← Chapters

သေသွားရင်တောင် တစ်ပါတည်းခေါ်သွားမယ်

Vol. 59 Ch. 871

သေသွားရင်တောင် တစ်ပါတည်းခေါ်သွားမယ်

Vol. 59 Ch. 871

ရှထျန်းယွမ်၏ စကားကိုကြားသောအခါ ကျိုးယန် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ကျုပ်တို့ကို သတ်ဖို့ မင်းတို့သုံးယောက်မှာ အရည်အချင်းရှိမရှိ အရင်ကြည့်ရသေးတာပေါ့။”

ထိုအခိုက်တွင် ကျိုးယန်သည် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ချက်ချင်း ထုတ်လွှတ်လိုက်ရာ အနီရောင် မီးတောက်များက သူ့ကို ရစ်ပတ်သွားသည်။

ထိုစဉ် ပြင်းထန်စွာ ဒဏ်ရာရနေသော စစ်ယုဟွာကလည်း သူ၏ဒဏ်ရာများကို စိတ်ဝိညာဉ်စွမ်းအားဖြင့် လျင်မြန်စွာ ပိတ်စို့လိုက်ပြီး သွေးထွက်ခြင်းကို ယာယီရပ်တန့်လိုက်သည်။ ထို့နောက် သူ၏ဓားရှည်ကိုဆွဲထုတ်ကာ ရှထျန်းယွမ်ထံ ချိန်ရွယ်လိုက်ပြီး ပြောသည်။

“ကျုပ်သေသွားရင်တောင် ခင်ဗျားကို ကျုပ်နဲ့အတူတူ ခေါ်သွားမယ်။”

ထိုသို့ပြောပြီးသည်နှင့် စစ်ယုဟွာက ပထမဆုံး တိုက်စစ် စဖွင့်လိုက်သည်။ သူ၏ပုံရိပ် ဝေဝါးသွားကာ ရှထျန်းယွမ်ထံသို့ တည့်တည့် တိုးဝင်သွားသည်။ ကျိုးယန်ကလည်း ငြိမ်နေခြင်းမရှိပဲ ယွမ်ရှန်ရှန်ထံသို့ တိုက်ရိုက် ပြေးဝင်သွား၏။

ကျိုးယန်ထံတွင် လှည့်ကွက်အချို့ ကျန်ရှိနေသေးသည်။ အလစ်အငိုက် တိုက်ခိုက်ခံရသဖြင့် ပြင်းထန်စွာ ဒဏ်ရာရခဲ့သော စစ်ယုဟွာနှင့်မတူပဲ ကျိုးယန်သည် ဒဏ်ရာကင်းမဲ့နေဆဲဖြစ်ပြီး ထွက်ပေါက်တစ်ခု ရှာတွေ့နိုင်ပါက သူလွတ်မြောက်ရန် အခွင့်အရေးကောင်း ရှိနေသည်။

ယွဲ့ဧကရာဇ်သည် ဓားသ‌ဘောတရားကို အထူးကျွမ်းကျင်ပြီး ရင်ဆိုင်ရန်ခက်ခဲကြောင်း သိသောကြောင့် ယွမ်ရှန်ရှန်ထံသို့ တည့်တည့်သွားရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ကျိုးယန် ယွဲ့ဧကရာဇ်ကို မမြင်ဖူးသော်လည်း လီချင်ရို့သည် ဖီးနစ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဧကရီတစ်ပါး၏ အသွင်အပြင် ရှိနေသဖြင့် သူမ ယွဲ့ဧကရာဇ်ဖြစ်ကြောင်း ထင်ရှားသည်။

ကျိုးယန် သူမထံ ပြေးဝင်လာသည်ကို တွေ့သော်လည်း ယွမ်ရှန်ရှန်၏ မျက်နှာက အလွန် တည်ငြိမ်နေဆဲဖြစ်သည်။ ဤလူက အဘယ်ကြောင့် သူမကို ဤသုံးယောက်ထဲတွင် ကိုင်တွယ်ရ အလွယ်ဆုံးဟု ထင်မှတ်နေသနည်းဟုတော့ ယွမ်ရှန်ရှန် အနည်းငယ် ဇဝေဇဝါဖြစ်နေသည်။

သူမက ထိုမျှလောက် အားနည်းပုံ ပေါ်‌နေတာလား။

ကျိုးယန်သည် ယွမ်ရှန်ရှန်ထံ ရောက်လျှင်ရောက်ချင်း လက်သီးတစ်ချက် ပစ်လွှတ်လိုက်ရာ မီးကျားရုပ်ပုံသဏ္ဍန်တစ်ခု ချက်ချင်းပေါ်လာပြီး ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။

ထိုမီးကျားသဏ္ဍန် သူမ၏ အအေးဓာတ် အခြေခံသော ကျင့်စဉ်ကို တန်ပြန်ရန် အထူးရည်ရွယ်ထားသကဲ့သို့ ဖြစ်သည်။ ထိုအခါမှ ဤလူက သူမကို အသင့်တော်ဆုံး ပစ်မှတ်ဟု အဘယ်ကြောင့် ယူဆကြောင်း ယွမ်ရှန်ရှန် နားလည်သွားသည်။ သူက သူမ၏ စိတ်ဝိညာဉ်စွမ်းအားက ရေခဲဓာတ်ဖြစ်သည်ကိုခံစားရပြီး မီးအခြေခံ ကျင့်စဉ်က သူမကို တန်ပြန်နိုင်လိမ့်မည်ဟု ယုံကြည်နေခြင်းပင်ဖြစ်သည်။

ကံမကောင်းစွာဖြင့် သူ မှားယွင်းစွာ တွက်ချက်မိခဲ့သည်။ မီးကျားယွမ်ရှန်ရှန်ကို ထိလုနီးပါးဖြစ်သွားခိုက်တွင် သူမ၏လက်ကို ရုတ်တရက် မြှောက်လိုက်သည်။

“ရေခဲက ကောင်းကင်နဲ့ မြေကြီးကို ဖုံးလွှမ်းစေ။”

နောက်တစ်ခဏတွင် တစ်ကီလိုမီတာ ပတ်လည်အတွင်းရှိ မြေပြင်နှင့်သစ်တောများသည်း ရေခဲများဖြင့် လုံးဝဖုံးလွှမ်းသွားသည်။ ကျိုးယန် ထုတ်လွှတ်လိုက်သော မီးကျားသည်လည်း ရေခဲဖြင့် ပိတ်ဆို့ခံလိုက်ရပြီး ယွမ်ရှန်ရှန်၏ လက်ညိုးက ထိုမီးကျားကို ညွှန်ပြလိုက်သောအခါ မီးကျားလည်း အစိတ်စိတ်အမြွှာမြွှာ ကြေမွသွား‌သည်။

ဤအချင်းအရာကို မြင်သောအခါ ကျိုးယန် လုံးဝ မှင်တက်သွားပြီး သူ၏မျက်နှာတွင် မယုံကြည်နိုင် ဖြစ်နေသော အမူအရာတစ်ခု ထင်ဟပ်နေသည်။

“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။”

ဒါကသူ၏အကောင်းဆုံးတိုက်ကွက်ဖြစ်သည်။ အကယ်၍ သူ ဤအမျိုးသမီးကို ခဏတာခန့် ထိန်းထားနိုင်ပါက လွတ်မြောက်ရန် အခွင့်အရေးရမည်ဟု သူထင်ခဲ့သောကြောင့် သူ၏အစွမ်းအထက်ဆုံး တိုက်ကွက်ကို စဖွင့်ကတည်းက အသုံးပြုခဲ့ခြင်းဖြစ်သည်။

သို့သော် တစ်ဖက်လူက သူ၏အပြင်းထန်ဆုံး တိုက်ကွက်ကို လက်တစ်ဖက် ဝှေ့ယမ်းရုံဖြင့် တားဆီးလိုက်သည်။ ဤဆံဖြူအမျိုးသမီးသည် အမှန်တကယ်ကော ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးလား။

ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးက ဘယ်လိုလုပ် ဤမျှ အစွမ်းထက်နိုင်မည်နည်း။

သူသည် တိုက်ခိုက်နိုင်စွမ်း အနည်းဆုံးပြိုင်ဘက်ကို ရွေးချယ်ခဲ့သော်လည်း သူမကို မယှဉ်နိုင်သေးပေ။ ထိုအခိုက်တွင် အလွန်အမင်း စိတ်ပျက်အားငယ်မှုတစ်ခုကို ကျိုးယန် ခံစားလိုက်ရသည်။

မဟုတ်ပါ။ သူဒီလို လက်မလျှော့နိုင်ပေ။ သူ မိန်းမတစ်ယောက်ကိုတောင် မကိုင်တွယ်နိုင်ဟု မယုံကြည်ပါ။

ထိုအတွေးနှင့်အတူ ကျိုးယန်သည် သူ၏ ဝိညာဉ်စွမ်းအားအားလုံးကို စုစည်းပြီး နောက်ထပ် လက်သီးတစ်လုံး ပစ်လွှတ်လိုက်သည်ရာ ဧရာမကျားရုပ်ပုံတစ်ခု ထပ်မံပေါ်လာသည်။

ယွမ်ရှန်ရှန်သည် သူနှင့်အချိန်များစွာ မဖြုန်းလိုချေ။ သူမက သူမ၏လက်ကို ထပ်မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သော ရေခဲမြားများ သူမ၏ အနောက်မှ ပေါ်လာပြီး ကျိုးယန်ထံသို့ ပျံသန်းသွားသည်။

အန္တရာယ်ကို အာရုံခံမိသောအခါ ကျိုးယန်လည်း ယွမ်ရှန်ရှန်နှင့် လီချင်ရို့တို့ ဖွဲ့စည်းထားသော ပိတ်ဆို့မှုကို ဖောက်ထွက်ရန် ရည်ရွယ်ချက်ဖြင့် ကောင်းကင်ယံမှနေ၍ သစ်တောထဲသို့ ခုန်ဆင်းလိုက်သည်။

ကျိုးယန်၏ ထွက်ပြေးသည်ကိုမြင်သောအခါ ယွဲ့ဧကရာဇ် နှာခေါင်းရှုံ့လိုက်၏။ ချက်ချင်းပင် စိတ်ဝိညာဉ်စွမ်းအင်တစ်ခု သူမ၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။ ထို့နောက် များစွာသော ဓားစွမ်းအင်များသည် လီချင်ရို့၏ ပတ်ပတ်လည်တွင် ဖွဲ့စည်းဖြစ်ပေါ်လာသည်။ သူမ၏လက်ထဲရှိ ဓားကို လွှဲလိုက်ရာ ဓားစွမ်းအင်များ ကျိုးယန်ထံသို့ ပျံသန်းသွားသည်။

ထွက်ပြေးနေသော ကျိုးယန်လည်း အန္တရာယ်ကို ထပ်မံအာရုံခံမိပြီး လျင်မြန်စွာ ခေါင်းလှည့်ကာ ယခင်ကကဲ့သို့ပင် လက်သီးတစ်လုံး ပစ်လွှတ်လိုက်သည်။ သို့သော် မထင်မှတ်ပဲ သူ၏ကျားသည် လီချင်ရို့၏ ဓားစွမ်းအင်ဖြင့် ချက်ချင်းပင် အပိုင်းပိုင်းဖြတ်တောက်ခံလိုက်ရသည်။

ကျိုးယန်၏ မျက်နှာတစ်ခုလုံး ထိတ်လန့်တုန်လှုပ်မှုကြောင့် ဖြူဖျော့သွားသည်။ ဤအမျိုးသမီးနှစ်ဦးလုံးက ဘာ့ကြောင့် ဤမျှ ကြောက်မက်ဖွယ်ကောင်းနေရသနည်း။

သူသည် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းကပင် ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦး ဖြစ်ခဲ့သော်လည်း ယခု ဤမျှငယ်ရွယ်ပုံရသော အမျိုးသမီးကိုပင် အနိုင် မယူနိုင် ဖြစ်နေသည်။

ကျိုးယန် မသိခဲ့သည့် အချက်က အသက်အရွယ်အရ ယွမ်ရှန်ရှန်သည် သူ့ထက်များစွာ ပိုကြီးသည်ဟူသော အချက်ပင်ဖြစ်၏။

သူမသည် ရုပ်သွင်ထိန်းသိမ်းခြင်းကျင့်စဉ် ကို ကျင့်ကြံထားပြီး သူမ၏ထူးခြားသော ကိုယ်ခန္ဓာကြောင့် အသက်သုံးဆယ်ကျော် အမျိုးသမီးတစ်ဦးကဲ့သို့သာ ထင်ရခြင်းဖြစ်သည်။

အမှန်တော့ ဒါမျိုးက အဆင့်မြင့် ကျင့်စဉ်လောကတွင် အလွန်အဖြစ်များသည်။ အနှစ် ၂၀ ၊ ၃၀ အရွယ်ခန့်ဟု ထင်ရသူ များစွာသည် တကယ်တော့ နှစ်ထောင်ချီ သို့မဟုတ် နှစ်သိန်းချီ ရှိပြီဖြစ်သည်။

ဤအခိုက်တွင် ကျိုးယန်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ အနှစ်သာရသွေးကို တိုက်ရိုက်လောင်ကျွမ်းစေလိုက်သည်။

“ခင်ဗျားတို့က ကျုပ်ကို သတ်ချင်တယ်လား။ ကျုပ်သေသွားရင်တောင် ခင်ဗျားတို့အကောင်းပကတိ ကျန်ခဲ့မှာမဟုတ်ဘူး။”

ဤတစ်ကြိမ်တွင် ကျိုးယန်သည် ဆက်မပြေးတော့ပဲ လှည့်ကာ ယွမ်ရှန်ရှန်ထံသို့ တည့်တည့် တိုးဝင်လိုက်သည်။

တစ်ချိန်းတည်းမှာပင် ရှထျန်းယွမ်နှင့် စစ်ယုဟွာတို့၏ တိုက်ပွဲသည်လည်း စတင်နေပြီဖြစ်သည်။ စစ်ယုဟွာသည် အစောပိုင်းက ဒဏ်ရာရထားပြီးဖြစ်၍ ရှထျန်းယွမ်ကို ယှဉ်နိုင်ရန် အခွင့်အရေး မရှိချေ။ ရှထျန်းယွမ်သည် ဓားဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်ဖြစ်ပြီး အင်အားအရ လီချင်ရို့ထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းသည်။

စစ်ယုဟွာသည် သူ၏ဓားကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ကာ ရှထျန်းယွမ်ထံသို့ ပစ်လွှတ်လိုက်သည်။ ထိုအခါ ဧရာမရွှေရောင် ဓားအရှိန်တစ်ခု လေထဲတွင် ပေါ်လာသည်။

ရှထျန်းယွမ်ကတော့ တည်ငြိမ်နေဆဲဖြစ်သည်။ သူက သူ၏ဓားကိုဆွဲထုတ်ပြီး ဓား ပေါ်တွင် စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းလိုက်သည်။

“ခင်ဗျား ဓားအသုံးပြုပုံကို လေးစားတဲ့အနေနဲ့ ကျုပ်ကခင်ဗျားကို ဓားနဲ့ပဲ သေခွင့်ပေးမယ်။”

ရှထျန်းယွမ်၏အသံ မှေးမှိန်သွားသည်နှင့် သူ၏ဓားကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကြီးမားသော ဓားစွမ်းအင်တစ်ခုက စစ်ယုဟွာရှေ့ရှိ ရွှေရောင် ဓားအရှိန်ထံသို့ တိုးဝင်သွားသည်။

ထိုမြင်ကွင်းကိုမြင်သောအခါ စစ်ယုဟွာ၏ မျက်နှာ ချက်ချင်းပင် ပို၍ဖြူဖျော့သွားသည်။ သူရှောင်တိမ်းရန် ပြင်ဆင်နေစဉ်တွင် ဓားစွမ်းအင်သည် သူ၏ရွှေရောင် ဓားအရှိန်ကို ဖြတ်တောက်ပြီး သူ့ထံသို့ ရောက်ရှိလာသည်။

စစ်ယုဟွာသည် သူ၏ခန္ဓာကိုယ်တစ်လျှောက်ရှိ စိတ်ဝိညာဉ်စွမ်းအင်များကို လျင်မြန်စွာ လည်ပတ်စေလိုက်ပြီး နောက်ထပ်ဓားချက်တစ်ချက် ခတ်ထုတ်လိုက်သည်။ နောက်တစ်ခဏတွင် ရှထျန်းယွမ်၏ ဓားစွမ်းအင်သည် စစ်ယွီဟွာ၏ လက်ထဲရှိ ဓားနှင့် တိုက်မိသွားသည်။

ကြီးမားသောဖိအားကို ခံစားရသောအခါ စစ်ယုဟွာ၏ မကြာသေးမီက ရရှိထားသော ဒဏ်ရာ ပြဲထွက်သွားပြီး သွေးများ အဆက်မပြတ် ပန်းထွက်လာသည်။ ထို့နောက် သူ၏ ပါးစပ်မှလည်း သွေးများကို ဆက်တိုက်အန်ထုတ်နေရတော့သည်။

သူ ဤနေရာတွင် သေဆုံးရနိုင်ဖွယ်ရှိသည်ကို သိရှိသွားသောအခါ စစ်ယုဟွာက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ပြောသည်။

“ခင်ဗျားတို့က ကျုပ်ကို သေစေချင်တယ်ဆိုရင် ခင်ဗျားတို့လည်း ကျုပ်နဲ့အတူတူ သေရလိမ့်မယ်။”

ထိုစကားများနှင့်အတူ စစ်ယုဟွာသည် သူ၏ အတွင်းအားချက္ကရကို ကိုယ်တိုင်ဖောက်ခွဲဖျက်ဆီးရန် ပြင်ဆင်လိုက်သည်။ သို့သော် သူ၏ စိတ်ဝိညာဉ်စွမ်းအင်အားလုံးကို သူ၏ ချက္ကရထဲသို့ စုစည်းလိုက်စဉ်မှာပင် မည်သည့်နေရာမှ ရောက်လာသည်မသိသော ဧရာမ ရေခဲမြားတစ်ခုက သူ၏ခန္ဓာကိုယ်ကို တည့်တည့် ထိုးဖောက်သွားသည်။

“ဖွီး...”

စစ်ယုဟွာ နောက်ထပ်သွေးတစ်ကြိမ် အန်ထုတ်လိုက်ရ၏။ ဧရာမ ရေခဲမြားသည် သူ၏ ချက္ကရကို ထိုးဖောက်ဝင်ရောက်သွားသဖြင့် မိမိကိုယ်ကို ဖောက်ခွဲဖျက်ဆီးရန် မဆိုထားနှင့် စိတ်ဝိညာဉ်စွမ်းအင်ကိုပင် ဆက်လက်စုစည်းနိုင်ခြင်း မရှိတော့ပေ။

ထို့နောက် စစ်ယုဟွာ၏ မျက်လုံးများမှ အလင်းရောင်များ တဖြည်းဖြည်း မှေးမှိန်သွားပြီး သူ၏ခန္ဓာကိုယ် အသက်မဲ့သွားကာ ကောင်းကင်ယံမှ ပြုတ်ကျလာတော့သည်။

အဆင့်မြင့် ကျင့်စဉ်လောကတွင် ဖြစ်ပါက ထိုကဲ့သို့ ရေခဲမြားဖြင့် ထိုးနှက်ခံရလျှင်ပင် သေဆုံးမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုနေရာရှိ လူများစွာသည် သူတို့၏ခန္ဓာကိုယ်ကို ကာကွယ်ရန် စိတ်ဝိညာဉ်ပစ္စည်းများ ပိုင်ဆိုင်ကြပြီး ကာကွယ်ရေးကျင့်စဉ်များကို ကျင့်ကြံထားခြင်း သို့မဟုတ် အကာအကွယ် အင်း မန္တာန်များ ပိုင်ဆိုင်ထားကြသောကြောင့်ဖြစ်သည်။

သို့သော် ကံမကောင်းစွာဖြင့် ဤသည်မှာ အဆင့်တူ ကောင်းကင်လူသား စွမ်းအားရှင် တစ်ဦးသည် အခြား ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးအား တိုက်ကွက်တစ်ကွက်တည်းဖြင့် ရှုံးနိမ့်သွားနိုင်သည့် အဆင့်နိမ့်ကမ္ဘာတစ်ခုသာ ဖြစ်သည်။

All Chapters