လုချန်းက ရှင့်ကို သဘောကျနေပုံရတယ်
Vol. 59 Ch. 878
လျှိုချင်းချိုသည် မိဖုရားခေါင်၏ အမှတ်အသားကို ဖော်ပြသော ဖီးနစ်ဝတ်ရုံကို ဝတ်ဆင်ထားခြင်းမရှိသလို ဖီးနစ်သရဖူကိုလည်း ဆောင်းထားခြင်းမရှိပဲ ကြာပန်းများဖြင့် ထိုးထွင်းထားသော စိမ်းပြာရောင် တိမ်တိုက်ဝတ်စုံကိုသာ ဝတ်ဆင်ထားသည်။
ပါးလွှာသော စိမ်းပြာရောင် ဝတ်စုံသည် သူမ၏ လှပသော ကိုယ်ခန္ဓာကို တင်းကျပ်စွာ ရစ်ပတ်လျက်ရှိပြီး အနည်းငယ် ပွင့်လင်းမြင်သာနေကာ သူမအား ရင့်ကျက်သော အမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှုမျိုးကို ပေးအပ်ထားသည်။
သူမ၏ ဆံပင်ကို ဦးခေါင်းထက်တွင် လိပ်တင်ထားပြီး သူမ၏ လှပသော မျက်နှာသည် ခံစားချက်ကင်းမဲ့ကာ တည်ငြိမ်နေသည်။
စနစ်ကို အသုံးမပြုပဲနှင့်ပင် လျှိုချင်းချို၏ ရမှတ်သည် ကိုးဆယ်ကျော်ရမည်ဟု လုချန်း သိနေသည်။
သို့သော်လည်း လုပ်ရိုးလုပ်စဉ်အတိုင်း လျှိုချင်းချို၏ ကိုယ်ရေးအချက်အလက်ကို ကြည့်ရှုရန် စနစ်ကို အသုံးပြုလိုက်သည်။
[အမည်: လျှိုချင်းချို]
[အချက်အလက်: ချွမ်နိုင်ငံတော် မိဖုရားခေါင်၊ အခြားကမ္ဘာမှဖြစ်ပြီး သက်တမ်းမှာ နှစ်တစ်သိန်းကျော်ရှိပြီဖြစ်ကာ မူလအစကမ္ဘာ နယ်ပယ်အဆင့် ဖြစ်သည်။ တန်ခိုးရှင် ကမ္ဘာမှ အဆင့်မြင့် စွမ်းအားရှင်တစ်ဦး၏ ကိုယ်ပွားဖြစ်သည်ဟု ယူဆရသည်။ သူမသည် ဤကမ္ဘာသို့ ကျရောက်လာပြီးနောက် သူမ၏ ပင်မကိုယ်နှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့ကာ ဤနေရာမှ ထွက်ခွာရန်အတွက် ဤကမ္ဘာ၏ ကံကြမ္မာကို ခိုးယူရန် ကြိုးပမ်း နေသည်။ ထို့ကြောင့် သူမသည် ချွမ်ဧကရာဇ်၏ မိဖုရားခေါင်ဖြစ်လာရန် လက်ထပ်ဟန်ဆောင်ခဲ့သည်။ သို့သော်လည်း သူမသည် ချွမ်ဧကရာဇ်နှင့် တစ်ခါမှ အတူမအိပ်ခဲ့ဖူးပဲ အပျိုစင်အဖြစ် ရှိနေဆဲဖြစ်သည်။ သူမ၏အမြင်တွင် ဆွမ်ဧကရာဇ်သည် ဤကမ္ဘာမှ ထွက်ခွာရန်အတွက် အတားအဆီးတစ်ခုဖြစ်သောကြောင့် သူ့ကို ဖယ်ရှားရန် စိတ်ပိုင်းဖြတ်ထားသည်။]
[ရမှတ်: ၁၀၀]
[နှစ်သက်မှု: ၀]
လျှိုချင်းချို၏ ကိုယ်ရေးအချက်အလက်ကို မြင်သောအခါ လုချန်း ရယ်မောလိုက်သည်။ သူထင်ထားသည်ထက် ပိုမြင့်သော အမှတ်ပြည့်ဖြစ်သည်။ သူမနှင့် စိတ်ခံစားမှုအရ ပေါင်းသင်းဆက်ဆံပါက သူ့ကိုယ်သူ ပို၍ပင် မထိန်းချုပ်နိုင် ဖြစ်သွားမည်ကို စိုးရိမ်မိသည်။
သို့သော်လည်း စဉ်းစားကြည့်လျှင် လျှိုချင်းချို၏ နောက်ခံက အလွန်အင်အားကြီးမားနိုင်သည်။ သူမ၏ အသက်သည် နှစ်တစ်သိန်းကျော်လွန်နေပြီဖြစ်ပြီး သူမသည် ထာဝရတန်ခိုးရှင် ကမ္ဘာမှ စွမ်းအားရှင်ကြီးပုဂ္ဂိုလ်တစ်ဦး၏ ကိုယ်ပွားလည်း ဖြစ်သည်။
အကယ်၍ သူသာ လျှိုချင်းချိုနှင့် အမှန်တကယ် ပတ်သက်မိသွားလျှင် သို့မဟုတ် သူမအား ကိုယ်ဝန်ရစေခဲ့လျှင် သူမ၏ ပင်မကိုယ်က သိသွားသည်နှင့် သူ့ကို လုပ်ကြံရန် တစ်စုံတစ်ယောက်ကို သေချာပေါက် စေလွှတ်ပေလိမ့်မည်။
တစ်စုံတစ်ယောက်ကို စေလွှတ်ရုံသာမက သူမ၏ ပင်မခန္ဓာ ကိုယ်တိုင် လာနိုင်ခြေလည်း ရှိသည်။
ထိုအတွေးက လုချန်းကို အနည်းငယ် ထိတ်လန့်သွားစေသည်။
ဤကမ္ဘာတွင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော နောက်ခံရှိသည့် အမျိုးသမီးတစ်ဦးနှင့် ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းဖြစ်သည်။ ယွမ်ရှန်ရှန်ပင်လျှင် ဤမျှ ကြောက်စရာကောင်းသော ဇာစ်မြစ်မရှိခဲ့ပေ။
ဤအချိန်တွင် မုယန်စီသည် ရထားလုံးထဲမှ ထွက်လာခဲ့ပြီးဖြစ်ကာ လုချန်းက အတွင်းရှိ လျှိုချင်းချိုကို စူးစိုက်ကြည့်နေသည်ကို မြင်သောအခါ သူမအား နောက်ပြောင်လိုက်သည်။
"လုချန်းက ရှင့်ကို သဘောကျနေပုံပဲ။ သတိထားနော်။ ကျွန်မတို့ စစ်ရှုံးသွားရင် ရှင်ဘယ်သူပဲဖြစ်ဖြစ် သူက ရှင့်ကို သူ့ရဲ့ အစေခံလုပ်ပစ်လိမ့်မယ်။"
လျှိုချင်းချိုက မုယန်စီ၏ စကားကို လုံးဝဂရုမစိုက်ပဲ နှာခေါင်းရှုံ့လိုက်သည်။
သူမ ရှုံးနိမ့်မည်ဟု မယုံကြည်သလို ရှုံးနိမ့်ခဲ့လျှင်ပင် သူမ၏ စွမ်းအားဖြင့် စစ်မြေပြင်မှ လွတ်မြောက်ရန်မှာ လွယ်ကူသော အလုပ်တစ်ခုဖြစ်သည်။
သူမ ထွက်ခွာလိုလျှင် မည်သူမှ သူမကို မတားဆီးနိုင်သည့်အပြင် လုချန်း၏ အဆင့်က အရိပ်အယောင် ကောင်းကင်လူသားတစ်ဦးမျှသာ ဖြစ်သောကြောင့် ပို၍ပင် မဖြစ်နိုင်ပေ။ အရိပ်အယောင် ကောင်းကင်လူသားအဆင့်တစ်ဦးက သူမကို ထိန်းသိမ်းထားရန် စိတ်ကူးနေခြင်းက ရယ်ချင်စရာ ကောင်းလှသည်။
မကြာမီတွင် မုယန်စီက ညင်သာစွာ ခုန်တက်ကာ ရထားလုံး၏ အမိုးပေါ်သို့ ဆင်းသက်ပြီး လုချန်းအား ပြုံးလျက် ပြောလိုက်သည်။
"အရင်တစ်ခါက ဆွမ်ဧကရာဇ်ရဲ့ အစွမ်းထက်တဲ့ လှုပ်ရှားမှုတွေကို သိပ်ပြီး မြင်ခွင့်မရခဲ့ဘူး။ ဒီတစ်ခါ အခွင့်အရေးရှိမလား မသိဘူး။"
သူမစကားပြောနေစဉ် မုယန်စီ၏ ခြေကျင်းဝတ်မှ ခေါင်းလောင်းများ လှုပ်ခါသွားပြီး အသံလှိုင်းများ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။ မုယန်စီသည် ချွမ်နိုင်ငံတော်စစ်တပ်ကို အမြင့်ပျံ နဂါး နည်းဗျူဟာ ပုံစံကို သင်ကြားပေးခဲ့သော်လည်း ထိုပုံစံက လုချန်းနှင့် ရှစစ်တပ်အပေါ် အမှန်တကယ် အန္တရာယ်ပြုနိုင်မည်ဟု သူမ မယုံကြည်ပေ။
ယခု ရင်ဆိုင်ရ အခက်ခဲဆုံးအရာမှာ လုချန်း၏ လက်ထဲရှိ မြေအဆင့် လက်နက်ဖြစ်သည်။ လုချန်းကို ဖယ်ရှားရန် အကောင်းဆုံးနည်းလမ်းမှာ လူတစ်ဦးက သူ့ကို အာရုံလွှဲထားပြီး အခြားတစ်ဦးက အခွင့်ကောင်းယူကာ တိတ်တဆိတ် တိုက်ခိုက်ခြင်း ဖြစ်သည်။
တိုက်ခိုက်မည့် ပုံစံကို ကြံဆနေရင်း လုချန်းအနီးရှိ စွမ်းအားကြီးမားသူများကို မုယန်စီ ကြည့်ရှုလိုက်သည်။ သူ့ဘေးတွင် ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးတည်းသာ ရှိနေပုံရသည်။
ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးတည်းသာ ရှိပါက လျှိုချင်းချိုသည် လွယ်ကူစွာဖြင့် သူတို့ကို ကျော်ဖြတ်ကာ တိုက်ရိုက်လုချန်းထံသို့ သွားနိုင်မည်ဖြစ်သည်။
လုချန်း သေသွားပါက အရာအားလုံး ပြီးဆုံးသွားမည်ဖြစ်သည်။ သူတို့လို အဆင့်ရှိသော သူများအတွက် ရှစစ်တပ်က အရေးမပါပေ။ သူတို့ကို ခြိမ်းခြောက်နိုင်ခြင်း လုံးဝမရှိပေ။
နှစ်ဖက်စလုံးမှ စစ်တပ်များ၏ ရည်ရွယ်ချက်က အတူတူပင်ဖြစ်၏။ အင်အားကြီးသူများ ထိပ်တိုက်တိုက်ခိုက်ပြီးနောက် စစ်မြေပြင်ကို ရှင်းလင်းရန်အတွက်သာ တာဝန်ထမ်းဆောင်ကြသည်။
ထိုအချက်မှလွဲ၍ သူတို့၏ အခန်းကဏ္ဍသည် နောက်ခံမြင်ကွင်းတစ်ခုထက် မပိုပေ။ အဓိကအားဖြင့် တိုက်ပွဲကို ကြည့်ရှုရန်အတွက်သာ ရှိနေခြင်းဖြစ်သည်။
သို့သော်လည်း ရှစစ်တပ်နှင့် နှိုင်းယှဉ်ပါက ချွမ်နိုင်ငံတော်၏ အမြင့်ပျံ နဂါးပျံနဂါးနည်းဗျူဟာ ပုံစံက အတိုင်းအတာတစ်ခုအထိ လုချန်း၏ အာရုံကို ဆွဲဆောင်နိုင်သောကြောင့် အနည်းငယ် အသုံးဝင်နေသေးသည်။
ဤအချိန်တွင် ချွမ်စစ်တပ်က စတင်တိုက်ခိုက်လာ၏။ ရွှေနဂါးများစွာ ပေါ်ထွက်လာပြီး တန်ရှင်းမြို့ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်လာကြသည်။ ဤမြင်ကွင်းကို မြင်သောအခါ လုချန်းက စိတ်လှုပ်ရှားသည့် အရိပ်အယောင် မပြပေ။
သူက လှံတံကို တည်ငြိမ်စွာ ထုတ်ယူလိုက်ပြီး ကောင်းကင်ရှိ ထိုနဂါးများကို ချိန်ရွယ်ကာ တစ်ချက်ပစ်လိုက်သည်။
ရွှေရောင်အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်ပြီးနောက် ရွှေနဂါးများလည်း ချက်ချင်း ကွယ်ပျောက်သွားသည်။ နောက်တစ်ခဏတွင် ချွမ်နိုင်ငံတော်၏ စစ်သားများသည် အမြင့်ပျံ နဂါး နည်းဗျူဟာ ပုံစံ၏ တန်ပြန်သက်ရောက်မှုကို ခံစားရပြီး မြေပြင်ပေါ်သို့ လဲကျကာ သွေးများအန်ထွက်လာကြသည်။ အချို့မှာ အသက်ပါ ထွက်သွားကြသည်။
လုချန်း၏ လက်ထဲရှိ လူသတ်လှံတံကို မြင်သောအခါ လျှိုချင်းချို၏ မျက်ခုံးများ အနည်းငယ် တွန့်သွား၏။ ထိုထူးဆန်းသော စွမ်းအင်လက်နက်ထံမှ ပြင်းထန်သော ခြိမ်းခြောက်မှုကို သူမ ခံစားလိုက်ရသည်။
မြေအဆင့် လက်နက်များစွာကို သူမမြင်ဖူးခဲ့သည်။ မြေအဆင့်သာမက ကောင်းကင်အဆင့် လက်နက်များကိုပင် မြင်ဖူးခဲ့၏။ သူမကိုယ်တိုင်လည်း မြေအဆင့် စွမ်းအင်လက်နက်တစ်ခုကို ပိုင်ဆိုင်ခဲ့ဖူးသည်။
သို့သော် ထိုမြေဆင့် လက်နက်များထဲမှ တစ်ခုကမှ လုချန်းကိုင်ဆောင်ထားသည့် လက်နက်ကဲ့သို့ ထူးဆန်းခြင်း မရှိပေ။ ထိုပစ္စည်းသည် အသုံးပြုသူ ထည့်သွင်းလိုက်သော စွမ်းအားကို ဆယ်ဆအထိ လွယ်ကူစွာ ပြောင်းလဲနိုင်ကာ အလွန်မြင့်မားသော ထိရောက်မှုရှိသည်။
၎င်းသည် အဆင့်မြင့် ကျင့်စဉ် ကမ္ဘာ၏ ကောင်းကင်အဆင့် စိတ်စွမ်းအင်ဓားများထက် ပိုမိုကြောက်မက်ဖွယ်ကောင်းသည်။
ဒါကတကယ်ကော မြေအဆင့် စိတ်ဝိညာဉ်လက်နက်တစ်ခု ဟုတ်ရဲ့လား။
မုယန်စီက လုချန်းကို ရင်ဆိုင်ရခက်သည်ဟု ပြောခဲ့သည်မှာ အံ့ဩစရာမရှိပေ။ သူမက ချဲ့ကားပြောဆိုနေခြင်းမဟုတ်ပါ။
အမှန်တကယ်ပင် လုချန်းကို ရင်ဆိုင်ရတာ အနည်းငယ်ခက်ခဲနေပုံရသည်။ ထိုလက်နက်၏ အလင်းတန်းတစ်ချက်ထိမှန်ရုံဖြင့် အပြင်းအထန် ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်းပင် ဖြစ်နိုင်သည်။
လုချန်းက သူ၏ လက်နက်ကို ပစ်ခတ်လိုက်သည်နှင့် မုယန်စီက ချက်ချင်း တုံ့ပြန်တိုက်ခိုက်လိုက်၏။ အသံလှိုင်းများကို ပြင်းထန်သော ဓားစွမ်းအင်များအဖြစ် ပြောင်းလဲကာ လုချန်းထံသို့ တန်းတန်းမတ်မတ် ပျံသန်းစေသည်။
သို့သော် မုဟုန်ကွမ်းက လျင်မြန်စွာ ဝင်ရောက်ကာ သူ၏ ဓားကို ဝှေ့ယမ်းပြီး တိုက်ခိုက်မှုအားလုံးကို ဖြိုခွင်းလိုက်သောကြောင့် လုချန်းကိုယ်တိုင် ထိုဓားစွမ်းအင်ကို တားဆီးရန် မလိုအပ်ခဲ့ပေ။
လျှိုချင်းချိုကတော့ ရထားလုံးထဲတွင် ထိုင်နေဆဲဖြစ်၏။ အခုချိန် ဝင်ရောက်စွက်ဖက်ခြင်းဖြင့် အကျိုးကျေးဇူး မရှိဟု မြင်သောကြောင့် အချိန်အခါကောင်းကို စောင့်ဆိုင်းနေသည်။
မုယန်စီနှင့် လုချန်းတို့ အပြန်အလှန် ထိခိုက်ဒဏ်ရာရစေပြီးမှ သူမဝင်ရောက်ကာ အမြတ်ထုတ်နိုင်ရန် မျှော်လင့်နေသည်။
မုဟုန်ကွမ်းက သူမ၏ တိုက်ခိုက်မှုများကို တားဆီးလိုက်သည်ကို မြင်သောအခါ မုယန်စီသည် သူမ၏ လက်ကို မြင့်မားစွာ မြှောက်ကာ အတွင်းအားအားလုံးကို လက်ချောင်းထိပ်များတွင် စုစည်းလိုက်သည်။
လုချန်း မုယန်စီကို တိုက်ရိုက်ပစ်ရန် စဉ်းစားနေစဥ် မုယန်စီ၏ လက်အထက်တွင် ရှေးဟောင်းဗျပ်စောင်းတစ်လက် ပေါ်ပေါက်လာသည်။
ထို့နောက် မုယန်စီသည် သူမ၏ လက်ချောင်းများကို ဗျပ်စောင်းပေါ်တင်ကာ ညင်သာစွာ တီးခတ်လိုက်ပြီး အသံလှိုင်းများစွာကို လုချန်းထံသို့ ထပ်မံ ပို့လွှတ်လိုက်သည်။
မုဟုန်ကွမ်းသည် သူ၏ ဓားကို ညင်သာစွာ ခုတ်ပိုင်းရုံဖြင့် မုယန်စီ၏ တိုက်ခိုက်မှုအားလုံးကို လွယ်ကူစွာ ကာကွယ်လိုက်သော်လည်း လုချန်းနှင့် မုဟုန်ကွမ်းတို့ ပြဿနာတစ်ခုကို လျင်မြန်စွာ သတိပြုမိလိုက်သည်။
မုယန်စီ၏ လက်ချောင်းများသည် ပိုမိုမြန်ဆန်လာပြီး အသံလှိုင်းများသည်လည်း ပိုမိုများပြားလာကာ မုဟုန်ကွမ်း၏ ကာကွယ်မှုနိုင်မှုနှုန်းသည် သူမ၏ တိုက်စစ်နှင့်အညီ လိုက်နိုင်ရန် ခက်ခဲလာသည်။
လုချန်းက မုယန်စီကို တိုက်ရိုက်ပစ်ခတ်ရန် စဉ်းစားနေစဉ်မှာပင် ရှေးဟောင်းဗျပ်စောင်း ထံမှ ထူးဆန်းသော ဂီတသံ တစ်ခု သူ၏ နားထဲသို့ စိမ့်ဝင်လာပြီး သူ၏စိတ်များအား အတိတ်က အမှတ်တရများထဲသို့ ဆွဲသွင်းခံလိုက်ရသကဲ့သို့ အတွေးများအားလုံးကို ရပ်တန့်သွားစေသည်။
လုချန်း အာရုံလွင့်သွားသည်ကို မြင်သောအခါ လျှိုချင်းချိုလည်း ရထားလုံးအတွင်း ဆက်လက်ကြည့်ရှု မနေနိုင်တော့ပေ။
သူမသည် မုယန်စီနှင့် လုချန်းတို့ နှစ်ဦးစလုံး အပြင်းအထန် ဒဏ်ရာရသည်အထိ စောင့်ဆိုင်းပြီးမှ ဝင်ရောက်ရန် ရည်ရွယ်ခဲ့သော်လည်း လုချန်း၏ မြေအဆင့် လက်နက်က သူမကို အလွန်သတိထားစေသည်။ သူမ ဤအခွင့်အရေးကို လွဲချော်ပါက လုချန်းကို ဖယ်ရှားရန် ခက်ခဲသွားမည်ကို စိုးရိမ်နေသည်။
ချက်ချင်းပင် လျှိုချင်းချို၏ ခန္ဓာကိုယ် ရထားလုံးထဲမှ ပျံထွက်လာပြီး နောက်တစ်ခဏတွင် သူမ၏ စွမ်းအားများကို သူမ၏ လက်ဖဝါးတွင် စုစည်းကာ အေးစက်စွာ အော်ဟစ်လိုက်သည်။
"သက်တန့်ကွေးညွှတ် လရောင်ရှုစား။"