← Chapters

လင်းကွမ်ခန်းမသခင်အား ခြောက်လှန့်ခြင်း

Vol. 132 Ch. 1703

လင်းကွမ်ခန်းမသခင်အား ခြောက်လှန့်ခြင်း

Vol. 132 Ch. 1703

“ဒီလင်းကွမ်ခန်းမသခင်က ဘယ်သူလဲ”

ကောင်းကင်ယင်နတ်ဘုရားမမှာ ဇဝေဇဝါဖြင့် ကျန်ခဲ့သည်။ လင်းကွမ်ခန်းမသခင်ဆိုသူကား ဗြုန်းစားကြီး ထွက်ပေါ်လာခဲ့၏။ အလွန်တရာ စွမ်းအားကြီး၍ ကြောက်စရာကောင်းသယောင် ထင်ရသော်လည်း ယခုတွင်တော့ ဆိုင်းမဆင့်ဗုံမဆင့် အရုပ်ကြိုးပျက် သေဆုံးသွားခဲ့ပြန်သည်။ သူမမှာ နားမလည်နိုင်တော့ပေ။ “ဒီပုဂ္ဂိုလ်က အတော်စွမ်းအားကြီးမယ့်ပုံပဲ…. သူ့ကို ဘယ်သူ သတ်သွားတာလဲ”

သို့သော် စစ်ဘေးက မျက်မှောက်တွင် ဖြစ်နေသည့်အတွက် ဤကိစ္စကို အမြန်ဘေးဖယ်ထားလိုက်ပြီး ကောင်းကင်ယင်ကမ္ဘာဆီသို့ ၀င်ရောက်လာကြသည့် နယ်စားစစ်တပ်အား ရင်ဆိုင်တိုက်ခိုက်တော့သည်။

ကောင်းကင်နတ်ဘုံ၏ နယ်စားမင်းခုနစ်ပါးသည် ရှေးအကျဆုံး ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်များထဲတွင် ပါဝင်၏။ နေရာအစားထိုးခံရခြင်း ရှားပါးသည့် ခုနစ်ပါးလည်း ဖြစ်သည်။ ကောင်းကင်နတ်ဘုံ၏ အကြီးအကဲ ခုနစ်ပါးလည်း ဖြစ်သလို နဂါးဟန်ခေတ်ကတည်းက ကောင်းကင်နတ်ဧကရာဇ်အတွက် အကျိုးအသယ်ပိုးခဲ့သည့် ၀န်မင်းများလည်း ဖြစ်ကြ၏။

နယ်စားခုနစ်ပါးသည် ပြည်ထဲရေး၊ စစ်ရေး၊ တရားစီရင်ရေး၊ ဖျက်စီးရေး၊ ပြစ်ဒဏ်ချမှတ်ရေး၊ ရေလမ်းချဲ့ထွင်ရေး၊ အချိန်စီမံရေး အစရှိသည့် ကောင်းကင်နတ်ဘုံ၏ ဌာန ခုနစ်ခုအား ချုပ်ကိုင်ကွပ်ကဲကြ၏။ အာဏာကြီးမားကြသူများ ဖြစ်သည်။ ဘိုးဘေးနန်းတော် နဂါးသွဲ့ရေကန် မပါလျှင်ပင် ဤနယ်စားခုနစ်ပါးအား အနိုင်ယူရန် မလွယ်လှပေ။

“ကောင်းကင်ယင်ကမ္ဘာ ကောင်းကင်နတ်ဘုံလက်ထဲ ဘယ်တော့မှ ရောက်လို့မဖြစ်ဘူး… မဟုတ်ရင် အနက်ရောင် ဝိညာဉ်သဲမှုန်တွေကို လွှတ်လိုက်ပြီး ဆာ‌လောင်နေတဲ့ တစ္ဆေတွေအဖြစ် ပြောင်းလဲပစ်လိုက်လိမ့်မယ်… ထာဝရငြိမ်းချမ်းရေးအင်ပါယာတစ်ခုလုံးနဲ့ ကမ္ဘာဦးဘုံတစ်ခုလုံးတောင်မှ အပျက်အစီးတွေ ဖြစ်သွားနိုင်တယ်”

ကောင်းကင်ယင်ကမ္ဘာစစ်ပွဲ စတင်ချေပြီ။

ရွှင်ပျော်ပျော်ကျေးရွာ၏ ထိုက်ချင်းကောင်းကင်ဘုံတွင် လန်ယွီတျန်းသည် သခင်ယွမ်မုဘေး၌ ပျင်းရိစွာထိုင်‌နေ၏။ သခင်မယွမ်မုမှာ ပြဿနာတစ်ခုဖြစ်နေသည့်ပုံပင်။ စောစောက ရယ်မောလျက် သူ့ကို စကားပြောနေခဲ့သော်လည်း ရုတ်တရက် ကြောင်အသွားပြီး အချိန်အတော်ကြာလာသည်အထိ မလှုပ်ရှားခဲ့ပေ။

တခဏကြာပြီးနောက် သခင်မယွမ်မုက ပြန်လည်နိုးထလာပြီး စကားဆက်ပြောနေ၏။ သူမက တခစ်ခစ် ရယ်ကာ ပြောသည်။ “ချောမောပြီး ရဲစွမ်းသတ္တိ ရှိခဲ့တဲ့ ကောင်းကင်နတ်အရှင်ယွီက ဒီလိုဖက်တီးပုတ်လေး ဖြစ်နေလိမ့်မယ်လို့ ဘယ်သူကများ ထင်ထားမှာလဲ… ငါ့အစ်မတော့ နင့်ကို မြင်ရင် အတော်လေး ဝမ်းနည်းနေတော့မယ်”

လန်ယွီတျန်းမှာ ခေါင်းမော့လိုက်ပြီး စိတ်ပျက်လက်ပျက် မျက်လုံးဝေ့လိုက်သည်။ သူက လက်ထဲရှိ ကျောက်တုံးလေးတစ်လုံးကို ပစ်ပေါက်ကာ ပြော၏။ “ခင်ဗျားက မပါးနပ်တော့ဘူး သခင်မယွမ်မု… ခင်ဗျား အလစ်တိုက်ခံလိုက်ရပြီ”

သခင်ယွမ်မုက သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။ “ငါ့ကို တစ်ယောက်ယောက်က အလစ်တိုက်ခဲ့တာလား… ဘာလို့ ငါ မသိရတာလဲ..”

“ခင်ဗျားက အမြဲ သတိမထားဘူးလေ…သတိမထားပါများတော့ လုံး၀ သတိ မရှိတော့ဘူး”

လန်ယွီတျန်းက တည်ကြည်လေးနက်စွာ ရှင်းပြသည်။ “ခင်ဗျား အခုလေးတင် ကျွန်တော့်ကို လာရှာခဲ့တုန်းက အချိန်တိုလေးအတွင်း သတိနှစ်ခါတောင် လွတ်သွားခဲ့တယ်…. သတိလွတ်တဲ့ အချိန်တိုင်းက တိုတောင်းလွန်းတယ်… တအောင့်လောက် ကြာရင်တော့ ခင်ဗျား ပြန်နိုးလာတယ်..”

သခင်ယွမ်မု မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်မိသည်။ သတိလွတ်သွားသည်ကို သူမ လုံး၀မခံစားမိပေ။

လန်ယွီတျန်းက မေးစေ့ပွတ်ကာ တွေးနေ၏။ “တစ်ယောက်ယောက်ရဲ့ မှော်စွမ်းအင်နဲ့ တိုက်ခိုက်ခံခဲ့ရတာ ဖြစ်လိမ့်မယ်… ကျွန်တော် ခင်ဗျားကို သတ်ချင်ရင် သတ်လို့ရတယ်… ဒါပေမဲ့ ခင်ဗျားရဲ့ ခန္ဓာကိုယ်ထဲမှာ ချိပ်ပိတ်ခံထားရတဲ့ ထူးဆန်းတဲ့ စွမ်းအားတစ်ခုကိုလည်း ခံစားနေရတယ်…. ခင်ဗျားကို သတ်လိုက်ရင် အဲ့ဒီစွမ်းအားကို လွှတ်ပေးလိုက်သလို ဖြစ်မှာ… အဲ့အချိန်ကျ ခင်ဗျားကို သေချာပေါက် အနိုင်ယူနိုင်တော့မှာ မဟုတ်ဘူး… ဝိုင်းတိုက်ခိုက်ကြရင်တောင်မှ ခင်ဗျားကို အနိုင်ယူနိုင်မယ်မထင်ဘူး”

သခင်မယွမ်မုသည် ချက်ချင်းဆိုသလို မျက်နှာအမူအအရာ စူးရှခက်ထန်သွားပြီး မြေပေါ်တွင် ထိုင်နေသော သူ့အား တိုက်ခိုက်ရန်ပြင်လိုက်သည်။ လန်ယွီတျန်းက ပြော၏။ “ခင်ဗျားမှာ အသတ်အဖြတ်စိတ်ဆန္ဒ ပေါ်လာတာနဲ့ သတိလွတ်သွားတယ်… ကြည့်ရတာ ကျွန်တော့်အစ်ကိုကြီးရဲ့ ဘဝပြန်ဝင်စားခြင်းကောင်းကင်နတ်သိုင်းနဲ့ တိုက်ခိုက်ခံရတာ ဖြစ်လိမ့်မယ်… အသတ်အဖြတ်စိတ်ဆန္ဒ ပေါ်လာတိုင်း ဘဝပြန်ဝင်စားလိမ့်မယ်… ကျွန်တော် မှန်းတာ မှန်သလားတော့ မသိဘူး”

သူက မော့ကြည့်လိုက်သည်။ သခင်မယွမ်မု၏ မျက်လုံးများမှာ စူးရှစွာ တောက်ပသွားသော်လည်း ထိုနေရာ၌သာ ငေးကြောင်လျက် မလှုပ်မယှက် ရပ်နေသည်။ သိသိသာသာပင် သူမသည် နောက်တစ်ကြိမ် သတိလွတ်သွားခဲ့လေပြီ။

“မှန်လား မမှန်လား ခင်ဗျားရဲ့ အသိစိတ်ထဲ ဝင်ကြည့်လိုက်ရင် သိမှာပဲ”

လန်ယွီတျန်း၏ အသိစိတ်အလျဉ်က လှိုင်းထသွားသည်။ ၎င်းက ဝှစ်ခနဲ သခင်မယွမ်မု၏ အသိစိတ်ထဲ ဝင်ရောက်သွားတော့၏။ တစ်ခဏကြာသော် သူသည် သခင်မယွမ်မု၏ စိတ်ထဲသို့ ရောက်ရှိလာခဲ့သည်။ ဟိုဟိုသည်သည် ကြည့်လိုက်ရာ သူ့မှာ အံ့အားသင့်သွားမိ၏။

သခင်မယွမ်မုသည် သူထင်ထားသည့်အတိုင်း အသတ်အဖြတ်စိတ်ဆန္ဒ တစ်ခါထွက်ပေါ်လာလျှင် တစ်ကြိမ် ဘဝပြန်လည်ဝင်စားခြင်း မဟုတ်ပေ။ ထိုအစား အကြိမ်ပေါင်း ၉၆၀ ဘဝပြန်ဝင်စားခြင်း ဖြစ်သည်။

ထိုမျှသာမက သခင်မယွမ်မု အတွေးပင်လယ်၏ အနက်ရှိုင်းဆုံးနေရာတွင် ကောင်းကင်နတ်ဧကရီ၏ အသိစိတ် ပုန်းခိုနေသည်ကို တွေ့လိုက်ရသည်။ ၎င်းက မည်းမှောင်နေသည့် တွင်းနက်ကြီးတစ်ခုအလား ပင်လယ်အောက်တွင် ပုန်းခိုနေပြီး အဆက်မပြတ် ပြန့်ကားလာနေ၏။

သူ အာရုံခံမိသည့် အန္တရာယ်က ဤသည်မှ လာခြင်းဖြ စ်လေသည်။

သူ ယွမ်မုကို သတ်လိုက်ပါက ကောင်းကင်နတ်ဧကရီ လွတ်မြောက်လာမည်ဖြစ်ပြီး ဖိနှိပ်ထားနိုင်တော့မည် မဟုတ်ပေ။

ထို့ကြောင့် ယွမ်မု လှုပ်ရှားလာ၍ မဖြစ်ပေ။ မဟုတ်ပါက ကောင်းကင်နတ်ဧကရီ လွတ်မြောက်လာလိမ့်မည်။

ယွမ်မုမှာ ကောင်းကင်နတ်ဧကရီကို ဖိနှိပ်ရန် တစ်စုံတစ်ယောက်ဖန်တီးထားခဲ့သည့် လက်နက် ဖြစ်နေ၏။

ဖန်တီးခဲ့သည့်ပုဂ္ဂိုလ်က သေချာပေါက် ချင်မူပင်။

သခင်မယွမ်မု အကြိမ်ကြိမ် ဘဝပြန်ဝင်စားနေရသည့် အကြောင်းအရင်းက ကောင်းကင်နတ်ဧကရီသည် သန်မာလွန်းသောကြောင့် ချင်မူအနေဖြင့် သူမအား အပြည့်အဝ မဖိနှိပ်နိုင်ပေ။ ဘဝပြန်ဝင်စားခြင်းကောင်းကင်နတ်သိုင်းတွင် ပြစ်ချက်တစ်ခု ပေါ်လာခဲ့၏။

လန်ယွီတျန်းက သူ၏အသိစိတ်အလျဉ်ကို ပြန်လည်ရုတ်သိမ်းကာ မျက်လုံးဖွင့်လာသည်။ တခဏကြာသော် သူက ရေရွတ်လိုက်၏။ “ငါ့အစ်ကိုကြီးက တကယ် ရက်စက်တာပဲ…. သူ့ရဲ့ ဘဝပြန်၀င်စားခြင်းကောင်းကင်နတ်သိုင်းက နားမလည်နိုင်တဲ့ အဆင့်တစ်ခုအထိ ရောက်နေပြီ… ငါ နားမလည်နိုင်ဘူး”

သခင်မယွမ်မုမှာ သူ့အတွက် အန္တရာယ်မဟုတ်သော်လည်း ချင်မူ ထားခဲ့သည့် ဘဝပြန်ဝင်စားခြင်းကောင်းကင်နတ်သိုင်းမှာ ကောင်းကင်နတ်ဧကရီ၏ ဖျက်ဆီးခြင်းအား အနှေးနှင့်အမြန် ခံရပေလိမ့်မည်။ ထိုအချိန်တွင် ကောင်းကင်နတ်ဧကရီသည် သခင်ယွမ်မုနှင့် အပြည့်အဝ ပေါင်းစည်းသွားပြီး အစစ်အမှန် အဆုံးသတ်မြို့ပျက်နတ်ဘုရားမ ဖြစ်လာကာ ရှိသမျှသူတိုင်းကို သတ်ဖြတ်လိမ့်မည်။ ဤသည်က အလွန်တရာ အန္တရာယ်များ၏။

လန်ယွီတျန်းက မေးစေ့ကို ကိုင်လျက် တွေးနေပြန်သည်။ “ဒါပေမဲ့ အစ်ကိုကြီးက ကောင်းကင်နတ်ဧကရီကို အကောက်ကြံပြီး ပိတ်မိနေအောင် လုပ်နိုင်ခဲ့တယ်… သူ ပိတ်မိနေတိုင်း ငါ ဘေးကင်းတယ်…. ဒါဆို ကောင်းကင်နတ်ဧကရီရဲ့ ခန္ဓာကိုယ်ထဲမှာ တခြားကောင်းကင်နတ်သိုင်းတွေ ထည့်ဖို့ စဉ်းစားကြည့်ရင်ရော…. အနာဂတ်မှာ ကောင်းကင်နတ်ဧကရီ လွတ်လာရင်တောင်မှ အဲ့လောက် အန္တရာယ်များတော့မှာ မဟုတ်ဘူး…”

သူက အပြင်းအထန် တွေးတောစဉ်းစားနေ၏။ ထိုက်ချင်းကောင်းကင်ဘုံသည် အေးချမ်းသာယာသော ကောင်းကင်ဘုံဆိုသည့်နာမည်အတိုင်း အင်မအတန် အေးချမ်းနေသည်။ ထိုစဉ် ရွှင်ပျော်ပျော်ကျေးရွာရှိ တခြားကောင်းကင်ဘုံတွင်တော့ သူသေကိုယ်သေ အသည်းအသန်တိုက်ခိုက်နေကြ၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် ရွှင်ပျော်ပျော်ကျေးရွာဖြင့် ထပ်နေသော ကမ္ဘာဦးဘုံယိုတုတွင် ကောင်းကင်နတ်အရှင်ရုံက ကောင်းကင်နတ်အရှင်ရှုနှင့် တိုက်ခိုက်နေသည်။ ဤတိုက်ပွဲကလည်း မှန်းဆမရအောင် ပြင်းထန်၏။

ဖုန်းတုမှာ တောင့်ခံမထားနိုင်တော့ပေ။ ယမမင်းသည် ဖုန်းတု၏ နတ်ဘုရားမိစ္ဆာများကို ဦးဆောင်၍ ယိုတုသားရဲများ မိစ္ဆာများကို တိုက်ခိုက်နေသည်။ ၎င်းတို့သည် ဖုန်းတုနတ်ဘုရားမြို့များအထိ တိုက်ခိုက်လာခဲ့ပြီ ဖြစ်၏။ ယမမင်းက နတ်ဘုရားမြို့အတော်များများကို စွန့်ခွာ၍ ရှစ်ခုမြောက် နတ်ဘုရားမြို့အား အသက်နှင့် လဲကာ ခုခံကာကွယ်နေသည်။ ဖုန်းတုတွင်တော့ နတ်ဘုရားမြို့ကိုးမြို့သာ ကျန်ရစ်တော့၏။

ရှစ်ခုမြောက် နတ်ဘုရားမြို့မှာလည်း အန္တရာယ် ကျရောက်နေသည်။ မရေမတွက်နိုင်သော ယိုတုမိစ္ဆာများ၏ တိုက်ခိုက်မှုအောက်တွင် နတ်ဘုရားမြို့မှာ အပေါက်များဖြင့် ပြည့်နေပြီဖြစ်၏။ မြေပြင်ပေါ်ရှိတိုက်ပွဲများကလည်း သူမသာကိုယ်မသာ အခြေအနေသို့ ရောက်နေလေသည်။

ပို၍ များပြားသော မိစ္ဆာများ ရောက်လာသည်နှင့်အမျှ ယမမင်းမှာ ရှစ်ခုမြောက် နတ်ဘုရားမြို့ကို လက်လွှတ်လိုက်ရုံမှတပါး ရွေးချယ်စရာ မရှိခဲ့ပေ။

ဤအခိုက်အတန့်တွင် ကောင်းကင်နတ်မင်းတျန်းရှုက မိစ္ဆာနတ်ဘုရားများစွာ ဦးဆောင်လျက် ယိုတုသို့ ဦးတည်လာကာ သူ့အား ကူညီပေးသည်။ ဤသည်က ဖုန်းတုအပေါ် ကျရောက်နေသည့် ဖိအားကို ယာယီ လျေ့ာကျစေရန် ဖြစ်၏။

စစ်မြေပြင်၏ အခြားတစ်ဖက်တွင် ကောင်းကင်နတ်အရှင်ရုံသည် လူငယ်လေးအသွင်ဖြင့် ရှိနေပြီး သေခြင်းရှင်ခြင်းစာအုပ်ကို ဆင့်ခေါ်လိုက်သည်။ သူက လက်ထဲတွင် မီးအိမ်တစ်လုံး ကိုင်ထားပြီး စက္ကူလှေတစ်စင်းအပေါ် တက်ကာ လက်ထဲတွင် ယိုတုကြာပွတ်ကိုင်ထားသည့် ကောင်းကင်နတ်အရှင်ရှုအား တိုက်ခိုက်နေသည်။

သူတို့နှစ်ယောက်လုံးသည် ကြီးမားကျယ်ပြန့်သော မူလဝိညာဉ်များကြောင့် နာမည်ကျော်ကြားကြ၏။ အဆုံးမရှိသော ကမ္ဘာဦးဘုံယိုတုထဲတွင် တစ်ယောက်ကိုတစ်ယောက် အားကုန်တိုက်ခိုက်နေကြ၏။ ကြာပွတ်၊ ယိုတုမြစ်၊ သေခြင်းရှင်ခြင်းစာအုပ်၏ ရွှေရောင်အလင်းတန်းနှင့် မီးအိမ်တို့က လေထဲတွင် ကခုန်နေကြသည်။ သူတို့ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း တောင်တန်းမြစ်ချောင်းများကို ကျော်ဖြတ်သွားကြလေသည်။

ကောင်းကင်နတ်အရှင်ရုံ၏ မူလဝိညာဉ်က အနည်းငယ် ပို၍သန်မာသည်။ ဤနှစ်များအတွင်း သူသည် ခွန်အားကို အထွတ်အထိပ်အခြေအနေ ရေုာက်အောင် ကြိုးစားခဲ့ပြီး မူလဝိညာဉ်ဖြင့် တာအိုရနိုင်ရန် မျှော်မှန်းခဲ့သည်။ သူ့မူလဝိညာဉ်၏ စွမ်းအားတို့က တဖြည်းဖြည်း တိုးတက်လာခဲ့၏။

သို့သော် ကောင်းကင်နတ်အရှင်ရှုကတော့ သူမ၏ ရုပ်ခန္ဓာသန်မာမှုကို အခွင့်ကောင်းယူထားသည်။ ထို့အပြင် မြေအောက်ဘုံအရှင်သခင်၏ ခန္ဓာကိုယ်ကို သန့်စင်ပြီးနောက် သူမ၏ မှော်စွမ်းအင်တို့မှာ တဟုန်ထိုး တိုးတက်လာခဲ့၏။ ထိုအပြင် လင်းကွမ်ခန်းမသခင်က ဆယ်နှစ်ကျော် သင်ကြားပြသပေးခဲ့သောကြောင့် နားလည်မှုတို့လည်း မြင့်မားလာခဲ့သည်။

သူတို့နှစ်ယောက်ကြားရှိ တိုက်ပွဲကား စိတ်လှုပ်ရှားစရာ ကောင်းသည်။ ယိုတု၏ တာအိုမှာ ထူးဆန်းပြီး သစ္စာမဲ့ခြင်းကြောင့် နာမည်ကျော်ကြားသည်။ သူတို့၏ လက်ထဲတွင် ယိုတု၏ ထူးဆန်းမှုတို့ အပြည့်အဝ ခင်းကျင်းပြသခံနေရ၏။

သူတို့နှစ်ယောက်သား တိုက်ခိုက်သတ်ဖြတ်ရင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကုန်းတွင်းပိုင်းဆီသို့ ရောက်လာခဲ့ကြသည်။ အဝေးမှ လှမ်းကြည့်လျှင် အလွန်တရာကြီးမားသော ကောင်းကင်လှည်းဘီးကြီးတစ်ခုက ဧရာမလူရိပ်ကြီး၏ ပတ်ပတ်လည်တွင် လှည့်ပတ်နေသည်ကို တွေ့ရနိုင်၏။ ထိုသူကား ချင်ဖုန်းကျင့်ပင် ဖြစ်ချေသည်။

မြေအောက်ဘုံအရှင်သခင်ငယ်လေး ချင်ဖုန်းကျင့်သည် မျက်လုံးများမှိတ်၍ သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးကို ဖွင့်ကာ ကမ္ဘာဦးယိုတုအား မပျက်စီးအောင် ထိန်းသိမ်းထား၏။

သူ ကမ္ဘာဦးဘုံယိုတုကို မထိန်းသိမ်းထားပါက ယိုတုမှ နတ်ဘုရားမိစ္ဆာများသည် ကမ္ဘာဦးဘုံယိုတုသို့ ကျူးကျော်လာမည် မဟုတ်ဘဲ သက်ရှိလောကနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ဝင်ရောက်သွားကြလိမ့်မည်။။ ဤသည်က သွေးချောင်းစီးသွားစေနိုင်သည်။

သူက လက်ခြောက်ဖက်ကို ဆန့်တန်းထားရာ ကောင်းကင်လှည်းဘီးခြောက်ခုက သူ၏ပတ်ပတ်လည်၌ လှည့်ပတ်နေသည်။ သူ၏အကြည့် ကောင်းကင်လှည်းဘီးများအပေါ်၌ ဖြာကျသွားသည့်အခါ လှည်းဘီးတို့အပေါ်ရှိ ခမ်းနားသော သင်္ကေတများနှင့် အမှတ်အသားများသည် အဆက်မပြတ် ပြောင်းလဲ၍ ကမ္ဘာဦးဘုံမှ ယိုတုမဟာတာအိုကို ပြောင်းလဲလာစေ၏။

ထူးဆန်းသော တာအိုသံများ ကောင်းကင်လှည်းဘီးများထံမှ ထွက်ပေါ်လာသည့်အချိန်တွင် ရွှင်ပျော်ပျော်ကျေးရွာပတ်ပတ်လည်ရှိ စစ်မြေပြင်များတွင် သေဆုံးသွားခဲ့သော နတ်ဘုရားမိစ္ဆာတို့၏ ဝိညာဉ်များမှာ ကောင်းကင်လှည်းဘီး ခြောက်ခုထံသို့ ဆွဲယူခံလိုက်ရသည်။

အခြားကမ္ဘာလောကများတွင် ကောင်းကင်လှည်းဘီးခြောက်ခု၏ သက်ရောက်မှုအား ခံစားလိုက်ရသည်။

ကောင်းကင်နတ်အရှင်ရှုမှာ ချင်ဖုန်းကျင့်ကို မြင်လျှင် တုန်လှုပ်သွား၏။ သူမက ယိုတုမြစ်ကြာပွတ်ကို ခါရမ်းလိုက်ရာ ယိုတုမြစ်က ကောင်းကင်လှည်းဘီးခြောက်ခု အလယ်ဗဟိုရှိ ချင်ဖုန်းကျင့်ထံ ပြေးဝင်သွားတော့သည်။

ချင်ဖုန်းကျင့်သာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရပြီး ခန္ဓာပျက်စီးသွားသရွေ့ ကမ္ဘာဦးဘုံယိုတုသည် ပျက်ဆီးပျောက်ကွယ်သွားပေလိမ့်မည်။ ကမ္ဘာဦးဘုံယိုတု ပျောက်ကွယ်သွားသည်နှင့် ယိုတုမိစ္ဆာနတ်ဘုရားများအနေဖြင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ တိုက်ရိုက်ဝင်ရောက်ကာ ထာဝရငြိမ်းချမ်းရေးအင်ပါယာအား ကမ္ဘာမြေထက်က ငရဲအဖြစ် ပြောင်းလဲနိုင်လိမ့်မည်။

“စိတ်တောင် မကူးနဲ့”

ကောင်းကင်နတ်အရှင်ရုံက ယိုတုကြာပွတ်ရှေ့၌ ကာလိုက်သည်။ သူ၏ရုပ်ခန္ဓာမှာ ယိုတုကြာပွတ်ကြောင့် ပြိုကွဲသွားပြီး အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသည့် ကောင်းကင်နတ်အရှင်ငယ်များအဖြစ် ပြောင်းလဲသွားသည်။ သူ၏မူလဝိညာဉ်ကတော့ ခုန်ထွက်လာပြီး ကောင်းကင်နတ်အရှင်ရှု၏ မူလဝိညာဉ်ကို လက်ဖ၀ါးတစ်ချက်ဖြင့် ခန္ဓာကိုယ်ထဲမှ တွန်းထုတ်လိုက်၏။

သူတို့နှစ်ယောက်သည် အချိန်တိုအတွင်း တစ်ယောက်ကို တစ်ယောက် မည်သို့မှမလုပ်နိုင်ကြချေ။ ဗျူဟာကိုသာ ထိန်းထားရင်း တစ်ယောက်ကိုတစ်ယောက် သတိကြီးစွာကြည့်နေကြသည်။

ရုတ်တရက် မိစ္ဆာချီတို့ ထွက်ပေါ်လာသည်။ ကျွဲဦးခေါင်းနှင့် လူသားခန္ဓာကိုယ် ရှိသော မိစ္ဆာနတ်ဘုရားတစ်ပါးက ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။ သူက ကမ္ဘာဦးဘုံယိုတုမှ ချင်းဖုန်းကျင့်အရှေ့သို့ ဘုတ်ခနဲ သက်ဆင်းလိုက်လေသည်။

မိစ္ဆာနတ်ဘုရားသည် မြေအောက်ဘုံအရှင်သခင်နှင့် တူသော်လည်း အနည်းငယ် ကွာခြား၏။ သို့သော် သူ၏မျက်ခုံးနှစ်ဖက်ကြားတွင် ဒေါင်လိုက်မျက်လုံး ရှိနေ၏။ သူက ပတ်ဝန်းကျင်အား အကဲခတ်ပြီးနောက် ကောင်းကင်လှည်းဘီးခြောက်ခု၏ အလယ်ဗဟိုရှိ ချင်ဖုန်းကျင့်ပေါ်သို့ အကြည့် ကျရောက်သွားသည်။ “တာအိုမိတ်ဆွေချင်ဖုန်းကျင့်၊ လင်းကွမ်ခန်းမသခင် နှုတ်ဆက်ပါတယ်”

ဝုန်း…

မြေအောက်ဘုံအရှင်သခင် ရှေးဟောင်းနတ်ဘုရားမှာ ပေါက်ကွဲသွားသည်။။

ဤအခိုက်အတန့်တွင် ကောင်းကင်တာအိုစွမ်းအားလှိုင်းများ ထလာသဖြင့် ကောင်းကင်နတ်အရှင်ရုံနှင့် ကောင်းကင်နတ်အရှင်ရှုတို့ ဇဝေဇဝါဖြစ်သွားကြသည်။ ဆင်းသက်လာခဲ့သော မြေအောက်ဘုံအရှင်သခင် ရှေးဟောင်းနတ်ဘုရားကား အလွန်တရာ စွမ်းအားကြီးသည်။ သို့သော် ရောက်ရောက်ချင်းမှာပင် ကြောက်မက်ဖွယ် စွမ်းအားတစ်ခုဖြင့် တိုက်ခိုက်ခံလိုက်ရပြီးနောက် ကောင်းကင်တာအိုစွမ်းအားဖြင့် ချေမှုန်းခံလိုက်ရလေသည်။

သူတို့နှစ်ယောက်လုံး အလောတကြီး လှမ်းကြည့်လိုက်ရာ နေရာရွှေ့ပြောင်းအလင်းတန်းများထဲမှ လူအရိပ်တစ်ခု ထွက်ပြေးသွားသည်ကို တွေ့လိုက်ရ၏။ မြန်ဆန်လွန်းသည့်အတွက် ကမ္ဘာဦးဘုံယိုတုတွင် အနက်ရောင် အမှတ်အသားကြီးတစ်ခု ထင်ကျန်စေခဲ့သည်။

ထို့နောက် လူရိပ်မှာ ကမ္ဘာဦးဘုံယိုတုမှ ခုန်ထွက်၍ ပျောက်ကွယ်သွားတော့၏။

ကောင်းကင်နတ်အရှင်ရှုနှင့် ကောင်းကင်နတ်အရှင်ရုံတို့မှာ အံ့ဩမှင်သက်စွာဖြင့် အကြည့်ရုတ်လိုက်မိကြသည်။ သူတို့အနေဖြင့် ဤတိုက်ပွဲမှ အနိုင်ရသူကို ဆုံးဖြတ်ရမည် ဖြစ်သောကြောင့် သတိလက်လွတ် ဖြစ်နေ၍မရပေ။

တစ်ချိန်တည်းမှာပင် ချင်မူက ကမ္ဘာဦးဘုံယိုတုမှ ထွက်ခွာလာသည်။ တောင်နယ်စပ်သို့ ပြေးသွားနေသည့် လင်းကွမ်ခန်းမသခင်၏ ရှေးဟောင်းနတ်ဘုရားကိုယ်ပွားမှာ မျက်နှာအကြီးအကျယ် ပျက်သွားသည်။ သူသည် ရွှင်ပျော်ပျော်ကျေးရွာနှင့် တောင်ပင်လယ် ကျောက်စိမ်းကမ်းပါးတံခါးဝတို့မှ သူ၏ ကိုယ်ပွားများ သေဆုံးသွားသည်ကို အာရုံခံလိုက်မိသောကြောင့် ရင်ဒိန်းခနဲ ခုန်သွားလေသည်။

သူ၏ အမြန်နှုန်းက မြန်ဆန်လွန်းပြီး အကွာအဝေးကလည်း ဝေးကွာလွန်းသည်။ ရှေးဟောင်းနတ်ဘုရားကိုယ်ပွား ခန္ဓာကိုယ်တစ်ခုချင်းစီမှာ တစ်သီးတခြား ခန္ဓာကိုယ်များ ဖြစ်သောကြောင့် ယခုအချိန်မှသာ တခြားကိုယ်ပွားများ၏ သေဆုံးမှုကို အာရုံခံနိုင်ခြင်း ဖြစ်၏။

“ဒီလိုအမြန်နှုန်းမျိုးနဲ့ ငါ့ရဲ့ ကိုယ်ပွားတွေကို အချိန်တိုအတွင်း သတ်နိုင်တာ သခင်လေးခုနစ်တစ်ယောက်ပဲ ရှိတယ်”

တစ်ချိန်တည်းမှာပင် မဟာမိုးခြိမ်းသံကျောင်းတော်ဆီသို့ ထွက်ခွာသွားသော လင်းကွမ်ခန်းမသခင်၏ ရှေးဟောင်းနတ်ဘုရားကိုယ်ပွားများမှာလည်း တောင်ခြေသို့ ရောက်လာကြသည်။ သူတို့သည်လည်း ကိုယ်ပွား ၁၂ ယောက် တစ်ပြိုင်နက် သေဆုံးသွားကြသည်ကို အာရုံခံလိုက်မိ၏။ ကောင်းကင်ယင်ကမ္ဘာနှင့် ကမ္ဘာဦးဘုံယိုတုက သီးခြားကမ္ဘာလောကများ ဖြစ်သောကြောင့် အာရုံခံနိုင်မှု မရှိပေ။

“သခင်လေးခုနစ်က ငါ့ကို တိုက်ခိုက်နေပြီ… သူ့ရဲ့ အရှိန်က မြန်လှချည်လား”

ထိုစဉ် ကျန်ရှေးဟောင်းနတ်ဘုရားနှစ်ပါးက ကောင်းကင်နယ်စားမင်းနှင့် အားချိုတို့ကို တွေ့သွားကြပြီဖြစ်သည်။ ကောင်းကင်နယ်စားမင်းနှင့် အားချိုသည် ကောင်းကင်နတ်အရှင်ယွဲ့ နှင့် လန်ဝူကို ကောင်းကင်ထက်တွင် တိုက်ခိုက်နေသော ရှေးဟောင်းနတ်ဘုရားဘုရင်အား ကြည့်နေကြရင်း အလစ်ဝင်တိုက်ခိုက်ရန် ပြင်ဆင်နေကြသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုဂိုဏ်း၊ မြို့တော်၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ အမိကမ္ဘာမြေနှင့် အခြားနေရာများရှိ ရှေးဟောင်းနတ်ဘုရားကိုယ်ပွားတို့မှာလည်း ကိုယ်ပွာများ သေဆုံးမှုကို အာရုံခံလိုက်မိကြသဖြင့် မျက်နှာအကြီးအကျယ် ပျက်ယွင်းသွားကြ၏။

ချင်မူ့အမြန်နှုန်းက မြန်လွန်းပေသည်။ သူတို့၏ အာရုံများသည် သူ၏ အမြန်နှုန်းကို အမှီမလိုက်နိုင်ကြချေ။ စက္ကန့်၀က်အတွင်း ဖြစ်ပွားသွားသယောင် ထင်ရသည်။

‘သခင်လေးခုနစ်က ငါ့ရဲ့ ကိုယ်ပွားတွေကို ကြောက်စရာအမြန်နှုန်းနဲ့ လိုက်သတ်နေတာပဲ… သူ့ရဲ့ ခန္ဓာကိုယ်နဲ့ မှော်စွမ်းအင်တောင် ခံနိုင်ရည်ရှိလောက်မှာ မဟုတ်ဘူး… ဒါပေမဲ့ ငါ့ကိုယ်ပွားတွေက သူ့ပြိုင်ဘက် မဟုတ်ဘူး’

'ငါ ဝင့်ကြွားခဲ့မိတဲ့အတွက် သူ ငါ့ကို ရှာတွေ့သွားတာပဲ… ငါ ခြေရာလက်ရာ သေချာဖုံးထားခဲ့ရင် ငါ့ကို ရှာမတွေ့တော့ဘဲ အရှေ့အနောက် ပြေးနေရလိမ့်မယ်…’

‘ဒီလိုအမြန်နှုန်းနဲ့ ငါ့ကို သတ်နေမယ်ဆိုရင် နောက်ဆုံး ပင်ပန်းလွန်းတဲ့အတွက် သွေးပါအန်လာရလိမ့်မယ်’

လင်းကွမ်ခန်းမသခင်၏ ရှေးဟောင်းနတ်ဘုရားကိုယ်ပွားများက ချက်ချင်းပင် အရှိန်အဝါများ ရုပ်သိမ်း၍ ပုန်းလိုက်ကြသည်။

မဟာမိုးခြိမ်းသံကျောင်းတော်၏ တောင်ခြေတွင် လင်းကွမ်ခန်းမသခင်၏ ရှေးဟောင်းနတ်ဘုရားကိုယ်ပွားတစ်ယောက်က ဘုန်းကြီးတစ်ပါးအသွင်ဖြင့် မြင့်းမိုရ်တောင်သို့ အေးဆေးစွာ တက်သွားသည်။

မြင့်းမိုရ်တောင်၏ မဟာမိုးခြိမ်းသံကျောင်းတော်မှာ ဗုဒ္ဓမြတ်စွာ သီတင်းသုံးရာ ကျောင်းတော်ဖြစ်ပြီး လက်ရှိဗုဒ္ဓသည် တထာဂတကျန်းခုံးဖြစ်၏။ မဟာမိုးခြိမ်းသံကျောင်းတော်၏ အထက်တွင် ဗုဒ္ဓဘုံ၏ ကောင်းကင်ဘုံအထပ် ၂၀ ရှိပြီး ဗြဟ္ဗာဗုဒ္ဓနှင့် ကောင်းကင်နတ်မင်းလီရုံလန်တို့ သီတင်းသုံးကြသည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်နယ်စားမင်းနှင့် အားချိုသည် ရှေးဟောင်းနတ်ဘုရားဘုရင်ကို အလစ်တိုက်ရန် ကြံစည်နေကြပြီး ရှေးဟောင်းနတ်ဘုရားနှစ်ပါးကတော့ သူတို့ကို သတ်ဖြတ်ရန် ချောင်းနေကြ၏။

ဝုန်း…

ချင်မူက ကမ္ဘာဦးဘုံယိုတုမှ ထွက်လာပြီး ကောင်းကင်နယ်စားမင်းနှင့် အားချိုအရှေ့တွင် ပေါ်လာသည်။

ရှေးဟောင်းနတ်ဘုရားနှစ်ပါး မျက်နှာအကြီးအကျယ် ပျက်သွားပြီး မတူညီသော အရပ်မျက်နှာများဆီသို့ သုတ်ချေတင် ထွက်ပြေးကြတော့သည်။

ဝုန်း….

ချင်မူ့အသိစိတ်အလျဉ် ပေါက်ကွဲထွက်လာပြီး ရှေးဟောင်းနတ်ဘုရားနှစ်ပါး၏ ဦးနှောက်ထဲသို့ ဝင်ရောက်သွားသည်။ ဘဝပြန်ဝင်စားခြင်းကောင်းကင်နတ်သိုင်းအလွှာများစွာ ပြန်ကားထွက်လာပြီး လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးကဲ့သို့ ရှေးဟောင်းနတ်ဘုရားများကို လွှမ်းခြုံသွားတော့၏။

တောင်ပေါ် တက်နေသော ရှေးဟောင်းနတ်ဘုရား ဘုန်းကြီးမှာ မျက်နှာပျက်သွားသည်။ သူ၏ ကိုယ်ပွားနှစ်ယောက် ထပ်မံပျောက်ကွယ်သွားချေပြီ။

All Chapters