ချန်းလုံမျိုးနွယ်ထံ အလည် တစ်ခေါက် (၂)...
Vol. 52 Ch. 766
~လုရီသည် အနည်းငယ် နားမလည်နိုင် ဖြစ်သွားပြီး "သူက ဘာများ ပြောသွားသေးလဲ" ဟု မေးလိုက်သည်။
တည်းခိုခန်းပိုင်ရှင်က ခေါင်းခါပြရင်း
"ဘာမှတော့ မပြောသွားပါဘူး၊ ဒါပေမဲ့ အကြီးအကဲ လုံချန်း ရောက်လာတုန်းကတော့ တော်တော်လေး အရေးတကြီးပုံပဲ။ သခင်လေးတို့ ထွက်သွားပြီဆိုတာ ကြားတော့ သူ နည်းနည်း စိတ်ပျက်သွားပြီး ပြန်လှည့်သွားတယ်" ဟု ဆို၏။
"တော်တော်လေး အရေးတကြီးပုံ ဟုတ်လား။" လုရီ၏ မျက်ခုံးများ ပင့်တက်သွားကာ တစ်စုံတစ်ခုကို ထူးဆန်းစွာ ခံစားလိုက်ရသည်။
*တကယ်ပဲ သဲလွန်စများ တွေ့သွားလို့ ငါ့ကို အသည်းအသန် လာရှာတာလား။*
လုရီ၏ ရင်ထဲတွင် မျှော်လင့်ချက်များ တစ်ဖန် ပြန်လည်ရှင်သန်လာတော့သည်။
"ကျေးဇူးပါပဲ၊ သူဌေး"
သူက တည်းခိုခန်း ပိုင်ရှင်ဘက်သို့ လှည့်၍ ပြုံးကာ ပြောလိုက်၏။
"သခင်လေးကတော့ အားနာတတ်လိုက်တာ၊ ဟားဟားဟား"
တည်းခိုခန်းပိုင်ရှင်က အားရပါးရ ရယ်မောလိုက်သည်။
လုရီ ငှားရမ်းထားသော အခန်းသည် တည်းခိုခန်းတွင် အခမ်းနားဆုံးဖြစ်ပြီး တန်ဖိုးလည်း အလွန်ကြီးမားလှသည်။
လုရီသည် ဧည့်သည်ကြီး တစ်ဦး ဖြစ်သည်မှာ သေချာသည်။ ကောင်းမွန်သော စီးပွားရေးအတွက် ချိုသာသော စကားအနည်းငယ် ပြောရသည်ကို မည်သူက မပျော်ဘဲ ရှိမည်နည်း။
တည်းခိုခန်း ပိုင်ရှင်ကို နှုတ်ဆက်ပြီးနောက် လုရီသည် လျိုနင်ရွှမ်းနှင့် အခြားသူများဘက်သို့ လှည့်ကာ ပြုံးလျက်
"အရင်က စကားပြောတုန်းက အကြီးအကဲ
လုံချန်းက ချန်းလုံ မျိုးနွယ်ရဲ့ နေရပ်ကို ပြောပြခဲ့ဖူးတယ်။ သူ့ကို သွားရှာကြရင် ကောင်းမလား။ ဘာသတင်းစကားများ ပါးလိုက်ချင်သလဲဆိုတာ ကြည့်ရတာပေါ့ဗျာ" ဟု ဆိုလေသည်။
"ငါကတော့ သဘောတူပါတယ်။"
"ငါလည်း ကန့်ကွက်စရာ မရှိဘူး၊ အကြီးအကဲ လုံချန်းဆီမှာ သဲလွန်စ တကယ်ပဲ ရှိနေလောက်တယ်။"
"…"
လျိုနင်ရွှမ်းနှင့် အခြားသူများမှာမူ သဘာဝအတိုင်း ကန့်ကွက်စရာ အကြောင်း မရှိခဲ့ကြပေ။
ထိုအဖွဲ့သည် တည်းခိုခန်းသို့ ပြန်ရောက်ကာစ၊ အခန်းများ မှာယူကာစသာ ရှိသေးသော်လည်း ချက်ချင်းပင် ပြန်လည်ထွက်ခွာလာခဲ့ကြပြန်သည်။
သို့သော်လည်း လုရီသည် အခန်းခကို ပြန်
မတောင်းခဲ့တော့ပေ။ မည်သို့ပင် ဆိုစေကာမူ တည်းခိုခန်း ပိုင်ရှင်က သူ့အား လုံချန်းနှင့် ပတ်သက်သော သတင်းကို ပေးခဲ့သည် ဖြစ်ရာ ဤသည်ကို သတင်း အချက်အလက်ဖိုးဟုသာ သူ သတ်မှတ်လိုက်တော့သည်။
……
ချန်းလုံမျိုးနွယ်သည် ချန်းယန် ကြယ်တာရာနယ်မြေ၏ ထိပ်တန်း အင်အားစုများထဲမှ တစ်ခုဖြစ်ပြီး အင်မော်တယ် ဧကရာဇ် အဆင့် ဘိုးဘေးများစွာကို ပိုင်ဆိုင်ထားရာ သူတို့၏ တန်ခိုးအင်အားမှာ အလွန်တရာ ကြီးမားလှပေသည်။
သူတို့ တည်ရှိရာ နေရာဒေသကို ချန်းလုံကြယ်တာရာစနစ်ဟု ခေါ်တွင်ပြီး ချန်းလုံမျိုးနွယ်စုကြယ်ကို ဗဟိုပြုကာ အလင်းနှစ်ထောင်ပေါင်းများစွာ ကျယ်ဝန်းသော ဧရိယာအထိ ဖြာထွက်လျက်ရှိ၏။
ဤနယ်မြေတစ်ခုလုံးကို ချန်းလုံမျိုးနွယ်က လုံးဝ အုပ်စိုးထားလေသည်။
လုရီနှင့် လျိုနင်ရွှမ်းတို့ အဖွဲ့သည် ကျောက်စိမ်းဖြူ ကောင်းကင်ယာဉ်ပျံပေါ်တွင် လိုက်ပါလာပြီး လမ်းတစ်လျှောက် နေရာလပ်ခုန်ပျံကျော်လွှားမှုများ ပြုလုပ်ရင်း မကြာမီမှာပင် ချန်းလုံကြယ်တာရာစနစ်သို့ ဆိုက်ရောက်လာခဲ့သည်။ ခန်းမဆောင်ထဲတွင် ရပ်ကာ ပြတင်းပေါက်မှ အပြင်သို့ ကြည့်ရင်း လုရီ၏ နတ်ဘုရားအာရုံများက ပတ်ဝန်းကျင်သို့ ပျံ့နှံ့ထွက်သွားသည်။
ထို့နောက် သူက ပြုံးလျက် မှတ်ချက်ပြုလိုက်သည်။
"ဒီနေရာမှာ သက်ရှိ ရှင်သန်နိုင်တဲ့ ကြယ်စနစ်တွေ မနည်းမနော ရှိတာပဲ၊ ဒါပေမဲ့ အများစုက သမုဒ္ဒရာဖုံးလွှမ်းနေတဲ့ ဂြိုဟ်တွေ ဖြစ်ပြီး မိစ္ဆာမျိုးနွယ်တွေက အဓိက ကြီးစိုးထားပုံပဲနော်"
လင်းလောင်တောင်ထိပ် သခင်မက တုံ့ပြန်ကာ ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်၏။
"အင်း...ချန်းလုံမျိုးနွယ် တည်ရှိတဲ့ ကြယ်စနစ် အများစုမှာ မိစ္ဆာမျိုးနွယ်တွေ နေထိုင်ကြတယ်လို့ ဆိုလိုတာပဲ"
ဤဖြစ်စဉ်သည် ကောင်းကင် ကြယ်တာရာနယ်မြေ၌ပင် မထူးဆန်းသော အရာတစ်ခု ဖြစ်သည်။ အများအားဖြင့် ထိပ်တန်း အင်အားစုများသည် အင်အားကြီးမားသော ကြယ်တာရာပင်လယ်ဓားပြများ၏ တိုက်ခိုက်မှုမှ ရှောင်ရှားရန်နှင့် အင်အားကြီးသောအဖွဲ့အစည်းတစ်ခု၏ အကာအကွယ်ကို ရယူရန်အတွက် လက်အောက်ခံ မျိုးနွယ်အချို့ကို လက်ခံထားလေ့ရှိကြသည်။
ထိပ်တန်းအင်အားစုများသည် မိမိတို့၏ မျိုးနွယ်နှင့် တူညီသော သို့မဟုတ် ဆင်တူသော လက်အောက်ခံမျိုးနွယ်ကိုသာ ရွေးချယ်လေ့ ရှိကြသည်။ မိစ္ဆာမျိုးနွယ်၏ ထိပ်တန်းအင်အားစုများတွင်မူ အခြားသော မိစ္ဆာမျိုးနွယ်စုများက လက်အောက်ခံများအဖြစ် ရှိနေကြသည်သာ ဖြစ်သည်။
အမှန်စင်စစ် ကောင်းကင် ကြယ်တာရာနယ်မြေတွင်သာမက ယနေ့ ထျန်းမင်ကြယ်တွင်ပင် အခြေအနေမှာ အလားတူပင် ဖြစ်သည်။ အမြီးကိုးချောင်း မြေခွေး မိစ္ဆာကဲ့သို့ အစွမ်းထက်သော မျိုးနွယ်စုများအောက်တွင် မိစ္ဆာများစွာက လက်အောက်ခံအဖြစ် ခိုလှုံနေကြဆဲ ဖြစ်သည်။
ကျောက်စိမ်းဖြူ ကောင်းကင် ယာဉ်ပျံသည် အလွန်တရာ လျင်မြန်လှ၏။ ဟင်းလင်းပြင်ကို ခေတ္တမျှ ဖြတ်သန်းပြီးနောက် မကြာမီမှာပင် ကြယ်တာရာ စနစ် တစ်ခု၏ အနီးသို့ ချဉ်းကပ်လာခဲ့သည်။
ဤကြယ်တာရာ စနစ်တွင် ဂြိုဟ် ဆယ့်လေးလုံး ရှိပြီး ဂြိုဟ်တိုင်းကို ကျယ်ပြန့်သော သမုဒ္ဒရာများက ဖုံးလွှမ်းထားကာ သိပ်သည်းသည့်
အင်မော်တယ် ဝိညာဉ်ချီများ ထုတ်လွှတ်လျက်
ရှိသည်။
ဤဂြိုဟ်များ အားလုံးတွင် ပုံပြောင်းလဲထားသည့် လက္ခဏာများ ရှိနေပြီး ချန်းလုံမျိုးနွယ်က သူတို့၏ နှစ်သက်မှုအတိုင်း လက်ရှိအခြေအနေသို့ ပြုပြင်မွမ်းမံထားသည်မှာ ထင်ရှားလှ၏။
ဤတစ်ကြိမ်တွင် လုရီသည် လုံချန်းထံ အလည်လာခြင်းဖြစ်၍ မိမိကိုယ်ကို ဖုံးကွယ်ထားစရာ အကြောင်းမရှိပေ။ ကြယ်တာရာစနစ်သို့ ချဉ်းကပ်လာသည်နှင့် သူတို့အား ရှာဖွေတွေ့ရှိသွားခဲ့သည်။
မကြာမီမှာပင် ကျောက်စိမ်းပြာရောင်ဖြင့် ထုဆစ်ထားသည့်အလား ကောင်းကင်ယာဉ်ပျံ နှစ်စင်းက ကျောက်စိမ်းဖြူ ကောင်းကင်ယာဉ်ပျံ၏ ရှေ့မှောက်တွင် လာရောက် ပိတ်ဆို့လိုက်လေ၏။ နတ်ဘုရားအာရုံ လှိုင်းတစ်ခုက ပျံ့လွင့်လာပြီး
"အရှေ့က တာအိုရောင်းရင်း ခေတ္တရပ်တန့်ပေးပါ။ ရှေ့ဆက်သွားလျှင် ကျုပ်တို့ ချန်းလုံ
မျိုးနွယ်၏ နယ်မြေဖြစ်ပါတယ်။ ခွင့်ပြုချက်မရှိဘဲ ချဉ်းကပ်ခြင်း မပြုပါနဲ့" ဟူသော အသံထွက်ပေါ်လာလေသည်။
ကျောက်စိမ်းဖြူ ကောင်းကင်ယာဉ်ပျံ၏ ထူးခြားမှုကြောင့်လော သို့မဟုတ် အခြားအကြောင်းပြချက်ကြောင့်လော မသိသော်လည်း စကားပြောသူ၏ လေသံမှာ ယဉ်ကျေးပျူငှာလှသည်။
သူတစ်ပါးက စိတ်ကောင်းထားသည့်အတွက်
လုရီသည်လည်း သဘာဝအတိုင်း အပြုံးဖြင့် တုံ့ပြန်လိုက်၏။
သူက နတ်ဘုရားအာရုံလှိုင်းကို ပြန်လည်လွှင့်ထုတ်လိုက်ပြီး
"ကျွန်တော်က လုရီပါ၊ ခင်ဗျားတို့မျိုးနွယ်က ဂုဏ်သရေရှိ လုံချန်းကို လာတွေ့တာပါ" ဟု ဆိုလိုက်သည်။
လုရီ၏ စကားဆုံးသည်နှင့် ချန်းလုံမျိုးနွယ်မှ ကျင့်ကြံသူအချို့သည် သူတို့၏ ကောင်းကင်ယာဉ်ပျံများပေါ်မှ ပျံသန်းထွက်လာကြသည်။
သူတို့သည် နှစ်ယောက်ဖြစ်ပြီး နှစ်ဦးစလုံးမှာ နက်ရှိုင်းခြင်း အင်မော်တယ်အဆင့်တွင် ရှိကြ၏။
နက်ရှိုင်းခြင်း အင်မော်တယ်အဆင့် ကျင့်ကြံသူများသည် စကြဝဠာအတွင်း၌ အင်အားကြီးသော ပုဂ္ဂိုလ်များဟု သတ်မှတ်ခံထားရသည်။ မိမိတို့မျိုးနွယ်၏ အပြင်စည်းကို ကာကွယ်ရန်အတွက်ပင် နက်ရှိုင်းခြင်း အင်မော်တယ်များကို အစောင့်ချထားသည်ကို ကြည့်လျှင်
ချန်းလုံမျိုးနွယ်၏ အင်အားကို ခန့်မှန်းကြည့်နိုင်ပေသည်။
ထို နက်ရှိုင်းခြင်း အင်မော်တယ်အဆင့် ချန်းလုံမျိုးနွယ်ဝင်နှစ်ဦးသည် လူ့အသွင်သို့ ပြောင်းကာ လက်များ ဆုပ်၍ အရိုအသေပေးရင်း ဆို၏။
"အော်... အကြီးအကဲ လုံချန်းကို လာတွေ့တဲ့
စီနီယာပါလား။ ခဏစောင့်ပါ၊ ကျွန်တော် အကြီးအကဲ လုံချန်းကို အကြောင်းကြားလိုက်ပါ့မယ်"
လုရီက နတ်ဘုရားအာရုံဖြင့် "စိတ်အေးအေးထားပါ" ဟု ပြန်ပြောလိုက်သည်။
သိပ်မကြာမီမှာပင် ဂြိုဟ် တစ်လုံးပေါ်မှ အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး ကျောက်စိမ်းဖြူ ကောင်းကင် ယာဉ်ပျံထံသို့ လျင်မြန်စွာ ချဉ်းကပ်လာသည်။
ရယ်မောသံ တစ်ခုက ပဲ့တင်ထပ်လာ၏။
"တာအိုရောင်းရင်းလု ပါလားဗျာ။ ကျုပ် ခင်ဗျားကို ချန်းယန်ကြယ်မှာ သွားရှာခဲ့သေးတယ်၊ ဒါပေမဲ့ အတော်ပဲ လွဲသွားခဲ့တယ်။ ခင်ဗျားက ကိုယ့်ဘာသာကိုယ် ရောက်လာလိမ့်မယ် လို့တော့ ထင်မထားခဲ့ဘူး။"
ပျံသန်းလာသော အလင်းတန်းသည် ကျောက်စိမ်းဖြူ ကောင်းကင်ယာဉ်ပျံ၏ အပြင်ဘက်တွင် ရပ်တန့်သွားပြီး လုရီနှင့် လျိုနင်ရွှမ်းတို့ အပါအဝင် လူအချို့လည်း အပြင်သို့ ပျံထွက်သွားကြ၏။
လုရီက အပြုံးဖြင့် လုံချန်းကို နှုတ်ဆက်လိုက်၏။
"တာအိုရောင်းရင်းလုံ၊ မတွေ့ရတာ ကြာပြီပဲ။ ကျွန်တော်တို့ ပစ်မှတ်ရဲ့ သတင်းအချို့ ကြားလို့ ချန်းယန်ကြယ်ကနေ ထွက်လာခဲ့တာ၊ ခင်ဗျားရဲ့ အလည်အပတ်ကို လွဲသွားမယ်လို့ မထင်မိဘူးဗျာ"
လုံချန်းသည် ထိုစကားကြောင့် ခေတ္တမျှ မှင်တက်သွားပြီး မျက်ခုံးပင့်လျက်...မေးလိုက်သည်။
"တာအိုရောင်းရင်းလုက အဲ့ဒီမျိုးနွယ်ရဲ့ တည်နေရာကို ရှာတွေ့သွားပြီလား"
"သတင်းမှား တစ်ခုပါပဲ"
လုရီက အနည်းငယ် အားမလိုအားမရဟန်ဖြင့် ခေါင်းခါပြရင်း ပြန်ဖြေလိုက်လေ၏။
သတင်းမှားရုံသာမက ထိုလူများသည် သူ့အား ချောင်းမြောင်းတိုက်ခိုက်ရန်ပင် ကြံစည်နေခဲ့ကြသေးသည်။ ကံမကောင်းစွာပင် သူတို့၏ အစွမ်းအစမှာ မမီခဲ့ခြင်းသာ ဖြစ်သည်။
လုံချန်းက ပြုံး၍
"ဒီလိုကိုးဗျ။ ကျွန်တော်မိတ်ဆွေဆီ လာခဲ့တာက အတိအကျပြောရရင် မိတ်ဆွေ ပြောတဲ့ မျိုးနွယ်စုအကြောင်း သဲလွန်စတချို့ ရှာတွေ့ခဲ့လို့ပဲ"
လုရီ၏ မျက်လုံးများက အရောင်တောက်သွားပြီး သူ၏ စိတ်ထဲတွင် အံ့ဩဝမ်းသာ ဖြစ်သွားတော့သည်။
*သဲလွန်စ တကယ်ပဲ ရှိနေပါလား။*
*အကြီးအကဲ လုံချန်းက တကယ်ပဲ အားကိုးရတာပဲ…*
လုရီသည် စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးလိုက်မိသည်။
"ကျွန်တော့်ရဲ့ နေရာမှာ အေးအေးဆေးဆေး သွားပြောကြတာပေါ့" ဟု လုံချန်းက ပြုံးရင်း ဖိတ်ခေါ်လိုက်၏။
လုရီသည်လည်း အလိုအလျောက်ပင် ကန့်ကွက်စရာမရှိဘဲ ခေါင်းညိတ်လိုက်သည်။
စိတ်အစဉ်တစ်ခုဖြင့် သူ၏နောက်ရှိ ကျောက်စိမ်းဖြူ ကောင်းကင်ယာဉ်ပျံသည် အဖြူရောင်အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ လုရီ၏ အတွင်းလောကထဲသို့ ပျောက်ကွယ်သွားလေသည်။
ထိုမြင်ကွင်းကို မြင်သောအခါ လုံချန်းသည်
မနာလိုအားကျသော မျက်လုံးများဖြင့် ကြည့်ရင်း
"ဒီ ကောင်းကင်ယာဉ်ပျံက… တော်တော်လေး ထူးခြားတယ် ဟုတ်လား။ ထိပ်တန်းအဆင့်
အင်မော်တယ် လက်နက်တွေမှာတောင်
ဒီလောက် ရှုပ်ထွေး နက်နဲတဲ့ တာအို အင်းကွက်တွေ မပါဘူး။ ဒါက ဖန်တီးမှု ဝိညာဉ် ရတနာများလား"
လုရီက ပြုံး၍ အသာအယာ ခေါင်းညိတ်ပြရင်း
"ဟုတ်ပါတယ်၊ အကြီးအကဲ တစ်ပါးက လက်ဆောင်ပေးထားတာပါ၊ တကယ်ပဲ ဖန်တီးမှု ဝိညာဉ်ရတနာတစ်ခုပါ"
"အကြီးအကဲတစ်ပါး…"
လုံချန်း၏ ပါးစပ်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး သူ၏ မျက်နှာသည် မနာလိုမှုကြောင့် စိမ်းဖန့်ဖန့်ပင် ဖြစ်သွားတော့၏။
*ငါ့မှာကျတော့ ဘာလို့များ ဒီလို ရက်ရောလွန်းတဲ့ အကြီးအကဲမျိုး မရှိရတာလဲ။*
ဤသည်မှာ ဖန်တီးမှု ဝိညာဉ် ရတနာအဆင့် ကောင်းကင်ယာဉ်ပျံပင် ဖြစ်သည်။ သာမန် ဖန်တီးမှု ဝိညာဉ်ရတနာ အဆင့် ကျင့်ကြံခြင်းရတနာများထက် များစွာ ပို၍ တန်ဖိုးကြီးလှသည်။
ချန်းလုံ မျိုးနွယ်သည် အင်အားကြီးမားသော်လည်း အနည်းငယ် ပျက်စီးနေသော
ဖန်တီးမှု ဝိညာဉ် ရတနာ တစ်ခုသာ ပိုင်ဆိုင်ပြီး
၎င်းမှာပင် မျိုးနွယ်၏ အမြတ်တနိုးထားရသော ရတနာ ဖြစ်နေသည်။
သို့သော် သူတစ်ပါးက ပေါ့ပေါ့ပါးပါး လက်ဆောင်ပေးလိုက်သည်မှာ ဖန်တီးမှု ဝိညာဉ်ရတနာ အဆင့် ကောင်းကင်ယာဉ်ပျံ ဖြစ်နေသည်တကား။ နှိုင်းယှဉ်စရာပင် မရှိတော့ပေ။
သူ၏ လူလတ်ပိုင်းအရွယ် ဂုဏ်သရေရှိသော မျက်နှာပေါ်တွင် ညှိုးငယ်သည့် ခါးသီးမှု အရိပ်အယောင် တစ်ခု ထင်ဟပ်လာပြီး သက်ပြင်းချလျက် ဆိုလေသည်။
"ရောင်းရင်းလုမှာ ဒီလို နောက်ခံမျိုး ရှိလိမ့်မယ်လို့ ကျွန်တော် ထင်မထားခဲ့ဘူး။ ဖန်တီးမှု ဝိညာဉ်ရတနာအဆင့် ကောင်းကင်ယာဉ်ပျံမျိုးကို လက်ဆောင်ရတယ်ဆိုတာ တကယ်ပဲ အားကျစရာပါပဲ"
ထပ်မံ၍ စကားမဆိုတော့ဘဲ သူက ရှေ့မှ ဦးဆောင်ကာ လုရီနှင့် အခြားသူများကို
ကြယ်စနစ်အတွင်းရှိ ဂြိုဟ်တစ်လုံးဆီသို့ ခေါ်ဆောင်သွားတော့သည်။
လမ်းတစ်လျှောက်တွင် လုံချန်းက သူတို့
မျိုးနွယ်၏ နယ်မြေများအကြောင်း အချို့ကို ဆက်လက်မိတ်ဆက်ပေးနေခဲ့သည်။ သို့သော် ၎င်းတို့မှာ ယေဘုယျအချက်အလက်များသာ ဖြစ်သည်။ ဥပမာအားဖြင့် အဓိကမျိုးနွယ်ကြယ်သို့ ဝင်ခွင့်မရှိခြင်း၊ သူနှင့် ရင်းနှီးသော အကြီးအကဲအချို့ရှိရာ နေရာများသို့ သွားရောက်လည်ပတ်နိုင်ခြင်း၊ သူနှင့် ဆက်ဆံရေး သာမန်သာ ရှိသော အကြီးအကဲများ၏ နေရာသို့ သွားပါက အေးစက်သော ဧည့်ခံမှုကို ခံရနိုင်ခြင်း စသည်တို့ ဖြစ်သည်။
သို့သော် လုရီကမူ လုံချန်းသည် အရာရာကို အလေးအနက်ထားလွန်းသည်ဟု တွေးလိုက်မိသည်။ သူသည် အနီရောင် မျိုးနွယ် အကြွင်းအကျန်များ အကြောင်း သတင်းအချက်အလက် အချို့ကို စုဆောင်းရန်သာ လာခြင်းဖြစ်ပြီး ဧည့်သည်အဖြစ် ကြာရှည်နေရန် မဟုတ်ပေ။
မမျှော်လင့်စွာပင် ဤလုံချန်းသည် နွေးထွေးဖော်ရွေသော မိစ္ဆာ မျိုးနွယ်ဝင် တစ်ဦး ဖြစ်နေသေးသည်။
လုရီသည် စိတ်ထဲတွင် ညည်းညူနေသော်လည်း အပြုံးဖြင့်သာ တုံ့ပြန်နေခဲ့၏။
မကြာမီမှာပင် သူတို့သည် ဂြိုဟ်ပေါ်ရှိ လုံချန်း၏ နန်းတော်သို့ ရောက်ရှိလာကြသည်။
၎င်းသည် အဆုံးမဲ့ သမုဒ္ဒရာ အထက်ရှိ ကျွန်းငယ်လေး တစ်ကျွန်းပေါ်တွင် တည်ရှိ၏။ နန်းတော်မှာ ကျွန်း၏ အလယ်ဗဟိုတွင် တင့်တယ်စွာ တည်ရှိနေသည်။ နန်းတော်နှင့် ကျွန်းကို နက်နဲလှသော အခင်းအကျင်း အင်းကွက်များဖြင့် စီမံထားပြီး များစွာ စဉ်းစား ပုံဖော်ထားသည်မှာ ထင်ရှားလှသည်။
သို့သော် အခြား ကျင့်ကြံသူများအတွက် ရှုပ်ထွေးပြီး လက်ရာမြောက်သည်ဟု ထင်ရနိုင်သော ဤအခင်းအကျင်း အင်းကွက်များသည် လုရီ၏ မျက်လုံးထဲတွင်တော့ သာမန်မျှသာ ဖြစ်နေသည်။ သူ၏ အခင်းအကျင်း တာအို နယ်ပယ်ဆိုင်ရာ နားလည်နိုင်စွမ်းမှာ ယခုအခါ အလွန် မြင့်မားနေပြီ ဖြစ်သည်။ တစ်ချက် ကြည့်လိုက်ရုံမျှဖြင့် တိုးတက်အောင် ပြုပြင်နိုင်သည့် နေရာများစွာကို သူ မြင်နေရလေသည်။
လုံချန်း၏ ဦးဆောင်မှုဖြင့် လုရီနှင့် သူ့အဖော်များသည် နန်းတော်ထဲသို့ ဝင်ရောက်ပြီး ပင်မခန်းမဆောင်တွင် နေရာယူလိုက်ကြသည်။ သူက အင်မော်တယ် သေရည်ကို ထုတ်ယူကာ လူ
တစ်ဦးချင်းစီအတွက် ဂရုတစိုက် ငှဲ့ပေးလိုက်ရာ ကြွယ်ဝသော သေရည် ရနံ့တို့က လွှမ်းခြုံသွားလေသည်။
လုံချန်းက ရယ်မောရင်း ဆို၏။
"အရင်တစ်ခေါက်တုန်းက ရောင်းရင်းလုက
ကျွန်တော့်ကို ကျောက်နှလုံးသား သေရည်နဲ့ ဧည့်ခံခဲ့တယ်။ ဒီတစ်ခါတော့ ရောင်းရင်းလုကို ကျွန်တော် ပြန်ဧည့်ခံပါရစေ။ ဒီ ရေလွှာငွေလ ပုံရိပ်ယောင်နှလုံးသားသေရည်က ကျွန်တော်တို့
ချန်းလုံ မျိုးနွယ်ရဲ့ အထူး ထုတ်ကုန်ပဲ။ လူ
တစ်ယောက်ရဲ့ စိတ်အခြေအနေကို မြှင့်တင်ပေးနိုင်ပြီး နှလုံးသားမိစ္ဆာတွေကို ကာကွယ်ပေးနိုင်တယ်။ ကျောက်နှလုံးသား သေရည်ထက် မနိမ့်တဲ့ ထိပ်တန်းပစ္စည်းတစ်ခုလို့ သတ်မှတ်လို့ ရတယ်..."
လုရီက ပြုံးရွှင်စွာဖြင့်
"ဒါဆိုရင်တော့ ရောင်းရင်းလုံကို ကျေးဇူးအထူးတင်ပါတယ်"
သေရည်အနည်းငယ် သောက်သုံးပြီး အလ္လာပသလ္လာပ စကားအချို့ ပြောဆိုပြီးနောက် လုရီသည် နောက်ဆုံးတွင် အဓိကအကြောင်းအရာကို စတင်လိုက်သည်။
" ရောင်းရင်းလုံက အဲ့ဒီမျိုးနွယ်နဲ့ပတ်သက်တဲ့ သဲလွန်စတွေ တွေ့ထားတယ်လို့ ပြောခဲ့တယ်နော်။ အသေးစိတ်ကို သိခွင့်ရနိုင်မလား"
လုရီက လေးနက်စွာ မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ လုံချန်းက ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း တည်ကြည်လေးနက်လာလေသည်။
"ရောင်းရင်းလုက ဒီမျိုးနွယ်အကြောင်းကို ဘယ်ကနေ ကြားခဲ့တာလဲ။ ဒီကိစ္စရဲ့ နောက်ကွယ်မှာ ပတ်သက်နေတဲ့ အကြောင်းအရာတွေက တော်တော်လေး နက်နဲတယ်ဗျ"