ဆက်နွှယ်မှု (၂)....
Vol. 52 Ch. 772
~"ဟားဟားဟား၊ မင်းလို ပါရမီရှင်
တစ်ယောက်က ငါတို့ မီးလျှံ စွန့်ခွာခြင်းဂိုဏ်းရဲ့ မီးလျှံကြယ်ကို စိတ်ဝင်စားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။"
သူက ရယ်မောရင်း နောက်ပြောင်လိုက်၏။
"ငါတို့ မီးလျှံစွန့်ခွာခြင်းဂိုဏ်းက လုံးဝ အသုံးမကျတာတော့ မဟုတ်သေးဘူး
ထင်ပါရဲ့။"
"အကြီးအကဲက စကားကို လေးနက်လွန်းအောင် ပြောနေပါပြီ။ အစွမ်းထက်တဲ့ မီးလျှံစွန့်ခွာခြင်းဂိုဏ်းကို ဘယ်လိုလုပ် အသုံးမကျဘူးလို့ မှတ်ယူနိုင်မှာလဲ။ တပည့်သာ တန်ရှ ကြယ်တာရာနယ်မြေမှာ မွေးဖွားခဲ့မယ်ဆိုရင် မီးလျှံစွန့်ခွာခြင်းဂိုဏ်းကိုပဲ ဝင်ရောက်ဖြစ်မှာပါ" ဟု လုရီက ပြောလိုက်ရာ အကြီးအကဲလီကို ကျေနပ်သွားစေပြီး အကြီးအကဲလီ၏ မျက်နှာထားမှာ အနည်းငယ် ပျော့ပျောင်းသွားလေသည်။
ထိုအဖွဲ့သည် စကားစမြည်ပြောရင်း လျင်မြန်စွာပင် နန်းတော်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။
နန်းတော်အတွင်း၌ အကြီးအကဲလီသည် ထိုအဖွဲ့ကို ပင်မခန်းမဆောင်သို့ ဦးဆောင်ခေါ်သွားပြီး နေရာယူထိုင်စေပြီးမှ လုရီဘက်သို့ လှည့်ကာ မေးလိုက်၏။
"ကဲ၊ မင်းတို့ ငါတို့ မီးလျှံစွန့်ခွာခြင်းဂိုဏ်းကို ဘာကိစ္စနဲ့ ရောက်လာတာလဲဆိုတာ သိခွင့်ရနိုင်မလား။"
လုရီက ပြုံးလျက် သူ၏ လက်ညှိုးဖြင့် လေထဲတွင် အနီရောင်မျိုးနွယ်တို့၏ ပုံရိပ်တစ်ခုကို ရေးဆွဲပြလိုက်သည်။
"တပည့်က အကြီးအကဲတစ်ပါးရဲ့ တာဝန်ပေးချက်အရ ဒီမျိုးနွယ်စုနဲ့ပတ်သက်တဲ့ သတင်းတွေကို လာရောက်စုံစမ်းတာပါ။ မီးလျှံစွန့်ခွာခြင်းဂိုဏ်းက တစ်ခုခု သိကောင်းသိလိမ့်မယ်လို့ ကြားလို့ လာမေးမြန်းတာပါ… အကြီးအကဲ ဒီမျိုးနွယ်ကို မှတ်မိပါသလား။"
လုရီသည် အကြီးအကဲလီကို အဆက်မပြတ် စောင့်ကြည့်ရင်း သူ၏ မျက်နှာအမူအရာကို အကဲခတ်နေခဲ့သည်။ အနီရောင်မျိုးနွယ်တို့၏ ပုံရိပ်ယောင် ပထမဆုံးပေါ်လာသောအခါ အကြီးအကဲလီ၏ မျက်နှာပေါ်တွင် ခဏလေး ဖြတ်ပြေးသွားသော အံ့ဩမှု အရိပ်အယောင်ကို လုရီ မြင်လိုက်ရသော်လည်း ၎င်းမှာ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
အကယ်၍သာ သူက အကြီးအကဲလီကို အာရုံစိုက်မနေခဲ့ပါက ထိုအမူအရာကို လွဲချော်သွားနိုင်ပေသည်။ ဤအချက်က လုရီအား မီးလျှံစွန့်ခွာခြင်းဂိုဏ်းသည် အနီရောင်မျိုးနွယ်တို့အကြောင်း တစ်စုံတစ်ခုကို အမှန်တကယ် သိရှိနေနိုင်သည်ဟု အတည်ပြုပေးလိုက်သကဲ့သို့ ရှိ၏။
အကြီးအကဲလီသည် ယခုအခါ အနီရောင်မျိုးနွယ်တို့၏ ပုံရိပ်ယောင်ကို စေ့စေ့စပ်စပ် စစ်ဆေးကြည့်ရှုနေပြီး ရယ်မောကာ
ဆိုလေသည်။
"ဒါက ဘာမျိုးနွယ်လဲ။ ငါတို့ မီးလျှံစွန့်ခွာခြင်းဂိုဏ်းက တန်ရှ ကြယ်တာရာနယ်မြေမှာ ဒီလောက်ကြာကြာနေလာတာ သူတို့ကို တစ်ခါမှ မမြင်ဖူးဘူး။ မင်းကြားခဲ့တဲ့ သတင်းအချက်အလက်တွေက ကောလာဟလတွေပဲ ဖြစ်မှာပါ"
လုရီ၏ အကြည့်များမှာ အနည်းငယ် တောက်ပသွားသည်။ အကြီးအကဲလီက ပြောင်ပြောင်တင်းတင်း ငြင်းဆိုလိုက်ခြင်းက သူသည် အနီရောင်မျိုးနွယ်တို့အကြောင်း တစ်စုံတစ်ရာကို ထုတ်ဖော်ပြောဆိုလိုခြင်း မရှိသည်ကို ပြသနေသည်။
သူ၏ မျက်နှာတွင် စိတ်ပျက်မှု အရိပ်အယောင်တစ်ခု ထင်ဟပ်လာပြီး သက်ပြင်းကို ညင်သာစွာ ချလျက် "ဒီလိုကိုး။ ဒီအချိန်အတောအတွင်းမှာ တပည့်လည်း သတင်းအမှားတွေ အများကြီး ကြုံခဲ့ရပြီး တချို့ဆိုရင် ဒီသတင်းတွေကို အသုံးချပြီး ထောင်ချောက်တွေ ဆင်ပြီးတော့ တပည့်တို့ကို ချောင်းမြောင်းတိုက်ခိုက်ဖို့ ကြံစည်ခဲ့ကြသေးတယ်… တပည့် ဆက်ပြီး ရှာဖွေရဦးမယ်ထင်တယ်" ဟု ဆိုလိုက်က်၏။
အကြီးအကဲလီက ရယ်မောရင်း ပြောလေ၏။
"မိတ်ဆွေလေးလုရဲ့ အစွမ်းနဲ့တောင်မှ မင်းကို ချောင်းမြောင်းတိုက်ခိုက်ရဲတဲ့သူတွေ ရှိသေးတယ် ဟုတ်လား။ ဒါကတော့ သူတို့တွေ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတာပေါ့ကွာ…အင်း.. ကြည့်ရတာ မင်းက ဒီမျိုးနွယ်ကို စုံစမ်းစစ်ဆေးဖို့ တော်တော်လေး စိတ်အားထက်သန်နေပုံပဲ။ ဒီမျိုးနွယ်က မင်းအတွက် ဘယ်လောက် အရေးပါလို့လဲ။ ဒီအဘိုးကြီး တော်တော်လေး စပ်စုချင်နေပြီ "
လုရီက အကြီးအကဲလီ၏ မျက်လုံးများထဲသို့ စိုက်ကြည့်ရင်း အသာအယာ ပြုံးကာ
တုံ့ပြန်လိုက်သည်။
"ဒီမျိုးနွယ်က တပည့်ရဲ့ အကြီးအကဲတစ်ပါးရဲ့ မျိုးနွယ်ပါ။ တပည့်က သူ့အပေါ်မှာ ကြီးမားတဲ့ ကျေးဇူးကြွေး တင်နေပါတယ်။ သူ့ရဲ့ ဆွေမျိုးတွေကို ရှာဖွေပေးဖို့ တပည့်က ကူညီနေတာပါ။ ကံမကောင်းစွာနဲ့ပဲ အခုထိတော့ ရှာမတွေ့သေးပါဘူး။"
ဤစကားကို ကြားသောအခါ အကြီးအကဲလီ၏ မျက်လုံးများထဲတွင် တုန်လှုပ်မှု
တစ်ခု ခေတ္တမျှ ဖြတ်ပြေးသွားပြီးနောက် သူသည် ထိုအမူအရာကို တစ်ဖန် ပြန်လည်ဖုံးကွယ်လိုက်သည်။
သူက ရယ်မောရင်း
"ဒါဆို ဆွေမျိုးတွေ ရှာပေးနေတာကိုး… မိတ်ဆွေလေးလု၊ မင်းက ကျေးဇူးတရားကို ပြန်ဆပ်ဖို့ ဒီလောက် ခရီးဝေးကြီး လာခဲ့တာက တကယ်ပဲ လေးစားစရာပါပဲ။ ငါလည်း မင်းအတွက် စောင့်ကြည့်ပေးပါ့မယ်။ ငါတို့သာ သူတို့ကို တွေ့ရင် မင်းကို အကြောင်းကြားပေးလို့ ရတာပေါ့"
ထိုစကားကို ကြားသောအခါ လုရီသည် ဝမ်းမြောက်ဝမ်းသာ ပြုံးလိုက်ပြီး "ဒါဆိုရင်တော့ အကြီးအကဲကို ကြိုတင် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ မီးလျှံစွန့်ခွာခြင်းဂိုဏ်းရဲ့ အစွမ်းနဲ့သာ ကူညီပေးနိုင်မယ်ဆိုရင် မျှော်လင့်ချက် ပိုများလာတာပေါ့" ဟု ဆိုလေသည်။
"ဟားဟားဟား၊ ဒါပေမဲ့ မျှော်လင့်ချက် အရမ်းကြီး မထားနဲ့ဦးပေါ့ မိတ်ဆွေလေးလု။ စကြဝဠာထဲကနေ မျိုးနွယ်စုတွေက အချိန်တိုင်း ပျောက်ကွယ်နေကြတာပဲ။ မင်းရဲ့ အကြီးအကဲက သူ့ဆွေမျိုးတွေကို မတွေ့ရတာ အခုဆို အချိန်အကြာကြီး ဖြစ်နေလောက်ပြီ။ ငါတို့တောင် သူတို့ကို ဒီလောက်အချိန်ကြာအောင် မတွေ့ခဲ့ရဘူး၊ သူတို့က သမိုင်းမြစ်ကြောထဲမှာ ပျောက်ကွယ်သွားလောက်ပြီထင်တယ်"
လုရီက အသာအယာ ခေါင်းညိတ်ကာ
"ဘယ်လိုပဲဖြစ်ဖြစ် တပည့်က အဲ့ဒီအကြီးအကဲအပေါ်မှာ ကြီးမားတဲ့ ကျေးဇူးကြွေးတင်နေပါတယ်။ ဒီလို ကျေးဇူးတရားမျိုးကိုတော့ တပည့် အပြည့်အဝ ပြန်ဆပ်ရမှာပါ… တကယ်လို့ ရှာမတွေ့နိုင်တော့ဘူးဆိုရင်တော့ အဲ့ဒီအခါကျမှ ဘာဆက်ဖြစ်မလဲ ကြည့်ကြတာပေါ့"
"မင်း ဒီလို တွေးခေါ်နိုင်တာ ကောင်းပါတယ်"
အကြီးအကဲလီက ခေါင်းညိတ်လိုက်သည်။
ထိုအဖွဲ့သည် တစ်ဖန် ခေတ္တမျှ စကားစမြည်ပြောဆိုကြပြီး အကြီးအကဲလီနှင့် လုရီတို့သည် မီးလျှံတာအို၏ နိယာမများအကြောင်းကို ဆွေးနွေးကြလေသည်။
အကြီးအကဲလီသည် အင်မော်တယ် ဧကရာဇ်အဆင့်၏ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သော်ငြားလည်း မီးလျှံနိယာမ၌ ပြီးပြည့်စုံခြင်းအဆင့်သို့ မရောက်သေးဘဲ မဟာအောင်မြင်မှုအဆင့်သို့သာ ရောက်ရှိသေးသည်ကို သိထားရမည် ဖြစ်သည်။ သူတို့၏ ဆွေးနွေးမှုအတွင်း သူသည် အလွန်တရာ တုန်လှုပ်ခြောက်ခြားသွားပြီး လုရီ၏ ထူးကဲသော ပါရမီကို ပို၍ပင် ယုံကြည်သွားတော့သည်။
သူတို့၏ ဆွေးနွေးမှုအတွင်း သူသည် အကျိုးကျေးဇူးများစွာ ရရှိလိုက်၏။
သူတို့၏ ဆွေးနွေးမှုသည် ကောင်းကင်ယံ မှောင်မည်းလာသည်အထိ အချိန်အတော်ကြာမြင့်ခဲ့သည်။ အကြီးအကဲလီက အနည်းငယ် နှမြောတသဖြစ်စွာဖြင့်
ပြောလာ၏။
"မိတ်ဆွေလုက ငါတို့ မီးလျှံစွန့်ခွာခြင်းဂိုဏ်းကို လာလည်ခဲပြီး ငါတို့နှစ်ယောက်ကလည်း ဒီလောက် သဟဇာတဖြစ်ကြမှတော့ ရက်အနည်းငယ်လောက် ထပ်နေသွားပါလား။ ဒါဆိုရင် ငါလည်း လူတချို့ကို အဲ့ဒီမျိုးနွယ်စုကို ရှာခိုင်းထားလို့ ရတာပေါ့၊ ဘယ်လိုလဲ"
လုရီသည် ခေတ္တမျှ ချီတုံချီတုံဖြစ်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။
"ဒီလိုဆိုရင်တော့ အကြီးအကဲလီကို အလုပ်ရှုပ်စေရတော့မှာပဲဗျ"
"ဟားဟားဟား၊ အလုပ်မရှုပ်ပါဘူးကွာ။ ဒီနေ့ ဆွေးနွေးမှုကနေ ရလိုက်တဲ့ ဉာဏ်အလင်းတွေက တန်ဖိုးမဖြတ်နိုင်ဘူး၊ ငါကတောင် မင်းကို ကျေးဇူးတင်ရမှာပါ မိတ်ဆွေလေးလုရာ" ဟု အကြီးအကဲလီက ပြန်လည်ဖြေကြားလိုက်သည်။
ဤအခိုက်အတန့်တွင် အကြီးအကဲလီသည် လုရီကို ဂျူနီယာတစ်ဦးအဖြစ်မဟုတ်ဘဲ အဆင့်တူတစ်ဦးအဖြစ် လုံးဝ သဘောထားလိုက်တော့သည်။
မည်သို့ပင်ဆိုစေကာမူ မီးလျှံတာအိုအပေါ် ဤမျှ နက်ရှိုင်းသော နားလည်မှုနှင့်ဆိုလျှင် လုရီသည် အင်မော်တယ် ဧကရာဇ်အဆင့်သို့ သေချာပေါက် တက်လှမ်းနိုင်မည်ဖြစ်ပြီး အနာဂတ်တွင် အင်မော်တယ် အရှင်သခင်၏ အဆင့်အတန်းကိုပင် ရရှိကာ သူ့ကို ကျော်လွန်သွားနိုင်ဖွယ် ရှိပေသည်။
နောက်ပိုင်းတွင် အကြီးအကဲလီသည် လူများကို စေခိုင်းကာ လုရီ၊ လျိုနင်ရွှမ်းနှင့် အခြားသူအချို့ကို နန်းတော်များမှတစ်ဆင့် ဦးဆောင်ခေါ်သွားစေပြီး သူ မထွက်ခွာမီ ထူးမြတ်သော ဧည့်သည်တော်များအတွက် သီးသန့်အခန်းတွင် နေရာချပေးခဲ့၏။
အခန်းတံခါးကို ပိတ်ပြီးနောက်
သုန်းကုန်းမင်ယွဲ့က စကားပြောရန် ဟန်ပြင်လိုက်စဉ် လုရီက ခေါင်းခါပြလိုက်သည်။ သုန်းကုန်းမင်ယွဲ့မှာ ပါးစပ်ဟလိုက်ပြီးမှ ဖြည်းညင်းစွာ ပြန်ပိတ်လိုက်ကာ နားမလည်နိုင်သော အကြည့်များဖြင့် လုရီကို ကြည့်လိုက်၏။
အခြားသူများလည်း အနည်းငယ် ရှုပ်ထွေးသော အကြည့်များဖြင့် လုရီကို ကြည့်လိုက်ကြသည်။ လုရီသည် ရှင်းမပြဘဲ သူ၏ မျက်လုံးများတွင် နက်နဲသော တာအိုအင်းကွက်များ တဖျပ်ဖျပ် လင်းလက်လာသည်။ သူ၏ အမြင်အာရုံထဲတွင် အခန်းတွင်းရှိ အရာအားလုံးသည် ပြိုကွဲသွားပြီး တာအို၏ အစအနများအဖြစ်သို့ ပြောင်းလဲသွားသည်။
လုရီသည် နက်ရှိုင်းစွာ ဖုံးကွယ်ထားသော လျှို့ဝှက်ဆန်းကြယ်သည့် အခင်းအကျင်းအင်းကွက်များကို သတိပြုမိသွားပြီး မျက်ခုံးအနည်းငယ် ပင့်လိုက်၏။
နောက်တစ်ခဏတွင် သူသည် သူ၏ လက်ချောင်းများကို လှုပ်ရှားလိုက်ရာ အခင်းအကျင်းများ၏ အင်းကွက်များ စုစည်းလာပြီး ထိုအခင်းအကျင်းအင်းကွက်များကို ပိတ်ဆို့လိုက်သည်။ လျှို့ဝှက်ဆန်းကြယ်သော အခင်းအကျင်းအင်းကွက်များ လုံးဝ ပိတ်ဆို့ခံလိုက်ရသောအခါ လုရီက ခပ်ဖွဖွရယ်မောရင်း ဆိုလိုက်သည်။
"ကဲ၊ အခု စကားပြောလို့ ရပြီ"
"စီနီယာအစ်ကို၊ ခုနက ဘာဖြစ်သွားတာလဲဟင်" ဟု သုန်းကုန်းမင်ယွဲ့က စပ်စုစွာ မေးလိုက်သည်။
လုရီက ပြုံး၍ ဆို၏။
"ဒီအခန်းထဲမှာ သီးသန့် ခွဲထုတ်ထားတဲ့ မဟာအခင်းအကျင်း တစ်ခုကို တပ်ဆင်ထားတယ်။ ဒါက မကောင်းတဲ့ အခင်းအကျင်းတော့ မဟုတ်ဘူး၊ စုံစမ်းစစ်ဆေးတဲ့ အမျိုးအစား အခင်းအကျင်းတစ်ခုပဲ၊ ငါတို့ရဲ့ စကားပြောသံတွေကို ကြားနိုင်လောက်တယ်"
ထိုစကားကို ကြားသောအခါ လျိုနင်ရွှမ်းနှင့် အခြားသူများ၏ မျက်နှာများ ပြောင်းလဲသွားပြီး မျက်မှောင်ကြုတ်လိုက်ကြသည်။
"အခု အဆင်ပြေသွားပြီလား"
လင်းလောင်တောင်ထိပ် သခင်မက ဝင်ပြောလိုက်သည်။
"ဟုတ်ကဲ့၊ ကျွန်တော် မဟာ အခင်းအကျင်းကို ပိတ်ဆို့လိုက်ပြီ"
လုရီက ခေါင်းညိတ်လိုက်သည်။
လုရီသည် မဟာ အခင်းအကျင်းကို အလွန်ရန်လိုသော ပုံစံဖြင့် ပိတ်ဆို့ခဲ့ခြင်း မဟုတ်ပေ။ ထိုအစား သူသည် အခင်းအကျင်း
တာအိုမှ ကျွမ်းကျင်မှုများကို အသုံးပြုကာ ဤမဟာအခင်းအကျင်းကို တန်ပြန်ရန် အထူးပုံရိပ်ယောင် အခင်းအကျင်းတစ်ခုကို ရေးဆွဲခဲ့သည်။ ထိုပုံရိပ်ယောင်အတွင်း၌ လုရီနှင့် သူ့အဖွဲ့၏ ပုံရိပ်များမှာ ရှိနေဆဲဖြစ်ပြီး မဟာအခင်းအကျင်းမှ လေ့လာတွေ့ရှိသော ပုံရိပ်ယောင်များကို သူတို့၏ အစစ်အမှန်ကိုယ်များဟု မှားယွင်းစွာ ယူဆသွားပေလိမ့်မည်။
မဟာအခင်းအကျင်းကို ပိတ်ဆို့လိုက်ပြီဟု ကြားသောအခါ လျိုနင်ရွှမ်းနှင့် အခြားသူများသည် နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချနိုင်ခဲ့ကြသည်။
ကျန်းရူယွီက လက်နှစ်ဖက်ကို ခါးထောက်လျက် အလွန် မကျေမနပ်ဖြစ်စွာဖြင့် "ဧည့်သည်အခန်းထဲမှာ ဒီလိုမျိုး စောင့်ကြည့်ရေး မဟာအခင်းအကျင်းကို တပ်ဆင်ထားတယ်တဲ့လား။ ဒါက မီးလျှံစွန့်ခွာခြင်းဂိုဏ်းက ဧည့်သည်တွေကို ဧည့်ခံတဲ့ နည်းလမ်းလား" ဟု မကျေမနပ် ရေရွတ်လိုက်လေသည်။
လုရီက ပြုံး၍...
"စီနီယာအစ်မ ရူယွီ၊ စိတ်ဆိုးနေဖို့ မလိုပါဘူး၊ ဒါက တကယ်တော့ ကောင်းတဲ့အရာတစ်ခုပဲ"
"ကောင်းတဲ့အရာ ဟုတ်လား။"
သုန်းကုန်းမင်ယွဲ့နှင့် အခြားသူများသည် အနည်းငယ် နားမလည်နိုင်သော အကြည့်များဖြင့် လုရီကို ကြည့်လိုက်ကြသည်။
လုရီက ပြုံးရင်း ရှင်းပြလိုက်သည်။
"စဉ်းစားကြည့်လေ၊ မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှာ တကယ်ပဲ ဘာပြဿနာမှ မရှိဘူး၊ ပြီးတော့ ကျွန််တော်တို့က သာမန်ဧည့်သည်တွေပဲဆိုရင် သူတို့က ဘာလို့ ကျွန််တော်တို့ကို ဒီလောက်ထိ သတိထားစောင့်ကြည့်နေဖို့ လိုမှာလဲ။"
ထိုစကားကို ကြားသောအခါ လျိုနင်ရွှမ်းနှင့် အခြားသူများ၏ မျက်လုံးများ
လင်းလက်သွားကြပြီး ယွင်ရှီးက ပြုံး၍
ဆိုလိုက်သည်။
"လုရီ၊ မင်း ဆိုလိုတာက သူတို့က အနီရောင်အင်မော်တယ် ဘုရင်ရဲ့ မျိုးဆက်တွေနဲ့ တကယ်ပဲ ပတ်သက်နေတယ်လို့ ပြောချင်တာလား"
လုရီက အသာအယာ ခေါင်းညိတ်လိုက်သည်။
"ဖြစ်နိုင်ခြေ အရမ်းများတယ်။"
လျိုနင်ရွှမ်းက ခပ်ဖျော့ဖျော့ပြုံးရင်း...
"ကျွန်မ အကြီးအကဲလီရဲ့ မျက်နှာအမူအရာတွေကို စောင့်ကြည့်နေခဲ့တာ။ သူက အနီရောင်မျိုးနွယ်တို့ရဲ့ ပုံရိပ်ယောင်ကို မြင်ပြီး အနီရောင်မျိုးနွယ်တွေက အဲ့ဒီအကြီးအကဲရဲ့ မျိုးဆက်တွေလို့ ကြားလိုက်ရတဲ့အခါ သူ့ရဲ့ မျက်နှာအမူအရာက တော်တော်လေး မူမမှန်နေဘူး။ သူ တကယ်ပဲ သူတို့ကို မသိဘူးဆိုရင် သူ့ရဲ့ မျက်နှာ အမူအရာက အဲ့ဒီလို ဖြစ်နေမှာ မဟုတ်လောက်ဘူး" ဟု ဆိုလိုက်၏။
လုရီက ပြုံး၍ တုံ့ပြန်လိုက်သည်။
"စီနီယာအစ်မက သတိထားမိသားပဲ၊ ကျွန်တော်လည်း အဲ့ဒါကို သတိထားမိခဲ့တယ်။"
"ဒါဆို သူတို့ တကယ်ပဲ ပတ်သက်နေတာပေါ့" သုန်းကုန်းမင်ယွဲ့က အနည်းငယ် စိတ်လှုပ်ရှားသွားသော်လည်း လျင်မြန်စွာပင် အနည်းငယ် စိတ်ပျက်စွာဖြင့် ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်ပြီး
"ဒါပေမဲ့ အကြီးအကဲလီက အမြဲတမ်း စကားပြောဖို့ ဆန္ဒမရှိဘူး၊ ကျွန်မတို့ ဘာလုပ်ကြမလဲ" ဟု ဆက်လက် မေးလိုက်၏။
ယွင်ရှီးက ခဏစဉ်းစားပြီးနောက် အကြံပြုလိုက်သည်က...
"ငါတို့ သူ့ကို ဖမ်းလိုက်ရမလား"
လူတိုင်းသည် ထူးဆန်းသော အကြည့်များဖြင့် ယွင်ရှီးကို ကြည့်လိုက်ကြပြီး အမြဲတမ်း နတ်သမီး တစ်ပါးကဲ့သို့ နူးညံ့သိမ်မွေ့သော ယွင်ရှီးက ဤမျှ ရန်လိုလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။
သို့သော် ယွင်ရှီးသည် အမှန်တကယ်ပင် တစ်ခါတစ်ရံတွင် အလွန် စိတ်မြန်လက်မြန်နိုင်လေသည်။
လုရီက ခေါင်းခါလိုက်သည်။
"အဲ့ဒါက နောက်ဆုံးနည်းလမ်းပဲ။"
"ဒါဆို နင် ဘာလုပ်ဖို့ စီစဉ်ထားလဲ။"
လုရီက စဉ်းစားပြီးနောက် ပြောလာ၏။
"ငါတို့ကို စောင့်ကြည့်နေတဲ့ မဟာအခင်းအကျင်းကို နှောင့်ယှက်ပြီးသွားပြီ၊ အကြီးအကဲလီကလည်း သူ့ရဲ့ သတိထားမှုကို လျှော့ချလောက်ပြီ၊ ငါ အခု အပြင်ထွက်ပြီး ကြည့်ရှုဖို့ စီစဉ်ထားတယ်၊ တစ်ခုခု ရှာတွေ့နိုင်လောက်တယ်"
လုရီ၏ အမှောင်နိယာမနှင့် နေရာလပ်နိယာမ နှစ်ခုစလုံးသည် ပြီးပြည့်စုံခြင်းအဆင့်အထိ ကျင့်ကြံထားပြီး ဖြစ်သည်။ သူသာ မလိုလားပါက အင်မော်တယ် ဧကရာဇ်တစ်ပါးပင်လျှင် သူ၏ ခြေရာများကို ထောက်လှမ်းနိုင်မည် မဟုတ်ပေ။
အကြီးအကဲလီက စကားပြောရန် ဆန္ဒမရှိသောကြောင့် လုရီသည် ကိုယ်တိုင်သာ ရှာဖွေရတော့မည် ဖြစ်လေသည်။