သွေးသံတရဲရဲ ကမ်းပါးတိုက်ပွဲ
Vol. 132 Ch. 1699
“လူသားဧကရာဇ်စုမူကျဲလည်း ပါတယ်” ရွာလူကြီးက ရဲဝင့်သော သူရဲကောင်းတစ်ဦး၏ ဟန်ပန်မျိုးဖြင့် ဓားကို ဆုပ်ကိုင်ထားကာ ခြေလှမ်းကြဲများဖြင့် လျှောက်ပြီး ကြည်လင်ပြတ်သားစွာ ကြေညာလိုက်သည်။
ကျန်လူသားဧကရာဇ်များမှာ သူ့ကို မနာလိုစွာ ကြည့်လိုက်မိကြသည်။ ပထမလူသားဧကရာဇ်၏ နောက်မှ လိုက်၍ နာမည်ကို ဟစ်ကြွေးပြရခြင်းက အလွန် အထင်ကြီးစရာ ကောင်းပေသည်။ သူတို့အားလုံးထက် ငယ်သော စုကလေးက သူတို့ထက်အလျဉ် ယခုလို ဟစ်ကြွေးသွားမည်ဟု မည်သူက ထင်ထားမည်နည်း။
သူတို့၏ နာမည်များကို သူ့အနောက်မှ လိုက်ပြောလျှင် တုပသလိုသာ ဖြစ်လိမ့်မည်။ ခမ်းနား၍ လေးစားစရာ ကောင်းတော့မည် မဟုတ်ပေ။
ရွာလူကြီးလည်း ဘဝင်လေဟပ်သွားကာ စိတ်ထဲတွင် ကျေနပ်နေသည်။ “ဒီအဘိုးကြီးတွေတော့ မနာလို ဖြစ်လွန်းလို့ ယွစိထိုးနေကြမှာပဲ”
ဤအခိုက်အတန့်တွင် မြို့စားတပ်ဖွဲ့မှ မြို့စားမင်းထိုက်ကျွင်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ကျုပ် ပထမလူသားဧကရာဇ်ချင်ဝူအကြောင်း ကြားဖူးပါတယ်…. ကောင်းကင်ယင်သားတော်ကြောင့် ကြောက်ဒူးတုန်ပြီး ထွက်ပြေးသွားတဲ့သူ ဆိုတာပေါ့ … လူသားဧကရာဇ်စုမူကျဲ ဆိုတာကိုတော့.. အင်း... တစ်ခါမှ မကြားဖူးဘူး”
အခြားလူသားဧကရာဇ်များက ဝါးလုံးကွဲမတတ် အူလှိုက်သည်းလှိုက် ရယ်ကာ ရွာလူကြီးအား ‘မင်း ဘာတတ်နိုင်သေးလဲ’ ဆိုသော အကြည့်များဖြင့် ခနဲ့သလို ကြည့်လိုက်ကြသည်။
ရွာလူကြီးခမျာ ရှက်လွန်းသဖြင့် နီရဲနေသော မျက်နှာကြီးဖြင့် တုံ့ပြန်သည်။ “ကောင်းမွန်တဲ့လူတစ်ယောက်ဟာ ငါတစ်လုံးစွဲကိုင်ထားတဲ့ အတ္တသမား မဟုတ်ဘူး... စင်ကြယ်တဲ့သူတော်ကောင်းတစ်ယောက်ဟာ ငါ ကောင်းကျိုးသယ်ပိုးပါတယ်ဆိုပြီး နာမည်မယူဘူး ... ကျုပ်နာမည်ကို သူ မသိသေးတာ သဘာဝပဲ… ဒီတိုက်ပွဲ ပြီးရင်တော့ ကျုပ်ရဲ့ နာမည်က သိပ်ကို ကျော်ကြားသွားလိမ့်မယ်”
အားလုံး ရယ်မောလိုက်ကြပြန်သည်။
ရွာလူကြီးမှာ မျက်နှာကြီးနီရဲနေသည်။ “သောက်အဘိုးကြီးတွေ ဒီနေ့ တိုက်ပွဲပြီးရင် ကျုပ်က သေချာပေါက် တစ်လောကလုံးမှာ နာမည်ကျော်လာမှာ”
မြို့စားထိုက်ကျွင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “စစ်သည်တော်တို့၊ ကောင်းကင်လက်နက်တွေ သုံးပြီး ကျောက်စိမ်းကမ်းပါးတံခါး၀ကို ချေမှုန်းဖျက်ဆီးကြ…. ငါတို့ ကမ်းပါးပေါ် တက်နိုင်မှ အသက်ရှင်မယ်”
ဝုန်း…
ကျောက်စိမ်းကမ်းပါးတံခါး၀အရှေ့တွင် ကောင်းကင်လက်နက်တစ်သန်းက ကောင်းကင်ထက်သို့ မြောက်တက်လာသည်။ လက်နက်တို့သည် အရွယ်စုံလင်နေပြီး တိမ်တိုက်များသဖွယ် ကောင်းကင်တွင် ဟိုတစ်စု ဒီတစ်စု နေရာယူကာ ကျောက်စိမ်းကမ်းပါးတံခါးဝဆီသို့ တဖွဲဖွဲ ကျဆင်းလာကြ၏။
တောင်းကောင်းကင်၏ စစ်ရှုံးစစ်တပ် ၃၀ မှာ မရှူမလှ ရှုံးနိမ့်ခဲ့ရသည်။ ဇာမဏီနတ်မင်း ချီရှားယွီ၏ တိုက်ခိုက်ခြင်းခံခဲ့ရသည့်အပြင် ချိဧကရာဇ်၊ မင်ဧကရာဇ်၊ ယန်အာနှင့် တောင်နတ်မင်းကျူချွဲတို့ ဦးဆောင်သော စစ်တပ်၏ သတ်ဖြတ်ချေမှုန်းခြင်း ခံခဲ့ရသည်။ လွတ်မြောက်ရန်အတွက် စစ်တပ်တွင် ရှိသည့် ရိက္ခာများနှင့် လက်နက်ကြီးငယ်များကို လွှတ်ပစ်ခဲ့ရသောကြောင့် လက်ထဲတွင် ကိုင်ထားသည့် ကောင်းကင်လက်နက်များသာ ကျန်တော့၏။ ၎င်းတို့ကို အသက်အန္တရာယ် ကာကွယ်ရန်အတွက် ကိုင်ဆောင်ထားကြခြင်း ဖြစ်သည်။
လမ်းတလျှောက်တွင် မရေမတွက်နိုင်သော ရဲဘော်များသည် စစ်တပ်အား နောက်တန်းမှ ကာကွယ်ပေးရင်း ကျန်ရစ်ခဲ့ကြသည်။ ဤသို့ဖြင့် နတ်ဘုရားတစ်သန်းသာ လွတ်မြောက်နိုင်ခဲ့၏။
သို့ထိတိုင် သူတို့၏ အရေအတွက်က ထာဝရငြိမ်းချမ်းရေးအင်ပါယာ လူသားဧကရာဇ်များ ဦးဆောင်သော စစ်တပ်ထက် ဆယ်ဆ ပိုမိုများပြားနေသေးသည်။
ထိုမျှသာမက တောင်ပင်လယ်တိုက်ပွဲမှ ထွက်ပြေးလာနိုင်ခဲ့သည့် ပုဂ္ဂိုလ်များ ဖြစ်သည့်အလျောက် ထိပ်တန်းတကာ့ ထိပ်တန်းသိုင်းပညာရှင်များ ဖြစ်ကြပြီး သူတို့၏ စွမ်းဆောင်ရည်များက အလွန်တရာ မြင့်မား၏။
ကောင်းကင်လက်နက်တစ်သန်းက ကောင်းကင်သို့ မြောက်တက်သွားရင်း နှိုင်းယှဉ်၍ မရနိုင်အောင် ပြင်းထန်သည့် နတ်အလင်းတန်းများ ဖြန့်ကျက်ကာ ကျောက်စိမ်းကမ်းပါးတံခါးဝထံသို့ ပြေးဝင်ရွာကျလာတော့သည်။ ဤမြင်ကွင်းမှာ အလွန်တရာ ခမ်းနားပြီး အံ့ဩမှင်သက်ဖွယ်ကောင်းလေသည်။
ပထမလူသားဧကရာဇ်က ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည့်အခါ သူ၏အနောက်တွင် ကောင်းကင်နန်းဆောင်တစ်ခု ဖွဲ့တည်လာသည်။ နတ်ကောင်းကင်ခန်းမထဲရှိ သူ၏ မူလဝိညာဉ်သည် ဧကရာဇ်ပလ္လင်အပေါ်တွင် ထိုင်နေရာမှ ငေါက်ခနဲ ထရပ်လာသည်။
“နေက ကောင်းကင်မှာ ထာဝရ လှည့်ပတ်တယ်”
သူ၏ ဧကရာဇ် မှော်စွမ်းအင်တို့ ပေါက်ကွဲထွက်လာကြပြီး အားကောင်းပြင်းထန်သော ကောင်းကင်နတ်သိုင်းက ဧရာမလေပွေကြီးအသွင် ပြောင်းလဲဖွဲ့တည်လျက် ကောင်းကင်လက်နက်တစ်သန်းကို စုပ်ယူကာ ကျောက်စိမ်းကမ်းပါးတံခါးဝ ပတ်ပတ်လည်တွင် ပြန့်ကြဲလည်ပတ်သွားစေသည်။ ထိုကောင်းကင်လက်နက်များ၏ စွမ်းအားတို့က ပေါက်ကွဲထွက်လာသော်လည်း လေပွေအကြားထဲတွင် တစ်ခုနှင့် တစ်ခု ပွတ်တိုက်မိရင်း ပေါက်ကွဲသွားကြသည်။
ပထမလူသားဧကရာဇ်၏ ကောင်းကင်နတ်သိုင်းကို ကောင်းကင်မြေပြင်ချိပ်တံဆိပ်ဟု ခေါ်ဆို၏။ သူ၏ ကျင့်ကြံခြင်းအခြေခံက အလွန်တရာ မြင့်မားသည့်အလျောက် မှော်စွမ်းအင်တို့က ကောင်းကင်နတ်သိုင်းများကို အားကောင်းပြင်းထန်စွာ အသက်သွင်းပေးသည်။ ဤကောင်းကင်နတ်သိုင်းမှာလည်း အင်မတန် အံ့သြဖွယ်ကောင်း၏။
ကျောက်စိမ်းကမ်းပါးတံခါးဝအရှေ့ရှိ တောင်ကောင်းကင် နတ်ဘုရားမိစ္ဆာတစ်သန်းမှာ အခြေအနေကို မြင်လျှင် အံ့အားသင့်သွားကြသည်။ သို့သော် အရိပ်ဒါဇင်ခန့်က ကောင်းကင်ဆီသို့ တဖျတ်ဖျတ် ပျံတက်ကာ ကျောက်စိမ်းကမ်းပါးတံခါးဝရှိ လူသားဧကရာဇ်ထံသို့ ဦးတည်သွားကြ၏။
ကောင်းကင်နန်းဆောင်များက ထိုအရိပ်တို့၏ ဦးခေါင်းနောက်မှ ထွက်ပေါ်လာကြပြီး ထိုသူတို့ကား တောင်ကောင်းကင်၏ မင်းသား ၃၉ ပါးအနက် အဆင့်မြင့်မားသော ဧကရာဇ်ပလ္လင်အဆင့် သိုင်းပပညာရှင်များ ဖြစ်ကြလေသည်။
တောင်ကောင်းကင်တွင် မင်းသားများနှင့် ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်များ ပေါများကြသည်။ တောင်ပင်လယ်စစ်ပွဲ၌ တချို့တစ်ဝက် သေဆုံးသွားကြသော်လည်း စစ်မြေပြင်မှာ ဖရိုဖရဲ ဖြစ်နေခဲ့သည် မဟုတ်ပါလော။ ချီရှားယွီ၊ ချိဧကရာဇ်၊ မင်ဧကရာဇ်၊ ယန်အာနှင့် တောင်နတ်မင်းတို့၏ စစ်တပ်အင်အားမှာ နည်းပါးသည့်အတွက် ရန်သူ၏ ကျန်ရှိသော အင်အားစုကို ဖြိုခွင်းခြင်းဖြင့် အင်အားလျော့နည်းစေရုံသာ တတ်နိုင်ခဲ့လေသည်။ ရလဒ်အနေဖြင့် သူတို့ ထွက်ပြေးလာနိုင်ခဲ့၏။
ဧကရာဇ်ပလ္လင်အဆင့် မင်းသားများက ကျောက်စိမ်းကမ်းပါးတံခါးဝဆီသို့ ပြေးဝင်နေကြသည်။ ယခုအချိန်သည် ပထမလူသားဧကရာဇ်၏ အားအနည်းဆုံးအချိန် ဖြစ်၏။ ကောင်းကင်လက်နက်တစ်သန်းကို တစ်ပြိုင်နက်တည်း ရင်ဆိုင်နေရသည့်အလျောက် ဖိအားက အလွန်များသည်။ ဤအချိန်တွင် သူ၏ ခံစစ်က လစ်ဟာနေသောကြောင့် အနီးကပ် တိုက်ခိုက်ခံရပါက သေချာပေါက် သေဆုံးရပေလိမ့်မည်။
ပထမလူသားဧကရာဇ်က ခြေထောက်ကို မြှောက်၍ ပြင်းစွာ ဆောင့်ချလိုက်ရာ သူ၏ကောင်းကင်နတ်သိုင်းက ပြောင်းလဲသွားသည်။
ကောင်းကင်နှင့် မြေကြီး ပြိုလဲလာပြီး ကြေကွဲဖွယ် ဆောင်းဦးလေတို့ တိုက်ခတ်လာ၏။
သူ၏ ကောင်းကင်နတ်သိုင်း ပေါက်ကွဲထွက်လာသည့်အခါ နေရာဟင်းလင်းပြင်က သူ့ကို ဗဟိုပြု၍ ပြိုလဲလာသည်။ ကောင်းကင်လက်နက်တစ်သန်းမှာ စုတ်ပြတ်ကုန်တော့သည်။ တစ်ခုနှင့်တစ်ခု အရှိန်အဟုန်ပြင်းစွာ ဝင်တိုက်၍ သူ့အရှေ့တွင် ဧရာမကောင်းကင်လက်နက် သံလုံးကြီးအဖြစ် စုစည်းကျစ်လစ်သွားတော့၏။
ပထမလူသားဧကရာဇ်က ကောင်းကင်လက်နက်သံလုံးကြီးကို လက်နှစ်ဖက်လုံးဖြင့် ကိုင်မြှောက်ကာ ဧကရာဇ်ပလ္လင်အဆင့် မင်းသားများဆီသို့ ပစ်ပေါက်လိုက်သည်။
ကောင်းကင်မြေပြင်ချိပ်တံဆိပ်၏ ၂၆ လွှာမြောက် ကောင်းကင်ဘုံအလွှာမှာ တောင်တန်းများကို အလွယ်တကူ ရွေ့လျားနိုင်စေသော အင်အားရှိသည်။ တာအိုကျင့်စဉ်စနစ် ပေါ်ထွက်လာသည့်အချိန်တွင် ပထမလူသားဧကရာဇ်၏ မြဲမြံသော စိတ်ဆန္ဒက တိုက်ကွက်များတွင် ကိန်းဝပ်ပါဝင်လာ၏။
ဧကရာဇ်ပလ္လင်အဆင့် မင်းသားများ တုန်လှုပ်သွားကြသည်။ သူတို့အားလုံးသည် ဧကရာဇ်ပလ္လင်အဆင့် ဖြစ်ကြသော်လည်း ပထမလူသားဧကရာဇ်၏ တိုက်ကွက်တွင် တာအိုကျင့်စဉ်စနစ် ကိန်းအောင်းနေသည်။ ၎င်းက သူတို့ထက် တာအိုအဆင့်နှင့် ပို၍နီးကပ်နေသည်သာမက ကောင်းကင်နတ်သိုင်း၏ ပြင်းအားကလည်း ပို၍ ကြောက်စရာကောင်းလေသည်။
“ငါတို့မှာ အင်အားပိုများတာ ကံကောင်းတာပဲ”
မြို့စားမင်းထိုက်ကျွင်းက ဟိန်းဟောက်လိုက်ပြန်ရာ ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တစ်ဒါဇင်ကျော်က ကောင်းကင်နတ်သိုင်းများကို တစ်ပြိုင်နက် ထုတ်လွှတ်လျက် ကောင်းကင်လက်နက်သံလုံးကြီးဆီသို့ ပြေးဝင်သွားကြသည်။
နှစ်ဖက်စလုံး၏ မှော်စွမ်းအင်တို့ အဆုံးအစွန်အထိ မြှင့်တင်ခံလိုက်ရသည်တွင် ကောင်းကင်လက်နက်တစ်သန်းဖြင့် ဖွဲ့တည်ထားသည့် ကောင်းကင်လက်နက်သံလုံးကြီးမှာ ချက်ချင်းပင် ပုံပျက်သွားသည်။ မရေမတွက်နိုင်သော ကောင်းကင်လက်နက်များမှာ များပြားလှသော အင်အားကြီးကြောင့် အက်ကွဲအရည်ပျော်သွားကြ၏။
ဝုန်း..
သံလုံးကြီးမှာ ကောင်းကင်နတ်သိုင်းတို့၏ စွမ်းအားကြောင့် ရဲရဲနီလာပြီး ပေါက်ကွဲသွားသည်။ နတ်ရွှေနှင့် သတ္တုရည်တို့က ကောင်းကင်ကို ဧရာမကန့်လန့်ကာကြီးအလား ဖုံးလွမ်းသွားပြီး ကျောက်စိမ်းကမ်းပါးတံခါးဝအား ကာထားပေးလိုက်၏။
ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင် ဆယ်ယောက်ကျော်မှာ အရှိန်ပျက်သွားသည်။ ပထမလူသားဧကရာဇ်လည်း အနောက်သို့ ယိမ်းယိုင်သွား၏။ ဤအခိုက်အတန့်တွင် ဓားရောင်က နတ်ရွှေရည်တို့ဖြင့် ဖွဲ့တည်ထားသော ကန့်လန့်ကာကြီးကို ဖောက်ထွက်လာကာ ဓားတာအို၏ ကောင်းကင်ဘုံများအား ဖြန့်ကျက်လိုက်သည်။
ဝှစ်… ဝှစ်… ဝှစ်
ဓားရောင်တို့က တဖျတ်ဖျတ် လက်လျက် ရွှေရည်နှင့် သတ္တုရည်တို့ကို ဒီရေလှိုင်းကြီးအလား သယ်ဆောင်လာလေသည်။
ရွာလူကြီးက ဓားကို ကိုင်ထားသည်။ သူ၏ကျင့်ကြံခြင်းအခြေခံသည် မမြင့်မားသော်လည်း ဓားတာအိုအောင်မြင်မှုများကတော့ အလွန်တရာ မြင့်မား၏။ သူ ပထမဦးဆုံး အသက်သွင်းလိုက်သည့် ဓားကွက်က ဓားတာအို၏ ၃၀ ဘုံမြောက် ကောင်းကင်ဘုံအဆင့်၌ ရှိသည်။
ရွာလူကြီးအနေဖြင့် လူသားဧကရာဇ်အဖြစ်မှ အနားမယူခဲ့စဉ်ကတည်းက ဓားလမ်းစဉ်၏ အစစ်အမှန်နတ်ဘုရားတစ်ပါး ဖြစ်နေခဲ့ချေပြီ။ ကောင်းကင်တံတားအဆင့်ဖြင့်ပင် တောင်ကောင်းကင်မုခ်၀အဆင့် အစစ်အမှန် ဓားနတ်ဘုရားတစ်ပါးကို လွယ်ကူစွာ ရင်ဆိုင်အနိုင်ယူနိုင်သည်။ ထိုစဉ်အခါပင် သူ၏ တာအိုကျင့်စဉ်စနစ်သည် ဓားတာအို ကောင်းကင်ဘုံ ၁၀ ဘုံမြောက်သို့ ရောက်နေခဲ့ပြီ ဖြစ်၏။
ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ရွာလူကြီးသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုကို တာအိုဒဿနတက္ကသိုလ်မှတစ်ဆင့် လေ့လာသင်ယူခဲ့သည့်အပြင် ခိုင်ဧကရာဇ်ကလည်း လမ်းညွှန်တည့်မတ်ကာ ပိုမိုနက်ရှိုင်းစွာ သိမြင်နိုင်အောင် သင်ကြားပေးခဲ့သည်။ ဤသို့ဖြင့် သူ၏ ဓားတာအိုအောင်မြင်မှုများက ပိုပို၍ မြင့်တက်လာခဲ့လေသည်။
သူ၏ ဓားတာအို အခြေခံမှာ ခိုင်ဧကရာဇ်၊ ချင်မူနှင့် ကျန်းပိုင်ကွေ့တို့လောက် မမြင့်မား၊ မခိုင်မာသော်လည်း သာမန်အခြေခ့တော့ မဟုတ်ပေ။
သူ၏ ၃၀ ဘုံမြောက် ဓားတာအို ကောင်းကင်ဘုံမှ ဖော်ပြနေသော အတိုက်အခိုက်စွမ်းရည်တို့က ပထမလူသားဧကရာဇ်အောက် အနည်းငယ်သာ နိမ့်ကျပြီး နှိုင်းယှဉ်၍ မရလောက်အောင် ခမ်းနားတင့်တယ်နေသည်။
၃၀ ဘုံမြောက် ဓားတာအို ကောင်းကင်ဘုံအား အပြည့်အဝ ခင်းကျင်းပြသပြီးသည့်အခါ ကောင်းကင်လက်နက်တစ်သန်းကြောင့် ဖြစ်တည်လာသည့် ရွှေရည်,သံရည်တို့က ဓားတာအိုကောင်းကင်ဘုံ အဆင့်သုံးဆယ်အား အသွင်သဏ္ဍာန်ဖွဲ့တည်ပြရင်း အေးခဲသွားသည်။
ဓားရောင်က ၃၀ ဘုံမြောက် ကောင်းကင်ဘုံတွင် ထွန်းလင်းတောက်ပလျက် ရှိပြီး သေးငယ်သော ဓားနိယာမသင်္ကေတတို့က ကခုန်နေကြလေသည်။ ဤသည်ကား ဓားနိယာမ၏ သံမဏိချိပ်တံဆိပ်အလားပင်။
ဓားနိယာမသင်္ကေတများသည် အခြေခံအကျဆုံး ဓားချက်များ ဖြစ်ကြ၏။ အခြေခံဓားချက် ၂၀ ချက်သာ ရှိပြီး ၂၀ ချက်မြောက်က ဓားနယ်ပယ် ဖြစ်သည်။
၃၀ ဘုံမြောက် ကောင်းကင်ဘုံကား ဓားနိယာမ၏ ဧရာမကောင်းကင်လက်နက်ကြီးအလား ခမ်းနားတင့်တယ်စွာဖြင့် ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်များ အကြားတွင် ထွက်ပေါ်လာတော့သည်။
ထိုဧကရာဇ်ပလ္လင်အဆင့် မင်းသားများ၊ သိုင်းပညာရှင်များမှာ ရွာလူကြီး၏ ဓားရောင်ကို ကြောက်လန့်တကြား ရှောင်တိမ်းနေကြသော်လည်း ရှောင်တိမ်းရင်းဖြင့် ဤဧရာမကောင်းကင်လက်နက်ကြီးထဲသို့ ကျရောက်နေကြကြောင်း သဘောပေါက်သွားကြသည်။
ရွာလူကြီးက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသော အသံကြီးဖြင့် ဟိန်းဟောက်လိုက်ပြီး ဓားတာအိုကို အသက်သွင်းလိုက်သော်လည်း ဤဧရာမကောင်းကင်လက်နက်ကြီးက တုတ်တုတ်မျှ မလှုပ်ပေ။
လူသားဧကရာဇ်များ ဦးဆောင်သည့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ စစ်သည်တော်များက တောင်ကောင်းကင်စစ်တပ်ကို ရင်ဆိုင်ရန် အသင့်ရှိနေကြသည်။
ရွာလူကြီးမှာ မှော်စွမ်းအင်ကို လှုံ့ဆော်ရင်း မျက်နှာကြီး နီရဲလာသည်။ သူ ဓားတာအိုကောင်းကင်ဘုံ အဆင့်သုံးဆယ်၏ ကောင်းကင်လက်နက်ကို အသက်မသွင်းသေးသည်အား မြင်လျှင် လူသားဧကရာဇ်များက ချက်ချင်း ဆူပူကြတော့သည်။ “ကောင်စုတ်လေးစု ဓားတာအိုကို အသက်မသွင်းဘူးလားကွ’’
“ကျုပ်ရဲ့ မှော်စွမ်းအင်က မလုံလောက်ဘူး”
ရွာလူကြီး၏ နဖူးတွင် ချွေးများ စို့လာသည်။ ဤဓားတာအို ကောင်းကင်လက်နက်ကို အပြည့်အ၀ အသက်သွင်းချင်သော်လည်း ကောင်းကင်လက်နက်၏ အောင်မြင်မှုက သူ၏ မှော်စွမ်းအင် ကိုင်တွယ်နိုင်သည့် အရာမဟုတ်ပေ။
ထိုအခါမှ ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်များမှာ သက်ပြင်းချနိုင်သွားကြပြီး ဓားတာအိုကောင်းကင်ဘုံအဆင့်သုံးဆယ်၏ ကောင်းကင်လက်နက်ထဲမှ ထွက်၍ ရွာလူကြီး ကောင်းကင်လက်နက်ကို အသက်မသွင်းနိုင်ခင် သတ်ဖြတ်ရန် ဦးတည်လာကြ၏။
ဤအခိုက်အတန့်တွင် ပထမလူသားဧကရာဇ်က ရှေ့တက်လာသည်။ “စုမူကျဲ… မူလဝိညာဉ်ကို သုံးလိုက်”
ရွာလူကြီးလည်း ချက်ချင်း သဘောပေါက်သွားပြီး မူလဝိညာဉ်ဖြင့် ကောင်းကင်အထိ မြင့်တက်သွား၏။ ပထမလူသားဧကရာဇ်၏ မူလဝိညာဉ်ကလည်း တစ်ပြိုင်နက်တည်း ပျံတက်လာသည်။ မူလဝိညာဉ်နှစ်ခု လေထဲတွင် တစ်ခုကို တစ်ခု ဖြတ်သန်းသွားသည့်အခါ ဓားတာအိုကောင်းကင်ဘုံ အဆင့်သုံးဆယ်၏ ကောင်းကင်လက်နက်ကား ချက်ချင်း အသက်ဝင်လာတော့သည်။
ဓားတာအို ကောင်းကင်လက်နက်၏ စွမ်းအားသည် ရွာလူကြီး၏ ဓားချက်များထက် များစွာ ပြင်းထန်ထက်မြက်၏။ လက်နက်၏ စွမ်းအားကား တောင်ကောင်းကင်၏ ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်များအပေါ် လွှမ်းမိုးသွားပြီး တောင်ပင်လယ်ပြင်ထက်တွင် ကောင်းကင်ဘုံများ လှည့်ပတ်နေသည့် ခမ်းနားအံ့သြဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို ပေါ်လာစေသည်။
ထိုအချိန်တွင် လက်ကျန်စစ်တပ်များအား ဝိုင်း၍ ဖြိုခွင်းနေသော တောင်နတ်မင်း၊ ချီရှားယွီနှင့် ကျန်ရှိသူများသည် တောက်ပလင်းထိန်လာသည့် ဓားတာအိုအလင်းရောင်ကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့လိုက်ကြရ၏။ သူတို့မှာ ပတ်ဝန်းကျင်အား ကြည့်လိုက်မိကြသည်။
“ခိုင်ဧကရာဇ် ပြန်ရှင်လာတာလား ... ဒါမှမဟုတ် ကောင်းကင်နတ်အရှင်မူများလား” ချီရှားယွီမှာ နားမလည်နိုင်တော့ပေ။
ဓားတာအိုကောင်းကင်ဘုံအဆင့်သုံးဆယ်၏ ကောင်းကင်လက်နက်တွင် ပထမကောင်းကင်ဘုံမှာ ခိုင်မာလှသည် မဟုတ်သော်လည်း ပို၍မြင့်မားလာလေလေ အားကောင်းလာလေလေ ဖြစ်၏။ သုံးဆယ်ဘုံမြောက် ကောင်းကင်ဘုံထဲတွင် ပိတ်မိနေကြသည့် ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်များမှာ ချက်ချင်းပင် အပိုင်းပိုင်း ခုတ်ပိုင်းခံလိုက်ရသည်။ သူတို့၏ ခန္ဓာကိုယ်များနှင့် ဝိညာဉ်များ ရုတ်ချည်း ဖျက်ဆီးခံလိုက်ကြရ၏။
တောင်ကောင်းကင်၏ ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်မှာ အတင်းအကြပ် ထွက်လာကြသော်လည်း ဒဏ်ရာများဖြင့် ပြည့်နှက်နေကြသည်။ အခြေအနေ အဆိုးဆုံးသူများက ၂၈ ဘုံနှင့် ၃၀ ဘုံမြောက် ကောင်းကင်ဘုံမှ ပုဂ္ဂိုလ်များ ဖြစ်ကြ၏။ သူတို့၏ ခန္ဓာကိုယ်တွင် အသွေးအသားပင် မရှိကြတော့ပေ။
သူတို့ ဓားတာအိုကောင်းကင်လက်နက်ထဲမှ ထွက်ခွာလာကြသည်နှင့် ဧရာမကောင်းကင်လက်နက်ကြီးမှာ တမုဟုတ်ချင်း ပြိုလဲပြီး အမှုန့်ကြေသွားတော့သည်။
ပြောရလျှင် ဤကောင်းကင်လက်နက်မှာ သွန်းလုပ်သန့်စင်ထားခြင်း မဟုတ်ဘဲ ရွာလူကြီး၏ ဓားတာအိုဖြင့် ကောင်းကင်လက်နက်တစ်သန်းကို ဓားလမ်းစဉ် ကောင်းကင်လက်နက်အဖြစ် ကံကောင်းထောက်မစွာ ဖွဲ့တည်နိုင်ခဲ့ခြင်းသာ မဟုတ်ပါလာ။ ဤတစ်ကြိမ် စွမ်းအား အသက်သွင်းလိုက်သည့်အခါ၌ ကောင်းကင်လက်နက်၏ ခံနိုင်ရည်ကိုပါ ကျော်လွန်သွားခဲ့ခြင်းကြောင့် စိစိညက်ညက် ကြေမွသွားခြင်း ဖြစ်လေသည်။
သို့သော် ရလဒ်များက ထူးကဲပေသည်။
တစ်ချိန်တည်းမှာပင် တောင်ကောင်းကင်၏ စစ်ရှုံးစစ်သည်တော်တစ်သန်းက ကျောက်စိမ်းကမ်းပါးတံခါး၀သို့ ဦးတည်ပြေးဝင်လာကြ၏။ လူသားဧကရာဇ်များက ထာဝရငြိမ်းချမ်းရေးအင်ပါယာစစ်တပ်ကို ဦးဆောင်ကာ အသေအကြေ တိုက်ခိုက်ကြတော့သည်။
“တောင့်ခံထားကြ”
လူသားဧကရာဇ်ချီကန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “တောင်နတ်မင်းနဲ့ ချီရှားယွီ ရောက်မလာခင်အထိ တောင့်ခံထားကြ... နိုင်ပွဲက ငါတို့အတွက်ပဲ”
“ငါ့လမ်းကို ပိတ်တဲ့သူမှန်သမျှ သေစေရမယ်ကွ” တောင်ကောင်းကင်စစ်သည်တော်များမှာ စိတ်ရူးဖောက်နေသည့်အလား ပြေးဝင်လာကြရာ မြင်ရသူတိုင်းကို ထိတ်လန့်တုန်လှုပ်စေသည်။
သူတို့သာ ကျောက်စိမ်းကမ်းပါးတံခါး၀၌ အပိတ်ခံထားရလျှင် ချိမင်ဧကရာဇ်၊ တောင်နတ်မင်းတို့၏ လိုက်လံသတ်ဖြတ်ခြင်းခံရမည်ကို သိရှိထားကြ၏။ ထိုအချိန်တွင် သူတို့အားလုံး ဤနေရာ၌ မြှုပ်နှံခံရပေလိမ့်မည်။
ကျောက်စိမ်းကမ်းပါတံခါး၀မှ တိုက်ခိုက်သတ်ဖြတ်၍ ထွက်ခွာမှသာလျှင် ကောင်းကင်နတ်ဘုံစစ်တပ်နှင့် ပြန်လည်ပူးပေါင်းနိုင်မည် ဖြစ်သည်။
ဤစစ်ပွဲမှာ အသွေးအသားများ ခုတ်ထစ်နေသည့် သားသတ်ပွဲကြီးသာ ဖြစ်သည်။ ချောင်ပိတ်မိနေသည့် သတ္တဝါများ မည်မျှကြောက်စရာကောင်းသည်ကို ပြသနေသည့် တိုက်ပွဲလည်း ဖြစ်သည်။ တောင်ကောင်းကင်၏ စစ်ရှုံးစစ်တပ်သည် သေရမည်ကို မကြောက်ကြတော့သည့်တိုင်အောင် ရူးနေကြချေပြီ။ စစ်သည်တော် မည်မျှပင် အသတ်ခံရပါစေ၊ အညံ့ခံခြင်းမရှိသလို နောက်ဆုတ်ခြင်းလည်း မပြုကြချေ။
လူသားဧကရာဇ်များ၏ ဘေးတွင် ရင်းနှီးသော မျက်နှာများ တစ်ယောက်ပြီး တစ်ယောက် ကျရှုံးနေကြသည်။ လူသားဧကရာဇ်အချို့မှာလည်း အသက်များ ဆုံးရှုံးနေရ၏။
ပထမလူသားဧကရာဇ်နှင့် ရွာလူကြီးကတော့ ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်များအား ရင်ဆိုင်နေရသောကြောင့် တိုက်ပွဲပြင်းထန်နေသည်။
အထက်ကောင်းကင်ယံမှ အလင်းရောင်တို့ ပျောက်ကွယ်သွားပြီ ဖြစ်၍ ကောင်းကင်မှာ မှောင်ရိပ်သန်းလာသော်လည်း ကျောက်စိမ်းကမ်းပါးတံခါး၀ရှိ တိုက်ပွဲက မပြီးဆုံးသေးပေ။ လစောင့်ရှောက်သူများက အဝေးတွင် ဖြတ်သန်းသွားကြသောကြောင့် လရောင်တို့က သွေးစွန်းနေသော ကျောက်စိမ်းကမ်းပါးတံခါး၀သို့ ဖြာကျလာသည်။
တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲပင်။ လသည် တိမ်းစောင်းသွားပြီး လသင်္ဘောကို အဝေးသို့ ဆွဲခေါ်သွားတော့သည်။
လ ပျောက်ကွယ်၍ နေသင်္ဘောများမှ နေအလင်းရောင်တို့ တစတစ ထွက်ပေါ်လာသည့်အချိန်တွင် ဇာမဏီနတ်မင်းချီရှားယွီ၏ ဇာမဏီငှက်သင်္ဘောနှင့် တောင်နတ်မင်းနှင့် ယန်အာ ဦးဆောင်သော ထာဝရငြိမ်းချမ်းရေးအင်ပါယာ စစ်တပ်တို့က ကျောက်စိမ်းကမ်းပါးတံခါး၀သို့ ရောက်လာတော့သည်။
ချိဧကရာဇ်နှင့် မင်ဧကရာဇ်တို့၏ စစ်တပ်အမြန်နှုန်းက သူတို့ထက် နှေးကွေးသောကြောင့် အနောက်တွင် ကျန်ခဲ့၏။
သူတို့ ရှေ့သို့ ကြည့်လိုက်ရာ ခမ်းနားလှပသည့် တောင်စွန်းသည် နတ်ဘုရားမိစ္ဆာတို့၏ အလောင်းများဖြင့် ဖွေးဖွေးလှုပ်နေသည်အား တွေ့လိုက်ရသည်။ တောင်စွန်းအောက်ခြေတွင်လည်း အလောင်းများ ပုံနေလေသည်။
ကျောက်စိမ်းကမ်းပါးတံခါး၀ထဲမှ ကောင်းကင်နတ်သိုင်းလှိုင်းများက ထွက်ပေါ်လာနေဆဲပင်။ ဇာမဏီနတ်မင်း ချီရှားယွီက ချက်ချင်းပင် ဇာမဏီသင်္ဘောကို ထိန်းချုပ်၍ ကျောက်စိမ်းကမ်းပါးတံခါး၀ပေါ်သို့ ပျံတက်လိုက်သည်။ စစ်မြေပြင်မှာ မိုင်တစ်သောင်းနီးပါးအထိ ရှည်လျားနေပြီး ကျောက်စိမ်းကမ်းပါးတံခါး၀အနောက်တွင် သေဆုံးသွားကြသော အလောင်းများ ပုံနေကာ စစ်ပွဲမီးတောက်များ တောက်လောင်နေဆဲ ဖြစ်၏။
ဇာမဏီသင်္ဘောက ရှေ့သို့ ဆက်လက် ပျံသန်းသွားပြီး ကောင်းကင်နတ်သိုင်းလှိုင်းများ ထွက်ပေါ်လာနေသည့် နေရာသို့ ရောက်လာသည်။ ပထမလူသားဧကရာဇ်၊ စုမူကျဲနှင့် လူတစ်စုသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ စစ်သည်တော်ထောင်ဂဏန်းကို ဦးဆောင်၍ ရန်သူအား အသည်းအသန် တိုက်ခိုက်နေသည်ကို တွေ့လိုက်ရ၏။
ပထမလူသားဧကရာဇ်ဘေးတွင်တော့ တပ်မှူး ခြောက်ယောက် ခုနစ်ယောက်ခန့်သာ ကျန်ရစ်တော့သည်။
စစ်သည်တော်တစ်သောင်းတွင် သူတို့သာ ကျန်ရစ်တော့ခြင်း ဖြစ်သည်။ လူသားဧကရာဇ်များတွင်လည်း စစ်သည်တော်ရှစ်ဦးသာ ကျန်ရစ်တော့၏။
ကျောက်စိမ်းကမ်းပါးတံခါး၀တိုက်ပွဲ မည်မျှရက်စက်သည်ကို မှန်းဆကြည့်၍ပင် မရနိုင်ချေ။
ပထမလူသားဧကရာဇ် ခေါင်းမော့လိုက်သည့်အခါ သူ၏ မျက်လုံးတွင် သွေးတို့ ပြည့်နှက်နေသည်။ သွေးများအကြားမှ လှမ်းကြည့်လိုက်ရာတွင် မရေမတွက်နိုင်သော ခေါင်းကိုးလုံးဇာမဏီငှက်များသည် ဇာမဏီသင်္ဘောထံမှ ဆင်းသက်လာနေသည်ကို တွေ့လိုက်ရ၏။
သူ၏ မျက်လုံးထဲမှ မျက်ရည်များ စီးကျလာတော့သည်။ သူတို့သည် ဤအခြေအနေကို မျှော်လင့်၍ တောင့်ခံခဲ့ရသည် မဟုတ်ပါလော။
တောင်ကောင်းကင်၏ စစ်ရှုံးစစ်တပ်မှာ ဇာမဏီနတ်မင်း ချီရှားယွီနှင့် ယန်အာ၊ တောင်နတ်မင်းတို့၏ စစ်တပ်ကြောင့် အပြီးတိုင် ချေမှုန်းခံလိုက်ရသည်။ ချိဧကရာဇ်နှင့် မင်ဧကရာဇ်တို့ကလည်း စစ်တပ်များကို ဦးဆောင်၍ နောက်ကျမှ ရောက်လာကြ၏။ သူတို့အားလုံးက ကျောက်စိမ်းကမ်းပါးတံခါး၀တွင် စုဝေးကာ တိတ်ဆိတ်ငြိမ်သက်နေကြသည်။
ကျောက်စိမ်းကမ်းပါး တံခါးဝတိုက်ပွဲမှာ အမှန်တကယ် ခါးသီးလွန်းပေသည်။ သို့သော် ချင်မူ့အနေဖြင့် တပ်ဖွဲ့ မစေလွှတ်နိုင်သောကြောင့် ပထမလူသားဧကရာဇ်နှင့် တခြားသူများကိုသာ ပေးဆပ်ခိုင်းခဲ့ရခြင်း ဖြစ်သည်။
လေထုမှာ သိပ်သည်းလေးလံနေသည်။
ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာ၏။ ထိုသူက လက်ခုပ်တီး၍ ပြုံးလိုက်သည်။ “မင်းတို့အားလုံး ဘယ်ဆိုးလို့လဲ… မဆိုးဘူး တော်ကြသားပဲ.. သခင်လေးခုနစ် လေ့ကျင့်ပေးတာ ခံရဖို့ ထိုက်တန်တယ်…. သေရမှာကိုတောင် မကြောက်ဘဲ တိုက်ခိုက်ကြတာ အာဂသတ္တိတဲ့ကွ… တောင်နတ်မင်းကျုချွဲ၊ ချိဧကရာဇ်၊ မင်ဧကရာဇ်တို့လည်း ဒီနေရာမှာ စုနေကြပါလား… ငါ တစ်ယောက်ချင်းစီ လိုက်ရှာရတာ သက်သာတာပေါ့လေ”
အားလုံး အသံလာရာသို့ ကြည့်လိုက်ရာ ထူးဆန်းသော ပုံပန်းသွင်ပြင်များဖြင့် ရှေးဟောင်းနတ်ဘုရားသုံးပါး လျှောက်လာသည်ကို တွေ့လိုက်ရသည်။
ထိုရှေးဟောင်းနတ်ဘုရားတို့သည် အလွန်တရာ ထူးဆန်းပြီး အနန္တလောကသားသောင်း၏ ရှေးဟောင်းနတ်ဘုရားများတွင်လည်း မပါဝင်ပေ။ ဤသည်က ဇဝေဇဝါဖြစ်စရာကောင်းလွန်း၏။
“ကောင်းကင်နတ်ဧကရာဇ်ဟောင်က တောင်နတ်မင်း၊ ချိဧကရာဇ်နဲ့ မင်ဧကရာဇ်တို့ကို သတ်ဖြတ်ဖို့ ငါ့ကို လွှတ်လိုက်တာလေ”
ရှေးဟောင်းနတ်ဘုရားတစ်ပါးက ပြုံးသည်။ “ငါ တခြားသူတွေကို မသတ်ပါဘူး… တာအိုမိတ်ဆွေတို့ ထွက်သွားလို့ ရပါတယ်”
ရွှင်ပျော်ပျော်ကျေးရွာ ထိုက်ချင်းကောင်းကင်ဘုံတွင်
ချင်မူ့မျက်ဝန်းများ တောက်လာသည်။ “ကောင်းကင်နတ်အရှင်ယွင်၊ ကျွန်တော်သာ သခင်လေးသုံးနဲ့ သခင်လေးလေးဆိုရင် သေချာပေါက် သခင်လေးနှစ်ကို ကောင်းကင်နတ်ဧကရာဇ်ဟောင်ဆီကနေ ခွဲထွက်ခွင့်ပေးမှာ မဟုတ်ဘူး… အခွင့်အရေးကို အသုံးချပြီး သူ ပြဿနာမရှာနိုင်အောင် ကောင်းကင်နတ်ဧကရာဇ်ဟောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ချိပ်ပိတ်ထားမှာ… ဒါဆိုရင် ကျွန်တော်တို့အတွက် တစ်ယောက်ပဲ ကျန်တော့မယ်”
“တစ်ယောက်ပဲ ကျန်တော့ရင် ငါတို့ အနိုင်ယူနိုင်မှာလား” ကောင်းကင်နတ်အရှင်ယွင်က ရှေ့သို့ ခြေတစ်လှမ်းတက်ကာ မေးလိုက်သည်။
ချင်မူက ပြန်မေး၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုကနေ တည်ဆောက်ထားတဲ့ အသုံးဝင်ဆုံးအရာက ဘာလဲ သိလား”
ကောင်းကင်နတ်အရှင်ယွင်က ခေါင်းခါရမ်းလိုက်သည်။
“အသုံးဝင်ဆုံးက ဧကရာဇ်ယန်ဖုန်း မျက်လုံးတွေ ရဲရဲနီနေအောင် တည်ဆောက်ခဲ့ရတဲ့ နေရာရွှေ့ပြောင်းခြင်းမုခ်၀ပဲ”
ချင်မူ ပြုံးလိုက်သည်။ “အရင်တုန်းက ကျွန်တော့်ရဲ့ ယောက္ခမကြီးက တော်ဝင်ဘဏ္ဍာတိုက်တစ်တိုက်လုံး ပြောင်တလင်းခါအောင် လုပ်ခဲ့မိလို့ ဖွဲကြမ်းနဲ့ သစ်ဥသစ်ဖုပဲ စားခဲ့ရတယ်… တော်ဝင်ဝတ်ရုံတွေကိုတောင် ရောင်းရလုနီးနီး ဖြစ်ခဲ့တာလေ… နောက်ပိုင်းမှာတော့ ကျွန်တော် ထောက်ပံ့ပေးခဲ့တဲ့အတွက် သူ အသက်ရှင်နိုင်ခဲ့တယ်… ကျွန်တော့်ရဲ့ မိန်းမ နန်းတက်ပြီးတဲ့အခါမှာတော့ သူက ပိုလို့တောင် ဆိုးသေးတယ်… ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာရှိတဲ့ မြို့တိုင်း၊ မုခ်၀တိုင်း၊ နယ်မြေတိုင်းမှာ နေရာရွှေ့ပြောင်းမုခ်၀တွေကို ဆောက်ခဲ့တယ်… နေရွှေ့ပြောင်းကောင်းကင်နတ်သိုင်းဆိုတာ ခိုင်ဧကရာဇ်ခေတ်မှာ ဖန်တီးခဲ့တဲ့ ကောင်းကင်နတ်သိုင်းတစ်ခုပဲ…. ရွှင်ပျော်ပျော်ကျေးရွာမှာလည်း အဲဒီလိုကောင်းကင်နတ်သိုင်းတွေ ရှိတယ်…”
ကောင်းကင်နတ်အရှင်ယွင်က မေးသည်။ “မင်း ဘာပြောချင်တာလဲ”
“လင်းကွမ်ခန်းမသခင်အနေနဲ့ နေရာအမျိုးမျိုးကို ပျံသန်းသွားရတယ်…. တချို့ကတော့ မြန်မြန်ရောက်သလို တချို့က နောက်ကျမှ ရောက်တာလည်း ရှိတယ်… အချိန်ကွာခြားမှု ရှိတာပေါ့”
ချင်မူက ပြောသည်။ “ခင်ဗျားနဲ့ ကျွန်တော်ကြားမှာ တစ်ယောက်က အချိန်တိုအတွင်း စစ်မြေပြင်တွေဆီ သွားပြီးတော့ သူ့ရဲ့ ရှေးဟောင်းနတ်ဘုရားကိုယ်ပွားသုံးဆယ်ကို သတ်ဖို့ လိုတယ်”
ကောင်းကင်နတ်အရှင်ယွင်က ပြောသည်။ “ဒါပေမဲ့ ကျန်ခဲ့တဲ့သူက သခင်လေးနှစ်နဲ့ ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို ရင်ဆိုင်ရလိမ့်မယ်”
သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားကြပြီး တစ်ယောက်ထံမှ တစ်ယောက် အကြည့်လွှဲလိုက်ကြသည်။
“ငါ နေခဲ့မယ်”
ကောင်းကင်နတ်အရှင်ယွင်က ပြုံးလိုက်၏။ “ငါ မင်းလို လင်းကွမ်ခန်းမသခင်ရဲ့ ရှေးဟောင်းနတ်ဘုရားကိုယ်ပွားသုံးဆယ်နဲ့ မရင်ဆိုင်နိုင်ဘူး… မင်းလောက်လည်း မမြန်ဘူး … ငါ သခင်လေးနှစ်ကို ရင်ဆိုင်နေတဲ့အချိန် ထိုက်ချူကို ရင်ဆိုင်ဖို့ ရှန့်ကျွင်းကို ထားခဲ့ပေး… ငါ သခင်လေးနှစ်ကို ရင်ဆိုင်နိုင်တယ်လို့ မင်း ပြောခဲ့တယ်မလား… ဒီအကြံကို ငါ တွေးထားပြီးသားပါ”
ချင်မူက သူနှင့် အကြည့်ချင်းမဆုံဘဲ ပြုံးလိုက်သည်။ “ခင်ဗျား တွေးထားပြီးသားဆိုတာ ကျွန်တော်ယုံပါတယ်”
သူ တခဏ တိတ်ဆိတ်သွား၏။ “အရင်တုန်းက ကျွန်တော်တို့ ကောင်းကင်နတ်မြစ်နဲ့ ခွဲခြားခံထားရတဲ့အချိန်… အချိန်နဲ့ နေရာကြောင့် ကွဲနေကြတဲ့ အချိန်တုန်းက ခင်ဗျားကို ကျွန်တော် အရက်ငှဲ့ပေးခဲ့ပေမယ့် ကောင်းကင်နတ်မြစ်ရေနဲ့ပဲ ခင်ဗျား တုံ့ပြန်ခဲ့ရတယ်… ဒီနေ့မှာတော့ ကျွန်တော်တို့ မူးတဲ့အထိ သောက်ကြတာပေါ့”
ကောင်းကင်နတ်အရှင်ယွင်က ပြုံးလိုက်၏။ “ငါ ကြားတာတော့ မင်းက မသောက်တတ်ဘူးဆို”
ချင်မူ့မျက်လုံးများ နီရဲသွားသော်လည်း သူ၏မျက်နှာအမူအရာက တည်ငြိမ်အေးဆေးနေသည်။ “ဒီနေ့တော့ သောက်ရမယ်”