မီးလျှံစွန့်ခွာခြင်းဂိုဏ်း...
Vol. 52 Ch. 767
~ "အတော်လေး နက်နဲတယ် ဟုတ်လား။"
လုံချန်း၏ စကားကို ကြားသောအခါ လုရီ၏ မျက်ခုံးများမှာ အနည်းငယ် ပင့်တက်သွားလေ၏။
ထို့နောက် လုရီက
"ဒီကိစ္စကို ကျွန်တော့်ရဲ့ စီနီယာ တစ်ယောက်က တာဝန်ပေးခဲ့တာပါ၊ ဒီမျိုးနွယ်က ဘာတွေနဲ့များ ပတ်သက်နေလို့ တာအိုရောင်းရင်းလုံက ဒီလိုစကားမျိုး ပြောရတာလဲ" ဟု မေးလိုက်သည်။
လုံချန်း၏ မျက်နှာထားက တည်ကြည်လေးနက်သွားပြီးနောက် ပြန်ပြောပြလေသည်။
"တာအိုရောင်းရင်းလုအတွက် ဒီမျိုးနွယ်အကြောင်း စုံစမ်းနေတုန်းမှာ ကျွန်တော်တို့
မျိုးနွယ်က အကြီးအကဲ တစ်ပါးက ဒီမျိုးနွယ်အကြောင်းကို ဘယ်လို သိသလဲလို့ ကျွန်တော့်ကို မေးခဲ့တယ်။ အဲ့ဒီအကြီးအကဲ ပြောစကားအရ ဒီမျိုးနွယ်ဟာ မီးလျှံစွန့်ခွာခြင်းဂိုဏ်း တည်ထောင်မှုနဲ့ သိသိသာသာ ဆက်နွယ်နေပုံရတယ်တဲ့။ ဒါပေမဲ့ အသေးစိတ်ကိုတော့ သူ
ထပ်ပြီး မပြောပြခဲ့ဘူး.. "
ဤစကားကို ကြားသောအခါ လုရီ မှင်သက်သွားပြီး "မီးလျှံစွန့်ခွာခြင်းဂိုဏ်း တည်ထောင်တာက ဒီမျိုးနွယ်နဲ့ ပတ်သက်နေတယ် ဟုတ်လား" ဟု မေးလိုက်တော့သည်။
လုံချန်းက ခေါင်းကို ညင်သာစွာ ညိတ်ပြလျက်
ဆို၏။
"ဟုတ်တယ်၊ အကြီးအကဲက အဲ့ဒီလိုပဲ ပြောခဲ့တာပဲ။ ပြီးတော့ မီးလျှံစွန့်ခွာခြင်းဂိုဏ်းကို အမျက်ထွက်စေမှာစိုးလို့ ဒီကိစ္စကို ထပ်ပြီး
မစုံစမ်းဖို့လည်း ကျွန်တော့်ကို မှာခဲ့တယ်"
ထို့နောက် လုံချန်းသည် သက်ပြင်းတစ်ချက်ကို ညင်သာစွာ ချလိုက်ပြီး အားနာဟန်ဖြင့် ပြောလေသည်။
"ကျွန်တော် ရှာတွေ့ထားတဲ့ သဲလွန်စတွေကတော့ ဒါအကုန်ပါပဲ။ ဒီကိစ္စမှာ မီးလျှံစွန့်ခွာခြင်းဂိုဏ်းလို အင်အားကြီး ပါဝင်နေတယ် ဆိုတဲ့ အချက်တစ်ခုတည်းနဲ့ တာအိုရောင်းရင်းလုကို ထပ်ပြီး ကူညီနိုင်တော့မှာ မဟုတ်ဘူး။ ကျွန်တော်တို့
ချန်းလုံ မျိုးနွယ်ကတော့ ဒီ့ထက်ပိုပြီး
နက်နက်ရှိုင်းရှိုင်း တူးဆွလို့ မဖြစ်တော့ဘူး"
လုရီက ခေါင်းညိတ်ကာ ခပ်ဖွဖွ ရယ်မောလိုက်
သည်။
"ကျွန်တော် နားလည်ပါတယ် တာအိုရောင်းရင်းလုံ။ ကျွန်တော့်အတွက် ဒီသဲလွန်စကို ရှာပေးနိုင်တာနဲ့ကို ကျေနပ်နေပါပြီ"
မည်သို့ပင် ဆိုစေကာမူ လုံချန်း၏ နောက်ကွယ်တွင် ချန်းလုံ မျိုးနွယ် တစ်ခုလုံး ရှိနေသည်။
ချန်းလုံ မျိုးနွယ်သည် ချန်းယန် ကြယ်တာရာနယ်မြေတွင် ထိပ်တန်း အင်အားကြီး မျိုးနွယ်တစ်စု ဖြစ်လင့်ကစား မီးလျှံစွန့်ခွာခြင်းဂိုဏ်းနှင့် နှိုင်းယှဉ်လျှင်မူ အားနည်းနေသေးသည်မှာ ထင်ရှားလှသည်။
အနီရောင်မျိုးနွယ် အကြွင်းအကျန်များက မီးလျှံစွန့်ခွာခြင်းဂိုဏ်းနှင့် သိသိသာသာ ဆက်စပ်နေသည့်အတွက် လုံချန်းကသာ ဆက်လက်စုံစမ်းမည်ဆိုပါက မီးလျှံစွန့်ခွာခြင်းဂိုဏ်း၏ သတိပြုမိမှုကို အလွယ်တကူ ခံရနိုင်ပြီး ၎င်းသည် ချန်းလုံမျိုးနွယ်အတွက် ကြီးမားသော ထိုးနှက်ချက်
တစ်ခု ဖြစ်လာမည်မှာ သေချာသည်။
"ဟားဟား၊ တာအိုရောင်းရင်းလု ကျွန်တော့်ကို အပြစ်မတင်ရင် ပြီးတာပါပဲ" ဟု လုံချန်းက ရယ်မောရင်း အရက်ခွက်ကို ဆက်လက်မြှောက်ပြလိုက်တော့သည်။
ထို့နောက်တွင် လုရီနှင့် အဖွဲ့သားများသည်
လုံချန်း၏ ဖော်ရွေသော ဖိတ်ခေါ်မှုကို လက်ခံကာ သူ၏ နန်းတော်တွင် တည်းခိုရန် ဆုံးဖြတ်လိုက်ကြ၏။
အခန်းထဲသို့ ဝင်ရောက်သည်နှင့် လမ်းတစ်လျှောက် တိတ်ဆိတ်နေခဲ့သော လျိုနင်ရွှမ်းနှင့် အခြားသူများအားလုံး၏ မျက်မှောင်များမှာ ကြုတ်သွားကြတော့သည်။
လင်းလောင်တောင်ထိပ်သခင်မက လုရီဘက်သို့ လှည့်၍ စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
"ဘယ်လိုလုပ်ကြမလဲ ဟေ့ကောင်လေး။ မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှာ အင်မော်တယ် အရှင်သခင် အဆင့် စွမ်းအားရှင်တွေ ရှိနေတာ၊ ဒီအနီရောင်မျိုးနွယ် အကြွင်းအကျန်တွေကလည်း သူတို့ဂိုဏ်းတည်ထောင်တာနဲ့ ပတ်သက်နေတယ်။
ချန်းလုံ မျိုးနွယ်ရဲ့ အကြီးအကဲတောင် သူတို့ကို ကြောက်နေရမှတော့ ငါတို့က ဘယ်လိုဆက်ပြီး စုံစမ်းရမှာလဲ"
"ဟုတ်တယ် ဂျူနီယာမောင်လေး၊ အတိတ်တုန်းက မီးလျှံစွန့်ခွာခြင်းဂိုဏ်းနဲ့ အနီရောင်မျိုးနွယ်အကြွင်းအကျန်တွေကြားမှာ ပဋိပက္ခတွေ၊ အငြင်းပွားမှုတွေ ရှိခဲ့ရင် ဘယ်လိုလုပ်မလဲ။ ငါတို့ရဲ့ စုံစမ်းမှုက သူတို့ကို ရန်စသလို ဖြစ်သွားနိုင်တယ် မဟုတ်လား။"
"ဒါမှမဟုတ်… ဒီအချက်အလက်တွေကို အဲ့ဒီ
အင်မော်တယ်ဘုရင် စီနီယာကို အရင် အကြောင်းကြားလိုက်ရင်ရော" ဟု
သုန်းကုန်းမင်ယွဲ့က မျက်လုံးလေး ကလယ်ကလယ်ဖြင့် အကြံပြုလိုက်သည်။
သူမတို့၏ စကားကို ကြားသောအခါ လုရီက ခပ်ရေးရေးသာ ပြုံးလိုက်ပြီး
"ကိစ္စမရှိပါဘူး။ အခု ကျွန်တော်တို့မှာ ပစ်မှတ်တစ်ခု ရှိနေပြီဆိုတော့ အခြေအနေက အဲ့ဒီလောက် မရှုပ်ထွေးတော့ပါဘူး။ အသေးစိတ်ကို သိရအောင် ကျွန်တော် ကံကြမ္မာနည်းစနစ်ကို သုံးနိုင်တယ် လေ" ဟု ဆိုလေသည်။
ယခင်က လုရီသည် အနီရောင်မျိုးနွယ်အကြွင်းအကျန်များအကြောင်း စုံစမ်းရန် ကံကြမ္မာနည်းစနစ်ကို သုံးရန် စဉ်းစားခဲ့ဖူးသည်။ သို့သော် ထိုသို့သော စုံစမ်းမှုမျိုးအတွက် အနည်းဆုံးတော့ ကံကြမ္မာဆက်နွှယ်မှု အချို့ လိုအပ်ပေသည်။
အရင်အချိန်များက လုရီသည် အနီရောင်မျိုးနွယ်အကြွင်းအကျန်များအကြောင်း ဘာတစ်ခုမှ မသိခဲ့ပေ။ ထို့ပြင် အနီရောင် အင်မော်တယ်ဘုရင်နှင့် ထိုအကြွင်းအကျန်များသည် မရေမတွက်နိုင်သော ခေတ်ကာလများဖြင့် ခြားနားနေခဲ့ပြီး
သူတို့၏ ကံကြမ္မာဆက်နွှယ်မှုများသည်လည်း အချိန်ကာလ၏ တိုက်စားမှုကြောင့် ပျောက်ကွယ်နေခဲ့သည်။ အကယ်၍ လုရီသာ ကံကြမ္မာမူလဇာစ်မြစ်ကို ပိုင်ဆိုင်ပြီး အင်မော်တယ်ဘုရင် အဆင့်သို့ ရောက်ရှိနေပါက ဤမျှကျယ်ပြောသော အချိန်ကာလကို ထွင်းဖောက်မြင်နိုင်ပြီး မျိုးနွယ်နီအကြွင်းအကျန်များ၏ ကံကြမ္မာကို ချောင်းကြည့်နိုင်ကောင်း ကြည့်နိုင်လိမ့်မည်။ သို့သော် လက်ရှိ လုရီမှာမူ ထိုသို့ မစွမ်းဆောင်နိုင်သေးချေ။
သူသည် တစ်စချင်းစီသာ စုံစမ်းသွားနိုင်ပေသည်။
သို့သော် ယခုမူ အခြေအနေက မတူတော့ပြီ။ သူသည် အနည်းဆုံးတော့ သတင်းအချက်အလက်အချို့ကို သိရှိထားပြီး ဤအချက်အလက်များ ရှိနေသည့်အတွက် ကံကြမ္မာနည်းစနစ်မှာ အသုံးဝင်လာတော့မည် ဖြစ်သည်။
လုရီသည် သူ၏ အားအင်ရှိသမျှကို ကံကြမ္မာနည်းစနစ် ထဲသို့ ထည့်သွင်းလိုက်၏။ ကံကြမ္မာနိယာမသည် နက်နဲပြီး ရှုပ်ထွေးလှသည်။ လုရီသည် မီးလျှံ မူလဇာစ်မြစ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ သိရှိထားသော်လည်း ကံကြမ္မာမူလဇာစ်မြစ်ကိုမူ မကျွမ်းကျင်သေးပေ။ သို့သော် ယခုအခြေအနေအတွက်မူ ဤမျှဆိုလျှင် လုံလောက်နေပါပြီ။
သူသည် ရိုးရှင်းသော ကံကြမ္မာတစ်ခုကိုသာ မြင်လိုသည်။ အနီရောင်မျိုးနွယ် အကြွင်းအကျန်များသည် မီးလျှံစွန့်ခွာခြင်းဂိုဏ်းနှင့် ဆက်စပ်မှု ရှိ၊ မရှိ နှင့် မီးလျှံစွန့်ခွာခြင်းဂိုဏ်းတွင် စုံစမ်း မေးမြန်းခြင်းက အန္တရာယ်ရှိ၊ မရှိကိုသာ ဖြစ်သည်။
တစ်စုံတစ်ခုကို မှိန်းမောတွေဝေစွာ မြင်ယောင်နေခိုက်တွင် လုရီသည် မီးလျှံများ တောက်လောင်နေသော ကြယ်တာရာစနစ်တစ်ခုကို မြင်လိုက်ရ၏။ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ကြီးမားသော မီးလျှံစွမ်းအားများက လှိုင်းထန်နေသည်။ ထို့နောက် သူသည် ဟင်းလင်းပြင်ထဲ၌ ရပ်နေသော ဝတ်ရုံနီနှင့် ရုပ်ရည်ချောမောသော လူရွယ် တစ်ဦးကို မြင်လိုက်ရသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ကြယ်ပင်လယ်ကြီးကိုပင် လောင်ကျွမ်းသွားစေမည့်အလား မီးလျှံများက ပန်းထွက်လာ၏။
လုရီ မျက်လုံးဖွင့်လိုက်သောအခါ သူ၏ မျက်ဝန်းများထဲတွင် နက်နဲသော တာအိုအင်းကွက်များက တဖျပ်ဖျပ် လင်းလက်နေသည်ကို မသဲမကွဲ မြင်နေရသည်။
သူ ခုနက မြင်တွေ့လိုက်ရသော ချောမောသည့်လူရွယ် ပြသခဲ့သည့် အင်မော်တယ် သိုင်းကျမ်းသည် နေလောင် ကြယ်ကြွေသိုင်းနည်းစနစ်နှင့် အနည်းငယ် ဆင်တူနေလေ၏။ အထူးသဖြင့် ကြယ်တာရာ ဟင်းလင်းပြင်ကို ဝါးမြိုလုမတတ် အရှိန်အဝါမျိုးမှာ တစ်ထေရာတည်း တူညီနေသလောက်ပင် ဖြစ်သည်။
လုရီ တွက်ချက်ကြည့်လိုက်သည့်အခါ တွင် အနီရောင်မျိုးနွယ် အကြွင်းအကျန်များအကြောင်း စုံစမ်းခြင်းက အငြင်းပွားမှု အချို့ ဖြစ်ပေါ်စေနိုင်သော်လည်း ကြီးမားသော အန္တရာယ်တော့ ရှိလိမ့်မည် မဟုတ်ပေ။
ဤအချက်သည် လုရီ ကိုယ်တိုင် နားလည်ထားသည့်အချက်နှင့် များစွာ မကွာခြားလှချေ။
မည်သို့ပင်ဖြစ်စေ၊ သူ၏ လက်ရှိအစွမ်းသည် အင်မော်တယ် ဧကရာဇ် အဆင့်တွင်တော့ သူ့ကို ယှဉ်နိုင်မည့်သူ မရှိသလောက်ပင် ဖြစ်သည်။
ထို့အပြင် သူကိုယ်တိုင်က မီးလျှံ မူလဇာစ်မြစ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားသည့်အတွက် မီးလျှံ နိယာမကို ကျင့်ကြံသော မည်သည့် ကျင့်ကြံသူကိုမဆို သဘာဝအတိုင်း တန်ပြန် ချေဖျက်နိုင်စွမ်း ရှိနေသည်။
အင်မော်တယ်အရှင်သခင် အဆင့် စွမ်းအားရှင်များပင်လျှင် မူလဇာစ်မြစ် စွမ်းအားကို ပိုင်ဆိုင်ထားခြင်း မရှိပါက သူတို့၏ အစွမ်းအစများ သိသိသာသာ အားနည်းသွားမည် ဖြစ်ပြီး သူ၏ လက်ရှိ အခြေအနေနှင့်ဆိုလျှင် အင်မော်တယ် အရှင်သခင် တစ်ပါးကို အနိုင်မတိုက်နိုင်သည့်တိုင် ထိုသို့သော စွမ်းအားရှင် တစ်ဦးထံမှ လွတ်မြောက်ရန်မှာမူ ပြဿနာ မရှိနိုင်ပေ။
ဤအခြေအနေများကို ထည့်သွင်း စဉ်းစားပါက သူသည် မီးလျှံစွန့်ခွာခြင်းဂိုဏ်းကို အမျက်ထွက်စေသည့်တိုင် အလွန်အမင်း ဒုက္ခရောက်မည် မဟုတ်ပေ။
လုရီ မျက်လုံးဖွင့်လိုက်သည်နှင့် လျိုနင်ရွှမ်းနှင့် အခြားသူများ အားလုံးသည် သူ့ထံသို့ လှည့်ကြည့်လာကြသည်။
"ဂျူနီယာ မောင်လေး၊ ငါတို့ ဘယ်လိုလုပ်ကြ
မလဲ။"
လုရီက ပြုံးလိုက်ပြီး
"ပြဿနာ မရှိဘူး၊ မီးလျှံစွန့်ခွာခြင်းဂိုဏ်းကြယ်တာရာစနစ်ကို ခရီးတစ်ခေါက် သွားကြတာပေါ့" ဟု ဆိုလေ၏။
လုရီ ဤသို့ ပြောလိုက်သည်ကို ကြားသောအခါ လျိုနင်ရွှမ်းနှင့် အခြားသူများသည်လည်း
သဘာဝအတိုင်း စိတ်အေးသွားကြတော့၏။
"ကောင်းပြီလေ။"
"ဒီည ဒီမှာ အနားယူပြီး မနက်ဖြန်မှ ခရီးဆက်ကြတာပေါ့။"
…
နောက်တစ်နေ့ နံနက်တွင် လုရီနှင့် သူ၏အဖော်များသည် လုံချန်းကို နှုတ်ဆက်ကြလေသည်။
လုံချန်းက အနည်းငယ် နှမြောတသဖြစ်စွာဖြင့်… ပြောလာ၏။
"ရောင်းရင်းလု၊ ဒီလောက် မြန်မြန် သွားတော့မလို့လား။ ကျွန်တော်က ခင်ဗျားတို့ကို ချန်းလုံ
မျိုးနွယ်ရဲ့ ရှုခင်း အလှတွေကို လိုက်ပြချင်သေးတာဗျ"
လုရီက ခပ်ဖွဖွရယ်မောလိုက်ပြီး
"နောက်လည်း အခွင့်အရေးတွေ ရှိပါသေးတယ်။ ကျွန်တော်တို့မှာ အရေးကြီးတဲ့ ကိစ္စတွေ ရှိနေလို့ အခုချက်ချင်း ထွက်ခွာမှ ဖြစ်မှာပါ" ဟု ပြန်ပြောလိုက်တော့သည်။