ကြေမွ တိုက်ကြီး၊ အင်မော်တယ်ဘုရင်၏ မပြည့်စုံသော မဟာအခင်းအကျင်း...
Vol. 52 Ch. 773
~"ဒါဆို… ငါတို့ နင်နဲ့ အတူတူ လိုက်ခဲ့ရမှာလား။"
လျိုနင်ရွှမ်းက လုရီကို ကြည့်ရင်း မေးလိုက်သည်။ သူ အတူတူသွားခြင်းဟု ဆိုလိုသည်မှာ လျှို့ဝှက်နည်းစနစ်ကို အသုံးပြု၍ လုရီနှင့် ပေါင်းစပ်ခြင်းကို ဆိုလိုကြောင်း ထင်ရှားလှ၏။
လုရီက ခေါင်းခါပြလိုက်သည်။
"မလိုပါဘူး၊ ဒီမှာပဲ နေခဲ့ကြပါ။ တစ်ခုခုဖြစ်ရင် ကျွန်တော် ချက်ချင်းပြန်လာခဲ့မယ် နော်။ ပြီးရင် အတူတူ ထွက်သွားကြတာပေါ့။"
မည်သို့ပင်ဆိုစေကာမူ လျှို့ဝှက်နည်းစနစ်ကို အသုံးပြုရန် အင်မော်တယ်ဝိညာဉ်စွမ်းအင်ကို သုံးစွဲရန် လိုအပ်ပေသည်။ ယခု တိုက်ခိုက်ခြင်း မရှိသည့်အတွက် အင်မော်တယ်ဝိညာဉ်စွမ်းအင် ကုန်ဆုံးသွားပါက
လုရီအတွက် အဆင်ပြေသော်လည်း
လျိုနင်ရွှမ်းနှင့် အခြားသူများမှာ ပြန်လည်နာလန်ထူရန် အချိန်များစွာ ပိုကြာမြင့်ပေလိမ့်မည်။ အကယ်၍ အရေးယူဆောင်ရွက်ရန် လိုအပ်သော ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက သူမတို့သည် ၎င်းကို အသုံးမပြုနိုင်ဘဲ ရှိပေလိမ့်မည်။
လုရီ၏ စကားကို ကြားသောအခါ
လျိုနင်ရွှမ်းနှင့် အခြားသူများသည် အတင်းအကျပ် မတောင်းဆိုတော့ဘဲ အသာအယာ ခေါင်းညိတ်လိုက်ကြသည်။
"လုရီ၊ ဒါဆို ဂရုစိုက်သွားဦးနော်။"
လုရီက ခေါင်းညိတ်ပြပြီးနောက် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ နေရာလပ်နှင့် ပေါင်းစပ်သွားပြီး အခန်းအတွင်း၌ပင် ပျောက်ကွယ်သွားလေတော့၏။
……
အကြီးအကဲလီသည် လုရီနှင့် အခြားသူများကို သူတို့၏ ဧည့်သည်တော်အခန်းများသို့ ပြန်ပို့ပြီးနောက် သူ၏ ကိုယ်ပိုင်အခန်းသို့ ပြန်လည်ရောက်ရှိလာခဲ့၏။
သူသည် အခန်းထဲတွင် ခြေလှမ်းအနည်းငယ် လျှောက်ပတ်လမ်းလျှောက်နေပြီးနောက် ဧည့်သည်တော်အခန်းများရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။ သူ၏ မျက်လုံးများတွင် ခေတ္တမျှ အရောင်တစ်ချက် လက်သွားပြီးနောက် သူသည် အပြင်သို့ ထွက်ကာ အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲလျက် ဂြိုဟ်ပေါ်မှ ထွက်ခွာသွားလေသည်။
လုရီ အပြင်သို့ ထွက်လာသောအခါ အကြီးအကဲလီ၏ အရှိန်အဝါ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရုံသာ ရှိတော့သည်။
သူသည် မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး ခေတ္တမျှ ချီတုံချီတုံဖြစ်သွားကာ နောက်ဆုံးတွင် လိုက်ပါသွားရန် ဆုံးဖြတ်လိုက်၏။
အကြီးအကဲလီသည် မျိုးနွယ်နီအကြွင်းအကျန်များအကြောင်း တစ်စုံတစ်ရာကို ရှင်းလင်းစွာ သိရှိထားသည်။ ယခု သူ၏ ရုတ်တရက်ထွက်ခွာသွားခြင်းသည် ဤကိစ္စနှင့် ပတ်သက်နေနိုင်ပေသည်။ အကြီးအကဲလီနောက်သို့ လိုက်သွားပါက မိမိအတွက် အကျိုးအမြတ်အချို့ ရရှိနိုင်ကောင်း ရရှိနိုင်လိမ့်မည်။
လုရီသည် နေရာလပ်ခြားထဲတွင် ရှိနေပြီး အမှောင်စွမ်းအားက သူ၏ ကိုယ်ကို လွှမ်းခြုံထားရာ သူ၏ တည်ရှိမှုကို အရိပ်အယောင်တစ်စမျှပင် ထုတ်လွှတ်ခြင်း မရှိခဲ့ပေ။
သူသည် အကြီးအကဲလီ၏ နောက်မှ တကောက်ကောက် လိုက်ပါသွား၏။ သူတို့သည် ကြယ်ကြီးကိုးလုံးရှိရာဘက်သို့ ဦးတည်နေကြပြီး အကြီးအကဲလီမှာမူ သူ၏ တည်ရှိမှုကို လုံးဝ သတိမထားမိခဲ့ချေ။
မကြာမီမှာပင် အကြီးအကဲလီသည် ကြယ်ကြီးကိုးလုံးနှင့် အနီးဆုံးဂြိုဟ်ထံသို့ ဆိုက်ရောက်သွားတော့သည်။
ဤဂြိုဟ်ပေါ်ရှိ အပူချိန်မှာ ပို၍ပင် မြင့်မားနေပြီး အနီရောင်အင်မော်တယ်ဘုရင် ရှိခဲ့သော အပျက်အစီးများရှိရာနေရာနှင့်ပင် နှိုင်းယှဉ်နိုင်လောက်သည်။
အကြီးအကဲလီ၏ နန်းတော်ရှိရာ ဂြိုဟ်ကဲ့သို့ပင် ဤဂြိုဟ်သည်လည်း ခြောက်ကပ်နေပြီး နေရာတိုင်းတွင် အနီရောင်ကျောက်တုံးများ ပြန့်ကျဲနေကာ ၎င်းတို့အပေါ်တွင် မှိန်ဖျော့သော တာအိုအင်းကွက်များ တဖျပ်ဖျပ်လင်းနေသည်ကို မြင်နိုင်ရာ အခင်းအကျင်းတစ်ခု ချထားသည်မှာ ထင်ရှားလှသည်။
လုရီသည် တည်ငြိမ်သော မျက်နှာထားဖြင့် နေရာလပ်ခြားထဲမှနေ၍ အခင်းအကျင်း၏ ကြားကွက်လပ်များမှတစ်ဆင့် ရွေ့လျားသွားရာ မည်သူ့ကိုမျှ မလန့်စေဘဲ အကြီးအကဲလီ၏ နောက်မှ ဆက်လက်လိုက်ပါသွားလေသည်။
အကြီးအကဲလီသည် လျင်မြန်စွာ လှုပ်ရှားသွားရာ သိပ်မကြာမီမှာပင် ကြီးမားသော ကျောက်သား နန်းတော်ကြီးတစ်ခုဆီသို့ ရောက်ရှိသွားသည်။
နန်းတော်ထဲသို့ ဝင်ရောက်ပြီး ရှုပ်ထွေးသော စင်္ကြံများကို ဖြတ်သန်းပြီးနောက် သူသည် အခန်းတစ်ခန်း၏ ရှေ့မှောက်သို့ ရောက်ရှိလာပြီး "အစ်ကိုလင်း၊ ကျွန်တော်ပါ" ဟု ဆိုလိုက်၏။
အခန်းအတွင်းမှ အသံတစ်ခု ထွက်ပေါ်လာသည်။
"ညီလေးလီလား။ ဝင်ခဲ့လေ။"
အကြီးအကဲလီသည် အခန်းတံခါးကို တွန်းဖွင့်ကာ ဝင်ရောက်သွားပြီး သူ၏ နောက်မှ တံခါးကို ပေါ့ပေါ့ပါးပါး ပြန်ပိတ်လိုက်သည်။
လုရီသည်လည်း အကြီးအကဲလီ၏ နောက်မှ လိုက်ပါကာ အခန်းထဲသို့ ခြေချလိုက်၏။
သူ၏ အကြည့်များက ဝေ့ဝဲသွားရာ.. မီးခိုးရောင်ဖျော့ဖျော့ ဆံပင်တိုနှင့် အရပ်မြင့်ပြီး သွယ်လျသော ကိုယ်လုံးကိုယ်ပေါက်၊ ပညာတတ်ဆန်ပြီး နူးညံ့သိမ်မွေ့သော ရုပ်သွင်ရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး စားပွဲခုံနောက်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။
ထိုလူလတ်ပိုင်းအရွယ် အမျိုးသားသည် လက်ရှိတွင် စားပွဲပေါ်မှ စာရွက်စာတမ်းအမျိုးမျိုးကို ကြည့်ရှုနေသည်။
လုရီသည် ဤလူလတ်ပိုင်းအရွယ် အမျိုးသားထံတွင် တိမ်ဖြူ အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ဝူချင်းဖုန်းနှင့် ရုပ်ချင်းဆင်တူသည်ဟု ထူးဆန်းစွာ ခံစားလိုက်ရသည်။
ဤလူလတ်ပိုင်းအရွယ် အမျိုးသားသည် မီးလျှံစွန့်ခွာခြင်းဂိုဏ်း၏ ကိစ္စရပ်များကို ရှင်းလင်းစွာ ကိုင်တွယ်နေပြီး အလွန်အလုပ်များပုံရသည်။ အကြီးအကဲလီ ဝင်လာသောအခါ သူက တစ်ချက်သာ လှမ်းကြည့်လိုက်ပြီးနောက် သူ၏ ခေါင်းကို ပြန်ငုံ့ကာ သူ၏ အလုပ်ကို ဆက်လုပ်နေခဲ့သည်။
"ညီလေးလီ၊ ဒီကို ဘာကိစ္စနဲ့ ရုတ်တရက် ရောက်လာတာလဲ။"
လူလတ်ပိုင်းအရွယ် အမျိုးသားက စာရွက်စာတမ်းများကို ဆက်လက်စစ်ဆေးရင်း မေးလိုက်သည်။
အကြီးအကဲလီသည် အသက်ကို ပြင်းပြင်းတစ်ရှိုက် ရှူလိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် ပတ်ပတ်လည်ကို ကြည့်ကာ "အစ်ကိုလင်း၊ ဒီနေ့ ဂိုဏ်းရဲ့ ကြယ်စနစ်အပြင်ဘက်မှာ ဖြစ်သွားတဲ့ လှုပ်လှုပ်ရှားရှားဖြစ်မှုကို အစ်ကို သိပြီးပြီလား" ဟု ဆိုလိုက်၏။
"အင်း၊ သိပြီးပြီ။ ရွှေအင်မော်တယ်အဆင့်ရဲ့ ပါရမီရှင်တစ်ယောက်က မီးလျှံစွန့်ခွာခြင်းဂိုဏ်းကို လာစိန်ခေါ်တယ်ဆို။
ယွင်မူတောင် သူ့ပြိုင်ဘက်မဟုတ်ဘူးတဲ့၊ တကယ်ပဲ ထူးခြားတာပဲ… အဲ့ဒီလူငယ်လေးရဲ့ မီးလျှံတာအို နားလည်နိုင်စွမ်းက ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်နေပြီလို့ ဆိုကြတယ်။ ဘယ်ဆရာသခင်ကြီးရဲ့ တပည့်များလဲ မသိဘူး။"
အစ်ကိုလင်းသည် လုရီအကြောင်း သတင်းကြားရသောအခါ စိတ်ဝင်စားမှု မြင့်တက်လာပုံရပြီး သူ၏ စာဖတ်ခြင်းကို ရပ်တန့်ကာ အကြီးအကဲလီကို အနည်းငယ် အထင်ကြီးလေးစားဟန်ဖြင့် ကြည့်လိုက်သည်။
ထို့နောက် သူက ခပ်ဖွဖွရယ်မောလိုက်သည်။
"ငါ မှတ်မိမမှားဘူးဆိုရင် အဲ့ဒီလူငယ်လေးကို အကြီးအကဲလီက သူ့ရဲ့ နေအိမ်ကို ဧည့်သည်အဖြစ် ဖိတ်ခေါ်ထားတယ် မဟုတ်လား။ ဒါဖြင့် ဘာလို့ ငါ့ဆီ ရောက်လာရတာလဲ။ ထူးမြတ်တဲ့ ဧည့်သည်ကို ဧည့်ခံဖို့
မပေါ့ဆနဲ့ဦး၊ မီးလျှံစွန့်ခွာခြင်းဂိုဏ်းက ဧည့်ဝတ်မကျေဘူးလို့ ကောလာဟလတွေ ပျံ့သွားမှာ ငါတို့ မလိုလားဘူး။"
အကြီးအကဲလီသည် အစ်ကိုလင်း၏ မှတ်ချက်ကို လျစ်လျူရှုလိုက်ပြီး
ပြောလိုက်၏။
"ဒီလူငယ်လေးက ကျွန်တော်တို့ မီးလျှံစွန့်ခွာခြင်းဂိုဏ်းကို တစ်ခုခု လာမေးမြန်းတာဗျ။"
အကြီးအကဲလီ၏ လေးနက်သော မျက်နှာအမူအရာကို မြင်သောအခါ အစ်ကိုလင်းသည်လည်း တည်ကြည်သွားပြီး အကြီးအကဲလီကို စစ်ဆေးကြည့်ရှုကာ "ဘာအကြောင်းကိုလဲ" ဟု မေးလိုက်သည်။
"မီးလျှံနီ မျိုးနွယ်အကြောင်း သတင်းအချက်အလက်တွေပါ" ဟု အကြီးအကဲလီက လေးနက်စွာ ဆို၏။
ဤစကားကို ကြားလိုက်ရသည်နှင့် အစ်ကိုလင်း၏ ဖော်ရွေပြီး ပညာတတ်ဆန်သော မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး သူ၏ အတွင်းစိတ်ခံစားချက်များနှင့်အတူ သူ၏ အရှိန်အဝါပင် အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။
ဤအခိုက်အတန့်တွင် အစ်ကိလင်း မည်မျှ တုန်လှုပ်ခြောက်ခြားသွားသည်မှာ ရှင်းလင်းစွာ မြင်သာလှသည်။
နေရာလပ်ခြားထဲတွင် ရှိနေသော လုရီသည် အစ်ကိုလင်း၏ မျက်နှာအမူအရာ ပြောင်းလဲမှုကို အကဲခတ်ရင်း သူ၏ သံသယမှာ ပို၍ပင် အတည်ဖြစ်သွားတော့သည်။ မီးလျှံစွန့်ခွာခြင်းဂိုဏ်းသည် အနီရောင်အင်မော်တယ်ဘုရင်၏ လူများအကြောင်းကို အမှန်တကယ်ပင် များစွာ သိရှိထားဖွယ် ရှိပေသည်။
လေးနက်သော မျက်နှာထားဖြင့် သူသည် အင်မော်တယ် ဧကရာဇ်နှစ်ဦးကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အစ်ကိုတော်လင်းက ဖြည်းညင်းစွာ မေးလိုက်သည်။
"မီးလျှံနီ မျိုးနွယ်အကြောင်း သတင်းအချက်အလက် ဟုတ်လား။ ဒီလူက ဘယ်သူလဲ။ သူက ဘာလို့ မီးလျှံနီ မျိုးနွယ်အကြောင်း သတင်း အချက်အလက်ကို ရှာဖွေနေရတာလဲ။"
"အဲ့ဒီလူငယ်လေး ပြောတာကတော့ သူက မီးလျှံနီ မျိုးနွယ်က စီနီယာတစ်ယောက်ကို သိတယ်တဲ့။ မီးလျှံနီမျိုးနွယ်က အဲ့ဒီစီနီယာရဲ့ ကျေးဇူးကို ပြန်ဆပ်ဖို့အတွက် သူက ဒီကို အနီရောင် မျိုးနွယ်ရဲ့ ခြေရာတွေကို လာရှာတာတဲ့"
အကြီးအကဲလီက ထိုသို့ ထုတ်ဖော်ပြောကြားလိုက်ရာ အစ်ကိုလင်း၏ မျက်နှာအမူအရာမှာ တခဏချင်းပင် ပို၍ ထူးဆန်းလာတော့သည်။
အစ်ကိုလင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် အေးစက်မှုတစ်ခု ပေါ်ပေါက်လာသည်။
"မုသားစကားပဲ။ မီးလျှံနီမျိုးနွယ်မှာ အပြင်လောကမှာ ကျန်ရစ်တဲ့ မျိုးနွယ်ဝင်တစ်ယောက်မှ မရှိတော့တာ ကြာပြီ။ အဲ့ဒီ အကောင်ပေါက်စက ဘယ်လိုလုပ် တစ်ယောက်ယောက်နဲ့ တွေ့နိုင်မှာလဲ။"