အခန်း (၁၇၀)
Vol. 13 Ch. 170
ဝမ်ကျားကျွန်း၏ မဟာဗျူဟာသည် များပြားလွန်းသည့် ငွေကြေး နှင့် ရွှေများကို လိုအပ်လျက် ရှိနေ၏။ ရှမ့်လန်သည် လျှို့ဝှက်လှိုဏ်ခေါင်း တစ်ခုဆီသို့ သွားလိုက်၏။ သူသည် ဝမ်လျှံ၏ အုတ်ဂူဆီသို့ သွားခဲ့ခြင်းပင် ဖြစ်၏။ ဤသူသည် သေရန် ထိုက်တန်၏။ သို့ပေမည့် အဆုံးသတ်မှာတော့ လင်းကျိုးကို သုတ်သင်တိုက်ခိုက်ရန်အတွက် အများကြီး ကူညီခဲ့ပြီး ချင်းကန်မြို့စားအိမ်တော် တစ်ခုလုံးကို ကြီးကြီးမားမား ဒုက္ခပေးခဲ့၏။
ဤကဲ့သို့သော ကျေးဇူးကြွေးသည် ကျေးဇူးကြွေးသာလျှင် ဖြစ်၏။ အပြစ်က အပြစ်သာလျှင် ဖြစ်၏။ ရှမ့်လန်သည် မည်သည့်စကားမှ မဆိုချေ။ သူသည် ဝမ်လျှံ၏ အုတ်ဂူပေါ်သို့ ဝိုင်ခွက်အနည်းငယ်ကို လောင်းချလိုက်သည်။ ဤအရာမှ သူ၏ အသိအမှတ်ပြုခြင်းပင်။
ကျင်းဟွေ့နှင့် ရှမ့်ဆယ့်သုံး၏ ကာကွယ်ပေးမှုအောက်မှာတော့ သူသည် ရွှမ်ဝူအိမ်တော်ဆီသို့ ပြန်လာခဲ့၏။ သို့ပေမည့် အိမ်တော်သို့ ပြန်လာရာလမ်း၌ လူတစ်ယောက်သည် လမ်းကို ပိတ်ပင် တားဆီးထား၏။
ထိုလူကို ကြည့်ရသည်မှာ အလွန်မင်း အားကောင်းလှပုံ ပေါ်၏။ မတ်တပ်ရပ်လျက် ရှိနေသည် ဆိုသော်လည်း အလွန် တောင့်တင်းခိုင်မာလွန်းသည့် ကျောက်တောင်ကြီးတစ်ခု ရပ်တန့်နေသကဲ့သို့ပင်။ ဤလူ မတ်တပ်ရပ်နေသည့် တည်နေရာအနီးနားတွင်တော့ မည်သည့် သားရဲတိရစ္ဆာန်၊ သားကောင်၊ ပိုးမွှားများမှ အသံ မထွက်ရဲကြချေ။
အနည်းဆုံး ကျင်းဟွေ့နှင့် ရှမ့်ဆယ့်သုံးတို့၏ အပြုအမူကို ကြည့်ရှုလိုက်လျှင်လည်း သူက သိရှိ၏။ ထိုနှစ်ယောက်တို့သည် ဓားများကို အရင်ဆုံး ဆွဲထုတ်လိုက်၏။ သို့ပေမည့် ထိုသူတို့သည် ဓားများကို ပြန်လည်ကာ ဓားအိမ်ထဲသို့ ထည့်လိုက်၏။ အဘယ့်ကြောင့်ဆိုသော် သူ၏ ရှေ့တွင် ရှိနေသည့် လူသည် သူတို့ ဓားဆွဲထုတ်ရုံလောက်နှင့် ဘာတစ်ခုမှ ပြုလုပ်နိုင်မည့် လူမျိုး မဟုတ်သောကြောင့်ပင်။ တစ်ဖက်လူ၏ အားအင်အဆင့်သည် သူတို့ထက် အလွန်အမင်း သာလွန်ထက်မြက်လျက် ရှိနေ၏။
တစ်ဖက်လူသည် သက်လတ်ပိုင်းအရွယ် ချောမောသည့် လူတစ်ယောက် ဖြစ်ပြီး ခေါင်းအစခြေအဆုံး အလွန်အားကောင်းသည့် အရှိန်အဝါများကို ထုတ်ဖော်လျက် ရှိနေသည်။
ပြိုင်ဘက်ကင်းရသည့်မှာ အထီးကျန်၏။ ဘဝတွင် ဤကဲ့သို့ အထီးကျန်စွာ နေထိုင်ခဲ့သည့် ဟူသော လူမျိုးပင်။
“ရွှမ်ဝူအိမ်တော်က သမက်တော် လူကြီးမင်း ရှမ့်လန် ဆိုတာ မင်းလား”
ထိုလူက ပြောလိုက်၏။ သူ၏ အသံသည် မကျယ်လွန်းချေ။ သို့ပေမည့် ရှမ့်လန်၏ နားထဲတွင်တော့ ခေါင်းလောင်းထိုးသံ တစ်ခု ကဲ့သို့ပင်။
ရှမ့်လန်က ပြောလိုက်၏။ “ဟုတ်ပါတယ်။ ကျုပ်ပါပဲ”
“ဒါဆိုရင် ကျုပ်ရဲ့ ကြယ်ကြွေဓား နည်းစနစ်ကို ဖျက်ဆီးခဲ့တယ် ဆိုတာ မင်းပေါ့”
ရှမ့်လန်၏ ခန္ဓာကိုယ် တစ်ခုလုံးက တုန်ယင်သွားခဲ့၏။ တစ်ဖက်လူ မည်သူဖြစ်ကြောင်းကို သူ သိရှိခဲ့ပြီ ဖြစ်၏။ ကောင်းကင်ကို ပုန်ကန်နိုင်လောက်သည့် ကျွမ်းကျင်သူ တောင်ပင်လယ်ဓားဘုရင် လီချင်းချိုးပင် ဖြစ်၏။ သူ၏ သိုင်းတာအိုကို သက်သေပြနိုင်ရန် သူ၏ မိန်းမကိုပင် သတ်ဖြတ်ခဲ့သည့် လူတစ်ယောက်ဖြစ်သည်။
စာပေအတတ်ပညာတွင် ပထမနေရာဟူ၍ မရှိသလို သိုင်းပညာတွင် ဒုတိယနေရာဟူ၍ မရှိချေ။ ရွှဲ့ပြည်နယ်၏ ပထမဦးဆုံးသော ကျွမ်းကျင်သူ နံပါတ်တစ် မည်သူဖြစ်သနည်း။ လောကကြီးထဲတွင် တခြားသော နံပါတ်တစ် ကျွမ်းကျင်သူများကို မဆိုနှင့် ဤအရာကို မည်သူမှ ကောင်းကောင်း ဖြေရှင်းမပေးနိုင်ချေ။ အဘယ့်ကြောင့် ဆိုသော် ထိပ်တန်းကျွမ်းကျင်သူများသည် လွယ်လွယ်ကူကူ ရင်ဆိုင် ဖြေရှင်း၍ မရနိုင်သောကြောင့်ပင်။
ထို့ကြောင့် ၎င်းတို့သည် အိုလံပစ်ပြိုင်ပွဲများကဲ့သို့ ပထမ၊ ဒုတိယဟူ၍ ယှဉ်ပြိုင် သတ်မှတ်၍ ရနိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် လောကကြီးတွင် ရှိနေသည့် သိုင်းပညာလမ်းစဉ်သည် တကယ်ကို ဆန်းကြယ်လွန်း လှချေ၏။ မည်သူနိုင်မည်၊ မည်သူရှုံးမည်ဟု ပြောဆိုရန် ခက်ခဲလွန်းလှ၏။
လောကထဲတွင် နံပါတ်တစ် သိုင်းပညာကျွမ်းကျင်သူတစ်ယောက်ကို လိုက်လံကာ ရှာဖွေမည်ဆိုပါက ထိုလူသည် အရိုးပင် ဆွေးသွားလောက်မည်။ သို့ပေမည့် ရွှဲ့ပြည်နယ်တွင် သိုင်းပညာ ကျွမ်းကျင်သူ နံပါတ်တစ်၊ နံပါတ်နှစ်ဟူ၍ မရှိလျှင်တောင် တောင်ပင်လယ်ဓားဘုရင်သည် ထိပ်တန်းအဆင့် သိုင်းပညာရှင် တစ်ယောက် ဖြစ်ကြောင်း သိသာထင်ရှားလှသည်။
ကျုံးချုံးကဲ့၊ ရန်နန်းဖေး၊ လီချင်းချိုးနှင့် ပျံ့ရှောင်းတို့သည် ကျွမ်းကျင်လွန်းသည့် သိုင်းပညာရှင်များ ဖြစ်၏။ ကျုံးချုံးကဲ့သည် လီချင်းချိုးနှင့် တိုက်ခိုက်ခဲ့ပြီး ကြယ်ကြွေဓား နည်းစနစ်ကို ချိုးဖျက်ရန် ကြိုးစားခဲ့၏။ သို့ပေမည့် ရှုံးနိမ့်ခဲ့၏။
ရန်နန်းဖေးသည် တောင်ပင်လယ်ဓားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး လီချင်းချိုးမှာတော့ တောင်ပင်လယ်ဓားကျွန်း၏ ခေါင်းဆောင်တစ်ယောက် ဖြစ်၏။ ၎င်းတို့နှစ်ယောက်လုံးသည် တောင်ပင်လယ်ဓားဘုရင်ဟူသည့် အမည်နာမနှင့် ထိုက်တန်သည့် လူများဖြစ်၏။ တစ်ဖက်နှင့်တစ်ဖက် နာမည်ချင်းက တူညီလုနီးပါးပင်။
ထို့ကြောင့် ယခင်တုန်းက တိုက်ခိုက်ခဲ့ဖူး၏။ သို့ပေမည့် တိတ်တဆိတ် ကြိတ်ကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သောကြောင့် မည်ကဲ့သို့ရလဒ်များ ဖြစ်ပေါ်ခဲ့ကြောင်း မည်သူမှ မသိရှိချေ။ အနိုင်ရရှိသူသည် သူ အနိုင်ရရှိခဲ့သည်ဖြစ်ကြောင်း မည်သူ့ကိုမှ ထုတ်ဖော်မပြောသလို ရှုံးနိမ့်သူကလည်း တခြားသောသူများကို သူရှုံးနိမ့်သည်ဖြစ်ကြောင်း လိုက်လံပြောဆိုနေလိမ့်မည် မဟုတ်ချေ။
သို့ပေမည့် ရန်နန်းဖေး ရှုံးနိမ့်ခဲ့ကြောင်း အားလုံးက ခန့်မှန်းခဲ့ကြ၏။ အဘယ့်ကြောင့်ဆိုသော် ရန်နန်းဖေးသည် အလွန် ဝင့်ကြွားစွာနေထိုင်တတ်သည့် လူတစ်ယောက်ဖြစ်ပြီး သူသာ အနိုင်ရရှိသည်ဆိုပါက တစ်လောကလုံး ဆီသို့ အနိုင်ရရှိကြောင်း ကြေညာပစ်မှာ သေချာ၏။
အားလုံးသော သူတို့၏ မျက်လုံးထဲတွင် လီချင်းချိုးသည် ခန့်မှန်း၍မရနိုင်သည့် လူတစ်ယောက်ဖြစ်၏။ ဤလူသည် သူ၏မိန်းမကိုပင် သတ်ဖြတ်ခဲ့သူဖြစ်ပြီး တကယ်ပင် ရက်စက်ကြမ်းတမ်းလွန်းသည့် လူတစ်ယောက်လည်း ဖြစ်သည်။
ပြောရမည်ဆိုလျှင် သူသည် တကယ်ကို ဆင်းရဲနွမ်းပါးစွာဖြင့် မွေးဖွားခဲ့သူတစ်ယောက်ဖြစ်၏။ သူ၏ ယောက္ခထီးသည် သူ့ကို ခေါ်ယူမွေးစားပြီး ပြုစုပျိုးထောင်ခဲ့၏။ ထိုသူသည်သာ မရှိသည် ဆိုပါက သူ့အနေနှင့် လမ်းဘေးတွင် တောင်းစားရသည့် သူတောင်းစားအဖြစ် ရပ်တည်ရှင်သန်နေရမှာ သေချာ၏။
သူ၏မိန်းမသည် ထိုအချိန်တုန်းက တစ်လောကလုံးတွင် အကျော်ကြားဆုံးသော ချောမောလှပသူ တစ်ယောက် ဖြစ်ခဲ့၏။ သူမသည် ရေတွက်၍မရအောင် များပြားလှသော လူငယ် သူရဲကောင်းများစွာတို့၏ အိပ်မက်ချစ်သူပင် ဖြစ်သည်။
လီချင်းချိုး၏ အံ့အားသင့်စရာသည် ဤနေရာတွင် မရပ်တန့်ခဲ့ချေ။ အတိတ်တုန်းက များပြားလွန်းသည့် ဓားဘုရင်များသည် ကြယ်ကြွေဓားကွက်ပေါ်တွင် အမှီခိုပြုခဲ့၏။ သို့ပေမည့် တောင်ပင်လယ်ဓားဘုရင်သည် သူ၏ဓားနည်းစနစ်ကို လွန်ခဲ့သည့် ဆယ်နှစ်ထဲက စွန့်လွှတ်ခဲ့ပြီဖြစ်၏။ ပြီးနောက် တခြားသော ဓားနည်းစနစ်ကို ပြောင်းလဲကျင့်ကြံခဲ့၏။ ဤသိုင်းကွက်သည် မည်မျှ အံ့အားသင့်စရာကောင်းကြောင်း မည်သူကမှ မသိရှိချေ။ အဘယ့်ကြောင့်ဆိုသော် မည်သူမှသည် သွားရောက်ကာ စိန်မခေါ်ရဲခြင်းကြောင့်ပင်။
ထို့ကြောင့် ရွှဲ့ပြည်နယ်တွင် ရှိနေသည့် သိုင်းဆရာကြီးများထဲကြားတွင် ကျုံးချူးကဲ့နှင့် ရန်နန်းဖေးပင်လျှင် ရှုံးနိမ့်ခဲ့၏။ တောင်ပင်လယ်ဓားဘုရင် လီချင်းချိုးသည် သွားရောက်စိန်ခေါ်၍ ရနိုင်သည့် လူမျိုး မဟုတ်ချေ။
လက်ရှိအခြေအနေမှာတော့ ရှမ့်လန်သည် တစ်ဖက်ဆရာကြီးအား သွားရောက်ကာ ရန်စမိခဲ့ပြီ ဖြစ်၏။
“ငါ့ရဲ့ ကြယ်ကြွေဓားနည်းစနစ်ကို ချိုးဖျက်ခဲ့တဲ့လူက မင်းလား” လီချင်းချိုးသည် ထပ်မံကာ မေးမြန်းလိုက်၏။ ဤစကားစုသည် အနည်းငယ်လေးသော ဒေါသတရားများ မပါဝင်ချေ။
ရှမ့်လန်က ပြောလိုက်သည်။ “ဟုတ်ပါတယ်”
လီချင်းချိုးက ပြန်လည်ကာ ပြောဆိုလိုက်၏။ “ဒါဆိုလည်း သွားကြရအောင်”
သွားကြရအောင် ဟုတ်လား။ ဘယ်နေရာကို သွားရမှာလဲ။ သူ့ကို တောင်ပင်လယ်ဓား ဓားကျွန်းဆီသို့ ခေါ်ဆောင်ပြီး သတ်ဖြတ်ပစ်ဖို့လား။
ဤသို့လည်း မဟုတ်သေးချေ။ အဘယ့်ကြောင့်ဆိုသော် လောကကြီးထဲတွင် ရှိနေသည့် သိုင်းတာအို၏ ပညာရှင်များတို့သည် ကျော်ကြားသည့် နာမည်ဂုဏ်သတင်းနှင့် နေထိုင်ခဲ့သည့် လူများဖြစ်သည်။
သာမန်လူတစ်ယောက်ကို သတ်ဖြတ်ပစ်သည်ဆိုပါက အဆင်ပြေသေး၏။ သို့ပေမည့် ရွှမ်ဝူမြို့စားကြီး၏ သမက်တော်ကိုသာ သတ်ဖြတ်ခဲ့သည်ဆိုပါက ရွှဲ့ပြည်နယ်တစ်ခုလုံးတွင် ရှိနေသည့် အာဏာပိုင်များ အားလုံးတို့ကို ရန်စသလို ဖြစ်မှာ သေချာ၏။
ကျင်းဟွေ့နှင့် ရှမ့်ဆယ့်သုံးတို့သည် လီချင်းချိုးနှင့် ယှဉ်ပြိုင်၍ မရနိုင်သည့် လူများဖြစ်ကြောင်း သိရှိ၏။ သို့ပေမည့် သူတို့သည် ရဲဆေးတင်ကာဖြင့် ရှမ့်လန်၏ ရှေ့သို့ လာရောက်ကာ မတ်မတ်ရပ်လိုက်ကြသည်။
“သွားကြရအောင်။ ကျုပ် ရွှမ်ဝူကို ပြောခဲ့ပြီးပြီ” လီချင်းချိုးက ပြောလိုက်၏။
ဤအချိန်မှာတော့ ရှမ့်လန်သည် မည်သို့မှမနေနိုင်ဘဲ ကြောင်အသွားခဲ့၏။ လီချင်းချိုး ကဲ့သို့သော ကျွမ်းကျင်သည့် ဆရာကြီးတစ်ယောက်သည် ဤကဲ့သို့ အသေးအမွှားကိစ္စရပ်များကို လိမ်လည်လိမ့်မည် မဟုတ်ချေ။ သူ၏ယောက္ခထီးနှင့် တွေ့ဆုံခဲ့ပြီး ပြောဆိုခဲ့ပြီးဖြစ်သောကြောင့် တကယ်ပင် တွေ့ဆုံခဲ့ခြင်း သာလျှင် ဖြစ်ပေလိမ့်မည်။
ပြီးနောက် လီချင်းချိုးသည် ရှေ့ဆီသို့ လှမ်းလျှောက်သွားခဲ့သည်။
ကျင်းဟွေ့သည် ရွှမ်ဝူမြို့စားအိမ်တော်ဆီသို့ သုတ်ချေတင်ပြီး အတည်ပြုရန် စဉ်းစားထားမိ၏။
ရှမ့်ဆယ့်သုံးက လှမ်းခေါ်လိုက်သည်။ “ဆရာ”
ရှမ့်လန်က ပြန်ပြောလိုက်၏။ “အဆင်ပြေတယ်။ ခရီးတစ်ခေါက်လောက် ထွက်လိုက်အုံးမယ်”
ပြီးသည့်နောက် ရှမ့်လန်သည် မြင်းရထားပေါ်သို့ အသာပင် လှမ်းတက်သွားခဲ့သည်။
လီချင်းချိုးသည် မြင်းရထားပေါ်သို့ တက်ပြီးနောက် ချည်ထည် ဝတ်စုံတစ်ခုကို အသာပင် လွှမ်းခြုံလိုက်၏။ ချက်ချင်းပင် သိုင်းဆရာကြီး တစ်ယောက်၏ အသွင်အပြင်အားလုံးသည် ပျောက်ခြင်းမလှ ပျောက်ကွယ် သွားခဲ့၏။ ၎င်းသည် သာမန်ရထားလုံး မောင်းသူတစ်ယောက်အဖြစ် အသွင်ပြောင်းလဲသွားခဲ့၏။ သူ၏မျက်နှာ အသွင်အပြင်ပင်လျှင် ပြောင်းလဲသွားခဲ့၏။ ချောမောသည့် မျက်နှာတစ်ခုလုံးသည် အရိုးပေါ်အရေတင်နှင့် ခြောက်ကပ်ကပ် မျက်နှာအသွင်အပြင်မျိုးအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
တောင်ပင်လယ်ဓားဘုရင်သည် ကိုယ်တိုင်ကိုယ်ကျ ရထားလုံးကို မောင်းနှင်နေပြီး ရှမ့်လန်အား တောင်ဘက်ပိုင်းဆီသို့ ခေါ်ဆောင်သွားခဲ့ပြီ ဖြစ်သည်။
........
သတိလစ် မေ့မြောခဲ့ပြီးသည့်နောက်မှာတော့ ကျူးလန်ထင်သည် အားလုံးသော သူတို့၏ ဝိုင်းဝန်း ပြုစုမှုကြောင့် ပြန်လည်ကာ သတိရလာခဲ့၏။ သူသည် တကယ်ပဲ ရူးသွပ်လျက် ရှိနေ၏။ မျက်လုံးများ မှာလည်း သွေးကဲ့သို့ နီရဲလျက် ရှိနေသည်။ မျက်နှာအသွင်အပြင်တစ်ခုလုံးကလည်း နီမြန်းနေခဲ့၏။ သူ၏ နှစ်ပေါင်းတစ်ရာအခြေခံအားလုံးသည် ပျောက်ကွယ် ပျက်စီးသွားခဲ့ပြီ ဖြစ်၏။ ဤအရာသည် ရှမ့်လန် ပြုလုပ်ခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။ သို့ပေမည့် မည်ကဲ့သို့ လုပ်လိုက်သနည်း။
ကျူးဝမ်ဟွာသည် ဘေးဘက်ဆီမှ လှမ်းကာ အော်ဟစ်လိုက်၏။ “အဖေ.. သူ့ကို သွားပြီး တရားစွဲရအောင်။ အုပ်ချုပ်ရေးမှူးရုံးကို သွားမယ်။ ပြီးတော့ သူ့ကို တရားစွဲမယ်။ ဒီကိစ္စက ကျိန်းသေပေါက် ရှမ့်လန် လုပ်တဲ့အရာပဲ။ သူ့ကို ခေါင်းဖြတ်သတ်ရမယ်။ သူ့ကို ခေါင်းဖြတ်သတ်ရမှာ”
အုပ်ချုပ်ရေးမှူးရုံးဆီသို့ သွားရောက်ပြီး ရှမ့်လန်ကို တရားစွဲဆိုမည်လား။ ထိုသို့ဆိုလျှင် မည်ကဲ့သို့ သက်သေ အထောက်အထားများကို ပြသမည်နည်း။ ထို့အပြင် ဤရေကာတာကြီး ပေါက်ကွဲသွားသည့်အချိန်တွင် ရှမ့်လန်သည် မိုင်ရာနှင့် ချီဝေးကွာသော နုကျန့်အမဲလိုက်ကွင်းပြင် တည်နေရာတွင် တည်ရှိနေသည်။
လန်ရှန်မြို့စားလေး ကျူးလန်ထင်က ပြောဆိုလိုက်၏။ “ငါ့မှာ ဘာမှ မကျန်တော့ဘူး။ ရှမ့်လန် မင်းက ငါ့ကို ဒီလိုအခြေအနေမျိုးထိ ရောက်အောင် တွန်းအားပေးခဲ့တာပဲ။ ဒီတော့.. ဘောင်ကျော်တယ်ဆိုပြီး ငါ့ကို အပြစ်မတင်နဲ့တော့။ ငါ နွေဦးအိမ်တော်ကို သွားပြီးတော့ လုပ်ကြံသတ်ဖြတ်သူတွေကို ငှားမယ်။ ပြီးရင် မင်းကို သတ်ပစ်မယ်။ အစေခံတွေ ... ရွှမ်ဝူအိမ်တော်ရဲ့ လှုပ်ရှားမှုကို အချိန်တိုင်း ကြည့်ရှုထား။ ရှမ့်လန် တစ်ယောက်တည်း ဖြစ်တဲ့အချိန် ရောက်ပြီဆိုတာနဲ့ ငါ့ကို ချက်ချင်း သတင်းပေး”
နွေဦးအိမ်တော်သည် ရွှဲ့ပြည်နယ်၏ အားအကောင်းဆုံးသော လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ထိုအရာ၏ နောက်ကွယ်တွင် တောင်ပင်လယ်ဓားဂိုဏ်း တည်ရှိနေသည်။
...
ရှမ့်လန်တစ်ယောက် မူလန်နှင့်အတူ နောက်ဆုံးအကြိမ် တောင်ဘက်ပိုင်းဆီသို့ သွားတုန်းက တကယ့်ကို အံ့အားသင့်စရာ၊ ပျော်ရွှင်စရာ အချိန်များ ဖြစ်ခဲ့၏။ ဤတစ်ကြိမ် တောင်ပိုင်းဆီသို့ သွားရသည့် ခရီးစဉ် မှာတော့ ပျင်းရိခြောက်ကပ်လွန်းလှချေ၏။
သိုင်းဆရာကြီး လီချင်းချိုးသည် လူသားတစ်ယောက် မဟုတ်သကဲ့သို့ပင်။ တစ်ချိန်လုံး အတွင်းအား ကျင့်ကြံလျက် ရှိနေ၏။ ရထားလုံးမောင်းရင်း အတွင်းအား ကျင့်၏။ လမ်းလျှောက်နေရင်းလည်း အတွင်းအား ကျင့်၏။ ဟင်းချက်လျက် ရှိနေတုန်းမှာပင်လျှင် အတွင်းအား ကျင့်လျက် ရှိနေသေးသည်။
ပိုမို၍ အရေးကြီးမားသည်မှာ ချက်ပြုတ်ပြီးသည့်နောက်ပင် တစ်ခုတစ်လေမှ မစားခဲ့ခြင်းပင်။ ၎င်းသည် အမတ မသေမျိုးတစ်ယောက်ကဲ့သို့ပင် မစားမသောက်နှင့် နှစ်ရက်၊ သုံးရက် နေထိုင်နိုင်သေး၏။ အိပ်သည်ဟူ၍လည်း မတွေ့ရချေ။ ထို့အတူ ရှမ့်လန်ကို စကားတစ်ခွန်းမှ ပြောဆိုခြင်းလည်း မရှိချေ။
တခြားသော လူများနှင့် သွားသည့်အချိန်တွင် ရှမ့်လန်သည် ထိုသူတို့၏ စကားလုံးများဆီမှ ထိုသူတို့၏ ရည်ရွယ်ချက်၊ စိတ်ဆန္ဒ အရာအားလုံးကို တီးခေါက် သုံးသပ်၍ ရနိုင်၏။ သို့ပေမည့် ဤဓားဘုရင်နှင့် ရင်ဆိုင်ရသည့် အချိန်မှာတော့ ရှမ့်လန်သည် စက်တစ်ခုကို ထိုင်ကာ ကြည့်နေရသကဲ့သို့ပင်။ တစ်ဖက်သူ နောက်တစ်စက္ကန့်အတွင်း ဘာလုပ်မည်ဆိုသည်ကိုပင် သူ သေသေချာချာ မသိရှိချေ။
နှစ်ရက်နှင့် တစ်ည ကြာမြင့်ပြီးသည့်နောက် ကုန်းမြေ၏ အဆုံးဘက်ဆီသို့ ရောက်ရှိသည့် အချိန်တွင် သူတို့ နှစ်ယောက်သည် ပင်လယ်ပြင်ဆီသို့ လှေတစ်စင်းနှင့်အတူ ဆက်လက်ကာ ခရီးဆက်ရပြန်၏။ တစ်နေ့နှင့် တစ်ညလောက် သွားပြီးသည့် နောက်ဆုံးမှာတော့ သူတို့သည် ကျွန်းတစ်ခုဆီသို့ ရောက်ရှိသွားခဲ့၏။ အလွန်ကျော်ကြားသော တောင်ပင်လယ်ဓားကျွန်းပင် မဟုတ်ပါလား။
ကျွန်းပေါ်တွင်တော့ အိမ်အနည်းငယ်သာလျှင် ရှိ၏။ တချို့သော အိမ်များသည် ကျောက်တုံးများဖြင့် ပြုလုပ်ထားကြပြီး တချို့သော အိမ်များမှာတော့ သစ်သားများဖြင့် ဆောက်လုပ်ထား၏။
မနီးမဝေးတွင် ချောက်ကမ်းပါး တစ်ခုရှိနေပြီး ထိုနေရာတွင် ဓားကိုကိုင်ကာဖြင့် တွေဝေငေးငိုင်ကာ ရပ်တန့်နေသည့် အရူးတစ်ယောက် ရှိနေ၏။ အနီးကပ် သေချာကြည့်ရှုမည်ဆိုပါက ဤအရူးသည် ထန်ယင်ပင် ဖြစ်လို့ နေ၏။ ၎င်းသည် တွေဝေငေးငိုင်ကာ မတ်မတ်ရပ်နေခြင်းပင် ဖြစ်သည်။
ထန်ယင်တစ်ယောက် ကောင်းကင်ကို ငြင်းပယ်ရလောက်သည့် ဓားနည်းစနစ်များကို ထုတ်ဖော်တော့မည်ဟု ရှမ့်လန်က ခံစားမိလျက် ရှိနေတုန်းမှာပင် ထန်ယင်သည် ချက်ချင်းဆိုသလိုပင် ပင်လယ်ထဲသို့ ခုန်ချကာဖြင့် ငုပ်လျှိုးသွားခဲ့၏။
“သောက်ကျိုးနည်း”
သို့ပေမည့် လီချင်းချိုးသည် ထိုအရာများအားလုံးကို တစ်ချက်ကလေးမှ မမြင်သကဲ့သို့ပင် ရှမ့်လန်အား ရှေ့ဆီသို့ ဦးဆောင် ခေါ်ဆောင်သွားခဲ့၏။ များပြားလွန်းလှသည့် ကျောက်တုံး၊ ကျောက်ဆောင်အားလုံးကို ကျော်ဖြတ်ပြီးနောက် လှိုဏ်ခေါင်းတစ်ခုဆီသို့ ရောက်ရှိသွားခဲ့သည်။
“ဝင်ခဲ့” လီချင်းချိုးက ပြောလိုက်၏။
ရှမ့်လန်သည် ပိုမိုကာ စိတ်ဝင်တစား ဖြစ်လာခဲ့၏။ ဤဓားဘုရင်သည် ဘာလုပ်ချင်နေသနည်း။ သူ့အား အဘယ့်ကြောင့် ဤလှိုဏ်ခေါင်းထဲသို့ ခေါ်ဆောင်လာရသနည်း။ တကယ်ကို ခန့်မှန်း၍ မရနိုင်ချေ။
သို့ပေမည့် ဤလူသည် အံ့အားသင့်စရာကောင်းသည့် လူတစ်ယောက်ဖြစ်၏။ ရှမ့်လန်အနေနှင့် အတွင်းဘက်ဆီသို့ နောက်မှ လိုက်ပါရန်သာလျှင် ရှိတော့၏။ ဤလှိုဏ်ခေါင်းသည် တကယ်ကို နက်ရှိုင်းလွန်းလှချေ၏။ အဆုံးဘက်သို့ ရောက်ရှိသည့်အချိန်မှာတော့ မည်သည့်အလင်းတစ်ခုမှ မတွေ့ရချေ။ မကြာခင်မှာပဲ သူတို့သည် လှိုဏ်ခေါင်း၏ နောက်ဆုံး အဆုံးဘက်ဆီသို့ ရောက်ရှိလာသည်။
ရှမ့်လန်သည် ဆိုးဝါးသည့် အနံ့သတ်တစ်ခုကို ရရှိခဲ့၏။ ထို့အတူ အသက်ရှူသံ ခပ်ပြင်းပြင်းကိုလည်း ကြားခဲ့ရ၏။
“မိန်းမ”
ဤအသံသည် လီချင်းချိုး၏ အသံပင် ဖြစ်သည်။
ချက်ချင်း ရှမ့်လန်သည် ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးမွေးညင်းများပင် ထသွားခဲ့၏။ “သရဲများလား”
ဤမိန်းမသည် မျက်နှာအသွင်အပြင်တစ်ခုလုံးက စုတ်ပြတ်သတ်လျက် ရှိနေပြီး ခန္ဓာကိုယ်တစ်ခုလုံးကလည်း ညစ်ပတ်နံစော်လျက် ရှိနေ၏။ လီချင်းချိုး၏ ဟန်ပန်အမူအရာ အပြုအမူ ပြောဆိုမှုများနှင့် လုံးဝ ဆန့်ကျင်ဘက်ပင် ဖြစ်သည်။
“မိန်းမ... မင်းယောက်ျား ဒီကို ရောက်လာပြီ”
လီချင်းချိုးက အသာပင် ပြောဆိုလိုက်၏။ “ငါ.. ငါနဲ့အတူ တစ်စုံတစ်ယောက်ကို ခေါ်ခဲ့သေးတယ်”
“သွား သွား သွားစမ်း”
အတွင်းဘက်ဆီမှ ခြောက်ကပ်ကပ် အသံကြီး တစ်ခုက ထွက်ပေါ်လာခဲ့၏။ ထိုအသံသည် ဖားတစ်ကောင်၏ အော်ဟစ်သံကဲ့သို့ပင်။
“မိန်းမ... မင်း ထပ်ပြီးတော့ ဒီထဲမှာ နေစရာမလိုတော့ဘူး။ ငါနဲ့အတူ ထွက်ခဲ့ပါလား” လီချင်းချိုး၏ အသံက တုန်ယင်လျက် ရှိနေသည်။
ခြောက်ကပ်ကပ် အသံက ပြန်လည်ကာ ပြောဆိုလိုက်၏။ “ထွက်သွားစမ်း။ ငါ ကျိန်ဆိုပြီး မှတ်ထားတယ်။ ငါ ကြယ်ကြွေဓားသိုင်းကွက်ကို ရှေ့နောက် ချပြီး ရေးနိုင်အောင် ကြိုးစားရမယ်။ ဒါက ငါ့မိသားစုရဲ့ ရတနာတွေပဲ။ ငါ့လက်ထဲမှာ ဒီအရာကို ပျက်စီးဆုံးရှုံးသွားစေလို့ မဖြစ်ဘူး”
လီချင်းချိုးက အသာပင် ပြောဆိုလိုက်သည်။ “ငါတို့ရဲ့ ရတနာက ကြယ်ကြွေဓားနည်းစနစ် မဟုတ်ဘူး။ ငါ့ရဲ့ ရတနာက မင်းပဲ။ လွန်ခဲ့တဲ့ ဆယ်နှစ်ထဲက ငါ ကြယ်ကြွေဓားနည်းစနစ်ကို မကျင့်ကြံတော့ဘူးလေ။ ဒီဓားစနစ် မရှိဘူးဆိုရင် ငါ ဘာကိုမှ ဂရုစိုက်စရာ မလိုတော့ဘူး”
ဤခြောက်ကပ်ကပ် အသံသည် များပြားလွန်းသည့် အမုန်းတရားများနှင့် ပြည့်နှက်လျက် ရှိနေ၏။
“အဲ့ဒီခွေးမ.. အဲ့ခွေးမက ငါ့ရဲ့ ဓားနည်းစနစ်ကို ခိုးယူသွားရုံသာမကဘူး၊ ငါ့ကိုလည်း အဆိပ်ခတ်ခဲ့သေးတယ်။ ပြီးတော့ ငါ့ဦးနှောက်တစ်ခုလုံး ဒီလိုမျိုး သုံးစားမရတဲ့ အခြေအနေအထိအောင် လုပ်သွားခဲ့တယ်။ ဒီကောင်မက အရမ်းကို ယုတ်မာတယ်။ ဒီကောင်မက ငါတို့ တောင်ပင်လယ်ဓားကျွန်းရဲ့ နှစ်ရာပေါင်းများစွာ အမွေအနှစ် အားလုံးကို လိုချင်နေတာပဲ။ အရာအားလုံးက ရှင့်ကြောင့်... ရှင့်အပြစ်ပဲ”
လီချင်းချိုးသည် အသာပင် ပြောဆိုလိုက်၏။ “ဟုတ်တယ်။ အရာအားလုံးက ငါ့အပြစ်ပါပဲ။ ငါ မျက်လုံးကန်းခဲ့ပါတယ်။ တစ်နေ့ ငါကိုယ်တိုင် သူမကို အသက်ရှင်လျက် အရေခွံခွာပစ်မယ်။ ပြီးတော့ အစိတ်စိတ် အမြွှာမြွှာဖြစ်အောင် ခုတ်သတ်ပစ်မယ်။ မိန်းမ... မင်း ထပ်ပြီးတော့ အထဲမှာ အတွင်းအား ကျင့်နေစရာ မလိုတော့ဘူး။ ပြီးတော့ မင်းကိုယ်မင်းလည်း နှိပ်စက်စရာ မလိုတော့ဘူး။ ငါ လူတစ်ယောက်ကို ခေါ်ခဲ့တယ်။ အဲ့လူက ကြယ်ကြွေဓားနည်းစနစ် တစ်ခုလုံးကို ဖြေရှင်းနိုင်တဲ့ လူတစ်ယောက်ပဲ။ သူ့ရဲ့မိန်းမကို ဒီအရာကို ဖြေရှင်းပေးခဲ့ပြီး ငါတို့ရဲ့ ဓားနည်းစနစ်ကို ဖျက်ဆီးခဲ့တယ်”
အခြားတစ်ဖက်က ကြည့်ရမည်ဆိုလျှင် ရှမ့်လန်သည် တကယ်ပင် အံ့အားသင့်နေ၏။ ဤလူသည် သူ၏ သိုင်းတာအိုကို သက်သေပြရန်အတွက် သူ၏မိန်းမကို သတ်ဖြတ်ခဲ့သည့် လူတစ်ယောက် မဟုတ်ပါလား။ အဘယ့်သို့ မိန်းမကို ကြင်ကြင်နာနာဖြင့် ဆက်ဆံနေရသနည်း။
ရှမ့်လန်သည် ဘာတွေဖြစ်နေသည်ဆိုသည်ကို နောက်ဆုံးမှာတော့ နားလည်သွားခဲ့ပြီဖြစ်၏။ ဤအမျိုးသမီး သည် လီချင်းချိုး၏ မိန်းမဖြစ်ပြီး ယခင်တောင်ပင်လယ်ဓားဘုရင်၏ သမီးလည်း ဖြစ်၏။ မူလအားဖြင့် ၎င်းတို့နှစ်ယောက်သည် စည်းချက်ကျနစွာဖြင့် ချစ်ချစ်ခင်ခင်နေထိုင်ခဲ့၏။
သို့ပေမည့် လီချင်းချိုးသည် မိန်းကလေးတစ်ယောက်ကို ကယ်တင်ခဲ့၏။ ထိုမိန်ကလေးသည် အလွန်ကောင်းမွန်သည့် သရုပ်ဆောင်စွမ်းရည်ကို ပိုင်ဆိုင်ပြီး လီချင်းချိုးနှင့် သူ့မိန်းမတို့၏ ယုံကြည်မှုကို ရယူရန် ကြိုးစားခဲ့၏။ အဆုံးသတ်မှာတော့ သူမသည် ကြယ်ကြွေဓား သိုင်းနည်းစနစ်ကို ခိုးယူခဲ့ပြီး လီချင်းချိုး၏ မိန်းမကိုပင် အဆိပ်ခတ်၏။ လီချင်းချိုး မဟေသီ၏ ခန္ဓာကိုယ်နှင့် ဦးနှောက်တစ်ခုလုံး ပျက်စီးသွားရန် ပြုလုပ်ခဲ့သည်။
လီချင်းချိုး၏ မိန်းမသည် ရူးသွပ်မလိုပင် ဖြစ်လို့နေ၏။ သူမတို့ မိသားစု၏ ဓားနည်းစနစ်ကို ထိန်းသိမ်းနိုင်ရန်အတွက် ဟိုးအတွင်းဘက်ကျသည့် လှိုဏ်ခေါင်းထဲတွင် ပုန်းအောင်းကာ ပြန်လည် ကြိုးစားနေရ၏။ ကြယ်ကြွေဓားနည်းစနစ် တစ်ခုလုံးကို ပြန်လည်အမှတ်ရရန် ကြိုးစားနေခြင်းပင်။ ပြန်လည်ကာ အမှတ်ရလာမှသာလျှင် ကြယ်ကြွေဓားနည်းစနစ်ကို ပြန်လည်ထိန်းသိမ်းထားနိုင်မည်ဟု ယုံကြည်နေ၏။ သို့ပေမည့် ဦးနှောက်ပျက်စီးသွားသည့် အမျိုးသမီးတစ်ယောက် အနေနှင့် မည်သို့ ပြန်လည် စဉ်းစားမည်နည်း။
သူ့မိန်းမကို နှစ်သိမ့်နိုင်ရန်အတွက် လီချင်းချိုးသည် ကြယ်ကြွေဓားနည်းစနစ်ကို လက်လျော့အရှုံးပေးပြီး တခြား ဓားနည်းစနစ်ကို ကျင့်ကြံခဲ့၏။ ဆိုလိုသည်မှာ ကြယ်ကြွေဓားနည်းစနစ် မရှိဘူးဆိုလျှင်တောင်မှ သူသည် တောင်ပင်လယ်ဓားဘုရင်အဖြစ် ထိုက်တန်သည့် လူတစ်ယောက်အဖြစ် သိစေချင်ခြင်းပင်။
သူ့မိန်းမသည် ထိုအရာကို မည်သို့မှ လက်မခံနိုင်ချေ။ လှိုဏ်ခေါင်းထဲတွင်သာ ပုန်းအောင်းလျက် ရှိနေ၏။ နေ့စဉ်နေတိုင်း သူမကိုယ်သူမ နှိပ်စက်လျက် ရှိနေပြီး ဟိုးယခင်တုန်းက သုံးသပ်နိုင်ခဲ့သော ဓားနည်းစနစ်ကို ပြန်လည်ကာ ရေးသားနိုင်ရန် ကြိုးစားလျက် ရှိနေ၏။
ဤနေရာတွင် တစ်စုံတစ်ယောက်က မေးမြန်းရန်ရှိသည်။ လီချင်းချိုးသည် ကြယ်ကြွေဓားနည်းစနစ်ကို ရှင်းရှင်းလင်းလင်း သိရှိနေသည် မဟုတ်ပါလား။ အဘယ်ကြောင့် ချမရေးရသနည်း။
တောင်ပင်လယ် ဓားကျွန်းတွင် စည်းမျဉ်းတစ်ခု ရှိနေ၏။ မျိုးဆက် တစ်ခုချင်းစီတိုင်းသည် သမက်တစ်ယောက်ကို ခေါ်ယူရမှာ ဖြစ်၏။ ယောက်ျားသည် ကြယ်ကြွေဓားနည်းစနစ်၏ ယန်ဘက်ပိုင်းကို သင်ယူရမည်ဖြစ်ပြီး မိန်းမသည် ယင်ဘက်ပိုင်းကို လေ့လာသင်ယူရ၏။ ယင်သည် ယန်၏ တန်ပြန်အရာပင် ဖြစ်လို့နေ၏။ ထို့အပြင် သူတို့သည် မိန်းမများ၏ သင်ကြားပေးခြင်းကိုသာ ခံရ၏။ ယောက်ျားများအနေနှင့် ဓားသိုင်း နည်းစနစ်များကို ထိတွေ့ ကိုင်တွယ်၍ မဖြစ်နိုင်ချေ။
ထိုတင်သာမကသေးချေ။ ဓားနည်းစနစ်ကို ကျင့်ကြံသည့်နေရာတွင် ထူးခြားလွန်းသည့် သတ္တုဓာတ် တစ်ခုကို အသုံးပြုရပြီး တစ်စုံတစ်ယောက်၏ သွေးမျိုးဆက်ထဲသို့ ရောက်ရှိရန် ကြိုးစားရ၏။ အစစ်အမှန် ချီများသည် စုပ်ယူနိုင်သည့် သံလိုက်ဓာတ်များအဖြစ် ပြောင်းလဲသွားစေရန်ပင် ဖြစ်သည်။
ဤထူးခြားသည့် သတ္တုဓာတ်သည် အမျိုးသမီးများသာလျှင်သိသော ထိပ်တန်းလျှို့ဝှက် နည်းပညာ တစ်ခု ဖြစ်သည်။ ယောက်ျားများသည် ထိုအရာကို သောက်သုံးရန်သာ တာဝန်ရှိ၏။ အမျိုးသမီးများမှ သာလျှင် ကျွမ်းကျင်သည့်အရာ ဖြစ်၏။ လီချင်းချိုးသည် ကြယ်ကြွေဓားနည်းစနစ် တစ်ခုလုံး၏ ပါဝင်သည့် အကြောင်းအရာများကို ဆုပ်ကိုင်နိုင်သည် ဆိုလျှင်တောင်မှ တခြားသော ဘက်ခြမ်းတွင် ရှိနေသည့် ယင်ဘက်ခြမ်းနှင့်ပတ်သက်၍ အလုံးစုံ သဲလွန်စ ကင်းမဲ့လျက် ရှိနေ၏။
ထို့ကြောင့် ဤနေရာတွင် မည်သူက ဓားနည်းစနစ်ကို ခိုးယူခဲ့ပြီး လီချင်းချိုး၏ မိန်းမကို အဆိပ်ခတ်ခဲ့သနည်း။ ဓားဘုရင် လီချင်းချိုးနှင့် သူ့မိန်းမတို့သည် ကလေးမရနိုင်ခဲ့ကြချေ။
ထို့ကြောင့် လီချင်းချိုးသည် မိန်းကလေး တစ်ယောက်ကို မွေးစားခေါ်ယူခဲ့ခြင်းပင် ဖြစ်၏။ သူမကို အလွန်ပင် ချစ်မြတ်နိုးခဲ့၏။ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ ဤမိန်းကလေးသည် တကယ့်ကို ပါရမီ ထူးချွန်လွန်း၏။ ထို့ကြောင့် သူတို့၏ အမွေအနှစ်များကို ပေးအပ်ပြီး ထန်ယင်နှင့် လက်ထပ်ပေးရန် ဆုံးဖြတ်ခဲ့ကြသည်။
ဟုတ်ပေ၏။ ဤအမျိုးသမီးသည် ထန်ယင်ထက် ငါးနှစ်ကျော်ခန့် အသက်ကြီး၏။ သို့ပေမည့် ဆိုရိုးစကားရှိ၏။ သုံးနှစ်ကြီးသော အမျိုးသမီးသည် ရွှေအုတ်ခဲကို သယ်ယူနိုင်၏။ ငါးနှစ်ကြီးသော အမျိုးသမီးသည် ကျားထက်ပင် ကြမ်းတမ်းလွန်းသည်ဟူသော ဆိုရိုးစကားပင်။
ဤသို့နှင့်ပင် လီချင်းချိုးနှင့် သူမိန်းမတို့၏ ဘေးနားတွင် ဤမိန်းကလေးသည် ဆယ်နှစ်ကျော်နီးပါး နေထိုင်ခဲ့၏။ သူတို့သည် ဤမိန်းကလေးအား သမီးရင်း တစ်ယောက်ကဲ့သို့ပင် ဆက်ဆံခဲ့၏။
သို့ပေမည့် ဤမိန်းကလေးသည် အဆိပ်ပြင်းလွန်းသည့် မြွေဟောက်တစ်ကောင် ဖြစ်ခဲ့၏။ လီချင်းချိုးနှင့် သူ၏မိန်းမတို့ဆီမှ ယုံကြည်ချက် ရရှိပြီးနောက် လီချင်းချိုးတစ်ယောက် ထန်ယင်ကို ခေါ်ဆောင်ကာ အပြင်ဘက်သို့ ထွက်ခွာသွားသည်ကို အခွင့်အရေးယူပြီး သူမ၏ မွေးစားအမေကို အဆိပ်ခတ်ကာဖြင့် ဒုက္ခပေးခဲ့သည်။
လီချင်းချိုး ပြန်လာသည့်အချိန်မှာတော့ သူ့မိန်းမ၏ ခန္ဓာကိုယ်နှင့် မျက်နှာအသွင်အပြင်တစ်ခုလုံးသည် ပျက်စီးနေပြီဖြစ်ပြီး သူမ၏ ဦးနှောက်ကလည်း ပျက်စီးနေပြီဖြစ်၏။
မွေးစားသမီးသည် မည်သည့်နေရာသို့ ရောက်ရှိသွားမှန်း မသိရှိချေ။ ချက်ချင်းပင် လီချင်းချိုးသည် ပေါက်ကွဲလုနီးပါးဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံး သွေးပွက်ပွက် အန်သည်အထိပင်။ လောကကြီးတစ်ခုလုံးကို လိုက်လံရှာဖွေပြီး ထိုမိန်းကလေးကို အပိုင်းပိုင်း ခုတ်ဖြတ်ချင်နေမိ၏။ သို့ပေမည့် သူ ရှာဖွေမတွေ့ရှိနိုင်ခဲ့ချေ။
နေ့စဉ်နေ့တိုင်းဆိုသလို သူ့မိန်းမသည် သူမကိုယ်သူမ အပြစ်တင်လျက် ရှိနေပြီး သူမ၏ ယောက်ျား လီချင်းချိုးကိုလည်း အပြစ်တင်နေ၏။ အဘယ့်ကြောင့်ဆိုသော် အဆိပ်ပြင်းလွန်းသည့် မြွေဟောက် ကဲ့သို့သော မိန်းမကို အိမ်ဆီသို့ ခေါ်ဆောင်လာခဲ့သောကြောင့်ပင်။