← Chapters

အသက်ရှစ်ရှိုက်

Vol. 132 Ch. 1700

အသက်ရှစ်ရှိုက်

Vol. 132 Ch. 1700

“အချိန် သိပ်မကျန်တော့ဘူး… မသောက်နဲ့တော့”

ကောင်းကင်နတ်အရှင်ယွင်နှင့် ချင်မူ့ဘေးတွင် ပြောင်စင်နေပြီ ဖြစ်သည့် အရက်အိုးများ ပြန့်ကြဲနေပြီး နောက်‌ဆုံးတစ်အိုးသာ အပြည့်အတိုင်း ကျန်တော့သည်။ ကောင်းကင်နတ်အရှင်ယွင်က ထိုအိုးကို ကြည့်ကာ ပြုံးလိုက်သည်။ “မင်းနဲ့ ငါ့လိုလူတွေအတွက် မူးဖို့ မလွယ်ဘူး …. မင်း လင်းကွမ်ခန်းမသခင်ကို တားရမယ်… သူက အယောက် ၃၀ ခွဲထားတာဆိုတော့ ရှင်းနိုင်ဖို့ ခက်တယ် … ဒီ‌အရက်အိုးကို ဂုဏ်ပြုအရက်အဖြစ် ထားခဲ့မယ်…. မင်းနဲ့ ငါမှာ အရင်ဆုံး ပြန်ရောက်လာနိုင်တဲ့သူက ဒီအရက်ကို သောက်ရမယ်”

“ကောင်းပြီလေ”

ထိုင်၍ အချိန်ဖြုန်းနေ၍ မဖြစ်မှန်း ချင်မူလည်း ကောင်းကောင်းသိထားသည်။ သူက ထရပ်ကာ ပြုံးလိုက်၏။ “ဒီအရက်အိုးက ဂုဏ်ပြုမယ့် အရက်နော်… အရင်ဆုံး ပြန်ရောက်လာတဲ့သူပဲ သောက်ခွင့် ရှိတယ်”

သူက ချာခနဲ လှည့်၍ ထွက်ခွာသွားတော့သည်။

‌ကောင်းကင်နတ်အရှင်ယွင်လည်း လှည့်လိုက်သည့်နှင့် သူ၏ အရိပ်ထဲတွင် သူ့ကိုယ်တိုင်၏ အရှိန်အဝါနှင့် ကွဲပြားနေသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။ ရှန့်ကျွင်း ချင်မူ့အရိပ်ထဲမှ ထွက်လာ၍ သူ၏အရိပ်ထဲသို့ ဝင်ရောက်ပုန်း‌နေခြင်းကြောင့်ပင်။ သာမန်အခြေအနေများတွင် သူ့ကို သတိထားနိုင်ရန် မလွယ်ကူသော်လည်း ရှန့်ကျွင်းက သူ ရောက်လာကြောင်း သတိပေးသည့်အနေဖြင့် အရှိန်အဝါလှိုင်းတစ်ခု ထုတ်လွှတ်လိုက်ခြင်း ဖြစ်လေသည်။

ကောင်းကင်နတ်အရှင်ယွင်သည် ပြန့်ကြဲနေသော စစ်မြေပြင်များကို ငုံ့ကြည့်လိုက်၏။ ရွှင်ပျော်ပျော်ကျေးရွာ၏ ပတ်ပတ်လည်ရှိ စစ်မြေပြင်များကား ကြီးကျယ်ခမ်းနားနေသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာကလည်း စစ်ကူနှင့် ရိက္ခာများကို နေရာရွှေ့ပြောင်းမုခ်၀များမှတစ်ဆင့် ဤနေရာသို့ အဆက်မပြတ် ပို့ပေးနေသည်။ ရွှင်ပျော်ပျော်ကျေးရွာ၏ ကောင်းကင်ဘုံ ၃၃ ဘုံမှ အုပ်ချုပ်သူများကလည်း စစ်တပ်များကို စစ်မြေပြင်သို့ စေလွှတ်နေကြသည်။ ကောင်းကင်ဆရာသခင်လေးဦးထဲတွင် တန်ခိုးရှင်သစ်ခုတ်သမားသာ ဗျူဟာကို ကွပ်ကဲရန် ကျန်ရှိခဲ့ပြီး သူ၏ ဉာဏ်ပညာကို အသုံးပြုလျက် စစ်မြေပြင်အနေအထားကို ဆန္ဒရှိသည့်အတိုင်း ထိန်းချုပ်နေ၏။

ကောင်းကင်နတ်အရှင်ယွဲ့၊ ကောင်းကင်နတ်အရှင်ယွင်၊ ချင်မူနှင့် ကျန်ရှိသူများက ရွှင်ပျော်ပျော်ကျေးရွာကို စောင့်ရှောက်နေသောကြောင့် သိုင်းပညာကောင်းကင်ဆရာသခင်ပင်လျှင် တန်ခိုးရှင်သစ်ခုတ်သမားကို ကာကွယ်စရာ မလိုအပ်ဘဲ စစ်သည်တော်များအား ဦးဆောင်ကာ စစ်မြေပြင်တွင် ချင်းနင်းတိုက်ခိုက်နေလေသည်။

ကောင်းကင်နတ်အရှင်ယွင်၏ မျက်ဝန်းများက တလက်လက် တောက်ပနေသည်။ လင်းကွမ်ခန်းမသခင်၏ ပထမဦးဆုံးတိုက်ပွဲက ရွှင်ပျော်ပျော်ကျေးရွာမှ စသည်။ အန္တရာယ်အများဆုံးတိုက်ပွဲက ထိုတိုက်ပွဲပင် ဖြစ်သည်။

ရွှင်ပျော်ပျော်ကျေးရွာက အနီးဆုံး ဖြစ်သောကြောင့် လင်းကွမ်ခန်းမသခင်သည် ဤနေရာသို့ လာရောက်ကာ ကောင်းကင်ဆရာသခင်လေးပါး၊ ခိုင်ဧကရာဇ်တိရီယွဲ့၊ အဘိုးချင်းဟွမ်နှင့် ကောင်းကင်နတ်မင်းလီရုံလန်၊ ယိုတု၏ ကောင်းကင်နတ်မင်းတျန်းရှုတို့ကို ပစ်မှတ်ထား တိုက်ခိုက်တော့၏။

ထိုအခါ ရွှင်ပျော်ပျော်ကျေးရွာမှာ ဦးဆောင်သူမဲ့ကာ ဆောက်တည်ရာမရ ဖြစ်လာတော့သည်။ သူတို့၌ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အဖိုးတန်လက်နက်များနှင့် မရေမတွက်နိုင်သော နတ်ဘုရားမိစ္ဆာများကို ပိုင်ဆိုင်ထားလျှင်တောင်မှ တောင့်ခံထားနိုင်မည် မဟုတ်ပေ။

လင်းကွမ်ခန်းမသခင်၏ ရှေးဟောင်းနတ်ဘုရားကိုယ်ပွား ဒုတိယမြောက် ရောက်သွားသည့်နေရာကား တောင်ပင်လယ်မှ စစ်မြေပြင် ဖြစ်သည်။ ထိုနေရာတွင် တောင်နတ်မင်းကျုချွဲ၊ ချိဧကရာဇ်၊ မင်ဧကရာဇ်၊ ပထမလူသားဧကရာဇ်နှင့် ဇာမဏီနတ်မင်းချီရှားယွီတို့ နေရာယူထားကြ၏။၊

နောက်တစ်နေရာက ကောင်းကင်ယင်ကမ္ဘာ ဖြစ်ပြီး ကောင်းကင်ယင်နတ်ဘုရားမအား လိုက်လံသတ်ဖြတ်ပေလိမ့်မည်။

စတုတ္ထမြောက် သွားရောက်မည့် နေရာက ထိုက်ဧကရာဇ်ကောင်းကင်ဘုံ အနောက်ခြမ်းနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အလယ်ဗဟိုတွင် ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့ စံမြန်းနေသော နေရာပင် ဖြစ်သည်။

မြေအောက်ဘုံအရှင်သခင်လေး ချင်ဖုန်းကျင့် ရှိသည့် နေရာကတော့ ပဉ္စမမြောက် နေရာ ဖြစ်ပေလိမ့်မည်။

ထို့နောက် ယခုမှ ဆင်းသက်လာရုံ ရှိသေးသော မြောက်နတ်မင်းရွှမ်ဝူနှင့် ဝေစွေ့ဖုန်းတို့ တည်ရှိသည့် မြောက်နယ်စပ်မှ စစ်မြေပြင် ဖြစ်သည်။

နောက်ထပ်ပစ်မှတ်ကတော့ တာအိုဂိုဏ်းမှ တာအိုဘိုးဘေးကြီးနှင့် ဗြဟ္မဗုဒ္ဓတို့ ဖြစ်ကြ၏။

တာအိုဂိုဏ်းနှင့် အနီးဆုံးသူများက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ဧကရာဇ်ယန်ဖုန်း၊ မြေကမ္ဘာကောင်းမှုနန်းတော်မှ ကုန်းစွန်းယန်၊ အရှေ့ပင်လယ်၏ ကျန်းပိုင်ကွေ့နှင့် ပြန်လည်အသက်သွင်းခံထားရသော အရှေ့နတ်မင်းချင်းလုံတို့ ဖြစ်ကြသည်။

အရှေ့ပင်လယ်ပြီးနောက် လင်းကွမ်ခန်းမသခင် ရောက်မည့်နေရာမှာ အနောက်ကမ္ဘာမြေ ဖြစ်သည်။ အနောက်ဝင်ရိုးစွန်း၏ နတ်မင်းကျားဖြူသည် ဤနေရာသို့ ဆင်းသက်လာခဲ့ပြီး လင်းကွမ်ခန်းမသခင်၏ ရည်ရွယ်ချက်က အနောက်နတ်မင်းနှင့် ကောင်းကင်ဆရာသခင် ယွဲ့ထင်းကဲကို ရှင်းလင်းဖယ်ရှားရန် ဖြစ်၏။

ထို့နောက် ပစ်မှတ်က သားရဲကမ္ဘာ၏ အရှင်သခင် ဖြစ်သည့် နဂါးချီလင်ဖြစ်ပြီး နောက်ဆုံးတွင်တော့ ဘိုးဘေးနန်းတော် လောကသစ်ပင်အောက်မှ ရှုရှန်းဟွာပင် ဖြစ်ချေသည်။

ချင်မူ့တာဝန်က ထိုနေရာများသို့ အချိန်တိုအတွင်း အလျင်အမြန် သွားရောက်၍ လင်းကွမ်ခန်းမသခင်၏ ရှေးဟောင်းနတ်ဘုရားကိုယ်ပွားများကို သတ်ဖြတ်ရန်ပင်။

လင်းကွမ်ခန်းမအရှင်သခင်သည် စကြ၀ဠာလေးခုတွင် တာအိုရရှိခဲ့သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည့်အလျောက် တာအိုသစ်သီးသုံးလုံးနှင့် တာအိုပန်းပွင့်တစ်ပွင့်ကို ပိုင်ဆိုင်ထား၏။ သူ ကျင့်ကြံထားသည်က မီလော့နန်းတော်၏ တာအိုကျင့်စဉ်စနစ်နှင့် ခွန်အားကို အသုံးပြုသည့် တာအိုကျင့်စဉ်စနစ်တို့ ဖြစ်ကြသည်။

သူ၏ခန္ဓာကိုယ်က အစိတ်အပိုင်းသုံးဆယ် အဖြစ် ခွဲထွက်၍ စွမ်းအားအကြီးဆုံး ရှေးဟောင်းနတ်ဘုရားသုံးဆယ်အဖြစ် ပြောင်းလဲနိုင်သည်။ သူ၏ခွန်အားသည် ထိပ်တန်း ကောင်းကင်နတ်အရှင်တစ်ပါးအဆင့်တွင် ရှိ၏။

သူ ကျင့်ကြံထားသည့် ကျင့်စဉ်များကို ရေတွက်၍ပင် မရနိုင်သလို၊ မဟာတာအို အမျိုးအစားများစွာကိုလည်း ကျင့်ကြံထားသေးသည်။ ရှေးဟောင်းနတ်ဘုရား ကိုယ်ပွားသုံးဆယ်ဖြင့် တတ်မြောက်ထားသည့် တာအိုနှင့် ကောင်းကင်နတ်သိုင်းတို့မှာလည်း ထပ်နေလိမ့်မည် မဟုတ်ပေ။

ကောင်းကင်နတ်အရှင်ယွင်ဖြစ်စေ၊ ရှန့်ကျွင်းဖြစ်စေ လင်းကွမ်ခန်းမသခင်၏ ရှေးဟောင်းနတ်ဘုရားကိုယ်ပွား ကျင့်ကြံထားသော မဟာတာအိုနှင့် ကောင်းကင်နတ်သိုင်းကို အချိန်တိုအတွင်း စစ်ဆေးအတည်ပြု၍ သတ်ဖြတ်နိုင်ရန် ခက်ခဲပေလိမ့်မည်။

ဤကမ္ဘာလောကတွင် အမြန်ဆုံးပုဂ္ဂိုလ်က တာအိုမီးတောက် ဘိုးဘေးနယ်မြေကို ထိန်းချုပ်သည့် ‌တောင်နတ်မင်းကျုချွဲ ဖြစ်သည်။ သို့သော် ယခုတွင် တောင်နတ်မင်းမှာ ရှေးဟောင်းနတ်ဘုရားတစ်ပါး မဟုတ်တော့သည့်အပြင် တာအိုမီးတောက် ဘိုးဘေးနယ်မြေကလည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ထိန်းချုပ်မှုအောက်သို့ ရောက်နေ၏။

ကောင်းကင်နတ်အရှင်ယွဲ့၏ အန္တိမဟင်းလင်းပြင်မှာလည်း မမြန်ပေ။ နေရာဟင်းလင်းပြင် ပုံပျက်မှုကြောင့် အလွန်တရာ မြန်သည်ဟု ထင်မှတ်ကြခြင်းဖြစ်သည်။

တတိယအမြန်ဆုံး လူက ထော့ကျိုး ဖြစ်သည်။ သူသည် မြန်လွန်းသည့်အတွက် နေရာဟင်းလင်းပြင်ကိုပင် လျစ်လျူရှုထားနိုင်၏။

နောက်တစ်ခုက နေရာရွှေ့ပြောင်းကောင်းကင်မုခ်၀နှင့် ကမ္ဘာလောကအမျိုးမျိုးသို့ ပို့ဆောင်ပေးသည့် စွမ်းအင်အကူးအပြောင်းတံတား ဖြစ်သည်။

ချင်မူကား အမျိုးမျိုးသော တက္ကသိုလ်များ၏ စွမ်းရည်ကို ပိုင်ဆိုင်ထားသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်၏။ စွမ်းအင်အကူးအပြောင်းတံတားမှာလည်း သူ ငယ်ရွယ်စဉ်တုန်းက ကျားနက်နတ်မင်းနှင့်အတူ ဖန်တီးခဲ့ခြင်း မဟုတ်လော။

ထို့ကြောင့် သူတစ်ယောက်တည်းသာ လင်းကွမ်ခန်းမသခင်၏ ရှေးဟောင်းနတ်ဘုရားကိုယ်ပွားသုံးဆယ်ကို တားဆီးနိုင်မည့် အခွင့်အရေး ရှိ၏။ သို့ထိတိုင် ထိုသို့တားဆီးကယ်ဆယ်မှုက ကျရှုံးနိုင်ချေလည်း ရှိသည်။

ကောင်းကင်နတ်အရှင်ယွင် ရွှင်ပျော်ပျော်ကျေးရွာ၏ ပတ်ပတ်လည်ရှိ စစ်မြေပြင်တို့အား အကဲခတ်နေစဉ်မှာပင် ထိုစစ်မြေပြင်များတွင် အလွန်ပြင်းထန်သည့် ကောင်းကင်နတ်သိုင်း ပုံပျက်လှိုင်းများက လျင်မြန်စွာ ဆက်တိုက်ဖြ စ်ပေါ်လာသည်။ အကြိမ်ရေ စုစုပေါင်း ရှစ်ကြိမ် ရှိ၏။

တိုတောင်းလှသည့် ကောင်းကင်နတ်သိုင်းပုံပျက်လှိုင်းများ ရှစ်ကြိမ် ဖြစ်ပေါ်လာခြင်းက ကြီးမားကျယ်ပြောသည့် စစ်မြေပြင်တွင် မသိသာသော်လည်း ကောင်းကင်နတ်အရှင်အဆင့် သိုင်းပညာရှင်များကိုတော့ အတော်လေး အံ့အားသင့်သွားစေသည်။ ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်များပင်လျှင် ထိုလှိုင်းများထဲ၌ ပါဝင်သည့် ကြောက်မက်ဖွယ်ရာ စွမ်းအားပမာဏကို အာရုံမခံနိုင်သော်လည်း ကောင်းကင်နတ်အရှင်များအတွက်တော့ အလွန်တရာ ကြောက်စရာကောင်းလွန်း၏။

ကောင်းကင်နတ်အရှင်ယွဲ့၊ လန်ဝူ၊ ကောင်းကင်နတ်အရှင်ရုံ၊ ထိုက်ရှီနှင့် လန်ယွီတျန်းတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့အားလုံး စစ်မြေပြင်ကို အာရုံစူးစိုက်လိုက်ကြ၏။ တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်ဘုံဘက်တွင် ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါး၊ ရှေးဟောင်းနတ်ဘုရားဘုရင်၊ ကောင်းကင်နတ်အရှင်ရှု၊ သခင်မယွမ်မု၊ ကောင်းကင်နတ်ဧကရာဇ်ဟောင်နှင့် ထိုက်ချူတို့ကလည်း စစ်မြေပြင်ဆီသို့ လှမ်းကြည့်လိုက်ကြမိသည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ သခင်လေးနှစ်၏ ထိန်းချုပ်ခြင်း ခံလိုက်ရသောကြောင့် အမျိုးသမီးတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။ သူမက စစ်မြေပြင်၏ အခြေအနေအား စပ်စပ်စုစု ကြည့်လိုက်သည်။

ကောင်းကင်နတ်သိုင်းရှစ်ခုကား မတူညီသော အရပ်မျက်နှာများမှ ထွက်ပေါ်လာခြင်း ဖြစ်ကာ စစ်မြေပြင်တို့အား ကိုယ်စားပြုသည်။ တန်ခိုးရှင်သစ်ခုတ်သမား ဦးဆောင်တိုက်ခိုက်နေသော ထိုက်ဧကရာဇ်ကောင်းကင်ဘုံနှင့် ကျန်စစ်မြေပြင်ခုနစ်ခုတို့ ဖြစ်သည်။ ကောင်းကင်နတ်သိုင်းရှစ်ချက်အနက် တစ်ချက်နှင့် တစ်ချက်အကြား ထွက်ပေါ်လာသည့်အချိန်က သိပ်မကွာပေ။ အသက်တစ်ရှိုက်သာ ရှိသည်။

အရပ်ရှစ်မျက်နှာမှ လာသော ကောင်းကင်နတ်သိုင်းရှစ်ချက်။

အသက်ရှစ်ရှိုက်။

ဖုန်များ ငြိမ်သက်သွားသည်။

ကောင်းကင်နတ်အရှင်ယွင်က ထိုရှစ်နေရာအား အဝေးမှ ကြည့်နေသည်။ ထူးဆန်းသော ရှေးဟောင်းနတ်ဘုရားရှစ်ပါး စစ်မြေပြင်၌ အတုံးအရုံး သေဆုံးနေကြသည်ကို တွေ့လိုက်ရ၏။ တန်ခိုးရှင်သစ်ခုတ်သမားအရှေ့ရှိ ရှေးဟောင်းနတ်ဘုရား၏ ခန္ဓာကိုယ်ကား လဲမကျသေးပေ။ သို့သော် တိမ်းစောင်းနေပြီး လဲကျလုဆဲဆဲ ဖြစ်နေ၏။

တန်ခိုးရှင်သစ်ခုတ်သမားနှင့် မနီးမဝေးတွင် နေရာရွှေ့ပြောင်းမုခ်၀နှင့် အန္တိမဟင်းလင်းပြင်ကောင်းကင်နတ်သိုင်းကြောင့် ဖြစ်ပေါ်လာသော အလင်းဓာတ်တစ်ခု ရှိနေသည်။ အလင်းတန်းထဲတွင် ‌ဧရာမခြေရာကြီးတစ်ခုလည်း ရှိ၏။ ထိုခြေရာမှာ ပျောက်ကွယ်မသွားသေးပေ။

“ကောင်းကင်နတ်အရှင်မူ”

ကောင်းကင်နတ်အရှင်ယွင်က မဖွင့်ဖောက်ရသေးသော အရက်အိုးအဖုံးကို ဖွင့်လိုက်သည်။ သူက ခေါင်းမော့ကာ သောက်ချလိုက်၏။

“ဒီဂုဏ်ပြုအရက်ကို ငါ အရင် သောက်လိုက်မယ်… အရင်ဆုံး ပြန်ရောက်တဲ့သူပဲ သောက်ရမယ်လို့ မင်း ပြောခဲ့တာနော်… မင်း ပြန်ရောက်တဲ့အခါကျ ပြောင်နေတဲ့ အရက်အိုးကို ကြည့်ပြီး ငါ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့တယ်လို့ အထင်မှားဖို့ မျှော်လင့်ပါတယ်”

သူက တစ်လုတ်တည်းဖြင့် သောက်ချလိုက်ပြီး နှုတ်ခမ်းထောင့်ကို သုတ်လိုက်သည်။ ထို့နောက် ပြုံးလိုက်လေသည်။ “မင်းက သိပ်ကို ဉာဏ်ကောင်းတယ်… အခြေအနေတွေကနေ ရုန်းထွက်တာမှာလည်း သိပ်တော်တယ်…. ဒီလှည့်ကွက်လေးကို မင်းဆီက ဖုံးကွယ်ထားလို့ မရမှာ သိပေမဲ့ မင်းကလည်း လူသားပဲလေ… ဘယ်လောက်ပဲ ဉာဏ်ကောင်းပါစေ မျှော်လင့်ချက်လေး ရှိရင်တောင်မှ အဲဒီမျှော်လင့်ချက်ကို ဆုပ်ကိုင်ထားပြီး ပိုကောင်းတဲ့အရာတွေကို တွေးမိလိမ့်မယ်”

သူက အရက်အိုးကို ချကာ ထိုက်ချင်းကောင်းကင်ဘုံမှ ဆင်းသက်လာသည်။ သူ လက်ဆန့်တန်းလိုက်သည့်အခါ ထိုက်ချူဧကရာဇ်ဓားက ပျံသန်းလာပြီး မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံကလည်း သူ၏ လှုပ်ရှားမှုများအတိုင်း လိုက်ပါလာ၏။

သူက ကောင်းကင်နတ်ဘုံစစ်စခန်းအထက်ရှိ ကောင်းကင်အား ကြည့်လိုက်သည်။ ထိုနေရာရှိ မဟာခြုံလွှမ်းကောင်းကင်ဘုံ နှစ်ခုမှာလည်း လှုပ်ရှားနေကြ၏။ ထိုက်ကျိရှေးဟောင်းနတ်ဘုရား၊ ရှေးဟောင်းနတ်ဘုရားဘုရင်၊ ကောင်းကင်နတ်အရှင်ရှုနှင့် အခြားသူများမှာလည်း တိုက်ခိုက်နေကြပြီဖြစ်သည်။ ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားမိစ္ဆာစစ်တပ်အားလုံး ရောက်လာတော့မည်။

သခင်မယွမ်မု၏ အဆုံးသတ်မြို့ပျက် ထွက်ပေါ်လာသည်ကိုပင် တွေ့မြင်လိုက်ရသည်။

ရှေးဟောင်းနတ်ဘုရားဘုရင်၏ ရွှမ်တုစစ်တပ်က ရွှင်ပျော်ပျော်ကျေးရွာအပေါ်မှ ပျံသန်း၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီသို့ ဦးတည်လာသည်။ ကမ္ဘာဦးဘုံ၏ ယိုတုတွင် မိစ္ဆာနတ်ဘုရားများက ဒီရေလှိုင်းများအလား ထွက်လာကြ၏။

ကောင်းကင်နတ်အရှင်ယွင်သည် အသက်ပြင်းပြင်းတစ်ရှိုက် ရှူသွင်းလိုက်ပြီး နတ်အလင်းတန်းများက သူ၏မျက်လုံးများမှတစ်ဆင့် အရပ်လေးမျက်နှာသို့ ဖြန့်ကျက်သွားသည်။ “သခင်လေးနှစ်၊ ကောင်းကင်နတ်‌ဧကရာဇ်ဟောင် မင်းတို့ ငါ့ကို ဘယ်တော့မှ မမေ့နိုင်အောင် လုပ်ပေးမယ်… ဒီတိုက်ပွဲရဲ့ အရိပ်က မင်းတို့ရဲ့ တာအိုနှလုံးသားထဲမှာ ထာဝရ ထင်ကျန်ခဲ့လိမ့်မယ်”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ တောင်ဘက်နယ်စပ်၊ ကျောက်စိမ်းကမ်းပါးတံခါး၀တွင်…

ချိဧကရာဇ်၊ မင်ဧကရာဇ်နှင့် တောင်နတ်မင်းတို့က ရုတ်တရက် ပေါ်လာသော ရှေးဟောင်းနတ်ဘုရားသုံးပါးကို တည်ကြည်လေးနက်သော မျက်နှာအမူအရာများဖြင့် ကြည့်နေကြသည်။ ထိုရှေးဟောင်းနတ်ဘုရားများသည် အထွတ်အထိပ်အခြေအနေတွင် ရှိခဲ့သော ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့ကဲ့သို့ အင်မတန် ကြောက်စရာကောင်းသော ခံစားချက်များကို ပေးစွမ်းနေ၏။ သို့သော် ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့မှာ သေဆုံးသွားခဲ့ကြ၍ ပြန်လည်မွေးဖွားလာပြီးနောက် နတ်ဘုရားတစ်ပိုင်းများဟုလည်း ခေါ်ဆို၍ရသည့် နတ်ဘုရားများ ဖြစ်လာကြသည်။

သူတို့အပြင် ဤကမ္ဘာလောက၌ ဤမျှအားကောင်းသည့် ရှေးဟောင်းနတ်ဘုရားများ ရှိနေသေးသည်လော။

တောင်နတ်မင်းကျုချွဲမှာ မျက်နှာအကြီးအကျယ် ပျက်နေပြီး အလောတကြီး ပြောသည်။ “ယန်အာ၊ ချင်ဝူ၊ ချီရှားယွီ စစ်တပ်တွေခေါ်ပြီး ဒီနေရာက ထွက်သွားကြတော့… ငါ သူတို့ကို အချိန်ဆွဲထားပေးမယ်”

သူမက ရှေ့သို့ တစ်ယောက်တည်း တက်သွား၍ ထူးဆန်းသော အသွင်အပြင်များဖြင့် ရှေးဟောင်းနတ်ဘုရားများကို မျက်နှာချင်းဆိုင်လိုက်သည်။ ထို့နောက် ပြန်လှည့်မကြည့်လာဘဲ မှာသည်။ “ယန်အာ၊ သမီး ပြန်ရောက်လို့ ပိုင်ယွီကျင့်နဲ့ တွေ့ခဲ့ရင် သူ နိုင်သွားပြီဆိုတာ ပြောလိုက်ပါ…. အမေ… အမေတော့ ပြန်လာနိုင်မှာ မဟုတ်လောက်ဘူး…. ချိဧကရာဇ်နဲ့ မင်ဧကရာဇ်တို့လည်း ထွက်သွားကြတော့”

ယန်အာ ဇဝေဇဝါဖြစ်နေသည်။ ချိဧကရာဇ်နှင့် မင်ဧကရာဇ်တို့က ခပ်တိုးတိုး သတိပေးသည်။ “မင်းသမီးယန်အာ၊ ကျုပ်တို့ ဒီနေရာက ထွက်သွားမှ ဖြစ်မယ်… သိပ်ကို အန္တရာယ်များလွန်းတယ်”

သူတို့နှစ်ယောက်သည် ချိမင်ခေတ်ကို နှစ်တစ်ထောင်ကျော် ထောက်ပံ့ပေးခဲ့သူများ မဟုတ်လော။ မင်ဧကရာဇ်က အလွန်ရက်စက်ကြမ်းကြုတ်သူ ဖြစ်ကာ ကောင်းကင်နတ်ဘုံကိုပင် တိုက်ခိုက်ရန် ကြံစည်ခဲ့ဖူးသည်။ မသေခဲ့လျှင် ချိဧကရာဇ်နှင့် မင်ဧကရာဇ်တို့သည် ကောင်းကင်နတ်အရှင်ဆယ်ပါးအဆင့်သို့ ရောက်နေလောက်ချေပြီ။

သူတို့၏ အမြင်အာရုံများက စူးရှပြတ်သားလွန်းသဖြင့် ထိုရှေးဟောင်းနတ်ဘုရားသုံးပါး၏ မူမမှန်ထူးကဲမှုများကို တမုဟုတ်ချင်း တွေ့မြင်နေကြရသည်။

ထိုအခိုက်အတန့်တွင် အသံတစ်သံ ထွက်ပေါ်လာသည်။ “ဘယ်တစ်ယောက်က ဇာမဏီနတ်မင်း ချီရှားယွီလဲ… ငါ တောင်ပင်လယ်မှာ လိုက်ရှာနေခဲ့တာ မတွေ့ခဲ့ဘူး… ဒီကို ရောက်နေတာပေါ့လေ.. ဇာမဏီနတ်မင်း၊ ငါက မီလော့နန်းတော်ရဲ့ ခန်းမသခင်တစ်ယောက်ပါ… တွေ့ရတာ ဝမ်းသာပါတယ်”

ဇာမဏီနတ်မင်းချီရှားယွီ လှည့်ကြည့်လိုက်ရာ သွေးတမျှ နီရဲနေသည့် ရှေးဟောင်းနတ်ဘုရားတစ်ပါးသည် တောင်ပင်လယ်ထံမှ လျှောက်လာသည်ကို တွေ့လိုက်ရ၏။ သူမ၏ မျက်လုံးထောင့်များ တွန့်သွားပြီး သံရှည်ဆွဲလျက် ဟိန်းဟောက်ကာ ခေါင်းကိုးလုံးဇာမဏီငှက်အဖြစ် ပြောင်းလဲ၍ တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။

“မစိုးရိမ်ပါနဲ့ မိတ်ဆွေလေး”

သွေးရောင်ရှေးဟောင်းနတ်ဘုရားက ပြုံးလိုက်သည်။ “ငါတို့နှစ်ယောက်ကြားက ကွာခြားမှုက ကြီးမားလွန်းတဲ့အတွက် မင်း နာကျင်မှုတောင် မခံစားလိုက်ရဘဲ အမြန်ဆုံး သေသွားမှာပါ… ကောင်းကင်နတ်ဧကရာဇ်ဟောင်က ငါ့ကို လွှတ်လိုက်တာ… မင်းကို သတ်ဖို့အပြင် သခင်လေးခုနစ် ပြန်အသက်သွင်းမပေးနိုင်အောင်လို့ မင်းရဲ့ ဝိညာဉ်ကိုလည်း ဖျက်စီးခိုင်းလိုက်သေးတယ်…. ငါ့အတွက်ကတော့ သိပ်ကို လွယ်ပါတယ်”

ရုတ်တရက် အသံတစ်သံက ရယ်မောလျက် မေးလိုက်ပြန်သည်။ “လူသားဧကရာဇ်ချင်ဝူရော ဒီမှာလား”

ပထမလူသားဧကရာဇ်က နာကျင်မှုကို တောင့်ခံထားရင်း အသံလာရာသို့ ကြည့်လိုက်သည်။ အစိမ်းရောင်မျက်နှာနှင့် အစွယ်များ ပိုင်ဆိုင်ထားသော ရှေးဟောင်းနတ်ဘုရားတစ်ပါးသည် ယိုတုတစ္ဆေဘုရင်အလား လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရ၏။ အစိမ်းရောင်မျက်နှာ ရှေးဟောင်းနတ်ဘုရားက သူ့မျက်နှာကို ကြည့်၍ ပြုံးကာ ပြောသည်။ “မင်းက လူသားဧကရာဇ်ချင်ဝူပေါ့လေ… ကောင်းတယ်… ငါ လမ်းတလျှောက်လုံး ရှာနေခဲ့တာ ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့တော့ ထင်မထားခဲ့ဘူး… ကောင်းကင်နတ်ဧကရာဇ်က မင်းကို သတ်ခိုင်းလိုက်တယ်”

ရွာလူကြီးနှင့် အခြားသူများက တိတ်ဆိတ်စွာ ထရပ်၍ ဒဏ်ရာအများဆုံး ရထားသော ပထမလူသားဧကရာဇ်ရှေ့တွင် ကာထားလိုက်ကြသည်။

“အားလုံးပဲ ဒီလောက်အထိ လုပ်ဖို့ မလိုပါဘူးကွာ”

ရှေးဟောင်းနတ်ဘုရားငါးပါးက တစ်ယောက်ကို တစ်ယောက် ကြည့်၍ ပြိုင်တူပြောလိုက်ကြ၏။ “မင်းတို့အားလုံးကို သတ်ဖို့က ငါ့အတွက် လွယ်ကူလွန်းတယ်… ဒါပေမဲ့ ကောင်းကင်နတ်ဧကရာဇ်ဟောင်က သတိထားလွန်းနေတာလေ…. မင်းတို့တစ်ယောက်ချင်းစီနဲ့ ရင်ဆိုင်ဖို့ ငါတို့ကိုယ်ပွား ငါးယောက်တောင် လွှတ်လိုက်တာ… တကယ်တော့ တစ်ယောက်တည်းနဲ့ဆို လုံလောက်နေပြီ… တာအိုမိတ်ဆွေ တောင်နတ်မင်း‌တောင် ထွက်ပြေးချင်ရင် ထွက်ပြေးနိုင်မှာ မဟုတ်ဘူး”

တောင်နတ်မင်းနှလုံးသားထဲရှိ တုန်လှုပ်မှုတို့က ပို၍ပင် ကြီးမားလာသည်။ သူမ၏ပတ်ပတ်လည်ရှိ တာအိုမီးတောက်တို့က အရှိန်အဟုန်ပြင်းစွာ လောင်ကျွမ်းလာပြီး သူမက ခပ်ပြတ်ပြတ် ပြော၏။ “ယန်အာ၊ ဒီနေ့ကစပြီး ပိုင်ယွီကျင့်က နင့်အမေပဲ… သွားတော့…”

သူမက ကောင်းကင်ပေါ် ပျံတက်လိုက်ရာ မီးငှက်ဝိညာဉ် ထွက်ပေါ်လာသည်။ တာအိုမီးတောက်တို့က နေရာဟင်းလင်းပြင်အား ပုံပျက်သွားစေပြီး ရှေးဟောင်းနတ်ဘုရားငါးပါးဆီသို့ ခမ်းနားတင့်တယ်သော အမူအရာဖြင့် ခုန်အုပ်လိုက်တော့၏။

ထူးဆန်းသော အသွင်အပြင်များဖြင့် ရှေးဟောင်းနတ်ဘုရားငါးပါးက တစ်ယောက်ကို တစ်ယောက် ကြည့်၍ ပြုံးလိုက်ကြသည်။ သူတို့က ခေါင်းရမ်းကြလေသည်။ “ကျွတ်.. သနားဖို့ကောင်းလိုက်တာ… မီးစာထဲ ဝင်တိုးနေတဲ့ ပိုးဖလံလေးလိုပါပဲလား… ကိုယ်တိုင်သာ သေရလိမ့်မယ်.. မီလော့နန်းတော်ရဲ့ မန္တန်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေက မင်းတို့ ရင်ဆိုင်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး”

ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ ပတ်ပတ်လည်ရှိ မဟာတာအိုတို့က မီးတောက်များအလား လောင်ကျွမ်းသွားပြီး သူက လက်မြှောက်ကာ တောင်နတ်မင်းကို ရင်ဆိုင်လိုက်သည်။ အလွန်တရာ ကြောင်မက်ဖွယ်ကောင်းသော ဖိအားကြီးတစ်ခု ထွက်ပေါ်လာ၏။ မီးငှက်ဝိညာဉ်ကြောင့် ပုံပျက်သွားသော နေရာဟင်းလင်းပြင်မှာ ချုပ်နှောင်ခံလိုက်ရပြီး သူမ၏ မှော်စွမ်းအင်မှာလည်း ထိန်းချုပ်ခံလိုက်ရသည်။ သူမသည် လေထဲတွင် ရပ်တန့်သွားတော့၏။

ရှေးဟောင်းနတ်ဘုရား၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော တာအိုမီးတောက်က သူမထက် ကျယ်ပြန့်လေးနက်ကာ ပို၍စွမ်းအားကြီးသည်။ ၎င်းက သူမကို တင်းကြပ်စွာ ချုပ်နှောင်ထားခြင်းကြောင့် မခုခံနိုင်‌တော့ပေ။

တောင်နတ်မင်း၏ နှလုံးသားမှာ တည်ငြိမ်အေးဆေးနေသည်။ သူမ၏ စိတ်ထဲတွင် နောက်ဆုံးအတွေးတစ်ခုသာ ကျန်တော့၏။ “အရူးမလေး… မြန်မြန် ပြေးပါတော့ဆိုနေ…”

ရှေးဟောင်းနတ်ဘုရားက ခပ်မဲ့မဲ့ ပြုံးကာ အသေသတ်တိုက်ကွက်အား ထုတ်လွှတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ကျန်ရှေးဟောင်းနတ်ဘုရားလေးပါးက ရှေ့သို့ တက်လာကြကာ ဇာမဏီနတ်မင်း၊ ချိဧကရာဇ်၊ မင်ဧကရာဇ်နှင့် ပထမလူသားဧကရာဇ်ဆီသို့ ဦးတည်သွားကြသည်။

ကျောက်စိမ်းကမ်းပါတံခါးဝတွင် အသက်ရှူရပ်စေနိုင်သော ထိတ်လန့်တုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်နေချေပြီ။ ထိုစဉ် ယန်အာက ကျယ်လောင်စွာ အော်ဟစ်၍ ခုန်အုပ်လိုက်သည်။

ဝုန်း…

နေရာဟင်းလင်းပြင် ကွဲထွက်လာသည်။ လက်သီးတစ်လုံးက တောင်နတ်မင်းကို သတ်ဖြတ်တော့မည့် ရှေးဟောင်းနတ်ဘုရား၏ နောက်စေ့ကို ဖောက်ထွက်သွားသည်။

ထိုလက်သီး၏ လက်ချောင်းငါးချောင်းက ပြန့်ကားလာပြီး မွေးရာပါမဟာတာအိုငါးရပ်ဖြစ်သည့် ထိုက်ယီ၊ ထိုက်ချူ၊ ထိုက်ရှီ၊ ထိုက်ကျိ၊ ထိုက်စုတို့အား ဖြန့်ကျက်လိုက်ကာ ရှေးဟောင်းနတ်ဘုရားအား အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားစေသည်။

ချင်မူ့ခန္ဓာကိုယ်က နေရာဟင်းလင်းပြင်မှ ပြေးထွက်လာပြီး ရှေးဟောင်းနတ်ဘုရားကို အမှုန့်ကြေသွားစေ၏။ အမှုန်များသည် လွင့်မျောပျောက်ကွယ်သွားသည့် ဖရိုဖရဲချီမျှင်များအဖြစ် ပြောင်းလဲသွားလေသည်။

လေထဲတွင် ရပ်တန့်နေခဲ့သည့် တောင်နတ်မင်း၏ အနီရောင်ဝတ်ရုံများက လေနှင့် အတူ လှုပ်ခါလာပြီး မီးတောက်များ တဟုန်းဟုန်း တောက်လောင်လာ၏။ သူမမှာ မယုံနိုင်စွာဖြင့် ဤမြင်ကွင်းကို ကြည့်နေလေသည်။

ချင်မူက မည်သည့်စကားမှ မပြောပေ။ သူ၏မျက်ခုံးနှစ်ဖက်ကြား၌ ‌ဒေါင်လိုက်မျက်လုံး ပွင့်လာပြီး နတ်အလင်းတန်းများသည် သူ၏မျက်လုံးများထဲမှ ဖြာထွက်ကာ နောက်ထပ်ရှေးဟောင်းနတ်ဘုရားတစ်ပါးကို ဖောက်ထွက်သွား၏။ သူ၏ညာလက်က ဓားသဖွယ် ပြုမူကာ ကောင်းကင်ကို ရွှမ်းခနဲ ခုတ်ပိုင်းလိုက်၏။

ထျန်းတု လောကဖန်ဆင်းဓား

ထိုခုတ်ပိုင်းချက်နှင့်အတူ တတိယမြောက်ရှေးဟောင်းနတ်ဘုရား ခန္ဓာကိုယ်မှာ နှစ်ခြမ်းကွဲသွားပြီး ကျောက်စိမ်းကမ်းပါးတံခါးဝတွင် မြောက်တက်သွားသော ကောင်းကင်ဘုံအဖြစ် ပြောင်းလဲကုန်၏။

ချင်မူက ဘက်လက်ကို မြှောက်၍ လက်ညှိုးထိုးလိုက်ရာ ကမ္ဘာဦးဖရိုဖရဲလက်ချောင်း ပေါက်ကွဲထွက်လာသည်။ ပထမလူသားဧကရာဇ်ဆီသို့ ယခုလေးတင် လျှောက်သွားနေသည့် ရှေးဟောင်းနတ်ဘုရားမှာ ခန္ဓာကိုယ်အား လက်ချောင်းဖြင့် ထိုးဖောက်ခံလိုက်ရသည့်အချိန်တွင် ထခုန်လိုက်မိ၏။ သူ့မှာ ကျောက်စိမ်းကမ်းပါးတံခါး၀ တောင်စွန်း၌ ပြေးစိုက်သွားသည်။

ချီရှားယွီထံ ပြေးဝင်လာနေသည့် ရှေးဟောင်းနတ်ဘုရားမှာ ဒေါသကြောင့် ပေါက်ကွဲတော့မည့်အလားပင်။ သူက ချာခနဲ လှည့်၍ တောင်ပင်လယ်ဆီ ထွက်ပြေးသွားသည်။

ချင်မူ ရှေ့သို့ ခြေတစ်လှမ်းတက်လိုက်ရာ ကျောက်စိမ်းကမ်းပါးတံခါး၀၌ ပေါက်ကွဲသံကြီး မြည်ဟည်းသွားသည်။ ဧရာမ အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်လာပြီး ပင်လယ်မျက်နှာပြင်မှာ နှစ်ခြမ်းကွဲသွား၍ ပင်လယ်ကြမ်းပြင်ကိုပင် မြင်လာရ၏။ လက်ချောင်းလေးနှစ်ချောင်း လှုပ်ရှားလိုက်ရုံဖြင့် ထွက်ပေါ်လာသည့် အဖျက်အဆီးစွမ်းအားတို့က အလွန်တရာ ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းနေတော့သည်။

တောင်ပင်လယ်မှ မိုင်ထောင်ချီကွာဝေးသော နေရာတစ်ခုတွင် ပင်လယ်မျက်နှာပြင်သည် ဂြိုဟ်တစ်လုံး ပြုတ်ကျလာသကဲ့သို့ ပေါက်ကွဲသွားသည်။ ဖြစ်ပေါ်လာသော ဆူနာမီလှိုင်းဂယက်များက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကမ်းခြေသို့ ဦးတည်လာနေ၏။

“သခင်လေးခုနစ်” တာအိုသံက တောင်ပင်လယ်အထက် ကောင်းကင်တွင် ပဲ့တင်ထပ်သွားသည်။

တောင်နတ်မင်း၊ ချိမင်ဧကရာဇ်နှင့် အခြားသူများ အသိစိတ်၀င်မလာခင် ချင်မူသည် ပြန်လည်ပျံသန်းလာပြီး ကျောက်စိမ်းကမ်းပါးတံခါး၀ဆီသို့ ပြေးသွားနေသည်ကို တွေ့လိုက်ရ၏။

သူ လက်နှစ်ဖက်လုံးဖြင့် ဖိချလိုက်ရာ ဆူနာမီလှိုင်းများ ပျောက်ကွယ်သွားသည်။ အလင်းရောင်များက သူ၏ခန္ဓာကိုယ်တွင် တဖျတ်ဖျတ် တောက်ပလာပြီးနောက် ကျောက်စိမ်းကမ်းပါးတံခါး၀နှင့် ၀င်မတိုက်ခင်မှာပင် ပျောက်ကွယ်သွားတော့သည်။

ကျောက်စိမ်းကမ်းပါးတံခါး၀တွင် ကျောက်တုံးများ၊ အုတ်ခဲများက မြို့မျှော်စင်ပေါ်မှ ပြိုကျနေသည်။ ချင်မူ ထိုးနှက်ခဲ့သော လူသားပုံသဏ္ဌာန် အပေါက်ကြီးတစ်ပေါက်လည်း ကျန်ရစ်ခဲ့သည်။

မြို့မျှော်စင်နံရံအတွင်း၌ ချင်မူ လက်ညှိုးဖြင့် ထိုးခဲ့သော ရှေးဟောင်းနတ်ဘုရားမှာ သေဆုံးနေကာ တဖြည်းဖြည်း လျှောကျလာသည်။ သူက ခေါင်းငိုက်စိုက်ကျလျက် မြေပေါ်တွင် ငုတ်တုတ်သေနေ၏။

ဖောင်း

အသံတစ်သံ ထွက်ပေါ်လာပြီး ရှေးဟောင်းနတ်ဘုရား၏ ခန္ဓာကိုယ်မှာ သဲမှုန်များကဲ့သို့ ဖောင်းခနဲ ပေါက်ကွဲသွားတော့သည်။ ၎င်းက ခရမ်းရောင်ချီလုံးတစ်လုံးအဖြစ် ပြောင်းလဲ၍ ဖြည်းဖြည်းချင်း မှေးမှိန်ပျောက်ကွယ်သွားလေသည်။

ယန်အာက တောင်နတ်မင်း၏ ဘေးသို့ ပျံလာပြီး သူမခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို ကပျာကယာ စစ်ဆေးကြည့်နေသည်။

တောင်နတ်မင်းမှာ ငေးကြောင်နေပြီး ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွား၏။ သူမက ချက်ချင်း ထပြောသည်။ “ယန်အာ၊ ပိုင်ယွီကျင့်က နင့်အမေ မဟုတ်ဘူးနော်.. နင်က ငါ့သမီးအရင်းပဲ… အဲဒီသူခိုးမကို နင့်အမေလို့ ခေါ်လို့ကတော့ ရိုက်သတ်ပစ်မယ်သာမှတ်”

All Chapters