အစ်မနှစ်ယောက်အတွက် လက်ဖက်ရည် ယူလာခြင်း
Vol. 59 Ch. 881
လုချန်း၏ စကားကို ကြားသောအခါ အမျိုးသမီးနှစ်ယောက်လုံး၏ စိတ်ထဲ တင်းမာ သွားခဲ့ပြီး မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။
တစ်ခုခု သောက်ခိုင်းမှာလား။
ဤလူက သူတို့ကို အဆိပ်တစ်မျိုးမျိုး သောက်သုံးစေရန် ရည်ရွယ်နေခြင်း ဖြစ်နိုင်လား။
သူတို့နှစ်ယောက်လုံးမှာ မူလအစကမ္ဘာနယ်ပယ် အဆင်များဖြစ်သဖြင့် ဤအောက်ကမ္ဘာမှ အဆိပ်ကို သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်ဖြင့် ခန္ဓာကိုယ်ထဲမှ ထုတ်ပစ်နိုင်သည်။ သို့သော် လုချန်းကလည်း သာမန်လူတစ်ယောက် မဟုတ်ပေ။ သူသည်လည်း အဆင့်မြင့် ကျင့်စဉ်ကမ္ဘာလာသူတစ်ဦး ဖြစ်နိုင်ခြေရှိပြီး သူ့ထံတွင် အဆင့်မြင့် ကမ္ဘာမှအဆိပ်များ ရှိနေနိုင်၏။
ထို့ပြင် နောက်ထပ် ဖြစ်နိုင်ခြေတစ်ခု ရှိသေး၏။ ဤလူက သူတို့ကို ဆေးတစ်မျိုးမျိုး တိုက်ကျွေးရန် ကြံစည်နေခြင်း ဖြစ်နိုင်ပြီး ထို့နောက်တွင်တော့ သူတို့လည်း သူ့စိတ်ကြိုက် ပြုသမျှ နုရရုံသာ ရှိတော့မည် ဖြစ်၏။
ခွက်ကိုယူလိုက်သော်လည်း သေချာစွာ စစ်ဆေးကြည့်ရှုလိုက်၏။
သူတို့၏ ကနဦး သုံးသပ်ချက်အရ ဤလက်ဖက်ရည်မှာ သာမန် စိတ်ဝိညာဉ်လက်ဖက်ရည်မျိုးသာ ဖြစ်ပုံရပြီး မည်သည့် ပြဿနာမှ ရှိပုံမရပေ။
လုချန်းက ဘာကြောင့် သူတို့ကို သာမန်စိတ် ဝိညာဉ်လက်ဖက်ရည်ကို သောက်စေချင်ရသနည်း။
ထို့နောက် အမျိုးသမီးနှစ်ယောက်သည် ပိုင်ချင်းချင်း၏ လက်ထဲမှ လက်ဖက်ရည်ကို ယူပြီး သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ လက်ဖက်ရည်ကို ဆက်လက် စစ်ဆေးကြ၏။ အကြိမ်ကြိမ် စစ်ဆေးပြီးနောက်တွင် ၎င်းသည် အဆိပ်မပါ၊ အန္တရာယ်မရှိသော သာမန် စိတ်ဝိညာဉ်လက်ဖက်ရည်သာ ဖြစ်သည်ဟု အဆုံးတွင် သူတို့ နားလည်လိုက်၏။
သို့သော် ဤအရာက အနည်းငယ် ထူးဆန်းနေသည်။ လုချန်းက သူတို့ကို ဤအရာကို သောက်စေခြင်းမှာ ရည်ရွယ်ချက်တစ်ခု ရှိရမည်ဖြစ်ပြီး သူတို့၏ အစွမ်းများ ပြန်လည်ရရှိလာသည့်အခါ သူ့ကို လုပ်ကြံသတ်ဖြတ်ခြင်း မပြုနိုင်စေရန် ထိန်းချုပ်လို၍ ဖြစ်နိုင်၏။ အကယ်၍ ထိုသို့သာဆိုလျှင် သူက သူတို့ကို အဆိပ်တစ်မျိုးမျိုး ပေးခဲ့သင့်သည်။
သူတို့ အဆိပ်မိနေပြီး လုချန်းက ဖြေဆေးကို ကိုင်ထားသရွေ့ သူတို့ မဆင်မခြင် လှုပ်ရှားရဲမည် မဟုတ်ပေ။
တစ်နည်းအားဖြင့် ၎င်းသည် သူတို့၏ စွမ်းအားများကို ပိတ်ဆို့နိုင်သော အဆိပ် ဖြစ်သင့်သော်လည်း ဤလက်ဖက်ရည်တွင် ထိုစွမ်းရည်မျိုး မရှိသည်မှာ ထင်ရှား၏။
အမျိုးသမီးနှစ်ယောက် လက်ဖက်ရည်ကို ကိုင်ထားသော်လည်း မသောက်ရဲသကဲ့သို့ ဖြစ်နေသည်ကို မြင်သောအခါ လုချန်းက
“ဘာဖြစ်နေတာလဲ။ ခင်ဗျားတို့နှစ်ယောက် မသောက်ရဲဘူးလား။ ဒါမှမဟုတ် အညံ့ခံတာက ဟန်ဆောင်တာလား။ ကျွန်တော့်အနားကို ချဉ်းကပ်ပြီး အခွင့်အရေးရရင် လုပ်ကြံဖို့ ကြံစည်နေတာလား။”
လုချန်းက သူတို့၏ အကြံအစည်ကို ထုတ်ဖော်ပြောလိုက်သည်ကို မြင်သောအခါ အမျိုးသမီးများလည်း တစ်စုံတစ်ခုကို နားလည်သွားပုံရ၏။ လက်ဖက်ရည်တွင် အမှန်တကယ် ပြဿနာမရှိပေ။ လုချန်းက သူတို့၏ အညံ့ခံခြင်း အမှန်အကန် ဟုတ်မဟုတ်ကို ဤလက်ဖက်ရည်ဖြင့် စမ်းသပ်လိုခြင်း ဖြစ်နိုင်၏။
အကယ်၍ သူတို့နှစ်ယောက် မသောက်ရဲပါက သူတို့တွင် လုပ်ကြံသတ်ဖြတ်ရန် ရည်ရွယ်ချက်များ အမှန်တကယ် ရှိနေပြီး ထိန်းချုပ်ခံရမည်ကို ကြောက်ရွံ့နေခြင်း ဖြစ်သည်ကို ပြနေ၏။
သူတို့ သောက်လိုက်မည်ဆိုလျှင် သူတို့၏ အညံ့ခံခြင်းက ရိုးသားကြောင်း သက်သေပြရာ ရောက်မည်ဖြစ်သည်။
၎င်းသည် သာမန် စိတ်ဝိညာဉ်လက်ဖက်ရည်သာ ဖြစ်သောကြောင့် ကြောက်ရွံ့စရာ အကြောင်းမရှိပေ။ ချက်ချင်းပင် အမျိုးသမီးနှစ်ယောက်လုံး သူတို့၏ လက်ဖက်ရည်ခွက်များကို မြှောက်၍ လက်ဖက်ရည်ကို တစ်ကျိုက်တည်း မော့သောက်လိုက်ကြ၏။
လက်ဖက်ရည် သောက်ပြီးနောက် မုယန်စီက ပြုံးရွှင်သောအသံဖြင့်
“မင်းကြီး အခုဆိုရင် ကျွန်မတို့ တကယ် အညံ့ခံတယ်ဆိုတာကို ယုံလောက်ရောပေါ့နော်။”
လုချန်းက ပြုံးလျက်
“ကောင်းပါပြီ။ ခင်ဗျားတို့ကို ယုံပါတယ်”
လုချန်း၏ အပြုံးကို မြင်သောအခါ အမျိုးသမီးနှစ်ယောက် ဇဝေဇဝါ ဖြစ်သွားကြသည်။
ဒီလောက်ပဲလား......
သူက သူတို့ကို ဒီအတိုင်းပဲ ယုံလိုက်တာလား။ လှည့်ကွက်တစ်ခုခုများ ရှိနေလေသလား။
သူတို့၏ ခန္ဓာကိုယ်များကို အလျင်အမြန် စစ်ဆေးကြည့်လိုက်ကြရာ မည်သည့် ထူးခြားမှုမှ မတွေ့ရှိရပေ။ အမှန်တွင် ပြဿနာမရှိရုံသာမက စိတ်ဝိညာဉ်လက်ဖက်ရည်က သူတို့၏ စွမ်းအင် အချို့ကို ပြန်လည်ရရှိစေရန်ပင် ကူညီပေးခဲ့ပုံရပြီး ပင်ပန်းနွမ်းနယ်မှုများကို ပယ်ဖျောက်ကာ လန်းဆန်းတက်ကြွစေခဲ့၏။
ဒါက…
ဒီလူက သူတို့ကို စမ်းသပ်ဖို့ သာမန် စိတ်ဝိညာဉ်လက်ဖက်ရည်တစ်ခွက်ကိုပဲ တကယ် သုံးခဲ့ပြီး အခု သူတို့က သူ့ရဲ့ စမ်းသပ်မှုကို အောင်မြင်သွားတော့ သူက သူတို့ကို ယုံလိုက်တာလား။
ဒါက မဖြစ်နိုင်ပေ။
လုချန်းက ဒီလောက်တောင် ရိုးအတဲ့လူ ဖြစ်နိုင်ပါ့မလား။ ဘာပဲဖြစ်ဖြစ် သူက ဧကရာဇ်တစ်ပါး ဖြစ်သည်။ သူ့မှာ ဘယ်လိုလုပ် အကြံအစည်တွေ မရှိဘဲ နေနိုင်မည်နည်း။ အရာအားလုံးမှာ အလွန် သံသယဖြစ်ဖွယ် ကောင်းနေသည်။
ထိုအခိုက်တွင် လုချန်း၏ အကြည့်က လျှိုချင်းချို၏ အေးစက်တင်းမာနေသော မျက်နှာပေါ်သို့ ကျရောက်သွားသည်။ သူက သူမကို
“ခင်ဗျား အညံ့ခံပြီးပြီဆိုတော့ အညံ့ခံစာကို ပြင်ဆင်ထားလိုက်။ ကျွန်တော်ခင်ဗျားနဲ့အတူ ချွမ်နိုင်ငံတော် နေပြည်တော်ကို ပြန်လိုက်ခဲ့မယ်။”
လျှိုချင်းချိုက အေးစက်စွာဖြင့်
“ကောင်းပြီ”
ထို့နောက် လုချန်းက
“ကောင်းပြီ ။ ခင်ဗျားတို့နှစ်ယောက် ကျွန်တော်နဲ့အတူ တန်ရှင်းမြို့မှာ တစ်ရက် လောက်နေကြဦး။ မနက်ဖြန် မနက်စောစောမှ ချွမ်နိုင်ငံတော် နေပြည်တော်ကို ခရီးစထွက်ကြမယ်။”
အမှန်တော့ လုချန်းထံ၌ ထိုသို့သော အတွေးများ မရှိခဲ့ပေ။ နဂါးဖီးနစ် လက်ဖက်ရည်ကို သောက်သုံးပြီးဖြစ်၍ လျှိုချင်းချိုနှင့် မုယန်စီတို့သည် သူ့အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ချေ။
ထိုအချိန်တွင် လျှိုချင်းချိုနှင့် မုယန်စီတို့ လှည့်ထွက်ကာ လုချန်းနောက်သို့ လိုက်၍ တန်ရှင်းမြို့ထဲသို့ ပြန်သွားကြသည်။
လုချန်းက မိစ္ဆာမိဖုရား လျှိုချင်းချိုကို ဖမ်းဆီးနိုင်ခဲ့သည်ကို မြင်သောအခါ တန်ရှင်းမြို့သူမြို့သားများလည်း ဝမ်းမြောက်ဝမ်းသာ အော်ဟစ်ကြွေးကြော်လိုက်ကြ၏။ မိစ္ဆာမိဖုရား နောက်ဆုံးတွင် အဖမ်းခံခဲ့ရပြီဖြစ်၍ ကပ်ရောဂါ မကြာမီ ပျောက်ကွယ်သွားမည်ဖြစ်ပြီး ချွမ်နိုင်ငံတော်လည်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိတော့မည်ဟု သူတို့ ယုံကြည်ကြသည်။
တန်ရှင်းမြို့သို့ ပြန်ရောက်ပြီးနောက် လုချန်းက လျှိုချင်းချိုနှင့် မုယန်စီတို့ကို စာကြည့်ခန်းသို့ ခေါ်ဆောင်သွားသည်။ သို့သော် မည်သည့်အရာကိုမှ လွန်လွန်ကျွံကျွံ ပြုလုပ်ရန် သူ့၌ အစီအစဉ်မရှိပေ။ သူတို့ကို စာကြည့်ခန်းသို့ ခေါ်ဆောင်လာရခြင်း၏ အဓိကအကြောင်းရင်းမှာ အရေးကြီးသော ကိစ္စတစ်ခုကို ဆွေးနွေးရန်သာ ဖြစ်သည်။