အခန်း (၁၆၈)
Vol. 13 Ch. 168
ရွှမ်ဝူက ပြောလိုက်၏။ “တကယ်ပဲ… ကုန်းအာက စေ့စပ်ထားတဲ့ လူတစ်ယောက် ရှိခဲ့တယ်”
မြို့စားကြီးသည် ယခင်တုန်းက ကျင်းမူကုန်းဟု အမြဲတမ်း ခေါ်ဆိုလေ့ရှိ၏။ သို့ပေမည့် လက်ရှိအချိန်တွင်တော့ ကုန်းအာဟု ပြောင်းလဲခေါ်ဆိုနေ၏။ ရွှမ်ဝူ၏ နှလုံးသားထဲတွင် ရှိနေသည့် ကျင်းမူကုန်း၏ ဂုဏ်သိက္ခာသည် အနည်းငယ် ပြောင်းလဲသွားခဲ့ပြီဟု အဓိပ္ပာယ်ပေါ်နေခြင်းပင်။
သူ့၏ သားသည် ညံ့ဖျင်းလွန်းသည် ဆိုသော်လည်း ကြင်နာတတ်၏။ သည်းခံတတ်သည့် တရားရှိ၏။ ထို့အပြင် ခိုင်မာသည့် စိတ်ဆန္ဒကိုလည်း ပိုင်ဆိုင်၏။ အဓိကသော့ချက်အားဖြင့် ရှမ့်လန်သည် ထိုအရာများ အားလုံးကို ပြုပြင်ပေးခဲ့ခြင်းပင် ဖြစ်၏။ ပြောရမည်ဆိုလျှင် ဤဆက်ခံသူသည် အတော်ဆုံးသော ဆက်ခံသူတစ်ယောက် ဖြစ်လာပေလိမ့်မည်။
ရှမ့်လန်သည် ရည်မှန်းချက် ကြီးမားပြီး ရွှမ်ဝူအိမ်တော်၏ ပိုင်ဆိုင်သမျှအားလုံးကို မောင်ပိုင်စီးကာ ရယူမည် ဆိုရင် မည်သို့ လုပ်မည်နည်း။ ဟာသတွေ ပြောနေခြင်းပင်။ ရှမ့်လန်သည် ကြမ်းတမ်းပြီး အညှာတာကင်းမဲ့ကာ ကောက်ကျစ်လွန်းသည့် လူတစ်ယောက် ဖြစ်သည် ဆိုသော်လည်း သူ၏ လူများအပေါ်တွင်တော့ အလွန်ပင် ကြင်နာလွန်းသည့် လူတစ်ယောက် ဖြစ်၏။ သူသည်သာ ကျင်းမိသားစု၏ ပိုင်ဆိုင်သမျှ အရာအားလုံးကို ရယူချင်သည် ဆိုပါက အရင်ဦးဆုံး ကျင်းမူကုန်းကို သတ်ပစ်လိုက်ရုံသာ ရှိ၏။
ရှမ့်လန် သူ၏ ယောက်ဖကို တကယ်ပင် သတ်ဖြတ်မည်လား။ ပြောနေစရာပင် မလိုချေ။ ရှောင်ပင်းပင်လျှင် ရှမ့်လန်ကို အညံ့ခံအောင် ပြုလုပ်နိုင်စွမ်း ရှိနေ၏။ ဤလူသည် ပိုက်ဆံ သို့မဟုတ် အာဏာ ထိုအရာ တစ်ခုကိုမှ ဂရုစိုက်ခြင်း မရှိချေ။ သူ ဂရုစိုက်သည်မှာ သူ၏အနား ဘေးပတ်ဝန်းကျင်တွင် ရှိနေသည့် လူများသာလျှင် ဖြစ်သည်။
ထို့အပြင် သူသည် ဆော့ကစားရခြင်းကို နှစ်သက်သူ တစ်ယောက်ဖြစ်၏။ သေခြင်းနှင့် ရှင်ခြင်း ရင်ဆိုင်ရသည့် အခြေအနေများကြား၊ ဩဇာအာဏာ သက်ရောက်မှုများတွင် ရုန်းကန်ရသည့် အခြေအနေများကြား၊ ထိုအရာများ ကြားတွင် ဆော့ကစားရခြင်းကို သူက အလွန် ပျော်မွေ့၏။
ကျန်းချုံးအတွက် ဤအရာသည် သူ၏ အိမ်မက်ဖြစ်ပြီး နိုင်ငံရေးနှင့် ပတ်သက်ပြီး ဝင်စွက်နိုင်ခြင်းသည် သူ၏ ထာဝရ ရည်မှန်းချက်ပင် ဖြစ်၏။ သို့ပေမည့် ရှမ့်လန်အတွက်တော့ ဤအရာသည် ကစားပွဲတစ်ခုသာလျှင် ဖြစ်လို့နေသည်။
ရှမ့်လန်က ပြောလိုက်၏။ “အင်း… ဝတုတ်ရဲ့ စေ့စပ်ထားတဲ့ မိန်းကလေးက ဘယ်မိသားစုကလဲ”
ရွှမ်ဝူက ပြောလိုက်သည်။ “ရွှယ်လီလို့ ခေါ်တယ်။ ဝူအန်း မြို့စားအိမ်တော် ရွှယ်မိသားစုရဲ့ သမီးလေ”
ဝူအန်းမြို့စားအိမ်တော်သည် ရွှဲ့ပြည်နယ်၏ တော်ဝင်မျိုးနွယ်ဟောင်းတစ်ခု ဖြစ်၏။ ရွှမ်ဝူအိမ်တော်နှင့် နှိုင်းယှဉ် ရမည် ဆိုလျှင် သူတို့၏ အဆင့်အတန်းသည် အနည်းငယ် ပိုမိုကာ မြင့်မား၏။ ရွှမ်ဝူအိမ်တော်သည် စတုရန်းမီတာ ၁၃၀၀ ကျော် မြေပိုင်နက်ကို ပိုင်ဆိုင်၏။
ဝူအန်းမြို့စားအိမ်တော်မှာတော့ တောင်ဘက်ပိုင်းတွင် တည်ရှိကာ ပင်လယ်အနီးနားတွင် ရှိ၏။ များပြားလွန်းလှသည့် အရွယ်အစားနှင့် ကျွန်းများ ပါဝင်နေသောကြောင့် သူတို့၏ ပိုင်နက်သည် ပိုမိုကာ ကြီးမား၏။ သို့ပေမည့် သူတို့၏ မိသားစုသည် အလွန် သိုသိုသိပ်သိပ် နေထိုင်ကြသည်ဖြစ်ပြီး ကိုယ်ပိုင် စစ်တပ်မှာပင် တပ်သား ၂၀၀၀ နီးပါးသာလျှင် ရှိနေသည်။
သို့ပေမည့် သူတို့၏ မိသားစုထဲတွင် အံ့အားသင့်စရာ နေရာတစ်ခု ရှိနေ၏။ ထိုအရာသည် တောင်ပင်လယ် ဓားဂိုဏ်းပင် ဖြစ်၏။ မျက်နှာပြင်ထက်တွင် တောင်ပင်လယ်ဓားဂိုဏ်းနှင့် ဝူအန်းမြို့စားအိမ်တော်တို့သည် တစ်ခုနှင့်တစ်ခု ဘာတစ်ခုမှ ပတ်သက်ခြင်း မရှိချေ။ သို့ပေမည့် ဤအရာနှစ်ခုလုံးကို ရွှယ်မိသားစုက ဦးစီးဦးဆောင် ပြုလုပ်လျက် ရှိနေကြောင်း လူပေါင်းများစွာတို့က သိ၏။
တောင်ပင်လယ် ဓားဂိုဏ်း၏ ခေါင်းဆောင် ရန်နန်ဖေးသည် ကျွမ်းကျင်လွန်းသည့် သိုင်းပညာရှင်တစ်ယောက် ဖြစ်ပြီး မျက်နှာပြင်ထက်တွင် ၎င်း၏ မျိုးရိုးနာမည်သည် ရန်ဖြစ်သော်လည်း တကယ်တမ်းမှာတော့ ရွှယ်မိသားစု၏ အဖွဲ့ဝင်တစ်ယောက်သာ ဖြစ်၏။ ဝူအန်းအိမ်တော်တွင် စစ်သည်ပေါင်း ၂၀၀၀ နီးပါးခန့်သာ ရှိသည် ဆိုသော်လည်း တောင်ပင်လယ်ဓားဂိုဏ်းတွင်တော့ တပည့်ပေါင်း ၂၀၀၀ ကျော် ရှိသည်။
ထို့အပြင် တောင်ပင်လယ်ဓားဂိုဏ်းသည် များပြားလွန်းလှသည့် လုပ်ကြံသတ်ဖြတ်သူနှင့် သူလျှိုများကို လေ့ကျင့်ပေးခဲ့ပြီးနောက် မကောင်းသည့် လုပ်ရပ်ပေါင်းစုံတို့ကို ပြုလုပ်၏။ ထို့ကြောင့် ဝူအန်းမြို့စားကြီး သည် ပိုမိုကာ အားကောင်းလာသည် ဆိုသော်လည်း မူဝါဒသစ်ဥပဒေသည် သူ့ကို မကျွမ်းလောင်ခဲ့ခြင်းပင်။
ထို့အပြင် သူတို့ မိသားစုသည် အမြဲတမ်း သိုသိုသိပ်သိပ်နှင့် နေထိုင်ခဲ့ပြီး နိုင်ငံနှင့် ပတ်သက်သည့် မည်သည့် အကြောင်းအရာကိုမှ ပါဝင်ဆက်စပ်ခြင်း မရှိချေ။ ထို့ကြောင့် သူတို့ကို မရှိသလိုပင် အားလုံးသော သူတို့က ထင်မှတ်မှားရ၏။
ရွှမ်ဝူက ပြောလိုက်သည်။ “လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာကျော်တုန်းက ရွှယ်မိသားစုက ဘိုးဘေးကြီးကို အကြွေးတင်ခဲ့တယ်လေ။ ပြီးတော့ ဝူအန်းမြို့စားကြီး ရွှယ်ချင်းချီက ငါတို့ ဘိုးဘေးကြီးရဲ့ တပည့် တစ်ယောက်လည်း ဖြစ်ခဲ့တယ်။ မိသားစုနှစ်ခုက နှစ်ပေါင်း တစ်ရာကျော်လောက် ရင်းနှီးမိတ်ဖွဲ့ခဲ့တာပေါ့။ တစ်ယောက်ကို တစ်ယောက်လည်း ကူညီခဲ့ကြတယ်”
“နှစ်ပေါင်း တစ်ရာကျော်လောက် မိတ်ဆွေတွေ ဖြစ်ခဲ့တယ် ဟုတ်လား” ရှမ့်လန်က မေးမြန်းလိုက်၏။
“ဟုတ်တယ်။ နှစ်ပေါင်း တစ်ရာကျော်လောက် မိတ်ဆွေတွေ ဖြစ်ခဲ့တာ”
ရွှမ်ဝူက ပြန်လည်ကာ ပြောဆိုလိုက်သည်။ “မူလန် ငယ်ရွယ်စဉ်တုန်းက တောင်ပင်လယ် ဓားဂိုဏ်းကို သွားပြီး သိုင်းပညာ လေ့ကျင့်ခဲ့ဖူးသေးတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ငါတို့ မိသားစုနှစ်ခုကြားမှာ ရှိနေတဲ့ ဆက်ဆံရေးက ဘာမှန်းမသိတဲ့ အကြောင်းအရာကြောင့် အေးစက်သွားခဲ့တယ်။ ရွှယ်လီနဲ့ ကုန်းအာတို့ ကြားမှာ ရှိနေတဲ့ စေ့စပ်ပွဲကလည်း အေးစက်သွားခဲ့တယ်။ သူတို့က စေ့စပ်ပွဲကို ဖျက်ဆီးခဲ့တာ မဟုတ်သလို လက်ထပ်ဖို့ ကိုလည်း ပြုလုပ်မှာ မဟုတ်ဘူး။ ဒီတိုင်းပဲ ရေရှည်ဆွဲထားတဲ့ သဘောမျိုးပေါ့”
ရှမ့်လန်က မျက်မှောင်ကြုတ်သွား၏။ ဤကဲ့သို့ လူစားသည် ပိုမိုကာ ရွံစရာကောင်း၏။ စေ့စပ်ပွဲကို မဖျက်သိမ်းဘူး ဆိုလျှင် အဘယ့်ကြောင့် ဤကဲ့သို့ ရေရှည်ဆွဲထားရသနည်း။
ရွှမ်ဝူက ပြောလိုက်သည်။ “ငါ သံတမန်တစ်ယောက်ကို လွန်ခဲ့တဲ့ လဝက်တုန်းက စေလွှတ်ခိုင်းခဲ့တယ်။ ရွှယ်မိသားစုကို ရှင်းပြချက်တောင်းခဲ့တယ်။ စေ့စပ်ပွဲကို ဆက်လုပ်မှာလား မလုပ်ဘူးလား ဆိုတာပေါ့။ ဒီတိုင်းပဲ ရေရှည်ဆွဲထားမယ်ဆိုရင် ကုန်းအာ အသက်ကြီးသွားနိုင်တယ်လေ။ သူ့အနေနဲ့ လက်ထပ်ပြီး ကလေးမွေးဖွားဖို့ အတွက် အချိန်ရောက်နေပြီ မဟုတ်လား”
အခြေအနေသည် တကယ်ကို ရှုပ်ထွေးလျက် ရှိနေ၏။ ဘုရင်မင်းမြတ်သည် သူ၏ ရည်မှန်းချက်ကို ထုတ်ဖော်ပြသလိုက်သောကြောင့် ရွှယ်မိသားစုသည်စေ့စပ်ပွဲကို ဆိုင်းငံ့ခဲ့ခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။ ဘုရင်မင်းမြတ်၏ ဓားကျဆင်းလာချင်းချင်း ဝူအန်းမြို့စားကြီးသည် တကယ့်ကို အေးစက်စိမ်းကားစွာဖြင့် သူတို့နှင့် ခပ်ဝေးဝေးဆီသို့ ရှောင်ရှားသွားခဲ့ခြင်းပင် ဖြစ်ပေမည်။
မဟာမိတ်နှင့် ခမည်းခမက် ဆိုသည်မှာ အရေးကြီးကိစ္စရပ်များတွင် ပူးပေါင်းပါဝင်နေရသည့် အရာမျိုး ဖြစ်နေသည် မဟုတ်ပါလား။
ထိုအချိန်မှာတော့ ကျင်းကျုံးသည် အပြင်ဘက်ဆီမှ လှမ်းကာ ပြောလိုက်၏။ “သမက်တော်… မိန်းကလေး ရှစ်ချင်းချင်းက တိတ်တဆိတ် လာပြီးတော့ တွေ့ပါတယ်”
ရွှမ်ဝူသည် ထိုစကားကို ကြားသည့် အချိန်မှာတော့ ချက်ချင်းပင် ထွက်ခွာသွားခဲ့၏။ အဘယ့်ကြောင့်ဆိုသော် သမက်တော်သည် အခြေခံ အောက်ခြေစည်းမျဉ်း မရှိသောကြောင့်ပင်။ ဤနေရာတွင်သာ ဆက်နေသည် ဆိုပါက အဓိပ္ပာယ်မရှိသည့် စကားလုံးများနှင့် နားရှက်လောက်စရာ စကားလုံးများကို ကြားရမှာ သေချာသည်။
..........
နုမြစ်ကမ်း၏ ဘေးတစ်ဖက်ရှိ အိမ်ထဲမှာတော့ အုပ်ချုပ်ရေးမှူး ကျန်းချုံးသည် တရွေ့ရွေ့ စီးဆင်းလျက် ရှိနေသည့် မြစ်ကြီးကို မကြည့်ရှုချေ။ နံရံတွင် ရှိနေသည့် မြေပုံကိုသာ ကြည့်ရှုလျက် ရှိနေလေ၏။ သူ၏ အကြည့်သည် ပထမဦးဆုံး ကျင်းချန်ကျွန်းဆီသို့ ရောက်ရှိသွား၏။ ပြီးနောက် နုရှောင့်မြို့နှင့် လေ့ကျိုးကျွန်းစုများ ဆီသို့ ရောက်ရှိသွား၏။
လေ့ကျိုးကျွန်းစုတစ်ခုလုံးသည် နုကျန့်စီရင်စုနှင့် တူညီသည့် အရွယ်အစားရှိ၏။ ဥပဒေ၏ အပြင်ဘက်တွင် တည်ရှိနေသည့် တည်နေရာတစ်ခုဖြစ်ပြီး ထိုနေရာတစ်ခုလုံးကို ပင်လယ်ဓားပြ တစ်သောင်းကျော်တို့က ဦးစီး အပိုင်စီးထား၏။ အထူးသဖြင့် နုရှောင့်မြို့ပင် ဖြစ်သည်။
ကျန်းချုံးသည် ထိုနေရာဆီသို့ မရောက်ရှိခဲ့ဖူးချေ။ သို့ပေမည့် သူသည် သူလျှိုပေါင်းများစွာကို စေလွှတ်ခဲ့၏။ နှစ် ၂၀ ကျော်ကြာ တည်ဆောက်ပြီးသည့်နောက် ထိုနေရာသည် ရွှဲ့ပြည်နယ်၏ အရှေ့ဘက်ပင်လယ် ကုန်သွယ်ရေး ဇုံကြီး တစ်ခုအဖြစ် ဖြစ်လာခဲ့၏။ ထူထဲလွန်းလှသည့် နံရံများနှင့် တည်ဆောက်ထားသော မြို့ဟုခေါ်သော အရာတစ်ခု ဖြစ်ပြီး ထိုမြို့ကြီးသည် ဖျက်ဆီး၍ မရနိုင်သည့် ခံတပ်ကြီးတစ်ခုကဲ့သို့ပင်။
သူလျှိုပေါင်းများစွာတို့သည် နုရှောင့်မြို့သည် နုကျန့်စီရင်စုထက်ပင် ပိုမိုကာ အားကောင်းသည်ဟု သတင်းပို့ ခဲ့ကြ၏။ ချောင်ထျန်းဝေသည် ဤမြို့ကြီး၏ အရှင်သခင်ပင် ဖြစ်၏။ လေ့ကျိုးကျွန်းစု တစ်ခုလုံးသည် ချောင်ထျန်းဝေ ပိုင်ဆိုင်သည့် အရာတစ်ခုဟုပင် သတ်မှတ်ထားခဲ့ကြပြီး ဘုရင်မင်းမြတ် မပိုင်ဆိုင်သကဲ့သို့ပင်။
ယခင်တုန်းက ကျန်းချုံး အနေနှင့် ဤကစားပွဲတွင် ဤငါးမန်းအား ဆွဲထည့်ရန် ရည်ရွယ်ချက် မရှိချေ။ သို့ပေမည့် အခု သူ့၌ ရွေးချယ်ခွင့် မရှိတော့ချေ။ ရွေးချယ်ခွင့် မရှိတော့ဘူး ဆိုမှတော့ ကျိန်းသေပေါက် ပိုမိုကောင်းမွန်သည့် အခြေအနေမျိုးဖြင့် ကစားခိုင်းမှ ဖြစ်ပေလိမ့်မည်။ အံ့အားသင့်စရာ ကောင်းသည့် အရာတစ်ခုကို ဖန်တီးပေးရပေလိမ့်မည်။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ကျင်းကျုံးမြို့စားကြီး မလုပ်နိုင်ခဲ့သည့်အရာကို သူ ကျန်းချုံးက ပြုလုပ်နိုင်ရ ပေလိမ့်မည်။ ထိုအရာသည်သာ ပြည့်စုံသွားသည် ဆိုပါက သူ ကျန်းချုံးသည် နန်းတွင်း၏ အရေးကြီးသော ဌာနတစ်ခုသို့ ရောက်ရှိပြီး ရွှဲ့ပြည်နယ်၌ ကျော်ကြားလွန်းသော အရာရှိတစ်ယောက် ဖြစ်လာမှာ သေချာ၏။
နယ်စား သို့မဟုတ် ဝန်ကြီးချုပ် တစ်ခုခု ဖြစ်လာဖို့ ဆိုသည်မှာ လွယ်ကူသည့် အရာပင် ဖြစ်၏။ သို့ပေမည့် အလွန်ကြီးမားသည့် ကစားပွဲကြီးတစ်ခုသာ ဖြစ်၏။ ထို့အတူ အလွန်လည်း အန္တရာယ် များလွန်းလှ၏။ အနည်းငယ်သော ဂရုမစိုက်မိပါက သူကိုယ်တိုင်ပင်လျှင် အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားမှာ သေချာသည်။
ဤစစ်တုရင်ကစားပွဲတွင် ချောင်ထျန်းဝေသည်သာမက ကြောက်မက်ဖွယ်ရာ ကောင်းသည့် ငါးမန်းများကိုပါ ထည့်သွင်းရပေမည်။ ထိုထဲတွင် ကြောက်မက်ဖွယ်ရာ ကောင်းသည့် မိစ္ဆာစစ်တုရင် ကစားသမား ရှမ့်လန်လည်း ပါဝင်နေ၏။ သူ ကျန်းချုံးသည် အန္တရာယ်များလွန်းလှသည့် အရာမျိုးကို ဘယ်သော အခါကမှ မကစားခဲ့ဖူးချေ။ သူ အနိုင်ယူနိုင်ပါမည်လား။
အနိုင်ယူနိုင်မည်လား ဆိုသည်ကို သေသေချာချာ မသိရှိချေ။ သို့ပေမည့် သူ ကျန်းချုံးသည် ဦးတည်ရာတစ်ခုကို သွားရန် ဆုံးဖြတ်လိုက်၏။ သူ ရှေ့ကို သွားရန် ဆုံးဖြတ်ထားပြီ ဆိုမှတော့ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အစိတ်စိတ်အပိုင်းပိုင်း ဖြစ်ရမည် ဆိုလျှင်တောင် ကျိန်းသေပေါက် တွန့်ဆုတ်လိမ့်မည် မဟုတ်ချေ။ စိတ်ဆန္ဒ၏ ဆုံးဖြတ်ရာအတိုင်း သူက လိုက်ပါသွားမှာ ဖြစ်၏။
အောင်မြင်သည် ဆိုပါက ပင်လယ်ဓားပြ ချောင်ထျန်းဝေ၊ ရွှမ်ဝူအိမ်တော်၊ ကျင်းဟိုင်မြို့စားအိမ်တော်၊ လူပေါင်းများစွာတို့သည် သူ၏ ခြေထောက်အောက်တွင် ရှိနေသည့် အရိုးများအဖြစ် ပြောင်းလဲသွားမှာ ဖြစ်၏။ သူ၏ တက်လှမ်းရာလမ်းကြောင်းတွင် ဤအရိုးစုများကို နင်းလျှောက်ကာ ဖြတ်သန်းသွားရပေလိမ့်မည်။
သူသာ ကျဆုံးသွားသည် ဆိုပါက .... ဟုတ်ပေ၏။ သဘာဝအတိုင်းပင် ပြာအဖြစ် ပြောင်းလဲသွားမှာ ဖြစ်လေ၏။
သူသည် သူ၏သမီး ကျန်းချွင်းဟွာကို လှမ်းကြည့်လိုက်၏။ နုရှောင့်မြို့သည် ကျားများ၊ ဝံပုလွေများ ပုန်အောင်းနေသည့် တည်နေရာတစ်ခု ဖြစ်သည်။ “ချွင်းဟွာ... အဖေ မင်းကို တစ်စုံတစ်ခု လုပ်စေချင်တယ်”
ကျန်းချွင်းဟွာသည် ပျင်းရိလေးကန်စွာဖြင့် လဲလျောင်းလျက် ရှိနေ၏။ သို့ပေမည့် သူမ အဖေ၏ စကားကို ကြားသည့် အချိန်မှာတော့ ချက်ချင်းပဲ ခတ်မတ်မတ် ထိုင်လိုက်၏။ ခေါင်းကိုလည်း မြင့်မြင့်မော့ထား၏။ “ဘာလဲ”
ကျန်းချုံးက ပြောလိုက်သည်။ “အဖေ မင်းကို နုရှောင့်မြို့ဆီကို သွားစေချင်တယ်”
ကျန်းချွင်းဟွာက တုန်ယင်သွား၏။ “အဖေ… ချောင်ထျန်းဝေဆီ ကျွန်မကို ပေးလိုက်မှာတော့ မဟုတ်ပါဘူးနော်။ အဲလူနဲ့ သွားအိပ်ရမှာလား”
ကျန်းချုံးသည် ထိုစကားကို ကြားရသည့် အချိန်မှာတော့ ဦးခေါင်းတစ်ခုလုံးပင် မီးလောင်သွားလုမတတ် ဒေါသထွက်သွားသည်။ “ငါ ကျန်းချုံးက ရည်မှန်းချက်ကြီးမားတယ်။ ဒါပေမဲ့ တိရစ္ဆာန်တော့ မဟုတ်ဘူး။ ငါ့သမီးကို ဘယ်လိုဖြစ်ပြီးတော့ ဒီလိုကောင်ရဲ့ လက်ထဲကို ထည့်ပေးရမှာလဲ”
ကျန်းချုံးက ပြောလိုက်၏။ “မင်း ချောင်ယောင်းအာကို သိလား”
“အင်း… နုရှောင့်မြို့ရဲ့ သခင်မလေးလား”
ကျန်းချွင်းဟွာက ပြောလိုက်သည်။ “ဒီမိန်းမက ပင်လယ်ဓားပြပဲ။ ချောင်ရှောင်းကိုတောင် ဖိနှိပ်နိုင်တဲ့ ပင်လယ်ဓားပြတစ်ယောက်။ အရမ်းကို အားကောင်းတယ်”
ကျန်းချုံးက ခေါင်းညိတ်လိုက်၏။ “အင်း…”
“သူ့ကို သွားပြီးတော့ ဆွဲဆောင်ရမှာလား”
ကျန်းချွင်းဟွာက ပြောလိုက်သည်။ “ယောက်ျားတွေကို ဆွဲဆောင်တဲ့ နေရာမှာ ကျွန်မက တော်တယ် ဆိုပေမဲ့ မိန်းမတွေကို ဆွဲဆောင်ဖို့တော့ တစ်ခါမှ မကြိုးစားဖူးဘူး”
“ဆွဲဆောင်ရမှာတော့ မဟုတ်ဘူး”
ကျန်းချုံးက ပြောလိုက်၏။ “သူမနဲ့အတူ အလုပ်လုပ်နိုင်ဖို့ နည်းလမ်းတစ်ခုခု ရှာဖို့ပဲ။ မင်းက ငါ့ကိုယ်စား သွား ဆွေးနွေးရမှာပေါ့”
“ကောင်းပါပြီ။ ဒါဆိုရင် ဘာလုပ်နိုင်လဲ ကြည့်ရတာပေါ့”
ကျန်းချွင်းဟွာက ပြောလိုက်သည်။ “ကျွန်မရဲ့ မြေခွေးလိုမျိုး ဆွဲဆောင်မှုရှိတဲ့ အော်ရာတွေက ရှမ့်လန်ကိုတောင် သက်ရောက်နိုင်ခဲ့တယ်။ ဒီတော့ တခြားသောသူတွေကို ဆွဲဆောင်ဖို့အတွက် စွမ်းရည်မရှိဘူးဆိုတာ မဖြစ်နိုင်ဘူး”
“ကဲ… အချိန်သိပ် မရှိတော့ဘူး။ ပြင်ဆင်စရာရှိတာ ပြင်ဆင်တော့။ မနက်ဖြန် မနက်ခင်းကျရင် နုရှောင့်မြို့ကို မင်း သွားတော့”
“ကောင်းပါပြီ”
…………..
ရှစ်ချင်းချင်းသည် ရှမ့်လန်၏အရှေ့၌ ထပ်မံကာ ပေါ်ပေါက်လာသည့် အချိန်မှာတော့ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးက မွှေးပျံ့လျက်ရှိနေ၏။ သူမသည် ရေကို သေသေချာချာ ချိုးထားပြီး နှင်းဆီရနံ့ဖြင့်ပင် စိမ်လာခဲ့၏။
“ရှစ်ချင်းချင်း… မင်း ဘာဖြစ်လို့ ပိန်လာတာလဲ။ ငါ ရင်တွေတောင် နာတယ်” ရှမ့်လန်က ပြောလိုက်သည်။
ရှစ်ချင်းချင်းသည် မျက်လုံးများ ချာချာလည်ကာဖြင့် ရှမ့်လန်ကို ကြည့်လိုက်၏။ “အင်း… ကျွန်မ ရှင့်အကြောင်း နေ့နေ့ညည တွေးနေတာပေါ့။ ညဘက်ဆို အိပ်လို့တောင် မပျော်ဘူး။ ဒီတော့ ကျွန်မ ဘယ်လိုလုပ် ဝလာမှာလဲ”
ရှမ့်လန်က ပြောလိုက်သည်။ “အင်း… အရင်က သဘောတူညီထားတဲ့ ကိစ္စရပ်က အသက်ဝင်သေးလား”
ရှမ့်လန် ကျန်းရှန်ကျွန်းတိုက်ပွဲတွင် ရှုံးနိမ့်သည် ဆိုပါက သူနှင့် ရှစ်ချင်းချင်းတို့သည် တတိယမင်းသားဆီသို့ သွားရောက်ကာ ခိုလှုံမှာ ဖြစ်၏။ ရှမ့်လန်သာ အနိုင်ရရှိသည် ဆိုပါက ရှစ်ချင်းချင်းသည် နုရှောင့်မြို့ဆီသို့ သွားပြီး နုရှောင့်မြို့၏ သခင်မလေး ချောင်ယောင်းအာကို သွားရောက်ကာ ဆွဲဆောင်ရမှာ ဖြစ်၏။
“အင်း… ထည့်တွက်လို့ ရသေးတယ်”
ရှစ်ချင်းချင်းက ပြောလိုက်သည်။ “ကျွန်မ ခန္ဓာကိုယ်က ယောက်ျား တစ်ယောက်နဲ့ အိပ်ဖို့ထက် မိန်းမတစ်ယောက်နဲ့ အိပ်ဖို့အတွက် ပိုပြီးတော့ အဆင်ပြေတယ်။ မနက်ဖြန် နုရှောင့်မြို့ကို သွားမယ်။ ပြီးတော့ ချောင်ယောင်းအာရဲ့ ဘေးနားမှာ သွားနေမယ်”
ပြီးနောက် ရှစ်ချင်းချင်းက ပြောလိုက်၏။ “ဒါပေမဲ့ ရှမ့်လန်… ကျွန်မ ရှင့်ကို သစ္စာမဖောက်ဘူးလို့ ရှင် ဘာလို့ ထင်နေရတာလဲ။ ကျွန်မ ချောင်ယောင်းအာရဲ့ ယုံကြည်ရတဲ့ လူယုံတော်တစ်ယောက် ဖြစ်လာပြီဆိုရင် ရှင့်အမိန့်ကို နားထောင်ဖို့တော့ လိုအပ်ပါအုံးမလား”
ရှမ့်လန်က ပြောလိုက်သည်။ “အမှန်ပဲလေ။ ခင်ဗျား ပြောတာ အဓိပ္ပာယ်ရှိတယ်”
ရှစ်ချင်းချင်းက ပြောလိုက်၏။ “ဒါဆိုရင် မသွားခင် ဘာလို့ ကျွန်မနဲ့ အိပ်ဖို့ မကြိုးစားတာလဲ။ ကျွန်မကို အခွင့်အရေးယူပြီး ဘာလို့ ဗိုက်ကြီးအောင် မလုပ်လိုက်တာလဲ”