← Chapters

အခန်း (၁၇၁)

Vol. 13 Ch. 171

အခန်း (၁၇၁)

Vol. 13 Ch. 171

လီချင်းချိုး၏ စကားများကို ကြားရသည့်အချိန်မှာတော့ အမျိုးသမီးသည် ချက်ချင်းပင် ရှေ့ဆီသို့ လှမ်းတက်လာကာ အော်ဟစ်လိုက်၏။ “မဖြစ်နိုင်ဘူး။ ဒီကိစ္စ လုံးဝမဖြစ်နိုင်ဘူး။ လောကကြီးထဲမှာ ကြယ်ကြွေဓားနည်းစနစ်ကို ဖြေရှင်းပြီး သုံးသပ်နိုင်တဲ့လူဆိုတာ မရှိနိုင်ဘူး။ ရှင် လိမ်ရဲတယ်ဆိုရင် ကျွန်မ ရှင့်ကို သတ်ပစ်မယ်”

ဤလှိုဏ်ခေါင်းထဲတွင် အလင်းဟူ၍ မရှိချေ။ ညလင်းပုလဲများသာလျှင် ခပ်မှိန်မှိန်အလင်းဖြင့် တည်ရှိနေ၏။ ထိုအချိန်မှာတော့ ရှမ့်လန်သည် အမျိုးသမီး၏ မျက်နှာကို မြင်လိုက်ရ၏။ တကယ်ကို ရွံရှာဖွယ်ရာ ကောင်းလွန်းလှချေ၏။ ဖားပြုတ်တစ်ကောင်ကဲ့သို့ပင်။ အမျိုးသမီး၏ အသားအရေ တစ်ခုချင်းစီတိုင်းတွင် ဖားပြုတ်ကဲ့သို့ပင် ဖုများ၊ ထစ်များဖြင့် ဖြစ်လို့နေခဲ့၏။ ၎င်း၏ မွေးစားသမီးသည် ကြောက်မက်ဖွယ်ရာကောင်းသည့် မည်ကဲ့သို့သော အဆိပ်မျိုးကို အသုံးပြုကာဖြင့် မွေးစားအမေကို သောက်ခိုင်းခဲ့သနည်း။

လီချင်းချိုးက ပြောလိုက်၏။ “မိန်းမ.. ဒီလူငယ်လေးက ကြယ်ကြွေဓားနည်းစနစ်ရဲ့ သုံးသပ်ချက်တွေ အားလုံးကို ချရေးနိုင်တယ်။”

“ကျွန်မ မယုံဘူး။ ကျွန်မ လုံးဝ မယုံဘူး”

လီချင်းချိုးသည် ရှမ့်လန်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။ “ရှမ့်.. ဒီကိစ္စကို မင်း တာဝန်ယူလိုက်ပါတော့”

ရှမ့်လန်သည် ခေါင်းညိတ်ကာ ပြန်ပြောလိုက်၏။ “ကျုပ်တာဝန်နဲ့ပတ်သက်ပြီးတော့ စိတ်မပူပါနဲ့”

ပြီးနောက် ရှမ့်လန်သည် လှိုဏ်ခေါင်းထဲမှ ထွက်ခွာပြီး စိတ်ထဲတွင် ရှိနေသည့် ကြယ်ကြွေဓားသိုင်း အကြောင်းကို စတင်ကာ ရေးသားသည်။

တစ်မျက်နှာ၊ တစ်မျက်နှာနှင့် စာမျက်နှာပေါင်းများစွာကို ရေးသားခဲ့ပြီးဖြစ်၏။ နောက်ဆုံးတွင် စာမျက်နှာပေါင်း နှစ်ရာကျော်ခန့် ရှိလာခဲ့၏။ ရှမ့်လန်သည် နှစ်ရက်နှင့် နှစ်ညတိုင်တိုင် အသုံးပြုပြီး ဓားနည်းစနစ် တစ်ခုလုံးကို ရေးသားခဲ့၏။

ဤဓားနည်းစနစ်သည် ကလေးရရှိရန်အတွက် အတားအဆီးတစ်ခုဖြစ်ကြောင်း ရှမ့်လန်က ကောင်းကောင်း နားလည်လို့ နေ၏။ ထို့ကြောင့်ပင်လျှင် လီချင်းချိုးသည် ဤဓားနည်းစနစ်ကို အလွန်အမင်း မုန်းတီးခဲ့ပြီး လွန်ခဲ့သည့် ဆယ်နှစ်ထဲက စွန့်ပစ်ခဲ့ခြင်းပင် ဖြစ်မည်။

လီချင်းချိုးသည် အသစ်ရေးသားထားသည့် လျှို့ဝှက်နည်းစနစ်ကို ယူဆောင်ပြီး လှိုဏ်ခေါင်းထဲသို့ သွားခဲ့၏။ ညလင်းပုလဲများ၏ ခပ်မှန်မှန်အလင်းရောင်အောက်မှာပင် သူ၏မိန်းမသည် အရာအားလုံးကို မြင်နေရ၏။ သူမသည် စာရွက်များကို မြန်မြန်ဆန်ဆန် လှန်လှောလိုက်၏။ နောက်ဆုံးစာမျက်နှာဆီသို့ ရောက်သည့် အချိန်မှာတော့ မျက်ရည်များသည် ဖြိုင်ဖြိုင်ကျဆင်းလာခဲ့၏။

ကြယ်ကြွေဓားသိုင်း၏ နောက်ကျောဘက်တွင် ထိုအရာကို တန်ပြန်နိုင်သည့် လျှို့ဝှက်နည်းစနစ်ကိုလည်း ရေးထားခဲ့၏။ ဖားပြုတ်ကဲ့သို့သော မိန်းမသည် စိတ်လှုပ်ရှားမှုများဖြင့် တစ်ကိုယ်လုံး တုန်ယင်လျက် ရှိနေပြီး မျက်ရည်များကလည်း တပေါက်ပြီးတစ်ပေါက် ကျဆင်းနေသည်။

“ကျွန်မရဲ့ ဓားသိုင်း... ဒါ ကျွန်မရဲ့ ဓားသိုင်း ပြန်ရပြီပဲ။ ဘိုးဘေးတွေရဲ့ ဓားသိုင်းက ကျွန်မရဲ့ လက်ထဲမှာ မပျက်စီးတော့ဘူး”

သူမသည် ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ဆိုးဝါးသော စိတ်ခံစားချက်အားလုံး ပျောက်ကွယ်သွားသကဲ့သို့ပင် ခံစားနေမိ၏။

ဓားဘုရင် လီချင်းချိုးက ပြောလိုက်သည်။ “မိန်းမ... ဒါဆိုလည်း အပြင်ထွက်ကြရအောင်။ ဒီလှိုဏ်ခေါင်းထဲမှာ ထပ်ပြီး မနေနဲ့တော့။ ဒါ မင်းရဲ့ခန္ဓာကိုယ်အတွက် ကောင်းတဲ့နေရာ မဟုတ်ဘူး”

“မဟုတ်ဘူး။ ကျွန်မ မထွက်ဘူး”

သူ၏မိန်းမက အော်ဟစ်လိုက်၏။ “ကျွန်မက ကျွန်မကိုယ်ကျွန်မတောင် ကြောက်လိုက်ရတဲ့အထိကို ရုပ်ဆိုးနေပြီ။ တခြားသူတွေ မပြောနဲ့အုံး။ ကျွန်မတောင် ကြောက်တယ်။ ကျွန်မ အပြင်မထွက်တော့ဘူး။ ကျွန်မ လုံးဝ အပြင်မထွက်တော့ဘူး”

လီချင်းချိုးက လှမ်းကာ ပြောဆိုလိုက်သည်။ “ဒီဓားကျွန်းမှာ ဘယ်သူမှ မရှိဘူးလေ။ ငါကလွဲရင် ယင်အာနဲ့ မျက်ကန်းကြီးပဲ ရှိတာလေ။ ယင်အာက အရူးပဲ။ သူ ဘာသိမှာလဲ”

“ဒါတွေအားလုံးက ဟိုအဆိပ်ခတ်ခဲ့တဲ့ မိန်းမကြောင့်ပဲ။ ဒီတော့ ငါတို့ သူ့ကို ရှာရမယ်။ ပြီးရင် အရေခွံကို ဆုတ်ရမယ်။ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ အကြောတွေ အကုန်လုံးကိုလည်း ဆွဲထုတ်ရမယ်”

လီချင်းချိုးက လှမ်းကာ ပြောဆိုလိုက်၏။ “ကောင်းပြီ။ ကောင်းပြီ။ သူမကို ကျိန်းသေပေါက် လိုက်ရှာပြီး သတ်ပစ်မယ်။ မိန်းမ ငါမင်းကို တောင်းပန်ပါတယ်။ အခု အပြင်ကို ထွက်ခဲ့ပေးပါလား။ ဒီထဲမှာ ဆက်နေရင် မင်းရဲ့ကျန်းမာရေး ထိခိုက်လိမ့်မယ်။ အပြင်ဘက် ထွက်မလာဘူးဆိုရင် ငါ မင်းနဲ့အတူ လှိုဏ်ခေါင်းထဲမှာ နေလိုက်မယ်”

“မဟုတ်ဘူး။ ဒီလှိုဏ်ခေါင်းထဲမှာ ရှိတဲ့ ယင်ဓာတ်ချီတွေက အရမ်းအားကောင်းတယ်။ ရှင့်ရဲ့သွေးကို ထိခိုက်ဒဏ်ရာ ရရှိစေလိမ့်မယ်။ ဒီနေရာမှာ ဝင်နေလို့ မဖြစ်ဘူး”

လီချင်းချိုးက ပြောလိုက်သည်။ “ဒါဆိုရင် ငါနဲ့အတူ အပြင်ကို လိုက်ခဲ့”

သူ၏မိန်းမက ပြောလိုက်၏။ “မဟုတ်သေးဘူး။ ကျွန်မ ထွက်မှာ မဟုတ်ဘူး။ ကျွန်မ အလင်းရောင်ကို မကြည့်နိုင်သေးဘူး”

လီချင်းချိုးက ပြောလိုက်သည်။ “ဒါဆိုရင် ညကျမှ ထွက်ကြတာပေါ့။ ဟုတ်ပြီလား။ မိန်းမ မင်း ဒီနေရာမှာ ဆယ်နှစ်ကျော်တောင် နေပြီးသွားပြီ။ ဆယ်နှစ်ကျော် ငါတို့ ခွဲခွာနေခဲ့ရတာ။ ငါ ဘယ်လို နေနိုင်မှာလဲ”

သူ၏မိန်းမက ပြောလိုက်၏။ “ဒါဆိုရင် နောက်အနာဂတ်ကျမှပဲ ပြောကြတာပေါ့။ ကျွန်မ အခု မထွက်သေးဘူး။ ကျွန်မ စိတ်တိုလာပြီနော်။ သွားတော့ သွားတော့”

လီချင်းချိုးက ပြောလိုက်သည်။ “ကောင်းပြီ။ ကောင်းပြီ။ ငါ သွားမယ်။ မင်း မျက်ကန်းကြီး လာပို့တဲ့ အစားအစာတွေကို စားဖို့လည်း လိုသေးတယ်နော်”

“သိပြီ။ သွားတော့။ လျှာမရှည်နဲ့တော့။ ပြီးတော့ ကျွန်မရဲ့ ရုပ်ဆိုးတဲ့ မျက်နှာကြီးကို လာမကြည့်နဲ့”

........

နွေဦးအိမ်တော်မှာတော့ ဆန်းကြယ်လွန်းသည့် ရွှဲ့ပြည်နယ်၏ လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်းတစ်ခု ဖြစ်၏။ အလုပ်ကို လက်ခံပြီးတဲ့တစ်ပြိုင်နက် မည်သည့်ပစ်မှတ်ကိုမဆို မသတ်ဖြတ်နိုင်ခြင်းဟူ၍ မရှိချေ။

နွေဦးအိမ်တော်၏ နောက်ဘက်တွင် တောင်ပင်လယ်ဓားဂိုဏ်း၊ ရွှယ်ကလန်နှင့် ရွှဲ့ပြည်နယ်၏ တတိယမင်းသား ပင် တည်ရှိနေ၏။

လန်ရှန်မြို့စားလေး ကျူးလန်ထင်သည် နွေဦးအိမ်တော်၏ တာဝန်ရှိသူများထဲမှ တစ်ယောက်နှင့် တွေ့ဆုံခဲ့သည်။ “ရှမ့်လန်ကို သတ်ဖို့အတွက် ဘယ်လောက်ကုန်ကျမလဲ... ”

ခဏလောက် တွေးတောပြီးနောက် ခေါင်းကို ခါယမ်းလိုက်၏။ “မရဘူး”

ကျူးလန်ထင်က ပြောလိုက်သည်။ “သူက မြို့စားအိမ်တော်ရဲ့ သမက်တော် တစ်ယောက်ပဲလေ။ ရွှမ်ဝူအိမ်တော်က ဖျက်ဆီးခံရတော့မယ်။ ဘာလို့ သူ့လို သမက်တော်တစ်ယောက်ကို ခင်ဗျားတို့ မသတ်နိုင်ရတာလဲ”

ထိုတာဝန်ရှိသူက ပြောလိုက်၏။ “သူ့ကို မသတ်နိုင်လို့ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူက တစ်ချိန်လုံး မြို့စားအိမ်တော်ထဲမှာ ရှိနေတာကို။ ပြီးတော့ ကျွမ်းကျင်သူသုံးယောက်နဲ့ စစ်သည်တော်အဖွဲ့တစ်ခုက သူ့ကို အမြဲတမ်း ကာကွယ်ပေးခဲ့တယ်။ သူ့ကို သတ်ဖို့အတွက် ကုန်ကျစရိတ်က အရမ်းကို မြင့်မားတယ်။ ပြီးတော့ ကျရှုံးနိုင်တဲ့ ဖြစ်နိုင်ခြေကလည်း အရမ်းကို မြင့်မားတယ်”

ကျူးလန်ထင်က ပြောလိုက်သည်။ “မဟုတ်ဘူး။ ရှမ့်လန်က အခု ရွှမ်ဝူအိမ်တော်ထဲမှာ မရှိဘူး။ သူက မိုင်တစ်ရာလောက် ဝေးကွာနေတဲ့ နေရာမှာ တစ်ယောက်တည်း ဖြစ်နေတယ်။ သူ့ကို ဘယ်ကျွမ်းကျင်သူ တစ်ယောက်ကမှ ကာကွယ်မပေးထားဘူး။ သူ့ရဲ့ဘေးနားမှာ ခါးကုန်းကုန်းနဲ့ အဘိုးအိုတစ်ယောက်ပဲ ရှိတယ်”

နွေဦးအိမ်တော်၏ တာဝန်ရှိသူက ပြောဆိုလိုက်၏။ “တကယ်လား”

ကျူးလန်ထင်က ပြောလိုက်သည်။ “သိပ်မှန်တာပေါ့။ ကျုပ် သူ့ကို သေသေချာချာ မြင်ခဲ့ပြီးပြီ။ လူတချို့ကို စေလွှတ်ပြီးတော့ သူ့ရဲ့လမ်းတလျှောက်လုံးကို လိုက်ပြီး ကြည့်ခိုင်းခဲ့တယ်။ ခင်ဗျားတို့ နွေဦးအိမ်တော်က ဒီလိုလူတစ်ယောက်ကို မသတ်ရဲဘူးလို့တော့ ကျုပ်ကို မပြောနဲ့နော်”

နွေဦးအိမ်တော်၏ တာဝန်ရှိသူတစ်ယောက်က ပြောလိုက်၏။ “အင်း.. ကျုပ်တို့ မသတ်ရဲတဲ့လူဆိုတာ တကယ်မရှိဘူး။ ရှမ့်လန်လို သာမန် သမက်တော်လေးတစ်ယောက်ဆိုရင် စာရင်းထဲတောင် မထည့်ဘူး”

မြို့စားလေး ကျူးလန်ထင်သည် မြေပုံတစ်ခုကို ထုတ်ယူကာ ပြောလိုက်သည်။ “ဒါ ရှမ့်လန် တောင်ဘက်ကို သွားတဲ့ လမ်းကြောင်းပဲ။ ဒီတော့ လမ်းမှာ ချုံခိုပြီး စောင့်နေလိုက်ရုံပဲ။ ဘာတစ်ခုမှ မမှားဘူးဆိုရင် တော်ရုံ ကျွမ်းကျင်သူလောက် စေလွှတ်ပြီး သတ်ဖြတ်ပစ်ရင်ကို လုံလောက်နေပြီ”

နွေဦးအိမ်တော်၏ တာဝန်ရှိသူက ပြောလိုက်၏။ “ဒီကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျား စိတ်ပူစရာမလိုဘူး။ ကျုပ်တို့ နွေဦးအိမ်တော်က လူတွေ လှုပ်ရှားပြီဆိုတာနဲ့ မသတ်နိုင်တဲ့လူဆိုတာ မရှိဘူး”

ကျူးလန်ထင်က ပြောလိုက်သည်။ “ဒါနဲ့ ဘယ်လောက်ကျမလဲ”

“ရွှေဒင်္ဂါး တစ်သောင်းကျလိမ့်မယ်” နွေဦးအိမ်တော်၏ တာဝန်ရှိသူက ပြောလိုက်၏။

ကျူးလန်ထင်သည် ရုတ်တရက်ထကာ အော်ဟစ်လိုက်သည်။ “ဒီလောက်တောင် ဈေးကြီးရသလား။ ခင်ဗျား ရူးများနေလား”

နွေဦးအိမ်တော်၏ တာဝန်ရှိသူက ပြောလိုက်၏။ “ခင်ဗျား မပေးဘဲ နေလို့ရပါတယ်”

ကျူးလန်ထင်သည် အံကိုကြိတ်ကာ ပြောလိုက်သည်။ “ကောင်းပြီ။ ကျုပ် ရွှေဒင်္ဂါး တစ်သောင်းပေးမယ်။ ဒါပေမဲ့ ခင်ဗျား သူ့ကို အသက်ရှင်လျက် ကျုပ်ဆီ ခေါ်လာရမယ်။ ကျုပ်သူ့ကို အသက်ရှင်လျက်နဲ့ အရေခွံဆုတ်မယ်။ သူ့ရဲ့အကြောတွေကို ဆွဲထုတ်မယ်။ သူ့ရဲ့အရိုးကို အမှုန့်ဖြစ်အောင် ထောင်းမယ်။ ပြီးတော့ သူ့ရဲ့အသားကို ခွေးကျွေးပစ်မယ်။ ဒါမှ ကျုပ်ရဲ့စိတ်ထဲမှာ ရှိတဲ့ အမုန်းတရားအားလုံးက ပြေပျောက်နိုင်မှာ”

နွေဦးအိမ်တော်၏ တာဝန်ရှိသူက ပြောလိုက်၏။ “ဒါကတော့ ခင်ဗျားသဘောပဲ”

………

လီချင်းချိုးသည် ရှမ့်လန်နှင့်အတူ အိမ်ဆီသို့ ပြန်လာခဲ့၏။ သူသည် ယခင်ကအတိုင်း အေးစက်လျက် ရှိနေတုန်းပင်။ မည်သည့်စကားကိုမှ မဆိုချေ။ နေ့စဉ်နေ့တိုင်း အတွင်းအားကျင့်ကြံလျက် ရှိနေ၏။ အထူးသဖြင့် ဤချောမောသည့် လူသည် ရေမချိုးသလို စားလည်း စားသောက်ခြင်း မရှိချေ။ ထို့အတူ ချွေးလည်း တစ်စက်ကလေးမှ မထွက်ချေ။

သို့ပေမည့် ရှမ့်လန်သည် သူ့ကို မြင်ရသည့် အချိန်မှာတော့ ကြောက်ရွံ့မှုကို မခံစားရတော့ချေ။ လေးစားမှုများ နှင့်သာ ပြည့်နှက်လျက် ရှိနေ၏။

လောကတစ်ခုလုံးတွင် ပျံ့နှံ့နေသည့် ကောလဟလများသည့် ထိုသူကို ထိခိုက်စေခဲ့၏။ ထိုသူသည် သူ၏မိန်းမကို သတ်ဖြတ်ပစ်ခဲ့သည်ဟု အားလုံးသော သူတို့က ပြောဆိုခဲ့၏။ လောကကြီး ထဲတွင် အကြမ်းတမ်းဆုံးသော လူတစ်ယောက်အဖြစ် ထင်မှတ်မှားခဲ့၏။

အဆုံးသတ်မှာတော့ သူ၏မိန်းမကို အဆုံးစွန်အထိ ချစ်မြတ်နိုးသည့် လူတစ်ယောက် ဖြစ်လို့ နေခဲ့၏။ မဆိုးသေးချေ။ သူသည် ရှမ့်လန်ကို စိတ်မပျက်စေခဲ့ရပေ။

ရှမ့်လန်က မေးမြန်းလိုက်သည်။ “စီနီယာ ဓားဘုရင်.. ခင်ဗျားတို့ အရင်တုန်းက မွေးစားခဲ့တဲ့ မွေးစားသမီးကို ရှာဖွေတွေ့ရှိခဲ့ပြီလား”

ဓားဘုရင် လီချင်းချိုးသည် ခဏလောက် တွေးတောလိုက်၏။ ပြီးနောက် ခေါင်းညိတ်လိုက်၏။

ရှမ့်လန်က အံ့အားသင့်သွားခဲ့၏။ လီချင်းချိုးသည် သိုင်းပညာတွင် ကျွမ်းကျင်လွန်းသော လူတစ်ယောက် ဖြစ်၏။ အဘယ့်ကြောင့် လက်စားချေကာဖြင့် သွားရောက်ကာ မသတ်ဖြတ်ခဲ့ရသနည်း။

“အင်း.. သူမဆီမှာ အဆိပ်ဖြေဆေး ရှိတယ်။ ငါ့မိန်းမက နှစ်စဉ်နှစ်တိုင်း အဆိပ်ဆေးကို သောက်နေရတာလေ။ မဟုတ်လို့ရှိရင် သေသွားလိမ့်မယ်”

ရှမ့်လန်က တိတ်ဆိတ်ငြိမ်သက်သွား၏။ ရှမ့်လန်က မေးမြန်းလိုက်၏။ “ဒါဆိုရင် သူမက ဘယ်သူလဲ”

ဓားဘုရင် လီချင်းချိုးက ပြောလိုက်သည်။ “ရန်နန်းဖေးရဲ့သမီး ရွှယ်ရွှယ်ပဲ”

အရာအားလုံးက ရှင်းလင်းသွားခဲ့ပြီ ဖြစ်၏။ တောင်တစ်တောင်ထဲတွင် ကျားနှစ်ကောင် ခိုအောင်းနေ၍ မဖြစ်ချေ။ တစ်ယောက်သည် တောင်ပင်လယ်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက်ဖြစ်ပြီး အခြားသော တစ်ယောက်မှာတော့ တောင်ပင်လယ်ဓားဘုရင် ဖြစ်၏။ ရန်နန်းဖေးသည် လီချင်းချိုးကို စိန်ခေါ်ပြီး တိုက်ခိုက်ခဲ့၏။ သို့ပေမည့် ရှုံးနိမ့်ခဲ့၏။

ထို့ကြောင့်ပင်လျှင် သူ၏သမီးကို မိဘမဲ့ကလေးတစ်ယောက်အဖြစ် ဟန်ဆောင်ခိုင်းစေကာဖြင့် ဓားဘုရင်နှင့် သူ၏ဇနီးဆီသို့ စေလွှတ်ခဲ့၏။ လျှို့ဝှက် သိုင်းကျမ်းကို ရရှိခဲ့ပြီးနောက် ချက်ချင်းပင် လီချင်းချိုး၏ မိန်းမကို အဆိပ်ခတ်ကာဖြင့် အဝေးသို့ ထွက်ပြေးသွားခဲ့၏။ ထို့ကြောင့် ရန်နန်းဖေးသည် ကြယ်ကြွေဓားသိုင်းကို သုံးသပ်နိုင်ခဲ့သည်။

ထို့ကြောင့်ပင်လျှင် လီချင်းချိုးသည် ကြယ်ကြွေဓားသိုင်း အသုံးပြုခြင်းကို ရပ်တန့်ခဲ့ပြီး တခြားသော ဓားသိုင်းကို ပြောင်းလဲကာ ကျင့်ကြံခဲ့ခြင်း ဖြစ်၏။ ရွှယ်ကလန်၏ လုပ်ရပ်သည် တကယ့်ကို ကြမ်းတမ်းပြီး ယုတ်မာကောက်ကျစ်လွန်းလှ၏။

လီချင်းချိုးက ဆက်လက်ကာ ပြောလိုက်သည်။ “ဒီအမျိုးသမီးက မကြာခင်မှာ တတိယမင်းသားရဲ့ ဒုတိယမိန်းမ ဖြစ်လာလိမ့်မယ်”

ရှမ့်လန်သည် ပိုမိုကာ အံ့အားသင့်သွားခဲ့၏။ ရွှယ်ကလန်သည် ဤမျှသာ အံ့အားသင့်စရာ ကောင်းနေသည်လား။ ရွှမ်ဝူအိမ်တော်၏ လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက တည်ရှိခဲ့သည့် မဟာမိတ် အဖွဲ့ကြီးသည် အာဏာလမ်းစဉ်ကို လိုက်ပါသွားခဲ့ပြီဖြစ်၏။ သူတို့သည် ရွှမ်ဝူအိမ်တော်ကို အနိုင်ကျင့် အထင်မြင်သေးစွာ ကြည့်ရှုခဲ့ခြင်းဆိုသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။

ဓားဘုရင် လီချင်းချိုးက ပြောလိုက်၏။ “ရှမ့်... ငါမင်းကို အကြွေးတင်နေတယ်။ အနာဂတ်မှာ မင်း အခက်အခဲ ရှိတယ်ဆိုရင် တောင်ပင်လယ်ဓားကျွန်းဆီကို စာတစ်စောင်ပေးပို့လိုက်ပါ။ ဘယ်လောက်ပဲ ခက်ခက် အရာအားလုံးကို ပြုလုပ်ပေးမယ်”

ဤအရာသည် ကြီးမားလွန်းသည့် လက်ဆောင်တစ်ခုပင် ဖြစ်၏။ တန်ဖိုးကြီးမားလွန်းလှချေသည်။

......

ဒါဇင်နှစ်ချီသော မိုင်အကွာဝေးမှာတော့ ကျူးကလန်၏ စစ်သည်တော်တစ်ယောက်က ပြောဆိုလိုက်၏။ “ဆရာကြီး ကျုပ်တို့ ရှမ့်လန်ကို မြင်နေရပြီ”

“ရှမ့်လန်ကို မြင်နေရပြီ”

ကျူးလန်ထင်သည် ပျော်ရွှင်သွားမိ၏။ “သူနဲ့အတူ ကျွမ်းကျင်သူတွေ ပါသေးလား”

ထိုစစ်သည်တော်က ပြန်လည်ကာ ပြောဆိုလိုက်သည်။ “ဘာစစ်သည်တော်မှ မပါဘူး။ ရထားလုံး မောင်းလာတဲ့ ခါးကုန်းကုန်းနဲ့ အဘိုးအိုတစ်ယောက်ပဲ ပါတယ်။ သူ့ကို ကြည့်ရတာလည်း အချိန်မရွေး သေတော့မယ့်ပုံပဲ”

နွေဦးအိမ်တော်၏ လုပ်ကြံသူများက ပြောဆိုလိုက်၏။ “ကျုပ်တို့ သေသေချာချာ မြင်နေရတာ သေချာတယ်။ ဒီခါးကုန်းကုန်းနဲ့ လူက ကျွမ်းကျင်သူတစ်ယောက် မဟုတ်ဘူး”

ကျူးလန်ထင်က ပျော်ရွှင်သွားမိသည်။ “ဒါဆိုရင် ကောင်းကင်ဘုံသွားတဲ့ လမ်းကြောင်းကို ငါတို့ ရောက်နေတာပဲ။ ဒီကိစ္စကို ငြင်းပယ်လို့မရဘူး။ ငရဲပြည်မှာ တံခါးမရှိဘူး။ ဒါပေမဲ့ မင်းက အတင်းချိုးဖျက်ဝင်နေတာပဲ။ ရှမ့်လန်... ဒီအချိန်မှာ ငါမင်းကို အပိုင်းတစ်ထောင်လောက် ခုတ်ဖြတ်ပြီးတော့ ခွေးကျွေးပစ်မယ်။ ငရဲပြည်ကို သွားတယ်ဆိုရင်တောင် မင်း ခန္ဓာကိုယ်အပြည့်အစုံနဲ့ မသွားရဘူး”

ပြီးနောက် သူသည် နွေဦးအိမ်တော်ဆီမှ တာဝန်ရှိသူတစ်ယောက်ဆီသို့ လှမ်းကာ ကြည့်ရှုရင်း မေးမြန်း လိုက်၏။ “ခင်ဗျားတို့ အဆင်သင့်ဖြစ်ပြီလား”

တာဝန်ရှိသူသည် ထူးမခြားနားသလို ပြောဆိုလိုက်သည်။ “ကျုပ်တို့ နွေဦးအိမ်တော်က မသတ်ဖြတ်နိုင်တဲ့လူ ဆိုတာ ဘယ်သူမှ မရှိသေးဘူး။ နှစ်နာရီအတွင်း ခင်ဗျားကို အရှင်ဖမ်းပေးမယ်”

ဟုတ်ပေ၏။ ရှမ့်လန်၏ နောက်ကွယ်တွင် ကျင်းမိသားစုရှိကြောင်းကို သူသိရှိ၏။ သို့ပေမည့် ရွှမ်ဝူအိမ်တော် သည် ဘာမှ မဟုတ်တော့ချေ။

တောရိုင်းထဲမှာတော့ ခွေးတစ်ကောင်ကို သတ်ဖြတ်ပစ်ခြင်းသည် ခွေးတစ်ကောင်ကို သတ်ဖြတ်ခဲ့ခြင်းသာ ဖြစ်၏။ နောက်ခံ ဘာဖြစ်သည်၊ ညာဖြစ်သည်ဆိုသည်ကို ထည့်တွက်နေစရာမလိုချေ။

လုပ်ကြံသတ်ဖြတ်ခြင်းအဖွဲ့၏ တာဝန်ရှိသူသည် လက်ကို ယမ်းခါလိုက်၏။ ချက်ချင်းပင် လုပ်ကြံသတ်ဖြတ်သူ တစ်ဒါဇင်ကျော်တို့သည် ရှမ့်လန်၏ တည်နေရာဆီသို့ အလျင်အမြန်နှင့် ပြေးသွားခဲ့၏။

All Chapters