နာကျင်သွားသော ဝူကျန်းဝမ်
Vol. 59 Ch. 873
ဝူမင်း သတိပြန်ဝင်လာပြီး ထျန်းဝူဂိုဏ်းတပည့်ကို အကြောင်းအရင်းမေးရန် ရည်ရွယ်လျက် လျင်မြန်စွာ လှည့်လိုက်သည်။ သို့သော် သူနောက်သို့လှည့်ကြည့်သောအခါ ထျန်းဝူဂိုဏ်းတပည့်ကို ရှာမတွေ့တော့ပဲ ဝူမိသားစုမှ လူများသာ ရှိနေသည်။ ဝူမင်း၏ စိတ်များ ဗလာဖြစ်သွားသည်။ လူအ တစ်ယောက်ပင်လျှင် ယခုဘာဖြစ်နေသည်ကို နားလည်ပေလိမ့်မည်။
ဝူမင်း ကိုယ့်ကိုယ်ကို ခုခံကာကွယ်တော့မည်အပြုတွင် ရှနိုင်ငံတော် ကိုယ်ရံတော်တပ်မှူး၏ ကျယ်လောင်သောအသံ ထွက်ပေါ်လာသည်။
“အတင့်ရဲတဲ့ သစ္စာဖောက်။ နန်းတော်ကို ပုန်ကန်ဖို့ ကြံစည်ရဲတယ်။”
“နန်းတော်ကို ပုန်ကန်ဖို့ ကြံစည်သူတွေကို သနားညှာတာမှုမရှိပဲ သတ်ပစ်။”
ကိုယ်ရံတော်တပ်မှူး၏ အသံဆုံးသွားသည်နှင့် စစ်သားများသည် သူတို့၏သေနတ်များကို ပစ်ခတ်ရန် ပြင်ဆင်လိုက်ကြသည်။ ထိုအခိုက်တွင် ဝူမင်း ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
“ဟားဟားဟား....လုချန်း။ မင်းက ဝူမိသားစုကို ချမ်းသာပေးဖို့ ရည်ရွယ်ချက်မရှိဘူးဆိုတာ ငါအစကတည်းက သိခဲ့ပါတယ်။ မင်းက ရက်စက်တယ်။ တကယ်ကို ရက်စက်တယ်။ ငါ လေလွင့်တစ္ဆေတစ်ကောင် ဖြစ်သွားရင်တောင် မင်းကို ပြန်လာပြီး ခြောက်လှန့်ဦးမှာပဲ။”
ဝူမင်းတစ်ယောက် သူ၏ကံကြမ္မာကို သိရှိသွားပြီဖြစ်သည်။ သူဘာကိုမှ ဂရုမစိုက်တော့ချေ။ သူ၏အသံမှေးမှိန်သွားသည်နှင့် ကိုယ်ရံတော်တပ်မှူးက ပထမဆုံးတစ်ချက် ပစ်ခတ်လိုက်ပြီး ထို့နောက်တွင် စစ်သားအားလုံးက သူတို့၏ခလုတ်များကို ဆွဲလိုက်ကြသည်။
ကျည်ဆန်များသည် ဝူမိသားစုဝင်များကို ထိမှန်သွားပြီး မကြာမီမှာပင် အလောင်းများသွေးအိုင်များထဲတွင် ပြန့်ကျဲနေတော့သည်။ ဝူမင်းသည်လည်း ကျည်ဆန်များထိမှန်ကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့၏။ သူ၏မျက်လုံးများသည် သေဆုံးသည့်တိုင် မျက်စိမမှိတ်လိုသည့်အလား ပြူးကျယ်နေသည်။
အမှန်စင်စစ် သူသည် မျက်စိမှိတ်၍ သေဆုံးရန် အမှန်တကယ် ငြင်းဆန်ခဲ့သည်။ သူ ဧကရာဇ်ဖြစ်တော့မည်ဟု ပျော်ရွှင်စွာ တွေးတောနေခဲ့ရာမှ နန်းတော်အတွင်းသို့ ဝင်ရောက်သောအခါ ထောင်ချောက်ဆင်ခံရပြီးသေနတ်ဖြင့် ပစ်သတ်ခံလိုက်ရလိုက်ရသည်။ သူမည်သို့ အေးချမ်းစွာ အနားယူနိုင်မည်နည်း။
ကိုယ်ရံတော်တပ်၏ လုပ်ဆောင်မှုများအပြီး မကြာမီပင် ရန်ခရိုင်သည် ငြိမ်းချမ်းမှုကို ပြန်လည်ရရှိခဲ့သည်။ မျှားခေါ်ဆွဲထုတ်ယူခဲ့သော အင်အားစုများအားလုံး လုံးဝ ရှင်းလင်းဖယ်ရှားခံလိုက်ရသည်။
…..
အခြေအနေများ ဖြေရှင်းပြီးနောက် ဝူကျန်းဝမ် သူမ၏ အဆောင်သို့ ပြန်လာခဲ့သည်။ သူမပြန်ရောက်သည်နှင့် လီချင်ရို့လည်း ပြန်လည်ရောက်ရှိလာသည်။
လီချင်ရို့ကို မြင်သောအခါ ဝူကျန်းဝမ်က စိုးရိမ်တကြီး မေးလိုက်သည်။
“ချင်ရို့။ ပြဿနာတစ်ခုခု ရှိခဲ့သေးလား”
လီချင်ရို့က ခပ်ဖွဖွရယ်မောလျက် ပြန်ဖြေသည်။
“အိုမင်းနေတဲ့ အဘိုးကြီးနှစ်ယောက်ပဲလေ။ ဘာပြဿနာတွေများ ရှိနိုင်မှာလဲ။ ကောင်းကင်လူသား သုံးယောက် မပြောနဲ့ ။ ငါတစ်ယောက်တည်းတောင် သူတို့နှစ်ယောက်ကို ဖြေရှင်းဖို့ လုံလောက်ခဲ့မှာ။”
“အဲ့ဒီလူယုတ်မာက တရားမျှတတဲ့ အကြောင်းပြချက်တစ်ခုရဖို့အတွက် အခုမှ သူတို့ကို အရေးယူဖို့ ရွေးချယ်ခဲ့တာ။ သူသာ သူ့ရဲ့ဂုဏ်သတင်းကို ဂရုမစိုက်ပဲ အရေးယူချင်ခဲ့ရင် အဲ့ဒီဂိုဏ်းအင်အားစုတွေက အစောကြီးကတည်းက ရှင်းလင်းခံလိုက်ရမှာပဲ။”
ဤသို့ကြားသောအခါ ဝူကျန်းဝမ်သည် တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရသည်။
ထိုစဉ်မှာပင် အစေခံတစ်ဦး ထိတ်လန့်တကြားဖြင့် အဆောင်အတွင်းသို့ ပြေးဝင်လာသည်။
“သခင်မ။ မကောင်းတာတစ်ခု ဖြစ်သွားပါပြီ။”
ထိုအစေခံသည် ဝူကျန်းဝမ်၏ အစေခံဖြစ်သောကြောင့် ဝူကျန်းဝမ်သည် သူမ၏ သခင်မဖြစ်သည်။
အစေခံ၏စကားကိုကြားသောအခါ ဝူကျန်းဝမ်၏ စိတ်ထဲမှ နိမိတ်မကောင်းသလို ခံစားချက်လည်း ပိုမိုပြင်းထန်လာပြီး လျင်မြန်စွာ မေးလိုက်သည်။
“နွမ်းနွမ်း။ ဘာဖြစ်တာလဲ”
နွမ်းနွမ်းအမည်ရှိ ထိုအစေခံက ပြန်ဖြေလိုက်သည်။
“မင်းသားဝူမင်းက ဝူမိသားစုရဲ့ တစ်စိတ်တစ်ပိုင်းကို ဦးဆောင်ပြီး နန်းတော်ကို သိမ်းပိုက်ဖို့ ကြံစည်ခဲ့လို့ ကိုယ်ရံတော်တပ်ရဲ့ အကြီးအကဲက တိုက်ရိုက်ပစ်သတ်လိုက်ပါတယ်။”
ဝူကျန်းဝမ် ခဏခန့် မှင်တက်သွားသည်။ အမှန်ပင်… သူမထင်ထားသည့်အတိုင်းပင်။
လုချန်း အဘယ်ကြောင့် ရန်ခရိုင်မှ ကြိုထွက်ခွာဖို့ ရွေးချယ်ခဲ့သည်ကို သူမ နားလည်သွားပုံရသည်။ သူထွက်ခွာသွားသောအခါ လှုပ်ရှားသူမှာ လုချန်းကိုယ်တိုင်မဟုတ်တော့ချေ။ သူ ထိုနေရာတွင် မရှိသောကြောင့် အရာအားလုံးကို အခြားသူများအပေါ် အပြစ်ပုံချနိုင်ပေသည်။
လုချန်း....
သူက…
ဝူကျန်းဝမ်၏ မျက်နှာ အလွန်ညှိုးငယ်နေသည်ကိုမြင်သောအခါ လီချင်ရို့ နှာခေါင်းရှုံ့လိုက်ပြီး
“ရှေးခေတ်ကတည်းက ဧကရာဇ်တွေဟာ ရက်စက်ပြီး မျက်နှာနှစ်မျိုး ရှိတတ်ကြတယ်။ အဲ့ဒီလူယုတ်မာက ဝူနိုင်ငံတော်နဲ့ ကျူးနိုင်ငံတော် တော်ဝင်မိသားစုတွေကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ဘူး။ ဒီအရာအားလုံးက ဝူနိုင်ငံတော်နဲ့ ကျူးနိုင်ငံတော်က တော်ဝင်မိသားစုဝင်တွေကို ပုန်ကန်အောင် ဆွဲဆောင်ပြီး ဒီအခွင့်အရေးကိုသုံးပြီး သူတို့ကို ဖယ်ရှားဖို့ သူ့ရဲ့စီစဉ်ခဲ့တာ ဖြစ်ပုံရတယ်။”
ဝူကျန်းဝမ် စကားမပြောချေ။ သူမ၏ မျက်နှာ အလွန်ဖြူဖျော့နေ၏။ လီချင်ရို့က သူမကို လျင်မြန်စွာ ထောက်မလိုက်သည်။
“ကျန်းဝမ်။ အဲ့ဒီလူယုတ်မာရဲ့ လုပ်ရပ်တွေကြောင့် နင့်ရဲ့ကျန်းမာရေးကို ထိခိုက်ခွင့်မပြုရဘူး။”
ဝူကျန်းဝမ် ညင်သာစွာ သက်ပြင်းချလိုက်ပြီး ပြောသည်။
“ဒီကိစ္စအတွက် သူ့ကို အပြစ်တင်လို့မရပါဘူး။ ဝူနိုင်ငံတော် တော်ဝင်မိသားစုဝင်တစ်ချို့က လက်မလျှော့သေးချင်တာ မဟုတ်ခဲ့ရင် သူတို့လည်း…”
လီချင်ရို့က
“ကျန်းဝမ်။ လူတွေက အမြဲတမ်း တပ်မက်မှုကြောင့် လှုံ့ဆော်ခံရတာပဲ။ ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို မြင်တဲ့အခါ ဝူနိုင်ငံတော် တော်ဝင်မိသားစုဝင်တွေက ဘယ်လိုလုပ် စိတ်မဝင်စားဘဲ နေနိုင်မှာလဲ။ ငါ့အမြင်မှာတော့ ဒါတွေအားလုံးက အဲ့ဒီလူယုတ်မာရဲ့ ယုတ်မာမှု သက်သက်ပဲ။”
ဝူကျန်းဝမ်သည် တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။ ဤအရာအားလုံးကို လုချန်း စီစဉ်ခဲ့ခြင်း ဖြစ်နိုင်ခြေများကြောင်း သူမ အသေအချာ နားလည်သည်။
မည်သည့်ဧကရာဇ်မှ ယခင်မင်းဆက်၏ တော်ဝင်မိသားစုဝင်များ၊ အထူးသဖြင့် သစ္စာဖောက်လိုစိတ် မသေသေးသူများ၏ တည်ရှိမှုကို အမှန်တကယ် သည်းခံနိုင်မည် မဟုတ်ချေ။ ဤလူများကို အရေးမယူပဲ ထားပါက မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် ပြဿနာဖြစ်စေမည်ဖြစ်သည်။
သူမသည် လုချန်း၏ လုပ်ရပ်များကို နားလည်သော်လည်း သူက ဤကိစ္စများကို သူမအား ဘယ်တော့မှ အသိပေးခဲ့ခြင်း မရှိခဲ့သည့်အချက်က သူမကို လုချန်းက သူစိမ်းတစ်ယောက်ကဲ့သို့ ဆက်ဆံသည်ဟု ဝူကျန်းဝမ်အား ခံစားရစေသည်။ ထိုအခိုက်တွင် သူမ၏ နှလုံးသား တဆစ်ဆစ်ဖြင့် နာကျင်နေခဲ့၏။ ဤသည်က တစ်စုံတစ်ယောက်ကို ချစ်မိပြီးနောက် နာကျင်ခံစားရခြင်းလား။
ဖြစ်နိုင်သည်က လုချန်း သူမကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ခြင်းဖြစ်မည်…
ဝူကျန်းဝမ် ကိုယ်ဝန်ရှိလာပြီးနောက် သူမ၏စိတ်ခံစားချက်များသည် မတည်ငြိမ်ဖြစ်လာပြီး အရမ်းအတွေးလွန်လေ့ရှိသည်။ ယခုလည်း သူမသည် တစ်ဖန် အတွေးလွန်လာပြန်သည်။
ဝူကျန်းဝမ်၏ ဝမ်းနည်းနေသော အမူအရာကိုမြင်သောအခါ လီချင်ရို့လည်း သူမကို ဆက်လက်၍ စိတ်အနှောင့်အယှက်မပေးရန် ဆုံးဖြတ်လိုက်သည်။ လုချန်း မကောင်းကြောင်း ဆက်ပြောခြင်းသည် ဝူကျန်းဝမ်ကို ပို၍ဝမ်းနည်းစေရုံသာ ဖြစ်ပေလိမ့်မည်။
ထို့နောက် လီချင်ရို့က သူမကို နှစ်သိမ့်စကားပြောသည်။
“ကိစ္စမရှိပါဘူး ကျန်းဝမ်။ အဲ့ဒီကိစ္စတွေကို ဆက်မတွေးပါနဲ့တော့။ ကလေးကို အရင်မွေးလိုက်ပါ။တခြားကိစ္စတွေကို နောက်မှ ပြောလို့ရပါတယ်။”
ဝူကျန်းဝမ်က
“အင်း ငါသိပါတယ်။”
………
ရက်အနည်းငယ်အကြာတွင်။
ရှနိုင်ငံတော်နှင့် ချွမ်နိုင်ငံတော် နယ်စပ်။
ရှင်းယန်မြို့။
လုချန်းသည် စစ်စခန်း၏ စာကြည့်ခန်းထဲတွင် အထူးကိုယ်ရံတော်များထံမှ ထောက်လှမ်းရေး အစီရင်ခံစာများကို ဖတ်ရှုနေသည်။ ထိုအစီရင်ခံစာများမှတစ်ဆင့် ချွမ်နိုင်ငံတော်ရှိ ကပ်ရောဂါသည် ချွမ်မိဖုရားခေါင်နှင့် သိပ်မသက်ဆိုင်လောက်ဟု သူ သဘောပေါက်လိုက်သည်။
ချွမ်မိဖုရားခေါင်သည်လည်း ကပ်ရောဂါကို တက်ကြွစွာ နှိမ်နင်းရေးကို ထောက်ခံခဲ့သည်။ သို့သော် သူမသည် သူမ၏ နိုင်ငံရေးသြဇာ ပိုမိုရရှိရန် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ချွမ်နိုင်ငံတော်က ကပ်ရောဂါကို ဖြေရှင်းနိုင်ခဲ့သည်မှာ သူမ၏ ဦးဆောင်မှုကြောင့် ဖြစ်သည်ဟု လူများက ယုံကြည်စေလိုသည်။
အနာဂတ်တွင် ချွမ်နိုင်ငံတော်၏ နိုင်ငံသားများသည် ကပ်ရောဂါအကြောင်း စဉ်းစားမိတိုင်း ယင်းကို ဖြေရှင်းပြီး ချွမ်နိုင်ငံတော်ကို ကယ်တင်ခဲ့သူမှာ ချွမ်မိဖုရားခေါင်ဖြစ်သည်ဟု သတိရနေကြမည်ဖြစ်သည်။
ချွမ်မိဖုရားခေါင်၏ ကျော်ကြားမှု မြင့်တက်လာခြင်းတွင် အထူးရည်ရွယ်ချက်တစ်ခု ရှိရမည်ဟု လုချန်း ခံစားမိသည်။ သူ၏လက်ထဲရှိ ထောက်လှမ်းရေးသတင်းများဖြင့် စဉ်းစားခန်း ဝင်နေစဉ်တွင် ပိုင်ချင်းချင်း၏ အသံ တံခါးဝမှ ထွက်ပေါ်လာသည်။
“မင်းကြီး။ ရန်ခရိုင်ကနေ စာတစ်စောင် ရောက်ပါတယ်။”
ထိုစကားကို ကြားသောအခါ လုချန်း ချက်ချင်း အာရုံပြန်စိုက်လိုက်ပြီး စာထဲတွင် ဘာပါနိုင်သည်ကို ခန့်မှန်းလိုက်သည်။
“ယူလာခဲ့ပါ”
စကားဆုံးသည်နှင့် ပိုင်ချင်းချင်း စာကြည့်ခန်းအတွင်းသို့ ဝင်လာပြီး စာကို လုချန်းထံ ပေးအပ်လိုက်သည်။ လုချန်း စာကိုယူ၍ စာပါအကြောင်းအရာများကို လှန်လှောဖတ်ရှုလိုက်ပြီးနောက် သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
“သေသေချာချာ ဖြေရှင်းပြီးသွားပြီပဲ။ ဝူနိုင်ငံတော် တော်ဝင်မိသားစုဝင်တွေအားလုံးကို တစ်ကြိမ်တည်းနဲ့ မဖယ်ရှားနိုင်ခဲ့တာကတော့ နှမြောစရာပဲ။”
ဝူနိုင်ငံတော် တော်ဝင်မိသားစုဝင်များအားလုံးကို ဖြေရှင်းခြင်းသည် ဝူကျန်းဝမ်ကို စိတ်မကောင်းဖြစ်စေမည်ကို လုချန်းသိသည်။ သို့သော် သူ၏စိတ်နှလုံးထဲတွင် ဝူနိုင်ငံတော် တော်ဝင်မိသားစုဝင်များသည် သိသာထင်ရှားသော စိတ်အနှောင့်အယှက်တစ်ခုအဖြစ် ကျန်ရှိနေဆဲဖြစ်သည်။
အကယ်၍ သူတို့အားလုံးသည် စားသောက်ပျော်ပါးခြင်းကိုသာ သိသော ကျူးနိုင်ငံတော် တော်ဝင်မိသားစုဝင်များကဲ့သို့ဖြစ်ပါက လုချန်း သူတို့ကို ဖယ်ရှားရန် စဉ်းစားခဲ့မည်မဟုတ်ပေ။
စာကိုဖတ်ပြီးနောက် လုချန်းက စာကို သူ၏စားပွဲပေါ်တွင် တင်လိုက်သည်။
“အခု ရန်ခရိုင်ကကိစ္စ ဖြေရှင်းပြီးပြီဆိုတော့ ချွမ်နိုင်ငံတော်ကို ဖြေရှင်းဖို့ အချိန်တန်ပြီ။”
ထိုအချိန်တွက် လုချန်းက ပိုင်ချင်းချင်းကို ကြည့်လိုက်ပြီး
“ဗိုလ်ချုပ်တွေအားလုံးကို ခေါ်လိုက်။ ချက်ချင်း စစ်ရေးဆွေးနွေးပွဲတစ်ခု လုပ်မယ်။ နှစ်ရက်အတွင်းမှာ ချွမ်နိုင်ငံတော် ချေမှုန်းရေးစစ်ပွဲ စတင်မယ်။”
လုချန်း၏ အမိန့်ကိုကြားသောအခါ ပိုင်ချင်းချင်းက
“ဟုတ်ကဲ့ပါ မင်းကြီး။”