နတ်ဘုရားရုပ်ကြွင်း၏ မျက်လုံးများ ပွင့်ဟလာခြင်း
Vol. 153 Ch. 2181
ဖန်းကိုင့်၊ မျက်မမြင်ထျယ်၊ ဖန်းဟွမ်၊ ရှီခွေ့နှင့် အခြားတန်ခိုးရှင်များက ရှေ့သို့ ခြေလှမ်းလာကာ ရီဖူရှင်း၏ ဘေးတစ်ဖက်တစ်ချက်၌ ရပ်လိုက်သည်။ တစ်ချိန်တည်းတွင် အဓိကအင်အားစုများမှ ဖိအားတို့က လေဟာနယ်ထဲ ဆင်းသက်လာသည်။
ထိုအခိုက်အတန့်တွင် ကြောက်မက်ဖွယ် ဖိနှိပ်နိုင်စွမ်းက လေးမျက်နှာကျေးရွာအထက်တွင် လွှမ်းခြုံလာသည်။
ထို့အပြင် အဓိကအင်အားစုများ၏ ခေါင်းဆောင်များက လူအုပ်အား ကြည့်လိုက်သည့်အခါ အများစုက တစ်ခုခု ထူးခြားနေသည်ကို သတိပြုမိလိုက်သည်။ လေးမျက်နှာကျေးရွာ၏ အင်အားက အမှန်တကယ် အံ့သြထိတ်လန့်ဖွယ် ကောင်းလှသည်။ ရီဖူရှင်း အနီးမှ တန်ခိုးရှင်များသည် ရှန်ချင်းနယ်မြေမှ ထိပ်သီးပုဂ္ဂိုလ်များနှင့်ပင် ယှဥ်နိုင်စွမ်းရှိသည့် ပြီးပြည့်စုံသော မဟာလမ်းစဥ်နှင့် အဆင့်မြင့်ရန်ဟောင်များ ဖြစ်ပေသည်။
သူတို့သည် ယနေ့ ထိပ်တိုက်ရင်ဆိုင်ခြင်းက လေးမျက်နှာကျေးရွာနှင့် ရန်ငြိုးရန်စများ ဖြစ်လာလျှင် ပို၍ ကောင်းလိမ့်မည်ဟုပင် တွေးလိုက်ကြသည်။
ယခု လေးမျက်နှာကျေးရွာက သူတို့၏ ဆန္ဒအလျောက် ရီဖူရှင်းကို ကာကွယ်ရန် ကြိုးစားခဲ့ကြရာ ၎င်းသည် ရှန်ချင်းနယ်မြေအတွင်းမှ လေးမျက်နှာကျေးရွာကို ရှင်းထုတ်ပစ်ရန် အကောင်းဆုံး ဆင်ခြေဖြစ်ပေလိမ့်မည်။
လေဟာနယ်ထဲတွင် အလွန်တောက်ပသော အလင်းများနှင့် လွှမ်းမိုးနိုင်သောရွှေရောင်နတ်ငှက် ပန်းချီကား ပေါ်ပေါက်လာကာ ကောင်းကင်ကို ဖုံးလွှမ်း၍ နေအလင်းကို ကွယ်သွားစေသည်။ ဖန်းကိုင့်က အော်ဟစ်လိုက်သည်။ “မုယွင်လန် အဲဒီတော့ နောက်ဆုံးမှာ မင်း ရွာကို တိုက်ခိုက်တော့မှာလား။”
“ကျုပ်တို့ ဒီလူကို ကျုပ်တို့နဲ့အတူ ခေါ်သွားရလိမ့်မယ်။” မုယွင်လန်က ရှင်းလင်းသော အသံနှင့် ကျယ်လောင်စွာ ပြောလိုက်သည်။ သူက မောက်မာဝင့်ကြွားစွာ ရပ်နေခဲ့သည်။ သူ့အသံ ပျောက်ကွယ်သွားသည်နှင့် သူ့နောက်တွင် ရှိနေသည့် တောက်ပသော ရွှေရောင်တောင်ပံများနှင့် နတ်ငှက်က လှုပ်ရှားလာပြီး ထက်ရှသော ဓားသွားများအဖြစ် ပြောင်းလဲသွားကာ လေဟာနယ်ကို ခွဲထုတ်ပစ်လိုက်သည်။
ဖန်းကိုင့်က အေးစက်စွာ သရော်လိုက်ပြီး ရှေ့သို့ ခြေလှမ်းကာ မုယွင်လန်၏ လမ်းကြောင်းကို ပိတ်ဆို့တားဆီးလိုက်သည်။ ကြောက်မက်ဖွယ် ရွှေတောင်ပံနတ်ငှက်က ဓားသွားကဲ့သို့ တောင်ပံများကို ခတ်ရင်း သူ့ရှေ့ကို ခုတ်ပိုင်းလိုက်သော်လည်း သူ့အား ထိခိုက်နိုင်ခြင်းမရှိဘဲ ကြီးမားသော စွမ်းအားတစ်ခု၏ ဟန့်တားခြင်းခံလိုက်ရသည်။ ၎င်းက သူ၏ အကြွင်းမဲ့နယ်မြေသာ ဖြစ်သည်။
အခြားအစွမ်းထက် တန်ခိုးရှင်များ အားလုံးကလည်း လှုပ်ရှားလာကြသည်။ မျက်မမြင်ထျယ်နှင့် အခြားလူများက နေရာဖြန့်ကျက်ကာယူလိုက်ကြပြီး အနီးဝန်းကျင်ကို စောင့်ကြပ်နေကြ၏။ ကြီးမားသော ရှေးဟောင်းနတ်ဘုရားတစ်ပါး ပေါ်ပေါက်လာကာ သူ၏ တူက ကောင်းကင်ကို လွှဲယမ်းကာ လေဟာနယ်အား ထိုးခွင်းလိုက်သည်။
လေးမျက်နှာကျေးရွာ၏ ကောင်းကင်ထက်တွင် ခမ်းနားထည်ဝါသော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာသည်။ ၎င်းသည် ရှေးဟောင်းနတ်ဘုရားများက ရီဖူရှင်းအား ကာကွယ်နေသလို ထင်မှတ်ရပေသည်။
ရီဖူရှင်းက လေထဲတွင် ရပ်နေပြီး သူတို့ လုပ်နေသည်အား မြင်သည့်အခါ စိတ်ထဲ၌ နွေးထွေးသွားပေသည်။ ထိုအဖြစ်အပျက်သည် သူ တမင်သက်သက် ရည်ရွယ်ခဲ့သော ကိစ္စမဟုတ်ပေ။ သူသည် လေးမျက်နှာကျေးရွာအား ထိုအဖြစ်အပျက်အတွင်း ပါဝင်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပါချေ။
၎င်းကို ဖြေရှင်းနိုင်ခြင်းမရှိလျှင် သူက ရွေးချယ်စရာမရှိဘဲ သူတို့နှင့် လိုက်သွားရပေလိမ့်မည်။
ကောင်းကင်ထက်တွင် အလွန် လှပသော ပုံရိပ်တစ်ခု၏ နောက်တွင် ခမ်းနားထည်ဝါသည့် မြင်ကွင်းတစ်ခု ပေါ်ပေါက်လာသည်။ ကြည့်ရသည်မှာ လက်တစ်ထောင်နတ်ဘုရားမရုပ်တု တစ်ခု ပေါ်ပေါက်လာသလို ထင်မှတ်ရပြီး ထို လက်ဝါးရိပ်များက ပေါင်းစည်းသွားကာ နတ်ဘုရားမ ချိပ်စည်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရီဖူရှင်းထံ ရိုက်ချလာသည်။
ထိုလူမှာ နန်ဟိုင်မိသားစုမှ နန်ဟိုင်ချန်းရွှယ် ဖြစ်လေသည်။
ရီဖူရှင်း၏ နှလုံးသားထဲတွင် ဒေါသမီးလျှံတို့ စတင်လောင်ကျွမ်းလာခဲ့သည်။ ပထမဆုံး စကားစပြောသူမှာ နန်ဟိုင်မိသားစုခေါင်းဆောင် ဖြစ်သည်။ မုယွင်မိသားစုက နန်ဟိုင်မိသားစုအတွက်နှင့် လေးမျက်နှာကျေးရွာကို သစ္စာဖောက်ခဲ့သည့်အတွက် နန်ဟိုင်မိသားစုမှ တန်ခိုးရှင်များသည် လေးမျက်နှာကျေးရွာ အား အဆန့်ကျင်ချင်ဆုံး လူများ ဖြစ်ကြပေသည်။
နတ်ရောင်ဝါက ရီဖူရှင်း၏ ခန္ဓာကိုယ်ပေါ် စီးဆင်းနေပြီး သူ့နောက်တွင် အဆုံးမဲ့တောက်ပသော ဥဒေါင်းနတ်တောင်ပံများ ပေါ်ပေါက်လာသည်။ မဟာလမ်းစဥ်၏ ကြောက်မက်ဖွယ် အော်မြည်သံက သူ့ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာပေသည်။ ကြောက်မက်ဖွယ် အရှိန်အဝါတို့နှင့် သူသည် ပြိုင်ဘက်ကင်းနတ်ခန္ဓာအဖြစ် ပြောင်းလဲသွားပုံရလေသည်။
ယခင်က သူသည် ပြီးပြည့်စုံသော မဟာလမ်းစဥ်နှင့် အဆင့်ခြောက်ရန်ဟောင်အဆင့်သို့ ချိုးဖျက်ပြီးခဲ့ပြီး ဖြစ်သည်။ မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းမှ ထောက်ပံ့ပေးသော ပြောင်းလဲမှုအောက်တွင် သူ၏ ခန္ဓာကိုယ်က ယခု ကြောက်မက်ဖွယ် စွမ်းအားများနှင့် ပေါင်းစပ်ပျော်ဝင်နေပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ ဥဒေါင်း နတ်နှလုံးသားနှင့်ဆိုလျှင် သူ့ အသက်စွမ်းအားက အလွန် များပြား ပြင်းထန်လာပြီ ဖြစ်သည်။ ချက်ချင်းပင် နတ်အလင်းတန်းများက သူ့ထံမှ ထိုးဖောက်ထွက်ပေါ်လာခဲ့သည်။ နန်ဟိုင်ချန်းရွှယ်ကဲ့သို့ အဆင့်ခုနစ်တည်ရှိမှုများသည်ပင် ခြိမ်းခြောက်မှုအန္တရာယ်ကို ခံစားမိပေသည်။
မဟာလမ်းစဥ်ခန္ဓာမှ ထွက်လာသော စွမ်းအားများသည်ပင် သူမထက် အနည်းငယ်မျှ လျော့နည်းလိမ့်မည် မဟုတ်ပေ။
ရီဖူရှင်းနောက်မှ တောက်ပသော ဥဒေါင်းနတ်တောင်ပံကို တဖျတ်ဖျတ် ခတ်ကာ ၎င်း၏ တောက်ပသော နတ်အလင်းက စကားနှင့် ဖော်ပြရန်ပင် မဖြစ်နိုင်ပေ။ နောက်တခဏတွင် ရီဖူရှင်း၏ ခန္ဓာကိုယ်က နန်ဟိုင်ချန်းရွှယ်မှ ထုတ်လွှတ်ထားသော ကြီးမားသည့် နတ်မိမယ်လက်ဝါးရိပ်ထဲ တည့်မတ်စွာ တိုးဝင်သွားပေသည်။ ၎င်းသည် ကောင်းကင်တွင် တောက်ပသော နတ်အလင်းကို ချန်ရစ်ခဲ့ပေသည်။ ခမ်းနားထည်ဝါသော ၎င်း၏ အရှိန်အဟုန်က အနည်းငယ်မှ ရပ်တန့်သွားခြင်း မရှိပေ။
“သတိထား။”
နန်ဟိုင်ကလန်ခေါင်းဆောင်က ရီဖူရှင်းထံမှ ထွက်လာသော စွမ်းအားကို ခံစားမိသည့်အခါ အော်ဟစ်သတိပေးလိုက်သည်။ တစ်ချိန်တည်းတွင် အားကောင်းသော ဖိအားတစ်ခုက သူတို့ထံ တိုက်ရိုက်ကျဆင်းလာသည်။ ထိုသည်မှာ ရီဖူရှင်း၏ တိုက်ခိုက်မှုက နန်ဟိုင်ချန်းရွှယ်၏ လက်ဝါးရိပ်အား တိုက်ခိုက်လိုက်ကာ အစိတ်စိတ်အမြွှာမြွှာ ဖျက်ဆီးပစ်လိုက်သည့် အချိန်နှင့် တစ်ချိန်တည်းနီးပါးပင် ဖြစ်သည်။
တွေဝေခြင်းမရှိဘဲ သူ့ခန္ဓာကိုယ်က နန်ဟိုင်ချန်းရွှယ်ထံ ဆက်လက်တိုးဝင်လာခဲ့သည်။
နန်ဟိုင်ချန်းရွှယ်သည် ဥဒေါင်းမိစ္ဆာနတ်ဘုရား၏ တောက်ပသော ပုံရိပ်က ဆင်းသက်လာပြီး သူမအား လက်ညှိုးညွှန်လိုက်သလို ခံစားရပေသည်။ ၎င်းသည် အနန္တနတ်ဓားအလင်းများအဖြစ်သို့ ပြောင်းလဲသွားပြီး အရာအားလုံးကို ပြိုကွဲပျက်စီးသွားစေသည်။
ဘုန်း...
ယခုတွင် မြေကမ္ဘာအမှတ်အသားက နန်ဟိုင်ချန်းရွှယ်၏ အရှေ့၌ ကာကွယ်ပေးထားသော်လည်း ရီဖူရှင်း၏ လက်ချောင်း ဆင်းသက်လာသောအခါ အရာအားလုံး ဖျက်ဆီးခံလိုက်ရသည်။ ပေါက်ကွဲမှုမှ ဆူညံသံများ ထွက်ပေါ်လာပြီး နန်ဟိုင်ချန်းရွှယ်၏ ခန္ဓာကိုယ်က နောက်သို့ လွင့်စင်သွားလေသည်။ ရီဖူရှင်း၏ လက်ဝါးက လိုက်ပါလာကာ ရိုက်ချလိုက်ပြီး သူမကို နေရာ၌ပင် အပြီးသတ်ချင်ပုံရလေသည်။
သို့သော် ထိုအခိုက်တွင် ရပ်တန့်၍ မရနိုင်သော ဖိနှိပ်မှုက ရီဖူရှင်းပေါ် ကျရောက်လာကာ သူ့ကို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။ ဤလက်ဝါးက ကောင်းကင်တစ်ခွင်ပင် ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး ကောင်းကင်နတ်ဘုရားများ၏ အစွမ်းထက်သော စွမ်းအားများက ရီဖူရှင်းထံ ကျဆင်းလာပေသည်။ မည်သည့်အရာကမှ ၎င်းတိုက်ခိုက်မှုကို တားဆီးနိုင်ခြင်းမရှိသကဲ့သို့ သူ၏ ခုခံကာကွယ်မှုကို ချက်ချင်းဖျက်ဆီးပစ်လိုက်သည်။
ရီဖူရှင်း၏ ခန္ဓာကိုယ်က နောက်သို့ ချက်ချင်း လွင့်စင်သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်နေပြီး သူ့ပါးစပ်မှ သွေးများထွက်လာကာ မျက်နှာက ဖြူဖျော့သွားလေသည်။
ပြင်းထန်သည့် တိုက်ခိုက်မှုကြောင့် နောက်သို့ လွင့်စင်သွားခဲ့ပြီးနောက် သူ၏ အကြည့်များက လေထဲမှ ပုံရိပ်အား ကြည့်လိုက်သည်။ နန်ဟိုင်မိသားစုခေါင်းဆောင်က သူ့ကို တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ ဤအဆင့်ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်မှုက ဖော်ပြ၍ပင်မရအောင် အစွမ်းထက်လှသည်။ ရီဖူရှင်း၏ ရုပ်ပိုင်းဆိုင်ရာစွမ်းအားကသာ မသန်မာခဲ့လျှင် ဤတိုက်ခိုက်မှုကြောင့် သူ၏ အတွင်းကလီစာများ ပျက်စီးသွားပေလိမ့်မည်။
နူးညံ့သိမ်မွေ့သော စွမ်းအားက ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ထောက်ကန်ပေးကာ အဘိုးမာက ရီဖူရှင်းဘေးတွင် ပေါ်ပေါက်လာသည်။ သူ့မျက်လုံးများက လေဟာနယ်ထဲ ရှိနေသည့် နန်ဟိုင်ကလန်ခေါင်းဆောင်ထံ ကြည့်ကာ ပြောလိုက်သည်။ “ခင်ဗျား တိုက်ခိုက်ချင်တယ်ဆို တိုက်လေ။ ဘာလို့ အခုထိ စောင့်နေသေးတာလဲ။”
လူတိုင်းက သူတို့၏ တိုက်ခိုက်မှုများကို ရပ်တန့်လိုက်သည်။ ထိုသို့သော အစွမ်းထက်ပုဂ္ဂိုလ်များ လှုပ်ရှားလိုက်သောအခါ သူတို့၏ တိုက်ပွဲများက အတော်လေး အရေးမပါနေပေ။
နန်ဟိုင်မိသားစုခေါင်းဆောင်က နန်ဟိုင်ချန်းရွှယ်အား ကြည့်လိုက်သည်။ ရီဖူရှင်း၏ တိုက်ခိုက်မှုက နန်ဟိုင်ချန်းရွှယ် ခန္ဓာကိုယ်ပေါ်တွင် သွေးစင်းကြောင်းအနည်းငယ် ဖြစ်ပေါ်လာစေခဲ့သည်။ သူက ဝင်မစွက်ခဲ့လျှင် ရီဖူရှင်းက နန်ဟိုင်ချန်းရွှယ်အား အချိန်တိုအတွင်း ရိုက်ချနိုင်ပေလိမ့်မည်။ သူ၏ ကြောက်မက်ဖွယ် တိုက်ပွဲစွမ်းအားက သူတို့ကဲ့သို့ လူများအတွက် ကြောက်မက်ဖွယ် အစွမ်းထက်လှပေသည်။
“ကျုပ်တို့ လေးမျက်နှာကျေးရွာကို လေးစားမှုပေးခဲ့တာ။ လေးမျက်နှာကျေးရွာက ဝင်စွက်ဖက်မယ်ဆိုရင် ကျုပ်တို့က ညှာတာမှုပြသနေမှာ မဟုတ်တော့ဘူး။” နန်ဟိုင်ကလန်ခေါင်းဆောင်က အဘိုးမာကို လျစ်လျူရှုကာ အေးစက်စွာ ခြိမ်းခြောက်လိုက်သည်။
အဘိုးမာက ခေါင်းကို မော့ကာ အားကောင်းသော ဖိအား ဆင်းသက်လာနေသည့် ရင်းမြစ်နေရာ လေထဲသို့ ကြည့်လိုက်၏။ လှုပ်ရှားလိုက်သော နန်ဟိုင်မိသားစုခေါင်းဆောင်အပြင် အခြားသူများအားလုံးသည်လည်း ကောင်းကင်ကိုးလွှာ၏ ထိပ်ဆုံးတွင် ရပ်တည်နေသည့် အစွမ်းထက်သူများ ဖြစ်ကြသည်။
ဤသည်မှာ အဓိပ္ပါယ်မရှိသော တိုက်ပွဲဖြစ်ပြီး လေးမျက်နှာကျေးရွာက ထိုအင်အားစုများကို ခုခံရန် စွမ်းရည်မရှိပေ။
ရီဖူရှင်း၏ ပါးစပ်ထောင့်၌ သွေးစသွေးနတို့ ရှိနေဆဲ ဖြစ်သည်။ သူ့မျက်လုံးများက နန်ဟိုင်မိသားစုခေါင်းဆောင်အား ကြည့်ကာ ပြောလိုက်၏။ “အဘိုးမာ ခင်ဗျားတို့ ပြန်သွားလိုက်ပါ။”
သူသည် ထိုလူများနှင့် လိုက်သွား၍ မဖြစ်သော်လည်း ထိုသူများက သူ့ကို ဖိအားပေးခေါ်ဆောင်သွားရန် ဆုံးဖြတ်ခဲ့လျှင် ဤအဖြစ်တွင် ရွာတစ်ရွာလုံး ပါဝင်ရန် မလိုပေ။
အဘိုးမာက ရီဖူရှင်းကို ကြည့်လိုက်သည်။ ၎င်းက သူ့ကို သိသိသာသာ ဇဝေဇဝါ ဖြစ်စေသည်။ သူက ဘေးမှ မျက်မမြင်ထျယ်နှင့် အခြားလူများကို ကြည့်ကာ ပြောလိုက်သည်။ “အခု သွားတော့။ ကျုပ် ဖူရှင်းနဲ့အတူ လိုက်သွားမယ်။”
ရွာက ဝင်ရောက်စွက်ဖက်နိုင်ခြင်းမရှိလျှင် သူက ရီဖူရှင်းနှင့် လိုက်သွားရန်သာ ရွေးချယ်စရာ ရှိပေသည်။
“ဘယ်သူမှ သွားလို့မရဘူး။” ထိုအချိန်တွင် လေးမျက်နှာကျေးရွာမှ အသံတစ်ခု ထွက်လာပြီး လူတိုင်းကို ထိတ်လန့်တုန်လှုပ် အံ့အားသင့်စေခဲ့သည်။ အဘိုးမာက ရွာဘက်သို့ လှည့်ကြည့်လိုက်သော်လည်း မည်သူ့ကိုမှ မမြင်ပေ။ သူက အသံကိုသာလျှင် ကြားရပေသည်။
မည်သူ့အသံဖြစ်သည်ကို သူက ရှင်းလင်းစွာ မကြားရပေ။
“ဆရာသခင်။” အဘိုးမာက လေးစားမှုအပြည့်နှင့် ခေါ်လိုက်သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်နှင့်ပင် သူက ဆရာသခင်အား နှလုံးသားထဲမှပင် လေးစားပေသည်။ သို့သော် ယနေ့ သူတို့၏ ပြဿနာမှာ ဆရာသခင်ပင်လျှင် ဖြေရှင်းနိုင်မည် မဟုတ်ပေ။
အခြားတန်ခိုးရှင်များ အားလုံးက ရွာဘက်သို့ ကြည့်လိုက်ကြသည်။ နန်ဟိုင်မိသားစုခေါင်းဆောင်နှင့် အခြားလူများက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကြသည်။ နောက်ဆုံး၌ ဆရာသခင်ဝင်ရောက် စွက်ဖက်လာတော့မည်လား။
သို့ဆိုလျှင် ပို၍ ကောင်းသေးပေသည်။
ထို့နောက် လေးမျက်နှာကျေးရွာမှ လူအားလုံးကို တစ်ချက်တည်းနှင့် ဖမ်းဆီးနိုင်ပေလိမ့်မည်။
“မင်းတို့ နတ်ဘုရားရုပ်ကြွင်းကို လိုချင်တာက အဆင်ပြေတယ်။ ဒါပေမယ့် ဘာလို့ ရွာက တစ်စုံတစ်ယောက်ကို ခေါ်သွားချင်နေရတာလဲ။ အဲဒီလိုဆိုရင် နတ်ဘုရားရုပ်ကြွင်းရော ကျုပ်ရဲ့ လူတွေရော ဒီမှာပဲ ကျန်နေရလိမ့်မယ်။” နားလည်ရခက်ခဲသည့် အသံတစ်ခုက ရွာထဲမှ ထွက်လာပြီး လူအများ၏ မျက်လုံးများကို အနည်းငယ်ထက်ရှသွားစေသည်။
ဤသည်မှာ မည်သို့သော မောက်မာခြင်းမျိုးနည်း။
အကြောင်းပြချက်အချို့ကြောင့် လေးမျက်နှာကျေးရွာမှ လူများသည် ထိုအသံကို ကြားလိုက်ရသောအခါ စိတ်အားတက်ကြွလာပေသည်။ သူတို့က လက်သီးကို ကျစ်ကျစ်ဆုပ်ရင်း သွေးများက ပူနွေးဆူပွက်လာသည်။
ဆရာသခင်က ရွာ၏ သူတော်စင်တစ်ပါးဖြစ်သော်လည်း သူသည် ဒဏ္ဍာရီများထဲမှ တစ်စုံတစ်ယောက် ဖြစ်သည်။ သူက ရွာ၏ နေ့စဥ်အရေးကိစ္စများကို အာရုံမစိုက်ဘဲ လူငယ်လေးများကိုသာ အာရုံစိုက် သင်ကြားပေးခဲ့သည်။ ဆရာသခင်၏ စစ်မှန်သော ခွန်အားက မည်မျှရှိသည်ဆိုခြင်းက ၎င်းသည် ရွာအတွင်းမှ ရှေးဒဏ္ဍာရီများထဲ၌ တည်ရှိသောအရာပင် ဖြစ်သည်။
မည်သူတစ်ဦးတစ်ယောက်မှ ဆရာသခင် အမှန်တကယ် မည်မျှ သန်မာသည်ကို မသိကြပေ။
လေးမျက်နှာကျေးရွာ ကျင့်ကြံခြင်းလောကသို့ မဝင်ရောက်ခင် ထိပ်သီးပုဂ္ဂိုလ်များ လာရောက်လည်ပတ်ကြပြီး ဆရာသခင်နှင့် တွေ့ဆုံပြီးနောက် သူတို့က လေးမျက်နှာကျေးရွာ၏ အဆင့်အတန်းကို အသိအမှတ်ပြုခဲ့သည်။
ဆရာသခင် မည်မျှ အားကောင်းသန်မာသည်ကို မည်သူမှ သေချာမသိကြပေ။
ယခု နောက်ဆုံး၌ ဆရာသခင်က လှုပ်ရှားမှုပြုလာသည်လား။
သူသည် ရွာမှ မည်သူမှ ထွက်ခွာသွား၍ မရနိုင်သလို နတ်ဘုရားရုပ်ကြွင်းလည်း နေရစ်ခဲ့ရမည်ဟု ပြောနေပေသည်။
နန်ဟိုင်ကလန်ခေါင်းဆောင်နှင့် အခြားအစွမ်းထက် ခေါင်းဆောင်များသည် ထိုစကားကို ကြားသည့်အခါ သူ့ထံမှ အားကောင်းသော ယုံကြည်ချက်တို့ကို ခံစားမိပေသည်။ အဘက်ဘက်မှ ဝန်းရံထားသည့် ထိပ်သီးပုဂ္ဂိုလ်များ၏ ရှေ့တွင် မည်သူကမှ ထိုမျှ မောက်မာရဲမည် မဟုတ်ပေ။ ရှန်ချင်းနယ်မြေတွင်း၌ မည်သူမှ ထိုကဲ့သို့ အပြုအမူမျိုး မလုပ်ရဲချေ။ နယ်မြေသခင်ပင်လျှင် မလုပ်ရဲပေ။
ယခု လေးမျက်နှာကျေးရွာမှ ဆရာသခင်က ထိုမျှ ပမာမခန့် ပြုမူပြောဆိုရဲသည့် ပထမဆုံးလူ ဖြစ်သည်။
“ဆရာသခင် ထိန်းထားနိုင်စွမ်းမရှိမှာကို စိုးမိပါရဲ့။” နန်ဟိုင်ကလန်ခေါင်းဆောင်က ပြောလိုက်သည်။
“မင်း ကြိုးစားကြည့်ချင်လား။” အထဲမှ အသံ ထွက်လာပြန်သည်။ လေးမျက်နှာကျေးရွာအတွင်းမှ အသက်ဓာတ်စွမ်းအားမျှင်တို့ ထွက်လာကာ မဟာအင်ပါယာရှန်ကျား၏ အလောင်းထံ တိုးဝင်သွားသည်။
၎င်းသည် လူအများကို အံ့အားသင့်စေခဲ့သည်။ သူတို့က မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းမှ တောက်ပသော အလင်းများ လင်းလက်လာသည်ကို မြင်လိုက်ရပြီး ရွှေရောင်ရုပ်ကြွင်းက လေထဲသို့ မျောလွင့်လာသည်။
“ဘာတွေဖြစ်နေတာလဲ။” လူတိုင်း၏ နှလုံးသားများက ပြင်းထန်စွာ ခုန်လှုပ်လာပြီး ထိပ်သီးပုဂ္ဂိုလ်ကြီးများသည်ပင် သူတို့၏ အာရုံများကို ထိုနေရာသို့ ပို့လိုက်ကြသည်။ လေးမျက်နှာကျေးရွာမှ ဆရာသခင်က မဟာအင်ပါယာရှန်ကျား၏ ရုပ်အလောင်းကို မည်သို့ ထိန်းချုပ်နိုင်စွမ်း ရှိရသနည်း။
ရီဖူရှင်းအား သင်ကြားပေးခဲ့သူက ထိုဆရာသခင် ဖြစ်နိုင်သလား။
ထိုအခိုက်အတန့်တွင် လူတိုင်းက လေးမျက်နှာကျေးရွာမှ ဆရာသခင်နှင့် ပတ်သတ်သော ကောလာဟလတချို့ကို သတိရမိလိုက်ကြသည်။
လွန်ခဲ့သော နှစ်ရာပေါင်းများစွာက ဒဏ္ဍာရီများမှ ပြောသည်မှာ မဟာအင်ပါယာသည် တစ်ချိန်က ဤရွာ၌ လမ်းစဥ်ရှာဖွေ၍ ကျင့်ကြံခဲ့သည်ဟု ဖြစ်သည်။
မရေတွက်နိုင်သော အကြည့်များအောက်တွင် ရွှေရောင်ခန္ဓာကိုယ်က လေထဲသို့ မျောလွင့်လာကာ ကောင်းကင်တွင် မတ်မတ်ရပ်လိုက်သည်။ နောက်တခဏတွင် ထိုကြောက်မက်ဖွယ် မျက်လုံးများက ရုတ်တရက် ပွင့်ဟလာလေသည်။
***