အခန်း (၁၇၅)
Vol. 13 Ch. 175
တစ်နာရီခန့်ကြာမြင့်ပြီးနောက် ရှစ်ချင်းချင်းသည် ချောင်ယောင်းအာ၏ ရှေ့တွင် ပေါ်ပေါက်လာခဲ့၏။ သူမသည် အဖြူရောင် အသုဘဝတ်စုံကဲ့သို့သော အရာကို ဝတ်ဆင်ထားခဲ့၏။ အထူးသဖြင့် သူမ၏ ခန္ဓာကိုယ် လှပမှုက အတိုင်းသား ပေါ်ပေါက်လျက်ရှိ၏။
ရှစ်ချင်းချင်း၏ မျက်လုံးထဲတွင် မျက်ရည်များ ရစ်သိုင်းလျက် ရှိနေပြီး သူမသည် ချောင်ယောင်းအာ၏ ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်၏။ မည်မျှ ချစ်စဖွယ်ကောင်းပြီး မည်မျှ သနားစရာကောင်းလှသည့် ဟန်ပန်အမူအရာမျိုးဖြစ်ကြောင်း အထူးတလည် ဖော်ကျူးနေစရာပင် မလိုအပ်ချေ။
သူမ၏ အသံသည် တကယ်ကို ဆွဲဆောင်မှုရှိလွန်းလှ၏။ သူမသည် ဆွေးဆွေးမြည့်မြည့်ဖြင့် ဝမ်းနည်းတကြီး ပြောလိုက်၏။
“ကျွန်မက ရှစ်ကွမ်းယွမ် ရဲ့ သမီးပါ။ ရှမ့်လန်က ကျွန်မမိသားစုရဲ့ စီးပွားရေးတွေ အကုန်လုံးကို ဖျက်ဆီးပစ်ခဲ့ပြီး ကျွန်မနဲ့ စေ့စပ်ထားတဲ့ယောကျာ်း ကျန်းကျင်းက ကျွန်မရဲ့ မိသားစုတစ်ခုလုံးကို သတ်ဖြတ်ပစ်ခဲ့တယ်။ ကျွန်မ အားနည်းတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး ဘယ်သွားရမှန်း မသိပါဘူး။ ဒီလို အခြေအနေမျိုးမှာ ကျေးဇူးပြုပြီး တပ်မှုးချောင် ကယ်တင်ပေးပါအုံး”
“ကျွန်မ ရှင်နဲ့အိပ်ဆိုရင်လည်း အိပ်ပါ့မယ်။”
ထိုအချိန်မှာတော့ ရှစ်ချင်းချင်းသည် ရှိရှိသမျှအရာအားလုံးကို ထုတ်ဖော်ပေးအပ်ခဲ့ပြီးသားဖြစ်၏။ သူမ၏အားနည်းမှု၊ ဆွဲဆောင်မှုရှိသော တင်ကားကားကိုပင် ထောင်ပြထားသေးသည်။ အရိုးတစ်ခုမှမရှိသလို ပျော့ခွေကာ အားနည်းနေပုံပေါ်ပြီး သူမ၏ အရေကြည်လျက်ရှိနေသည့် မျက်ဝန်းဝိုင်းဝိုင်းကြီးများသည် အချိန်မရွေး ငိုချတော့မည့် အမူအရာများပင်ဖြစ်၏။
ကျန်းကျင်းနှင့် မျက်နှာချင်းဆိုင်ရသည့် အချိန်မျိုးတွင်ပင် သူမ ဤကဲ့သို့ အားစိုက်ထုတ်ခဲ့ခြင်း မရှိချေ။ အထူးသဖြင့် ဦးတိုက်ခဲ့ပြီးသည့်နောက် သူမ၏ဖင်ကို လေထဲသို့ ခပ်မြင့်မြင့် ထောင်ထားသေး၏။ အလွန် သွယ်လျသည့် ခါးနှင့် ဝိုင်းကားလျက်ရှိသောဖင်သည် ချောင်ယောင်းအာ၏ရှေ့တွင်ပေါ်ပေါက်လာခဲ့သည်။
အကယ်၍ ဤနေရာတွင် ရှမ့်လန်သာဆိုပါက ကျိန်းသေပေါက် ဘောင်းဘီဆွဲချွတ်၍ ပြေးလာမှာ သေချာ၏။ သို့ပေမည့် ချောင်ယောင်းအာမှာတော့ ခံစားချက်ကင်းမဲ့စွာဖြင့် မျက်နှာသွင်ပြင် တစ်ခုလုံးကလည်း အေးစက်လျက်ရှိနေ၏။
“ကျွန်မ မိန်းမတွေကိုမကြိုက်ဘူး”
ရှစ်ချင်းချင်းက တုန်လှုပ်သွားသည်။ သူမ အမျိုးသမီးများကို ကြိုက်သည်ဟု လူများက ပြောဆိုခဲ့သည် မဟုတ်ပါလား။ အမျိုးသမီးများကို မကြိုက်ဘူးဆိုလျှင် သူမ... သူမ ဘာဆက်လုပ်ရမည်နည်း။
“ဒါပေမဲ့ ကျွန်မ ရှင့်အကြောင်း ကြားခဲ့တယ်”
ချောင်ယောင်းအာက ပြောလိုက်၏။ “ရှင် အသက်ရှင်လျက် ရှိနေလိမ့်မယ်လို့ ကျွန်မ မထင်ခဲ့ဘူး”
ရှစ်ချင်းချင်းသည် ဒူးထောင်ရင်းမှပင် ရှေ့ဆီသို့ လှမ်းတက်ပြီး ချောင်ယောင်းအာ၏ ခြေထောက်ကို ဖက်လိုက်သည်။ “တပ်မှူး... ကျွန်မ ဘယ်ကိုသွားရမှန်းမသိပါဘူး ကျွန်မအတွက် ဒီလောကကြီးထဲမှာ နေစရာဆိုလို့ မရှိပါဘူး။ ကျေးဇူးပြုပြီး ကယ်တင်ပါအုံး”
ခြေထောက်နှစ်ဖက်သည် အလွန်ရှည်လျားပြီး အလွန်ပဲ နူးညံ့လွန်း၏။ သူမသည် ထိုအရာကို ထိကိုင်နေရ သည်ကပင် ကံကောင်းခြင်းဟု မှတ်ထင်နေခဲ့၏။ အမျိုးသမီး၏ခြေထောက်သည် ဤမျှ ချောမွေ့ပြီး နူးညံ့နေဖို့ မသင့်ချေ။ သူမတကယ်ပင် မနာလို ဝန်တိုဖြစ်နေမိ၏။
ချောင်ယောင်းအာက ပြောလိုက်သည်။ “အင်း... ကျွန်မ ရှင့်ကို ခေါ်ထားနိုင်တယ်။ ရှင်က သနားစရာကောင်းတဲ့ တခြား အမျိုးသမီးတွေနဲ့ တူတူပဲလေ”
သူမ မည်မျှများပြားသည့် အမျိုးသမီးများကို ကယ်တင်ခဲ့မိကြောင်း သေသေချာချာ မသိရှိချေ။ ပင်လယ် ဓားပြများကို သတ်ရန်သွားသည့်အချိန်တိုင်း သူမသည် သနားစရာ အမျိုးသမီးများကို အုပ်လိုက်ကြီး ခေါ်ဆောင်လာတတ်၏။ ယခု သူမအနားတွင် ရှိနေသည့် အမျိုးသမီးများအားလုံးသည် သူမ၏ ကာကွယ်မှုအောက်တွင် တည်ရှိနေသည့်လူများပင် ဖြစ်၏။ ထိုသူမတို့အားလုံးတို့သည် စာရင်းများကို ပြုလုပ်ပေးခြင်း၊ အစားအသောက် ချက်ပြုတ်ခြင်း၊ ပန်းထိုးခြင်း၊ သန့်ရှင်းရေး ပြုလုပ်ခြင်း … ထိုအရာများအားလုံးကို ပြုလုပ်ပေးကြ၏။
လွန်ခဲ့သည့် နှစ်အနည်းငယ်တုန်းက သူမသည် မိန်းကလေးငယ်တစ်ဖွဲ့ကို ခေါ်ယူလာခဲ့ပြီး သိုင်းပညာကို လေ့ကျင့်ပေးခဲ့၏။ ယခု ထိုမိန်းကလေးများသည် အရွယ်ရောက်လာခဲ့ပြီဖြစ်ပြီး သူမ၏ သက်တော်စောင့် တပ်ဖွဲ့အဖြစ် အသက်ဝင်လှုပ်ရှားနေကြပြီ ဖြစ်သည်။
“ဒါပေမဲ့ ကျွန်မ တပ်မှူးဘေးနားမှာ နေချင်ပါတယ်။ ဒါမှ ကျွန်မ လုံခြုံသလို ခံစားရမှာပါ” ရှစ်ချင်းချင်းသည် မျှော်လင့်တကြီးဖြင့် လှမ်းကာ ပြောဆိုလိုက်၏။
ချောင်ယောင်းအာသည် တကယ်ကို ထက်မြက်လွန်းသည့် မိန်းကလေးတစ်ယောက် ဖြစ်၏။ သူမ မည်သူ့ကို ရင်ဆိုင်ရသည်ဖြစ်ဖြစ် ထိုသူများကို နေ့ချင်းညချင်း ဖျက်ဆီးတတ်၏။ ထို့ကြောင့် သူမသည် ကျန်းချွင်းဟွာကဲ့သို့ မဟာဗျူဟာကို ပိုင်နိုင်သည့် လူတစ်ယောက်၏ ဟန်ပန်မူရာများကို နှစ်သက်ခြင်း မရှိခဲ့ချေ။ ရှစ်ချင်းချင်း၏ သနားစဖွယ်ကောင်းသည့် အသွင်အပြင်ကို မြင်ရသည့်အချိန်မှာတော့ သူမသည် ငြင်းပယ်ပစ်ရန် မစွမ်းသာတော့ချေ။
“ဘာလုပ်တတ်လဲ”
ချောင်ယောင်းအာက မေးမြန်းလိုက်၏။ “ရှင် အဝတ်တွေ လျှော်တတ်လား၊ ထမင်း ချက်တတ်လား”
ရှစ်ချင်းချင်းက ပြောလိုက်သည်။ “ကျွန်မ သင်ယူလို့ရပါတယ်”
ဆိုလိုသည်မှာ ဤအရာသည် သင်ယူလိုက်သည်ဆိုပါက အရာအားလုံး ပြုလုပ်နိုင်ပြီဆိုသည့် အဓိပ္ပာယ်ပင်။
ချောင်ယောင်းအာက မေးလိုက်၏။ “ဒါဆိုရင် အဝတ်ချုပ်တတ်လား”
ရှစ်ချင်းချင်းက အားပြတ်သလို ပြန်ဖြေလိုက်သည်။ “ကျွန်မ... ကျွန်မ... ကျွန်မ သင်ယူနိုင်ပါတယ်”
မဟုတ်သေးပေ။ ချောင်ယောင်းအာသည် မျက်မှောင်ကုတ်ကာဖြင့် ပြောလိုက်၏။ “ဒါဆိုရင် ရှင် ရေနွေးတွေ ဘာတွေ ကောင်းကောင်းတည်ပြီးတော့ ကျွန်မကို ထည့်ပေးနိုင်လား”
ရှစ်ချင်းချင်းသည် ရှက်ရွံ့သွားခဲ့၏။ သူမ၏အသံက တုန်ယင်လျက် ရှိနေသည်။ “ဒါ... ဒါကိုလည်း ကျွန်မ သင်ယူနိုင်ပါတယ်”
အစောတုန်းက အိပ်ရာထဲသို့ လာရောက်နိုင်သည်ဟု ပြောဆိုခဲ့၏။ ထို့ပြင် အဝတ်အစားများကိုလည်း လျှော်ဖွပ်ပေးနိုင်ပြီး ထမင်းဟင်းများလည်း ချက်ပြုတ်ပေးနိုင်သည်ဆိုသည်မှာ အတုအယောင်သာလျှင် ဖြစ်ပေလိမ့်မည်။ အစစ်အမှန်အနေဖြင့် သူမနှင့်အိပ်ရန် သွေးဆောင်မြူဆွယ် ပြောဆိုခဲ့ခြင်းပင် ဖြစ်၏။
ချောင်ယောင်းအာသည် အေးစက်စက်ဖြင့် ပြောဆိုလိုက်သည်။ “ဒါဆိုရင် ရှင် ဘာလုပ်နိုင်လဲ”
ရှစ်ချင်းချင်းက ပြောလိုက်၏။ “ကျွန်မ စာရင်းဇယားတွေ ကိုင်တွယ်နိုင်ပါတယ်”
ချောင်ယောင်းအာက ပြောလိုက်သည်။ “အင်း... ကျွန်မက သတ်ဖြတ်ခြင်းနဲ့ လုယက်ခြင်းကိုပဲ ဂရုစိုက်တာ ဘယ်လိုစာရင်းဇယားမျိုးကိုမှ ဂရုမစိုက်ဘူး”
ဟမ်။ သူမ၏လက်အောက်တွင် လူပေါင်းများစွာ တည်ရှိနေခဲ့၏။ လက်လွတ်စပယ်နှင့် ထားရှိသည်ဆိုပါက ရှိရှိသမျှ အရာအားလုံး ပျောက်သွားမည် မဟုတ်ပါလား။ စာရင်းဇယားလေးတောင် မရှိပေဘူးလား။
မဟုတ်သေးချေ။ ချောင်ယောင်းအာသည် အရာအားလုံးကို ရရှိလာသည့်အချိန်၌ သူမ၏အဖေကို တစ်ခါတည်း ပေးအပ်လိုက်၏။ သူမ၌ မည်သည့်ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာဟူ၍ မရှိချေ။ သူမသည် တိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် သိုင်းပညာကိုသာ စိတ်ဝင်စားသူတစ်ယောက် ဖြစ်၏။
ရှစ်ချင်းချင်းက ပြောလိုက်သည်။ “ဒါဆိုရင် ကျွန်မ ကဗျာတွေ ရေးသားနိုင်ပါတယ်”
“စိတ်မဝင်စားဘူး”
ရှစ်ချင်းချင်း၏ ကိုယ်ခန္ဓာတစ်ခုလုံး ခွေယိုင်သွားခဲ့၏။ သူမသည် အမှိုက်တစ်ခုဖြစ်မှန်း သိရှိသွားခဲ့မိ၏။
“ရှင် ဒါလည်းမသိဘူး ၊ ဟိုဟာလည်းမသိဘူး။ ဘာဖြစ်လို့ ကျွန်မဘေးနားမှာ နေချင်ရတာလဲ”
နောက်ဆုံးမှာတော့ ချောင်ယောင်းအာက ပြောလိုက်သည်။ “သူ့ကို ကြမ်းတိုက်ဖို့အတွက် ခေါ်သွားကြ”
ပြီးနောက် လက်ကို အသာဝေ့ယမ်းလိုက်၏။
အမျိုးသမီးစစ်သည်နှစ်ယောက်သည် ရှေ့ဆီသို့ လှမ်းတက်လာခဲ့ပြီး ရှစ်ချင်းချင်းကို ဆွဲခေါ်သွားခဲ့၏။ သူမအနေနှင့် ရုန်းကန်ရန် အင်အားဟူ၍ပင် မရှိချေ။
ချောင်ယောင်းအာသည် အလုံးစုံ မလှုပ်မယှက်ဖြင့် တည်ရှိနေခဲ့ပြီး သူမ ပြောဆိုသည့် အကြောင်းအရာများအားလုံးကို မတုန်မလှုပ် ကြည့်ရှုနေ၏။
ရှစ်ချင်းချင်းသည် အခန်းတစ်ခုထဲသို့ ခေါ်ဆောင်သွားခံရ၏။ သူမသည် အဝတ်အစားများကို ချွတ်ပြီးသည့်နောက် ပေါ့ပေါ့ပါးပါး အဝတ်အစားများကို လဲလှယ်ကာ ဝတ်ဆင်၏။ ပြီးနောက် သူမ၏ လက်ထဲဆီသို့ တံမြက်စည်း တစ်ချောင်း ရောက်ရှိလာ၏။ ဤသို့နှင့်ပင် သူသည် ချောင်ယောင်းအာ၏ ရဲတိုက်ထဲတွင် တံမြက်စည်းလှဲသူ အမျိုးသမီးတစ်ယောက် ဖြစ်လာခဲ့သည်။ သောက်ကျိုးနည်းလှချေသည်တကား။
သူမ စိတ်ကူးတွေးတောထားသည်နှင့် အလုံးစုံကွာခြားလျက် ရှိနေ၏။ သူမသည် တကယ်ကို ဆွဲဆောင်မှု ရှိလွန်းသော မြေခွေးမတစ်ကောင်ဖြစ်၏။ တံမြက်စည်းလှဲသူတစ်ယောက် မဟုတ်ချေ။
သို့ပေမည့် ခေါင်းကိုမော့ကာ ကြည့်ရှုသည့်အချိန်မှာတော့ တစ်ရာစတုရန်းမီတာ အကွာအဝေးအတွင်း ခြံဝန်းငယ်လေး ထဲတွင် တံမြက်စည်းလှဲလျက် ရှိနေသည့် အမျိုးသမီး တစ်ဒါဇင်ကျော်ခန့်ရှိ၏။ အားလုံးသော သူတို့သည် ချောမောပြီး ကြည့်ကောင်းလွန်းလှချေ၏။
ထိုအချိန်မှာတော့ ရှစ်ချင်းချင်းသည် ချောင်ယောင်းအာ အဘယ့်ကြောင့် ဤကဲ့သို့ တည်ရှိနေထိုင်နိုင်သည် ဟူသော အကြောင်းကို သိရှိနားလည်လိုက်၏။ သူမ၏ရဲတိုက်ထဲ၌ အလွန်လှပသည့် အမျိုးသမီး ၁၀၀ ကျော်တို့သည် နေ့စဉ်နေ့တိုင်း တံမြက်စည်းလှဲလျက် ရှိနေ၏။ သူမသည် ဘုရင်မင်းမြတ်နှင့်ပင် နှိုင်းယှဉ်၍ရသည့် အခြေအနေမျိုးသို့ ရောက်ရှိနေသည်။
ထို့အတူ ဤနတ်ဆိုးမသည် အလုပ်အကျွေး ပြုစုရန် တကယ်ခက်ခဲလွန်းလှချေ၏။ သူမ၏ ယုံကြည်ရသည့် လူတစ်ယောက် ဖြစ်လာရန်အတွက် တစ်စုံတစ်ယောက်သည် အလွန်အမင်း ကြိုးစားရမှာ ဖြစ်၏။ မဖြစ်နိုင်သလောက်ပင် ခက်ခဲလှချေ၏။
ရှစ်ချင်းချင်းသည် တံမြက်စည်းလှဲလျက်ရှိနေ၏။ သို့ပေမည့် ကြမ်းပြင်သည် လျာနှင့် ယက်ထားသကဲ့သို့ပင် ပြောင်လက်လျက်ရှိနေ၏။ အဘယ်သို့သောအရာကို သွားရောက်ကာ လှဲရမည်နည်း။ ရှစ်ချင်းချင်းသည် ငိုချင်သွားမိ၏။ သို့ပေမည့် မျက်ရည်ဟူ၍ ထွက်မလာခဲ့ချေ။
နုရှောင့်မြို့ …..
ဤအဆောက်အအုံကြီးသည် လိပ်ခွံကြီးတစ်ခုကဲ့သို့ပင်။ ရွှမ်ဝူအိမ်တော်ထက်ပင် ပိုမိုကာ မာကြောပြီး ခိုင်ခန့်လွန်းသည့် ရဲတိုက်ကြီးတစ်ခုပင်။ ရဲတိုက်ကြီး၏ တည်နေရာတစ်ခုချင်းစီတိုင်း အလွန်လှပသည့် အရာများဖြင့် တည်ဆောက်ထားခြင်း မဟုတ်ချေ။ အလွန်မည်းနက်လျက် ရှိနေသည့် ကျောက်တုံးများဖြင့် ဖန်တီးထားခြင်းပင် ဖြစ်၏။
ဤထဲတွင် မည်သည့်နန်းဆောင်မှ မရှိသလို ကျောက်စိမ်းနံရံများ၊ ဥယျာဉ်များလည်း မရှိချေ။ မြင့်မားသည့် နံရံကြီးတစ်ခု တစ်ခုသာလျှင် ရှိပြီး အပေါ်တွင် ကင်းမျှော်စင်များ အသီးသီးတည်ရှိနေ၏။ ရဲတိုက်ကြီး၏ နံရံကြီးသည် ၃ မီတာမှ ၄ မီတာနီးပါးအထိ ထူထဲလွန်းပြီး ၁၀ မီတာကျော်ခန့် မြင့်မားသည်။
တံခါးကပင်လျှင် ၇ မီတာ၊ ၈ မီတာခန့် ကြီးမားလွန်း၏။ ဤရဲတိုက်ကြီးသည် လွယ်လွယ်ကူကူခုခံ၍ ရနိုင်သည့်အရာဖြစ်ပြီး ၎င်းအား လာရောက်တိုက်ခိုက်ဖို့ဆိုသည်မှာ မဖြစ်နိုင်သလောက် နီးပါးပင်။ လူတစ်ထောင်လောက် ခုခံနေမည်ဆိုလျှင်တော့ အပြင်ဘက်ရှိ လူပေါင်းတစ်သောင်းကျော်တို့သည် အထဲသို့ ချိုးဖျက်ကာ ဝင်ရောက်နိုင်ဖို့ မဖြစ်နိုင်ချေ။
ချောင်ထျန်းဝေသည် ၁၂ နှစ်တာလုံးလုံး ဤရဲတိုက်ကြီး တည်ဆောက်ရန်အတွက် အားအင်စိုက်ထုတ်ခဲ့၏။ လူပေါင်းတစ်သောင်းကျော်ကိုလည်း အသုံးပြုခဲ့၏။ ဤရဲတိုက်ကြီး တည်ဆောက်ရန်အတွက် ကျေးကျွန်မည်မျှ သေဆုံးခဲ့သည်ဖြစ်ကြောင်းကိုပင် မသိရှိချေ။ အမှန်ပင် ကျေးကျွန်များသာလျှင် ဖြစ်၏။
တော်ဝင်ရင်နိုင်ငံတော်တွင် ကျေးကျွန်များသည် ကုန်သွယ်ရောင်းချနိုင်စွမ်း ရှိနေသည့် အရာမဟုတ်ချေ။ သို့ပေမည့် နုရှောင့်မြို့ထဲမှာတော့ အရာအားလုံး ဝယ်ယူရရှိနိုင်၏။ အကြီးမားဆုံးသော ကုန်သွယ်မှုသည် ကျေးကျွန်များပင် ဖြစ်သည်။
ချောင်ထျန်းဝေသည် အလွန်ပင် အရပ်မြင့်မား၏။ ၁.၉ မီတာခန့်ရှိ၏။ သူ့ကို ကြည့်ရှုရမည်ဆိုလျှင် ပင်လယ်ဓားပြတစ်ယောက်နှင့် အလုံးစုံ မတူညီချေ။ သို့ပေမည့် သူ၏ ချောမောမှုသည် အမျိုးသမီးများကို မဆွဲဆောင်နိုင်ခဲ့ချေ။
အဘယ့်ကြောင့်ဆိုသော် သူ၏နှာခေါင်းသည် အလွန်ရှည်မားလွန်းသောကြောင့်ပင်။
တခြားသောလူများက ပြောဆိုသည်မှာ နှာခေါင်းရှည်ခြင်းသည် ကောင်းမွန်၏။ သို့ပေမည့် နှာခေါင်းရှည်ခြင်း ဆိုသည်မှာ အကန့်အသတ်တစ်ခုဖြင့် တည်ရှိ၏။ အကန့်အသတ်ထက် ကျော်လွန်သွားသည့် နှာခေါင်းသည် ကြည့်မကောင်းနိုင်တော့ပေ။
ချောင်ထျန်းဝေ၏ နှာခေါင်းသည် အကန့်အသတ်ထက် ကျော်လွန်ကာ ရှည်လျားနေသည့်အပြင် အထူးသဖြင့် ကောက်လို့လည်း နေခဲ့၏။ သူ၏ချောမောသည့် မျက်နှာသွင်ပြင်နှင့် အလွန်စုံ ဆန့်ကျင်လျက် ရှိနေ၏။ တစ်ချက်ကြည့်ရှုလိုက်သည်နှင့် လူပေါင်းများစွာတို့က ကြောက်လန့်သွားမည့် နှာခေါင်းပိုင်ရှင်မျိုးပင်။
ထို့အပြင် သူ၏နှာတံကို ဗဟိုပြုထားသော နှစ်ဖက်နှစ်ချပ်ရှိ မျက်လုံးများသည် ကျဉ်းမြောင်းပြီး ရှည်မြောလွန်း၏။ ထို့ကြောင့် ကြည့်ရှုရသည်မှာ တစ်မျိုးကြီးလိုပင်။ ဤနေရာတွင် အမျိုးသမီးတစ်ယောက်၏ မျက်လုံးသာဆိုပါက အလွန်လှပပေလိမ့်မည်။ သို့ပေမည့် ယောက်ျားတစ်ယောက်၏ မျက်နှာထက်တွင် ဤကဲ့သို့ မျက်လုံးများ တင်ထားခြင်းဆိုသည်မှာတော့ တကယ်ကို ကြောင်တောင်တောင် နိုင်လွန်းလှ၏။
မျက်နှာပေါ်ရှိ အစိတ်အပိုင်းများသည် တစ်ခုချင်းစီ ကြည့်ကောင်းသည်ဆိုသော်လည်း အရာအားလုံးကို ပေါင်းစပ်လိုက်သည့်အချိန်မှာတော့ တကယ်ကို ကြောက်မက်ဖွယ်ရာကောင်းသည့် မျက်နှာသွင်ပြင်မျိုး အဖြစ် ပြောင်းလဲသွားခဲ့သည်။
လက်ရှိအချိန်တွင် သူသည် ဧည့်သည်တစ်ယောက်ကို လက်ခံတွေ့ဆုံလျက် ရှိနေ၏။ ကျင်းဟိုင် မြို့စားကြီး ထန်လွမ်ပင် ဖြစ်၏။ သူတို့သည် အကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့ဖူးပြီး ထန်လွမ်သည် ယခင်တုန်းက ချောင်ထျန်းဝေနှင့် မျက်နှာချင်းဆိုင်သည့်နေရာတွင် မောက်မာဝင့်ကြွားစွာ နေထိုင်ခဲ့၏။ ယခုအခြေအနေ မှာတော့ သူသည် မသက်မသာသကဲ့သို့ပင် ခံစားနေမိ၏။
“ခင်ဗျား ကျုပ်မိသားစုတွေထဲက တစ်ယောက်ယောက်နဲ့ လက်ထပ်စေချင်လို့လား”
ချောင်ထျန်းဝေက ပြောလိုက်သည်။ “ခင်ဗျားက ဂုဏ်သိက္ခာကြီးမားတဲ့ တော်ဝင်မျိုးနွယ်လေ။ ကျုပ်တို့ မိသားစုထဲက တစ်ယောက်ယောက်ကို ဘယ်လိုယူချင်တာလဲ”
ကျင်းဟိုင်မြို့စားကြီး ထန်လွမ်က ပြောလိုက်၏။ “ခင်ဗျားက ပင်လယ်ဓားပြ မဟုတ်ပါဘူး။ ခင်ဗျားက နုရှောင့်မြို့ရဲ့ အရှင်ဖြစ်နေပြီလေ။ ပင်လယ်တစ်ခုလုံးကို အုပ်စိုးတဲ့လူတစ်ယောက်ပဲ။ တတိယမင်းသားနဲ့ အိမ်ရှေ့စံတို့ နှစ်ယောက်လုံးက ခင်ဗျားကို သူတို့ဘက်ကိုပါဖို့ ဆွဲဆောင်ချင်နေကြတယ်။ ခင်ဗျားသာ စိတ်ပါမယ်ဆိုရင် အနာဂတ် နုရှောင့်မြို့ရဲ့ နယ်စားကြီးတောင် ဖြစ်လာနိုင်တယ်”
အချက်အလက်အားဖြင့် အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့သည် ဤကဲ့သို့ တကယ်ပင် ဖြစ်ချင်၏။ ချောင်ထျန်းဝေသည်သာ သူတို့အပေါ်တွင် မှီခိုသည်ဆိုပါက ကျိန်းသေပေါက် အနာဂတ်တွင် သူတို့သည် နန်းပလ္လင်ထက်သို့ ရောက်ရှိနိုင်မှာ သေချာ၏။ ချောင်ထျန်းဝေအား နုရှောင့်မြို့၏နယ်စားကြီး ရာထူးပေးအပ်ရန် သူတို့က တစ်ချက်ကလေးမှ တွန့်တိုလိမ့်မည် မဟုတ်ချေ။
ယခုအခြေအနေ အချိန်အခါ၌ နိုင်ငံတွင်းတွင် ဘွဲ့ထူးကြီးနှစ်ခု တည်ရှိ၏။ တစ်ခုသည် တော်ဝင်မျိုးနွယ် ဟောင်းများဖြစ်ပြီး နှစ်ပေါင်းရာချီ ဆင်းသက်လာခဲ့သည့် တော်ဝင်မျိုးနွယ်များ ဖြစ်၏။ တခြားမှာတော့ တော်ဝင်မျိုးနွယ်အသစ်များပင် ဖြစ်၏။ နယ်စား၊ မြို့စားဆိုသည့် ဘွဲ့ထူးများကို လက်ရှိအခြေအနေမှာ ရရှိကြသည့် လူများပင် ဖြစ်၏။
ဥပမာအားဖြင့် ကျန်းချုံးသည် ဤတစ်ကြိမ် အောင်မြင်ခဲ့သည်ဆိုပါက သူသည် ကျိန်းသေပေါက် မြို့စားကြီး ဆိုသည့်ဘွဲ့ထူးကို ရရှိမှာဖြစ်၏။ အနာဂတ်တွင် သူသည်သာ အင်ပါယာနန်းတော်ထဲသို့ ဝင်ရောက်နိုင်မည် ဆိုပါက ဝန်ကြီးချုပ်ပင် ဖြစ်လာနိုင်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ၏ဘွဲ့ထူးသည် တိုးတက်လာမည်ဖြစ်ပြီး သူသာ အနားယူမည်ဆိုပါက နယ်စားကြီးရာထူးကို ရရှိပေမည်။
ဤအရာသည် ဂုဏ်သိက္ခာအတွက် ပေးသည့် ဆုလဘ်တစ်ခုသာလျှင် ဖြစ်၏။ မည်သည့်ကုန်းမြေ၊ မည်သည့် လစာ၊ ငွေကြေးခံစားခွင့်၊ ထို့ပြင် အနာဂတ် မျိုးဆက်သစ်များအတွက် ဘွဲ့ထူးများ လွှဲပြောင်းပေးခွင့် ထိုအရာများ မပါဝင်ချေ။ ယခုအချိန်ထိ ဝူအန်းမြို့စားကြီး၊ ရွှမ်ဝူမြို့စားကြီး၊ ကျင်းဟိုင်မြို့စားကြီး၊ တုံးကျန့်မြို့စားကြီးနှင့် ဤတော်ဝင်မျိုးနွယ်ဟောင်းများသည်သာလျှင် မြို့စားကြီးများအဖြစ် တည်ရှိနေခဲ့၏။
ချောင်ထျန်းဝေက ပြောလိုက်သည်။ “ခင်ဗျားက ကျုပ်ရဲ့သားကို ခင်ဗျားသမီးနဲ့ လက်ထပ်ပေးချင်တာလား”
ကျင်းဟိုင်မြို့စားကြီးက ပြောလိုက်၏။ “မဟုတ်ပါဘူး ကျုပ်က ကျုပ်ရဲ့သားကို ခင်ဗျားသမီးနဲ့ လက်ထပ်ပေးချင်တာ”
ချောင်ထျန်းဝေက ပြောလိုက်သည်။ “အင်း... ခင်ဗျားရဲ့သမီး ကျုပ်သားကို လက်ထပ်မယ်ဆိုရင်တော့ ဒီကိစ္စက ဖြစ်နိုင်သေးတယ်။ ဒါပေမဲ့ ကျုပ်ရဲ့သမီးကို လက်ထပ်မယ်ဆိုရင်တော့ ကျုပ်ဆုံးဖြတ်လို့ မရနိုင်ဘူး”
ကျင်းဟိုင်မြို့စားကြီး ထန်လွမ်က ပြောလိုက်၏။ “နုရှောင့်နယ်စားကြီး ဒါက ဟာသတစ်ခု မဟုတ်ဘူး။ မိန်းကလေး တစ်ယောက်ရဲ့ လက်ထပ်ပွဲကို ဘယ်လိုဖြစ်ပြီး သူ့ရဲ့ မိဘတွေက ဆုံးဖြတ်ပိုင်ခွင့် မရှိရတာလဲ”
တကယ်ကို ရှက်ရွံ့စရာကောင်းလှချေ၏။ သို့ပေမည့် ကျင်းဟိုင်မြို့စားကြီးသည် တစ်ဖက်လူအား နုရှောင့် နယ်စားကြီးဟူ၍ ခေါ်ဆိုလျက်ရှိနေသည်။
ချောင်ထျန်းဝေက ပြောလိုက်၏။ “ကျုပ်သမီးက တခြားမိန်းမတွေနဲ့ ကွာခြားတယ်”
ကျင်းဟိုင်မြို့စားကြီး ထန်လွမ်က ပြောလိုက်သည်။ “ကျုပ် ကျင်းချန်ကျွန်းရဲ့ ငါးဆယ်ရာခိုင်နှုန်းကို အသုံးပြုပြီးတော့ မင်္ဂလာလက်ဖွဲ့အဖြစ် တင်တောင်းပါ့မယ်”
ချောင်ထျန်းဝေက ပြောလိုက်၏။ “ဒါပေမဲ့ ခင်ဗျားရဲ့ ကျင်းချန်ကျွန်းက ကျင်းမိသားစုကို ဆုံးရှုံးခဲ့ပြီးပြီ မဟုတ်လား”
ထန်လွမ်က နှာခေါင်းရှုံ့လိုက်သည်။ “ဒါ စာရွက်စာတမ်းအရပဲလေ။ ကျင်းချန်ကျွန်းကို ကျုပ် လွှဲပြောင်းမပေးသရွေ့ ကျင်းကျိုး ဘာတတ်နိုင်မှာလဲ”
ချောင်ထျန်းဝေက ပြောလိုက်၏။ “အင်း.. ခင်ဗျားက ဒုက္ခပေးဖို့အတွက် ကျုပ်ကိုပါ အတင်းဆွဲခေါ်နေတာပဲ”
ထန်လွမ်က ပြောလိုက်၏။ “နုရှောင့်နယ်စားကြီး... ဘဝတစ်သက်တာမှာ တစ်ခါရတဲ့ အခွင့်အရေးပဲနော်။ ခင်ဗျားဆီမှာ စစ်သည်တွေ အများကြီးရှိတယ်။ ပင်လယ်ပြင်ကိုလည်း အုပ်စိုးနိုင်တယ်။ ဒါပေမဲ့ ခင်ဗျား ကုန်းမြေပိုင်းမှာရှိနေတဲ့ နယ်မြေတွေကို သွားပြီး ထိလို့ မရဘူး”
ဤအရာမှာ အမှန်ပင်ဖြစ်၏။ ရွှဲ့ပြည်နယ်နှင့် ဝူပြည်နယ်တို့အတွင်းတွင် ချောင်ထျန်းဝေသည် ဤ သဘောတရားကို ကောင်းကောင်းနားလည်ပြီးဖြစ်၏။ ချောင်ထျန်းဝေသည် ပင်လယ်ပြင်တစ်ခုလုံးကို လွှမ်းမိုးနိုင်စွမ်း ရှိ၏။ သို့ပေမည့် ကုန်းမြေများကို သွားရောက်ထိတွေ့၍ မရချေ။ မဟုတ်ပါက ဖိနှိပ် တိုက်ခိုက်ခြင်းကို မခံရလျှင်တောင်မှ သူ့ကို အားလုံးသောသူတို့က လျစ်လျူရှုပြီး စွန့်ပစ်သွားပေလိမ့်မည်။
မည်သည့်စီးပွားရေးမှ မပြုလုပ်သည်ဆိုပါက နုရှောင့်မြို့တစ်ခုလုံးသည် စွန့်ပစ်မြက်ခင်းကဲ့သို့ပင် ဖြစ်သွားမှာ သေချာ၏။ ချောင်ထျန်းဝေသည် ဤအခြေအနေကို ကောင်းကောင်းထိန်းသိမ်းထားရပေလိမ့်မည်။
ကျင်းချန်ကျွန်းသည် ကျွန်းဆိုသော်လည်း ကုန်းမြေတစ်ခုဖြစ်ပြီး ဝမ်ကျားကျွန်းသည်လည်း ထိုကဲ့သို့ပင် ဖြစ်၏။ ချောင်ထျန်းဝေ၏ ရေတပ်အင်အားသည် တကယ်ကို အားကောင်းလွန်းလှချေ၏။ စစ်သည်ပေါင်း နှစ်သောင်းမှ သုံးသောင်းနီးပါးခန့် ရှိ၏။ သူ့အနေနှင့် ဤကျွန်းနှစ်ခုကို လွယ်လွယ်ကူကူဖြင့် သိမ်းပိုက်နိုင်၏။ သို့ပေမည့် အခြေအနေတစ်ခုကို ထိန်းသိမ်းပြီးသည့်နောက် သူသည် ကာကွယ် စောင့်ရှောက်ကြေးကိုသာ တောင်းခံခဲ့ခြင်း ဖြစ်ပြီး ဤကျွန်းများ၏ ပိုင်ဆိုင်ခွင့်ကို မတောင်းခံခဲ့ချေ။
မြို့စားကြီး ထန်လွမ်က ပြောလိုက်၏။ “ဒါပေမဲ့ ခင်ဗျားအခု ကုန်းမြေတစ်ခုကို ပိုင်ဆိုင်ခွင့်ရှိလာခဲ့ပြီ။ ဟုတ်တယ်.. ကျင်းချန်ကျွန်းက ကုန်းမြေတစ်ခုတည်း မဟုတ်သေးဘူးနော်။ ဒါ ကုန်းမြေတွေနဲ့ အစိတ်အပိုင်း ဆက်စပ်နေတဲ့ အရာပဲ။ ကျင်းချန်ကျွန်းသာ ကျင်းမိသားစုလက်ထဲကနေ ခင်ဗျားလက်ထဲကို ရောက်သွားမယ် ဆိုရင် ဘုရင်မင်းမြတ်ကလည်း ကျိန်းသေပေါက် သဘောတွေ့မှာပဲ”
ချောင်ထျန်းဝေသည် မည်သည့်စကားကိုမှ မဆိုချေ။
မြို့စားကြီး ထန်လွမ်က ပြောလိုက်၏။ “ဒီနေ့ ခင်ဗျား ကျင်းချန်ကျွန်းကို ယူသွားပြီဆိုတာနဲ့ မနက်ဖြန် ဝမ်ကျားကျွန်းကို သိမ်းပိုက်နိုင်လိမ့်မယ်”
ချောင်ထျန်းဝေသည် မည်သည့်စကားမှ မဆိုသေးချေ။
ထန်လွမ်မြို့စားကြီးက ပြောလိုက်သည်။ “နုရှောင့်မြို့က ကောင်းမွန်တယ်ဆိုပေမဲ့ ပင်လယ်ပြင်နဲ့ပတ်သက်ပြီး သီးသန့်ဖြစ်တည်နေတဲ့ တည်နေရာတစ်ခုလိုပဲ။ ကုန်းမြေကလည်း ကောင်းကောင်းမွန်မွန် အမြစ်တွယ် တည်ရှိနေတာမျိုး မဟုတ်ဘူး။ ချောင်မိသားစုအနေနဲ့ ကုန်းမြေတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပြီဆိုရင် ကျိန်းသေပေါက် နှစ်ရာပေါင်း၊ ထောင်ချီ မိသားစု မျိုးဆက်က ဖြစ်တည်နေမှာ မဟုတ်လား”
ချောင်ထျန်းဝေက ပျော်ရွှင်သွားမိ၏။ “အင်း... ကျင်းချန်ကျွန်းကို ပို့ဖို့အတွက် စစ်သည်ဘယ်လောက် လိုအပ်သေးလဲ”
နောက်ဆုံးမှာတော့ ပင်လယ်ဘုရင်၏ ပါးစပ်က ဟလာခဲ့လေ၏။ ၎င်းသည် ဤအရာနှင့် ပတ်သက်၍ သေသေချာချာ စဉ်းစားဆုံးဖြတ်ပြီးပုံပေါ်သည်။
မြို့စားကြီး ထန်လွမ်က ပြောလိုက်၏။ “ငါးထောင်.. ကျင်းကျိုးရဲ့ စစ်တပ်တွေအကုန်လုံးကို တိုက်ခိုက်ဖို့ ငါးထောင်လောက်ဆိုရင် လုံလောက်ပြီ”
ချောင်ထျန်းဝေက ပြောလိုက်သည်။ “ဒါဆိုရင် မိုင်းတွင်းတွေကို ဘယ်လိုလုပ် ကြမလဲ”
ထန်လွမ်က ပြောလိုက်၏။ “အင်း ကျုပ်မိသားစုက ပေးရမှာပေါ့။ ရှိရှိသမျှ မိုင်းတွင်းတွေနဲ့ ထုတ်လုပ်မှု လုပ်ငန်းအားလုံးကို ကျုပ်မိသားစုလက်ထဲကို ပေးရမယ်”