← Chapters

ကောင်းကင်လူသား စွမ်းအားရှင် ဖြစ်လာခြင်း

Vol. 59 Ch. 884

ကောင်းကင်လူသား စွမ်းအားရှင် ဖြစ်လာခြင်း

Vol. 59 Ch. 884

ဒေါသထွက်နေသော သာမန်ပြည်သူများကို ရင်ဆိုင်ရသော်လည်း လျှိုချင်းချို၏ မျက်နှာအမူအရာကတော့ အေးစက်တည်ငြိမ်နေဆဲ ဖြစ်သည်။ ဤမိုက်မဲသူများသည် ဧကရာဇ်အသစ်၏ မျက်နှာသာကိုရရှိရန် ကြိုးစားနေကြခြင်းဟုသာ သူမ သဘောထားလိုက်သည်။

ချွမ်နိုင်ငံတော် အမတ်များ၏လက်ထဲမှ လက်နက်ချစာလွှာကို လက်ခံရရှိပြီးနောက် လျှိုချင်းချိုက လုချန်းအား ဂါရဝပြုလိုက်၏။

“ကျွန်မ လျှိုချင်းချိုက မင်းကြီးကို ဂါရဝပြုပါတယ်။”

လုချန်းက လျှိုချင်းချို၏ လက်ထဲမှ လက်နက်ချစာလွှာနှင့် နန်းတွင်းတံဆိပ်ကို ယူလိုက်စဉ်ပြီး တစ်ချက်ပြုံးလိုက်သည်။။ ဤသို့ဖြင့် ချွမ်နိုင်ငံတော်ကို သူအလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။ သူ၏ တိုင်းပြည်အားလုံး တစ်စုတစ်စည်းတည်းဖြစ်အောင် သိမ်းပိုက်ခြင်း လုပ်ငန်းစဉ်ကိုလည်း အပြီးသတ်နိုင်ခဲ့ပြီဖြစ်သည်။

လုချန်း လက်နက်ချစာလွှာနှင့် ချွမ်နိုင်ငံတော်၏ နန်းတွင်းတံဆိပ်တော်ကို ယူလိုက်သည်နှင့်တစ်ပြိုင်နက် ကောင်းကင်ထက်ရှိ တိမ်တိုက်များသည် ရုတ်တရက် စုဝေးလာပြီး နောက်တစ်ခဏတွင် ရွှေရောင်နဂါးကြီးတစ်ကောင်၏ ပုံရိပ်တစ်ခု တိမ်တိုက်များကြားတွင် ပေါ်ထွက်လာသည်။

ထို့နောက်တွင် လုချန်း၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်လိုက်သည်။ ဤမြင်ကွင်းကို မြင်တွေ့ရသောအခါ ချွမ်နိုင်ငံတော်မှ သာမန်ပြည်သူများလည်း တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်အရိုအသေပေးလိုက်ကြ၏။

ထိုကဲ့သို့သော ကောင်းကင်ဘုံမှ နိမိတ်လက္ခဏာ ဖြစ်ပေါ်လာခြင်းက မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက ဆွမ်ဧကရာဇ်သည် ဤကမ္ဘာလောက၏ “နဂါးအစစ်အမှန်” အမှန်တကယ်ဖြစ်ကြောင်း ဆိုလိုခြင်းပင်ဖြစ်သည်။

“မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ။”

သာမန်ပြည်သူများ၏ အသံများသည် ချွမ်နိုင်ငံတော် နေပြည်တော်၏ ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားသည်။ ထိုမြင်ကွင်းကို မြင်သောအခါ လျှိုချင်းချိုနှင့် မုယန်စီ နှစ်ဦးစလုံး မျက်မှောင်ကြုတ်မိကြ၏။

လုချန်းထံ ချဉ်းကပ်ပြီးနောက် သူတို့၏ အစွမ်းများ ပြန်လည်ရရှိလာသည့်အခါတွင် သူ့ကို တိုက်ခိုက်ရန် သူတို့ ကြံစည်ထားခဲ့ကြသည်။ သို့သော် လုချန်းက မျှော်လင့်မထားပဲ ကောင်းကင်လူသားအဆင့်သို့ တက်လှမ်းသွားခဲ့သည်။

ထိုနှစ်ယောက်သည် မည်မျှပင် အတွေ့အကြုံနုနယ်စေကာမူ လုချန်းအတွက် ကောင်းကင်လူသား စွမ်းအားရှင် ဖြစ်လာရန် စမ်းသပ်ချက်မှာ မည်သည့်အရာဖြစ်နိုင်သည်ကို သူတို့ ယခု ခန့်မှန်းမိကြပြီဖြစ်သည်။ လုချန်းအတွက် ကောင်းကင်လူသား စွမ်းအားရှင်အဆင့်သို့ တက်လှမ်းရန် စမ်းသပ်ချက်မှာ ဤကမ္ဘာကို တစ်စုတစ်စည်းတည်းဖြစ်အောင် သိမ်းပိုက်ရန်ဖြစ်ကြောင်း ထင်ရှားလှသည်။

သူတို့သည် လုချန်း ကောင်းကင်လူသား စွမ်းအားရှင် ဖြစ်လာစေရန် လှေကားထစ်တစ်ခုသာ ဖြစ်ခဲ့သည်ဟု တွေးမိသောအခါ လျှိုချင်းချို၏ စိတ်ထဲ အလွန်မကျေမနပ်ဖြစ်သွားသည်။ ထိုအချိန်တွင် လုချန်းကို စူးစိုက်ကြည့်နေရင်း သူမ တွေးတောလိုက်သည်။

ဤလူသားသည် ကောင်းကင်လူသား စွမ်းအားရှင် ဖြစ်သွားသော်လည်း သူမ၏စွမ်းအားများ ပြန်လည်ရရှိလာပါက သူ့ကို နိုင်အောင် တိုက်ခိုက်နိုင်သေးသည်ဟု တွေးလိုက်ခြင်းဖြစ်သည်။

သို့သော် ကမ္ဘာတွင် သူမ၏ မူလအစကမ္ဘာ နယ်ပယ်အဆင့် စွမ်းအားကို အသုံးမပြုနိုင်ပေ။ လုချန်းကို သတ်ဖြတ်ရန်မှာ ယခင်ကဲ့သို့ မလွယ်ကူတော့သော်လည်း အခွင့်အရေး လုံးဝမရှိဟု ဆိုလိုခြင်းတော့မဟုတ်သေးပေ။

ထိုအခိုက်အတန့်တွင် လုချန်းသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားလှိုင်းလုံးများ တိုးတက်လာသည်ကို ခံစားမိရင်း အလွန်ပင် ကျေနပ်နေသည်။ နောက်ဆုံး၌ ကောင်းကင်လူသားအဆင့်သို့ သူတက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။

ကောင်းကင်လူသား စွမ်းအားရှင် ဖြစ်လာသောကြောင့် သူ၏စွမ်းအားအဆင့် ကန့်သတ်ခံရတော့မည် မဟုတ်ပေ။ သူ၏စွမ်းအားများ လျင်မြန်စွာ တိုးတက်နိုင်တော့မည်။

ထိုသို့တွေးမိသောအခါ လုချန်းစိတ်ထဲ အလွန် ပျော်ရွှင်နေမိသည်။ သို့သော် သူ၏အကြည့်များ လျှိုချင်းချိုနှင့် မုယန်စီတို့အပေါ်သို့ ကျရောက်သွားသောအခါ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး စနစ်ကို အလျင်အမြန် မေးလိုက်သည်။

“စနစ်။ ကျွန်ုပ်ရဲ့အစွမ်းက ကောင်းကင်လူသားအဆင့်ကို ကျော်လွန်သွားရင် ဒီကမ္ဘာမှာ ကောင်းကင်လူသားအဆင့်ထက် ပိုတဲ့အစွမ်းကို ထုတ်သုံးနိုင်မှာလား။ ဒါမှမဟုတ် လျှိုချင်းချိုတို့လိုပဲ ဒီကမ္ဘာက ကောင်းကင်ဘုံ လမ်းစဉ်ရဲ့ ဖိနှိပ်မှုကို ခံရမှာလား။”

[ဤကမ္ဘာတွင် မပြည့်စုံသော နိယာမတရားများ ရှိသည်။ ကောင်းကင်လူသားအဆင့်ထက် ကျော်လွန်သော စွမ်းအားများကို အသုံးပြုပါက ဤကမ္ဘာကို ပျက်စီးစေနိုင်သည်။ ထို့ကြောင့် ဤကမ္ဘာ၏ ကောင်းကင်ဘုံ လမ်းစဉ်သည် သခင်၏စွမ်းအားကို မလွဲမသွေ ဖိနှိပ်လိမ့်မည်ဖြစ်သည်။]

စနစ်၏ အဖြေကို ကြားသောအခါ လုချန်း မျက်မှောင်ကြုတ်လိုက်သည်။ သူ၏စွမ်းအားသည်လည်း ဤကမ္ဘာ၏ ကန့်သတ်ချက်များကို ကျော်လွန်၍ ရနိုင်မည် မဟုတ်ပေ။

ထိုသို့ဖြစ်ပါက သူသာ ဤကမ္ဘာလောကတွင် ဆက်လက်နေထိုင်ပါက သူ မည်မျှပင် အစွမ်းထက်လာစေကာမူ၊ တန်ခိုးရှင်ပင် ဖြစ်လာစေကာမူ သူ၏စွမ်းအားကို အပြည့်အဝ ထုတ်သုံးနိုင်မည် မဟုတ်သေးပေ။

လုချန်း ထိုသို့တွေးနေစဉ်တွင် စနစ်က ရုတ်တရက် ဆက်လက်၍ အချက်ပြလာသည်။

[သခင့်တွင် ဘဝသံသရာကျောက်တုံးကို အသုံးပြု၍ ဤကမ္ဘာ၏ နိယာမတရားများကို ဖြည့်စွက်ရန် အခွင့်အရေးတစ်ခု ရှိသည်။ ဤကမ္ဘာ၏ နိယာမတရားများ ပြီးပြည့်စုံသွားသည်နှင့်တစ်ပြိုင်နက် သခင်သည် ကမ္ဘာတစ်ခုလုံးကို တိုက်ရိုက်ထိန်းချုပ်နိုင်မည်ဖြစ်ပြီး ထိုအချိန်မှစ၍ ဤကမ္ဘာသည် သခင်၏ ကိုယ်ပိုင်ကမ္ဘာငယ်များထဲမှ တစ်ခု ဖြစ်လာလိမ့်မည်ဖြစ်သည်။]

ဒါက…

ဒီလောက်တောင် ဖြစ်နိုင်လို့လား။

ဘဝသံသရာကျောက်တုံးက ဒီလိုသုံးရတာကိုး။

သူ စနစ်ကို ဖွင့်ကြည့်တိုင်း ဘဝသံသရာကျောက်တုံးကို မြင်သောအခါ ဤကျိုးပဲ့နေသော ကျောက်တုံးတစ်တုံးက မည်သို့ အသုံးဝင်နိုင်မည်နည်းဟု အမြဲတွေးမိခဲ့သည်။

ဘဝသံသရာကျောက်တုံးတွင် ဤမျှလောက် ကြီးမားသော အရေးပါမှု ရှိနေသည်ကို သူ မသိခဲ့ပေ။

သို့သော်…

လုချန်း ဆက်လက်၍ မေးလိုက်သည်။

“ဘဝသံသရာကျောက်တုံးကို ဘယ်တော့မှ သုံးနိုင်မှာလဲ။”

[သခင်၏အဆင့် ဥပဒေ နိယာမ အလုံးစုံနယ်ပယ်သို့ တက်လှမ်းသွားသည်နှင့်တစ်ပြိုင်နက် သခင်သည် ဘဝသံသရာကျောက်တုံး၏ ပထမအလွှာ တံဆိပ်ကို ဖွင့်နိုင်ပြီး ဘဝသံသရာကျောက်တုံး၏ စွမ်းအားကို အသုံးပြုနိုင်မည်ဖြစ်သည်။]

ကောင်းကင်လူသားအဆင့် နောက်ပိုင်းရှိ အဆင့်များကို လုချန်း စိတ်ထဲတွင် ရွတ်ဆိုကြည့်လိုက်သည်။ ကောင်းကင်လူသား နယ်ပယ်ပြီးလျှင် မူလအစကမ္ဘာ နယ်ပယ်နှင့် ယင်ယန်နယ်ပယ်တို့ဖြစ်ပြီး ယင်ယန်နယ်ပယ်ပြီးမှ ဥပဒေ နိယာမတရားအလုံးစုံနယ်ပယ် ဖြစ်သည်။

ထို့ကြောင့် ဘဝသံသရာကျောက်တုံးကို အသုံးပြုနိုင်ရန် နောက်ထပ် သုံးကြိမ်သာ အဆင့်တက်ရန် လိုအပ်ပုံရသည်။

သူ၏ဇနီးများနှင့် လေ့ကျင့်ရေးကို အရှိန်မြှင့် လုပ်ဆောင်ရန် လိုအပ်ပုံရသည်။

လေ့ကျင့်ရေးဟု တွေးမိရင်း လုချန်း၏ အကြည့်များက လျှိုချင်းချိုနှင့် မုယန်စီတို့အပေါ်သို့ တစ်ဖန် ပြန်လည်ကျရောက်သွားသည်။

ဤနတ်သမီးနှစ်ယောက်နှင့် လေ့ကျင့်ခြင်းက သူ၏ လေ့ကျင့်ရေးအတွေ့အကြုံကို များစွာ တိုးပွားစေမည်မှာ သေချာသည်။

ထိုသို့တွေးမိသောအခါ လုချန်း အကြံတစ်ခု ရလိုက်သည်။ သို့သော် ထိုအကြံကို သူ ချက်ချင်း အကောင်အထည်ဖော်မည်တော့ မဟုတ်ပေ။ ကောင်းကင်နတ်ဆိုးကို ဖြေရှင်းပြီးနောက်မှ သူ၏အစီအစဉ်ကို ဆောင်ရွက်ရန် စီစဉ်ထားသည်။

လျှိုချင်းချိုသည် မည်မျှ အဆင့်မြင့်သော စွမ်းအားရှင်၏ ကိုယ်ပွားဖြစ်စေကာမူ လုချန်းအတွက်မူ သူ၏လက်ထဲသို့ ကျရောက်လာသရွေ့ သူမသည် သူ၏အမျိုးသမီးတစ်ဦးသာ ဖြစ်သည်။

သူမက အဆင့်မြင့် စွမ်းအားရှင်၏ ကိုယ်ပွားဖြစ်လျှင်ကော ဘာဖြစ်နိုင်မည်နည်း။ ယခု ကမ္ဘာလောကသည် ထိုအဆင့်မြင့် စွမ်းအားရှင်၏ အာရုံခံစားမှုအားလုံးနှင့် အဆက်ပြတ်နေသောကြောင့် ထိုစွမ်းအားရှင် လျှိုချင်းချိုကို ပြန်လည်ရှာဖွေတွေ့ရှိသည့်အချိန်တွင် သူမသည် သူ့အတွက် သားသမီးများစွာ မွေးဖွားပေးပြီး ဖြစ်ကောင်းဖြစ်နေပေမည်။

လက်နက်ချ အခမ်းအနားအပြီးတွင် လုချန်းက ရှနိုင်ငံတော်စစ်တပ်ကို ချွမ်နိုင်ငံတော် နေပြည်တော်အတွင်းသို့ တိုက်ရိုက် ဦးဆောင်ခေါ်သွင်းခဲ့သည်။ ပိုင်ချင်းချင်းသည် ချွမ်နိုင်ငံတော် နန်းတော်တစ်ခုလုံးကို လျင်မြန်စွာ ရှင်းလင်းပြီး လုချန်း နန်းတော်ထဲ့သို့ ပြောင်းရွှေ့‌ခြင်းအား လွယ်ကူချောမွေ့စေခဲ့သည်။

ပိုင်ချင်းချင်းနှင့် သူလူများ ချွမ်နိုင်ငံတော် နန်းတော် ရှင်းလင်းရေး လုပ်နေစဉ်အတွင်း လုချန်းလည်း ချွမ်ဧကရာဇ်၏ နန်းတွင်းစာကြည့်ခန်းသို့ တိုက်ရိုက်သွားလိုက်ပြီး အတွင်း၌ စိတ်ဝင်စားဖွယ်ရာများ ရှိ မရှိ လေ့လာချင်စိတ်ပေါ်လာခဲ့သည်။

တော်ဝင်မိသားစုတိုင်းနီးပါးတွင် လျှို့ဝှက်ချက်အချို့ ရှိကြသည်။ ဝူနိုင်ငံတော် တော်ဝင်မိသားစုနှင့် ကျူးနိုင်ငံတော် တော်ဝင်မိသားစု နှစ်ခုလုံးတွင် လျှို့ဝှက်ချက်များ ရှိခဲ့သော်လည်း ထိုလျှို့ဝှက်ချက်များက လုချန်းအတွက် ဆွဲဆောင်မှုမရှိခဲ့ပေ။

နန်းတွင်းစာကြည့်ခန်းသို့ ဝင်ရောက်သောအခါ ချွမ်နိုင်ငံတော်မှ လူများ၏ လမ်းညွှန်မှုဖြင့် ချွမ်ဧကရာဇ် အဆက်ဆက် သူတို့၏ လျှို့ဝှက်ချက်များကို ဝှက်ထားခဲ့သည့် နေရာကို ရှာဖွေတွေ့ရှိပြီး ဤလျှို့ဝှက်ချက်များကို တစ်ခုပြီးတစ်ခု စတင်ဖတ်ရှုနေသည်။

…….

ညဉ့်နက်ချိန်။

နန်းတွင်းစာကြည့်ခန်းအတွင်းရှိ မီးရောင်များ လင်းနေဆဲဖြစ်သည်။ လုချန်းသည် အိပ်စက်ခြင်းမရှိသေးပဲ ချွမ်နိုင်ငံတော်၏ ဧကရာဇ်အဆက်ဆက် ချန်ထားခဲ့သော စာလိပ်များကို ကြည့်ရှုနေဆဲဖြစ်သည်။ ဤစာလိပ်များတွင် ထူးဆန်းအံ့ဩဖွယ် အဖြစ်အပျက်များစွာ ပါဝင်ပြီး အများစုမှာ ထာဝရတန်ခိုးရှင်များနှင့် သက်ဆိုင်နေသည်။

အမှန်စင်စစ် လုချန်း ဤစာလိပ်များကို ဖတ်ရှုခြင်းမှာ အပျော်သက်သက်အတွက်သာ မဟုတ်ပေ။ သူသည် ဝူနိုင်ငံတော်နှင့် ရှနိုင်ငံတော်တို့၏ တော်ဝင်လျှို့ဝှက်ချက်များမှ ဤကမ္ဘာ၏ အတိတ်နှင့်ပတ်သက်သော လျှို့ဝှက်ချက်များစွာကို လေ့လာသိရှိခဲ့ပြီး ယခု ချွမ်နိုင်ငံတော်မှလည်း ထပ်မံသိရှိနေရသည်။

ထိုလျှို့ဝှက်ချက်များအရ မင်းဆက်တိုင်းကို တည်ထောင်ရာ၌ တန်ခိုးရှင်များ၏ လမ်းညွှန်မှု အမြဲပါဝင်နေပုံရသည်။

အစပိုင်းတွင် ဝူနိုင်ငံတော်နှင့် ရှနိုင်ငံတော် တော်ဝင်မိသားစုများ၏ လျှို့ဝှက်ချက်များတွင် ဖော်ပြထားသော တန်ခိုးရှင်များသည် မင်းဆက်တည်ထောင်ခြင်းကို တရားဝင်ဖြစ်စေရန် ဝါဒဖြန့်မှုတစ်ခုဟုသာ သူ ထင်ခဲ့သည်။

သို့သော် ယခုအခါတွင်မူ ထာဝရတန်ခိုးရှင်များ၏ လမ်းညွှန်မှု မရှိသော အရေးမပါသည့် နိုင်ငံငယ်အချို့မှလွဲ၍ ဤအဓိကမင်းဆက်ကြီးလေးခုစလုံးတွင် ထာဝရတန်ခိုးရှင်များ၏ လမ်းညွှန်မှုရှိခဲ့ပုံရသည်။ ယင်းသည် ဤကမ္ဘာအပေါ် သိသာထင်ရှားသော သက်ရောက်မှုရှိခဲ့ပြီး ကမ္ဘာ၏ အသွင်ကူးပြောင်းမှုကို တွန်းအားပေးနေသည့် စွမ်းအားတစ်ခု အမှန်တကယ်ရှိကြောင်း ညွှန်ပြနေသည်။

ချွမ်နိုင်ငံတော် တော်ဝင်စာလိပ်များတွင် မှတ်တမ်းတင်ထားသည်များကို မြင်သောအခါ ဤအဓိကမင်းဆက်ကြီးများ တည်ထောင်မှုကို လမ်းညွှန်ပေးသော တန်ခိုးရှင်များ စနစ်နှင့် ဆက်စပ်မှု ရှိနိုင်လားဟု လုချန်း တွေးတောမိသည်။

အကြောင်းတစ်စုံတစ်ရာကြောင့် ဤအရာအားလုံးတွင် စနစ်၏ တည်ရှိမှုကို သူအမြဲခံစားနေရသည်။

လုချန်း အတွေးထဲနစ်မြောနေစဉ် ရုတ်တရက် အခန်းအတွင်းရှိ ဖယောင်းတိုင်မီးသည် ပြင်းထန်စွာ တုန်ခါသွားပြီး ကြောက်မက်ဖွယ် ခံစားချက်ပေးသည့် အေးစက်စက် လေပြေတစ်ချက် တိုက်ခတ်လာသည်။

ထိုအခိုက်အတန့်တွင် အခန်းထဲ၌ တရားထိုင်နေသော လျှိုချင်းချိုနှင့် မုယန်စီတို့သည်လည်း ထိုအေးစက်သောလေကို ခံစားမိကြသည်။ အမျိုးသမီးနှစ်ဦးလုံး တစ်ပြိုင်နက်တည်း မျက်လုံးများကို ဖွင့်လိုက်ကြသည်။

All Chapters