လျှိုချင်းချို၏ အကြံအစည်
Vol. 59 Ch. 879
နေ့ခင်းကြောင်တောင်တွင် တန်ရှင်းမြို့ အပေါ်၌ ဧရာမ အနီရောင်လကြီး တစ်စင်း ပေါ်လာခဲ့သည်။ ခဏအကြာတွင် ထိုလထံမှ အနီရောင် ရောင်အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်ပြီး အာရုံလွင့်နေသော လုချန်းထံသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။
အနီရောင်အလင်းတန်းက သူ့ကို ထိမှန်တော့မည့် အချိန်တွင် လုချန်း သတိပြန်ဝင်လာပြီး သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ အကယ်၍ သူသာ စိတ်ဝိညာဉ် ထိန်းချုပ်ခြင်း ပညာရပ်ကို လေ့ကျင့်မထားခဲ့ပါက ယနေ့တွင် မုယန်စီ၏ လှည့်ကွက်ထဲသို့ ကျရောက်သွားနိုင်ပေသည်။
မုယန်စီသည် တပါးသူ၏ စိတ်ကိုထိန်းချုပ်ရခြင်းအား တကယ်နှစ်သက် ပုံရသည်။ သူမကိုဖမ်းမိပါက နေ့စဉ်စိတ်ဝိညာဉ်ထိန်းချုပ်မှု အတတ်ကိုအသုံးပြုကာ သူမကိုထိန်းချုပ်ထားရမည်။
လုချန်းက သူ၏လှံတံကို ဆုပ်ကိုင်ကာ အနီရောင်အလင်းတန်းကို ချိန်ရွယ်ပြီး မုဟုန်ကွမ်းအား ပြောလိုက်သည်။
“ဥက္ကဋ္ဌမု။ ခင်ဗျားရဲ့ စွမ်းအားကို ကျွန်တော့်ဆီ ချက်ချင်းလွှဲပြောင်းပေးပါ။”
လုချန်း၏ အမိန့်ကို ကြားသောအခါ မုဟုန်ကွမ်း လျင်မြန်စွာ သူ၏ဘေးသို့ ရောက်လာပြီး သူ၏ စွမ်းအားကို လွှဲပြောင်းပေးလိုက်သည်။
ထို့နောက်ချက်ချင်းပင် သူ၏ ကိုယ်ထဲ ရောက်လာသော ဧရာမ စွမ်းအားများကိုလှံတံထဲသို့ ထည့်သွင်းလိုက်သည်။ တရစပ်တည်းပင် နီးကပ်လာနေသော အနီရောင်အလင်းတန်း ချက်ချင်း ပစ်ခတ်လိုက်သည်။
နောက်တစ်စက္ကန့်တွင် လှံတံထံမှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ အလင်းထွက်ပေါ်လာသည်နှင့် ရွှေရောင်အလင်းတိုင်ကြီးတစ်ခုသို့ပြောင်းလဲသွားပြီး ကောင်းကင်ရှိလမှထွက်ပေါ်လာသော အနီရောင်အလင်းတန်းနှင့်တိုက်မိကာ ချက်ချင်းပေါက်ကွဲမှုဖြစ်ပွားသည်။
ပြင်းထန်သောပေါက်ကွဲမှုကြောင့် ကြီးမားသော ဖုန်မှုန့်တိမ်တိုက်တစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီး လူများ ရှင်းရှင်းလင်းလင်း ပြန်မြင်နိုင်ရန် အချိန်အနည်းငယ် ကြာမြင့်ခဲ့သည်။
ဖုန်မှုန့်များ ပြန်လည် ငြိမ်သက်သွားသောအခါ နှစ်ဖက်စလုံးတွင်စစ်သားအချို့သာ သေဆုံးခဲ့ပြီး အဓိကတပ်ဖွဲ့များကတော့ ထိခိုက်မှုမရှိသေးပေ။
လုချန်း အလွန်လျင်မြန်စွာ ပြန်လည်သတိဝင်လာသည်ကို မြင်သောအခါ လျှိုချင်းချိုက ရထားလုံး ခေါင်မိုးပေါ်ရှိ မုယန်စီအား ပြောလိုက်သည်။
“ရှင် ဒါပဲတတ်နိုင်တာလား။”
မုယန်စီက လုချန်းကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီဟု ထင်ကာ သူမ၏ အစွမ်းအထက်ဆုံး ပညာရပ်ကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ သူ ဤမျှ လျင်မြန်စွာ ပြန်လည်သတိဝင်လာသည်ကို မြင်သောအခါ မုယန်စီက သူ့ကို အမှန်တကယ် ထိန်းချုပ်နိုင်ခဲ့ရဲ့လားဟုပင် သံသယဝင်သွားသည်။
လျှိုချင်းချို၏ မေးခွန်းကို ကြားသောအခါ မုယန်စီ စိတ်မဆိုးပေ။ သူမက ပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်။
“အဲ့ဒါဆို ရှင် သူ့ကို ထိန်းချုပ်ထားကြည့်ပါလား။ ကျွန်မတိုက်မယ်လေ။”
လျှိုချင်းချိုက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
“မလိုပါဘူး။”
စကားပြောနေစဉ်ပင် လျှိုချင်းချိုသည် သူမ၏ လက်များကို တစ်ဖန်ပြန်မြှောက်ထားလိုက်ပြီး မုယန်စီ လှုပ်ရှားသည်ကို မစောင့်ပဲ သူမ၏ သက်တန့်ကွေးညွှတ်လရောင် ရှုစားခြင်း တိုက်ကွက်ကို တစ်ဖန်ပြန်လည် အသုံးပြုလိုက်သည်။
မြေအဆင့် စွမ်းအင်လက်နက် သည် မယုံနိုင်လောက်အောင် အားကောင်းသော်လည်း ထိုလက်နက်ကို အသုံးပြုရန်အတွက် စွမ်းအင်များစွာ လိုအပ်သည်။
ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးက လုချန်းထံသို့ စွမ်းအား လွှဲပြောင်းပေးခဲ့ရခြင်းက လျှိုချင်းချို၏ ခန့်မှန်းချက် မှန်ကန်ကြောင်း အတည်ပြုပေးနေသည်။
သူမ ပြိုင်ဘက်၏ စွမ်းအား အလွန်လျင်မြန်စွာ ကုန်ဆုံးနေသောကြောင့် လုချန်းနှင့် ထို ကောင်းကင်လူသား စွမ်းအားရှင်ထံမှ အတွင်းအားအားလုံးကို ကုန်ဆုံးအောင် လုပ်နိုင်ပါက သူမသည် သူ့ကို ဖယ်ရှားနိုင်ပေမည်။
ကိုယ်ပွားတစ်ဦးအဖြစ်နှင့် သူမ၏ စွမ်းအားကို ကန့်သတ်ထားသော်လည်း စွမ်းအားပမာဏနှင့် ပတ်သက်လာလျှင် သူမ၏ ကိုယ်ပိုင်စွမ်းအားသည် အရိပ်အယောင် ကောင်းကင်လူသား တစ်ဦးနှင့် ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးပေါင်းထားသည်ထက် သေချာပေါက် ပိုမိုများသည်။
နောက်တစ်ခဏတွင် နေကိုပင်ကွယ်သွားစေသော ပိုမိုကြီးမားသည့် လနီကြီးတစ်စင်း ကောင်းကင်တွင် ပေါ်လာပြီး တန်ရှင်းမြို့ တစ်ခုလုံးကို အနီရောင်အလင်းဖြင့် လွှမ်းခြုံကာ ကမ္ဘာ ပျက်သုဉ်းတော့မည့် ခံစားချက်မျိုး ဖန်တီးလိုက်သည်။
ဒီမိန်းမ ရူးသွားပြီလားဟု လုချန်း တွေးလိုက်သည်။
သူမသည် မူလအစကမ္ဘာ၏ နယ်ပယ်စွမ်းအားကိုတကယ်အသုံးပြုနေသည်။ ဤကမ္ဘာတွင် မူလအစကမ္ဘာ၏ နယ်ပယ်စွမ်းအားကိုအသုံးပြုပါက ကောင်းကင်ဘုံ၏ ပြစ်ဒဏ်ခတ်မှုကို ဖြစ်စေနိုင်သည်။
ထို့ကြောင့် မူလအစကမ္ဘာ နယ်ပယ်အဆင့်ဖြစ်သော မုယန်စီကိုယ်တိုင်ပင် သူမ၏ အစွမ်းအကုန် ဘယ်တော့မှ မသုံးခဲ့ခြင်းဖြစ်သည်။
အကယ်၍ မုယန်စီသာ သူမ၏ အစွမ်းအကုန်ကို အမှန်တကယ် အသုံးပြုခဲ့လျှင် လုချန်းကို ဒဏ်ရာရစေနိုင်သော်လည်း သူမ ထိုသို့ပြုလုပ်လိုက်သည်နှင့် ကောင်းကင်ဘုံ ပြစ်ဒဏ် နောက်က လိုက်လာပေမည်။
ဤကမ္ဘာ၏ စည်းမျဉ်းများမှာ မပြည့်စုံသော်လည်း ကောင်းကင်ဘုံ ပြစ်ဒဏ်၏ စွမ်းအားသည် မူလအစကမ္ဘာ၏ နယ်ပယ်အဆင့် စွမ်းအားရှင်တစ်ဦး အပြည့်အဝ ကြံ့ကြံ့ခံနိုင်သည့်အရာ မဟုတ်ပေ။ သူတို့ အသက်ရှင်နိုင်သော်လည်း အပြင်းအထန် ဒဏ်ရာရကာ သူတို့၏ အဆင့်နယ်ပယ် ကျဆင်းသွားပေမည်။ အကယ်၍ ထိုအချိန်တွင် အနည်းငယ် ပိုမိုအင်အားကြီးသော ရန်သူတစ်ဦး ပေါ်လာပါက သူမ၏ နိဂုံး မဝေးတော့ပေ။
လက်တွေ့တွင် လျှိုချင်းချိုသည် မူလအစကမ္ဘာ၏ နယ်ပယ် စွမ်းအားအစစ်ကို အမှန်တကယ် အသုံးမပြုခဲ့ပေ။ သူမလည်း ဤကမ္ဘာရှိ ကောင်းကင်ဘုံ၏ စည်းမျဉ်းများကို ကောင်းစွာသိထားသည်။ သို့သော် ဤတစ်ကြိမ် သူမပြသခဲ့သော စွမ်းအားသည် ပထမအကြိမ်ကထက် ပိုမိုများပြားသည်။
တစ်စက္ကန့်မျှ မစဉ်းစားပဲ လုချန်းလည်း လှံတံကို မြှောက်ကာ ကောင်းကင်ရှိ လနီကြီးကို ချိန်ရွယ်လိုက်သည်။
ထိုအချိန်တွင် လပြည့်ဝန်းမှ အနီရောင်အလင်းတန်းထွက်ပေါ်လာပြန်၏။ ဤအကြိမ်တော့ အလင်းတန်း အနီးကပ်လာသည်အထိ မစောင့်တော့ပဲ ခလုတ်ကို ဆွဲလိုက်သည်။
လှံတံမှ အလင်းတန်း ထွက်ပေါ်လာသည့်အခိုက်တွင် ယင်းသည် ပိုမိုကြီးမားလာပြီး ယခင်ကကဲ့သို့ ဧရာမအလင်းတိုင်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ အလင်းတန်းနှစ်ခု ထိတိုက်မိပြီး နောက်ထပ် ကြီးမားသော ပေါက်ကွဲမှုတစ်ခု ထပ်ဖြစ်သွားသည်။
တန်ရှင်းမြို့ အပေါ်ရှိ ကောင်းကင်သည် ဖုန်မှုန့်များဖြင့် ဒုတိယအကြိမ် ပြည့်နှက်သွားပြန်၏။ ထိုအချိန်တွင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို လုချန်းညခံစားမိလိုက်သည်။
သူသည် သူ၏ အသက်အန္တရာယ်ရှိနေသည်ကို ခံစားမိပြီး သူ၏ ကိုယ်တွင်းရှိ ဆဲလ်တိုင်းသည် ကြီးမားသော ဘေးအန္တရာယ်တစ်ခု ကျရောက်တော့မည်ကဲ့သို့ တုန်လှုပ်လာသည်။
လုချန်း ဖုန်မှုန့်များထဲသို့ ချက်ချင်း မော့ကြည့်လိုက်ရာ ဖုန်မှုန့်များကြောင့် မြင်ရန်ခက်ခဲသော်လည်း အနီရောင်လပြည့်ဝန်းတစ်ခု ထပ်မံပေါ်လာသည်ကို အမှန်ပင် တွေ့လိုက်ရသည်။
လုချန်းသည် သူ့ဘာသာသူ ရယ်မောလိုက်သည်။ ဒီမိန်းမက သူ့ကို တိတ်တဆိတ် တိုက်ခိုက်ချင်နေတာဖြစ်သည်။
လုချန်း သူမကို အခွင့်အရေးမပေးပေ။ သူက ခလုတ်ကို တစ်ဖန်ပြန်ဆွဲလိုက်ရာ နောက်ထပ် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ဤတစ်ကြိမ်တွင် လပြည့်ဝန်းသည် အပြည့်အဝ မဖွဲ့စည်းမီမှာပင် တိုက်ရိုက် ဖျက်ဆီးခံလိုက်ရသည်။
သို့သော် မကြာမီတွင် နောက်ထပ် လပြည့်ဝန်းတစ်ခု ကောင်းကင်တွင် ဖွဲ့စည်းလာပြီး လုချန်းလည်း ခလုတ်ကို ထပ်မံဆွဲတော့မည်အပြုတွင် တစ်စုံတစ်ရာ သတိထားမိသွားသည်။ တစ်ဆက်တည်းပင် လျှိုချင်းချို၏ အကြံအစည်ကို သူချက်ချင်း ရိပ်မိသွားသည်။
ဒီမိန်းမက သူ့ကို ဒီနည်းလမ်းနဲ့ အားကုန်ပြီး သေအောင်လုပ်ချင်နေတာဖြစ်သည်။ ဤအောက်ကမ္ဘာတွင် သူတို့ကဲ့သို့ ကျင့်စဉ်ကျင့်ကြံသူများအတွက် အရေးကြီးဆုံးအရာမှာ အဘယ်နည်း။
စွမ်းအင်ပင်ဖြစ်သည်။
အကယ်၍ သူတို့သာ စွမ်းအား အလွန်အကျွံ အသုံးပြုလိုက်ပါက ဤကမ္ဘာရှိ စွမ်းအားသည် အလွန်ရှားပါးသောကြောင့် ပတ်ဝန်းကျင်မှ စွမ်းအင်ကို စုပ်ယူပြီး အချိန်တိုအတွင်း ကိုယ်ပိုင်စွမ်းအားအဖြစ်သို့ ပြောင်းလဲနိုင်မည် မဟုတ်ပေ။
သူတို့၏ စွမ်းအား ကုန်ဆုံးသွားပြီး လျင်မြန်စွာ မတုံ့ပြန်နိုင်ပါက သူတို့၏ ကံကြမ္မာကို လွယ်ကူစွာ စိတ်ကူးကြည့်နိုင်သည်။
ဤအချိန်တွင် မုဟုန်ကွမ်းက
“မင်းကြီး။ ကျွန်တော့်မှာ စွမ်းအား သိပ်မကျန်တော့ပါဘူး။”
ထိုသို့ကြားသောအခါ လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားသည်။
သူထင်တာမှန်၏။ လျှိုချင်းချိုက တကယ်ပဲ သူတို့ကိုယ်ထဲက စွမ်းအား အကုန်လုံးကို ကုန်ဆုံးအောင် အသုံးချဖို့ ကြံစည်နေတာဖြစ်သည်။
လုချန်းလည်း အဝေးသို့ လှမ်းကြည့်ကာ စိတ်ထဲတွေးကြည့်လိုက်သည်။ မူလက လျှိုချင်းချိုကို သူ မထိခိုက်စေချင်သော်လည်း လျှိုချင်းချိုတွင် မကောင်းသောအကြံအစည်များရှိနေသည်။ အနိုင်အရှုံး အဆုံးအဖြတ်ပေးသော တိုက်ပွဲတစ်ခုဆိုလျှင် လုံလောက်ပြီဖြစ်သော်လည်း သူမက သူ့ကို အမှန်တကယ် သတ်ချင်နေသည်။
ထိုသို့ဖြစ်နေသည့်အတွက် သူ အနေနှင့် ကရုဏာကင်းမဲ့ရတော့မည်သာဖြစ်သည်။
လျှိုချင်းချို၏ ကျင့်စဉ်များ အသုံးပြုခြင်းနှင့် နှိုင်းယှဉ်ပါက လုချန်းကိုင်ဆောင်ထားသော လှံတံ၏ တိုက်ခိုက်မှု အမြန်နှုန်းသည် ပိုမိုမြန်ဆန်သည်။ ကျင့်စဉ်များသည် ပြင်ဆင်ရန် အချိန်ယူရသော်လည်း လုချန်းအတွက်ကတော့ စွမ်းအားကို လှံတံ ထဲသို့ ထည့်သွင်းပြီး ခလုတ်ဆွဲရန်သာ လိုအပ်သည်။
အကယ်၍ လုချန်းသာ အမှန်တကယ် တိုက်ခိုက်လိုပါက လျှိုချင်းချိုနှင့် သူမ၏ အဖွဲ့ ခုခံကာကွယ်ရုံသာ တတ်နိုင်ပေလိမ့်မည်။
ထိုအချိန်တွင် လုချန်းက သူ၏လူသတ်လှံတံကို မြှောက်ကာ အဝေးရှိ လျှိုချင်းချိုကို ချိန်ရွယ်ပြီး ထည့်သွင်းထားသည့် စွမ်းအားကို လျှော့ချကာ ခလုတ်ကို ဆွဲလိုက်သည်။
အလင်းတန်းတစ်ခု လှံတံထံမှ ထွက်ပေါ်လာသည်။ လျှိုချင်းချိုသည် လုချန်း အားကုန်စေရန် ဆက်လက် ကြံစည်နေသော်လည်း ရုတ်တရက် သူမ၏ နှလုံးခုန်နှုန်း မြန်လာပြီး အန္တရာယ်လှိုင်းတစ်ခုကို ခံစားလိုက်ရသည်။
သူမနှင့် မနီးမဝေးတွင် ရပ်နေသော မုယန်စီသည်လည်း ထိုအတိုင်း ခံစားလိုက်ရသည်။ တစ်စုံတစ်ခု မှားယွင်းနေသည်ကို သူမ ချက်ချင်း သိလိုက်သည်။
“မကောင်းတော့ဘူး။ လုချန်းက ကျွန်မတို့ကို တိုက်ခိုက်လာပြီ။”
ထိုအချိန်တွင် ဧရာမအလင်းတန်းတစ်ခုသည် ဖုန်မှုန့်များကို ဖောက်ထွင်းကာ အားလုံးကို ရှင်းလင်းဖယ်ရှားလိုက်ပြီး လျှိုချင်းချိုနှင့် မုယန်စီတို့၏ ရှေ့မှောက်တွင် ပေါ်လာသည်။
သူတို့ရှေ့မှ အလင်းတန်းကို မြင်သောအခါ အမျိုးသမီးနှစ်ဦးစလုံးသည် ခဏခန့် ရပ်တန့်သွားပြီးနောက် အလင်းတန်းကို တွန်းလှန်ရန် သူတို့၏ စွမ်းအား အားလုံးကို လျင်မြန်စွာ စုစည်းလိုက်ကြသည်။
သူတို့၏ မူလအစကမ္ဘာနယ်ပယ်အဆင့် အစွမ်းဖြင့် အလင်းတန်းကို တားဆီးရန်မှာ သိပ်မခက်ခဲပေ။ အဘယ်ကြောင့်ဆိုသော် လုချန်းကလည်း အတွင်းအားကို တမင်တကာ လျှော့ချထားသောကြောင့်ဖြစ်သည်။
သို့သော် ထိုသို့ဖြစ်လင့်ကစား အမျိုးသမီးနှစ်ဦးစလုံး လွင့်စင်သွားခဲ့ကြသည်။