အခန်း (၁၆၇)
Vol. 13 Ch. 167
ထိုစကားစုကို ကြားရချိန်မှာတော့ ကျင်းဟွေ့၏ နဖူးစပ်တွင် ချွေးစေးများပင် ပြန်လာမိ၏။ “သခင်လေး… ကျုပ်ကို ဘယ်လိုထင်လို့လဲ။ မိန်းမတစ်ယောက်ကို ခိုးလာဖို့ စွမ်းရည်ရှိတယ်လို့ ထင်လို့လား”
ပြီးသည့်နောက် ကျင်းဟွေ့သည် ဖြစ်ပျက်ခဲ့သည့် အရာရာအားလုံးကို ရှမ့်လန်အား ပြန်လည်ကာ ပြောဆိုလိုက်၏။ သေသေချာချာ နားထောင်ပြီးသည့်နောက် ရှမ့်လန်က မျက်မှောင်ကြုတ်လိုက်၏။
အထက်လူကြီး မကောင်းသရွေ့ လက်အောက်ငယ်သားကလည်း ကောင်းမည် မဟုတ်ချေ။ ရွှမ်ဝူအိမ်တော်၏ စစ်တပ်ထဲတွင် ဤကဲ့သို့ ကိစ္စရပ်မျိုးသာ ဖြစ်ပွားခဲ့သည် ဆိုပါက ရွှမ်ဝူမြို့စားကြီးသည် ၎င်းတို့၏ ဦးခေါင်းများကို ခုတ်ဖြတ်ပစ်မှာ သေချာ၏။ အပြစ်ကင်းစင်ထားသည့် မိန်းကလေး တစ်ယောက်ကို အနိုင်ကျင့်စော်ကား ၊ မုဒိမ်းကျင့်ခြင်း ဆိုသည်မှာ ကျင်းမိသားစု၌ အကြီးအကျယ် တားမြစ်ထားသည့် ကိစ္စရပ်ပင် ဖြစ်၏။ ထိုစည်းမျဉ်းကို ထိခိုက်ရဲသည့် မည်သူမဆိုသည် သေဆုံးရမှာ ဖြစ်သည်။
သို့ပေမည့် ကျူးမိသားစုဆီမှ စစ်သားသည် အမျိုးသမီးတစ်ယောက်ကို ပြန်ပေးဆွဲပြီးသည့်နောက် ကင်းမျှော်စင် ဆီသို့ ခေါ်ဆောင်ကာ မုဒိမ်းကျင့်ခဲ့ကြ၏။ သူမကို မုဒိမ်းကျင့်ပြီးနောက် ပင်ပန်းလွန်းသောကြောင့် ကြိုးဖြင့် တုပ်ထားခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။ အမောဖြေ အိပ်စက်ပြီးနောက် ချက်ချင်းပင် သတ်ဖြတ်ပစ်မှာ သေချာ၏။
“ကျင်းဟွေ့… မင်း လုပ်ခဲ့တာတွေကို သူမ မြင်ခဲ့လား”
ကျင်းဟွေ့က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “အင်း… မြင်ခဲ့ပါတယ် သခင်လေး”
ထိုသို့ဆိုလျှင် ပြဿနာများပြီ ဖြစ်၏။ အသုံးပြုခဲ့သည့် ယမ်းမှုန့်များသည် အရမ်းကို ပြဿနာများသည့် ပစ္စည်း ဖြစ်ပြီး ရွှမ်ဝူအိမ်တော်တစ်ခုလုံးကို ဘေးဒုက္ခရောက်ရှိစေနိုင်သည့် အရာပင် ဖြစ်၏။ ဆည်ကြီး တစ်ခုလုံးကို ချိုးဖောက်ပစ်နိုင်လောက်သည့်အရာသည် သူ၏ လက်ထဲတွင် ရှိနေကြောင်းသာ ပေါ်ပေါက်သွားမည် ဆိုပါက ကြီးမားသည့် မှုခင်းဖြစ်ရပ်ကြီး ဖြစ်လာပေမည်။ ဆည်ကို ဖျက်ဆီးပြီး တခြားသူ ပိုင်ဆိုင်သမျှ အရာအားလုံးကို ရေနှစ်မြုပ်ကာ ဖျက်ဆီးပစ်ခဲ့ကြောင်း ပေါ်ပေါက်သွားမည် ဆိုပါက သူသည် ကျိန်းသေပေါက် ခေါင်းဖြတ်ကာ အသတ်ခံရမှာ သေချာ၏။
ရှမ့်လန်သည် အသာပင် ပြောဆိုလိုက်သည်။ “အင်း… ဒီကိစ္စကို မြင်ခဲ့ပြီ ဆိုမှတော့ တခြားနည်းလမ်း မရှိတော့ဘူးလေ။ သတ်ဖို့ပဲ ရှိတော့တာပေါ့”
ရုတ်တရက် ကျင်းဟွေ့၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်သွား၏။ ရုတ်တရက် ဒူးထောက်ကာ ထိုင်ချလိုက်၏။
သို့ပေမည့် ဘေးတစ်ဖက်တွင် ရှိနေသည့် အမျိုးသမီးမှာတော့ ဦးခေါင်းကို မော့ကာဖြင့် ရှမ့်လန်ကို စူးစိုက်ကြည့်ရှုနေ၏။ သူမသည် သေဆုံးရမည်ကို တစ်ချက်ကလေးမှ စိုးရွံ့ခြင်း မရှိသည့် ပုံပင်။ ပုံမှန်အားဖြင့် သူမသည် သေဆုံးခြင်းကို ကြောက်လန့်ခြင်း မရှိချေ။ မဟုတ်ပါက မိမိ၏ ဦးခေါင်းကို ကျောက်တုံးနှင့် ထုနှက်ကာ ကိုယ့်ကိုယ်ကိုယ် သတ်သေလိမ့်မည် မဟုတ်ချေ။
“သခင်လေး… ကျေးဇူး… ကျေးဇူးပြုပြီးတော့ ညှာတာပေးပါ” ကျင်းဟွေ့သည် မြေနှင့် နဖူးကို တိုက်ကာဖြင့် တောင်းပန်လျက် ရှိနေသည်။
ရှမ့်လန်က ပြောလိုက်၏။ “ဒီကိစ္စကို သူများတွေ မြင်လို့မရဘူး။ မဟုတ်ရင် မိသားစုတစ်ခုလုံးအတွက် ကြီးမားတဲ့ ဒုက္ခတရားတွေ ဖြစ်လာလိမ့်မယ်”
ကျင်းဟွေ့သည် တုန်ယင်နေသည့် အသံဖြင့် ပြောလိုက်သည်။ “သူမ… သူမ ဘာကိုမှ ထုတ်ဖော်ပြောမှာ မဟုတ်ပါဘူး။ သူမက လန်ရှန် မြို့စားလေး အိမ်တော်ကို အရမ်းမုန်းနေတာလေ”
ပြီးနောက် ကျင်းဟွေ့သည် အမျိုးသမီးဘက်သို့ ခေါင်းလှည့်ကာ ပြောလိုက်၏။ “မြန်မြန် ကျိန်လိုက်လေ။ ဘယ်သူ့ကိုမှ မပြောပါဘူးလို့ ကျိန်လိုက်”
အမျိုးသမီးသည် မောက်မာစွာဖြင့် တည်ရှိနေ၏။ တစ်ချက်ကလေးမှ တောင်းပန်ခြင်းကို မပြုလုပ်ချေ။ လည်ပင်းကို အသာမော့ကာဖြင့် ရှမ့်လန်တစ်ယောက် သူမကို သတ်ဖြတ်ပစ်ရန်ကိုပင် စောင့်မျှော်လျက် ရှိနေ၏။ သူမ၏ ပါးစပ်ကို ပိတ်ထားသောကြောင့်ပင်။ သို့ပေမည့် သူမ၏ ပါးစပ်သည် တင်းတင်းစေ့ထား၏။ ထို့အပြင် မျက်လုံးများ၌လည်း အညံ့ခံလိုခြင်း၏ အရိပ်အရောင်ဟူ၍ တစ်ချက်ကလေးမှ မရှိပေ။
ရှမ့်လန်သည် သူမ၏ မျက်နှာကို စူးစိုက်ကာ ကြည့်ရှုနေ၏။ သူမ၏ အသားအရည်၊ ဆံပင်၊ လက်သည်း ခြေသည်းများကိုပါ ထိုးထွင်း ကြည့်ရှုနေ၏။ ဤအမျိုးသမီးသည် တကယ့်ကို ကောင်းမွန်လွန်းသည့် နောက်ခံ ရှိသည့် လူတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။ သူမ၏ နှလုံးသားထဲတွင် မြင့်မြတ်ခြင်း၊ အညံ့မခံခြင်း၊ ထိုကဲ့သို့သော ဆန္ဒ၏ အရိပ်အရောင်များ ပြည့်နှက်လျက် ရှိနေ၏။ သူမ၏ ကိုယ်ရည်ကိုယ်သွေးသည် တကယ့်ကို ကောင်းမွန်သည့် အရာပင် ဖြစ်ပေလိမ့်မည်။
သို့ပေမည့် သူမသည် မည်သည့် သိုင်းပညာကိုမှ မတတ်မြောက်ချေ။ မဟုတ်ပါက ကျူးလန်ထင်၏ စစ်သည် များသည် သူမကို ဖမ်းဆီးနိုင်လိမ့်မည် မဟုတ်ချေ။ ပိုမို၍ အရေးကြီးသည်မှာ ချမ်းသာကြွယ်ဝသော မိသားစုဆီမှ အမျိုးသမီးတစ်ယောက်သည် အဘယ်ကြောင့် တစ်ယောက်တည်း ထွက်ခွာလာရသနည်း။ လန်ရှန် မြို့စားလေး အိမ်တော်ဆီမှ စစ်သည်များ၏ ရှေ့ဆီသို့ အဘယ်သို့ ဖြတ်သွားရသနည်း။ တိတိကျကျ ပြောဆိုရမည် ဆိုလျှင် သူမက မည်သူဖြစ်သနည်း။
ရှမ့်လန်သည် သူမ၏ ရင်ဘတ်နားဆီသို့ အသာတိုးကပ်ပြီးသည့်နောက် မျက်လုံးကို မှိတ်ကာဖြင့် နှလုံးခုန်သံကို နားထောင်နေ၏။
‘နှာဗူး’
ဤစကားစုသည် အမျိုးသမီး၏ မျက်လုံးထွက်တွင် ပေါ်ပေါက်လာခဲ့သည်။
သို့ပေမည့် သမက်တော်သည် ဤအမျိုးသမီးကို စနောက်နေခြင်း မဟုတ်ကြောင်း ကျင်းဟွေ့က ကောင်းကောင်း သိ၏။ သမက်တော်သည် နှာဗူးတစ်ယောက် ဖြစ်သည် ဆိုလျှင်တောင်မှ ထူးခြားလွန်းသည့် နှာဗူးတစ်ယောက် ဖြစ်၏။ ဤကဲ့သို့ ဗလက္ကာရ ပြုလုပ်ခြင်းကို စိတ်ပါဝင်စားသူ တစ်ယောက် မဟုတ်ပေ။
သမက်တော်သည် တခြားသောမိန်းကလေးများ သူ၏ ရင်ခွင်ထဲသို့ အတင်းတိုးဝင်လာအောင် ပြုမူ ဆောင်ရွက်နိုင်စွမ်း ရှိနေသည်။ ဤကဲ့သို့ တခြားသော မိန်းကလေးများကို သွားရောက်ကာဖြင့် စဦး နှောင့်ယှက်တတ်သည့် ယောက်ျားတစ်ယောက် မဟုတ်ချေ။
သူမ၏ နှုတ်ခမ်းသားများကို ကြည့်ရသည့် အချိန်မှာတော့ တကယ်ပင် ခရမ်းရောင် ထင်းလျက် ရှိနေ၏။ ဤအရာသည် တကယ့်ကို ဆွဲဆောင်မှု ရှိလွန်းလှ၏။ ကျန်းမာရေး ကောင်းမွန်သည့် လက္ခဏာမျိုး မဟုတ်ချေ။ သူမအနေနှင့် သိုင်းပညာကို လေ့ကျင့်ခဲ့သူ မဟုတ်ကြောင်း သိသာထင်ရှားနေသည့် အချက်အလက်ပင် ဖြစ်၏။
“ကျင်းဟွေ့… သတ်လိုက်တော့” ပြောပြီးသည့်နောက် ရှမ့်လန်က လျှောက်ထွက်သွားခဲ့သည်။
ကျင်းဟွေ့က ကြောင်အသွားခဲ့၏။ ပြီးနောက် သူ၏ မျက်နှာထက်တွင် မျက်ရည်များ စီးကျလာခဲ့၏။ သူသည် သူ၏ နဖူးဖြင့် မြေပြင်အား သွေးထွက်သည်အထိ တဒိုင်းဒိုင်းနှင့် တိုက်ကာ တောင်းပန်လျက် ရှိနေ၏။
“သမက်တော်… ကျေးဇူးပြုပြီး ကျုပ်ကို သနားပါအုံး။ ကျုပ် ကျင်းဟွေ့က မြို့စားကြီး အိမ်တော်မှာ ကြီးပြင်းခဲ့တာပါ။ ဒါ ကျုပ်ရဲ့ အိမ်ပါ။ ကျုပ် ဘယ်သူ့ကိုမှ မတောင်းပန်ဖူးပါဘူး။ မြို့စားကြီးကိုတောင် မတောင်းပန်ဖူးပါဘူး။ အခု ကျေးဇူးပြုပြီး ကျုပ်ကို သနားပါအုံး။ ကျုပ် ကျင်းဟွေ့… သမက်တော်အတွက် ကျွဲပဲဖြစ်ရဖြစ်ရ၊ နွားပဲဖြစ်ရဖြစ်ရ ပြန်ပြီးတော့ ပေးဆပ်ပေးပါ့မယ်”
ခဏလောက် ကြာပြီးသည့်နောက် ကျင်းဟွေ့၏ နဖူးစပ်တွင် သွေးများ ပေပွလျက် ရှိနေ၏။ ဘေးတစ်ဖက်တွင် ရှိနေသည့် ရှမ့်ဆယ့်သုံးသည် ထိုအခြင်းအရာကို မကြည့်နိုင်တော့ချေ။ ထို့ကြောင့် သူသည်လည်း ဒူးထောက်ကာ ပြောလိုက်၏။ “ဆရာ… ကျေးဇူးပြုပြီးတော့ ကျုပ်ကိုလည်း ညှာတာပေးပါ”
ဤအမျိုးသမီးသည် တကယ့်ကို မောက်မာပြီး စိတ်ဓာတ်ခိုင်မာလွန်းလှ၏။ ကျင်းဟွေ့ ဤကဲ့သို့ ဖြစ်နေသည်ကို မြင်ရသည့် အချိန်မှာတော့ သူမ၏ မျက်လုံးများတွင် နူးညံ့သည့် အရိပ်အရောင်များ ဖြစ်တည်လာခဲ့၏။ အနည်းငယ် စာနာသနားလို ခံစားချက်များ ပေါ်ပေါက်လာခဲ့ခြင်းပင်။
ရှမ့်လန်က ပြောလိုက်သည်။ “ကျင်းဟွေ့… မင်း ဒီမိန်းမကို ကြိုက်လို့လား”
ဟုတ်ပေ၏။ ကျင်းဟွေ့သည် သူမကို နှစ်သက်၏။ ယောက်ျားများသည် ထူးဆန်းသည့် သတ္တဝါများပင် ဖြစ်လေလိမ့်မည်။ မြင်မြင်ချင်း ချစ်သည် ဆိုသည့် စကားလုံးသည် ရှမ့်လန်ကဲ့သို့သော လူတစ်ယောက်အတွက် အဓိပ္ပာယ်ရှိသည့် အရာမျိုး မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် သူသည် အလွန်လှပသည့် မိန်းကလေးများကို မြင်ခဲ့ရသောကြောင့်ပင်။ မိန်းကလေးပေါင်းများစွာကလည်း သူ့ကို နှစ်သက်ခဲ့၏။ ထို့ကြောင့် ပထမဦးဆုံး အချစ်နှင့်သာ လိုက်ချစ်နေမည်ဆိုပါက မိန်းကလေးပေါင်းများစွာတို့ကို ချစ်မိနေမည် မဟုတ်ပါလား။
သို့ပေမည့် ဘဝတွင် အေးအေးချမ်းချမ်းနှင့် နေထိုင်ပြီး တစ်ကိုယ်တည်း ဖြတ်သန်းနေခဲ့သည့် ကျင်းဟွေ့ ကဲ့သို့သော လူတစ်ယောက်အတွက် ဤကဲ့သို့ ကြုံဆုံရသည့် ဆိုခြင်းမှာ ထူးခြားပြီး နှလုံးသားကို လှုပ်ခါစေနိုင်သော ကိစ္စရပ်ပင် ဖြစ်၏။ ဤအမျိုးသမီး မိမိကိုယ်ကို သတ်သေရန် ကြိုးစားခဲ့စဉ်က ကျင်းဟွေ့သည် နှလုံးသားများ တုန်ယင်သွားခဲ့၏။
သူ၏ နှလုံးသာ တစ်ခုလုံးသည် ကျောက်ခဲကဲ့သို့ မယိမ်းမယိုင်ဖြင့် တည်ငြိမ်စွာ နေထိုင်ခဲ့သူဖြစ်သည်။ သို့ပေမည့် သူ၏ နှလုံးသားသည် ဤလှပသည့် မိန်းကလေးတစ်ယောက်ကြောင့် ယိုင်နဲ့သွားခဲ့သည်။
“ကျုပ်… ကျုပ် မဟုတ်ပါဘူး”
ကျင်းဟွေ့က တုန်ယင်သွားခဲ့၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် နီမြန်းသွားခဲ့၏။ သူသည် ရှက်ရွံ့လျက် ရှိနေခြင်းပင်။
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ် ခင်ဗျားကို ရွေးချယ်ခွင့်နှစ်ခု ပေးမယ်။ သူမကို သတ်လိုက်။ ဒါမှမဟုတ်ရင် သူမကို လက်ထပ်လိုက်”
ကျင်းဟွေ့က ပြောလိုက်၏။ “ဘယ်လို… ဘယ်လိုလုပ် ဖြစ်မှာလဲ။ အခြေအနေကို ကျုပ် အခွင့်အရေးယူလို့ ဘယ်လိုလုပ် ဖြစ်မှာလဲ။ ပြီးတော့ ကျုပ်က ကျေးကျွန်တစ်ယောက်လေ။ ဒီလို မိန်းကလေးနှင့် ဘယ်လိုလုပ် ထိုက်တန်မှာလဲ။ လုံးဝ မထိုက်တန်ပါဘူး”
“ဒါဆိုရင် သတ်လိုက်လေ” ရှမ့်လန်က ပြောလိုက်သည်။
ရုတ်တရက် ကျင်းဟွေ့၏ မျက်နှာပေါ်၌ နာကျင်သည့် အမူအရာများ ဖြစ်လာခဲ့၏။ သူသည် တကယ်ပင် စိုးရိမ်ပူပန်နေရှိသည်။ “သခင်လေး… ကျုပ်… ကျုပ်ရဲ့ အသက်ကို အာမခံပြီးတော့ ဒီမိန်းကလေးအတွက် အာမခံပါတယ်။ သူမသာ ကျုပ်တို့ရဲ့ လျှို့ဝှက်ချက်တွေကို ထုတ်ဖော် ပြောကြားလိုက်မယ်ဆိုရင် ကျုပ်ရဲ့ ပြစ်မှုတွေအတွက် တစ်ခါတည်း ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ပါ့မယ်”
ရှမ့်လန်က နှာခေါင်းရှုံ့လိုက်၏။ “အင်း… သူမသာ ကျုပ်တို့ရဲ့ လျှို့ဝှက်ချက်တွေကို ထုတ်ဖော်ပြောကြားလိုက်မယ် ဆိုရင် ခင်ဗျား ဆယ်ကြိမ်လောက် ခေါင်းဖြတ်အသတ်ခံရရင်တောင် လုံလောက်မှာ မဟုတ်ဘူး”
ပြီးနောက် သူက ပြောလိုက်သည်။ “ဒါက ခင်ဗျား ယူဆောင်လာခဲ့တဲ့ ပြဿနာပဲ။ ဒီကိစ္စကို ခင်ဗျားပဲ ဖြေရှင်းဖို့ လိုတယ်။ ခင်ဗျား အိမ်ကို ခေါ်သွား။ ပြီးတော့ မျက်စိဒေါက်ထောက် ကြည့်နေ။ လွတ်သွားပြီ ဆိုတာနဲ့ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် နံရံနဲ့ ခေါင်းတိုက်ပြီး သေလိုက်တော့”
“ကောင်းပါပြီ”
ကျင်းဟွေ့က ပြောလိုက်၏။ ပြီးနောက် သူသည် အမျိုးသမီး၏ ရှေ့ဆီသို့ သွားကာ ဦးညွှတ်လိုက်၏။ “မိန်းကလေး… ကျုပ် ခင်ဗျားခြေထောက်မှာ ချည်ထားတဲ့ ကြိုးတွေကို ပြန်ဖြေပေးပါ့မယ်။ ပြီးတော့ ကျုပ်ရဲ့ အိမ်ကို ခေါ်သွားမှာပါ။ စိတ်မပူပါနဲ့။ ကျုပ်ရဲ့အိမ်မှာ ကျုပ်ရဲ့ ညီမ ရှိပါတယ်။ ခင်ဗျားအတွက် အခန်း တစ်ခန်းလည်း သီးသန့်ရပါလိမ့်မယ်။ ကျုပ် ခင်ဗျားရဲ့ အခန်းထဲကို တစ်ချက်ကလေးတောင် ဝင်မလာပါဘူး”
အမျိုးသမီးသည် ခြေထောက်များရှိ ကြိုးများကို ဖြေပေးပြီးနောက် တည်နေရာတွင် မလှုပ်မရှားဘဲ ခေါင်းမာမာဖြင့် ရပ်တန့်လျက် ရှိနေတုန်းပင်။
ရှမ့်လန်က ဆူငေါက်လိုက်၏။ “ကျင်းဟွေ့… အမိုက်ကောင်။ ခင်ဗျား မိန်းကလေးတစ်ယောက်ကိုတောင် မကိုင်တွယ်နိုင်ဘဲနဲ့ ဘာအသုံးဝင်တော့မှာလဲ”
ကျင်းဟွေ့တစ်ယောက် ဆူငေါက်ခံနေရသည်ကို ကြားသည့် အချိန်မှာ အမျိုးသမီးသည် မျက်ခုံးကို ပင့်ကာဖြင့် ခွန်းတုံ့ပြန်ရန် ကြိုးစားလိုက်ချင်သည်။ သို့ပေမည့် သူမ၏ နှုတ်ခမ်းဆီမှ မည်သည့် စကားမှ ထွက်မလာခဲ့ချေ။ သူမသည် ကျင်းဟွေ့တစ်ယောက် ထပ်မံ အဆူခံရသည်ကို မကြည့်နိုင်တော့ချေ။
ထို့ကြောင့် ရှမ့်လန်ကို စူးစိုက်ကြည့်ရှုပြီးသည့်နောက် အပြင်ဘက်သို့ လျှောက်ထွက်သွား၏။ ကျင်းဟွေ့က အလောတကြီးဖြင့် နောက်သို့ လိုက်ပါသွားခဲ့သည်။
ရှမ့်လန်သည် ရှမ့်ဆယ့်သုံးကို လှမ်းကြည့်ကာ ပြောလိုက်၏။ “ခင်ဗျားလည်း အလုပ်ကြိုးစားခဲ့ပြီ”
“ဟုတ်ကဲ့” ရှမ့်ဆယ့်သုံးက ဦးညွှတ်လိုက်သည်။
ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင် ကောင်းကောင်း အနားယူတော့။ အနာဂတ်မှာ ကျုပ် အချိန်တွေသာ ပိုနေတယ် ဆိုရင် ခင်ဗျားကို သိုင်းပညာ သင်ပေးမယ်”
ရှမ့်ဆယ့်သုံး၏ ခြေထောက်များက တုန်ယင်သွား၏။
‘ဆရာကြီး… ဘယ်လိုဖြစ်ပြီး ဟိတ်ဟန်ထုတ်နေရတာလဲ။ မြို့စားအိမ်တော်တစ်ခုလုံးထဲမှာ ခင်ဗျား အနိုင်ယူ တိုက်ခိုက်နိုင်တဲ့ လူ ဘယ်သူရှိလဲ။ လက်ညှိုးထိုးပြစမ်းပါ’
သေချာစဉ်းစားကြည့်ရမည် ဆိုလျှင် ဝတ်တုတ်ကောင် ကျင်းမူကုန်းကိုပင်လျှင် အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။ ရှောင်ပင်းကိုပင် အနိုင်ရမည် မဟုတ်သော လူတစ်ယောက် အနေနှင့် သူ့ကို အဘယ်သို့ သိုင်းပညာ သင်ကြားပေးမည်နည်း။ သို့ပေမည့် ဆရာက ဝင့်ကြွားစွာ ပြောဆိုနေသည် ဆိုမှတော့ တပည့်က လိုက်နာရမှာ ဖြစ်၏။ အစဖော်၍ မဖြစ်နိုင်ချေ။
ထို့ကြောင့် ရှမ့်ဆယ့်သုံးသည် လေးလေးစားစားဖြင့် ဦးခေါင်းညွှတ်ကာ ပြောလိုက်သည်။ “ကောင်းပါပြီ”
သူ၏ ပုံပန်း သွင်ပြင်သည် သိုင်းဆရာကြီး ကျုံးချုကဲ့ကို မြင်နေရသလိုပင်။
ကျင်းဟွေ့နှင့် ရှမ့်ဆယ့်သုံးတို့ ထွက်ခွာသွားပြီးသည့်နောက် သူ၏ ယောက္ခထီးက ထွက်လာခဲ့၏။ “လန်အာ… မမှားဘူးဆိုရင် ဒီမိန်းကလေးက…”
ရှမ့်လန်က ပြောလိုက်၏။ “အင်း… အဲလိုပဲ ဖြစ်ရမယ်။ စစ်သူကြီး မိသားစုမျိုးရိုးကနေ မွေးဖွားလာတဲ့ လူတစ်ယောက် ဖြစ်မယ်။ အားနည်းတဲ့ နှလုံးအခြေခံနဲ့ မွေးဖွားလာခဲ့တဲ့ လူတစ်ယောက် ဖြစ်တာမို့ သိုင်းပညာ ကျင့်ကြံလို့ မရဘူး။ သူမရဲ့ မျက်နှာပေါ်မှာ တင်းမာခက်ထန်မှု ကောင်းမွန်မှုတွေနဲ့ ပြည့်နေတယ်။ ကျူးလန်ထင်ရဲ့ လူတွေက တကယ့်ကို ဘယ်လိုသေရမယ်ဆိုတာ ကောင်းကောင်းသိတာပဲ”
ရွှမ်ဝူက ပြောလိုက်၏။ “သူမရဲ့ ဂုဏ်သိက္ခာအရဆိုရင် ဒီလိုအခြေအနေဖြစ်နေတယ်ဆိုရင်တောင် ကျင်းဟွေ့ကို သူမက လက်ထပ်ပါ့မလား”
ရှမ့်လန်က ပြောလိုက်၏။ “ဘာလို့ လက်မထပ်ရမှာလဲ။ ဒီမိန်းကလေးက ငယ်ရွယ်စဉ်ကတည်းက နှလုံး ပြဿနာရှိတယ်။ သူမရဲ့ ကိုယ်ရည်ကိုယ်သွေးကလည်း ညံ့ဖျင်းတယ်။ ဒါပေမဲ့ သူမရဲ့ အတွေးအခေါ်က သာမန်လူတွေနဲ့ ခြားနားနေတယ်။ ကျုပ်လို ရုပ်ချောပြီး ကြည့်ကောင်းလွန်းတဲ့ ယောက်ျားတစ်ယောက် ကိုတောင် သူမက မျက်လုံးထဲမှာ မထည့်ဘူး။ သူမက ကျင်းဟွေ့လို လူမျိုးကိုပဲ ကြိုက်တယ်။ ကျုပ်… ကျင်းဟွေ့ကို အနိုင်ကျင့်လေ သူမရဲ့ နှလုံးသားထဲမှာ မခံချိ မခံသာ ဖြစ်လေပဲ။ ဒါကို မြင်နေရတယ်”
ရွှမ်ဝူသည် မည်သည့် စကားမှ မဆိုချေ။ ‘သမက်တော်… မင်း တစ်ခုခု ပြောမယ် ဆိုရင် ရိုးရိုးပြောလို့ မရဘူးလား။ ဘယ်လိုဖြစ်ဖြစ် အခွင့်အရေးကို အရယူပြီးတော့ ဟိတ်ဟန်ထုတ်နေရတာလဲ’
ရှမ့်လန်က ပြောလိုက်၏။ “အဖေ… ဝတုတ်က ဒီနှစ်ဆိုရင် အသက် (၁၈) နှစ် ပြည့်ပြီ။ သူ့ကို ဘာလို့ လက်ထပ် မပေးသေးတာလဲ”
ကျင်းမူကုန်းသည် ရွှမ်ဝူအိမ်တော်၏ ဆက်ခံသူတစ်ယောက် ဖြစ်၏။ ရာစုနှစ်နီးပါး ရှိပြီဖြစ်သော တော်ဝင် မျိုးနွယ်၏ မိသားစုဆီမှ ဆက်ခံသူပင် ဖြစ်၏။ ရှမ့်လန်သည် အစဉ်အမြဲ ဆိုသလိုပဲ ဝတုတ်ကို ကြိုက်မဲ့သူ မရှိဘူးဟု နောက်ပြောင်ခဲ့သည် ဆိုသော်လည်း အစစ်အမှန်အားဖြင့် မည်သည့် မိန်းကလေးမှသည် ဝတုတ်အား ကြိုက်နှစ်သက်ခြင်း မရှိချေ။ သူ့အတွက် မိန်းမတစ်ယောက် ရရှိဖို့ ဆိုသည်မှာ အလွန် လွယ်ကူသည် ဆိုသော်လည်း ဝတုတ်အတွက် မိန်းမ တစ်ယောက် ရရှိဖို့ ဆိုသည်မှာ ကောင်းကင်ပေါ်သို့ တက်လှမ်းရသကဲ့သို့ပင်။
ရွှမ်ဝူသည်သာ ကျင်းမူကုန်းအား လက်ထပ်ပေးမည် ဆိုသည့် သတင်းကို ဖြန့်ကျက်လိုက်သည် ဆိုပါက များပြားလွန်းလှသည့် စီးပွားရေးသမားကြီးများသည် သူတို့၏ သမီးကို ကျင်းမူကုန်းနှင့် လက်ထပ်ပေးနိုင်ရန် ကြိုးစားကြမှာ သေချာ၏။ စီးပွားရေးသမားများသည် ချမ်းသာကြသည် ဆိုသော်လည်း သူတို့၏ ဂုဏ်သိက္ခာနှင့် ဩဇာအာဏာကတော့ မြင့်မားလှသည် မဟုတ်ချေ။
ရာစုနှစ်နီးပါး ရှိသည် တော်ဝင်မျိုးနွယ်ဟောင်း တစ်ယောက်ယောက်နှင့်သာ လက်ထပ်နိုင်သည် ဆိုပါက ၎င်းတို့၏ ဂုဏ်သိက္ခာနှင့် ဂုဏ်ကျက်သရေသည် တမဟုတ်ချင်း တိုးတက်သွားမှာ သေချာ၏။
ဟုတ်ပေ၏။ ယခု ဘုရင်မင်းမြတ်သည် ရွှမ်ဝူအိမ်တော်ကို ဖျက်ဆီးပစ်ရန် ရည်ရွယ်ချက် ရှိနေ၏။ ထို့ကြောင့် မည်သည့် စီးပွားရေးသမားများသည် ကျင်းမူကုန်းကို သူတို့၏ သမီးနှင့် လက်ထပ်ပေးရန် မရဲကြချေ။