← Chapters

ခင်ဗျားက ဘယ်သူလဲ

Vol. 59 Ch. 885

ခင်ဗျားက ဘယ်သူလဲ

Vol. 59 Ch. 885

မုယန်စီနှင့် လျှိုချင်းချိုတို့နှစ်ဦးသည် အဆင့်မြင့် ကျင့်စဉ်ကမ္ဘာမှ ကျင့်စဉ်ကျင့်သူများဖြစ်ကြပြီး ကောင်းကင်နတ်ဆိုးများကို မြင်ဖူးရုံသာမက ဝိုင်းဝန်းနှိမ်နင်းရာတွင်ပင် ပါဝင်ခဲ့ဖူးကြသည်။

ကျင့်စဉ် ကမ္ဘာရှိ အချို့သောဂိုဏ်းများသည် တပည့်များက ထိုကဲ့သို့သော နတ်ဆိုးများနှင့်တွေ့ဆုံသောအခါ သူတို့ဆီမှာဖြစ်ပေါ်တတ်သော ကြောက်ရွံ့စိတ်ကို လျော့ပါးစေရန် ကောင်းကင်နတ်ဆိုးများကို စမ်းသပ်သည့်အရာများအဖြစ် အသုံးပြုကြ၏။

သူတို့၏နှလုံးသားထဲမှ ကောင်းကင်နတ်ဆိုးများအပေါ် ကြောက်ရွံ့မှုကို ကျော်လွှားနိုင်မှသာလျှင် ရင်ဆိုင်တိုက်ခိုက်ပွဲ၌ ကောင်းကင်နတ်ဆိုးများ ပိုမိုအားကောင်းလာစေမည့် ကြောက်စိတ်၏ စွမ်းအင်များ ထွက်ပေါ်ခြင်းမှ ရှောင်ရှားနိုင်မည်ဖြစ်သည်။

အချို့သော ကောင်းကင်နတ်ဆိုးများ ကျင့်စဉ်ကျင့်သူများနှင့် တွေ့ဆုံသောအခါ သူတို့၏အစွမ်းသည် ကျင့်စဉ်ကျင့်သူများလောက် အစွမ်းမထက်သော်လည်း ပြိုင်ဘက် ကျင့်စဉ်ကျင့်သူ၏ ကြောက်ရွံ့စိတ်ကို ချဲ့ထွင်နိုင်ကာ ထိုကြောက်ရွံ့မှုမှ ထုတ်ပေးသော စွမ်းအားကို စားသုံးနိုင်သည်။ ထိုအခြေအနေတွင် ကောင်းကင်နတ်ဆိုးတစ်ယောက်သည် အချိန်တိုအတွင်းပင် ရင်ဆိုင်နေရသော ကျင့်စဉ်ကျင့်သူထက် ပိုမိုအားကောင်းလာတတ်သည်။

ထိုအချက်က အဆင့်မြင့် ကျင့်စဉ်‌ ကမ္ဘာရှိဂိုဏ်းများ သူတို့၏တပည့်များ၏ အတွင်းစိတ်ခွန်အားကို ကျင့်စဉ်၏ ပထမဆုံးအဆင့်တွင် ပြုစုပျိုးထောင်ပေးရခြင်း၏ အကြောင်းရင်းပင်ဖြစ်သည်။

နတ်ဆိုးစွမ်းအင်ကို ထောက်လှမ်းမိသော်လည်း အမျိုးသမီးနှစ်ဦးကတော့ မကြောက်ရွံ့ကြပါ။ အကယ်၍ သူတို့ကိုယ်သူတို့ ကြောက်ရွံ့ခွင့်ပေးလိုက်ပါက သူတို့၏ကြောက်စိတ်သည် ကောင်းကင်နတ်ဆိုး၏ အစွမ်းသတ္တိကို တိုးပွားစေရာရောက်မည်ကို သူတို့နားလည်ထားကြ၏။

လုချန်းက ကောင်းကင်နတ်ဆိုးကို ရှာဖွေမည်ဟု ပြောခဲ့သောကြောင့် သူ့ထံတွင် နတ်ဆိုးကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိနေနိုင်သည်ဟု အမျိုးသမီးနှစ်ဦး ထိုအချိန်တွင် တွေးမိလိုက်ကြသည်။

ယခု ကောင်းကင်နတ်ဆိုး ရောက်လာပြီဖြစ်၍ သူတို့လုပ်ရန်လိုအပ်သည်မှာ လုချန်း၏နောက်တွင် ပုန်းနေရန်သာ ဖြစ်သည်။

ထိုသို့တွေးလိုက်သည်နှင့် အမျိုးသမီးနှစ်ဦးလည်း လုချန်း၏တည်နေရာကို လျင်မြန်စွာ အာရုံခံလိုက်ရာ သူသည် လက်ရှိတွင် ချွမ်ဧကရာဇ်၏ နန်းတွင်းစာကြည့်ခန်းနောက်တွင် ရှိနေသည်ကို တွေ့ရှိရသဖြင့် သူတို့လည်း ထိုနေရာသို့ တတ်နိုင်သမျှ အမြန်ဆုံး သွားခဲ့ကြသည်။

အမျိုးသမီးနှစ်ဦး နန်းတွင်းစာကြည့်ခန်းထဲသို့ ဝင်ရောက်လာသောအခါ ကောင်းကင်နတ်ဆိုး ရောက်ရှိလာသည်ကို လုံးဝသတိမမူမိပဲ စာလိပ်တစ်လိပ်ထဲတွင် အာရုံစိုက်နေသော လုချန်းကို တွေ့လိုက်ရသည်။

ထိုအခိုက်တွင် မုယန်စီက သူ့ကို မပြောပဲ မနေနိုင်တော့ပဲ

“မင်းကြီး။ မင်းကြီးက ကောင်းကင်နတ်ဆိုးကို အမြဲရှာနေခဲ့တာ မဟုတ်လား။ အခု အိမ်တိုင်ရာရောက် ရောက်လာမှတော့ ဘာမှလုပ်ဖို့ အစီအစဉ်မရှိဘူးလား”

ဟု သတိပေးလိုက်သည်။

လုချန်းက

“ကောင်းကင်နတ်ဆိုး ဟုတ်လား။ ဘယ်မှာလဲ။”

လုချန်း၏မေးခွန်းကိုကြားသောအခါ အမျိုးသမီးနှစ်ဦးလုံး အဓိပ္ပာယ်မရှိဟု ခံစားလိုက်ရသည်။ ကောင်းကင်နတ်ဆိုး ရောက်လာသည်ကို သူ မသိကြောင်း သူတို့မယုံကြည်ကြပေ။ သူတို့ပင် နတ်ဆိုးစွမ်းအင်ကို ခံစားမိနိုင်လျှင် လုချန်းက လုံးဝမခံစားမိပဲနေရန်က မဖြစ်နိုင်ပေ။

အဆင့်မြင့် ကျင့်စဉ်ကမ္ဘာတွင် သေးငယ်ပြီး အဆင့်နိမ့်သော ဂိုဏ်းများမှ ကျင့်စဉ်ကျင့်သူများသာ ကောင်းကင်နတ်ဆိုးများနှင့် လက်တွေ့စမ်းသပ်၍ သူတို့၏အတွင်းစိတ်ခွန်အားကို ပြုစုပျိုးထောင်ရန် အခွင့်အရေး ရှားပါးတတ်ကြသည်။ ကြီးမားထင်ရှားသော ဂိုဏ်းများကမူ ထိုရည်ရွယ်ချက်အတွက် နတ်ဆိုးတို့ကို အသုံးပြုကြသည်။

ဤကမ္ဘာတွင် အောင်မြင်စွာ နာမည်ရနေသော လုချန်းသည် ဂိုဏ်းငယ်လေးတစ်ခုမှ လာတာ မဖြစ်နိုင်ပေ။ လုချန်းကလည်း သူတို့ကဲ့သို့ပင် ကြီးကျယ်သော ဂိုဏ်းကြီးတစ်ခုမှ လာသည်ဟု အမျိုးသမီးနှစ်ဦး ယူဆထားကြသည်။ ယခုမူ သူက ကောင်းကင်နတ်ဆိုးရောက်လာသည်ကို မသိချင်ယောင်ဆောင်နေသည်။

အမှန်တကယ်တော့ လုချန်းလည်း နတ်ဆိုးစွမ်းအင်ရှိနေသည်ကို ခံစားမိခဲ့ပြီးဖြစ်သည်။ သူ၏ နတ်ဆိုးနှင်တံခွန်ကလည်း မငြိမ်မသက် လှုပ်ရှားနေခဲ့သည်။

ကောင်းကင်နတ်ဆိုးတစ်ကောင် ချဉ်းကပ်လာမှသာ နတ်ဆိုးနှင်တံခွန်က ထိုကဲ့သို့သော တုံ့ပြန်မှုကို ပြသခြင်းဖြစ်သည်။

သို့သော် လုချန်းက အလျင်မလိုခဲ့ပေ။ ကောင်းကင်နတ်ဆိုး သူ့ထံသို့ လာသည်အထိ စောင့်လိုသည်။

လုချန်း၏ ဂရုမစိုက်ဟန်ကို မြင်သောအခါ အမျိုးသမီးနှစ်ဦး တစ်စုံတစ်ခုကို လျင်မြန်စွာ သဘောပေါက်သွားကြသည်။

ဖြစ်နိုင်သည်မှာ လုချန်းက ကောင်းကင်နတ်ဆိုး ရောက်လာခြင်းကို အစကတည်းက သိရှိသော်လည်း ၎င်းကို ကြီးမားသော ကိစ္စတစ်ခုအဖြစ် မယူဆခြင်း ဖြစ်နိုင်သည်။

မသိချင်ယောင်ဆောင်ခြင်းဖြင့် သူသည် ကောင်းကင်နတ်ဆိုး၏ သတိထားမှုကို လျှော့ချရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်နိုင်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် နတ်ဆိုးစွမ်းအင်ကိုပင် မခံစားနိုင်သော အရေးမပါသည့် ကျင့်စဉ်ကျင့်သူတစ်ဦးအဖြစ် သူ့ကိုယ်သူပုံဖော်ကာ သိသာထင်ရှားသော ခြိမ်းခြောက်မှုမရှိဟု နတ်းဆိုးအား ထင်မြင်စေရန် ဖြစ်သည်။

အမျိုးသမီးနှစ်ဦး ထိုသို့ စဉ်းစားနေစဉ်တွင် နက်ရှိုင်းသောအသံတစ်ခုက နန်းတွင်းစာကြည့်ခန်းကို ပြည့်နှက်သွားသည်။

“ကျုပ်ရဲ့ စားကျက်ကို ဖျက်ဆီးခဲ့တာ ခင်ဗျားလား။”

ထိုအသံက သူတို့၏စိတ်ထဲသို့ တိုက်ရိုက်ထိုးဖောက်ဝင်ရောက်လာပုံရ၏။ မုယန်စီနှင့် လျှိုချင်းချိုတို့နှစ်ဦးလုံး ပြင်းထန်စွာ ခေါင်းကိုက်ခြင်းကို ခဏခန့် ခံစားခဲ့ရ၏။ သူတို့သည် နတ်ဆိုးစွမ်းအင်၏ လွှမ်းမိုးမှုကို ကြိုးစားတွန်းလှန်နေသော်လည်း ကောင်းကင်နတ်ဆိုး၏အသံ ပေါ်ထွက်လာခြင်းက သူတို့၏ စိတ်အခြေအနေများကို အနည်းငယ် ပြောင်းလဲသွားစေခဲ့သည်။

အမျိုးသမီးနှစ်ဦးလည်း လုချန်း၏ နောက်သို့ လျင်မြန်စွာ ပုန်းလိုက်ကြသည်။

ယခု လုချန်းက ကောင်းကင်နတ်ဆိုးကို မည်သို့ကိုင်တွယ်မည်ကို ကြည့်ရမည့်အချိန် ဖြစ်သည်။

လုချန်းက သူကိုင်ထားသော စာလိပ်ကို စားပွဲပေါ်သို့ အေးဆေးစွာတင်လိုက်ပြီးနောက် တံခါးပေါက်ဆီသို့ မော့ကြည့်လိုက်သည်။

ဝင်ပေါက်တွင် ကြောက်မက်ဖွယ် သတ္တဝါကြီးတစ်ကောင် ရှိမနေပဲ မျက်လုံးမှ အနီရောင် အလင်းများ ထွက်နေသော လူငယ်တစ်ဦးနှင့် တိုင်ယင်ဂိုဏ်းမှ လူတစ်စုသာ ရှိနေသည်။

လုချန်းက လူငယ်ကို လှမ်းကြည့်လိုက်ရာ စနစ်က သူ၏အချက်အလက်များကို ချက်ချင်း ဖော်ထုတ်ပေးခဲ့သည်။

[အမည်: မရှိ]

[အချက်အလက်: လောကပြင်ပ ကောင်းကင်နတ်ဆိုး]

[အစွမ်း: မူလအစကမ္ဘာ နယ်ပယ်]

[သစ္စာစောင့်သိမှု: ၀]

ဤသို့ တိုတောင်းသော မိတ်ဆက်မှုကိုမြင်ရသောအခါ လုချန်း အံ့အားသင့်သွားသည်။ အသေးစိတ်အချက်အလက်များ မရှိသလောက်ပင်ဖြစ်ပြီး အလွန်ရိုးရှင်းလွန်းလှသည်။

ကောင်းပြီ။ နတ်ဆိုးနှင်အလံက ကောင်းကင်နတ်ဆိုးကို ဖြေရှင်းနိုင်သည်ကို သူသိနေသရွေ့ အရေးမကြီးပါချေ။

ထိုအခိုက်တွင် လုချန်းက တိုင်ယင်ဂိုဏ်းချုပ်ကို ကြည့်ကာ

“တိုင်ယင်ဂိုဏ်းချုပ်ကို အချိန်အတော်ကြာ မတွေ့ရလို့ ဘာကြောင့်လဲလို့ ကျွန်တော်တွေးနေတာ။ ခင်ဗျားက ကောင်းကင်နတ်ဆိုးအတွက် ခွေးတစ်ကောင် ဖြစ်သွားတာကိုး။”

ထိုစကားကို ကြားသောအခါ တိုင်ယင်ဂိုဏ်းချုပ်က ရှက်ရွံ့ခြင်းမရှိဘဲ ဂုဏ်ယူနေဟန်ဖြင့် ပြုံးကာ

“ကောင်းကင်နတ်ဆိုးအတွက် ခွေးတစ်ကောင်ဖြစ်ရတာ ကျုပ်အတွက် ဂုဏ်ယူစရာပဲ။”

“ခင်ဗျားကတော့ သေခါနီးနေတာတောင်မှ သိပ်ကို မာန်တက်နေသေးတာပဲ။”

“ကောင်းကင်နတ်ဆိုးကို ဆန့်ကျင်ဝံ့တဲ့သူတွေ ဘယ်တော့မှ အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး။”

လုချန်းက ဂရုမစိုက်ဟန်ဖြင့်

“ဪ ဟုတ်လား”

လုချန်း အလွန်တည်ငြိမ်နေသည်ကိုမြင်သောအခါ တိုင်ယင်ဂိုဏ်းချုပ် စိတ်ရှုပ်ထွေးသွားသည်။ လုချန်း သာမန်မဟုတ်ကြောင်း သူ့အစောကြီးကတည်းက ခန့်မှန်းပြီးသားဖြစ်သည်။

ဖြစ်နိုင်သည်မှာ သူသည် ဤကမ္ဘာမှ လူတစ်ဦး မဟုတ်ပဲ အဆင့်မြင့်ကျင့်စဉ်ကမ္ဘာ၏ ဂိုဏ်းကြီးတစ်ခုမှ လာခြင်း သို့မဟုတ် ကျင့်စဉ်အတွက် အဆင့်မြင့်ကမ္ဘာတစ်ခုခုမှ ဤကမ္ဘာသို့ စေလွှတ်ခံရခြင်း ဖြစ်နိုင်ခြေများသည်ဟု တိုင်ယင်ဂိုဏ်းချုပ် တွက်‌ဆထားသည်။

ထိုသို့သောနေရာများမှ လာသူများသည် ကောင်းကင်နတ်ဆိုးက ကျင့်စဉ်ကျင့်သူများအပေါ် သက်ရောက်နိုင်သော အစွမ်းကို အထူးသတိပြုမိသင့်သည်။

ယခုအဘယ်ကြောင့် လုချန်းက ယခု လုံးဝမကြောက်ရွံ့နေရသနည်း။ သူ့၌ ကောင်းကင်နတ်ဆိုးကို ဖြေရှင်းရန် အမှန်တကယ်ပင် အထူး ဝှက်ဖဲ တစ်မျိုးမျိုး ရှိနေနိုင်လား။

ထိုသို့ မဖြစ်နိုင်သင့်ပါ။

ကောင်းကင်နတ်ဆိုးကို တန်ပြန်နိုင်သောအရာများ များများစားစား မရှိပါ။ အချို့သော ဂိုဏ်းကြီးများသည် နတ်ဆိုးတစ်ယောက်ကို ဖယ်ရှားရန်ပင် ကြိုးပမ်းအားထုတ်မှုများစွာ အသုံးပြုရသည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်နတ်ဆိုး၏ စွမ်းအားမြင့်တက်မှုက အလွန်အမြန်ဆန်သောကြောင့်ဖြစ်သည်။

ထိုအချိန်တွင် ကောင်းကင်နတ်ဆိုးသည်လည်း ခပ်လှမ်းလှမ်းရှိ ထိုလူသား၏ အငွေ့အသက် တစ်ခုခုမှားယွင်းနေသည်ကို သတိပြုမိလိုက်သည်။ အကြောင်းတစ်ခုခုကြောင့် ထိုလူထံမှ အထူးရွံရှာဖွယ်ကောင်းသော အငွေ့အသက်တစ်ခုကို သူခံစားနေရသည်။

ထို့နောက် ကောင်းကင်နတ်ဆိုးက

“လူသား။ ခင်ဗျား ဘယ်ကမ္ဘာက လာတာလဲ။”

ကောင်းကင်နတ်ဆိုးက တိုက်ရိုက်မတိုက်ခိုက်ပဲ လုချန်းအား ထိုမေးခွန်းကို မေးလိုက်သည်ကို မြင်သောအခါ ထိုနေရာ၌ ရှိနေသူအားလုံး အံ့အားသင့်သွားကြသည်။ ကောင်းကင်နတ်ဆိုးသည် အပိုစကားပြောခြင်းကို မကြိုက်ပဲ တိုက်ရိုက်လုပ်ဆောင်တတ်သူဟု သူတို့အမြဲသိထားသည်မဟုတ်ပါလား။

အဘယ်ကြောင့် လုချန်း ဘယ်ကလာသည်ကို မေးခြင်းဖြင့် စတင်ခဲ့သနည်း။

လုချန်းက ပြုံးပြီး

“ကျွန်တော်လည်း ကျွန်တော်ဘယ်ကမ္ဘာက လာလဲဆိုတာ ကိုယ့်ဘာကိုယ် မသိဘူး။”

တိုင်ယင်ဂိုဏ်းချုပ်က မျက်မှောင်ကြုတ်ကာ “ကောင်းကင်နတ်ဆိုးက မင်းကိုမေးခွန်းမေးတဲ့အခါ အမှန်အတိုင်းဖြေရမယ်။ မသိဘူးလို့ ပြောရဲတာကတော့ မင်းသေချင်နေပြီလို့ ကျုပ် ယူဆတယ်။”

လုချန်းက တိုင်ယင်ဂိုဏ်းချုပ်ကို လျစ်လျူရှုလိုက်သည်။ ထိုခြေသလုံးဖက်သည့် ခွေးကို နောက်မှ ဖြေရှင်းရမည်။

ထို့နောက် လုချန်းက

“ကျွန်တော် တော်တော်လေး စပ်စုချင်တာက ခင်ဗျားလို လောကပြင်ပ ကောင်းကင်နတ်ဆိုးက ဒီမှာ ဘာတွေလုပ်နေတာလဲ။ ဒီကမ္ဘာက ဘာကို အဲ့ဒီလောက် လိုချင်နေကြတာလဲ။”

လုချန်း၏ မေးခွန်းကို ကြားသောအခါ ကောင်းကင်နတ်ဆိုး၏ ခန္ဓာကိုယ်အတွင်းမှ နတ်ဆိုးစွမ်းအင်များ တိုးမြင့်လာသည်။ လုချန်းက သူ့ကို ထိုသို့သော မေးခွန်းမျိုး မေးလိမ့်မည်ဟု မျှော်လင့်ထားပုံ မရပေ။

ထို့နောက် ကောင်းကင်နတ်ဆိုးက လုချန်းကို သတိထားဟန်ဖြင့် ကြည့်ကာ အေးစက်စွာဖြင့်

“မင်း ဘယ်သူလဲ။”

ကောင်းကင်နတ်ဆိုး၏ အမူအရာကိုမြင်သောအခါ ထိုနေရာ၌ ရှိနေသူအားလုံး နောက်တစ်ကြိမ် တုန်လှုပ်သွားကြပြန်သည်။

ကောင်းကင်နတ်ဆိုးတစ်ကောင်ကို ဤမျှစိတ်လှုပ်ရှားစေနိုင်သည့် လုချန်းက အမှန်တကယ် မည်သူဖြစ်သည်ကို သူတို့လည်း သိချင်နေကြသည်။

အမှန်စင်စစ် လုချန်း ကောင်းကင်နတ်ဆိုး၏ သဘောသဘာဝကို လုံးဝနားမလည်ပေ။ သူ၏ အစောပိုင်း စကားများက ဟန်ကိုယ့်ဖို့ ပြော နေခြင်းမျှသာ ဖြစ်သည်။

စနစ်က ၎င်းကို “ လောကပြင်ပ ကောင်းကင်နတ်ဆိုး” ဟု ဖော်ပြထားပြီး သူယခင်ဘဝက ဖတ်ခဲ့သော ဝတ္ထုများအရ ကောင်းကင်နတ်ဆိုးသည် ဤစကြဝဠာမှ မဟုတ်နိုင်ဟု သူသံသယဝင်ခဲ့သည်။

ဤနေရာတွင် “စကြဝဠာ” ဆိုသည်မှာ သူတို့ လက်ရှိရှိနေသော ကမ္ဘာကို ဆိုလိုခြင်းမဟုတ်ပဲ သူတို့၏ လက်ရှိကမ္ဘာကို လွှမ်းခြုံထားသည့် ပိုကြီးမားသော စကြဝဠာကြီး အဖွဲ့အစည်းကို ဆိုလိုသည်။ ထိုအဖွဲ့အစည်း ထဲတွင် များပြားလှသော အဆင့်မြင့်ကျင့်စဉ်ကမ္ဘာများကိုပါ ဆိုလိုသည်။

“ကောင်းကင်နတ်ဆိုး” ဟူသော ဘွဲ့အမည်ရှေ့တွင် “ လောကပြင်ပ” ဟု တပ်ထားသောကြောင့် ဤကောင်းကင်နတ်ဆိုးသည် အခြားစကြဝဠာတစ်ခုမှ လာခြင်းဖြစ်နိုင်ခြေ မြင့်မားသည်။

All Chapters