← Chapters

ကောင်းကင်နတ်ဆိုး ပြန်လည်နိုးထလာခြင်း

Vol. 59 Ch. 882

ကောင်းကင်နတ်ဆိုး ပြန်လည်နိုးထလာခြင်း

Vol. 59 Ch. 882

လုချန်းက သူတို့ကို စာကြည့်ခန်းသို့ ခေါ်ဆောင်လာသည်ကို မြင်သောအခါ မုယန်စီနှင့် လျှိုချင်းချိုတို့နှစ်ယောက်လုံး အနည်းငယ် ဇဝေဇဝါဖြစ်သွားကြသည်။

ဤလူက ဘာလုပ်ချင်နေတာလဲ။

စာကြည့်ခန်းထဲသို့ ဝင်ရောက်ပြီးနောက် လုချန်းက စားပွဲနောက်ရှိ ကုလားထိုင်တွင် ထိုင်ချလိုက်ပြီး ထိုအတုမရှိသော အလှပဂေးနှစ်ယောက်ကို အကဲခတ်လိုက်သည်။

ထိုအခိုက်တွင် အနည်းငယ် စိတ်မရှည်ဖြစ်နေသော လျှိုချင်းချိုက

“ကျွန်မတို့ကို လွတ်လပ်ခွင့်ပေးမယ်လို့ ပြောခဲ့တယ် မဟုတ်လား။ ဘာလို့ ဒီကို ခေါ်လာတာလဲ”

လုချန်းက

“ကျနော်ပြောခဲ့တယ်လေ။ ခင်ဗျားတို့နဲ့ အရေးကြီးတဲ့ကိစ္စတစ်ခု ဆွေးနွေးဖို့ရှိတယ်။”

မုယန်စီက စူးစမ်းစွာဖြင့်

“ဘာအရေးကြီးတဲ့ကိစ္စလဲ။”

လုချန်းက

“ခင်ဗျားတို့နှစ်ယောက် ကောင်းကင်နတ်ဆိုးတွေအကြောင်း အရင်က ကြားဖူးလား”

ဤမေးခွန်းကို ကြားသောအခါ အမျိုးသမီးနှစ်ယောက်၏ နှလုံးများ တစ်ချက်တုန်သွားသည်။

ကောင်းကင်နတ်ဆိုး.....

၎င်းတို့သည် ကျင့်စဉ်ကမ္ဘာတွင် ကြောက်မက်ဖွယ်အကောင်းဆုံး သတ္တဝါများဖြစ်ပြီး ကျင့်စဉ်ကျင့်သူများကို စားသုံးကာ နေရာတိုင်းတွင် ကြောက်ရွံ့မှုကို ပျံ့နှံ့စေပြီး ကျင့်စဉ် ကမ္ဘာသို့ ဘေးဒုက္ခအမျိုးမျိုးကို ယူဆောင်လာသည့်အရာ ဖြစ်၏။

လျှိုချင်းချိုက စိတ်တည်ငြိမ်မှုကို ပြန်လည်ရယူကာ

“ကောင်းကင်နတ်ဆိုးတွေက ကျင့်စဉ်ကျင့်သူအားလုံးရဲ့ အဓိက ရန်သူတွေပဲ။ ကျွန်မတို့ သိတာပေါ့”

လုချန်းက ချက်ချင်းပင်

“သိရင် ကောင်းတာပေါ့”

“ကျွန်‌တော့်ရဲ့ ထောက်လှမ်းရေးသတင်းအရ ချွမ်နိုင်ငံတော်က ကပ်ရောဂါဟာ သာမန်မဟုတ်ဘူး။ ကောင်းကင်နတ်ဆိုးတစ်ကောင်ကြောင့် ဖြစ်နေတာ။”

ထိုစကားကို ကြားသောအခါ အမျိုးသမီးများနောက်တစ်ကြိမ် ထိတ်လန့်သွားကြပြန်သည်။

ဒါက ဘယ်လိုဖြစ်နိုင်မည်နည်း။

ဤနေရာသည် အောက်ကမ္ဘာတစ်ခုမျှသာ ဖြစ်ပြီး ကောင်းကင်နတ်ဆိုးတစ်ကောင်ကို ဘယ်လိုလုပ် ဆွဲဆောင်နိုင်မည်နည်း။

ကောင်းကင်နတ်ဆိုးများသည် စိတ်ဝိညာဉ်စွမ်းအင် ပေါကြွယ်ဝသော နေရာများကို ပို၍နှစ်သက်ကြသည်။ သူတို့ အတွက်အောက်ကမ္ဘာသို့ လာရန် အကြောင်းမရှိပေ။

လျှိုချင်းချိုနှင့် မုယန်စီတို့ မယုံကြည်နိုင်သကဲ့သို့ ဖြစ်နေသည်ကို မြင်သောအခါ လုချန်းက

“ချွမ်နိုင်ငံတော်က ကပ်ရောဂါက ဘာလို့ ထပ်ခါထပ်ခါ ဖြစ်နေရတာလဲဆိုတာကို ခင်ဗျားတို့ မစဉ်းစားမိဘူးလား။ တစ်နှစ်ကျော်ကြာတဲ့အထိ လုံးဝ မလျော့ပါးခဲ့ဘူး။ ချွမ်နိုင်ငံတော်က ကြိုးပမ်းမှုအမျိုးမျိုး လုပ်ခဲ့ပေမဲ့ ကပ်ရောဂါက ဆက်ပြီး ပျံ့နှံ့နေတုန်းပဲလေ။”

ထိုအခိုက်တွင် လျှိုချင်းချိုက အေးစက်စွာဖြင့်

“တစ်ယောက်ယောက်က နောက်ကွယ်ကနေ တိတ်တဆိတ် ဖြန့်နေလို့ မဟုတ်ဘူးလား။ ရှနိုင်ငံတော်က သံသယ ဖြစ်စရာ အကောင်းဆုံးပဲ။”

လုချန်းက ပြုံးလျက်

“ကျွန်တော်က အဲ့ဒီလောက် လူမဆန်တဲ့သူ မဟုတ်ပါဘူး။ ကျွန်တော့် အတွက်တော့ ဒီကမ္ဘာရဲ့ လူဦးရေက အရေးကြီးဆုံး အရင်းအမြစ်ပဲ။ ကျွန်တော်က ကပ်ရောဂါကို တမင်တကာ ဘယ်တော့မှ ဖြန့်မှာမဟုတ်ဘူး။”

“အမှန်တော့ ကပ်ရောဂါ မရပ်မနား ပျံ့နှံ့နေရတဲ့ အကြောင်းရင်းက နောက်ကွယ်မှာ ကောင်းကင်နတ်ဆိုးတစ်ကောင် ရှိနေလို့ပဲ။ သူက ချွမ်နိုင်ငံတော်က ပြည်သူလူထုရဲ့ ကြောက်ရွံ့မှုနဲ့ စိတ်ပျက်အားငယ်မှုတွေကို စားသုံးနေတာ ဖြစ်နိုင်တယ်။”

“ကျွန်‌တော်က ကောင်းကင်နတ်ဆိုးတွေအကြောင်း သိပ်မရင်းနှီးပေမဲ့ ကောင်းကင်နတ်ဆိုးတစ်ကောင်က ဘာလို့ ကပ်ရောဂါကို တမင်တကာ ဖြန့်တယ်ဆိုတာကိုတော့ ခင်ဗျားတို့ သိသင့်တယ်လို့ ယုံကြည်တယ်။”

လုချန်းပြောသည်ကို ကြားသောအခါ မုယန်စီနှင့် လျှိုချင်းချိုတို့နှစ်ယောက်လုံး စဉ်းစားသွားကြသည်။

လုချန်း၏ ခန့်မှန်းချက် မမှားဟု သူတို့နှစ်ယောက်လုံး ခံစားမိကြ၏။ အကယ်၍ ကောင်းကင်နတ်ဆိုးတစ်ကောင်က နောက်ကွယ်တွင် အမှန်တကယ် ဒုက္ခပေးနေပါက ၎င်း၏ ရည်ရွယ်ချက်မှာ လူသားတို့၏ ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုတို့မှ ထွက်ပေါ်လာသော မကောင်းသည့် စွမ်းအင်များကို စားသုံးရန် ဖြစ်နိုင်၏။

ကျင့်စဉ် ကမ္ဘာတွင် ကောင်းကင်နတ်ဆိုးများ အနှစ်သက်ဆုံးအရာမှာ ကျင့်စဉ်ကျင့်သူများအတွက် မျှော်လင့်ချက်မဲ့သည့် အခြေအနေများကို ဖန်တီးပြီး ကျင့်စဉ်ကျင့်သူတို့၏ ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုတို့ကို စားသုံးကာ နောက်ဆုံးတွင် သူတို့ကို ကြောက်ရွံ့ခြင်းနှင့် စိတ်ပျက်အားငယ်ခြင်းတို့ လွှမ်းခြုံကာ သေဆုံးသွားစေခြင်းပင် ဖြစ်သည်။

ခဏအကြာတွင် မုယန်စီက

“ချွမ်နိုင်ငံတော်မှာ ကောင်းကင်နတ်ဆိုးတစ်ကောင် ရှိနေတယ်ဆိုတာကို ရှင် ဘယ်လိုသိတာလဲ။”

လုချန်းက

“အဲ့ဒါကိုတော့ လောလောဆယ် ပြောပြလို့မရဘူး။ ခင်ဗျားတို့ သိထားဖို့လိုတာက ချွမ်နိုင်ငံတော်မှာ ကောင်းကင်နတ်ဆိုးတစ်ကောင် ရှိနေတယ်ဆိုတာပဲ။”

ထိုအချိန်တွင် လျှိုချင်းချိုက အေးစက်စွာဖြင့်

“ရှင်က ကောင်းကင်နတ်ဆိုးအကြောင်း ဘယ်လိုသိလဲဆိုတာ မပြောပြရင် ရှင် လိမ်နေတာ ဟုတ်မဟုတ် ကျွန်မတို့က ဘယ်လိုသိနိုင်မှာလဲ။”

လုချန်းက ပြုံးလျက်

“ဒီကိစ္စနဲ့ပတ်သက်ပြီး စနောက်စရာအကြောင်း ကျွန်တော့်မှာမရှိဘူး။ ပြီးတော့ ကျွန်တော် ခင်ဗျားတို့ကို ဒီအကြောင်း ပြောပြရတဲ့အကြောင်းရင်းက ကောင်းကင်နတ်ဆိုးကို ဘယ်လိုရှာရမလဲဆိုတာ ခင်ဗျားတို့ဆီက အကြံဉာဏ်တောင်းဖို့ပဲ။ အချိန်တန်ရင် ကောင်းကင်နတ်ဆိုးကို ကျွန်တော့်ဘာသာ ဖြေရှင်းမယ်။ ခင်ဗျားတို့ လက်တစ်ဖက်တောင် လှုပ်စရာမလိုဘူး”

ဒါက…

လုချန်းက ထိုသို့ပြောသည်ကို ကြားသောအခါ အမျိုးသမီးနှစ်ယောက်လည်း သူ၏စကားများကို အခြေခံအားဖြင့် ယုံကြည်သွားကြသည်။ အကယ်၍ လုချန်းက ဤပြဿနာကို သူကိုယ်တိုင် ဖြေရှင်းရန် ကြံစည်နေပါက သူတို့ကို လိမ်ညာရန် အကြောင်းမရှိသည်မှာ အမှန်ပင်ဖြစ်သည်။ သို့ဆိုလျှင် ချွမ်နိုင်ငံတော်တွင် ကောင်းကင်နတ်ဆိုးတစ်ကောင် အမှန်တကယ် ရှိနေတာလား။

မုယန်စီက

“ချွမ်နိုင်ငံတော်က ကပ်ရောဂါက ကောင်းကင်နတ်ဆိုးကြောင့် တကယ်ဖြစ်တာဆိုရင် ရှင် သူ့ကို သွားရှာနေစရာ မလိုဘူး။ ရှင် ကပ်ရောဂါ တိုက်ဖျက်နေတာကို သူမြင်တာနဲ့ သူ့အလိုလို ရှင့်ဆီကို ရောက်လာလိမ့်မယ်။”

ကောင်းကင်နတ်ဆိုး ကပ်ရောဂါကို ဖြန့်ဝေရခြင်း၏ အဓိကရည်မှန်းချက်မှာ ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုတို့ကို ပျံ့နှံ့စေရန် ဖြစ်သည်။ ယခု တစ်စုံတစ်ယောက်က သူဖြန့်ဝေနေသော ကပ်ရောဂါကို ဖယ်ရှားလိုက်ပါက ထိုသူထံသို့ ဒုက္ခပေးရန် ကောင်းကင်နတ်ဆိုးက အလိုအလျောက် ရောက်လာမည် ဖြစ်သည်။

ကောင်းကင်နတ်ဆိုးကို ရှာဖွေဖို့ ဒီလောက်တောင် လွယ်ကူလားဟု လုချန်း စိတ်ထဲတွင် တွေးလိုက်သည်။ နောက်တစ်ဆင့်အနေနှင့် သူလုပ်ရန် လိုအပ်သည်မှာ နတ်ဆိုးနှင်တံခွန်ကို အသုံးပြုပြီး ချွမ်နိုင်ငံတော်၏ ဒေသအသီးသီးရှိ ကပ်ရောဂါကို ဖယ်ရှားရန် သာ ဖြစ်သည်။

ထိုသို့တွေးမိပြီး လုချန်းက ပြုံးလျက်

“အခုလို ပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

လုချန်းက

“နတ်သမီးလေးနှစ်ပါးအတွက် တည်းခိုဖို့နေရာကို စီစဉ်ပြီးသွားပြီ။ အခု သွားလို့ရပြီ။”

ထိုအချိန်တွင် လုချန်းက စာကြည့်ခန်းအပြင်ဘက်ရှိ လူများကို

“တစ်ယောက်ယောက် လာခဲ့။ သခင်မနှစ်ယောက်ကို အနားယူဖို့ ခေါ်သွားလိုက်”

လုချန်းက သူတို့ကို သခင်မများဟု ခေါ်ဝေါ်သည်ကို ကြားသောအခါ အမျိုးသမီးနှစ်ယောက်လုံး စိတ်ထဲတွင် နှာခေါင်းရှုံ့လိုက်ကြပြီး သူတို့၏ အစွမ်းများ ပြန်လည်ရရှိလာသည့်အခါ ဤကာမဘီလူးအား ဒုက္ခပေးရမည်ဟု တွေးလိုက်ကြသည်။

မုယန်စီနှင့် လျှိုချင်းချိုတို့ ထွက်သွားပြီးနောက် လုချန်း သူ၏ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်ရာ တစ်စုံတစ်ခု လွဲချော်နေသည်ဟု သူ ခံစားမိ၏။

ယခု သူသည် ချွမ်နိုင်ငံတော်ကို ထိထိရောက်ရောက် ချေမှုန်းပြီးပြီ မဟုတ်ပါလား။ ချွမ်နိုင်ငံတော်အား အမှန်တကယ် အုပ်စိုးသူ လျှိုချင်းချိုကိုယ်တိုင် သူ့လက်ထဲသို့ ကျရောက်ခဲ့ပြီဖြစ်သည်။ အဘယ်ကြောင့် သူ ကောင်းကင်လူသား စွမ်းအားရှင်အဆင့်သို့ မတက်လှမ်းနိုင်သေးသနည်း။

ဘာတွေ ဖြစ်နေတာလဲ။

ထို့နောက် စနစ်၏ အသိပေးသံ ထွက်ပေါ်လာသည်။

[သခင်သည် ချွမ်နိုင်ငံတော်ထံမှ အညံ့ခံစာကို မရရှိသေးသလို ချွမ်နိုင်ငံတော်ကိုလည်း အပြည့်အဝ မသိမ်းပိုက်ရသေးသောကြောင့် ဤကမ္ဘာကို ပေါင်းစည်းပြီးဟု မသတ်မှတ်သေးပါ။]

ထိုအခါမှ လုချန်းသည် သဘောပေါက်သွား၏။ ကောင်းကင်နတ်ဆိုးက သူကို ဒုက္ခလာမပေးမီ ကောင်းကင်လူသားအဆင့်သို့ တက်လှမ်းနိုင်ဖို့အတွက် ချွမ်နိုင်ငံတော်၏ ဒေသတိုင်းကို သိမ်းပိုက်မည့် စစ်ဆင်ရေးကို အရှိန်မြှင့်ရန် လိုအပ်သည်။

……

ညနေခင်း။

လျှိုချင်းချိုနှင့် မုယန်စီတို့သည် လုချန်း စီစဉ်ပေးထားသော အခန်းထဲတွင် အိပ်မပျော်နိုင်ပဲ ထိုင်နေကြသည်။

အခန်းအပြင်ဘက်မှ အခြေအနေကို သူတို့ စစ်ဆေးကြည့်လိုက်ကြသည်။ အစောင့်ကျနေသော အမျိုးသမီး ကိုယ်ရံတော် အနည်းငယ်သာ ရှိပြီး မည်သည့် အစွမ်းထက်ပုဂ္ဂိုလ်မှ ရှိမနေပေ။ အကယ်၍ သူတို့ ယခု ထွက်ပြေးလိုပါက အောင်မြင်နိုင်ခြေ အလွန်များသည်။

သို့သော်လည်း သူတို့တွင် ထွက်ပြေးရန် အစီအစဉ် မရှိပေ။ လုချန်းအနား ချဉ်းကပ်ဖို့က မလွယ်ပေ။ အကယ်၍ ယခု ထွက်ပြေးသွားပါက နောက်ပိုင်းတွင် သူ၏ယုံကြည်မှုကို ရရှိရန် ပို၍ပင် ခက်ခဲသွားမည် ဖြစ်သည်။

သို့သော် အမျိုးသမီးနှစ်ယောက် နောက်ထပ် ပြဿနာတစ်ခုကို စဉ်းစားမိကြပြန်သည်။ အကယ်၍ လုချန်းပြောသော ကောင်းကင်နတ်ဆိုးသည် အမှန်တကယ် ရှိနေပြီး လုချန်းက ကောင်းကင်နတ်ဆိုးကို မဖယ်ရှားနိုင်ခင် သူတို့က လုချန်းကို အနိုင်ယူနိုင်ခဲ့လျှင်ပင် ကောင်းကင်နတ်ဆိုး သူတို့ထံသို့ ရောက်လာသည့်အခါ သူတို့ မည်သို့ ရင်ဆိုင်ကြမည်နည်း။

ကျင့်စဉ်ကျင့်သူများအတွက် ကောင်းကင်နတ်ဆိုးများသည် ပင်မရန်သူများ ဖြစ်ကြသည်။ အားနည်းသော ကောင်းကင်နတ်ဆိုးတစ်ကောင်ပင်လျှင် ကျင့်စဉ်ကျင့်သူများအတွက် ကြီးမားသော ဒုက္ခပေးနိုင်သည်။

ထိုသို့ စဉ်းစားမိပြီးနောက် လုချန်း ကောင်းကင်နတ်ဆိုးကို ဖြေရှင်းပြီးသည်အထိ စောင့်ဆိုင်းပြီးမှ လုချန်းကို အရေးယူရန် နောက်ဆုံးတွင် ဆုံးဖြတ်လိုက်ကြသည်။

သို့မဟုတ် လုချန်းကို ကောင်းကင်နတ်ဆိုး၏ အာရုံစိုက်မှုကို ဆွဲဆောင်ရန်အတွက် အသုံးပြုနိုင်သည်။ လုချန်း ရှိနေလျှင် ကောင်းကင်နတ်ဆိုးက သူတို့ကို သတိပြုမိမည် မဟုတ်ပေ။

…….

တစ်ချိန်တည်းတွင်။

တောင်ဘက်ရှိ ပင်လယ်ပြင်၌။

သမုဒ္ဒရာတွင်းရှိ နေရာတစ်ခုတွင် အနက်ရောင်အရာဝတ္ထု အစုအဝေးတစ်ခု ရှိနေသည်။ ရုတ်တရက် ထိုအထဲတွင် နီရဲသော မျက်လုံးတစ်စုံ ပေါ်လာသည်။

နောက်တစ်ခဏတွင် ပတ်ဝန်းကျင် ဧရိယာရှိ သက်ရှိအားလုံး သေဆုံးသွား၏။ တိရစ္ဆာန်များသည် အရိုးစုများအဖြစ် ချက်ချင်း ပြောင်းလဲသွားကာ အပင်များလည်း ညှိုးနွမ်းသွားကြသည်။

အနက်ရောင်အရာဝတ္ထုသည် လျင်မြန်စွာ ပျံ့နှံ့သွားပြီး ၎င်း၏ပတ်ဝန်းကျင်ရှိ ပင်လယ်ပြင်သည်လည်း အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုအခိုက်အတန့်တွင် ပင်လယ်ရေပြင် အထက်၌ သင်္ဘောကြီးတစ်စင်း ညင်သာစွာ ရှေ့သို့ ခုတ်မောင်းနေသည်။

ပျံ့နှံ့လာသော အနက်ရောင်အရာဝတ္ထုကို မြင်သောအခါ သင်္ဘောကုန်းပတ်ပေါ်မှ အမျိုးသားတစ်ဦး၏ အသံထွက်ပေါ်လာသည်။

“ကောင်းကင်နတ်ဆိုး။ ခင်ဗျားရဲ့အကြံအစည်ကို ဘယ်သူက နှောင့်ယှက်ခဲ့လဲဆိုတာ ကျွန်တော်တို့ သိတယ်။”

All Chapters