အခန်း (၁၇၂)
Vol. 13 Ch. 172
နွေဦးအိမ်တော်မှ လုပ်ကြံသူများကို ချန်ထားခဲ့ပြီးနောက် ကျူးလန်ထင်သည် သူ၏ မြင်းပေါ်သို့ ခုန်တက်ကာဖြင့် ရှေ့ဆီသို့ အသော့နှင်လေ၏။ လုပ်ကြံသူများကလည်း နောက်မှ လိုက်ပါလာခဲ့ကြ၏။
တာဝန်ရှိသူသည် မျက်မှောင်ကို ကြုတ်ကာဖြင့် ပြောဆိုလိုက်သည်။ “ခင်ဗျား ရှေ့က သွားလို့ အဆင်ပြေပါ့မလား။ ပြီးတော့ ကျုပ်တို့ကို ငှားထားပြီး ခင်ဗျားက ဘာလို့ရှေ့က သွားနေရတာလဲ”
နွေဦးအိမ်တော်သည် တစ်စုံတစ်ယောက်ကို သတ်ဖြတ်ပစ်ရန် ရည်ရွယ်ချက် ရှိနေသည့် အခြေအနေမျိုး၌ အလုပ်အပ်နှံသူအား ခေါ်ဆောင်သွားခြင်းမျိုး မရှိချေ။
သို့ပေမည့် ကျူးလန်ထင်သည် အဘယ်သို့ လက်လွတ် စပယ်ဖြင့် ပစ်ထားမည်နည်း။ သူနှင့် ရှမ့်လန်သည် သေမျိုးရန်သူများပင် ဖြစ်၏။ ထို့ကြောင့် ရှမ့်လန်ကို သူ ရင်မဆိုင်ရသည် ဆိုလျှင်တောင်မှ ရှမ့်လန်၏ သေဆုံးခြင်းကို ကိုယ်တိုင်ကိုယ်ကျ မျက်လုံးနှင့် တပ်အပ်မြင်ချင်၏။ ဖြစ်နိုင်မည် ဆိုပါက ရှမ့်လန်၏ ဦးခေါင်းကို သူ၏ ကိုယ်ပိုင်လက်နှင့်ပင် ခုတ်ပိုင်းချင်စိတ် ရှိ၏။ ဤလောကကြီးတွင် မိမိ၏ ရန်သူ၏ ဦးခေါင်းကို လက်ဖြင့် ခုတ်ပိုင်းရခြင်းလောက် စိတ်ကျေနပ်စရာကောင်းသည့်အရာ အဘယ်မှာ ရှိမည်နည်း။
“ကျုပ် ရွှေဒင်္ဂါး တစ်ထောင် ထပ်ပေးမယ်” ကျူးလန်ထင်က အဆိုပြုခဲ့သည်။
နွေဦးအိမ်တော်၏ တာဝန်ရှိသူသည် ခဏလောက် စဉ်းစားပြီးသည့်နောက် သဘောတူညီစွာဖြင့် ခေါင်းညိတ် လိုက်၏။ ယခင်တုန်းက ကျူးလန်ထင်သည် အလွန်ကပ်စေးနည်းလှသူ ဖြစ်၏။ သို့ပေမည့် သူသည် လက်ရှိ အခြေအနေ၌ မွဲပြာကျလုမတတ်ပင် ဖြစ်လို့ နေခဲ့၏။ ထို့အတူ ပိုမိုကာလည်း ရက်ရောလာခဲ့၏။ အဘယ်ကြောင့် ဆိုသော် သူ၏ စိတ်ထဲတွင် နာကျည်းမှုများနှင့် ပြည့်နှက်လျက် ရှိနေသောကြောင့်ပင်။
ရှမ့်လန်ကိုသာ သတ်ပစ်နိုင်မည်ဆိုပါက သူ၏ ရှိရှိသမျှသော အရာအားလုံးကို စတေးရမည် ဆိုလျှင်တောင် ကိစ္စကြီး မဟုတ်ချေ။ ထို့ကြောင့် နွေဦးအိမ်တော်မှ တာဝန်ရှိသူနှင့် ကျူးလန်ထင်တို့သည် မြင်းပေါ်သို့ ခုန်တက်ကာဖြင့် ရှေ့ဆီသို့ လှမ်းသွားခဲ့ကြ၏။
“တာဝန်ရှိသူရွှယ်… ဒီလုပ်ကြံသတ်ဖြတ်နေစဉ် တစ်လျှောက်လုံးမာ ဘယ်လို မတော်တဆမှုမျိုးမှ မဖြစ်ဘူး မဟုတ်လား။ ရှမ့်လန်က အထူးသဖြင့် ကောက်ကျစ်လွန်းတဲ့ ခွေးပဲ။ သူ့ဆီမှာ တခြားအကြံအစည်များ ရှိနေမလား မသိဘူး”
လန်ရှန်မြို့စားလေး ကျူးလန်ထင်သည် ဤကိစ္စရပ်နှင့် ပတ်သက်၍ တွေးတော စိတ်ပူလျက် ရှိနေသည်။
တာဝန်ရှိသူရွှယ်သည် ဝူအန်းမြို့စားအိမ်တော်၏ ရွှယ်မိသားစုဆီမှ ဖြစ်၏။ ၎င်းသည် အဆင့်အတန်းမြင့်မားသည့် အစေခံ တစ်ယောက်သာလျှင် ဖြစ်၏။ နွေဦးအိမ်တော်သည် လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်းတစ်ခု ဖြစ်၏။ သို့ပေမည့် ထိုသို့လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့ဟူ၍ မည်သို့ ပေါ်ပေါ်ထင်ထင် နေထိုင်၍ရမည်နည်း။
နွေဦးအိမ်တော်သည် အပြင်ဘက်၌ မုန့်ရောင်းသည့် လုပ်ငန်းတစ်ခုအဖြစ် ဖန်တီးထားခဲ့၏။ သူတို့၏ မုန့်များသည် တကယ်ကို ကျော်ကြားလွန်းလှပြီး အရသာလည်း ရှိလွန်း၏။ ထို့ကြောင့် ရွှဲ့ပြည်နယ် တစ်ခုလုံးတွင် ကျော်ကြား၏။ တာဝန်ရှိသူ ရွှယ်ဖန်သည် နွေဦးအိမ်တော်၏ တာဝန်ရှိသူတစ်ယောက် ဖြစ်၏။ ထျန်းနန်စီရင်စု၏ စီးပွားရေး သုံးပုံတစ်ပုံကို တာဝန်ယူထားသည့်လူလည်း ဖြစ်၏။
အပြင်ဘက်ပိုင်းတွင် သူသည် လုပ်ကြံသတ်ဖြတ်သူ အစုအဖွဲ့အစည်းနှင့် ဘာတစ်ခုမှ သက်ဆိုင်ခြင်း မရှိသလို ရွှယ်မိသားစုနှင့်လည်း သက်ဆိုင်ခြင်း မရှိချေ။ သူသည် မုန့်များကိုသာ ရောင်းချသည့် ခပ်ဝဝ တာဝန်ရှိသူ တစ်ယောက်သာလျှင် ဖြစ်၏။ ထို့အပြင် သူသည် ထူးချွန်လွန်းသည့် မုန့်ပြုလုပ်သူ တစ်ယောက်လည်း ဖြစ်လို့နေ၏။
ရွက်ပြည်နယ်ထဲတွင် နွေဦးအိမ်တော်သည် အားအကောင်းဆုံးသော လုပ်ကြံသတ်ဖြတ်သူများ အဆင့်တွင် မည်သည့် အဆင့်၌ ရှိသည်လဲ ဆိုသည်ကို သေသေချာချာတော့ မသိရှိချေ။ မုန့်ရောင်းဝယ်ခြင်း လုပ်ငန်းမှာတော့ အလွန်နာမည်ကျော်သည်။
ကျူးလန်ထင်၏ စကားကို ကြားပြီးသည့်နောက် တာဝန်ရှိသူ ရွှယ်သည် အထင်အမြင်သေးစွာဖြင့် ပြုံးကာ ပြောလိုက်၏။ “ကျုပ်တို့ အလုပ်ကို လက်ခံပြီးသွားရင် မသတ်နိုင်တဲ့ လူဆိုတာ မရှိဘူး”
ပြောပြီးသည့်နောက် သူသည် ပန်းချီကား တစ်ချက်ကို လှမ်းကာ ပေးလိုက်သည်။
“ဒီလူက ရှမ့်လန်ရဲ့ အဖော်ပဲ”
ဆိုင်ရှင် ရွှယ်ဖန်က ပြောလိုက်၏။ “ကျုပ်တို့ နွေဦးအိမ်တော်မှာ လောကတစ်ခုလုံးရဲ့ ကျွမ်းကျင်သူ စာရင်း ရှိတယ်။ တစ်ယောက်ချင်းစီတိုင်းကို ဒီပုံနဲ့ တိုက်စစ်ပြီးပြီ။ ဒီမြင်းလှည်းမောင်းသမားရဲ့ ခန္ဓာကိုယ်ကို ကြည့်လိုက်။ စုတ်ပြတ်သတ် နေတာပဲ။ ဘယ်လိုလုပ် သိုင်းပညာရှင်တစ်ယောက် ဖြစ်မှာလဲ”
ကျူးလန်ထင်သည် ချက်ချင်းပင် အထင်ကြီးသွားမိ၏။ သို့ပေမည့် သူသည် စိုးရိမ်ပူပန်လျက် ရှိနေသေးသည်။ “ဒီခွေးကောင်ရှမ့်လန်က အရမ်းကို ကောက်ကျစ်တယ်။ ကျုပ်တို့ သတိထားတာ ပိုပြီး ကောင်းလိမ့်မယ်။ သူ့ဘက်ခြမ်းမှာ ခြုံခိုပြီး ပုန်းအောင်းနေတဲ့ လူတွေလည်း ရှိနိုင်တယ်”
တာဝန်ရှိသူ ရွှယ်ဖန်က ပြောလိုက်၏။ “ကျုပ်တို့ သေသေချာချာ စစ်ဆေးပြီးသွားပြီ။ နုကျန့်ရဲ့ တတိယမြောက် ဌာနခွဲကို စေလွှတ်ပြီး လူတော်တော်များများနှင့် စစ်ဆေးခဲ့ပြီးပြီ။ ရှမ့်လန် တစ်ယောက်တည်းပဲ သွားတာ။ ရှမ့်လန် ဆယ်ယောက် ရှိတယ် ဆိုရင်တောင် ကျုပ်တို့က ကောင်းကောင်း ဖြေရှင်းနိုင်တယ်။ အင်း… ကျင်းမူလန် ရှိနေတယ် ဆိုရင်တောင်မှ ရှမ့်လန်က ကျိန်းသေပေါက် သေရမှာပဲ”
ကျူးလန်ထင်သည် စိတ်အေးသက်သာသွားမိလေ၏။ ရှမ့်လန်တစ်ယောက် မူလန်ထက် ပိုမိုကာ ကျွမ်းကျင်သည့် လူတစ်ယောက်ကို ခေါ်ဆောင်လာဖို့ ဆိုသည်မှာ မဖြစ်နိုင်ချေ။ ထို့ကြောင့် ဤအကြိမ်တွင် ကျိန်းသေပေါက် သေဆုံးရပေလိမ့်မည်။
“သူ့ကို သတ်ဖြတ်ဖို့ လွယ်ကူနေတယ် ဆိုမှတော့…”
ကျူးလန်ထင်က ထပ်မံကာ မေးမြန်း၏။ “ခင်ဗျား ဘာလို့ ကျုပ်ကို ရွှေဒင်္ဂါး တစ်သောင်း တောင်းရတာလဲ”
တာဝန်ရှိသူ ရွှယ်ဖန်က ပြောလိုက်သည်။ “မြို့စားလေး ကျူးလန်ထင်… ခင်ဗျား သတ်ချင်တဲ့ လူဟာ မြို့စားအိမ်တော်ရဲ့ သမက်တော်နော်။ ပြီးတော့… ရှမ့်လန် အသက်ရှင်နေတာကို မမြင်ချင်တဲ့ အထက်ပိုင်း အရာရှိကြီးတွေသာ မရှိဘူးဆိုရင် ခင်ဗျား ပိုက်ဆံဘယ်လောက်ပေးပေး ကျုပ်တို့ ဒီအလုပ်ကို လက်ခံမှာ မဟုတ်ဘူး”
“အရာရှိကြီးတွေ ဟုတ်လား။ ရွှယ်ကလန်ရဲ့ ဆရာကြီးများလား။ ဒါမှမဟုတ် တတိယမင်းသားလား”
မြို့စားလေး ကျူးလန်ထင်က ပြောလိုက်၏။ “ဒါဆို ကျုပ် ရှမ့်လန်ကို ကိုယ်တိုင်သတ်လို့ရလား။ ပိုက်ဆံ ပိုပေးမယ်”
………..
ဓားဘုရင် လီချင်းချိုးသည် အသာပင် ပြန်လာခဲ့၏။ ရှမ့်လန်သည် ကျိုးချောင်ကဲ့ ပြောခဲ့သည့် သူ၏ သိုင်းပညာနှင့် ပတ်သက်သည့် ပါရမီများကို ပြန်လည်ကာ စဉ်းစားနေခဲ့မိ၏။ သူ၏ရှေ့တွင် ရှိနေသည့် လူသည် တကယ့် ထိပ်တန်း ပါရမီရှင်တစ်ယောက်ဖြစ်၏။ ထို့ကြောင့် ရှမ့်လန်သည် မနေနိုင်ဘဲ မေးမြန်းလိုက်၏။
“စီနီယာ ဓားဘုရင်… ကျုပ်ရဲ့ ဒန်ထျန်တွေကို သေသေချာချာ ကြည့်ပေးနိုင်မလား။ သိုင်းပညာ လေ့ကျင့်ဖို့ သင့်တော်တဲ့ လူတစ်ယောက်များ ဖြစ်မလားလို့”
“မသင့်တော်ဘူး”
ရှမ့်လန်က ကြောင်အသွား၏။ ခင်ဗျား.. ခင်ဗျား ရိုးသားလွန်းနေပြီ။ သိုင်းဘုရင် ကျုံးချုံးကဲ့ ကိုကြည့်။ စကား ဘယ်လိုပြောရမလဲဆိုတာ ကောင်းကောင်းသိတယ်။ ခင်ဗျားဟာက တည့်တိုးကြီး။
လီချင်းချိုးက ပြောလိုက်သည်။ “မင်းမိန်းမရဲံ သိုင်းပညာက တကယ်ကို ထက်မြက်တယ်။ ဒါပေမဲ့ သူက အရူးကြီးကို ယှဉ်ပြိုင်လို့ရမှာ မဟုတ်ဘူး။ ကောင်းကင်က ငြင်းပယ်ရလောက်တဲ့ အရူးကြီးရဲ့ သွေးမျိုးဆက်မျိုးကို ကျုပ် တစ်ခါမှ မမြင်ဖူးဘူး”
ရှမ့်လန်သည် တုန်လှုပ်သွားခဲ့၏။ “ခင်ဗျား အရူးကြီးကို သိတယ်ဟုတ်လား”
လီချင်းချိုးက ပြောလိုက်၏။ “ကျုံးချောင်ကဲ့က ကျုပ်ဆီကို သူ့ကို ခေါ်လာခဲ့ဖူးတယ်”
သိုင်းဆရာကြီး ကျုံးချူးကဲ့သည် အရူးကြီးကို ခေါ်ဆောင်ကာဖြင့် သွားရောက်ကာ ကြွားခဲ့ခြင်းဖြစ်ကြောင်း ရှမ့်လန် နားလည်လိုက်မိ၏။ ကြည့်ရသည်မှာ ဤသိုင်းပညာရှင် ဆရာကြီး နှစ်ယောက်တို့သည် မိတ်ဆွေကောင်းများ ပင် ဖြစ်ပေလိမ့်မည်။ သို့ပေမည့် ပိုမိုကာ ရင်းနှီးကြလေ၊ ပိုမိုကာ ဟိတ်ဟန်ထုတ် ကြွားဝါလေဖြစ်၏။ ယခင်တုန်းက တစ်ဖက်ဆီ၌ ထန်ယင်ကဲ့သို့သော ပါရမီရှင် တပည့် တစ်ယောက်ရှိ၏။ ထို့ကြောင့် ‘ခင်ဗျားရဲ့တပည့် ထန်ယင်ထက် ပိုပြီး အားကောင်းတဲ့ ကျုပ်ရဲ့တပည့် အရူးကြီးရှိတယ်’ ဟု သွားရောက် ကြွားဝါခြင်းသာ ဖြစ်ပေလိမ့်မည်။
“ပါရမီရှိတယ် ဆိုတော့ကော ဘာဖြစ်လဲ။ သိုင်းပညာ လေ့ကျင့်ရတာ ကောင်းတဲ့အရာ တစ်ခုမဟုတ်ဘူး”
လီချင်းချိုးက ပြောလိုက်၏။ “ငါ သိုင်းပညာကို အရမ်း ကျွမ်းကျင်တယ်။ ငါ့ရဲ့ ရန်သူ ဘယ်မှာရှိတယ်ဆိုတာလည်း သိတယ်။ ဒါပေမဲ့ ဘာမှ မလုပ်နိုင်ဘူး”
သူ၏အသံတွင် အကူအညီမဲ့မှုများနှင့် ပြည့်နှက်လျက် ရှိနေသည်။
“လောကကြီးမှာ အားအကောင်းဆုံးက ဩဇာအာဏာပဲ။ ဩဇာအာဏာရဲ့ အရှေ့မှာ သိုင်းပညာဆိုတာ ဘာမှ မဟုတ်ဘူး။ ကျန့်လီက လောကကြီးရဲ့ နံပါတ်တစ် သိုင်းပညာရှင်တစ်ယောက်အဖြစ် အသိအမှတ်ပြုခြင်း ခံရတယ်။ တော်ဝင်ယန် အင်ပါယာရဲ့ ဘုရင်မင်းမြတ်က သိုင်းပညာဆိုတာ မသိဘူး။ ဒါပေမဲ့ အဆုံးသတ်မှာတော့ တော်ဝင်ယန် အင်ပါယာရဲ့ ဘုရင်မင်းမြတ်က လောကကြီးတစ်ခုလုံးကို စုစည်းနိုင်ခဲ့ပြီး နိုင်ငံပေါင်းများစွာက သူ့ကို ဦးညွတ်ရတယ် မဟုတ်လား။
ဒီတော့ ကျုပ်တို့ သိုင်းပညာရှင်တွေက ဘယ်လောက်တော်တော် လူတစ်ရာလောက်ကို အနိုင်ယူရင် ယူနိုင်မယ်။ ဒါပေမဲ့ လူတစ်ထောင်၊ လူတစ်သောင်း အဲလိုဆိုရင် ဆက်ပြီးအနိုင်ယူနိုင်မှာလား” ဓားဘုရင်၏ အသံသည် စိတ်ဓာတ်ကျခြင်းများနှင့် ပြည့်နှက်နေခဲ့၏။
ရှမ့်လန်က ပြောလိုက်သည်။ “စီနီယာ ဓားဘုရင်.. ကျုပ် ခင်ဗျားမိန်းမရဲ့ အဆိပ်အတွက် ဖြေဆေး အခု မရှိသေး ဘူး။ ဒါပေမဲ့ ကျုပ် နည်းလမ်းတစ်ခုကို စဉ်းစားထားတယ်။ မျှော်လင့်ရတာ တစ်နေ့မှာ သူမအနေနဲ့ ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်သွားမယ်လို့ ထင်တယ်”
ဓားဘုရင်က ကြောင်အသွားမိ၏။ သို့ပေမည့် သူက ခေါင်းညိတ်ကာသာ ပြောလိုက်၏။ “ကျေးဇူးပါပဲ”
ရှမ့်လန်က ပြောလိုက်သည်။ “စီနီယာ… ခင်ဗျားရဲ့တပည့် ထန်ယင်က တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ။ သူက အရူးကြီးပြီးတဲ့နောက် ဒုတိယမြောက် ဖြစ်လာလိမ့်မယ်။ ဟုတ်တယ်မလား”
ဓားဘုရင်သည် ခေါင်းကို ခါယမ်းလိုက်၏။ “မဟုတ်ဘူး။ ထန်ယင်ထက် ပိုပြီးတော့ ပါရမီရှိတဲ့ လူတစ်ယောက် ရှိနေသေးတယ်။”
“ဘယ်သူလဲ” ရှမ့်လန်က မေးမြန်းလိုက်သည်။
ဓားဘုရင်က ပြောလိုက်၏။ “ချောင်ယောင်းအာပေါ့”
“ဪ သူမလား”
ရှမ့်လန်သည် မည်သို့မှ မနေနိုင်ဘဲ တုန်လှုပ်သွားမိသည်။ “ချောင်ထျန်းဝေမှာ ဘာလို့ ဒီလောက် အားကောင်းတဲ့ သမီးတစ်ယောက် ရှိနေရတာလဲ”
ဓားဘုရင်က ပြောလိုက်၏။ “ဒါကိုလည်း ငါ ထူးဆန်းနေတယ်”
ရှမ့်လန်က ပြောလိုက်သည်။ “အရူးကြီးရဲ့ အဖေက စုန့်ရီလို့ ခေါ်တယ်။ သူက သာမန် ကာကွယ်စောင့်ရှောက်ရေး တပ်ရဲ့ ခေါင်းဆောင်ငယ်လေး တစ်ယောက်ပဲ။ သူ့ရဲ့ သိုင်းပညာကလည်း သာမန်ပဲ။ တကယ်လို့ ဖြစ်နိုင်တာက”
ဓားဘုရင်သည် ခဏလောက် တွေးတောကာ ပြောလိုက်၏။ “အင်း... သွေးမျိုးဆက် သန္ဓေပြောင်းခြင်း ဖြစ်နိုင်ချေ တစ်ခုပဲရှိတယ်။ ဒီအရာကလည်း ဖြစ်နိုင်ချေ အရမ်းနည်းတဲ့ အရာမျိုးပဲ။ ယေဘူယျအားဖြင့် ပြောရမယ်ဆိုရင် သိုင်းပါရမီဆိုတာ အမွေဆက်ခံလို့ရတဲ့ အရာမျိုးပဲ”
“သောက်ကျိုးနည်း”
ရှမ့်လန်သည် အလွန်တုန်လှုပ်စရာကောင်းသည့် ဇာတ်ကြောင်းတစ်ခု နောက်ကွယ်တွင် ရှိနေမည် ဖြစ်ကြောင်းကို ခန့်မှန်းလိုက်မိ၏။ အရူးကြီး၏ အမေသည် အလွန်လှပ၏။ အလွန့် အလွန်ကို လှပ၏။ သူမသည် ရွှမ်ဝူမြို့၏ မေဘယ်ရွာလေးဆီသို့ ပြေးလာခဲ့၏။ သူမသည် စုန့်ရီနှင့် လက်ထပ်ခဲ့၏။ ခုနှစ်လခန့် ကြာပြီးသည့်နောက် သူမသည် အရူးကြီးကို မွေးဖွားခဲ့သည်။
လူပေါင်းများစွာတို့က အရူးကြီးသည် လမစေ့ဘဲ မွေးဖွားခဲ့သည် ဖြစ်သောကြောင့် ညံ့ဖျင်းပြီး ဦးနှောက်မကောင်း သည့်လူတစ်ယောက်ဖြစ်သည်ဟု တွေးတောခဲ့၏။ သို့ပေမည့် တကယ်တမ်းမှာတော့ ထိုအရာသည် ထူးခြားစွာဖြင့် မွေးဖွားလာခြင်းသာ ဖြစ်ပေလိမ့်မည်။ အရူးကြီးသည် ထိုကဲ့သို့ မွေးဖွားခဲ့ပြီးသည့်နောက် သူ၏ မွေးသမိခင်သည် သေဆုံးသွားခဲ့၏။
ထို့ကြောင့် စုန့်ရီ၏ အရူးကြီးနှင့် ပတ်သက်သည့် စိတ်နေစိတ်ထားက ပြောင်းလဲသွားခဲ့၏။ အလွန်အေးစက်ပြီး အညှာအတာ ကင်းမဲ့သလို ဖြစ်သွားခဲ့၏။ ဒဏ်ရာရရှိထားခဲ့သည် ဆိုလျှင်တောင်မှ ကုသမပေးဘဲ သေဆုံးရန် ချောင်းနဘေးသို့ သွားရောက်ကာ ပစ်ထားခဲ့ခြင်းပင် ဖြစ်၏။ ကြည့်ရသည်မှာ နောက်ထပ် ဇာတ်ကြောင်းတစ်ခု ရှိရပေလိမ့်မည်။
ရှမ့်လန်က ပြောလိုက်သည်။ “ချောင်ယောင်းအာက ဘယ်လောက်တောင် အားကောင်းတာလဲ”
ဓားဘုရင်သည် ခဏလောက် တွေးတောပြီးနောက် ပြောလိုက်၏။ “မကြာခင်နှစ်ပိုင်းအတွင်းမှာ သူမက ငါ့ကို အမှီလိုက်နိုင်လိမ့်မယ်”
“မဖြစ်နိုင်ဘူး။ ဒီလောက် အားကောင်းတာလား”
အမျိုးသမီး ဓားပြသည် ဤမျှ အားကောင်းသည်လား။ မထင်မှတ်ခဲ့ချေ။ ပြီးနောက် နှစ်ယောက်သားသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ ဓားဘုရင်သည် စကားပြောကောင်းသည့် လူတစ်ယောက် မဟုတ်ချေ။
ရုတ်တရက် ဓားဘုရင်က ပြောလိုက်၏။ “ရှမ့်လန်... ရွှမ်ဝူအိမ်တော်က တကယ့်ကို ချောက်နက်ကြီးတစ်ခုနဲ့ တူနေပြီ။ တကယ်လို့ ဒုက္ခရောက်လာတဲ့ တစ်နေ့ကျရင် ဓားကျွန်းကို လာခဲ့လိုက်။ လောကကြီးက မင်းအပေါ် ဘယ်လိုပဲဖြစ်ဖြစ် ငါ မင်းဘက်ကနေ ရပ်တည်ပေးမယ်။ ငါ့ဆီမှာ အရမ်းကောင်းမွန်တဲ့ စွမ်းရည်တွေ မရှိဘူး ဆိုရင်တောင် မင်းရဲ့အသက်ကိုတော့ ကယ်တင်ကောင်း ကယ်တင်ပေးနိုင်တယ်”
ရှမ့်လန်သည် တကယ်ပင် စိတ်လှုပ်ရှားသွားမိ၏။ ဤဓားဘုရင်သည် အေးစက်သည့် မျက်နှာသွင်ပြင်နှင့် နွေးထွေးသည့် နှလုံးသားကို ပိုင်ဆိုင်သူတစ်ယောက် ဖြစ်၏။ ခဏလောက် စဉ်းစားပြီးသည့်နောက် ဤအရာက ပုံမှန်သာလျှင် ဖြစ်၏။ ထန်ယင်ကဲ့သို့ အရူးတစ်ယောက်ကို သိုင်းပညာသင်ကြားပေးနိုင်၏။ ထို့ကြောင့် သူသည် တူညီသည့် လူစားမျိုးသာလျှင် ဖြစ်ပေလိမ့်မည်။ အဓိပ္ပာယ်မှာ လီချင်းချိုးသည်လည်း ရူးကြောင်ကြောင် လူမျိုးပင်။
ထိုအချိန်မှာတော့ အပြင်ဘက်မှ မြင်းခွာသံများ ထွက်ပေါ်လာ၏။ ရှမ့်လန်၏ ရထားလုံးသည် မြင်းပေါင်း များစွာတို့၏ ဝန်းရံခြင်းကို ခံလိုက်ရ၏။
နွေဦးအိမ်တော်ဆီမှ လုပ်ကြံသတ်ဖြတ်သူ တစ်ဒါဇင်ကျော်နှင့် ကျူးမိသားစုဆီမှ စစ်သည်တော် တစ်ဆယ်ကျော်တို့သည် ရှမ့်လန်နှင့် ဓားဘုရင်တို့ကို ဝိုင်းပိတ်ထားကြသည်။
“ဟား ဟား ဟား ဟား”
ကျယ်လောင်လှသော ရယ်မောသံကြီး ထွက်ပေါ်လာခဲ့၏။ လူမရောက်ခင်မှာပဲ အသံကို ကြားနေရ၏။ မြို့စားလေး ကျူးလန်ထင်သည် လူအုပ်ကြားထဲမှာ လျှောက်ထွက်လာခဲ့၏။ ရှမ့်လန်အား အလွန်တရာ မုန်းတီးလှသည့် အကြည့်ဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။ “ရှမ့်လန်.. မင်း မထင်ဘူး မဟုတ်လား။ ထပ်ပြီး တွေ့ကြပြန်ပြီ”
ရှမ့်လန်သည် တုန်လှုပ်သွား၏။ ပြီးနောက် ပြောလိုက်သည်။ “မြို့စားလေး ကျူးလန်ထင်.. ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာတာလဲ။ ကောင်းကင်ဘုံ.. ခင်ဗျားမိသားစု လတ်တလော ဘာဖြစ်နေတာလဲ။ ခင်ဗျား ဘယ်လိုဖြစ်ပြီး ဒီလောက် ပိန်ခြောက်ပြီး စုတ်ပြတ်သတ်သွားရတာလဲ”
ပြောနေစရာပင် မလိုချေ။ ပြောလိုက်ပြီဆိုပါက ပိုမိုကာ ဆိုးရွားသွား၏။ မြို့စားလေး ကျူးလန်ထင်သည် ထိုစကားကို ကြားရသည့် အချိန်မှာတော့ ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲလုမတတ် ဖြစ်သွား၏။ သူက အေးစက်စွာ ပြောလိုက်၏။ “ရှမ့်လန်... ဒါ မင်းလုပ်ခဲ့တာ မဟုတ်လား။ ငါတို့ မိသားစုရဲ့ ဆည်ကို မင်း ချိုးခဲ့တာ မဟုတ်လား။ ပြီးတော့ ငါတို့မိသားစုရဲ့ ရာစုနှစ်ပေါင်းများစွာရှိတဲ့ အမွေအနှစ်တွေကို ဖျက်ဆီးခဲ့တာ မဟုတ်လား။ မင်း တကယ့်ကို ကောက်ကျစ်လွန်းတယ်”
ရှမ့်လန်သည် ဂုတ်ကို ပုကာဖြင့် ပြောဆိုလိုက်သည်။ “မြို့စားလေး ကျူးလန်ထင်... ကျေးဇူးပြုပြီး ကျုပ်ကို အပြစ် မတင်ပါနဲ့။ ခင်ဗျားအိမ် ဘယ်နားရှိမှန်း ကျုပ်သိတာတောင် မဟုတ်ဘူး။ ကျုပ်က အဲနေ့တုန်းက မိုင်တစ်ရာ ဝေးကွာတဲ့ နုကျန့်အမဲလိုက်မြေ တည်နေရာမှာ ရှိနေတာလေ။ အဲမနက်ခင်းမှာ ဘာတွေဖြစ်ခဲ့တာလဲ ကျုပ် မသိဘူး။ ကျုပ်သိတာက အဲအချိန်တုန်းက ကျုပ်မိန်းမကို အဝတ်ကူဝတ်ပေးနေတာပဲ။ ဒါကြောင့် ပါးတောင် ကိုက်ခံလိုက်ရသေးတယ်။ ကြည့်အုံး.. ကျုပ် မျက်နှာ ဘယ်ဘက်ခြမ်းမှာ ကိုက်ခံထားရတဲ့ အရာကြီးရှိတယ်”
ကျူးလန်ထင်သည် အော်ဟစ်လိုက်၏။ “ရှမ့်လန်... မင်း လူနောက်လိုလို ၊ လူပြောင်လိုလို လုပ်မနေနဲ့။ ဒီအချိန်ထိ မင်းက သရုပ်ဆောင်နေတုန်းလား။ ဘယ်လောက် အရှက်မဲ့လိုက်လဲ”
ရှမ့်လန်က ပြောလိုက်သည်။ “မြို့စားလေး ကျူးလန်ထင်.. ဒီနေရာမှာ လူအများကြီးနဲ့ ဘာလုပ်နေတာလဲ။ တစ်ခုခု လုပ်ချင်လို့လား”
မြို့စားလေး ကျူးလန်ထင်သည် သွားကိုဖြီးကာ ပြောလိုက်၏။ “ငါတို့ ဘာလုပ်ရမှာလဲ ဟုတ်လား။ ငါတို့ မင်းရဲ့ ခွေးအသက်ကို ယူချင်လို့လေ”
ရှမ့်လန်သည် တုန်လှုပ်သွားမိ၏။ ပြီးနောက် ပြောလိုက်သည်။ “ခင်ဗျား.. မြို့စားအိမ်တော်ရဲ့ သမက်ကို လူမြင်ကွင်းမှာ သတ်ချင်တာ ဟုတ်လား။ ခင်ဗျား အနည်းငယ် ရဲတင်းတယ်လို့ မထင်ဘူးလား”
“ကောင်းကင်ဘုံကို သွားတဲ့လမ်း ရှိတယ်။ ဒါပေမဲ့ မင်း မယူခဲ့ဘူး။ ငရဲပြည်ကိုသွားတဲ့လမ်း မရှိဘူး။ ဒါပေမဲ့ မင်း တံခါးကို ချိုးပြီးတော့ အတင်းတိုးဝင်ခဲ့တယ်”
မြို့စားလေး ကျူးလန်ထင်က ပြောလိုက်၏။ “မင်း.. ရှမ့်လန်က သေချင်နေတာပဲ။ မင်းဘာမင်း လိပ်ခွံထဲမှာ နေနေတာ မကောင်းဘူးလား။ ဘယ်လိုဖြစ်ပြီး ခေါင်းထွက်လာရတာလဲ။ တကယ်လို့ မင်းမှ မသေရင် ဘယ်သူသေမှာလဲ။ ဒီတောနက်ကြီးထဲမှာ မင်းလို ခွေးတစ်ကောင်ကို သတ်ဖြတ်ပစ်ဖို့ဆိုတာ ဘယ်သူမှ မြင်တဲ့ကိစ္စ မဟုတ်ဘူးလေ။ ဘယ်သူက သိမှာလဲ”
ထိုအချိန်မှာတော့ ဓားဘုရင် လီချင်းချိုးက ရုတ်တရက် ပြောလိုက်သည်။ “နွေဦးအိမ်တော်... ခင်ဗျားတို့ ဒီတာဝန်ကို လက်ခံခဲ့တယ်ပေါ့။ မြို့စားအိမ်တော်ရဲ့ သမက်တော်ကို သတ်ဖြတ်ပစ်တာ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီရဲ့လား”
တာဝန်ရှိသူ ရွှယ်ဖန်သည် အသာပင် ပြောဆိုလိုက်၏။ “ရှမ့်လန်က သမက်တော်တစ်ယောက်၊ ပြီးတော့ ပုရွက်ဆိတ် တစ်ကောင်လိုပဲ။ ဘာကြောင့် ကျုပ်တို့ သူ့ကို သတ်လို့ မရမှာလဲ”
ရှမ့်လန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့သည်။ “နွေဦးအိမ်တော် ဟုတ်လား။ တောင်ပင်လယ်ဓားဂိုဏ်းရဲ့ ရန်နန်းဖေးလား။ ရွှမ်ဝူအိမ်တော်နှင့် ခမည်းခမက် တော်စပ်လုနီးပါး ဖြစ်ခဲ့သည့် ရွှယ်မိသားစုလား”
ရှမ့်လန်က ပြောလိုက်၏။ “ခင်ဗျားတို့ဆရာက ကျုပ်ကို တကယ်တမ်း သတ်ချင်တာလား”
တာဝန်ရှိသူ ရွှယ်ဖန်က ပြောလိုက်သည်။ “မဟုတ်ဘူး။ မင်းက အကောင်သေးသေးလေးပဲ။ ငါတို့ရဲ့ ဆရာတွေ အနေနဲ့ မင်းရဲ့ သေဆုံးခြင်းကို ကိုယ်တိုင်ကိုယ်ကျ စိတ်ပါဝင်စားနေစရာတောင် မလိုဘူး။ ဒါပေမဲ့ ငါတို့ဆရာတွေက မင်းကို ကြည့်မရဘူး။ သေးငယ်တဲ့ သတ္တဝါလေးတစ်ကောင်က မုန်းတီးခံရပြီဆိုရင်တော့ သေရတာပဲ”
ရွှယ်မိသားစု၏ ထိပ်သီးခေါင်းဆောင်များသည် တကယ့် ကျွမ်းကျင်သူများ ဖြစ်၏။ သို့မဟုတ် တတိယ မင်းသားပင် ဖြစ်နေသည်လား။ ရှမ့်လန်သည် တတိယမင်းသားနှင့် မည်သည့် ရန်ငြိုးရန်စမှ မရှိချေ။ ရှိလျှင်လည်း အနည်းငယ်သာပင် ဖြစ်ပေလိမ့်မည်။
ဥပမာအားဖြင့် တတိယမင်းသား၏ အောက်ဆွဲ လီဝမ်ကျန့်သည် ရှမ့်လန်ကြောင့် အသတ်ခံရခြင်းဖြစ်သည်။ ထို့အပြင် တတိယမင်းသား၏ အိမ်ရှေ့စံအပေါ်တွင် ကျိန်စာတိုက်ခြင်းသည် သူ၏လက်ချက်ပင် ဖြစ်သည်။ တတိယမင်းသားသည် အနည်းငယ် အားကောင်း၏။ အိမ်ရှေ့စံမင်းသားနှင့် အတူတူ ယှဉ်တွဲကာ ရပ်နိုင်သည့် တစ်ဦးတည်းသောလူလည်း ဖြစ်၏။ စစ်တပ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုနှင့်ဆိုလျှင် အိမ်ရှေ့စံ မင်းသားထက်ပင် ပိုမိုကာ သာလွန်လျက်ရှိ၏။
မြို့စားလေး ကျူးလန်ထင်က ပြောလိုက်သည်။ “ကောင်းပြီ.. ရှမ့်လန် အချိန်တွေ ထပ်ပြီး မဖြုန်းနဲ့တော့။ ဒီတောနက်ရိုင်းထဲမှာ ဘယ်သူမှ မင်းကို ကယ်တင်နိုင်မှာ မဟုတ်ဘူး။ မင်းရဲ့ဘဝက ဒီနေရာမှာ နိဂုံးချုပ်ပြီပဲ။ ပြီးရင် ငါ မင်းကို ကိုယ်တိုင်ကိုယ်ကျ ခေါင်းဖြတ်မယ်။ ပြီးရင် အရေခွံခွာမယ်။ မင်းရဲ့ အကြောတွေကို ဆွဲထုတ်မယ်။ ပြီးရင် မင်းရဲ့အလောင်းကို ခွေးကျွေးမယ်။ ငရဲကြီး ဆယ့်ရှစ်ထပ် ရှိတယ်ဆိုရင်တောင်မှ မင်း ငါ့ကို အဲဒီ ငရဲကြီးဆယ့်ရှစ်ထပ် ရောက်သည်အထိ ငါ့ကို ရန်ပြုမိတာ မှားပြီဆိုတဲ့အကြောင်း နောင်တ ရစေရမယ်”