်း ဘယ်တုန်းကမှ ထင်မထားခဲ့မိဘူး။
ဝမ်မင်က ဒီအတွက်ကြောင့် သူ နှစ်ပေါင်းများစွာ စာပေတွေ၊ ဆောင်းပါးတွေကို ရေးသားခဲ့တာက အချည်းနှီး မဖြစ်စေဘူးလို့ ခံစားခဲ့မိတယ်။
“ငါ့ရဲ့ ဆောင်းပါးတွေကို ဖတ်ဖို့ မင်းက အတော်လေး ငယ်သေးတယ် မဟုတ်ဘူးလား”
ဝမ်မင်က သူ့ရဲ့ဒဏ်ရာတွေကို ကျန်းကျန်း ဆေးထည့်ပေးနေတာကို လက်ခံရင်း အပြုံးနဲ့မေးလိုက်တယ်။
“သမီးရဲ့ အစ်ကိုတွေ အားလုံးက ကျောင်းတက်ကြတယ်လေ.. ဒါကြောင့် သမီး သုံးနှစ်၊လေးနှစ်လောက်အရွယ်ကတည်းက သူတို့က စာရေး၊ စာဖတ်တတ်အောင် သင်ပေးခဲ့ကြတယ်။”
ကျန်းကျန်းက ပြုံးပြီး ပြောလိုက်တယ်။
“ရှစ်ဖူရေးတဲ့စာတွေရဲ့ နက်နဲတဲ့ အဓိပ္ပါယ်ကိုတော့ သမီး နားမလည်ဘူး၊ ဒါပေမယ့် စကားလုံးတွေက လှတယ်၊ နောက်ပြီး ပုံပြင်တွေကလည်း နားထောင်လို့ကောင်းတယ်”
ဝမ်မင် ခေါင်းညိတ်ပြလိုက်တယ်။ ရုတ်တရက် သူ့နောက်ကျောဘက်က ဒဏ်ရာက အလွန်နာကျင်လွန်းတာကြောင့် သူ မထိန်းနိုင်ဘဲ သက်ပြင်းကို နက်နက်ချလိုက်မိတယ်။
ကျန်းကျန်း အလျင်အမြန်ပြောလိုက်တယ်။
“ရှစ်ဖူ.. နည်းနည်းလောက် သည်းခံလိုက်ဦး၊ ဒီဒဏ်ရာက တော်တော်နက်တယ်၊ ကောင်းကောင်းမကိုင်တွယ်ဘူးဆိုရင် ပြည်တွေထွက်လာလိမ့်မယ်”
ဝမ်မင်က သဘောတူကြောင်း အသံပြုလိုက်ပြီး သူနှင့် နှစ်ပေါင်းများစွာ အတူရှိခဲ့တဲ့ စာပေမိတ်ဆွေတွေကို ပြန်လည် သတိရသွားခဲ့တယ်။ လူတိုင်းက နာကျင်ခံစားနေရပြီး ဒုက္ခရောက်တုန်းပဲ။ သူက မနေနိုင်စွာနဲ့ ကျန်းကျန်းကို မေးလိုက်တယ်။
“ကွန်ဖြူးရှပ်ဘုရားကျောင်းမှာ ဘာတွေဖြစ်သွားခဲ့သေးလဲဆို မင်းသိသေးလား?”
“အိုး အဲဒီမှာ လူတွေအတော်လေး ဝရုန်းသုန်းကားဖြစ်သွားပုံရတယ်”
ကျန်းကျန်းက ဆေးထည့်ပေးနေရင်းနဲ့ သူမနဲ့ ဘာမှမဆိုင်သလိုမျိုး ဆက်ပြောနေခဲ့တယ်။
“ဒီနေ့ အဲဒီဘက်မှာ ပြဿနာတွေဖြစ်ခဲ့တယ်လို့ သမီးကြားခဲ့တယ်၊ အဲဒီဘုရားကျောင်းထဲမှာရှိနေတဲ့ လူတွေကို ကျီးကန်းတွေနဲ့ ငှက်တွေက ကာကွယ်ပေးခဲ့ပြီး အစောင့်အရှောက်တပ်ဖွဲ့ဝင်တွေကို တကိုယ်လုံး ထိုးဆိတ်ပြီး ကိုက်ခဲခဲ့ကြတယ်တဲ့
ပြီးတော့ ဘာတွေဖြစ်သွားလဲဆိုတာတော့ သမီးမသိဘူး.. သေနတ်သံ ထွက်လာပေမယ့် အဲဒီသေနတ်ကပေါက်ကွဲသွားပြီး သေနတ်ကိုင်ထားတဲ့လူကိုပဲ ထိခိုက်သွားတယ်လို့ ကြားတာပဲ..လူတွေကတော့ နတ်ဆိုးတွေက သူတို့ရဲ့အပြုအမူတွေကို မကြိုက်လို့ လုပ်တာလို့ ပြောနေကြတယ်”
ဝမ်မင်က ထိုစကားကိုကြားတော့ ချက်ချင်းဆိုသလို စိတ်ဓာတ်တက်ကြွပြီး အားအင်တွေပြည့်လာခဲ့တယ်။
“ဒါက ကောင်းမွန်တဲ့ကိစ္စပဲ၊ လူတိုင်းက နောက်ဆုံးတော့ လွတ်မြောက်သွားပြီ”
ကျန်းကျန်းက သူ့ကို ဒဏ်ရာကို ကုသဆေးတွေထည့်ပေးခဲ့ပြီး ရောင်ရမ်းမှုကိုသက်သာစေတဲ့ ဆေးတချို့ကို ကော်ဖီစားပွဲပေါ်သို့တင်လိုက်ကာ ဝမ်မင်ကို ညွှန်ကြားလိုက်တယ်။
“ရှစ်ဖူ.. ဒီဆေးတွေက တစ်နေ့ကို သုံးကြိမ်သောက်ရမှာနော် အစာစားပြီးတိုင်း သောက်ရမယ်.. ဆေးသောက်ဖို့ မမေ့ပါနဲ့ .. ရှစ်ဖူရဲ့ ကျန်းမာရေးက သိပ်ပြီးမကောင်းဘူး၊ ဒီရက်ပိုင်းမှာ စာသိပ်ပြီးမဖတ်နဲ့ဦး.. များများ လေးအနားယူပြီး ဒီအဆောက်အဦးထဲကို လျှောက်သွားကြည့်ပေါ့..
အဆောက်အဦးရဲ့ အနောက်ဘက်မှာ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ အများကြီးရှိတယ်၊ ရှစ်ဖူလိုချင်တာရှိရင် ကိုယ့်ဘာသာကိုယ် ခူးစားလို့ရတယ်.. တကယ်လို့ စားချင်တာတွေ ၊ လိုအပ်တာတွေက ဒီမှာမရှိရင် သမီးကိုပြောလို့ရတယ်နော်.. သမီး အိမ်ကနေ ယူလာခဲ့မယ်”
ဝမ်မင်က ပြုံးလိုက်ပြီး ခေါင်းညိတ်ပြလာတယ်။
“ဒါက အရမ်းကောင်းနေပြီ၊ မင်းရဲ့ ရှစ်ဖူက အမြဲတမ်း ရိုးရိုးရှင်းရှင်းပဲ စားတာ.. အရမ်းဒုက္ခရှာနေစရာ မလိုအပ်ဘူး”
ကျန်းကျန်းက ဝမ်မင်ကိုကြည့်ပြီး ခေါင်းညိတ်ကာ ပြောလိုက်တယ်။
“အခုက နည်းနည်းနောက်ကျနေပြီ.. သမီးရဲ့အဖေက အပြင်မှာ စောင့်နေတုန်းပဲ၊ သမီး အရင်သွားလိုက်တော့မယ်”
ဝမ်မင်က ကျန်းကျန်းရဲ့အဖေနဲ့တွေ့ချင်ပေမယ့် စကားတွေကို ပြန်မျိုချလိုက်မိတယ်။ လူတွေက အထဲကိုမဝင်ချင်ကြဘူးလေ။ သူက ဘာကြောင့် အလိုက်မသိဘဲ အပြင်ကို ထွက်သွားလို့ ဖြစ်မှာလဲ။
ဒါ့အပြင် သူ့အနေနဲ့ ဒီလိုလှပတဲ့နေရာလေးမှာ ဒဏ်ရာတွေကိုပြန်လည်သက်သာလာအောင် ကုသနိုင်ပြီး တည်းခိုနေနိုင်တယ်။
ဘုရားသခင်က သူ့ကို မျက်နှာသာပေးထားပြီးဖြစ်လို့ ကျေနပ်နေသင့်ပြီ။ ဝမ်မင်က ခေါင်းညိတ်ပြီး ကျန်းကျန်းကိုပြောလိုက်တယ်။
“ငါ့ကိုယ်စား မင်းအဖေကို ကျေးဇူး တင်ပါတယ်လို့ ပြောပေးပါဦး”
ကျန်းကျန်းက ခေါင်းကုတ်ပြီး ပြုံးပြရင်း ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားခဲ့ပြီး အလျင်စလို မေးလိုက်တယ်။
“ဒါနဲ့ ရှစ်ဖူ..ရှစ်ဖူရဲ့အိမ်ကို စာတစ်စောင် သွားပေးစေချင်လား”
ဝမ်မင်က ခဏလောက်စဉ်းစားပြီးမှ ခေါင်းကို ဖြည်းညှင်းစွာခါရမ်းပြလိုက်တယ်။
“သူတို့က ငါ့ရဲ့စာတွေကို မတွေ့ချင်လောက်တာဖြစ်လိမ့်မယ်.. ဒါပေမယ့် အခြေအနေတွေ ငြိမ်သွားတဲ့အချိန်ကျရင် မင်း ငါ့ရဲ့သူငယ်ချင်းမိတ်ဆွေတွေဆီကို စာတွေပို့ပေးဖို့ ကူညီပေးနိုင်မလား”
ကျန်းကျန်း ခေါင်းညိတ်လိုက်ပြီး ဝမ်မင်ကို အလျှင်အမြန်နှုတ်ဆက်လိုက်တယ်။ ထို့နောက် နေရာလွတ်မှတဆင့် ပေရှားသို့ပြန်လာခဲ့လေတယ်။