အခန်း (၁၇၉)
Vol. 13 Ch. 179
နောက်တစ်ရက်အတွင်းမှာပင် ကျင်းဟိုင်မြို့စားကြီး ဆက်ခံသူ ထန်ယွင်သည် ရွှမ်ဝူအိမ်တော်ဆီသို့ ရောက်ရှိ လာခဲ့၏။ “ရွှမ်ဝူ... ကျုပ်မိသားစုက ကျင်းချန်ကျွန်းကို ပေးပါ့မယ်။ စာချုပ်စာတမ်းအရ အကုန်လုံး လွှဲပြောင်းပေးမှာပါ။ ရွှမ်ဝူ... ကျေးဇူးပြုပြီးတော့ လာကြည့်ပါအုံး”
ရှမ့်လန်က ပျော်ရွှင်သွားမိသည်။ “ကျင်းဟိုင်မြို့စားကြီးက တကယ်ကို ယုံကြည်ရတဲ့လူတစ်ယောက်ပဲ”
ပြီးနောက် ရွှမ်ဝူသည် သူ၏စစ်သည်တော် ၂၀၀၀ ခန့်ကို ခေါ်ပြီး စိတ်လှုပ်ရှားစွာဖြင့် လိုက်ပါသွား ခဲ့လေ၏။ သူသည် မိုင်းတွင်းလုပ်သား ၂၀၀၊ သတ္ထုတွင်းသမား ၈၀၀ လောက်ကို ခေါ်ဆောင်သွားခဲ့၏။
ကျင်းဟိုင်မြို့စားကြီး၏ ဆက်ခံသူ ထန်ယွင်သည် သူနှင့်အတူ ကိုယ်တိုင်ကိုယ်ကျ လိုက်ပါလာခဲ့၏။ လမ်းတစ်လျှောက်မှာတော့ ရှမ့်လန်သည် ဆက်ခံသူ ထန်ယွင်နှင့် အလွန်ရင်းနှီးစွာ ပြောဆိုဆက်ဆံလျက်ရှိသည်။
“ဆက်ခံသူထန်ယွင်.. ခင်ဗျားရဲ့အဖေက ဒီလောက် ဉာဏ်ကောင်းပြီး ပညာရှိလိမ့်မယ်လို့ ကျုပ် မထင်မိခဲ့ဘူး။ ကြည့်ရတာ လောကမှာရှိတဲ့ သူရဲကောင်းတွေကို ကျုပ် အထင်အမြင်သေးခဲ့မိပြီနဲ့ တူတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ တုန်းက ကျုပ်တို့ ကျင်းမိသားစုနဲ့ ထန်မိသားစုက ပေါင်းသင်းဆက်ဆံရေး ကောင်းခဲ့တယ်။ ကျုပ်တို့ကြားထဲမှာ နားလည်မှုလွဲတာတချို့ ရှိခဲ့မှာပေါ့။ ဒီလို နားလည်မှုလွဲတဲ့ အကြောင်းအရာတွေကိုလည်း ဖြေရှင်းပြီးသွားပြီဆိုတော့ ဒီအချိန်မှာ အားလုံးကို သင်ပုန်းချေရမယ့်အချိန်ပဲ”
ရှမ့်လန်၏စကားကို ကြားသည့်အချိန်မှာတော့ ထန်ယွင်သည် နှလုံးသားထဲတွင်တော့ နှာခေါင်းရှုံ့မိ၏။ သို့ပေမည့် သဘောတူညီစွာဖြင့် ခေါင်းသာညိတ်ပြလိုက်၏။
ရှမ့်လန်က ပြောလိုက်၏။ “အခု မူဝါဒအသစ်ရဲ့ အလှည့်အပြောင်းက အရမ်းကို များတယ်။ ကျုပ်တို့ မိသားစုနှစ်ခုလုံးက တော်ဝင်မိသားစုတွေပဲ မဟုတ်လား။ ကျုပ်တို့ အတူတူ စုစုစည်းစည်းနဲ့ နေထိုင်မယ် ဆိုရင် ကောင်းမွန်တဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေကို လုပ်လို့ရပြီး ညီရင်းအစ်ကိုတွေလို ဖြစ်လို့ရတယ်။ ဘယ်လိုလဲ”
ထန်ယွင်က ပြောလိုက်သည်။ “အစ်ကိုရှမ့်.. ပြောတာ မှန်ပါတယ်”
ရှမ့်လန်က ပြောလိုက်၏။ “အင်း .... အစ်ကိုထန်ဆီမှာ အသက် ၁၆ နှစ်ပဲ ရှိသေးတဲ့ ညီမတစ်ယောက် ရှိတယ်လို့ ကျုပ်ကြားခဲ့တယ်။ သူက ပညာတတ်ပြီး လှပတယ်ဆို။ ကျုပ်ရဲ့မိသားစုရဲ့ ဆက်ခံသူ ကျင်းမူကုန်း ကလည်း မစေ့စပ်ရသေးဘူးလေ။ ဒီတော့ ကျုပ်တို့ မိသားစုနှစ်ခု ဆက်စပ်တဲ့အနေနဲ့ သူတို့ကို လက်ထပ် ပေးလိုက်ရင် မကောင်းဘူးလား”
ထန်ယွင်က ပြောလိုက်သည်။ “ကျင်းမူကုန်းက စေ့စပ်ပြီးသား မဟုတ်ဘူးလား”
ရှမ့်လန်က ပြောလိုက်၏။ “ဒါကို ဖျက်သိမ်းလိုက်ပါပြီ”
ထန်ယွင်သည် ပိုမို၍ သဘောကျသွားမိ၏။ ဝူအန်းမြို့စားကြီးသည် နောက်ဆုံးအချိန်၌ ရွှမ်ဝူအိမ်တော်နှင့် ဆက်ဆံနေမှုကို ဖျက်ဆီးလိုက်ပြီ ဖြစ်၏။ ကျင်းမိသားစုသည် အားလုံးသောသူတို့က အောက်သို့ ကန်ချချင်သည့် အခြေအနေအဖြစ်သို့ ရောက်ရှိနေခဲ့၏။ အောက်သို့ကျသွားသည်နှင့် မပြီးသေးချေ။ အားလုံးသောသူတို့က ထပ်မံကာ နင်းလျှောက်သွားရန် စီစဉ်လျက် ရှိနေသေးသည်။
“ဒီကိစ္စက ကိစ္စကြီးပဲလေ။ ကျုပ် ဆုံးဖြတ်လို့မဖြစ်ဘူး။ ဒါပေမဲ့ ပြန်သွားပြီဆိုရင် အဖေ့ကို သတင်းပို့ပေး လိုက်ပါ့မယ်”
ထန်ယွင်က ပြောလိုက်၏။ “ဒါပေမဲ့ ကျုပ်အဖေက ဒီကိစ္စကို အလေးအနက် စဉ်းစားလိမ့်မယ်လို့ ကျုပ်ယုံကြည်မိတယ်”
ရှမ့်လန်က ပြောလိုက်သည်။ “ကောင်းပြီ။ ကောင်းတာပေါ့။ အင်း ကျုပ်တို့မိသားစုနှစ်ခု လက်ထပ်ပွဲ ဆင်နွှဲပြီးတော့ ညီရင်းအစ်ကိုတွေ၊ အမျိုးအဆွေတွေလို ဖြစ်သွားဖို့ ကျုပ်မျှော်လင့်နေမိတယ်”
ထိုအချိန်မှာတော့ ကျင်းဟွေ့က လာရောက်ကာ ပြော၏။ “သခင်လေး ကျင်းချန်ကျွန်းကို ရောက်ပါတော့မယ်”
သူတို့၏ ရှေ့မှာတော့ ကျင်းချန်ကျွန်း၏ သင်္ဘောဆိပ်ကမ်းက တည်ရှိနေ၏။ ထိုအရာသည် သတ္ထုမိုင်းတွင်း များကို သယ်ယူပို့ဆောင်ရန် အသုံးပြုသည့် သင်္ဘောဆိပ်ကမ်းလည်း ဖြစ်၏။ ရွှမ်ဝူအိမ်တော်၏ ရွက်သင်္ဘောသည် ထိုနေရာတွင် စီတန်းကာ ရပ်တန့်ပြီးနောက် ကျင်းချန်ကျွန်းထဲသို့ ဆင်းသက်ရန် ပြင်ဆင်လိုက်သည်။
“ဒီမှာရှိတဲ့ အလုပ်သမားတွေ အကုန်လုံး ဆင်းသက်ဖို့ အဆင်သင့် ပြင်ထားကြတော့။ ကျုပ်တို့ ဒီမိုင်းတွင်းတွေ၊ သတ္ထုရိုင်းတွေ အကုန်လုံးကို တရားဝင် လွှဲပြောင်းရယူတော့မယ်” မြို့စားကြီးက အမိန့်ပေးလိုက်၏။
များပြားလွန်းသည့် ရွက်သင်္ဘောများသည် စတင်ကာဖြင့် ကမ်းကပ်လျက်ရှိနေ၏။ စစ်သည်တော် ၁၀၀ ကျော်ကလည်း ညီညီညာညာနှင့် ဆင်းသက်ခဲ့ပြီးသည့်နောက် တည်နေရာတစ်ခုလုံးကို ကာကွယ်ရန် အဆင်သင့် ဖြစ်လို့နေခဲ့၏။ မိုင်းအလုပ်သမားများ အားလုံးတို့သည် ကျွန်းပေါ်သို့ စတင်ကာ ဆင်းသက်ကြသည်။
သူတို့သည် သင်္ဘောဆိပ်ကမ်းကြီး အနီးအနားတွင် ရှိနေသည့် လုပ်ငန်းခွင်များထဲသို့ ဝင်ရောက်ကာ အလုပ်လုပ်ရန်ပင် ပြင်ဆင်နေခဲ့၏။
ကျင်းဟိုင်မြို့စားကြီး အိမ်တော်ဆီမှ ထန်ယွင်သည် အခွင့်အရေးကို ရယူပြီးသည့်နောက် ကျင်းချန်ကျွန်းဆီသို့ ဆင်းသက်လိုက်၏။ သို့ပေမည့် ထိုအချိန်မှာပင် စည်သံကြီးက ထွက်ပေါ်လာ၏။ များပြားလွန်းသည့် ပင်လယ်ဓားပြများသည် ကျင်းချန်ကျွန်း၏ အလုပ်ရုံများဆီသို့ ဆင်းသက်လာခဲ့ကြ၏။ ထိုသူတို့သည် တစ်ထောင်နီးပါးခန့် ရှိ၏။ အချိန်တိုအတွင်းမှာပဲ ရွှမ်ဝူအိမ်တော်၏ စစ်သည်တော် ၁၀၀ ကျော်၊ မိုင်းတွင်းသမား ၁၀၀ ကျော်နှင့် အလုပ်သမားပေါင်း ၁၀၀ ကျော်တို့သည် ပိတ်မိသွားခဲ့သည်။
ထိုအချိန်မှာပဲ လူတစ်ယောက်သည် အရှေ့ဆီသို့ တက်လာခဲ့၏။ ထိုသူသည် ရင်ဘတ်ဗလာဟင်းလင်း ဖြစ်ပြီး ကြီးမားလွန်းသည့် ဓားကြီးကို လက်ထဲ၌ ကိုင်ဆွဲလာခဲ့၏။ သူသည် ရွှမ်ဝူအိမ်တော်မှ စစ်သည်တော် တစ်ယောက်၏ အရှေ့ဆီသို့ လှမ်းတက်ပြီး ခုတ်ပိုင်းချ၏။ ချက်ချင်းဆိုသလိုပဲ ထိုစစ်သည်တော်သည် နှစ်ပိုင်း ပိုင်းပြတ်သွားခဲ့၏။
ထိုစစ်သည်တော်သည် လွန်ခဲ့သည့် လအနည်းငယ်ခန့်ကမှ စတင်ခေါ်ယူထားခဲ့ခြင်း ဖြစ်၏။ ရွှမ်ဝူ၏ မျက်နှာပေါ်ရှိ ကြွက်သားများသည်ပင် တဆတ်ဆတ်နှင့် တုန်ယင်သွားခဲ့သည်။
ဤသတ်ဖြတ်သူသည် ပင်လယ်ဓားပြ ချောင်ထျန်းဝေ၏ မွေးစားသားလည်း ဖြစ်၏။ နုရှောင့်မြို့၏ စတုတ္ထမြောက် အရေးအကြီးဆုံးသောလူ ချောင်ဟောင်ပင် ဖြစ်၏။
ရွှမ်ဝူနှင့် ရှမ့်လန်တို့သည် ထိုမြင်ကွင်းကို မြင်ရသည့်အချိန်မှာတော့ အလွန်တရာ စိုးရွံ့သွားခဲ့သည်။
“အစ်ကို ထန်ယွင် ... ဒါဘာလုပ်တာလဲ”
ရှမ့်လန်က အံ့အားသင့်စွာဖြင့် ပြောလိုက်၏။ “ခင်ဗျားတို့မိသားစုက ရွှမ်ဝူအိမ်တော်ဆီကို ကျင်းချန်ကျွန်းကို လွှဲပြောင်းပေးပြီ မဟုတ်လား။ ဘယ်လိုဖြစ်ပြီးတော့ နုရှောင့်မြို့က ဓားပြတွေက ဒီမှာ ရှိနေရတာလဲ”
ကျွန်းပေါ်သို့ ဆင်းသက်နှင့်နေပြီဖြစ်သော ထန်ယွင်သည် အပြစ်ကင်းစင်စွာဖြင့် ပြောလိုက်သည်။ “ကျုပ်လည်း မသိဘူးလေ။ ဒီကျွန်းနဲ့ ပတ်သက်ပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ကျုပ်တို့ လွန်ခဲ့တဲ့ သုံးရက်တည်းက ဒီကနေ ခွာထားခဲ့တာ။ ဒီနေရာကို ပင်လယ်ဓားပြ ချောင်ထျန်းဝေ ရောက်နေလိမ့်မယ်လို့ ကျုပ်ဘယ်ထင်ပါ့မလဲ”
ဆက်ခံသူ ထန်ယွင်သည် ကျယ်လောင်စွာ ပြောလိုက်၏။ “နုရှောင့်မြို့က ပင်လယ်ဓားပြတွေ.. ကျုပ်ပြောတာကို နားထောင်အုံး။ ထန်မိသားစုက ဒီမှာရှိတဲ့ ကျွန်းကြီးတစ်ခုလုံးကို ကျင်းမိသားစုကို လွှဲပြောင်းပေးလိုက်ပြီ။ အခုဒါက ကျင်းမိသားစုရဲ့ ပိုင်ဆိုင်တာ ဖြစ်သွားပြီ။ ဒီတော့ ခင်ဗျားတို့ ထွက်သွားကြပါ”
“ဟား ဟား ဟား ဟား ဟား”
ပင်လယ်ဓားပြဘုရင်၏ မွေးစားသား ချောင်ဟောင်သည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ဟာသပဲ။ ပင်လယ်ဓားမြတွေက ထွေးပြီးသား တံတွေးတွေကို ဘယ်တော့မှ ပြန်မမျိုဘူး”
ရွှမ်ဝူကျင်းကျိုးသည် တုန်ယင်စွာဖြင့် ပြောဆိုလိုက်၏။ “ချောင်ထျန်းဝေ ထွက်လာခဲ့။ ကျုပ်စကားပြောမယ်”
ချောင်ဟောင်က ပြောလိုက်၏။ “မြို့စားကြီး ရွှမ်ဝူ.. လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက ကျုပ်အဖေနဲ့ ခင်ဗျားတို့ရဲ့ ဘိုးဘေးကြီးနဲ့ တိုက်ခိုက်ခဲ့ကြဖူးတယ်။ ဒီတုန်းက သူတောင်မှ ကျုပ်တို့အဖေကို ရဲရဲဝံ့ဝံ့ စကားမပြော ရဲခဲ့ဘူး။ ခင်ဗျားက ဘယ်လိုဖြစ်ပြီး စကားပြောမယ် လာပြောနေရတာလဲ”
ရှမ့်လန်က ပြောလိုက်သည်။ “မင်းဘာတွေ ပြောနေတာလဲ။ ငါ့ယောက္ခထီးကြီးက ရွှဲ့ပြည်နယ်ရဲ့ တော်ဝင် မျိုးနွယ်တစ်ယောက်ပဲ”
“ဟက်”
ပင်လယ်ဓားပြဘုရင်၏သား ချောင်ဟောင်သည် ကျယ်လောင်စွာ ရယ်မောလိုက်၏။ “လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက ကျင်းမိသားစုက ငါတို့ကြောင့် အကုန်လုံး သုတ်သင်ခြင်းကို ခံခဲ့ရတာ။ ဒီလိုမျိုး အမှိုက်မျိုးက ငါတို့ရဲ့ လေးစားမှုကို ရရှိဖို့ လိုအပ်တယ်ထင်လား။ မင်းနာမည်က ရှမ့်လန် မဟုတ်ဘူးလား”
ရှမ့်လန်က ပြောလိုက်၏။ “အင်း ဟုတ်တော့ ဘာဖြစ်လဲ”
ချောင်ဟောင်သည် သူ၏ ပေါင်ကို လက်ဝါးနှင့် ရိုက်ခတ်ဖြင့် နှစ်လိုဖွယ်ရာဖြင့် ရယ်မောလိုက်သည်။ “မင်းတို့ ရွှမ်ဝူအိမ်တော်က အစောကြီးတည်းက သေနေပြီ။ ရှမ့်လန်.. မင်းက ရုပ်လေးတော့ ချောသားပဲ။ ဒီလိုလုပ်၊ ငါ့ခြေထောက်ကားပေးထားမယ်။ ငါ့ခြေထောက်အောက်ကနေပြီးတော့ ဒူးထောက်ပြီး ဖြတ်သွား။ ဒါဆိုရင် မင်းကိုငါ ခွင့်လွှတ်ပေးမယ်။ အင်း.. မင်းငါ့ရဲ့ မယားငယ်လေးလုပ်ရင်လည်း မဆိုးပါဘူး။ ဘယ်လိုလဲ”
ရှမ့်လန်သည် ဒေါသအလွန်ထွက်သည့် အမူအရာ နှင့် ပြောဆိုလိုက်၏။ “ချောင်ဟောင်... မင်းက ပင်လယ်ဓားပြပဲ။ ကျင်းချန်ကျွန်းကို မင်းတို့ ပွင့်ပွင့်လင်းလင်း လာပြီး လုယူရဲတယ် ဟုတ်လား။ ရွှဲ့ပြည်နယ်နဲ့ ပြဿနာတက်ချင်တာလား။ မင်းတို့ ဘုရင်မင်းမြတ်ကို မကြောက်ဘူးလား”
“ဟား ဟား ဟား ဟား ဟား”
ချောင်ဟောင်က ပြောလိုက်သည်။ “မင်းတို့ ဘုရင်မင်းမြတ်က မင်းသေမှာကိုတောင် မစောင့်နိုင်တော့ဘူး ဖြစ်နေပြီ”
ပြီးနောက် သူသည် ကျယ်လောင်စွာ ရယ်မောလိုက်၏။ “ရွှမ်ဝူ ဦးရီးတော်... ကျင်းချန်ကျွန်းကို လိုချင်တယ် ဟုတ်လား။ ကောင်းပြီ၊ ကျုပ်နဲ့ လာတိုက်ခိုက်လေ။ ခင်ဗျားနိုင်မယ်ဆိုရင် ကျင်းချန်ကျွန်းကို ကျုပ်ပေးလိုက်မယ်”
ရွှမ်ဝူနှင့် ရှမ့်လန်တို့သည် များပြားလွန်းသည့် ကျွန်းပေါ်ရှိ ပင်လယ်ဓားပြများကို မြင်လိုက်ရ၏။ ထိုသူတို့သည် အနည်းဆုံး ၅၀၀၀ ကျော်ခန့် ရှိ၏။ ထို့ပြင် အစောကြီးတည်းက အကာအကွယ်အဖြစ် အစီအရီ နေရာယူထားပြီးသား ဖြစ်သည်။
ရွှမ်ဝူသည် ခြောက်ကပ်ကပ်ဖြင့် ပြောလိုက်၏။ “ချောင်ဟောင်... ကျုပ်ကိုကျုပ် နိမ့်ချပြီးတော့ မင်းနဲ့ လာပြီး တိုက်ခိုက်မှာ မဟုတ်ဘူး။ မင်း ချက်ချင်း ငါတို့မိသားစုရဲ့ စစ်သည်တော် ၁၀၀ ကျော်ကို ပြန်ပေး”
“ဟား ဟား ဟား ဟား ဟား”
ချောင်ဟောင်က ပြောလိုက်၏။ “ခင်ဗျားအိမ်မက်ထဲမှာပဲ ရလိမ့်မယ်။ စစ်သည်တော် ၁၀၀ ကျော်ကို ကျုပ်ယူလိုက်မယ်။ ဒီလူတွေ အကုန်လုံးကိုတော့ ဓားစာခံအဖြစ် ခေါ်ထားလိုက်မယ်။ ကျေးဇူးပဲ ရွှမ်ဝူ၊ ကျေးဇူးပဲ”
ရွှမ်ဝူသည် လက်ညှိုးထိုးကာဖြင့် ဒေါသကြီးစွာ ပြောလိုက်သည်။ “မင်း.. မင်း အရှက်မဲ့လိုက်တာ”
ထိုအချိန်မှာပဲ စစ်စည်သံကြီးသည် ပင်လယ်ပြင်ထက်တွင် ပေါ်ပေါက်လာခဲ့၏။ ရွက်သင်္ဘောများစွာသည် ပင်လယ်ပြင်၌ ပေါ်ပေါက်လာခဲ့၏။ ရွက်သင်္ဘောပေါင်း ၁၀၀ ကျော်တို့သည် ရွှမ်ဝူအိမ်တော်ဆီသို့ အပြင်းအထန်နှင့် ဦးတည်လာခဲ့၏။
ရှမ့်လန်က ထကာ အော်ဟစ်လိုက်သည်။ “ဒါ ပင်လယ်ဓားပြတွေရဲ့ ရွက်သင်္ဘောပဲ။ ဒါ ခြုံခို တိုက်ခိုက်တာပဲ။ ဒါ ထောင်ချောက်တွေပဲ။ ပြေး ပြေး”
ထိုအချိန်မှာတော့ ရွှမ်ဝူအိမ်တော်၏ ရွက်သင်္ဘောများသည် ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်၏။ သို့ပေမည့် မမြန်ဆန်ချေ။ ထို့ကြောင့် ပင်လယ်ဓားပြများက လိုက်မီမလို ဖြစ်လာ၏။
ရှမ့်လန်က အော်ဟစ်လိုက်သည်။ “အသုံးမဝင်တဲ့ ပစ္စည်းတွေအကုန်လုံးကို ပင်လယ်ထဲကို ပစ်ချခဲ့ကြ”
ချက်ချင်းပဲ ရေထဲသို့ များပြားသည့် ပစ္စည်းပစ္စယအားလုံးတို့ကို ပင်လယ်ထဲသို့ ပစ်ချကြ၏။ ထိုသို့နှင့်ပင် ရွှမ်ဝူအိမ်တော်၏ ရွက်သင်္ဘောများသည် ပေါ့ပါးသွားကာဖြင့် နုရှောင့်မြို့မှ ရွက်သင်္ဘောများ၏ လက်ဆီမှ လွတ်မြောက်သွားခဲ့၏။ ဆုံးရှုံးမှုက ကြီးမားလွန်းလှချေသည်။
ရွှမ်ဝူသည် ရွက်သင်္ဘော၏ထိပ်တွင် မတ်မတ်ရပ်ပြီးနောက် ကျင်းချန်ကျွန်းကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်၏။ “ငါမုန်းတယ်။ ငါမုန်းတယ် ချောင်ထျန်းဝေ။ မင်းစောင့်နေ။ ငါဘုရင်မင်းမြတ်ကို ပြန်ပြီး သတင်းပို့မယ်။ ဘုရင်မင်းမြတ်ဆီက စစ်သည်တွေ ပြန်ခေါ်လာပြီး မင်းကို တိုက်ခိုက်မယ်”
ထိုအချိန်မှာတော့ ရွှမ်ဝူအိမ်တော်၏ စစ်သည်ပေါင်း ၁၀၀ ကျော်၊ အလုပ်သမားပေါင်း ရာချီတို့သည် ကျင်းချန်ကျွန်းထဲတွင် ပိတ်မိ ကျန်ရစ်ခဲ့ကြ၏။ ထိုသူတို့အားလုံးသည် အကျဉ်းသားများကဲ့သို့ပင် ဒူးထောက် လက်ကို ခေါင်းပေါ်တင်ကာဖြင့် အဖမ်းခံထားရသည်။
“ကျုပ်တို့ အလုပ်သမားတွေ လိုနေတာနဲ့ ကွက်တိပဲ။ ရွှမ်ဝူ... ဒီလို အရေးကြီးတဲ့ အလုပ်သမားတွေကို ပို့ပေးလိုက်တဲ့အတွက် ကျေးဇူးပဲ” ချောင်ဟောင်သည် အားရပါးရ ရယ်မောလိုက်၏။
ရွှမ်ဝူသည် မည်သို့မှ သည်းမခံနိုင်တော့ချေ။ သွေးများပင် အန်ထွက်လာခဲ့၏။ ပြီးနောက် မေ့မြောသွား ခဲ့သည်။
အစမှအဆုံးအထိ ပင်လယ်ဓားပြ ချောင်ထျန်းဝေက ပေါ်ပေါက်မလာခဲ့ချေ။ သူ့၏ မွေးစားသား ချောင်ဟောင်ကသာလျှင် တာဝန်ယူ ပြုလုပ်သွားခဲ့ခြင်းဖြစ်သည်။ ချောင်ဟောင်သည် ကျွန်းပေါ်ရှိ အလွန် သပ်ရပ်ပြီး လှပစွာ တည်ဆောက်ထားသည့် အိမ်ဆီသို့ လှမ်းလျှောက်သွားခဲ့၏။
ထိုအချိန်မှာပင် အလွန်လှပသည့် မိန်းကလေးတစ်ယောက် အိမ်ထဲမှ ထွက်လျှောက်လာခဲ့၏။ သူမသည် ကျန်းချွင်းဟွာပင် ဖြစ်သည်။
ချောင်ဟောင်က ပြောလိုက်၏။ “သခင်မလေးကျန်း.. ဘယ်လိုလဲ။ ရွှမ်ဝူအိမ်တော်က တစ်ချက်ကလေး တောင်မှ မခုခံနိုင်ခဲ့ဘူးလေ။ ပြေးတာမှ အမြီးကို ကုတ်လို့”
...............
ရွက်သင်္ဘော၏ အတွင်းဘက်မှာတော့ ရွှမ်ဝူသည် ပါးစပ်ထဲတွင် ရှိနေသည့် သွေးများကို အသာ သုတ်လိုက်၏။ သူသည် သွေးအန်ရန်အလို့ငှာ သူ၏လျှာကို အနည်းငယ် ကိုက်ခဲ့ရ၏။ သူသည် ကြက်သွေး ၊ ဘဲသွေးများကို အသုံးပြုချင်စိတ် မရှိချေ။ ရွံရှာသောကြောင့်ပင်။
ရှမ့်လန်က ပြောလိုက်သည်။ “အဖေ.. သရုပ်ဆောင်ကောင်းလာပြီ”
ရွှမ်ဝူသည် အကူညီမဲ့စွာဖြင့် ခေါင်းကို ခါရမ်းလိုက်၏။ သူသည် သရုပ်ဆောင်ရခြင်းကို တကယ်ပင် မုန်းတီး၏။ “လန်အား.. ငါတို့ သရုပ်ဆောင်တာထက် ကုန်ကျစရိတ်က မများဘူးလား။ လောလောဆယ် လူအင်အားပေါင်း ၃၀၀ ကျော်၊ သတ္တုတွင်းလုပ်သားက ၇၀၀ ကျော်၊ လုပ်ငန်းကျွမ်းကျင်သူ ၁၀၀ ကျော်တောင်မှ သူတို့ရဲ့ ဓားစားခံတွေ ဖြစ်ကုန်ပြီ”
ရှမ့်လန်က ပြောလိုက်သည်။ “အင်း.. ဝံပုလွေသားရဲတွင်းထဲက ဝံပုလွေတွေကို မြှားခေါ်ဖို့အတွက်ဆိုရင်တော့ ကြိမ်းသေပေါက် ပေးဆပ်ရတဲ့အရာတွေ ရှိမှာပေါ့။ ပြီးတော့ ကျုပ်တို့ ကျင်းမိသားစုက ဒီလောက်နဲ့ ဆိုးဝါးသွားတာ မဟုတ်ပါဘူး။ ဒီလိုအစီအမံ ပြုလုပ်မှ ယုတ္တိတန်မှာပေါ့။ နောက်ထပ် မဟာဗျူဟာတစ်ခုကို ကျုပ်တို့ ဆက်ပြီးလုပ်ရအုံးမယ် မဟုတ်လား။ ဒီလောက်ကတော့ ထိုက်တန်ပါတယ်”
ထို့အပြင် ဤလူများသည် အကျဉ်းသားများ ဖြစ်သွားခြင်းသာ။ အများဆုံး တစ်လနီးပါးခန့် ပင်ပင်ပန်းပန်း အလုပ်ကြိုးစားလုပ်ရန်သာလျှင် ရှိ၏။ သူတို့၏အသက်များသည် အန္တရာယ်ဖြစ်လိမ့်မည် မဟုတ်ချေ။
ရှမ့်လန်က ပြောလိုက်၏။ “အဖေ.. ဘာပဲဖြစ်ဖြစ် သွေးတောင်အန်ခဲ့ပြီးပြီလေ။ ဆက်ပြီးတော့ သရုပ်ဆောင်ကြရအောင်။ ဘုရင်မင်းမြတ်ဆီကို စာရေးပြီးတော့ စစ်သည်တွေ စေလွှတ်ပေးဖို့ တိုင်တန်း တောင်းဆိုရမယ်”
မြို့စားကြီးကျင်းကျိုးက ပြောလိုက်သည်။ “ဒီကိစ္စ အဆင်ပြေပြေ ဖြစ်ပါ့မလား”
ရှမ့်လန်က ပြောလိုက်၏။ “အင်း၊ ဘာပဲဖြစ်ဖြစ် လုပ်သင့်တာတော့ လုပ်ရမှာပေါ့။ မပေးမှန်းတာ့ သိတာပေါ့။ တောင်းမှ ယုတ္တိတန်မှာပေါ့”
ရှမ့်လန်၏ မဟာဗျူဟာ ဒုတိယအဆင့်သည် အောင်မြင်သွားခဲ့ပြီ ဖြစ်၏။ ပင်လယ်ဓားပြ ချောင်ထျန်းဝေ၏ အင်အားစုများသည် ကျင်းချန်ကျွန်းတစ်ခုလုံးကို သိမ်းပိုက်ထားခဲ့ပြီးသား ဖြစ်၏။ ပို၍ အရေးကြီးမားသည်မှာ ကစားပွဲကို ရှေ့ဆီသို့ လှမ်းတိုးလိုက်ခြင်းပင်။
..............
သတင်းကောင်းဆိုလျှင် အပြင်ဘက်သို့ သွားလိမ့်မည် မဟုတ်ချေ။ သို့ပေမည့် သတင်းဆိုး ဆိုလျှင်တော့ မိုင်ထောင်နှင့်ချီသည့် အကွာအဝေးဆီသို့ ပျံ့နှံ့သွားတတ်သည်မှာ သဘာဝပင် ဖြစ်၏။ ပင်လယ်ဓားပြ ချောင်ထျန်းဝေသည် သူ၏စစ်သည်များကို စေလွှတ်၍ ကျင်းချန်ကျွန်းကို အပိုင်သိမ်းခဲ့၏။ ပြီးနောက် ရွှမ်ဝူအိမ်တော်၏ သီးသန့်စစ်တပ်ကို အနိုင်ယူရရှိခဲ့ပြီးနောက် ဤနေရာတစ်ခုလုံးကို သိမ်းပိုက်ထားခဲ့၏။ ရွှမ်ဝူပင်လျှင် လူသိရှင်ကြား သွေးအန်ထွက်ခဲ့၏။
ဤသတင်းသည် တကယ့်ကို ပျံ့နှံ့သွားခဲ့၏။ ရွှဲ့ပြည်နယ်တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားခဲ့ခြင်းပင် ဖြစ်၏။ လူအများအပြားတို့သည် လက်ဝှေ့ယမ်းကာဖြင့် အောင်ပွဲခံလျက်ရှိ၏။ ကျင်းမိသားစုသည် ဂုဏ်ယူဝံ့ကြွားစွာ နေထိုင်သည်မှာ မကြာမြင့်သေးချေ။ ကျင်းချန်ကျွန်းတိုက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး တစ်လပင် မကြာသေးချေ။ အရာအားလုံးကို ဆုံးရှုံးသွားရသည်။
ထို့ကြောင့် ဝမ်းနည်းခြင်းများသည် အဆုံးစွန်အထိ ပျော်ရွှင်ခြင်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ လက်ရှိအချိန်မှာတော့ သူတို့သည် ကျင်းချန်ကျွန်းကို ရှုံးနိမ့်ရုံသာမက လူဦးရေ ၁၀၀၀ ကျော်ခန့်လည်း ဖမ်းဆီးခြင်း ခံထားရ၏။ တကယ့်ကို ကြီးမားသည့် ထိခိုက်မှုမျိုးပင် ဖြစ်၏။ ကျင်းမိသားစုအနေနှင့် အစားအသောက်ပင် ကောင်းကောင်းစားနိုင်လိမ့်မည် မဟုတ်ချေ။ ကျေနပ်စရာ ကောင်းလွန်းလှ၏။
ကျင်းကျိုးသည် အိမ်သို့ ပြန်ရောက်ပြီးသည့်နောက် နာမကျန်းဖြစ်နေ၏။ စိတ်ထောင်းကိုယ်ကြေ နေခြင်းပင်။ သူသည် ဘုရင်မင်းမြတ်ဆီသို့ စာများ ရေးသားကာ တိုင်ကြားခဲ့၏။ ဘုရင်မင်းမြတ်အား စစ်သည်များ စေလွှတ်ပေးပါရန်လည်း တောင်းဆိုခဲ့သည်။
ဘုရင်မင်းမြတ်သည် တကယ်ပင် ဒေါသထွက်ခဲ့၏။ ထို့ကြောင့် ပင်လယ်ဓားပြ ချောင်ထျန်းဝေကို ချက်ချင်းဆိုသလိုပင် ကျင်းချန်ကျွန်းဆီမှ ထွက်ခွာသွားရန် အမိန့်ပေးခဲ့၏။ ထိုသို့မဟုတ်ပါက ဖြစ်လာမည့် အကျိုးဆက်ကို တာဝန်ယူရမည်ဖြစ်ကြောင်း အာဏာပြခဲ့၏။
သို့ပေမည့် ချောင်ထျန်းဝေသည် ဘုရင်မင်းမြတ်၏ အမိန့်ကို လျစ်လျူရှုထားခဲ့၏။ ဘုရင်မင်းမြတ်သည် ထပ်ခါတလဲလဲ အမိန့်စာများအား ကျင်းကျိုးဆီသို့ ပို့၏။ ထိုအမိန့်စာများအပြင် ကျင်းကျိုး၏ ရောဂါကို ကုသရန် သမားတော်များကို စေလွှတ်ပေးခြင်း၊ ဆေးများပေးပို့ခြင်း ထိုသို့ အထူးဂရုစိုက်ခဲ့သည်။
သို့ပေမည့် စစ်သည်များ စေလွှတ်ခြင်းနှင့် ပတ်သက်၍တော့ ဘုရင်မင်းမြတ်သည် တောင်ပိုင်းနိုင်ငံနှင့် စစ်ဖြစ်ပွားလျက်ရှိနေသောကြောင့် အချိန်မီ ပို့ဆောင်ရန် မဖြစ်နိုင်ကြောင်း တောင်းပန်ထားခဲ့၏။
သို့ပေမည့် ဘုရင်မင်းမြတ်သည် ရွှမ်ဝူအား မပူပန်ရန်လည်း ပြောဆိုခဲ့၏။ တောင်ပိုင်းနိုင်ငံတော်နှင့် စစ်ဖြစ်ပွားမှု ပြီးဆုံးသည်ဆိုပါက ချက်ချင်းစစ်သည်များကို စေလွှတ်ကာ ချောင်ထျန်းဝေကို တိုက်ခိုက်၍ ကျင်းချန်ကျွန်းကို ပြန်လည်ရယူပေးမည်ဟု အာမခံခဲ့သည်။
ရွှမ်ဝူသည် နောက်ထပ် တောင်းဆိုလွှာ အနည်းငယ်ကို ထပ်ကာ တင်ခဲ့၏။ နောက်ဆုံးမှာတော့ ဘုရင်မင်းမြတ် သည် မတုံ့ပြန်ခဲ့ချေ။
ရွှမ်ဝူအိမ်တော်အနေနှင့် ရွှဲ့ပြည်နယ်တစ်ခုလုံးတွင်တော့ အဖြစ်ဆိုးလွန်းသည့် တော်ဝင် မျိုးနွယ်အဖြစ်ပင် သမိုင်းမှတ်တမ်းတင်ခဲ့လေပြီ ဖြစ်၏။ ၎င်းတို့သည် လေတိုက်သည်နှင့် ငြိမ်းသက်သွားတော့မည့် မီးစာတိုင်ကဲ့သို့ပင်။
အားလုံးသောသူတို့၏ မျက်လုံးထဲတွင် ကျင်းမိသားစု၏ ဖျက်ဆီးခံရခြင်းသည် ရောက်ရှိလာခဲ့ပြီဖြစ်၏။ ကျင်းချန်ကျွန်းတိုက်ပွဲ၌ အနိုင်ရရှိခဲ့သည်ဆိုသော်လည်း အသက်ရှင်ရန် အခွင့်အရေးဟူ၍ ရှိတော့မည် မဟုတ်ချေ။