အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ဒီလောက်တောင် ကြီးမားတယ်လား
Vol. 20 Ch. 287
အခန်း (၂၈၇) : အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ဒီလောက်တောင် ကြီးမားတယ်လား
နောက်ဆုံးတော့ သူ ပေါ်လာပြီလား …
ချီရှောက်ရွမ်က စင်မြင့်ထက်တွင် မာန်ပါပါ ရပ်နေသည့် လူကို ကြည့်ကာ သူ့သွေးများ ဆူပွက်လာပြီး စိတ်အားထက်သန်လာမိသည်။
ထိုသူမှာ သူ့ စိတ်အားပြင်းပြမှု နှလုံးသားကို ပျောက်ဆုံးသွားလုနီး ဖြစ်စေသည့် အမျိုးသား ဖြစ်၏။
သူက တိုက်ခိုက်နိုင်စွမ်း ရှိပေမဲ့ ဝါစဉ်ကို သုံးပြီး ငါ့ကို ဖိနှိပ်ခဲ့တယ် …
နောက်ဆုံးတော့ အခုလို စစ်နတ်ဘုရား စင်မြင့်အထက်မှာ မျှမျှတတ တိုက်ခိုက်ပြီးတော့ ဘယ်သူက အရှေ့ပိုင်းလွင်ပြင်ရဲ့ အားအကောင်းဆုံး ပါရမီရှင်လဲဆိုတာ ကြည့်ရတာပေါ့
ချီရှောက်ရွမ်က သူ့ကောင်းကင်ပုဆိန်လှံရှည်ကို တင်းတင်း ဆုပ်ကိုင်ထားလိုက်သည်။ သူ့လက်ဖဝါး၌ ရှားရှားပါးပါး ချွေးပင်စို့နေကြောင်း ခံစားမိလိုက်သည်။
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ဒီတိုက်ပွဲကနေ သင်ပြပေးပါဦး ”
ချီရှောက်ရွမ်နှင့် မျက်နှာချင်းဆိုင် ရပ်နေသည့် ပုံရိပ်ကာ လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်ဟန်ပြလိုက်သည်။ သူက ပြုံးနေပြီး အင်မတန် ကြင်နာတတ်ပုံ ပေါ်နေသည်။ သို့သော်လည်း တစ်ယောက်နှင့် တစ်ယောက် နှုတ်ဆက်ပြီးနောက် ရှန်ထျန်းနောက်ရှိ သဏ္ဌာန်များကို ပြန်ရုတ်သိမ်းလိုက်ပြီး ချက်ချင်းဆိုသလို စွမ်းအားတိုးတက်လာသည်။
သူ့တစ်ကိုယ်လုံးမှ မြူခိုးများ ထွက်ပေါ်လာကာ စင်မြင့်တစ်ခုလုံး ပျံ့နှံ့သွားတော့သည်။
မြူခိုးများ စင်မြင့်ကို လွှမ်းခြုံသွားသည်နှင့် ရှန်ထျန်းလည်း မြူခိုးအတွင်း ပျောက်ကွယ်သွားသည်။ တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်နေသည့် ပွဲကြည့်ပရိတ်သတ်များပင် ရှန်ထျန်းကို မမြင်ကြတော့ပေ။
စင်မြင့်ကား အရွယ်အစားအားဖြင့် ပေတစ်ထောင်လောက် ကျယ်ဝန်းသော်လည်း သာမန်ကျင့်ကြံသူများက ဤမြူခိုးအတွင်း ဆယ်ပေလောက်သာ မြင်နိုင်ကြသည်။
ထိုစဉ် စင်မြင့်တစ်ခုလုံး တိတ်ဆိတ်နေပြီး အားလုံးက ချီရှောက်ရွမ်အပေါ်သာ အာရုံစိုက်ထားလိုက်ကြသည်။ သူတို့က ကြယ်ခြောက်ပွင့် ပါရမီရှင်အသစ်လေးသည် ရှန်ထျန်း၏ ဖုံးကွယ်မှုကို ထိုးဖောက်မြင်နိုင်မလားဟု သိချင်နေကြသည်။
“ ဒါက ကိုယ်ယောင်ဖျောက်တာလား … ငါ့အပေါ် အသုံးမဝင်ဘူးကွ ”
ချီရှောက်ရွမ်က သရော်သလို ပြောလိုက်ပြီးနောက် သူ့မျက်ခုံးစပ်ကြား ခရမ်းကောင်းကင် မျက်လုံး ပွင့်လာသည်။ ထိုစဉ် သူက ကောင်းကင်ပုဆိန်လှံရှည်ကို ဆုပ်ကိုင်ထားပြီး ခရမ်းကောင်းကင်မျက်လုံးဖြင့် စင်မြင့်တစ်ခုလုံးကို စစ်ဆေးကြည့်နေသည်။
ထိုမျက်လုံး၏ စွမ်းရည်က အရာအားလုံးကို ထိုးဖောက်၍ မြင်နိုင်ပေသည် “ မင်းကို တွေ့ပြီ ”
ချီရှောက်ရွမ်က လှောင်ပြုံးဖြင့် ကောင်းကင်ပုဆိန်လှံရှည်အား သူ့အနောက်ဘက်သို့ အပြင်းအထန် ထိုးစိုက်ချလိုက်သည်။
ဝုန်း …
ဧရာမ ခရမ်းတူကြီးက ကောင်းကင်ပုဆိန်လှံရှည်ပေါ် အားပြင်းပြင်း ကျရောက်လာကာ စင်မြင့်တစ်ခုလုံးကို ပျံ့နှံ့သွားစေသည့် ကြောက်ခမန်းလိလိ အားလှိုင်းလုံးတို့ ဖြစ်လာစေသည်။
ချီရှောက်ရွမ်အောက်ရှိ စင်မြင့်မှာ ချက်ချင်း ကျိုးကြေပျက်စီးသွားပြီး သူ့ခြေထောက်တစ်ဝက်လောက်က စင်မြင့်ကြား စိုက်ဝင်နေလေသည်။ အက်ကြောင်းများက ပင့်ကူအိမ်သဖွယ် ပျံ့နှံ့လာသည်။
ရှန်ထျန်းက ချီရှောက်ရွမ်အနောက်ဘက်မှ တိုက်ခိုက်ရန် ပေါ်လာခဲ့သော်လည်း မအောင်မြင်လိုက်ပေ။ ချီရှောက်ရွမ်၏ ခရမ်းကောင်းကင်မျက်လုံးက အရာအားလုံးကို ထိုးဖောက်မြင်နိုင်သည့်အတွက် မြူခိုးပင် အသုံးမဝင်တော့ပေ။
“ ဒီလိုအားကောင်းကောင်းမျိုးက မလုံလောက်တာ နှမြောစရာပဲ ”
ဂါး …
နဂါးဟိန်းသံ ထွက်ပေါ်လာပြီးနောက် ချီရှောက်ရွမ်၏ ကောင်းကင်ပုဆိန်လှံရှည်က ပြန်လည်အသက်ဝင်လာပုံရ၏။ ကောင်းကင်ပုဆိန်လှံရှည်မှ ဧရာမ နဂါးနက်ကြီး ပေါ်ထွက်လာကာ ခရမ်းမိုးကောင်းကင်တူပေါ် တွားသွားရစ်ပတ်ကာ တက်သွားပြီး ရှန်ထျန်းဆီ ခုန်အုပ်လိုက်သည်။
ချီရှောက်ရွမ်၏ အမူအယာက လေးနက်နေပုံပေါ်သည်။ အကြောင်းမှာ သူ့ခရမ်းကောင်းကင်မျက်လုံးက မြူခိုးအားလုံးကို ထိုးဖောက်၍ မြင်နိုင်စွမ်း မရှိပေ။
ဤမြူခိုးက အတော်လေး ထူးဆန်းလှ၏။ ချီရှောက်ရွမ်၏ ခရမ်းကောင်းကင်မျက်လုံးပင် သူ့သက်ရောက်မှုအား အလုံးစုံ လျစ်လျုရှုမထားနိုင်ပေ။
စစ်နတ်ဘုရား စင်မြင့်က အရမ်းမကြီးလွန်း၍ ကံကောင်းသွားပေသည်။ မဟုတ်လျှင် ဒုက္ခများသွားနိုင်သည်။
“ နဂါးလက်သည်း ”
တူညီသော နဂါးဟိန်းသံကို ကြားလိုက်ရပြီးနောက် ချီရှောက်ရွမ်ထက် မနိမ့်သည့် နဂါးအရှိန်အဝါ ထွက်ပေါ်လာသည်။
ရှန်ထျန်းက ခရမ်းမိုးကောင်းကင်တူကို ဘေးဖယ်ထားကာ ညာဘက်လက်သီးချက်ကို ရုတ်ချည်း ထုတ်သုံးလိုက်သည်။ ရွှေရောင်မိုးကြိုးက ချက်ချင်း နတ်နဂါးအသွင် ပြောင်းသွားပြီး ထိုနဂါးနက်ကို ခုန်အုပ်လိုက်သည်။
အနက်ရောင်နှင့် ရွှေရောင် နဂါးတို့ လေထဲမှာ တိုက်ခိုက်နေကြသည်။ သူတို့က လက်ရည်တူ ဖြစ်နေကြ၏။
“ ငါ အသိအမှတ်ပြုထားတဲ့ ရန်သူက တကယ်ကို အားကောင်းတာပဲ ”
ချီရှောက်ရွမ်၏ မျက်ဝန်းတို့က တက်ကြွမှုအပြည့်ဖြင့် တောက်လောင်လာသည်။ သူက ရှန်ထျန်းဆီမှ တမျိုးကွဲပြားသော ဖိအားကို ခံစားနေရသည်။ ဗောဓိသတ္တဝ ကူသို့ ဖြစ်စေ၊ ဖန်ချန်းဖြစ်စေ သူ့အနေနှင့် တိုက်ခိုက်နေစဉ် ပြိုင်ဖက်ဆီမှ ဖိအားမျိုး မခံစားဖူးပေ။
နောက်ဆုံးတွင် သူ စိတ်လိုလက်ရ တိုက်ခိုက်နိုင်တော့မည့် ကျေကျေနပ်နပ် ခံစားချက်မျိုးက စကားနှင့်ပင် ဖော်ပြ၍ မရနိုင်ပေ။
“ မင်းက အောင်းပင်းနဲ့ နဂါးစာချုပ် ချုပ်ဆိုခဲ့ပေမဲ့ ဒီမျိုးဆက်မှာ အားအကောင်းဆုံး နဂါးလူသားတွဲဖက်က ငါတစ်ယောက်တည်းပဲ ဖြစ်နိုင်တာကွ”
ချီရှောက်ရွမ်က ကောင်းကင်ပုဆိန်လှံရှည်ကို ဘေးချထားပြီးနောက် သူ့မျက်ခုံးစပ်ကြားမှ ခရမ်းကောင်းကင်မျက်လုံးက ချက်ချင်း တောက်ပလာကာ ခရမ်းလေပွေလုံး ဖန်တီးပြီး ရှန်ထျန်းအား တိုက်ခိုက်လိုက်သည်။
ကောင်းကင်နဂါးထိုးစင်း …
လေးပင်လယ်ပတ်လည် …
နဂါးဝါရိုက်ချက် …
နဂါးလောင်ကျွမ်းခြင်း …
ခရမ်းကောင်းကင်မျက်လုံးက ပြိုင်ဖက်ကင်းတယ် …
ချီရှောက်ရွမ်က ရှန်ထျန်း၏ ပုံရိပ်ကို အားအပြည့်ဖြင့် တိုက်ခိုက်ဖို့သာ အာရုံစိုက်ထားပြီး ကာကွယ်ရန် အနေအထားမရှိပေ။
ထိုစဉ် စင်မြင့်တစ်ခုလုံးကို ခရမ်းနဂါးက လွှမ်းခြုံသွားပြီး နဂါးဟိန်းသံများက လူများအား တုန်တုန်ယင်ယင် ဖြစ်လာစေသည်။ ပွဲကြည့်ပရိတ်သတ်က မြူခိုးကြားမှ တိုက်ခိုက်မှု ဖလှယ်နေကြသည့် ရွှေရောင်ပုံရိပ်နှင့် ခရမ်းရောင်ပုံရိပ်သာ ဝေဝါးဝါး မြင်တွေ့နေရသည်။
အသေးစိတ်ကိုတော့ သူတို့က အသေအချာ မြင်နိုင်စွမ်း မရှိကြပေ။ သူတို့က ဤသို့မြင်ကွင်းမျိုး မြင်တွေ့နိုင်သည်မှာ မျှော်နန်းဆောင် ဝိညာဉ်မလေးက မြူခိုး၏ ဖုံးကွယ်မှု သက်ရောက်အားကို တမင်လျော့ချထား၍ ဖြစ်သည်။ ထိုသို့မဟုတ်ပါက သူတို့အနေနှင့် မြူခိုးကိုသာ မြင်နေရပြီး ဘာအရာမှ မမြင်နိုင်သလို ကြားနိုင်မည်လည်း မဟုတ်ပေ။
“ ဒီတိုက်ပွဲက တကယ်ကို သည်းထိတ်ရင်ဖိုပဲ … သူတော်စင်နှစ်ယောက်ကြားက တိုက်ပွဲကိုသာ သေချာမြင်ရရင်တော့ … ”
“ အားလုံးက မြူခိုးလွင်ပြင်မှာ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က သူတော်စင်အဆင့် နတ်ဆိုးကို သုတ်သင်ခဲ့တယ်လို့ ပြောကြတာ။ အဲဒီနတ်ဆိုးဆီကနေ မြူခိုးစွမ်းရည် ရလာတာများလား ”
“ တကယ်လို့ သူ့ပြိုင်ဖက်သာ ခရမ်းစံအိမ် သူတော်စင် ဖြစ်မနေရင် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ ပြိုင်ဖက်က ရှုံးနိမ့်တာ ကြာလောက်ပြီ ”
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ သတ်ဖြတ်ကွက်ကို ခရမ်းစံအိမ် သူတော်စင်က ပြန်ခုခံလိုက်တဲ့ပုံပဲ။ ဒီတိုက်ပွဲကတော့ သူ့အတွက် အန္တရာယ်များလောက်တယ် ”
“ နောက်နေတာလား … ဒီမြူခိုးက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ သတ်ဖြတ်ကွက်လို့ ပြောရအောင် သူ့ဆီမှာ နောက်ထပ် ဘယ်လိုအကွက်တွေ ရှိဦးမလဲ သိလို့လား”
“ ဟုတ်တယ် … ခရမ်းစံအိမ် သူတော်စင်က သူတော်စင်အစ်ကိုရှန်နဲ့ တိုက်ဖို့ မထိုက်တန်ဘူး။ သူတော်စင်အစ်ကိုရှန်က စစ်နတ်ဘုရား မျှော်နန်းဆောင်ကနေ အသိအမှတ်ပြုခံထားရတဲ့လူပဲ ”
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင် … အဲဒီရုပ်ဆိုးဆိုး ခရမ်းစံအိမ် သူတော်စင်ကို အနိုင်ပိုင်းပစ်လိုက်ပါ။ အမျိုးသမီး တပည့်အားလုံးက ရှင့်ကို အားပေးနေတယ်နော် ”
“ ခရမ်းစံအိမ် သူတော်စင်က ရုပ်ကြည့်ကောင်းပြီး စိတ်လည်း မဆိုးပါဘူးကွာ။ သူ့ကို ရုပ်ဆိုးတယ် ခေါ်နေတာလား ”
“ မသိဘူး … သူတော်စင်အစ်ကိုရှန်နဲ့ ယှဉ်လိုက်ရင် သူ ရုပ်ဆိုးနေတာပဲ ”
……………...
ဝုန်း
ဖန်သားပြင်၌ ဆွေးနွေးမှုများ ပွက်လောရိုက်နေစဉ် စစ်နတ်ဘုရား စင်မြင့်ရှိ တိုက်ပွဲအခြေအနေကား ဖြည်းဖြည်းချင်း ပြောင်းလဲသွားလေသည်။
နဂိုစင်မြင့်တစ်ခုလုံး လွှမ်းခြုံထားသော မြူခိုးများက တဖြည်းဖြည်း လွှင့်ပျယ်သွားသည်။ ထို့နောက် ရှန်ထျန်းနှင့် ချီရှောက်ရွမ်တို့က အားလုံးရှေ့မှောက် ပြန်ပေါ်လာကြ၏။
ရှန်ထျန်းက ဓာတ်နှောနတ်မိုးကြိုး ချပ်ဝတ်ကို ဝတ်ဆင်ထားသည်။ ချပ်ဝတ်ကား ရွှေရောင်တလက်လက် တောက်ပနေပြီး ရှန်ထျန်းနောက်တွင် နတ်သားရဲသဏ္ဌာန် ဆယ်ကောင်လည်း ရှိနေသည်။
ချီရှောက်ရွမ်အနောက်ဘက်မှ ခရမ်းရောင်အငွေ့အသက်က နတ်ဘုရားတစ်ပါး ဆင်းသက်လာသည့်အလား စင်မြင့်တစ်ဝက်လောက်ကို ခရမ်းရောင် ပြောင်းသွားစေသည်။
“ မင်းက အားကောင်းတယ်ဆိုတာကို အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ငါနဲ့ ယှဉ်လိုက်ရင် မင်းရဲ့ အခြေခံက လိုအပ်နေတုန်းပဲ ”
ချီရှောက်ရွမ်၏ ဆံပင်က လေထဲ တလွှင့်လွှင့် ဖြစ်နေကာ သူ့ခရမ်းရောင် အငွေ့အသက်တို့ကလည်း စတင်၍ စုစည်းလာကာ ခရမ်းရောင် ချပ်ဝတ် ဖြစ်ပေါ်လာသည်။
ဤသည်မှာ ခရမ်းစံအိမ်၏ တော်ဝင်ကျမ်း အခန်းဆက် ခရမ်းအငွေ့အသက် အရှေ့ဘက်မှ မိုင်သုံးသောင်းကျမ်း ဖြစ်၏။
ထိုကျမ်းကို ထုတ်လွှင့်လိုက်ပြီးနောက် ချီရှောက်ရွမ်က များစွာ အားကောင်းလာသည်။ သူက ကောင်းကင်ပုဆိန်လှံရှည်နှင့် တစ်သားတည်း ဖြစ်သွားပြီး ရှန်ထျန်းအား အားအပြည့်ဖြင့် လှမ်းခုတ်လိုက်သည်။
ထိုစဉ် သူ့ပုဆိန်လှံရှည်က ပေတစ်ထောင်လောက်ရှိသည့် အလင်းတန်းထွက်ပေါ်လာပြီး စင်မြင့်တစ်ဝက်လောက် ဖြတ်သွားပြီး ရှန်ထျန်း၏ ဦးခေါင်းကို ပိုင်းဖြတ်ချလိုက်သည်။
သူ့ပုဆိန်လှံရှည် ထက်ရှမှုအောက်တွင် အာကာပြင်ပင် ဖျက်စီးခံလိုက်ရသည်။
ထိုရိုက်ချက်က ဘာမှမဆန်းကြယ်သော်ငြား ခရမ်းရောင် အငွေ့အသက်၏ စွမ်းပကားတို့ ပါဝင်နေပြီး ရှန်ထျန်း၏ လွတ်မြောက်ရာလမ်းကြောင်းတို့ကို ပိတ်ဆို့ထားလေသည်။
ဤသို့တိုက်ခိုက်မှုမျိုးနှင့် ရင်ဆိုင်ရသည့်အခါ ရှန်ထျန်းအနေနှင့် ထိပ်တိုက် ရင်ဆိုင်ရုံမှအပ ရွေးချယ်စရာ မရှိပေ။
“ သက်တံ့အံ့ဖွယ်အလင်းတန်း အသက်ဝင်စမ်း ”
တောက်ပလွန်းသည့် ရွှေရောင်နတ်မိုးကြိုး ပျောက်ကွယ်သွားပြီး အစားထိုးဝင်ရောက်လာသည်ကား သက်တန့်ရောင် တောက်ပနေသည့် အလင်းတန်း ဖြစ်သည်။ ထိုအရာက ရှန်ထျန်းခေါင်းအထက်ကို ကာကွယ်ရန် အလို့ဌာ အလင်းအကာအရံတစ်ခု ဖြစ်သွားသည်။
ကောင်းကင်ပုဆိန်လှံရှည်က သက်တန့်အလင်းတန်းကို အားအပြည့်ဖြင့် ရိုက်ချပစ်လိုက်သောကြောင့် အလင်းအကာအရံ တစ်ခုလုံး ချက်ချင်း ဖိနှိပ်ခံလိုက်ရသည်။ ဖုန်မှုန့်များ နေရာအနှံ့ ပြန့်ကျဲသွားလေ၏။
ဝုန်း …
အံ့ဖွယ်သက်တန့်အလင်းတန်း အကာအရံ၌ အက်ကြောင်းကြီး ပေါ်လာသည်။
“ မင်းက တော်ဝင်နဂါးကျမ်းအပြင် ဒေါင်းမျိုးနွယ်ရဲ့ သက်တန့်အံ့ဖွယ်အလင်းတန်း ပညာရပ်ကိုပါ သင်ထားလိမ့်မယ်လို့ မထင်မိဘူး”
ချီရှောက်ရွမ်လို အရည်အသွေးပြည့်ဝသည့် ပါရမီရှင်များပင် မအံ့ဩဘဲ မနေနိုင်တော့ပေ။ သက်တန့်အံ့ဖွယ်အလင်းတန်း ပညာရပ်မှာ ဒေါင်းမျိုးနွယ်က အပြင်လူကို လုံးဝသင်ကြားမပေးသည့် ပညာရပ်မျိုး ဖြစ်၏။
ရှန်ထျန်းက သက်တန့်အံ့ဖွယ်အလင်းတန်းကို သုံးနိုင်တယ်ဆိုတော့ ဒေါင်းမျိုးနွယ်နဲ့ နက်နက်နဲနဲ ပတ်သတ်မှုမျိုး ရှိနေတယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား …
တောင်ပိုင်းနယ်မြေ၏ အားအကောင်းဆုံး ပါရမီရှင် ခုံမုန့်ကို စစ်နတ်ဘုရား လူသစ်အဆင့်စာရင်းတွင် တွေ့လိုက်ပြီးနောက် ချီရှောက်ရွမ်က တောင်ပိုင်းနယ်မြေ၏ ဒေါင်းမျိုးနွယ်သည် ရှန်ထျန်းအား လူသားတွဲဖက်အဖြစ် ရွေးချယ်လိုက်ပြီလားဟု မစဉ်းစားဘဲ မနေနိုင် ဖြစ်လာမိသည်။
သူက နဂါးသူရဲကောင်းတင် မကဘဲ ဒေါင်းသူရဲကောင်းပါ ဖြစ်နေတာလား …
သေစမ်း သေစမ်း …
ချီရှောက်ရွမ်က သူ အားကျမနာလိုဖြစ်မိကြောင်း ဝန်ခံမိသည်။ အရှေ့ပိုင်းလွင်ပြင်၏ အားအကောင်းဆုံး ပါရမီရှင်တစ်ဦးအနေနှင့် သူက နဂါးထီး တစ်ကောင်နှင့်သာ စာချုပ်ချုပ်ဆိုထားရသေးသည်။
သူကျ ဘာလို့ အဲလိုတွေ လုပ်နိုင်နေရတာလဲ … သူက အောင်းပင်းနဲ့ နဂါးစာချုပ် ချုပ်ဆိုထားရုံတင် မကဘူး။ ဒေါင်းမလေးကလည်း သူ့ကို ကြိုက်နေတာလား …
ရုပ်ချောတာ ဒီလောက်တောင် ကောင်းတယ်လား … ငါလည်း ရုပ်ချောတာပဲကိုး ဘာလို့ ဒီလိုမဖြစ်ရတာလဲ
“ မင်းက သက်တန့်အံ့ဖွယ်အလင်းတန်းကို သင်ထားရင် ဘာဖြစ်လဲ။ အင်အားကြီးဖို့က အဓိကအချက်ပဲ။ မင်းရဲ့ အံ့ဖွယ်အလင်းတန်းကို ချိုးဖောက်ပြမယ်။ ငါ ချီရှောက်ရွမ်က အရှေ့ပိုင်းလွင်ပြင်ရဲ့ ကံကြမ္မာသားတော်အစစ်ပဲ ”
သူ့စကားအဆုံးတွင် ချီရှောက်ရွမ် ခေါင်းအထက်မှ သင်္ကေတဆယ်ခု တောက်ပနေသော ရွှေအမြုတေတစ်ခုက ဖြည်းဖြည်းချင်း မြင့်တက်လာသည်။
ချီရှောက်ရွမ်က သူ့ ၁၀ ဆင့်မြောက် သန့်စင်ထားသော ရွှေအမြုတေကို ထုတ်လိုက်သောကြောင့် သူထုတ်လွှင့်နေသည့် အငွေ့အသက်တို့က ပိုအားကောင်းလာသည်။ သူက လက်ထဲမှ ကောင်းကင်ပုဆိန်လှံရှည်ကို ခါလိုက်သည့်အခါ သွေးပုံစံကွက်များ စတင်ပျံ့နှံ့လာတော့သည်။
အိပ်မောကျနေသည့် နဂါးတစ်ကောင်က သွေးမျိုးဆက်မှ ပြန်လည်နိုးထလာမည့်အချိန်ကို စောင့်ဆိုင်းနေသည်နှယ် တူသည်။
သူက အကာအကွယ်ကို လုံးဝ လက်လျော့ထားပြီး ရှန်ထျန်းကိုသာ တစ်ချက်တည်းဖြင့် အနိုင်ပိုင်းပစ်ချင်နေလေပြီ။
ချွမ် …
သက်တန့်အံ့ဖွယ်အလင်းတန်းရှိ အက်ကြောင်းက အလျှင်အမြန် ပျံ့နှံ့သွားပြီး အကာအရံတစ်ခုလုံး ကျိုးပျက်လုနီးပါး ဖြစ်သွားလေသည်။
ထိုစဉ် သက်တန့်အံ့ဖွယ်အလင်းတန်းအတွင်းရှိ ရှန်ထျန်းက လက်ဟန်တချို့ ပြုလုပ်လိုက်သည်နှင့် သူ့ရွှေအမြုတေလည်း ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
ထိုစဉ် စွမ်းအားပြင်းပြင်းတစ်ခု ဖြစ်တည်လာသည်။
ချီရှောက်ရွမ်က ကြောင်အမ်းသွားလေ၏။ အကြောင်းမှာ ထိုရွှေအမြုတေက မည်မျှအားကောင်းလွန်း၍ မဟုတ်ဘဲ အလွန်ကြီးမားလွန်းနေ၍ ဖြစ်သည်။
ကျင့်ကြံသူအားလုံးနီးပါး၏ ရွှေအမြုတေက နဂါးမျက်လုံးလောက်သာ အရွယ်အစား ရှိပေသည်။ ချီရှောက်ရွမ်သည်လည်း ချွင်းချက် မဟုတ်ပေ။ သူ့တွင် နတ်သင်္ကေတဆယ်ခု ထပ်တိုးပါနေရုံမျှသာ ဖြစ်၏။
ဒါပေမဲ့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ ရွှေအမြုတေက ဘာလို့ ကြီးနေရတာလဲ …
သင်္ကေတတစ်ခုမျှ မရှိသော်လည်း ချီရှောက်ရွမ်ထက် ဆယ်ဆမက ပိုကြီးမားနေပေသည်။
ဘာကြောင့်လဲ …
အောင်းပင်းနဲ့ ခုံမုန့်တို့ ရှန်ထျန်းကို ကြိုက်တာက သာမန်လူထက် သူက ပိုကြီးနေလို့များလား …
ရှန်ထျန်းခေါင်းအထက်မှ ရွှေအမြုတေကို ကြည့်ရင်း ချီရှောက်ရွမ်က သူ့ရွှေအမြုတေအပေါ်ရှိ နတ်သင်္ကေတများက ရှန်ထျန်းလောက် အထင်ကြီးဖွယ် မကောင်းကြောင်း တွေးလာမိသည်။
သူက ရှန်ထျန်း၏ ရွှေအမြုတေ ဤမျှကြီးမားလာပုံကို မသိသလို ကြားလည်း မကြားဖူးပေ။ ရှားရှားပါးပါးအဖြစ် မှတ်ယူလိုက်လျှင် ရှန်ထျန်း၏ ရွှေအမြုတေက ချီရှောက်ရွမ်အား အနိုင်ယူသွားတော့သည်။
ချီရှောက်ရွမ်က ဧရာမ ရွှေအမြုတေကို ကြည့်ကာ အားကျနေမိသည်။ သို့သော်လည်း သူက အန္တရာယ်ကို ခံစားမိသည်နှင့် ခရမ်းရောင်အငွေ့အသက်များကို ချက်ချင်း စုစည်းလိုက်သည်။
နောက်ကျလွန်းသွားသည်မှာ နှမြောစရာကောင်းလွန်းလှသည်။ ဤခရမ်းအငွေ့အသက်က အလျှင်အမြန် စုစည်းလာသော်လည်း ကာကွယ်မှုကောင်းကောင်း မပေးနိုင်ဘဲ ချက်ချင်း ထိုးဖောက်ခံလိုက်ရသည်။
သလင်းကျောက်လို ကြည်လင်ကာ ကျောက်စိမ်းလို စိမ်းဖန်နေသည့် နွယ်ပင်နှစ်ခုက မြေပြင်မှ ရုတ်ချည်း ထွက်လာကာ ချီရှောက်ရွမ် ခြေထောက်အား ရစ်ပတ်ထားလိုက်ပြီး ခန္ဓာကိုယ်တစ်ဝက်လောက်ကို တင်းတင်းကျပ်ကျပ် တုပ်နှောင်ထားလိုက်သည်။
နွယ်ပင်မှ ဆူးချွန်များ ထွက်လာပြီး ချီရှောက်ရွမ်အား စိုက်ဝင်သွားစေပြီး ထုံထိုင်းလာစေသည်။
နွယ်ပင် အဆိပ် ဖြစ်၏။
ချီရှောက်ရွမ်က သူ့ကောင်းကင်ပုဆိန်လှံရှည်ဖြင့် အံ့ဖွယ်ဝါးမျိုနွယ်ပင်ကို ပိုင်းဖြတ်ပစ်တော့မည့်ဆဲဆဲတွင် ရှန်ထျန်းက သူ့ဆီ ပြေးဝင်လာသည်။ သူက ဆယ်ဆမက ကြီးမားလာသည့် ခရမ်းမိုးကောင်းကင်တူဖြင့် ချီရှောက်ရွမ်အား ထုချပစ်လိုက်သည်။
ဝုန်း …
ချီရှောက်ရွမ်က သူ့ကောင်းကင်ပုဆိန်လှံရှည်ဖြင့် မြန်မြန်တားဆီးလိုက်သော်လည်း ဘန်းခနဲ အသံကျယ်ကြီးသာ ထွက်လာပြီး သူ့အောက်ပိုင်းခန္ဓာကိုယ်တစ်ဝက်ကား မြေပြင်ပေါ် ခြေမွခံလိုက်ရသည်။
တစ်ချိန်တည်းတွင် အံ့ဖွယ်ဝါးမျိုနွယ်ပင်များက ပျံ့နှံ့လာကာ ချီရှောက်ရွမ်အား ကောက်ညှင်းထုပ်လိုမျိုး တင်းတင်းကျပ်ကျပ် ချည်နှောင်ဖို့ ကြိုးစားလိုက်ကြ၏။
ရှန်ထျန်းက သူ့တူဖြင့် ဒုတိယအကြိမ် ထုရိုက်လိုက်ပြန်သည်။ ထိုရိုက်ချက်က ချီရှောက်ရွမ် ခေါင်းပေါ် ကျရောက်လာသည်။
ဘန်း …
မြင်ကွင်း၌ သွေးများစီးကျလာသောကြောင့် ပုံရိပ်များကား ဝေဝါးဝါး ဖြစ်လာလေသည်။
……………....
ချီရှောက်ရွမ်၏ ပုံရိပ်ကား စစ်နတ်ဘုရား စင်မြင့်၌ ဖြည်းဖြည်းချင်း ပြန်ပေါ်လာသည်။
သူက ဘယ်အရာကို ဖော်ညွှန်းမှန်း ကောင်းကောင်း သိလိုက်၏။ သူက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်လက်ထဲ၌ ရှုံးနိမ့်သွားလေပြီ။
သို့သော်လည်း ချီရှောက်ရွမ်က အရှုံးကို လက်မခံနိုင်ပေ။ အကြောင်းမှာ သူက သူတို့နှစ်ယောက်ကြားတွင် အင်အားကွာခြား၍ မဟုတ်ဘဲ သူက သတိလက်လွှတ်နေမိလိုက်၍သာ ဖြစ်ကြောင်း ခံစားနေမိ၍ ဖြစ်သည်။
တိုက်ပွဲ အစတုန်းက ရှန်ထျန်းနှင့် လက်ရည်တူ ဖြစ်ကာ အနည်းငယ်ပင် အရေးသာခဲ့သေးသည်။ သူက အနိုင်ယူဖို့ အခွင့်အရေးကောင်းကောင်း ရှိခဲ့၏။ သို့သော်လည်း သူက အနိုင်ရဖို့ စိတ်စောနေသောကြောင့် သတိလက်လွှတ် နေမိခဲ့သည်။
ရှန်ထျန်းက သက်တန့်အံ့ဖွယ်အလင်းတန်းနှင့် ဧရာမ ရွှေအမြုတေ ထုတ်သုံးလိုက်သည့်အခါ သူ့အတွေးများက ဂယက်ရိုက်သွားခဲ့သည်။
တိုက်ပွဲအတွင်း အတွေးများခြင်းက ခွင့်မလွတ်နိုင်သည့် အရာတစ်ခု ဖြစ်ပေသည်။
အကယ်၍ ထိုသို့မဟုတ်လျှင် ရှန်ထျန်း၏ အံ့ဖွယ်ဝါးမျိုနွယ်ပင်က ရင်ဆိုင်ဖို့ ခက်ခဲလျှင်ပင် သူ့အနေနှင့် တစ်ခါတည်းဖြင့် တန်းရှုံးနိမ့်သွားဦးမည် မဟုတ်ပေ။ အဆုံးသတ်၌ ချီရှောက်ရွမ်က သူ့အင်အားအပြည့်အဝ ထုတ်မပြလိုက်ရသေးပေ။
အကယ်၍ သူတို့သာ ထပ်တိုက်လျှင် သေချာပေါက် အနိုင်ရမည်ဟု ယုံကြည်ထားသည်။
ထိုစဉ် စစ်နတ်ဘုရား စင်မြင့်ရှိ ဖန်သားပြင်၌ ပွဲကြည့်ပရိတ်သတ်များ၏ ဆွေးနွေးမှုအပေါင်း ထွက်ပေါ်လာသည်။
“အိုး မြတ်စွာဘုရား … ဒါက လုံးဝကို မယုံကြည်နိုင်လောက်အောင်ပဲ။ ဒါက ပါရမီရှင်တွေကြားက ထိပ်တန်းပြိုင်ပွဲပဲ။ မြန်မြန်အဆုံးသတ်သွားတာ နှမြောလိုက်တာ ”
“ ဟုတ်ပါ့ကွာ … အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့ ခရမ်းစံအိမ် သူတော်စင် နှစ်ယောက်လုံးက အရမ်းအားကောင်းကြတယ်။ ဒါပေမဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ပိုသာတာပေါ့ကွာ ”
“ သူတို့တိုက်ပွဲစွမ်းရည်က ကိုယ်မသာ သူမသာ ဆိုပေမဲ့ ခရမ်းစံအိမ် သူတော်စင်က ဗျူဟာမှာ ရှုံးနိမ့်သွားတာ အသိသာကြီးပဲ … သေခြင်းရှင်ခြင်းတိုက်ပွဲဆိုရင် ခရမ်းစံအိမ် သူတော်စင်တော့ သေနေလောက်ပြီ ”
“ ခရမ်းစံအိမ် သူတော်စင်က အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ ပုံရိပ်နဲ့ ပြိုင်ခဲ့တဲ့အကြောင်းကို မေ့မထားနဲ့ဦးလေ။ အဲဒီပုံရိပ်တွေက ဦးနှောက်မရှိဘူးလေကွာ ”
“ ကျစ်ကျစ် … ဦးနှောက်မရှိတဲ့ ပုံရိပ်ကတောင် တိုက်ပွဲဗျူဟာကောင်းကောင်း သုံးသွားနိုင်တယ်လား။ မင်းက ခရမ်းစံအိမ် သူတော်စင်ကို လှောင်နေတာမလား ”
“ ဒါပေမဲ့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ လက်ရှိအင်အားက ကြယ်ခြောက်ပွင့်ပဲ ရှိသေးတာမလား။ သူက ခရမ်းစံအိမ် သူတော်စင်ထက် နည်းနည်းလေးပဲ အားပိုကောင်းတာလေ ”
“ တကယ်လို့ ငါတို့သာ သူတို့နှစ်ယောက်ကြားက နောက်ထပ်ပြိုင်ပွဲကို မြင်ရပြီးတော့ ခရမ်းစံအိမ် သူတော်စင်သာ အမှားမလုပ်ရင် ဒီတစ်ခါ ပြိုင်ပွဲက ပိုတောင် သည်းထိတ်ရင်ဖို ဖြစ်ဦးမှာ ”
“ ငါက ခရမ်းစံအိမ် သူတော်စင်ကို လေးစားတဲ့လူလေ။ သူ ရှုံးနိမ့်သွားတာကို မယုံနိုင်ဘူး။ မျှော်နန်းဆောင် ဝိညာဉ်မလေးရေ … ခရမ်းစံအိမ် သူတော်စင်ကို အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့ ထပ်ပြိုင်ခိုင်းလိုက်ပါဦး ”
“ငါလည်း ခရမ်းစံအိမ် သူတော်စင်ရဲ့ ပရိတ်သတ်ပဲ … ခရမ်းစံအိမ် သူတော်စင်က အမြဲတမ်း ပြိုင်ဖက်ကင်းလာတာ ဘယ်လိုလုပ် ရှုံးရမှာလဲ။ ငါ မယုံဘူး ”
“ မျှော်နန်းဆောင် ဝိညာဉ်မလေး … ခရမ်းစံအိမ် သူတော်စင်ကို နောက်ထပ် အခွင့်အရေးလေး ပေးလိုက်ပါဦး။ သူတို့ကို မျှမျှတတ ထပ်တိုက်ခိုက်ခိုင်းလိုက်ပါ ”
“+ ၁”
“+ ၁”
“+ ၁”
“+ ၁၀၀၈၆”
.................
ချီရှောက်ရွမ်က သူ့အတွက် ဝမ်းနည်းနေကြသည့် မှတ်ချက်များကို ဖန်သားပြင်မှတဆင့် ကြည့်ရင်း မသက်မသာ ဖြစ်လာမိသည်။
သူက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နှင့် ပြိုင်ရမည့် ရှားရှားပါးပါး အခွင့်အရေးကို ဖြုန်းမိသွားသည်။ ဤတစ်ကြိမ်တော့ သူ့ကို ပရိတ်သတ်များက စိတ်ပျက်သွားလောက်လေပြီ။
သေစမ်း … ငါက ခရမ်းစံအိမ်ရဲ့ သူတော်စင်လေ။ ငါက ခရမ်းစံအိမ် အထွတ်အမြတ်မြေရဲ့ ဂုဏ်သတင်းပဲ …
ငါက ရှုံးနိမ့်သွားနိင်ပေမဲ့ ငါ့ကြောင့်နဲ့တော့ အထွတ်အမြတ်မြေကို မျက်နှာမပျက်စေရဘူး ..
သူက ကောင်းကင်ပုဆိန်လှံရှည်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။
“မျှော်နန်းဆောင် ဝိညာဉ်မလေး ကျုပ် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့ ထပ်ပြိုင်လို့ ရမလား ”
မျှော်နန်းဆောင် ဝိညာဉ်မလေး၏ ညင်ညင်သာသာ အသံလေး ထွက်ပေါ်လာသည် “ ခရမ်းစံအိမ် သူတော်စင်လေး ကျွန်မအတွက် ခက်ခဲအောင် မလုပ်ပါနဲ့။ ဒီတိုက်ရိုက်ထုတ်လွှင့်မှုအတွက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့ ပြိုင်လို့ရအောင် ချွင်းချက်ထားပေးတာကိုက ကျွန်မအတွက် ဖိအားတွေ များလှပါပြီ ”
ချီရှောက်ရွမ်က တိတ်ဆိတ်သွားလေသည်။ သူက စိတ်ရှုပ်ထွေးနေဟန် ပေါ်၏။
ခဏကြာပြီးနောက် သူက အသက်ပြင်းပြင်းရှုကာ “ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့ တိုက်ဖို့ နောက်ထပ် စစ်နတ်ဘုရား အမှတ်သုံးသောင်း လောင်းမယ်လေ ”
မျှော်နန်းဆောင် ဝိညာဉ်မလေးက သက်ပြင်းချကာ “ ခရမ်းစံအိမ် သူတော်စင်လေး … စစ်နတ်ဘုရား အမှတ်တွေက ပြဿနာ မဟုတ်ပါဘူး။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့ နှစ်ကြိမ်ဆက်တိုက် တွဲပေးရမှာဆိုတော့ အရမ်းဖိအားများတယ်လေ ”
ချီရှောက်ရွမ်၏ မျက်ဝန်းများက အနည်းငယ် နီရဲလာကာ “ ငါးသောင်း …စစ်နတ်ဘုရား အမှတ်ငါးသောင်းက မိုင်ကုန်ပဲ။ ကျုပ်ကို သူနဲ့ ထပ်တိုက်ခွင့်ပေးပါ ”
သူတို့နှစ်ယောက်ကြားက စကားဝိုင်းက အသိစိတ်မှတဆင့် ပြောဆိုနေသောကြောင့် မည်သူမှ မကြားပေ။
မျှော်နန်းဆောင် ဝိညာဉ်မလေးက တိတ်ဆိတ်သွားလေသည်။
စင်မြင့်တစ်ခုလုံး တိတ်ဆိတ်နေသော်လည်း စစ်နတ်ဘုရား စင်မြင့်ပတ်လည်ရှိ ဖန်သားပြင်ကား မျှော်နန်းဆောင် ဝိညာဉ်မလေးအား ချီရှောက်ရွမ်ကို နောက်ထပ် အခွင့်အရေးပေးဖို့ တောင်းဆိုမှုများနှင့် ပြည့်နှက်နေသည်။
ယဲ့ချန်းခန် တစ်ဦးတည်းသာ ထိုမှတ်ချက်များက အတုလား၊ အစစ်လား သိပေမည်။
ခဏအကြာတွင် မျှော်နန်းဆောင် ဝိညာဉ်မလေးက ထပ်မံ ပြောလိုက်သည်
“ ကောင်းပြီလေ … ဒီလောက်ပိုက်ဆံ … အဲလေ ပရိတ်သတ်တွေဆီက ဒီလောက် တောင်းဆိုနေမှတော့ နောက်ထပ် အခွင့်အရေးတစ်ခု ပေးလိုက်ပါ့မယ်လေ။ ဒါပေမဲ့ ဒီအခွင့်အရေးကို အမိအရ ဖမ်းဆုပ်ရမယ်နော် … နောက်ထပ် သတိလက်လွှတ် အမှားမျိုး ထပ်မလုပ်မိစေနဲ့။ မဟုတ်ရင် နောက်ကျဖို့ အရမ်းနောက်ကျသွားလိမ့်မယ် ”
ချီရှောက်ရွမ်က မျက်ရည်ကျမတတ် စိတ်လှုပ်ရှားမိသွားသည် “ နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျုပ် တကယ်ကျေးဇူးတင်ပါတယ် ”
မျှော်နန်းဆောင် ဝိညာဉ်မလေးက အေးစက်စက် ဆက်ပြောလိုက်သည် “ စစ်နတ်ဘုရား အမှတ် လဲလှယ်မယ် ”
စစ်နတ်ဘုရား အမှတ်ငါးသောင်းမှာ ဝိညာဉ်သလင်းကျောက် ငါးသောင်းနှင့် ညီမျှပြီး ဝိညာဉ်ကျောက်တုံး သန်းငါးဆယ် ဖြစ်၏။ ဤသည်မှာ အဆင့်ကောင်းကောင်း အံ့ဖွယ်ပစ္စည်းမျိုးကို ဝယ်ယူနိုင်ပေသည်။
ချီရှောက်ရွမ်က အံ့ကြိတ်ကာ ကြည်လင်နေသည့် ကျောက်စိမ်းအဆောင်တစ်ရွက်ကို ထုတ်ကာ
“ဒါက မရဏအစားထိုးအဆောင်လေ။ ဝိညာဉ်အသွင်ပြောင်း အဆင့်အောက်က ကျင့်ကြံသူရဲ့ အသက်ကို ကယ်တင်နိုင်တယ်။ ဆိုးဆိုးရွားရွား ထိခိုက်ထားရင် မီးရှို့လိုက်တာနဲ့ အဲဒီလူအစား ခံပေးလိမ့်မယ် …
အဲဒီနောက်ကျ ပိုင်ရှင်ကို မိုင်တစ်သောင်းအတွင်း နေရာရွေ့ပြောင်းပေးလိမ့်မယ်။ တန်ဖိုးဖြတ်ရမယ်ဆိုရင် သာမန်အံ့ဖွယ်ပစ္စည်းထက်တော့ ဈေးမနိမ့်ဘူးဆိုတော့ စစ်နတ်ဘုရား အမှတ်ငါးသောင်းအတွက် လဲလို့ ရမလား ”
စစ်နတ်ဘုရား မျှော်နန်းဆောင် ခုနှစ်လွှာရှိ လူအိုကြီးက အားရပါးရ ပြုံးလိုက်မိသည်။
သူက ချီရှောက်ရွမ်တွင် မရဏအစားထိုး အဆောင်လိုမျိုး ရှားရှားပါးပါး ပစ္စည်းမျိုး ရှာတွေ့ရလောက်အောင်အထိ ကံကောင်းလိမ့်မည်ဟု မတွေးမိခဲ့ပေ။
နတ်ဘုရားလောကတွင်ပင် ဤသို့သော အဆောင်မျိုးက အလွန်အဖိုးတန်လှသည်။ အကြောင်းမှာ ပါဝင်ပစ္စည်းများက ရရှိဖို့ အင်မတန် ခက်ခဲလွန်းသောကြောင့် ဖြစ်၏။
မရဏအစားထိုး အဆောင် ပြုလုပ်နိုင်သည့် အဖိုးတန် အသက်ကယ် ကျောက်စိမ်းပေါ်ထွက်လာသည်နှင့် ကျင်းရှန်းအဆင့်ပင် ဘဲငန်းအုပ်စုလိုမျိုး အသည်းအသန် လိုက်ရှာကြပေမည်။
(ကျင်းရှန်း - ရွှေရောင်ထာဝရအရှင်)
ယဲ့ချန်းခန်က ချီရှောက်ရွမ် လက်ထဲမှ ကျောက်စိမ်းအဆောင်ကို သေချာကြည့်လိုက်ပြီးနောက်
“ ဒီလို ရှားရှားပါးပါး အသက်ကယ် ကျောက်စိမ်းလေးကို ဒီလိုလုပ်လိုက်တာပါ့လား။ အရည်အသွေးကောင်း ကျောက်စိမ်းလေး နှမြောစရာပဲ … ငါသာ ဖန်တီးလိုက်ရင် တန်ဖိုးက ဒီထက် အဆတစ်ရာတိုးသွားမှာ။ ထျန်းအာ ထျန်းအာ … မင်းက ငါ့ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပဲ ”
……………...
စစ်နတ်ဘုရား စင်မြင့်ပေါ်တွင် မျှော်နန်းဆောင် ဝိညာဉ်မလေး၏ အသံ ထွက်ပေါ်လာလေသည် “ လက်ခံလိုက်ပါ့မယ် ”
မရဏအစားထိုးအဆောင်သည် ချီရှောက်ရွမ်လက်ထဲမှ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေသည်။ သူက ထိုဆုံးဖြတ်ချက်ကို နောင်တရနေကြောင်း သိသာလှသည်။
ဤသည်မှာ သူ ဝိညာဉ်သတ္တုဥယျာဉ်ထဲ၌ တွေ့ခဲ့သော အထွတ်အထိပ် ရတနာတစ်ခု ဖြစ်ပြီး သူ့တွင် တစ်ခုတည်းသာ ရှိပေသည်။
အကယ်၍ သူသာ ဝိညာဉ်အသွင်ပြောင်းအဆင့်ကို အလွယ်တကူ ချိုးဖောက်နိုင်သည့် အချက်ကြောင့်သာ မဟုတ်လျှင် ချီရှောက်ရွမ်က လုံးဝ ထုတ်ပေးမည် မဟုတ်ပေ။ ဤသည်မှာ ဝိညာဉ်အသွင်ပြောင်းအဆင့်အောက် ကျင့်ကြံသူများအတွက် အသက်ပိုရှိထားခြင်းနှင့် တူသည်။ ထိုအရာက အင်မတန် အဖိုးတန်လှ၏။
မရဏအစားထိုး အဆောင် ယူဆောင်သွားပြီးနောက် စစ်နတ်ဘုရား စင်မြင့်အထက်၌ ရွှေရောင်အလင်းတန်းများ ပေါ်ထွက်လာသည်။
စင်မြင့်အထက်တွင် ရင်းနှီးပြီးသား ပုံရိပ် ပြန်ပေါ်လာသည့်အခါ ပေါက်ပေါက်စားရင်း ပွဲကြည့်နေကြသည့် ပရိတ်သတ်က ဆူညံပွက်လောရိုက်သွားကြသည်။
ဝိုး … တကယ်ကြီးလား … အမှန်ပဲလား …
ခရမ်းစံအိမ် သူတော်စင် ချီရှောက်ရွမ်က အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့ ကျပန်း ထပ်ကျပြန်ပြီပေါ့
ဘယ်လိုတောင် တိုက်ဆိုင်တာမျိုးလဲ … ငါတို့က သူတော်စင်နှစ်ယောက်ကြားက ထိပ်တန်းပြိုင်ပွဲကို ထပ်ကြည့်ရမှာပေါ့ … ဒီလက်မှတ်က တကယ်တန်တာပဲ