← Chapters

ဓားထွက်၍ ဦးခေါင်းကြွေ

Vol. 6 Ch. 79

ဓားထွက်၍ ဦးခေါင်းကြွေ

Vol. 6 Ch. 79

"ဘယ်လောက်မြန်တဲ့ ဓားကွက်လဲ…"

ကျိုးကျင်ချွမ်တစ်ယောက် နဖူးရှေ့တွင် အေးစက်သည့်ခံစားမှုကို ရုတ်တရက် ခံစားလိုက်ရသည်။ မြင်ကွင်းထဲတွင် လော့ချန်က ဓားကိုပြန်သိမ်းကာ တည်ငြိမ်စွာ ရပ်နေပြီဖြစ်သည်။ သူဓားဆွဲထုတ်ကာ လိုက်လံတိုက်ခိုက်ရန် ကြိုးစားသော်လည်း ခန္ဓာကိုယ်က ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်။ ထူးဆန်းသည့်ခံစားမှုက သူ့ကို လွှမ်းမိုးထားသည်။

"ဘမ်း…"

ထူးဆန်းသည့် ခံစားမှုမှာ ခဏသာ ဖြစ်သည်။ ကျိုးကျင်ချွမ်က တောင့်တင်းစွာ လဲကျသွားပြီး မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ထားကာ သူ့ကိုယ်သူသေဆုံးသွားပြီမှန်း မသိလိုက်သလိုပင်။

"ဘာလဲ..."

ထို့နောက် အရာအားလုံးက လျင်မြန်လွန်းလှ၏။ ဝမ်ရှမ်းက လော့ချန်ကို ဝိုင်းဝန်းတိုက်ခိုက်ရန် ပြင်ဆင်နေစဉ် ကျိုးကျင်ချွမ်က လဲကျကာ အသက်ထွက်သွားသည်ကို တွေ့လိုက်ရသည်။ သူမ၏ မျက်နှာလှလှလေးမှာ ထိတ်လန့်ဖွယ် ပြောင်းလဲသွားပြီး လှပသော မျက်လုံးများဖြင့် လော့ချန်ကို ကြောက်ရွံ့စွာ ကြည့်လိုက်သည်။

"မင်း... မင်းက အသုံးမကျသိုင်းဝိညာဉ်နိုးကြားထားသူ မဟုတ်ဘူးလား... အသုံးမကျတဲ့သူတစ်ယောက်က ဘယ်လိုလုပ် ဒီလောက်သန်မာနိုင်မှာလဲ..."

ကျိုးကျင်ချွမ်၏ စွမ်းအားကို သူမက သိထားသည်။ တူညီသောအဆင့်ရှိ သိုင်းသမားများထဲတွင် သူက ထိပ်တန်းအဆင့် ဖြစ်သည်။ ထို့ကြောင့်ပင် သူမက သူနှင့် ရင်းနှီးခဲ့ခြင်း ဖြစ်သည်။ ယခုမူ လော့ချန်က ဓားတစ်ချက်တည်းဖြင့် သူ့ကို သုတ်သင်လိုက်သည်။

လော့ချန်က သူမကို ဂရုမစိုက်ဘဲ အေးစက်စွာ မေးလိုက်သည်။

"ဘယ်သူက ငါ့အသက်ကိုယူဖို့ သတင်းဖြန့်ခဲ့တာလဲဆိုတာ မင်းသိလား…"

ဝမ်ရှမ်း၏ မျက်လုံးများ တဖျတ်ဖျတ်လှုပ်သွားပြီး ချက်ချင်းပင် သူမ၏ မျက်နှာလှလှလေးပေါ်တွင် အပြုံးတစ်ခု ဖြည်းညင်းစွာ ပေါ်လာသည်။

"လော့ချန်ဆရာကြီး… ဘယ်သူက သတင်းဖြန့်ခဲ့တာလဲဆိုတာ ကျွန်မတကယ်မသိပါဘူး… ဒါပေမဲ့ ဒီလိုမျိုး လုပ်နိုင်တဲ့သူကတော့ စမ်းသပ်မှုကို တာဝန်ယူထားတဲ့ အကြီးအကဲတစ်ဦးဦးဖြစ်မှာပါ..."

"ဆရာကြီးက ကျွန်မရဲ့ အသက်ကယ်တင်သူပါ… ကျွန်မ ဘယ်လိုလုပ် ဆရာကြီးကို ထိခိုက်အောင် လုပ်ရဲမှာလဲ… ဒါတွေအားလုံးက ကျိုးကျင်ချွမ်ဆိုတဲ့ ဒီသူခိုးရဲ့ အကြံအစည်တွေပဲ... သူက ဆရာကြီးရဲ့ ဦးခေါင်းကိုယူပြီး အပြင်စည်းတပည့်အဖြစ် ရာထူးတိုးမြှင့်ခံရဖို့ ကြံစည်ခဲ့တာပါ..."

"ဒီလိုကျေးဇူးကို ရန်ငြိုးနဲ့ ပြန်ပေးတတ်တဲ့ လူယုတ်မာမျိုးက သေတာတောင် မလုံလောက်သေးဘူး... "

ဝမ်ရှမ်းက အရာအားလုံးကို ကျိုးကျင်ချွမ်ထံ ပုံချလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူက သေသွားပြီ ဖြစ်၏။ သေသူတွင် သက်သေမရှိပေ။

လော့ချန်က ခေါင်းညိတ်ပြပြီး စကားမပြောတော့ပေ။

"ဒါဆိုရင် ကျွန်မအရင်သွားလိုက်ပါဦးမယ်… ဆရာကြီးရဲ့ ကယ်တင်မှုကျေးဇူးကို နောင်တစ်ချိန် ကျွန်မ တံခါးဝထိ လာရောက်ကျေးဇူးတင်ရှိပါမယ်…"

ဝမ်ရှမ်းက အခွင့်အရေးကောင်းဟု ထင်မြင်ကာ ချစ်စရာကောင်းစွာ ပြုံးလိုက်ပြီး နောက်သို့ နှစ်လှမ်းဆုတ်ကာ ဘေးဘက်ရှိ တောအုပ်ထဲသို့ အလျင်အမြန် ခုန်ဝင်ရန် ဟန်ပြင်လိုက်သည်။

ခန္ဓာကိုယ်လှည့်လိုက်သည့်အခါ သူမ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။

သူမက လော့ချန်ရှိရာနေရာကို သတင်းဖြန့်ချီရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ထိုအခါ လော့ချန်တွင် ဦးခေါင်းသုံးခေါင်းနှင့် လက်ခြောက်ချောင်းရှိရင်တောင် သေဆုံးပြီး သင်္ဂြိုဟ်ရာနေရာပင် မရှိတော့ပေ။

"ငါကမင်းကို သွားခွင့်ပေးလိုက်ပြီမလို့လား…"

လော့ချန်၏ စိတ်ခံစားမှုကင်းမဲ့သည့် အသံထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်မှာ တဟုန်းထိုးထွက်ကာ ဝမ်ရှမ်းနောက်သို့ လိုက်လံသွားသည်။ ထို့နောက် လက်ဖဝါးတစ်ချက်ကို ရိုးရှင်းစွာ ထုရိုက်လိုက်သည်။

ဝမ်ရှမ်းက ထိတ်လန့်ဒေါသထွက်ကာ ချက်ချင်းပင် ဓားကိုမြှောက်၍ ခုခံလိုက်သည်။

"ချင်း…"

ဓားကိုယ်ထည်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး အင်အားကြီးမားလှသည့် ထိုရိုက်ချက်ကြောင့် ဝမ်ရှမ်း၏ ရင်ဘတ်မှာ လေးလံသောတူဖြင့် ထုရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူမ၏ပါးစပ်မှ သွေးတစ်ချက်ထွက်ကာ ခန္ဓာကိုယ်မှာ လွင့်ထွက်သွားပြီး မြေပြင်ပေါ်တွင် အကြိမ်ပေါင်းများစွာ လိမ့်သွားသည်။

လော့ချန်က တစ်လှမ်းချင်း အနီးသို့ ကပ်လာသည်ကို တွေ့လိုက်ရသည့်အခါ ဝမ်ရှမ်းတစ်ယောက် ခဏတာ ထိတ်လန့်သွားသော်လည်း မကြာမီ တည်ငြိမ်သွားပြီး သူမ၏ ဝတ်ရုံစကို ဖြည်းညင်းစွာ လှည့်ဖျားကာ သနားစဖွယ် အမူအရာဖြင့် ချိုသာစွာ ပြောလိုက်သည်။

"လော့ချန်ဆရာကြီး… ဒီအကုန်လုံးက တကယ်ပဲ ကျိုးကျင်ချွမ်ရဲ့ အကြံအစည်တွေပါ… ကျွန်မကို လွှတ်ပေးပါ… ကျွန်မ ဆရာကြီးကို ကောင်းကောင်းကျေးဇူးဆပ်ပါ့မယ်… အစေခံမိန်းကလေးအဖြစ်တောင် ဆောင်ရွက်ပြီး ဆရာကြီးရဲ့ ဆန္ဒအားလုံးကို ဖြည့်ဆည်းပေးပါမယ်…"

"နောက်ကျသွားပြီ…"

လော့ချန်၏ အကြည့်များမှာ အေးစက်နေသည်။

လော့ချန်ထံမှ ထွက်ပေါ်လာသော သတ်ဖြတ်လိုစိတ်ကို ခံစားမိသည့်အခါ ဝမ်ရှမ်းတစ်ယောက် ထိတ်လန့်သွားသည်။

သူမသည် မိမိကိုယ်မိမိ အလှပဂေးတစ်ယောက်ဟု ယူဆထားသော်လည်း လော့ချန်က သူမကို တစ်ချက်မျှပင် လှမ်းမကြည့်ပေ။

"သေရမယ်ဆိုရင်တောင် မင်းကို အဆင်ပြေစေမှာ မဟုတ်ဘူး..."

ဝမ်ရှမ်း၏ မျက်လုံးများထဲတွင် ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခု ဖြတ်ပြေးသွားသည်။

ထို့နောက် နောက်တစ်ကြိမ်...

"လူတွေ မြန်မြန်လာကြပါရှင့်... လော့ချန်က ဒီမှာပဲရှိတယ်... သူ့ကို သတ်လိုက်ရင် အပြင်စည်းတပည့်ဖြစ်လာနိုင်တယ်..."

ဝမ်ရှမ်း၏ ချွန်ထက်သည့် အသံမှာ ဝေးလံသောနေရာများအထိ ပျံ့လွင့်သွားသည်။

လော့ချန်၏ မျက်ခုံးများက တွန့်ကွေးသွားပြီး ကြယ်ကြွေဓားကို တစ်ချက်ဝှေ့ယမ်းလိုက်သည်။

"ရွှပ်…"

ထို့နောက် အသံမှာ ရုတ်တရက် ရပ်တန့်သွားပြီး ဝမ်ရှမ်း၏ ဦးခေါင်းမှာ မြေပြင်ပေါ်သို့ လိမ့်ကျသွားသည်။

"တကယ်ကို မြွေဆိုးကျားကြမ်းစိတ်နှလုံးပဲ..."

လော့ချန်က ခေါင်းခါလိုက်ပြီး ဘယ်ဘက်လက်မောင်းပေါ်ရှိ ဓားဒဏ်ရာကို တစ်ချက်ကြည့်လိုက်သည်။ အဘိုးက သိုင်းလောကသည် အန္တရာယ်များပြီး ကြီးမြတ်သော အောင်မြင်မှုရလိုသူမှာ ရက်စက်ရမည်၊ သတ်ရမည်ဆိုလျှင် သတ်ရမည်၊ နောက်ဆက်တွဲဒုက္ခများ မကျန်ရစ်စေရ၊ အထူးသဖြင့် လှပသောအမျိုးသမီးများကို သတိထားရမည်ဟု ပြောခဲ့သည်မှာ ယခုမှ နားလည်လိုက်ရသည်။ အကယ်၍ သူကသာ မပြတ်သားခဲ့လျှင် ထိုအရာက ပြန်လည်ဖြစ်ပေါ်နိုင်သည့် ဘေးဒုက္ခ ဖြစ်လာမည်။

လော့ချန်က အသာလေး သက်ပြင်းချလိုက်ပြီး ဝမ်ရှမ်း၏ စကားများကို ပြန်လည်တွေးတောရင်း မျက်လုံးများမှာ တဖြည်းဖြည်း အေးစက်လာသည်။

"စမ်းသပ်မှုကို တာဝန်ယူထားတဲ့ အကြီးအကဲ… ဒါဆို ဟယ်အကြီးအကဲပဲ ဖြစ်ရမယ်... ငါ့ကို သတ်လိုက်ရင် အပြင်စည်းတပည့်အဖြစ် တိုက်ရိုက်ရာထူးတိုးမြှင့်ခံရမယ်ဆိုတော့ ဒါက ငါ့ကို လူတိုင်းရဲ့ ရန်သူဖြစ်အောင်လုပ်ပြီး အန္တရာယ်ထဲ ထည့်လိုက်တာပဲ... ဒါပေမဲ့ အပြင်စည်းအကြီးအကဲတစ်ယောက်က တကယ်ပဲ ဒီလောက်အာဏာကြီးမားပြီး လက်တစ်ဖက်နဲ့ ကောင်းကင်ကို ဖုံးအုပ်နိုင်တဲ့ စွမ်းအားရှိတာလား…"

လော့ချန်က ဤအရာမှာ ဟယ်အကြီးအကဲ၏ တစ်ကိုယ်တော် ကြံစည်မှုဖြစ်သည်လား သို့မဟုတ် သူ့နောက်ကွယ်တွင် အခြားသူတစ်ဦးဦးရှိသေးသလားဟု မသိရပေ။ သို့ရာတွင် ယခုအချိန်မှာ ထိုအရာများကို စဉ်းစားရန် အချိန်မဟုတ်မှန်း ထင်ရှားသည်။ ထို့နောက် မမျှော်လင့်ဘဲ ယခုအချိန်တွင် လူအများက သူ့ကို ရှာဖွေနေကြပြီး သတ်ဖြတ်ကာ အကျိုးအမြတ် ယူလိုနေကြသည်။

အပြင်စည်းတပည့်အဖြစ် တိုက်ရိုက်ရာထူးတိုးမြှင့်ခံရမည့် အခြေအနေက အလုပ်သင်တပည့်များအတွက် မလွှဲမရှောင်သာ ဆွဲဆောင်မှုရှိလှပြီး ကောင်းကင်ပေါ်မှ ကျရောက်လာသော အခွင့်အရေးတစ်ခုအဖြစ် မှတ်ယူနိုင်သည်။ ထို့ကြောင့် အသက်ကို အလောင်းအစားပြုကာ ကြိုးစားရကျိုးနပ်လှသည်။

လူသာမန်ဘဝဖြတ်ကျော်အဆင့်လေးရှိသည့် တပည့်များကတော့ အဆင်ပြေသော်လည်း အဆင့်ငါးရှိသည့် တပည့်များက အုပ်စုဖွဲ့လာခဲ့ပါက လော့ချန်တစ်ယောက် အန္တရာယ်ကင်းစွာ ထွက်ပြေးနိုင်မည်ဟု ယုံကြည်ချက် မရှိပေ။

"စစ်မှန်တဲ့နဂါးကျင့်စဉ်ကို မြန်မြန်ဆန်ဆန် အဆင့်တက်အောင် လုပ်ရမယ်..."

လော့ချန်၏ အကြည့်များက ဝမ်ရှမ်းနှင့် ကျိုးကျင်ချွမ်တို့၏ အလောင်းများပေါ်သို့ ရောက်ရှိသွားသည်။

လော့ချန်က သိုင်းဝိညာဉ်ကို စုပ်ယူရန် ပြင်ဆင်နေစဉ် ရုတ်တရက် ဘေးဘက်ရှိ သစ်ပင်ကြီးနောက်မှ အနက်ရောင်အရိပ်တစ်ခု ထွက်ပေါ်လာပြီး လက်သီးတစ်ချက်က ပြင်းထန်သော လေစွမ်းအင်နှင့်အတူ အောက်သို့ အင်အားပြင်းစွာ ထုရိုက်လာသည်။

လော့ချန်၏ မျက်ခုံးများက တွန့်ကွေးသွားပြီး လက်သီးဖြင့် ခုခံလိုက်သည်။

"ဘုန်း…"

လေထုထဲတွင် ပေါက်ကွဲသံထွက်ပေါ်လာပြီး ထိုအရိပ်က လော့ချန်၏ အရှေ့သုံးလှမ်းအကွာတွင် တည်ငြိမ်စွာ ဆင်းသက်လာသည်။

"မဆိုးဘူး… ငါ့ရဲ့ လက်သီးတစ်ချက်ကို ခုခံနိုင်တာကွ..."

ထို့နောက် သူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ဟား... ဟား... ဟား..."

လော့ချန်က မျက်လုံးမြှောက်ကြည့်လိုက်ရာ မျက်လုံးများက အနည်းငယ် မှေးကျဉ်းသွားသည်။

"ဟန်ဖုန်း..."

ထို့နောက် ရောက်ရှိလာသူက အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားပြီး မျက်လုံးများမှာ ကျဉ်းမြောင်းကာ နှာခေါင်းမှာ ချိတ်ပုံစံ ဖြစ်နေသည်။ သူ၏ အမူအရာမှာ ယုတ်မာရက်စက်သည့် ခံစားမှုကို ပေးစွမ်းသည်။ သူသည် ဟန်ဖုန်းပင် ဖြစ်၏။

ထိုအချိန်တွင် ခြေသံများ ထွက်ပေါ်လာပြီး နောက်ထပ် အရိပ်နှစ်ခုက တောအုပ်ထဲမှ ထွက်ပေါ်လာကာ ဟန်ဖုန်းနောက်တွင် ရပ်တည်လိုက်သည်။

"မင်းဆိုတဲ့ အသုံးမကျတဲ့သူက ငါ့ကို တော်တော်လေး ရှာခိုင်းနိုင်တာပဲ...”

ဟန်ဖုန်းက လော့ချန်ကို စူးစိုက်ကြည့်ရင်း ရက်စက်စွာ ပြုံးလိုက်သည်။

ချီယွမ်ကျွန်းပေါ်သို့ စတင်ရောက်ရှိသည့်အချိန်မှစ၍ ဟန်ဖုန်းက လော့ချန်၏ တည်နေရာကို ရှာဖွေနေခဲ့သည်။ ကံမကောင်းစွာဖြင့် ချီယွမ်ကျွန်းမှာ ကျယ်ပြောလှပြီး သူမည်သည့်နေရာတွင် ရှိမှန်း မတွေ့ရှိခဲ့ပေ။ ယခုမှသာ ဝမ်ရှမ်း၏ အော်သံကို ကြားလိုက်ရသဖြင့် လိုက်လံရှာဖွေလာခဲ့ခြင်းဖြစ်သည်။

မြေပြင်ပေါ်ရှိ အလောင်းများကို တစ်ချက်ကြည့်လိုက်ပြီး ဟန်ဖုန်းက ရယ်မောလိုက်သည်။

"ကံကောင်းလို့ပဲ… တခြားသူတွေက အရင်ရောက်မလာခဲ့ဘူး… မင်းရဲ့အသက်က ငါ့အတွက်ပဲ..."

"မင်းတစ်ယောက်တည်းနဲ့လား…"

လော့ချန်က အေးစက်စွာ ရယ်လိုက်သည်။

"ဟား... ဟား... ဟား..."

လူသာမန်ဘဝဖြတ်ကျော်အဆင့်လေးသို့ မတက်လှမ်းမီကပင် သူက ဟန်ဖုန်းကို ဂရုမစိုက်ခဲ့ပေ။ ယခုအချိန်တွင်မူ ပို၍ပင် ဂရုမစိုက်တော့ပေ။

"ရဲတင်းလွန်းလှချည်လား… ဟန်ဖုန်းဆရာကြီးနဲ့ ဒီလိုပြောရဲတယ်ပေါ့..."

"ဟန်ဖုန်းဆရာကြီး… မြန်မြန်သတ်လိုက်ပါ… ဒီလိုဆိုရင် ဆရာကြီးက အပြင်စည်းတပည့်ဖြစ်လာနိုင်မှာပါ"

ဟန်ဖုန်းနောက်တွင် လိုက်ပါလာသော အလုပ်သင်တပည့်နှစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်သည်။

ဟန်ဖုန်း၏ အကြည့်များက အေးစက်လှသည်။

"ကောင်လေး… ဒီနေရာက ဂိုဏ်းထဲမှာမဟုတ်ဘူးနော်… မင်းကို ကာကွယ်ပေးမယ့်သူ တစ်ယောက်ယောက် ရှိမယ်ထင်လား… အရင်တစ်ခေါက်တုန်းက ငါပြောခဲ့ဖူးတယ်လေ… နောက်တစ်ခေါက်တွေ့ရင် မင်းကိုဒူးထောက်ပြီး ငါ့ဖိနပ်ဖုန်တွေကို လျှာနဲ့လျက်ခိုင်းမယ်လို့... အခုက ငါကတိတည်ရမယ့်အချိန်ပဲ..."

"ရွေးချယ်လိုက်… ဒူးထောက်ပြီး သေရမယ့်လမ်းကို ရွေးမလား… ဒါမှမဟုတ် ငါက မင်းကို ဖြည်းဖြည်းချင်း ညှဉ်းပန်းပြီး အသက်ရှင်လျက် သေချင်စိတ်ပေါက်အောင် လုပ်ပေးရမလား..."

"ဟုတ်လား… ငါ့ရဲ့ဒီဓားတစ်ချက်ကို အရင်‌ရှောင်နိုင်ရင် မင်းကို ပြောပြမယ်..."

လော့ချန်၏ အကြည့်များမှာ တည်ငြိမ်နေပြီး ဓားတစ်ချက်ကို ဖြည်းညင်းစွာ ထုတ်ယူလိုက်သော်လည်း အမှန်တကယ်မှာ လျင်မြန်လှသည်။

"ကောင်းကင်ပိုင်းဖြတ်ခြင်းဓားစွမ်းရည်လေးကွက် လေပြတ်ဖြတ်နည်း..."

"ချီ…"

ဓားအလင်းတန်းမှာ တစ်ကြောင်းတည်းအဖြစ် စုစည်းသွားပြီး မြင်းဖြူတစ်ကောင်ကဲ့သို့ လျင်မြန်စွာ ဖြတ်ပြေးကာ လျှပ်စီးမြွေကြီးတစ်ကောင်အလား ကောင်းကင်ယံတွင် ဖြတ်သန်းသွားသည်။

"သေရမယ်ဆိုတာကို မသိဘူးလား…"

ဟန်ဖုန်းက မထီမဲ့မြင်ပြုသည့် အကြည့်ဖြင့် ဓားကိုယ်ထည်ဆီသို့ လက်သီးတစ်ချက် ထိုးထုတ်လိုက်သည်။

လက်သီးမှာ ဓားကိုယ်ထည်ကို ထိမှန်တော့မည့်အချိန်တွင် သူ့မျက်လုံးထဲရှိ ဓားကိုယ်ထည်မှာ ရုတ်တရက် ပျောက်ကွယ်သွား၏။

"ဘုန်း…"

သွေးများ ပန်းထွက်လာပြီးနောက် ဓားသွားက ဟန်ဖုန်း၏ နောက်ကျောမှ ထိုးထွက်လာသည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…"

ဟန်ဖုန်းက သူ့ရင်ဘတ်ထဲရှိ ဓားကို စူးစိုက်ကြည့်ရင်း မယုံကြည်နိုင်စွာ ပြောလိုက်သည်။ သူဘာကြောင့် ဓားထိုးခံလိုက်ရသည်ကို နားမလည်နိုင်ပေ။

လော့ချန်က စကားမပြန်ဘဲ ကြယ်ကြွေဓားကို ဆွဲထုတ်ပြီး ကျန်ရှိသော လူနှစ်ဦးဆီသို့ တိုက်ခိုက်ရန် ထွက်သွားသည်။

"အား... ဟန်ဖုန်းဆရာကြီး သေသွားပြီ..."

"မြန်မြန်ပြေးကြ..."

ဟန်ဖုန်းနောက်တွင် လိုက်ပါလာသော အလုပ်သင်တပည့်နှစ်ဦးက ပုံမှန်ရက်များတွင် ဟန်ဖုန်းနောက် လိုက်လံ သိုင်းပညာ သင်ယူနေကြသူများဖြစ်ပြီး ၎င်းတို့၏ စွမ်းအားမှာ လူသာမန်ဘဝဖြတ်ကျော်အဆင့်သုံးသာ ရှိသည်။ လော့ချန်က တိုက်ခိုက်လာသည်ကို တွေ့လိုက်ရသည့်အခါ ၎င်းတို့၏ ဝိညာဉ်များပင် ထိတ်လန့်ကာ လွင့်ထွက်သွားသလိုဖြစ်ပြီး လှည့်ပြေးသွားကြသည်။

သို့သော် လော့ချန်က ပိုမိုမြန်ဆန်သည်။

"ဘုန်း… ဘုန်း…"

ဓားအိမ်မှ ဓားထွက်သည်နှင့် ဦးခေါင်းနှစ်လုံး ကြွေကျသွားသည်။

All Chapters