← Chapters

တစ်ယောက်နှင့်နှစ်ယောက်ရင်ဆိုင်၍ တစ်သောင်းဖိုး ရမှတ်

Vol. 6 Ch. 85

တစ်ယောက်နှင့်နှစ်ယောက်ရင်ဆိုင်၍ တစ်သောင်းဖိုး ရမှတ်

Vol. 6 Ch. 85

“ဟား... ဟား…”

ချောင်ချင်းထံမှ စကားသံထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အေးစက်စက်ရယ်သံတစ်ခုက တောအုပ်ထဲမှ ထွက်ပေါ်လာသည်။

ခြေသံများက ထွက်ပေါ်လာပြီး အဝါရောင်တိုက်ခိုက်ရေးဝတ်စုံဖြင့် လှံတစ်ချောင်းကိုင်ဆောင်ထားသည့် အကြည့်ထက်သန်လှသော လူငယ်တစ်ဦးက သစ်ပင်များထဲမှ ထွက်လာသည်။

ဖိုင်ရွှမ်...

လော့ချန်က မျက်နှာအမူအရာမဲ့စွာ ရပ်နေသည်။ တစ်စုံတစ်ယောက် ရောက်လာမည်ကို သူစောစောကတည်းက သတိထားမိထားသော်လည်း ဖိုင်ရွှမ်ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

လော့ချန်နှင့် ချောင်ချင်းတို့ကို တစ်ချက်ကြည့်လိုက်ပြီး ဖိုင်ရွှမ်က ရယ်မြူးကာ ပြောလိုက်သည်။

“ချောင်ချင်း… မင်းက အသုံးမကျတဲ့ကောင်တစ်ကောင်ကိုတောင် မနိုင်ဘူးလား။ ငါ့ကို အကူအညီတောင်းရတယ်ဆိုတော့ မင်းကို ဆယ်ယောက်ထဲမှာ ဗိုလ်စွဲဖို့ အလားအလာရှိတဲ့သူလို့ ထည့်သွင်းထားတာ သိပ်ကိုကြီးတဲ့ မျှော်လင့်ချက်ထားမိပုံပဲ”

သူ၏မျက်နှာတွင် ကျယ်လောင်စွာ ရယ်မြူးနေသော အပြုံးတစ်ခုက ဖြစ်ပေါ်နေသည်။

ချောင်ချင်း၏ မျက်နှာသည် အလွန်ပင် မည်းမှောင်သွားပြီး အေးစက်စွာ နှာမှုတ်လိုက်သည်။

“ဖိုင်ရွှမ်… ဒီနေရာမှာ လာပြီး အေးအေးဆေးဆေး ကဲ့ရဲ့မနေနဲ့။ ဒီကောင်လေးက သိပ်ထူးဆန်းတယ်။ လူသာမန်ဘဝဖြတ်ကျော်အဆင့်လေးပဲ ရှိပေမယ့် သူ့မှာ အင်အားက မယုံနိုင်လောက်အောင် ကြီးမားတယ်။ ငါတောင် မယှဉ်နိုင်ဘူး။ မင်း သူ့ကို ပေါ့ပေါ့ဆဆ တွက်ရင် သေချာပေါက် ဒုက္ခရောက်လိမ့်မယ်...”

သူ၏အသံထဲတွင် ဒေါသရိပ်များ လှုပ်ခတ်နေသည်။

“မင်းက မင်းပဲလေ... ငါ့ကို မင်းနဲ့ မနှိုင်းယှဉ်နေနဲ့...”

ဖိုင်ရွှမ်က ခေါင်းကို အနည်းငယ်ယမ်းလိုက်ပြီး မျက်လုံးထဲတွင် မထီမဲ့မြင်ပြုသော အရိပ်အယောင်များ ပြည့်နှက်နေသည်။

အမှန်တိုင်း ပြောရလျှင် သူသည် ချောင်ချင်းကို တစ်ခါမှ မျက်နှာထဲထည့်မကြည့်ဖူးပေ။ အင်အားကြီးမားသည်ကလွဲလျှင် ဘာတစ်ခုမှ ထူးခြားမှုမရှိပေ။

“မင်း…”

ချောင်ချင်းသည် စိတ်ထဲတွင် ဒေါသတဟုန်းဟုန်းထလာသော်လည်း လော့ချန်ကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲမှ ဒေါသမီးလျှံများကို အတင်းဖိနှိပ်ထားလိုက်သည်။ ထို့နောက် အနိမ့်အသံဖြင့် ပြောလိုက်သည်။

“ဖိုင်ရွှမ်… ငါတို့ရဲ့ကိစ္စကို ခဏထားလိုက်ပါဦး။ ချင်တို့ယွမ်က ဒီကောင်လေးကို သတ်ဖြတ်ဖို့ ငါတို့ကို မှာထားတယ်။ အမှားအယွင်းမရှိရဘူး။ ငါတို့ အတူတူလက်တွဲပြီး သူ့ကို သတ်လိုက်ကြမလား...”

သူ၏အသံထဲတွင် အလေးအနက်ပြည့်နှက်နေသည်။

“သူ့ကို သတ်ဖို့ဆိုတာ ဘာကြောင့် အတူတူလုပ်ဖို့လိုမှာလဲ။ မင်း ဘေးမှာ ကြည့်နေရုံပဲ လုပ်လိုက်...”

ဖိုင်ရွှမ်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး လှံကို လက်တစ်ဖက်ဖြင့် ကိုင်ထားကာ လော့ချန်ဆီသို့ ဖြည်းညင်းစွာ လျှောက်လာသည်။ ထို့နောက် ရက်စက်စွာ ပြုံးကာ ပြောလိုက်သည်။

“ကောင်လေး… ငါတို့ ထပ်ပြီး တွေ့ပြန်ပြီနော်။ မင်း ဒီအချိန်ထိ အသက်ရှင်နေတုန်းပဲဆိုတာ တကယ့်ကို အံ့သြစရာပဲ။ ဒါပေမဲ့ ဒီအံ့သြစရာကောင်းတဲ့ အခြေအနေက မကြာခင်မှာ အဆုံးသတ်တော့မှာ...”

သူ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။

လော့ချန်က စကားတစ်ခွန်းမှ မပြောဘဲ တိတ်ဆိတ်စွာ ရပ်နေသည်။ ဗိုလ်စွဲဖို့ အလားအလာရှိတဲ့ ဆယ်ယောက်ထဲက လူတွေက တစ်ယောက်ချင်းစီက တစ်ယောက်ထက် တစ်ယောက် မာနကြီးလှချည်လား။

“ရွှမ်…”

ထပ်မံ၍ အချိန်ဖြုန်းနေလိုစိတ်မရှိတော့သဖြင့် လော့ချန်က ကြယ်ကြွေဓားကို ဆွဲထုတ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

“မင်း ဒီကို ရောက်လာတာ ကောင်းတာပေါ့။ ငါ မင်းကို လိုက်ရှာစရာ မလိုတော့ဘူး။ ဒီနေ့ မင်းတို့အားလုံး ဒီနေရာမှာပဲ နေရစ်ခဲ့ကြတော့…”

သူ၏မျက်လုံးများထဲတွင် အေးစက်သော အလင်းရောင်တစ်ခုက ဖြတ်သန်းသွားသည်။

“အဟက်… စိတ်ဝင်စားစရာပဲ။ မင်း ငါ့ကို ချောင်ချင်းနဲ့ တူတယ်လို့ ထင်နေတာလား... အဆိပ်စွယ်လှိုင်း…”

ဖိုင်ရွှမ်က အေးစက်စွာ ရယ်လိုက်ပြီး လက်ျာလက်ကို တစ်ချက်လှုပ်လိုက်သည်။ လှံသည် ချက်ချင်းပင် လှည့်ပတ်လာပြီး အဆိပ်မြွေတစ်ကောင်လို လေထုကို ဖြတ်သန်းကာ လော့ချန်၏မျက်နှာကို တိုက်ရိုက်ထိုးစိုက်လာသည်။

“ဘုန်း…”

လော့ချန်၏မျက်လုံးများက လျှပ်စီးလိုပင် ထက်သန်လာပြီး ထိုလှံ၏ အားနည်းချက်နေရာကို သေချာစွာ ချိန်မှတ်ကာ လက်သီးတစ်ချက်ကို ထိုးထုတ်လိုက်သည်။

“ဘမ်း…”

ဖျက်ဆီးလိုက်သော လှံအရှိန်သည် တစ်ဟုန်ထိုးပြတ်တောက်သွားပြီး ကြီးမားလှသော အင်အားက လှံတံတစ်လျှောက် ဖြတ်သန်းသွားကာ ဖိုင်ရွှမ်၏လက်ဖဝါးကို ဆုတ်ဖြဲလိုက်သည်။ လှံကို ဆုပ်ကိုင်ထားရန်ပင် မဖြစ်နိုင်တော့ပေ။

“ဘုရားရေ… ဘယ်လောက်တောင် ကြောက်စရေကောင်းတဲ့ အင်အားလဲ…”

ဖိုင်ရွှမ်၏စိတ်ထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားပြီး ချောင်ချင်း အဘယ်ကြောင့် လော့ချန်ကို ဤမျှ ထိတ်လန့်နေရသည်ကို နားလည်သွားသည်။

ဤလက်သီးတစ်ချက်သည် ကျားခုနစ်ကောင်စွမ်းအား၊ ပေါင်သုံးသောင်းငါးထောင်ခန့်ရှိပြီး သာမန်လူသာမန်ဘဝဖြတ်ကျော်အဆင့်ငါးရှိသူများထက် အဆပေါင်းများစွာ ကျော်လွန်နေသည်။ တကယ်ကို ကြောက်စရာပင်။

“အင်အားကြီးမားရုံနဲ့တော့ ငါ့ကို အနိုင်ယူလို့မရဘူး… မြွေရိပ်အလင်းစီး…”

ဖိုင်ရွှမ်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် လှံကို ဆုပ်ကိုင်ကာ လှံတစ်ချက်ကို ရိပ်ရိပ်ဖြစ်အောင် လှည့်ပတ်ထိုးစိုက်လိုက်သည်။

လှံရိပ်များသည် ဆက်လက်ထွက်ပေါ်လာပြီး မြွေပေါင်းများစွာ လှုပ်ရှားနေသည့်နှယ် လမ်းကြောင်းများက မရေရာသလို ဖမ်းဆုပ်ရန်လည်း ခက်ခဲလှသည်။ ထိုလှံရိပ်များက လော့ချန်၏ ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးကို ဖုံးလွှမ်းလိုက်သည်။

“အကွက်ကလေးလှလိုက်တာကွာ… ဒါပေမဲ့ ငါမင်းကို ခွဲဖျက်လိုက်မယ်…”

လော့ချန်က ဖိုင်ရွှမ်၏ တိုက်ခိုက်မှုကို လုံးဝ ဂရုမစိုက်ဘဲ ကောင်းကင်ယံဓားစွမ်းရည် ပထမပုံစံဖြစ်သော လေပြတ်ဖြတ်နည်းကို အသုံးပြုလိုက်သည်။

“ရွှီ…”

ဤဓားစွမ်းရည်သည် အမြန်နှုန်းဖြင့် အနိုင်ယူရန် ရည်ရွယ်ထားသည်။ ဓားတံတစ်ချက်လှုပ်ရှားလိုက်သည်နှင့် အေးစက်သော လျှပ်စီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လှံရိပ်များကြားမှ အကွာအဝေးကို ဖြတ်ကာ ဖိုင်ရွှမ်၏ လည်ချောင်းကို ထိုးစိုက်လိုက်သည်။

“ဘာလဲ…”

ဖိုင်ရွှမ်သည် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ လော့ချန်၏ ဓားစွမ်းရည်သည် ဤမျှ ထက်မြပြီး လိမ္မာပါးနပ်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ သူသည် တိုက်ခိုက်မှုကို စွန့်လွှတ်လိုက်ပြီး ဘေးသို့ လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။

“ရွှပ်…”

သွေးများက ဖျန်းထွက်သွားပြီး ဖိုင်ရွှမ်၏ ပခုံးပေါ်တွင် သွေးစွန်းနေသော ဓားဒဏ်ရာတစ်ခုက ပေါ်ထွက်လာသည်။ သူတစ်ယောက်လုံး အနောက်သို့ ဆက်လက်ဆုတ်ခွာသွားရသည်။

“ဓားစွမ်းရည်က စိတ်ထဲမှာ လိုလားရာအတိုင်း လှုပ်ရှားပြီး ဓားက နှလုံးသားနဲ့အတူ လျှောက်လှမ်းတယ်… မင်းရဲ့ ဓားစွမ်းရည်က ဓားနှလုံးအဆင့်ကို ရောက်ရှိထားပြီးပြီ။ မင်းလို အသုံးမကျတဲ့သူက ဘယ်လိုလုပ်ပြီး ဓားနှလုံးအဆင့်ကို နားလည်နိုင်ရတာလဲ…”

ဖိုင်ရွှမ်သည် လော့ချန်ကို မယုံကြည်နိုင်စွာ ကြည့်နေပြီး မျက်လုံးများထဲတွင် မနာလိုမှုများက ပြည့်နှက်နေသည်။

သူ၏အရည်အချင်းဖြင့်ပင် ယခုအခါတွင် လှံစွမ်းရည်သည် အကွက်အဆင့်တွင်သာ ရှိပြီး လှံနှလုံးအဆင့်နှင့် အကွာအဝေးမှာ သောင်းပေါင်းများစွာ ဝေးကွာနေသေးသည်။ အသုံးမကျသူတစ်ယောက်က မည်သည့်အကျိုးကျေးဇူးဖြင့် ဓားနှလုံးအဆင့်ကို နားလည်နိုင်ရသနည်း။

ဤမျှကြီးမားသော ခြားနားချက်သည် ဖိုင်ရွှမ်ကို အလွန်ပင် မသက်မသာဖြစ်စေပြီး စိတ်ထဲတွင် သတ်ဖြတ်လိုစိတ်များ ပိုမိုပြင်းထန်လာသည်။

“အခုမှ အံ့သြလာတယ်လား... နည်းနည်းနောက်ကျသွားပြီ…”

လော့ချန်က အေးစက်စွာ ပြုံးလိုက်ပြီး သူ၏သိုင်းဝိညာဉ်ကို ထုတ်လွှတ်ကာ အင်အားကို အထွတ်အထိပ်သို့ မြှင့်တင်လိုက်သည်။ ထက်မြသော အရိပ်တစ်ခုက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး သူတစ်ယောက်လုံးသည် ထွက်ရှိလာသော ရတနာဓားတစ်ချောင်းနှယ် ထင်ရှားလာသည်။

“ကောင်းကင်ယံဓားစွမ်းရည် ဒုတိယပုံစံ - တိမ်ယံတည်နေရာ…”

ကြယ်ကြွေဓားသည် ရှည်လျားစွာ မြည်တွန်လာပြီး ဓားအလင်းများအဖြစ် ပြောင်းလဲသွားကာ ဖိုင်ရွှမ်ဆီသို့ လှိုင်းလုံးများနှယ် လွှမ်းမိုးလိုက်သည်။ ၎င်းတို့သည် အဆုံးမရှိသော ကောင်းကင်ယံတိမ်များနှယ် အဆက်မပြတ် စီးဆင်းနေသည်။

“ချောင်ချင်း… မင်း ဘာလို့ ငြိမ်နေသေးတာလဲ။ အတူတူလက်တွဲပြီး ဒီကောင်လေးကို သတ်ဖြတ်ဖို့ ကူညီဦး… မြွေလှုပ်ကောင်းကင်ယံ…”

လော့ချန်ထံမှ ထွက်ပေါ်လာသော ထက်မြသော အရိပ်ကို ခံစားမိသည်နှင့် ဖိုင်ရွှမ်၏ ဦးရေပြားများပင် ထုံကျဥ်လာသည်။ သူသည် ချောင်ချင်းဆီသို့ အော်ဟစ်လိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုကို အသုံးပြုလိုက်သည်။ လှံသည် ဆက်လက်လှည့်ပတ်နေပြီး ထူထပ်သော လှံပိုက်ကွန်တစ်ခုအဖြစ် ဖွဲ့စည်းလိုက်သည်။

“ချင်း... ချင်း... ချင်း…”

ဓားနှင့်လှံတို့ ထိပ်တိုက်ရင်ဆိုင်လိုက်ပြီး ချက်ချင်းပင် အကြိမ်နှစ်ဆယ်ကျော် ထိပ်တိုက်တိုးမိကာ မီးပွားပေါင်းသောင်းချီ ထွက်ပေါ်လာသည်။

ဖိုင်ရွှမ်၏ လှံစွမ်းရည်သည် အလွန်မြန်ဆန်သော်လည်း လော့ချန်၏ ဓားသည် ပိုမိုမြန်ဆန်ပြီး အကွက်တိုင်းက လှံ၏ အားနည်းချက်နေရာများတွင်သာ ခုတ်ထစ်နေသည်။

“ချင်း…”

တစ်ချက်လှုပ်ရှားသည်နှင့် ထူထပ်သော လှံပိုက်ကွန်သည် ဖြတ်ထွင်းခံလိုက်ရသည်။

“ဘုန်း…”

ဓားအလင်းတစ်ချက် ဖြတ်သန်းသွားပြီး ဖိုင်ရွှမ်၏ လည်ချောင်းပေါ်တွင် သွေးရောင်အမှတ်တစ်ခုက ပေါ်ထွက်လာသည်။ သူ၏မျက်လုံးနှစ်လုံးသည် လော့ချန်ကို စူးစိုက်ကြည့်နေပြီး စကားပြောရန် ပါးစပ်ဟလိုက်သည်နှင့် သွေးများသာ ထွက်ကျလာသည်။

“ဘာလဲ…”

လော့ချန်ကို ဝိုင်းဝန်းသတ်ဖြတ်ရန် ပြင်ဆင်လိုက်သည့် ချောင်ချင်းသည် ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် အေးစက်သော ခံစားချက်တစ်ခုက ဦးခေါင်းထဲသို့ တဟုန်ထိုးဝင်ရောက်လာသည်။

စိတ်ထဲတွင် မကျေနပ်မှုများရှိနေသော်လည်း ဖိုင်ရွှမ်၏ အင်အားသည် သူ့ထက် သာလွန်ကြောင်း ချောင်ချင်းလည်း ဝန်ခံရမည်ဖြစ်သည်။

သို့သော် ဖိုင်ရွှမ်နှင့် လော့ချန်တို့ ထိပ်တိုက်ရင်ဆိုင်သည့်အချိန်သည် နှစ်သုံးကြိမ်မျှသာ ရှိပြီး ဖိုင်ရွှမ်သည် ဓားတစ်ချက်ဖြင့် လည်ချောင်းဖြတ်ခံလိုက်ရသည်။ ဤသည်မှာ မည်မျှ ကြီးမားသော အင်အားရှိသူတစ်ဦးလဲ။

ဤသည်မှာ လုံးဝရင်ဆိုင်နိုင်စွမ်းမရှိသည့် ပြိုင်ဘက်ပင်။

“ဘမ်း…”

ချောင်ချင်းသည် တစ်စက္ကန့်မျှပင် မတွန့်ဆုတ်ဘဲ ခြေလှမ်းတစ်ချက်ကို မြေပေါ်သို့ နင်းချလိုက်ပြီး ဦးတည်ရာကို လှည့်ပြီး ထွက်ပြေးလိုက်သည်။

လော့ချန်က စောစီးစွာ သတိထားမိထားပြီး ဓားတစ်ချက်ကို လှည့်ပတ်ဝှေ့ရမ်းလိုက်သည်။

“ကောင်းကင်ယံဓားစွမ်းရည် ပထမပုံစံ - လေပြတ်ဖြတ်နည်း…”

“ရွှပ်…”

ပေါ့ပါးစွာ လှုပ်ရှားလာသော ဓားအလင်းသည် မီးခိုးငွေ့အရိပ်မပါဘဲ ချောင်ချင်း၏ နောက်ကျောမှ ဖြတ်ထွင်းသွားပြီး ဓားသွားသည် သူ၏ရင်ဘတ်အရှေ့မှ ထွက်ပေါ်လာသည်။

“မင်း…”

ချောင်ချင်းသည် ရင်ဘတ်ရှေ့မှ ဓားသွားကို တစ်ချက်ကြည့်လိုက်ပြီး လော့ချန်ကို လှည့်ကြည့်သည်။ သူ၏မျက်လုံးများသည် တဖြည်းဖြည်း အရောင်လျော့သွားပြီး နောင်တအပြည့်ဖြင့် ပြည့်နှက်နေသည်။

ဤအခိုက်အတန့်တွင် သူသည် တကယ်ကို နောင်တရမိသည်။

သူ၏အင်အားဖြင့် ချီယွမ်စမ်းသပ်မှုတွင် ထိပ်ဆုံးဆယ်ဦးထဲသို့ သေချာပေါက် ဝင်ရောက်နိုင်ပြီး ရွှမ်ယွမ်ဂိုဏ်းသို့ အပြင်စည်းတပည့်အဖြစ် ဝင်ရောက်ကာ အနာဂတ်တွင် အလားအလာကောင်းများနှင့် ဂုဏ်ကျက်သရေရှိသော ဘဝကို ပိုင်ဆိုင်နိုင်သည်။

ဤနေရာသည် သူ၏ထူးချွန်သော ဘဝ၏ အဆုံးသတ်ဖြစ်မနေသင့်ပေ။

“ငါ… မလိုလားဘူး…”

လည်ချောင်းထဲမှ စကားလုံးအနည်းငယ်ကို ရေရွတ်လိုက်ပြီး ချောင်ချင်း၏ ခန္ဓာကိုယ်သည် အားအင်ကုန်ခမ်းသွားပြီး မြေပေါ်သို့ လဲကျသွားသည်။

လော့ချန်က ဓားကို အိတ်ထဲသို့ ပြန်ထည့်လိုက်ပြီး မျက်နှာပေါ်တွင် အမူအရာများမရှိပေ။ မင်းမသေရင် ငါသေရမယ်။ ဤသူများကို သနားစရာမလိုဟု သူတွေးမိသည်။

သူတို့ထံမှ ပစ္စည်းများကို စုစည်းပြီးသည်နှင့် လော့ချန်သည် အထောက်အထားတံဆိပ်ပြားကို ထုတ်ယူကာ ရမှတ်များကို စတင်စုဆောင်းလိုက်သည်။

ချောင်ချင်း၏ သွေးတစ်စက်သည် တံဆိပ်ပြားပေါ်သို့ ကျရောက်သွားသည်နှင့် ဂဏန်းတစ်ခု ချက်ချင်းထွက်ပေါ်လာသည်။

သုံးထောင့်တစ်ရာ့သုံးဆယ့်တစ်။

“သုံးထောင်ကျော်တဲ့ ရမှတ်…”

လော့ချန်သည် နက်ရှိုင်းစွာ အသက်ရှူသွင်းလိုက်သည်။ ချောင်ချင်း၏ အမဲလိုက်ရမှတ်သည် ဤမျှမြင့်မားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

စိတ်မထိန်းနိုင်တော့သဖြင့် ဖိုင်ရွှမ်၏ သွေးကိုလည်း တံဆိပ်ပြားပေါ်သို့ တို့ထိလိုက်သည်။

နှစ်ထောင့်သုံးရာ့သုံးဆယ်။

ဖိုင်ရွှမ်၏ ရမှတ်သည် အနည်းငယ်နိမ့်ကျသွားသည်။

ဤသည်မှာ အံ့သြစရာမဟုတ်ပေ။ ချောင်ချင်းသည် ချောင်ကျိစသည့်သူများက ကူညီပေးထားသဖြင့် ရမှတ်များ ပိုမိုရရှိခဲ့သော်လည်း ဖိုင်ရွှမ်ကား အများစုကို သူကိုယ်တိုင်သာ အားကိုးခဲ့ရသည်။

သို့သော် ဤရမှတ်များနှင့်ပင် လော့ချန်သည် အလွန်ပင် ကျေနပ်မိသည်။

စောစောက ချောင်ကျိတို့က သူ့အား အမဲလိုက်ရမှတ် တစ်ထောင်ကျော်ပေးခဲ့ပြီး ဖိုင်ရွှမ်နှင့် ချောင်ချင်းတို့၏ ရမှတ်များကို ထပ်မံထည့်သွင်းလိုက်သည်နှင့် လော့ချန်သည် သူ၏ အမဲလိုက်ရမှတ်သည် တစ်သောင်းနီးပါးရှိလိမ့်မည်ဟု ခန့်မှန်းမိသည်။

တစ်သောင်းရမှတ်ဆိုသည်မှာ ပထမနေရာကို သေချာပေါက် ရယူနိုင်ခြင်းမရှိသော်လည်း ချီယွမ်စမ်းသပ်မှုတွင် ထိပ်ဆုံးသုံးဦးထဲသို့ ဝင်ရောက်နိုင်မည်မှာ သေချာသည်။

တံဆိပ်ပြားကို သိမ်းဆည်းလိုက်ပြီး လော့ချန်သည် ချောင်ချင်းနှင့် ဖိုင်ရွှမ်တို့၏ အလောင်းများကို ကြည့်လိုက်ပြီး မျက်လုံးများထဲတွင် အလင်းရောင်တစ်ခုက ဖြတ်သန်းသွားသည်။

“ကြယ်ငါးပွင့်သိုင်းဝိညာဉ်နှစ်ခု… ငါ့ရဲ့ စစ်မှန်တဲ့နဂါးကျင့်စဉ်ကို တတိယအဆင့်အထိ ဖြတ်ကျော်နိုင်မလားပဲ…”

All Chapters