အခန်း (၁၇၆)
Vol. 13 Ch. 176
ကျင်းဟိုင်မြို့စားကြီး၏ အစီအစဉ်သည် တကယ့်ကို ကောင်းမွန်လွန်း၏။ ကျင်းချန်ကျွန်းသည် မိုင်းတွင်းများ တည်ရှိနေတုန်းပင်။ မျက်နှာပြင်ထက်တွင် ကျင်းမိသားစုကို ကမ်းပေးလိုက်ရသည် ဆိုသော်လည်း အပြင်ဘက်လောက ဆီသို့ သူတို့ ထုတ်ဖော်ပြောဆို၍ မဖြစ်နိုင်ချေ။
ကျင်းချန်ကျွန်းသည် ပင်လယ်ပြင်မှ ချောင်ထျန်းဝေဆီသို့သာ ရောက်ရှိသွားသည်ဆိုပါက ချောင်မိသားစုနှင့် ထန်မိသားစုသည် ကျင်းချန်ကျွန်း၏ အကျိုးအမြတ်များကို ခွဲဝေ၍ ရရှိနိုင်၏။ သို့ပေမည့် ဤအရာသည် ကျန်းချုံး ညွှန်ကြားထားသည့်အရာ၏ အပြင်ဘက်တွင် တည်ရှိနေ၏။
ကျန်းချုံးသည် ထန်လွမ်အား ကျင်းချန်ကျွန်း တစ်ခုလုံးအား ကျင်းမိသားစုသို့ ကမ်းပေးစေချင်၏။ ပြီးနောက် ကျင်းမိသားစုအနေဖြင့် ထိုနေရာဆီသို့ အင်အားနှင့် အရင်းအနှီးအားလုံး ရင်းနှီးမြှုပ်နှံသည်အထိ စောင့်ဆိုင်း စေချင်၏။ ပြီးမှသာလျှင် ချောင်ထျန်းဝေကို စစ်သည်များ စေလွှတ်ကာဖြင့် ပြန်သိမ်းပိုက်ခိုင်းပေမည်။ ထိုသို့ဆိုလျှင် ကျင်းမိသားစုတစ်ခုလုံးက စုတ်ပြတ်သတ်သွားပေလိမ့်မည်။
သို့ပေမည့် ထန်လွမ်သည် ထိုကဲ့သို့ မလုပ်ချင်ပေ။ ထိုကဲ့သို့သာ ပြုလုပ်သည်ဆိုပါက ကျင်းချန်ကျွန်း၏ မိုင်းတွင်း လုပ်ငန်းများ မည်မျှ နှောင့်နှေးသွားမည်နည်း။ တစ်နှစ် သို့မဟုတ် နှစ်ဝက်ပင် ဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ထန်မိသားစု၏ ဆုံးရှုံးမှု မည်မျှ များပြားမည်နည်း။
သူသည် ချောင်ထျန်းဝေနှင့် အရင်ဦးဆုံး စဦးဆွေးနွေးနေခြင်းပင် ဖြစ်၏။ ကျန်းချုံးသာ သိသည်ဆိုပါက ကျိန်းသေပေါက် အရူးတစ်ယောက်ကဲ့သို့ပင် ဆူငေါက်နေမှာ သေချာ၏။ သို့ပေမည့် ထန်လွမ်သည် အရူး တစ်ယောက် မဟုတ်ချေ။ အလိုလောဘကြီးခြင်းသာလျှင် ရှိ၏။
“ကျုပ် ၇၀ ရာခိုင်နှုန်း လိုချင်တယ်” ချောင်ထျန်းဝေက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
ထန်လွမ်မြို့စားကြီး၏ အမူအရာက ပြောင်းလဲသွား၏။ “နုရှောင့်နယ်စားကြီး … မိုင်းတွင်းနဲ့ အထဲမှာရှိတဲ့ ပစ္စည်းအားလုံးဟာ ကျုပ်တို့မိသားစု ကုန်ကျထားတဲ့အရာတွေလေ။ ခင်ဗျားတို့က ကျင်းချန်ကျွန်းကို စောင့်ကြပ်ဖို့အတွက် စစ်သည်တွေ စေလွှတ်လိုက်ရုံပဲ။ ဒီဟာနဲ့ပတ်သက်ပြီး အကျိုးအမြတ်တွေရမယ်။ ဘာတစ်ခုမှ သိပ်ပြီး ကြိုးစားရမှာ မဟုတ်ဘူး”
ချောင်ထျန်းဝေက ပြောလိုက်သည်။ “ကျုပ် ၇၀ ရာခိုင်နှုန်း လိုချင်တယ်”
ထန်လွမ်က ပြောလိုက်၏။ “နုရှောင့်နယ်စားကြီး.. ကျုပ်တို့ ဒီလိုပုံစံမျိုး ပူးပေါင်းဆောင်ရွက်လို့တော့ မဖြစ်ဘူး”
ချောင်ထျန်းဝေက အသာပြောလိုက်သည်။ “စိတ်မပူနဲ့... ခင်ဗျား ကျင်းမိသားစုကို မကြာခင် ကျင်းချန်ကျွန်း တစ်ခုလုံး လွှဲပေးရတော့မှာပဲ။ အဆိုးဆုံး ကျုပ်ကလည်း ကျုပ်ရဲ့စစ်တပ်အကုန်လုံးကို ပြန်ခေါ်သွားရုံပဲ။ ကျုပ် ဘာမှမရလည်း ကိစ္စမရှိဘူး။ ပြီးမှ အဲ့ကျွန်းကို သွားပြီးတိုက်ခိုက်မယ်”
“အခု ခင်ဗျားကို ကျုပ် ၃၀ ရာခိုင်နှုန်း ပေးနေတယ်။ ဒါအရမ်းကောင်းတဲ့ကိစ္စ မဟုတ်လား။ ကျုပ်တို့ နုရှောင့်မြို့မှာ ကျေးကျွန်တွေ အများကြီးရှိတယ်။ ပြီးတော့ အလုပ်ကြမ်းသမားတွေလည်း အများကြီးရှိတယ်။ ဒီလူတွေကို ငှားရမ်းပြီးတော့ ခင်ဗျားရဲ့ မိုင်းတွင်းတွေကို ကောင်းကောင်း တူးထုတ်နိုင်တယ်”
ကျင်းဟိုင်မြို့စားကြီး ထန်လွမ်၏ နှလုံးသားတစ်ခုလုံးသည် သွေးစက်စက်ယိုသွား၏။ သို့ပေမည့် လက်ရှိ အခြေအနေတွင် သူသည် စဉ်းတီတုံးပေါ်သို့ ရောက်ရှိနေသည့် ငါးတစ်ကောင်ကဲ့သို့ပင် ဖြစ်၏။ ဘာလုပ်နိုင်မည်နည်း။
“ကောင်းပြီ ၇၀ ရာခိုင်နှုန်းပေါ့ လက်မှတ်ထိုးကြရအောင်” ထန်လွမ်သည် အံကိုကြိတ်ကာဖြင့် ပြောလိုက်၏။
ချောင်ထျန်းဝေက ပြောလိုက်သည်။ “ဘာကို လက်မှတ်ထိုးရမှာလဲ။ ဘာအတွက် သုံးရမှာလဲ”
မှန်ပေ၏။ အားအင်အဆင့်သာ ကောင်းမွန်သည်ဆိုပါက ပါးစပ်သည် ကတိစကားကဲ့သို့ပင် ဖြစ်၏။ အားအင်အဆင့်သာ လုံလောက်အောင်မရှိပါက စာချုပ်ချုပ်ထားသည် ဆိုလျှင်တောင် အလကားပင် ဖြစ်၏။ ချီးကုန်းလိုက်ရုံသာလျှင် ရှိ၏။
ထန်လွမ်မြို့စားကြီးက ပြောလိုက်သည်။ “ဒါဆိုရင် ကျုပ်တို့ မိသားစုနှစ်ခု လက်ထပ်ပြီးတော့ ပေါင်းစပ် ကြမှာလား”
ချောင်ထျန်းဝေက ပြောလိုက်၏။ “ကျုပ်... ကျုပ်ကြိုးစားကြည့်မယ်။ ခင်ဗျားက ကျုပ်ရဲ့သမီးကို ဘယ်သားနဲ့ လက်ထပ်ပေးချင်တာလဲ”
ကျင်းဟိုင်မြို့စားကြီးက ပြောလိုက်သည်။ “အင်း ကျုပ်ရဲ့သား ထန်ယွင်ပေါ့”
ချောင်ထျန်းဝေက ပြောလိုက်၏။ “သူက စေ့စပ်ပြီးသား မဟုတ်ဘူးလား”
“အင်း ... အခု မဟုတ်တော့ဘူး”
ချောင်ထျန်းဝေက ပြောလိုက်သည်။ “ကိုယ့်လူတို့... စစ်သည် ၅,၀၀၀ ကို ခေါ်ပြီးတော့ ကျင်းချန်ကျွန်းဆီသို့ သွားဖို့ ပြင်ကြ။ ပြီးတော့ အဲမှာ ခံတပ်တစ်ခုကို တည်ဆောက်ကြမယ်”
ထန်လွမ်က တုန်လှုပ်သွားမိ၏။ ဤမျှမြန်ဆန်လှသည်လား။
ချောင်ထျန်းဝေက ပြောလိုက်သည်။ “မိသားစုနှစ်ခုကြား လက်ထပ်ဖို့ကိစ္စကတော့ ကျုပ်အကောင်းဆုံး ကြိုးစားပေးမယ်လို့ပဲ ပြောနိုင်တယ်။ ကျုပ်သမီးက လောကမှာရှိတဲ့ တခြားအမျိုးသမီးတွေနဲ့ ကွာခြားတယ်”
..........
ဓားဘုရင် လီချင်းချိုးသည် ရှမ့်လန် ကို ခေါ်ဆောင်ကာဖြင့် နုကျင်းစီရင်စုဆီသို့ ရောက်ရှိလာခဲ့၏။ သူတို့သည် နောက်တစ်ရက်တွင် ရွှမ်ဝူအိမ်တော်ဆီသို့ ရောက်ရှိမှာ ဖြစ်၏။
ရှမ့်လန်သည် မင်းသားတစ်ပါးကဲ့သို့ နေထိုင်ရသည်မှာ အသားကျနေပြီဖြစ်၏။ ထို့ကြောင့် သူသည် အပြင်ဘက် လေဟာပြင်ကြီးထဲတွင် အိပ်စက်ခြင်းကို မပြုလုပ်ချင်ချေ။ ထို့ကြောင့် တိုက်ရိုက်ဆိုသလိုပင် နုကျင်းစီရင်စု၏ အရာရှိ နားနေဆောင်ဆီသို့ ဝင်ရောက်ကာ ပြောလိုက်၏။
“ကျုပ် ရှမ့်လန်.. ရွှမ်ဝူအိမ်တော်ရဲ့ သမက်တော်ပဲ။ အကောင်းဆုံး အခန်းတစ်ခုကို ပေး။ ဒီအဆောက်အအုံထဲမှာ ဘယ်သူမှ မရှိစေနဲ့”
ရှမ့်လန်သည် မောက်မာဝင့်ကြွားစရာဖြင့် အရာရှိကြီးများ နားနေသည့် တည်နေရာနန်းဆောင်ထဲသို့ ဝင်ရောက် တည်းခိုခဲ့သည်။
ဓားဘုရင် လီချင်းချိုးသည် သူ့ဘက်တွင် တည်ရှိနေသောကြောင့် ရှမ့်လန်သည် မိုက်မိုက်မဲမဲဖြင့် မောက်မာထောင်လွှားစွာ နေထိုင်ရဲနေ၏။ သူ၏နာမည်ကိုပင် ကြေညာရဲနေ၏။ တစ်စုံတစ်ယောက် သူ၏နာမည်ကို ကြားပြီး လာရောက်သတ်ဖြတ်မည်ကို မစိုးရိမ်ဘူးလား။ သို့ပေမည့် ဓားဘုရင် တည်ရှိနေသောကြောင့် သူ့ထက်ပို၍ လုံခြုံသည့် သူပင် မရှိတော့ချေ။
ရှမ့်လန်၏ ဂုဏ်သိက္ခာတရားအရဆိုလျှင် ဤကဲ့သို့ အရာရှိနန်းဆောင်တွင် နေထိုင်ရန် အရည်အသွေးဟူ၍ မရှိချေ။ အကောင်းဆုံးခြံဝန်းဆိုလျှင် ဝေလာဝေးပင် ဖြစ်၏။
သို့ပေမည့် ဒုခေါင်းဆောင်သည် အလျင်အမြန် သဘောတူညီလိုက်၏။ သူသည် အဆင့်ကိုး အရာရှိအရာခံတစ်ယောက်သာ ဖြစ်သည်။ မည်သူ့ကို ကြံစည်သင့်၊ မည်သူ့ကို ရန်မပြုသင့်ဆိုသည်ကို သေသေချာချာ ရှင်းရှင်းလင်းလင်း သိရှိပြီးဖြစ်သည်။
ထို့ကြောင့် ရှမ့်လန်သည် ဤဒီနေရာ၏ အကောင်းဆုံးခြံဝန်း၌ နေထိုင်နိုင်ခဲ့၏။ သို့ပေမည့် မည်သူကမှသည် သူ့ကို လာရောက်ကာ ဖားယားမနေကြချေ။
“ကျုပ်တို့ ခင်ဗျားကို ပြဿနာမရှာဘူး ရှမ့်လန်။ ဒါပေမဲ့ ခင်ဗျားတို့ ရွှမ်ဝူအိမ်တော်က ပြီးဆုံးတော့မယ်။ ပြီးတော့ ခင်ဗျားက ကျန်းချုံးရဲ့ရန်သူ ဖြစ်နေပြီ။ ကျုပ်တို့ ခင်ဗျားကို မျက်နှာသာပေးလို့ မဖြစ်နိုင်ဘူး”
ဤကဲ့သို့ လူမျိုးတွေ တည်ရှိနေလေသလား။ ရှမ့်လန်သည် အလွန် ခမ်းနားလွန်းသည့် ခြံဝန်းထဲတွင် နေထိုင်၏။ သို့ပေမည့် ဓားဘုရင် လီချင်းချိုးကတော့ ထိုနေရာတွင် မနေချင်ပေ။ အပြင်ဘက် ရထားလုံးထဲတွင် အိပ်ချင်သည်ဟု ဆို၏။
ရှမ့်လန်က မေးမြန်းလိုက်သည်။ “ဘာကြောင့်လဲ ဒီမှာနေရတာ သက်သောင့်သက်သာမရှိလို့လား”
လီချင်းချိုးက ပြန်လည်ကာ ပြောဆိုလိုက်၏။ “အင်း ... ဒီမှာရှိနေတဲ့ အရာရှိအနံ့တွေက အရမ်းကို ပြင်းတယ်။ ကျုပ် ဒီမှာသာနေရင် ကောင်းကောင်းအိပ်ပျော်မှာ မဟုတ်ဘူး”
ရှမ့်လန်၏ သိုင်းပညာအပေါ်တွင် စိတ်ဝင်စားမှုသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ မိန်းမ တစ်ယောက်ပေါ် မှီခို၍ နေထိုင်ခြင်းကသာလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။ တိုက်ခိုက်လေ့ကျင့်၍ ဘာများထူးခြားသွားမည်နည်း။ အပြင်ဘက်တွင် အိပ်ခြင်းကိုပင်လျှင် ခုံမင်လာပေလိမ့်မည်။ သောက်ကျိုးနည်း သိုင်း … ချီးမှ မသင်ပေ။
.............
ရှမ့်လန်သည် အိပ်ရာကြီးတစ်ခုပေါ်တွင် အသာလဲလျောင်းလိုက်၏။ နုကျင်းစီရင်စု၏ အရာရှိနန်းဆောင်သည် စီရင်စု၏ အကောင်းဆုံးသော တည်နေရာတစ်ခုဖြစ်ပြီး ခမ်းနားလွန်းသည့် အရာများဖြင့် ဖန်တီး တည်ဆောက်ထား၏။ ကမ္ဘာမြေ၏ ကြယ်ငါးပွင်ဟိုတယ်နှင့်ပင် နှိုင်းယှဉ်၍ရနိုင်၏။ အိပ်ရာသည် အကောင်းဆုံး ဖြစ်၏။ စောင်ကလည်း အကောင်းဆုံးဖြစ်၏။ အသုံးပြုထားသည့် ခွေးခြေခုံပင်လျှင် မနော်ဟရီအသားဖြင့် ပြုလုပ်ထား၏။ ရွှမ်ဝူအိမ်တော်ထက်ပင် ပိုမိုကာ ခမ်းနားကောင်းမွန်လွန်းနေ၏။
ကံကောင်းစွာဖြင့် ယနေ့တွင် အဆင့်မြင့် အရာရှိကြီး တစ်ဦးဦး လာရောက်တည်းခိုခြင်း မရှိချေ။ မဟုတ်ပါက ရှမ့်လန်သည် ဤနေရာတွင် နေထိုင်ဖို့ မဖြစ်နိုင်ချေ။ ဓားဘုရင်သည် သက်တော်စောင့် အဖြစ်ဖြင့် အပြင်ဘက်တွင် ရှိနေသောကြောင့် ရှမ့်လန်သည် ကောင်းကောင်းမွန်မွန်နှင့် အိပ်စက်နိုင်စွမ်းရှိနေသည်။
သို့ပေမည့် ရှမ့်လန်တစ်ယောက် နှစ်နာရီခန့် အိပ်ပျော်ပြီးသည့်နောက် ပြန်လည်နိုးထလာခဲ့၏။ အဘယ့်ကြောင့်ဆိုသော် တစ်စုံတစ်ယောက်သည် သူ့ကို နှောင့်ယှက်နေသောကြောင့်ပင်။ တစ်ဖက်လူများ သည် သူတို့ကို မောင်းထုတ်ချင်ခြင်းပင် ဖြစ်၏။ တကယ်ကို အရှက်ခွဲနေခြင်းပင်။
ချမ်းသာပြီး အားကောင်းလွန်းသည့် တော်ဝင်မျိုးနွယ်တစ်စုသည် ဤအရာရှိရိပ်သာထဲသို့ ဝင်လာခဲ့ကြ၏။ ကျူးကလန်၊ တတိယမင်းသား စသည့် ဘွဲ့ထူးများကို ပိုင်ဆိုင်သည့် အဖွဲ့အစည်းမှ ဖြစ်သည်။ “ဘယ်လိုခွေးတွေ၊ ကြောင်တွေက ဒီလိုနေရာမှာ လာနေနေရတာလဲ။ ကျန်းချုံး ဘာတွေလုပ်နေတာလဲ။ ဒီလိုအကောင်းဆုံးခြံဝန်းမှာ ဘယ်သူနေနေတာလဲ”
ရှမ့်လန်သည် အမျိုးသမီးတစ်ယောက်၏ အသံကို ကြားလိုက်၏။ ထိုအမျိုးသမီး၏အသံသည် ကြားလိုက်ရုံနှင့်ပင် မောက်မာလွန်းတာ သိသာ၏။
“ဘာ.. ရှမ့်လန် သမက်တော်လေးတစ်ယောက် ဟုတ်လား။ ဘယ်လိုဖြစ်ပြီးတော့ ဒီလိုအကောင်းဆုံးခန်းမှာ နေထိုင်ဖို့ သူက အရည်အချင်း ပြည့်မီနေတာလဲ။ ကျွန်မ ရွှယ်လီက ရွှမ်ဝူအိမ်တော်ကို တစ်ချက်ကလေးမှ ဂရုစိုက်တာမဟုတ်ဘူး။ သမက်တော်ဆိုရင် ပိုတောင်ဆိုးသေးတယ်။ သူက ခွေးလိုကြောင်လို လူမျိုးတွေပဲ။ ကျင်းမိသားစုရဲ့ သမက်တော် ဖြစ်လာပြီးကတည်းက သူ့ကိုယ်သူ တကယ့် ဆရာကြီးတစ်ယောက်လို ထင်နေတာလား။ ခွေးက ခွေးပဲလေ”
ဟုတ်ပေ၏။ ဤအမျိုးသမီးသည် ရွှမ်ဝူအိမ်တော်ဆီသို့ ရောက်ရှိလာခဲ့ပြီး စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့သည့် ရွှယ်လီပင် ဖြစ်လေ၏။ သူမသည် ရွှမ်ဝူအိမ်တော်သို့ တစ်ယောက်တည်း ဝင်ရောက်ခဲ့သည် ဆိုသော်လည်း သူမကို ကာကွယ်ပေးနေသည့် မြင်းသည်တော် ၁၀၀ ကျော် ရှိ၏။ ထိုပမာဏသည် ရှမ့်လန် အတွက်တော့ အလွန်ပင်များပြားသည့် လူဦးရေဖြစ်၏။
ပြီးနောက် ရွှယ်လီ၏ အသံက အပြင်ဘက်ဆီမှ ထွက်ပေါ်လာခဲ့သည်။ “တစ်ယောက်ယောက်သွား.. ရှမ့်လန်ကို အပြင်ဘက်ကို ဆွဲထုတ်ခဲ့စမ်း။ ပြီးရင် အပြင်ကို နှင်ထုတ်လိုက်”
ရန်သူများသည် ကျဉ်းမြောင်းသည့်လမ်းတွင် တွေ့ဆုံရသည်ဆိုသည့် စကားပုံ တည်ရှိသည် မဟုတ်ပါလား။
ရှမ့်လန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုက ဖြစ်တည်လာခဲ့၏။ “အင်း ဒီနေ့ သင်ခန်းစာ ကောင်းကောင်းမွန်မွန် မပေးဘူးဆိုရင် ငါ့ကို ညံ့ဖျင်းတယ်လို့ ထင်တော့မယ်”
…….
ရွှယ်လီ ကဲ့သို့သော မိန်းကလေးကို သူ မည်သို့ လက်စားချေရမည်နည်း။ ပထမဦးဆုံး သူမကို မုဒိမ်းကျင့်ဖို့ ဆိုသည်မှာ မဖြစ်နိုင်ချေ။ အကျိုးဆက်က ပြင်းထန်လွန်းပေလိမ့်မည်။ ထို့အတူ သူမကို သတ်ဖြတ်ပစ်၍လည်း မဖြစ်နိုင်ချေ။ သူမကို ကာလသား ရောဂါ ကူးစက်စေရန် ပြုလုပ်ရမည်လား။ မဖြစ်နိုင်ပေ။
အနည်းဆုံး သူမနှင့် ရွှမ်ဝူအိမ်တော်၏ကြားတွင် သေမျိုးရန်သူများ မဟုတ်သောကြောင့် သူမကို ထိုကဲ့သို့ ပိုးစိုးပက်စက်ဖြင့် ပြုလုပ်၍ မရနိုင်သလို သူမကလည်း များပြားလွန်းသည့် လုံခြုံရေးများကို ခေါ်ဆောင်ကာဖြင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။
ထို့အတူ ဤမိန်းကလေးသည် သေဆုံးရန်အတွက် ထိုက်တန်သေးသည် မဟုတ်ချေ။ ထို့အပြင် သူမသည် မိဖုရားကျူး၏ မွေးစားသမီးလည်း ဖြစ်၏။ သူမသာ သေဆုံးသွားမည်ဆိုလျှင် ရွှမ်ဝူအိမ်တော် အနေနှင့် အကျိုးဆက်ကို တာဝန်ယူနိုင်လိမ့်မည် မဟုတ်ချေ။
သို့ပေမည့် လက်စားချေရန်တော့ လိုအပ်နေသေး၏။ သူမကို ဆိုးဆိုးရွားရွား ပြုလုပ်ရမည်။ ထို့အပြင် သေဆုံးသည်ထက် ပိုမိုကာ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အခြေအနေမျိုးကိုလည်း ဖြတ်သန်းစေ ရပေလိမ့်မည်။
သို့ပေမည့် သူမအသက်ကလည်း အန္တရာယ် ရှိ၍ မဖြစ်နိုင်ချေ။ ထို့အပြင် ဖုံးကွယ်မှုများနှင့် ပြည့်နှက်နေသည့် ဒုက္ခလည်း ဖြစ်ရပေလိမ့်မည်။ လူသိရှင်ကြား ထုတ်ဖော် ပြောဆို၍မရသလို မည်သူ့ကိုမှလည်း အသိပေး၍ မရသည့် အရာမျိုး ဖြစ်ပေလိမ့်မည်။
မကြာမီမှာပင် ရှမ့်လန်က အကြံအစည်တစ်ခုကို ရခဲ့၏။ သူသည် မနေနိုင်ဘဲ မေးမြန်းလိုက်မိသည်။ “အင်း.. ဒီလိုဆိုရင် အရမ်းကြီးများ ကြမ်းတမ်းသွားမလား”
ထိုအချိန်မှာတော့ ရွှယ်လီသည် ခြံဝင်း၏အထဲသို့ လျှောက်ဝင်လာခဲ့ပြီး ရှမ့်လန်ကို လှမ်းကာ ကြည့်ရှုလိုက်၏။
တစ်ချက်ကြည့်လိုက်သည်နှင့် ရှမ့်လန်သည် အလွန်အမင်း စိတ်တိုသွားမိ၏။ အဘယ်ကြောင့်ဆိုသော် သူ့ကို ပုရွက်ဆိတ်လေးတစ်ကောင်အား ကြည့်ရှုနေသကဲ့သို့ လာရောက်ကာ ကြည့်ရှုနေသောကြောင့်ပင်။
ချီးတဲ့မှ... ကျုပ်ရှမ့်လန်ဟာ အရမ်းကို ချောမောတယ်လေ။ ဘယ်လိုဖြစ်ပြီး ဒီလိုကြည့်ရဲရတာလဲ။ တခြား တော်ဝင်အမျိုးသမီးတွေတောင်မှ ကျုပ်က သမက်တော်တစ်ယောက်မို့ ဂုဏ်သိက္ခာနိမ့်ပါးလှတယ်ဆိုရင်တောင် မြင်လိုက်တာနဲ့ စိတ်လှုပ်ရှားမှုကို ခံစားကြရတယ်။ သူတို့ရဲ့ နှလုံးခုန်သံက ယုန်လေးတွေ ဖြတ်ပြေးသွားသလိုပဲ တဒုံးဒုံးနဲ့ ခုန်နေတာ။ မျက်နှာတစ်ခုလုံးကလည်း ရှက်သွေးဖြန်းသွားခဲ့တယ်။ အခု ခင်ဗျားကို ကြည့်ရတာ။ … မတုန်မလှုပ်နဲ့ အထင်သေးတဲ့ ပုံစံမျိုးပါလား။
ပြီးတော့ ဒီအမျိုးသမီးဟာ ကျိန်းသေပေါက် ချစ်သူရည်းစား ရှိတဲ့ပုံပေါ်တယ်။ ပြီးတော့ သူမကိုယ်သူမထက် ပိုပြီးတော့ ချစ်မြတ်နိုးရတဲ့သူမျိုးပေါ့။ ဒီလိုမျိုး အချစ်မျိုးက ငါ့လို ချောမောတဲ့လူတစ်ယောက်ကိုတောင်မှ အမြင်ကွယ်သွားစေတယ်။
“ရှင်က ရှမ့်လန်လား” ရွှယ်လီက မေးမြန်းလိုက်၏။
ရှမ့်လန်သည် ဦးခေါင်းညိတ်ကာ ပြောလိုက်သည်။ “တွေ့ရတာ ဝမ်းသာပါတယ် မိန်းကလေးရွှယ်”
“ဒီလိုမလုပ်နဲ့”
ရွှယ်လီက ပြောလိုက်၏။ “ရှင်က သမက်တော်တစ်ယောက်ပဲ။ ရှင့်ရဲ့ဂုဏ်သိက္ခာက ကျေးကျွန်ထက်တောင် နည်းနည်းလေးပိုပြီး နိမ့်ပါးသေးတယ်။ ဒီတော့ ရှင်မှာ ကျွန်မကို ဒီလိုဦးညွှတ်ပြီးတော့ အရိုအသေ ပေးဖို့အတွက် အခွင့်အရေး မရှိဘူး”
ပြီးနောက် ရွှယ်လီသည် လက်ကိုင်ပုဝါတစ်ခုကို အသာထုတ်ကာဖြင့် သူမ၏ မျက်နှာတစ်ဝက်ကို ဖုံးကွယ်လိုက်၏။ “မျက်လုံးကို အသာနိမ့်ချထားစမ်း။ ရှင့်ရဲ့ဂုဏ်သိက္ခာအရ ကျွန်မကို ဒီလိုကြည့်ဖို့ အခွင့်အရေး မရှိဘူး”
ဤအချိန်မှာတော့ ရှမ့်လန်သည် အနည်းငယ် ဆွံ့အသွားခဲ့၏။ ဤကဲ့သို့ မောက်မာပြီး ဆိုးသွမ်းလွန်းသည့် မိန်းမတစ်ယောက် ဖြစ်နေသည်လား။ ရှားရှားပါးပါးပင်။
“ကျွန်မ ရှင့်နာမည်ကို အကြိမ်ပေါင်းများစွာ ကြားဖူးတယ်။ ရှင့်ကို အံ့အားသင့်စရာကောင်းတဲ့ လူတစ်ယောက်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ အခု တွေ့တဲ့အချိန်မှာတော့ တကယ်ပဲ စိတ်ပျက်စရာကောင်းတယ်”
ရွှယ်လီသည် အထင်အမြင်သေးစွာဖြင့် ပြောလိုက်၏။
“ရှင်က ဘာမှ ကောင်းမွန်တာမျိုး မရှိတဲ့ ယောက်ျား ဖာသည်လို လူမျိုးပဲလေ။ ရှင့်ရဲ့ အသားအရေကို ကြည့်။ ပြီးတော့ ရှင့်ရဲ့ အသက်ရှုနှုန်းကို နားထောင်ကြည့်ရတာ။ ဘာသိုင်းပညာမှလည်း တတ်မဲ့ပုံမပေါ်ဘူး။ ရှင်က တကယ့်ကို အမှိုက်တစ်စဖြစ်နေမှာတောင် စိုးရတယ်။ ကျင်းမူလန်ကတော့ သွားပြီပဲ။ တကယ့်ထိပ်တန်း ပါရမီရှင်ကို ငြင်းပယ်ပြီးတော့ ရှင့်လိုအမှိုက်မျိုးကို ကောက်ယူခဲ့တာပဲ”
ချီးတဲ့မှ။
ဤအမျိုးသမီး၏ ပါးစပ်သည် အဆိပ်ကဲ့သို့ပင် ဖြစ်၏။ သူ့ထက်ပင် ပိုမိုကာ အဆိပ် ပြင်းလို့နေသေး၏။