← Chapters

ဒီ အင်မော်တယ်က ဘာလို့ အရမ်းတွေ ပျော်နေရတာလား  ...

Vol. 1 Ch. 1

ဒီ အင်မော်တယ်က ဘာလို့ အရမ်းတွေ ပျော်နေရတာလား  ...

Vol. 1 Ch. 1

မြင့်မားသည့် အဆောက်အဦ တစ်ခုထိပ်တွင် ရပ်နေသည်ကြောင့် လေကြမ်းများက အန်လင်း ပတ်ပတ်လည်တွင် ဝန်းရံ တိုက်ခိုက်နေသည်။

အနောက်ကို လှည့်လိုက်သည့်အခါ ရက်စက် ကြမ်းကြုတ်သူ တစ်စုက သူ့ထံ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်ကို တွေ့ရသည်။

“ဟီးဟီးဟီး ... ဆိုးရွားလွန်းတဲ့ ကောင်ကလေး ... ဒီတစ်ကြိမ် မင်းဘယ်လို ထွက်ပြေးမလဲ ကြည့်ရအောင် ... မင်းမှာ သတ္တိရှိတယ် ဆိုရင် ဘာလို့ ပျံပြီး ထွက်မပြေးတာလဲ ...” ခန္ဓာကိုယ် တုတ်ခိုင်သည့် ခေါင်းဆောင်လူကြီးသည် သံတုတ်ကို လက်တွင် ဝှေ့ယမ်းကာ သူ့မျက်နှာတွင်လည်း ရက်စက်မှုတို့က အထင်းသား ဖြစ်သည်။

သူ့မှာ ထွက်ပြေးဖို့ရာ အခွင့်အရေး မရှိတော့မှန်း အန်လင်းက သိလိုက်သည်။ သို့ပေမဲ့လည်း ဖမ်းမိသွားလျှင် ဖြစ်လာမည့် အကျိုးဆက်များ အကြောင်း စဉ်းစားမိသည်နှင့် သူ့ခန္ဓာကိုယ်မှာ တုန်ယင်လာပြီး ထိန်းချုပ် မရနိုင်တော့ပေ။ ထိုဘဝက အရမ်းကို လူမဆန်ဘဲ ရက်စက်မည်မှန်း ရှင်းရှင်းလေးပင်။

ဘာလုပ်ရမလဲ ... ငါဘာလုပ်သင့်လဲ ... ငါပျံသန်းနိုင်မယ်ဆိုရင် တကယ်ကောင်းမှာပဲ ...

အန်လင်းက ထိုသို့ တွေးနေချိန်မှာပင် လေပြင်းများ တိုက်ခိုက်လာပြီး သူ့ခန္ဓာကိုယ်အား မြေပြင်မှနေ အထက်သို့ ပင့်တင် ပေးလိုက်သည်။

“ဟေ့ ... ဟေ့ ...”

အန်လင်းက ကြောက်လန့်သွားသည်။ သူ့အား လေပြင်းများက သယ်ဆောင်သွားနေပြီ ဖြစ်ကာ တကယ်ကြီး ပျံသန်းနေပြီ။

“လခွမ်း ... သူက တကယ်ကြီး ပျံနိုင်တာလားဟ ...” မြေပြင်မှနေ မြင့်တက်သွားသည်ကို ကြည့်ရင်း ထိုတုတ်ခိုင်သည့် ခေါင်းဆောင်လူကြီးမှာ အန်လင်းလိုပင် အံ့ဩလွန်းသဖြင့် ဘာစကားမှပင် ပြောမထွက်တော့ပေ။

လူအားလုံး ရှေ့မှာပင် လေပြင်းများက အန်လင်းအား အဆောက်အဦ ထိပ်မှနေ ခေါ်ဆောင်သွားသည်။

ထို့နောက် လေများ လွင့်ပါးသွားပြီး လွတ်လွတ်ကင်းကင်းကို ပြုတ်ကျ လာတော့သည်။

“အား ကယ်ကြပါဦး ...”

လျင်မြန်စွာ ပြုတ်ကျလာမှုကြောင့် တဟူးဟူး တိုက်ခတ်နေသည့် လေများနှင့် အလေးချိန် မဲ့နေသည့် ဖြစ်ရပ်တို့က အန်လင်းအား ကြောက်ရွံ့စွာဖြင့် အသားကုန် အော်ဟစ်စေလေသည်။

ငါသေတော့မယ် ... ငါသေတော့မယ် ... ငါသေတော့မယ် ...

အန်လင်းက စိတ်ထဲမှနေ ထိုသို့ ဆက်တိုက် အော်ဟစ်နေခဲ့သည်။

သေဆုံးရတော့မည် ဆိုသော ကြောက်ရွံ့စိတ်က လွှမ်းခြုံ လာသောအခါ သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းမှာ ထိန်းချုပ် မရလောက်အောင် တုန်ယင်လာကြသည်။

အဆောက်အဦ၏ ထိပ်တွင်တော့ တုတ်ခိုင်သည့် ခေါင်းဆောင်မှာ အန်လင်း ကူကယ်ရာမဲ့ ပြုတ်ကျလာသည်ကို ကြည့်ရင်း အံ့အားသင့် နေမိသည်။ သိပ်မကြာခင်မှာ ကျန်သူများဆီ လှည့်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “အဲဒီ ... အဲဒီကလေးကို ငါက အဆောက်အဦပေါ် ကနေ ဖိအားပေးပြီး ခုန်ချသွားခိုင်းတာ မဟုတ်ဘူးနော် ... လေက သူ့ဘာသူ သယ်သွားတာ ... မင်းတို့ကောင်တွေ ငါ့အတွက် သက်သေခံ ပေးရမယ်နော် ... လုပ်ပါကွာ ... ငါက အပြစ် မရှိပါဘူး ...”

သူ့နောက်ရှိ လူများမှာလည်း တွေဝေမိန်းမော နေကြသည်။ လေက အရမ်းကို ပုံမှန်မဟုတ်ဘဲ တိုက်ခတ် လာခဲ့သည်။ သူတို့မျက်မြင် တွေ့ခဲ့ရတာတောင် မယုံနိုင်သေးတာ အခြားသူများမှာ မည်သို့ဆိုဖွယ်ရာ ရှိတော့မည်နည်း။

မြေပြင်နှင့် နီးကပ်လာသည်ကို ကြည့်ပြီး အန်လင်းမှာ မျှော်လင့်ချက် မဲ့စွာနှင့် မျက်လုံးများကို မှိတ်လိုက်တော့သည်။ အခုလို မျှော်လင့်ချက်မဲ့ပြီး ရူးကြောင်ကြောင် အပြုအမူ မျိုးနှင့် ဘဝကို အဆုံးသတ် ရမည်ဟု မမျှော်လင့်ခဲ့ပေ။

ထိုအချိန်တွင် အဖြူရောင် အလင်းများနှင့် လျှို့ဝှက် အလုံးလေး ရုတ်တရက် ပေါ်လာခဲ့ပြီး သူ့ခန္ဓာကိုယ် တစ်ခုလုံးအား လွှမ်းခြုံလိုက်သည်။

ထိုခဏတွင်ပင် ရုတ်တရက် အရှိန် လျှော့ချမှုကြောင့် ကြီးမားသည့် ဖိအားတစ်ခု ဖြစ်ပေါ်လာသည်။ အန်လင်းက မိုးပျံရထား စီးနေသကဲ့သို့ ခံစားနေရသည်။ အောက်သို့ တစ်ရှိန်ထိုး ပြုတ်ကျ ... လှည့်ပတ် ... ပြီးနောက် ကောင်းကင်သို့ ထိုးတက် ...

“အား ...”

အန်လင်းက နောက်တစ်ဖန် အသားကုန် အော်ပြန်သည်။ ကောင်းကင်သို့ နောက်တစ်ကြိမ် ထိုးတက် ပျံသန်းပြီးသည့် နောက်တွင် သူ့ခန္ဓာကိုယ်မှာ အဆောက်အဦ ထိပ်သို့ ပြန်လည် ပြုတ်ကျလာသည်။

ကမ္ဘာမြေကြီး၏ ဆွဲငင်အားမှ ကင်းမဲ့ကာ ပြင်းထန်သည့် အလေးချိန် ကင်းမှုတို့အပြင် သေခြင်းနှင့် ရှင်ခြင်းကြား လူးလာခေါက်ပြန် ခဲ့ရသည့် ခံစားချက်တို့က အန်လင်းအား မူးဝေစေသည်။ ထို့နောက် ထိန်းချုပ်၍ မရတော့အောင် ပျို့အန်တော့သည်။

“ဟေ့ ... ဟေ့ ... ကောင်ကလေး ... အဆင်ပြေရဲ့လား ...” ထိုအချိန်မှာပင် အမြော်အမြင် ပြည့်ဝသည့် အသံတစ်သံက အန်လင်း၏ နားအတွင်းသို့ ရောက်ရှိ လာခဲ့သည်။

သူ့ခေါင်းကို ထောင်ကြည့်လိုက်သည့် အခါ အဘိုးအို တစ်ဦးက သူ့အား ကြင်နာစွာဖြင့် ငုံ့ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ထိုအဘိုးအို၏ နောက်တွင်တော့ သူ့အား ဖမ်းဆီးရန် ရောက်လာကြသည့် ရက်စက်ကြမ်းကြုတ်သူ တစ်စုသည် မြေပြင်ပေါ်တွင် သတိလစ် မေ့မြော နေကြသည်ကို တွေ့လိုက်ရသည်။

ထိုအဘိုးအို၏ ဆံပင်နှင့် မုတ်ဆိတ်တို့မှာ ဆွတ်ဆွတ်ဖြူနေပြီး သူ့၏ အပြုအမူ အပြောအဆို တို့မှာလည်း လူသားတို့ထက် သာလွန်နေသည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးကို မှော်စွမ်းအင်များ၊ ရွှေရောင် အငွေ့အသက် များနှင့် ဖုံးလွှမ်းနေပြီး မြင့်မြတ်ကာ ပြစ်မျိုးမှဲ့ မထင်သည့်ဟန် ဖြစ်နေစေသည်။

ထိုသည်ကို မြင်ရသည့်အခါ အန်လင်းက ရုတ်တရက် ထိတ်လန့်သွားပြီး များလှစွာသော မြင်ကွင်းတို့က သူ့အတွေးထဲသို့ ရောက်ရှိလာတော့သည်။

ဝတ္ထုတွေ ... ဂျပန်ကာတွန်းတွေ ... ရုပ်ရှင်တွေ ...

ထိုမြင်ကွင်းများက သူ့စိတ်ထဲ တစ်ခုပြီးတစ်ခု ပေါ်လာခဲ့သည်။ သူ့မျက်ရှိရှေ့ရှိ မြင်ကွင်းမှာ အိပ်မက် မဟုတ်လောက်ပါဘူးနော်။

ရင်တွေ တဒုန်းဒုန်း ခုန်လာခဲ့ပြီ။

အန်လင်းက အလွန်အကျွံ ရိုကျိုးစွာနှင့် သူ့မျက်လုံးများတွင် မျက်ရည်များဝဲကာ “ကျွန်တော့်ကို ကယ်တင်ပေးသည့် အတွက် အင်မော်တယ်ကြီးအား ကျေးဇူးတင်ပါသည် ခင်ဗျာ ...”

ထိုအဘိုးအိုသည် အန်အင်းက သူ့အား အင်မော်တယ်ကြီးဟု ခေါ်လိုက်သဖြင့် သူ၏ မုတ်ဆိတ်ဖြူ တို့အား ဖြည်းညင်းစွာ ပွတ်သပ်ပြီး ခပ်ပါးပါး ပြုံးလိုက်သည်။ “အခုနက ငါမန္တန် သုံးလိုက်တာမှာ မမှားသင့်တဲ့ အမှားတစ်ခု ဖြစ်ခဲ့တာကြောင့် ငါ့သူငယ်ချင်းလေးကို ကြောက်ရွံ့ စေမိခဲ့တယ် ... အဲဒီကောင်တွေက သူငယ်ချင်းလေးကို ဘာလို့ လိုက်ဖမ်း နေကြတာလဲ ...”

ထိုသည်ကို ကြားလိုက်ရတော့ အန်လင်းမှာ အံ့အားသင့်သွားသည်။ သူက မန္တန် သုံးလိုက်တာမှာ မမှားသင့်တဲ့အမှား လုပ်လိုက်တယ် ... အဲတော့ ငါ့ကို ခေါ်ဆောင်သွားတဲ့ လေက အဲဒီ အင်မော်တယ်ရဲ့ အမှားကြောင့် ဖြစ်လာတာပေါ့။

ဘယ်လိုပဲဖြစ်ဖြစ် ထိုအင်မော်တယ်ကြီးသည် သူ့အား ကယ်တင်ခဲ့သည်။ ထိုအင်မော်တယ်ကြီး၏ အမေးကို ကြားလိုက်ရသည့် အခါ သူ့နှလုံးသား ဆီမှနေ မရေမတွက် နိုင်သည့် မကျေနပ်ချက်များ ပေါ်ထွက်လာသည်။

“အဲဒါက ဒီလိုပါ ခင်ဗျာ ... ကျွန်တော့်အမေ ဆုံးပါးသွားတဲ့ နောက်ပိုင်းကစပြီး ကျွန်တော့်အဖေက လောင်းကစားကို စွဲလမ်း လာခဲ့တယ် ... အိမ်ကိုလည်း လောင်းခဲ့တယ် ... အကြွေး သန်းပေါင်းများစွာလည်း တင်ခဲ့တယ် ... အဲဒီအကြွေးတွေကို ပြန်မဆပ်နိုင်တော့ သူက ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးသွားတယ် ...”

ခဏ နားလိုက်ပြီးနောက် “ကျွန်တော် ဟွာချင်းတက္ကသိုလ်ကို တက်ခွင့်ရတဲ့ နောက်ကျ အကြွေးရှင်တွေက ကျွန်တော့်ကို ရှာတွေ့ သွားကြတယ် ... သူပြောတာက ကျွန်တော့်အဖေရဲ့ အကြွေးတွေကို ကျွန်တော်က ကိုယ်စား ဆပ်စေချင်တယ်တဲ့ ...

အဲဒီအကြွေးတွေက သန်းနဲ့ ချီနေတာလေ ... ကျွန်တော်က ဘယ်လိုလုပ်ပြီး ပြန်ဆပ်နိုင်မှာ တဲ့လဲ ...

ကျွန်တော့်ချစ်သူ ကလည်း အဲဒီအကြောင်းကို သိသွားတော့ နည်းနည်းလေးတောင် မစဉ်းစားတော့ပဲ ကျွန်တော့ကို ထားပစ်ခဲ့တယ် ...

အကြွေးရှင်တွေက ကျွန်တော့်ကို ခေါ်သွားပြီး အလုပ်ကြမ်းတွေ လုပ်ခိုင်းတယ် ... အဖေ့ရဲ့ အကြွေးတွေ မကျေမချင်း ထွက်သွားလို့ မရဘူးတဲ့ ...

အဲဒါက အရမ်းကို ရက်စက်ပြီး လူမဆန်ဘူး ... ကျွန်တော်က လုံးဝ သည်းမခံ နိုင်တော့တာကြောင့် ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်တယ် ... အကြွေးရှင်က အဲဒီ ရက်စက်တဲ့သူ တွေနဲ့ ကျွန်တော့်ကို ဖမ်းခိုင်းလိုက်တာပဲ ... အဲဒီကနေ အခုလို အဖြစ်တွေ ဖြစ်လာရတာပါ ခင်ဗျာ ...”

သူ့ရဲ့ အခက်အခဲ များကို ဖွင့်ဟပြီးသည့်နောက် မျက်ရည်များ ကျလာတော့သည်။ သူ၏ အနာဂတ်မှာ မှောင်မိုက်နေပြီဟု ခံစားရသည်။ တောင်းစားရခြင်းနှင့် တစ်ဘဝလုံး အကြွေးများ ဆပ်နေရခြင်း တို့က ဘာတွေများ ကွာခြားမှာတဲ့တုန်း ...

အန်လင်း၏ ဝေဒနာများကို ကြားပြီးသည့် နောက်တွင် အင်မော်တယ်ကြီး၏ မျက်ဝန်းတွင် ကရုဏာ အရိပ်များ သန်းလာတော့သည်။ “ကောင်ကလေး ... မင်းရဲ့ဘဝက အရမ်းကို ကြမ်းတမ်းတာပါလား ... ဒီလိုဆိုရင်ကော ... မင်းနဲ့ ငါက ကံကြမ္မာကြောင့် တွေ့ခဲ့ရတာ ... မင်းမှာ ပါရမီရှိတာ ငါသိတယ် ... အဲတော့ ဒီ အင်မော်တယ်ကြီးက ‘စနစ်’ တစ်ခု လက်ဆောင်ပေးမယ်ကွာ ... အဲဒါက မင်းဘဝကြီးကို ပြောင်းလဲ စေလိမ့်မယ် ... ဘယ်လိုလဲ ... မကောင်းဘူးလား ...”

ထိုသည်ကို ကြားလိုက်ရသည့် အခါ အန်လင်းမှာ တုန်လှုပ်  သွားတော့သည်။ အင်မော်တယ် တစ်ယောက်နှင့် တွေ့ရခြင်းကပင် သူ့အား အလွန် ကံကောင်းနေပြီ ဖြစ်ကာ ထိုအင်မော်တယ်က သူတို့ ပထမဆုံး တွေ့ကြုံမှုမှာပင် ရက်ရက်ရောရောနှင့် စနစ်တစ်ခု လက်ဆောင် ပေးလာမည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။

“အင်မော်တယ်ဘိုးဘိုး ခင်ဗျာ ... ဘိုးဘိုးက အရမ်းကို ကြင်နာတတ်တာပဲ ... ကျွန်တော်က ဘိုးဘိုးကို ဘာပြန်ပေးရမယ် ဆိုတာ တကယ် မသိတော့ဘူးဗျ ...” အန်လင်းက အလွန်စိတ်လှုပ်ရှား လာပြီး မျက်ရည်များ ကျဆင်းကာ ထိုအဘိုးအိုကို နွေးထွေးစွာ ကြည့်လိုက်သည်။

ထိုအင်မော်တယ်ကြီးသည် ကြင်နာစွာ ပြုံးလိုက်ပြီး သူ့လက်ဖဝါးကို ကောင်းကင်သို့ ဆန့်တန်းလိုက်သည်။ ချက်ချင်းဆိုသလို အဖြူရောင် အလင်းများနှင့် အလွန် သန့်စင်သည့် အလုံးလေးက သူ့လက်ဖဝါး ပေါ်တွင် ပေါ်လာခဲ့သည်။

“ကောင်ကလေး ... ဒီကိုလာ ... ဒီအလင်းလုံးလေးကို ကိုင်ပြီး မင်းလက်ဖဝါးပေါ် တင်လိုက် ...” အင်မော်တယ်ကြီးက အန်လင်းအား ပြောသည်။

ထိုသည်ကို ကြားလိုက်တော့ အန်လင်းမှာ အလင်းလုံးလေးအား စိတ်မရှည်စွာဖြင့် ဖမ်းဆုပ်လိုက်သည်။

သူ့လက်ထဲရှိ အလင်းလုံးလေးမှာ ပူနွေးသည့် ရောင်ခြည်များ ထုတ်လွှတ်နေသည်။ ထိုအလုံးလေးမှ ထုတ်လွှတ်နေသည့် အလင်းသည် အလွန်တရာ နူးညံ့လှသည်။

“စနစ်လွှဲပြောင်းမှု စတင် ...” အင်မော်တယ်ကြီးက ဖြည်းညင်းစွာ ဆိုလိုက်သည်။

ထိုသို့ ပြောပြီးသည်နှင့် အဖြူရောင် အလင်းလုံးလေးဆီမှ အလင်းသည် အလွန် တောက်ပလာသည်။

ထိုအချိန်မှာပင် အင်မော်တယ်ကြီးက အန်လင်းအား “ကောင်ကလေး ... မြန်မြန် ကျိန်ဆိုစမ်း ... စစ်နတ်ဘုရားစနစ်ကို လက်ခံပြီးတာနဲ့ မင်းတစ်ဘဝလုံး ဘယ်တော့မှ မစွန့်လွှတ်ပါဘူးလို့ ...”

စစ်နတ်ဘုရားစနစ် ...

ဘယ်လိုနာမည်ကြီးတုန်း ...

ပြီးတော့ ကျိန်ဆိုတာကြီးကလည်း ထိမ်းမြားခြင်း ကျိန်ဆိုမှုနဲ့ ဘာလို့ တူနေရတာလား ...

အန်လင်းက စဉ်းစားချိန် မရှိတော့တာကြောင့် အလျင်အမြန်ပင် “ကျွန်တော် ကျိန်ဆိုပါသည် ... စစ်နတ်ဘုရားစနစ်ကို လက်ခံပြီးနောက် ကျွန်တော့် တစ်ဘဝလုံး မစွန့်လွှတ်ပါ ...”

အန်လင်း၏ ကျိန်ဆိုမှု ပြီးသည့် နောက်တွင် အလုံးလေးက သူ့ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်ပြီး ပေါင်းစပ်သွားသည်။

မရှေးမနှောင်း မှာပင် သူစိတ်ထဲတွင် အသံတစ်သံ ထွက်ပေါ်လာသည်။ “လက်ခံသူသည် ထျန်းမင် ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်ကြောင်း ထောက်လှမ်းမိပြီး လိုအပ်ချက်များနှင့် ပြည့်စုံပါသည်။ စနစ်၏ ပေါင်းစပ်ခြင်း စတင်ပါပြီ ...”

အန်လင်းက အရမ်းကို စိတ်လှုပ်ရှား နေပြီး ထိုစိတ်လှုပ်ရှားမှုကြောင့် ငိုချင်လာခဲ့သည်။

သူ့အနာဂတ်ကြီးက မှောင်မိုက် နေလိမ့်မည်ဟု အစက ထင်နေခဲ့ပြီး ယခုလိုမျိုး ဖြစ်ရပ်မျိုးကို မမျှော်လင့်ခဲ့ပေ။ ယခုအချိန်တွင်တော့ ဤစနစ်နှင့်အတူ ဘဝအသစ် တစ်ခုကို စတင်ဖို့ရန် ပေါင်းစပ်နေပြီပဲ ဖြစ်သည်။

အင်မော်တယ်ကြီး မှာလည်း အရမ်းကို စိတ်လှုပ်ရှားနေပုံ ရသည်။ စိတ်လှုပ်ရှားလွန်းလို့ ငိုတော့မည့်ပုံပင်။

သူက ဒူးထောက်ကာ မျက်ရည်အပြည့်ဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး မမျှော်လင့်စွာပင် မျက်ရည်များနှင့်အတူ ရယ်မောလိုက်သည်။ “ဘွားဟားဟားဟား ... နောက်ဆုံးတော့ အေပေးက ထွက်သွားပြီ ... ငါ့ဘဝကြီးက လွတ်လပ်ခဲ့ပြီ ...”

“အင်မော်တယ်ဘိုးဘိုး ... ဘာမှားလို့လဲ ... အဆင်ပြေရဲ့လား ခင်ဗျား ...” ထိုအဘိုးအို၏ ထူးထူးဆန်းဆန်း အပြုအမူကို မြင်ရသဖြင့် အန်လင်း က စိုးရိမ်ပြီး မေးလိုက်သည်။

သူက အရမ်းကို စိတ်လှုပ်ရှား သွားသည်ကို သတိပြု မိလိုက်သဖြင့် အင်မော်တယ်ကြီးက သူ့ကိုသူ ပြန်ထိန်းလိုက်ပြီး မျက်ရည်များကို သုတ်လိုက်သည်။

“အဆင်ပြေ ပါတယ်ကွာ ... ငါမလိုချင်တဲ့ အတိတ်က ဖြစ်ရပ်တွေကို ပြန်သတိရ မိသွားလို့ပါ ... ကောင်ကလေး ... မင်းက စနစ်ကို လက်ခံလိုက်ပြီဆိုတော့ ပိုပြီးတော့ ကြိုးစားဖို့ လိုလိမ့်မယ်နော် ...” အင်မော်တယ်ကြီးက အလေးအနက် ပြောသည်။

“အ ... အမ် ... ... ဟုတ်ကဲ့ပါ ...” အန်လင်းက ရိုးသားစွာ ခေါင်းညိတ်လိုက်သည်။

“အဲဒီတော့ မင်းစွမ်းအင် လေ့ကျင့်ဖို့ ကျောင်းတစ်ကျောင်းကျောင်းကို သွားချင်သလား ... မင်းသွားဖို့အတွက် သင့်တော်တဲ့ကျောင်းကို ငါသိထားတယ် ...”

စွမ်းအင်ကျင့်ကြံဖို့ ကျောင်းသွားရမယ် ... ဒီလို ကမ်းလှမ်းမှုမျိုးကို သောက်ရူးတွေမှပဲ ငြင်းပယ်မှာပေါ့ ...

“သွားမယ် ... ကျွန်တော် တကယ် သွားချင်တယ် ...” အန်လင်းက တုံ့ဆိုင်းမနေပဲ ပြောသည်။

ထိုသည်ကို ကြားလိုက်ရတော့ အင်မော်တယ်ကြီးက ကျေနပ်စွာ ပြုံးလာပြီး သူ့အင်္ကျီ လက်အတွင်းမှ ရွှေစာရွက်ပိုင်း တစ်ခု ထုတ်လိုက်သည်။ အန်လင်းကို ကမ်းပေးရင်း “ဒါက ငါ့ရဲ့ ထောက်ခံစာပဲ ... ဒါနဲ့ဆို မင်းက စုစည်းညီညွတ် ကျင့်ကြံခြင်း ကျောင်းတော်မှာ ပညာသင်နိုင်ပြီး အင်မော်တယ် လမ်းစဉ်ကို တရားဝင် ခြေချ နိုင်လိမ့်မယ်ကွ ...”

အန်လင်းက အံ့အားသင့် သွားသည်။ ထိုအင်မော်တယ်ကြီးသည် သူ့အား ရှည်လျားသည့် ကျင့်ကြံခြင်း လမ်းစဉ်ကို လျှောက်လှမ်းနိုင်ပြီး ထူးချွန်သူ ဖြစ်လာအောင် ကူညီလမ်းခင်း ပေးနေခြင်းပေ။

သူက ထောက်ခံစာကို တရိုတသေနှင့် ယူလိုက်ပြီး ကျေးဇူးတင်သည့် အကြည့်နှင့် ကြည့်လိုက်သည်။

“အင်မော်တယ် ဘိုးဘိုးရဲ့ နာမည်ကို ကျွန်တော်က သိလို့ရမလား ခင်ဗျာ ...”

“ငါ့နာမည် ... အများကြီး တွေးမနေပါနဲ့ကွာ ...” အင်မော်တယ်ကြီးက အန်လင်း၏ ခေါင်းကို ညင်သာစွာ ပုတ်လိုက်ပြီး သူ့မျက်နှာတွင် ကရုဏာသက်သည့် အကြည့်များကိုလည်း မြင်တွေ့ရသည်။

“ကဲ ... ငါသွားရတော့မယ် ... နောက်များမှ တွေ့ကြတာပေါ့ ကောင်ကလေးရေ ...”

အင်မော်တယ်ကြီးက လက်ပြ နှုတ်ဆက်ပြီးနောက် တိမ်ခိုးများကို စီးနင်းကာ ပျောက်ကွယ် သွားသည်။

“ဂရုစိုက်ပါ အင်မော်တယ်ကြီး ခင်ဗျာ ...” ကောင်းကင်ပေါ်တွင် ပျံသန်းသွားသည့် အင်မော်တယ်ကြီးအား ကြည့်ပြီး ကျန်းထျဲက အရိုအသေ ပြုကာ ပြောလိုက်သည်။

ကောင်းကင်မှနေ ပျံ့နှံ့ ရောက်ရှိလာသည့် အင်မော်တယ်ကြီး၏ ရယ်သံမှာ အလွန်တရာကို ကျေနပ် ပျော်ရွှင်နေသည့် ပုံပင်။ ထိုရယ်သံက ဘဝတစ်လျှောက် ထမ်းပိုးထားရသည့် နာကြည်းချက်များအား လွှတ်ချလိုက်နိုင်ရာမှ ထွက်ပေါ်လာခြင်း မျိုးပင်။

ဒီအင်မော်တယ်က ဘာလို့အရမ်းတွေ ပျော်နေရတာတုန်း ... သူ့ကြည့်ရတာ ငါ့ထက်တောင် ပိုပျော်နေသေးသလားလို့ ...

အန်လင်း၏ မျက်နှာတွင် စိတ်ရှုပ်ထွေးမှုများ ပေါ်လာခဲ့ပြီး သူ့ခေါင်းကိုသာ ဆွဲကုတ်လိုက်သည်။

ထိုအချိန်မှာပင် အမျိုးသမီး အသံတစ်ခုက အန်လင်း၏ စိတ်ထဲမှနေ ပေါ်ထွက်လာသည်။ “မင်္ဂလာပါ ...”

ထိုအသံကို ကြားလိုက်ရတော့ အန်လင်းက လန့်သွားသည်။ ထိုအမျိုးသမီး၏ အသံမှာ လှပပြီး ညင်သာလွန်းသည်။

ဒါက စနစ်ရဲ့ အသံလား ... အန်လင်းက အံ့ဩပြီး မသေချာပေ။

ထိုအချိန်မှာပင် သူ့စိတ်ထဲ၌ နယ်ပယ်တစ်ခု ပေါ်လာခဲ့သည်။

ထိုနယ်ပယ်သည် မီးခိုးရောင်ဖြစ်ပြီး စာလုံးအချို့သာ ရေးသားထားသည်။ “စစ်နတ်ဘုရား စနစ်သည် ထိုက်ချူ ကုန်းမြေကြီး အတွင်းသို့ ဝင်ရောက်မှသာ စတင် အသက်ဝင်လာမည် ဖြစ်သည် ...”

ထိုက်ချူကုန်းမြေကြီး ဆိုတာက ဘာကြီးလား ...

ဖြစ်နိုင်တာကတော့ ...

အန်လင်းက အင်မော်တယ်ကြီး ပေးခဲ့သည့် ထောက်ခံစာကို ပြန်ထုတ်လိုက်ပြီး သူ့လက်ထဲရှိ ရွှေစာရွက်ကို မျှော်လင့်တကြီး ဖြန့်ကြည့်လိုက်သည်။

ထိုရွှေစာရွက် ပေါ်တွင် ခပ်ဖျော့ဖျော့ လက်ဗွေရာ တစ်ခုမှ အပ မည်သည်မှ ရှိမနေသည်ကို များမကြာမီပင် သိလိုက်ရသည်။

အန်လင်းက မသေချာ မရေရာမှုဖြင့် ထိုစာရွက်ပေါ်ရှိ လက်‌ဗွေရာ ပေါ်သို့ သူ့လက်ကို တင်လိုက်သည်။

ရုတ်တရက် ဆိုသလိုပင် ရွှေစာရွက် ဆီမှနေ ခမ်းနားတောက်ပသည့် ရွှေရောင် အလင်းများက ဖြာထွက်လာပြီး ကျန်းထျဲအား အံ့ဩချိန်ပင် မပေးကာ ခန္ဓာကိုယ် တစ်ခုလုံးကို ဝါးမျိုသွားသည်။

“အား ...”

တောက်ပသည့် အလင်းရောင် တစ်ခုက သူ့အမြင်အာရုံ ထဲသို့ တစ်ဖန်ပြန် ဝင်ရောက်လာသည်ကို အန်လင်းက ခံစားလိုက်ရသည်။

ထို့နောက် သူ့ခန္ဓာကိုယ်မှာ နောက်တစ်ကြိမ် ပြန်လည်ပြီး ကောင်းကင်သို့ မြင့်တက်ပြီးနောက် လွတ်လွတ်ကင်းကင်း ပြန်လည် ပြုတ်ကျနေခြင်းကို သိလိုက်ရပြန်သည်။

နောက်ထပ်တစ်ဖန် အဆောက်အဦ ပေါ်မှ ပြုတ်ကျသည့် အတွေ့အကြုံကို ရရှိလိုက်ပြန်သည်။ မည်မျှပင် အတွေ့အကြုံ ရှိနေပါစေ အကြိမ်တိုင်းက အသစ်အသစ်သော ခံစားချက်ကို ဖြစ်ပေါ်စေသဖြင့် အကြိမ်တိုင်း ငိုချင် စိတ်ပေါက်သည် ချည်းသာ။

ဘုန်း ...

သူက မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျပြီး ကံကောင်း ထောက်မစွာဖြင့် ရွှေရောင် အလင်းများက လွှမ်းခြုံ ထားသဖြင့်သာ အသက်ရှင် နေခြင်းပေ။

“ဘယ်လိုမျိုး နေရာရွှေ့ပြောင်းတဲ့ နည်းပညာလဲကွာ ... အရမ်းကို ကြမ်းတမ်းလွန်းတယ် ...” ကျန်းထျဲက မြေပြင်ပေါ်တွင် လဲလျောင်းနေရင်း ညည်းညူလိုက်သည်။

သူ့ခေါင်းကို ခက်ခက်ခဲခဲ မော့လိုက်ပြီး သူ့ကိုယ်ဟန်ကို ပြန်လည် စုစည်းလိုက်သည်။

ထို့နောက် သူ့ဘဝတွင် ဘယ်သောအခါတွင်မှ မေ့နိုင်တော့မည် မဟုတ်သည့် အရာကို မြင်တွေ့လိုက်ရသည်။

နဂါးရုပ်ပုံ များစွာဖြင့် တန်ဆာဆင်ထားသည့် အဖြူရောင်  တိုင်လုံးကြီး နှစ်ခုသည် ကောင်းကင်သို့ မီတာရာပေါင်းများစွာ ထိုးထွက်နေသည်။ ဆန်းကြယ်သည့် ပုံရိပ်များစွာက မည်သည်ကို ထွင်းထုထားမှန်း နားမလည်နိုင်အောင် ရှိနေသည်။

ဝင်ပေါက် နောက်တွင်တော့ ထောင်နှင့်ချီသည့် နန်းတော်များစွာက မျက်စိတဆုံး ရှိနေသည်။

တလက်လက် တောက်ပနေသည့် တိမ်များက နန်းတော်များ ပတ်လည်တွင် လွင့်မျောနေပြီး ကောင်းကင်နှင့် မြေပြင်ကြားတွင် ဝိညာဉ်သားရဲ မျိုးစုံက ပျံဝဲလျက် ရှိသည်။ ကောင်းကင်ဘုံသည် ခမ်းနားပြီး ကြီးကျယ် လွန်းလှပေသည်။

အန်လင်းသည် တွေတွေလေး ရပ်နေမိပြီး မျက်နှာတွင်လည်း အံ့ဩခြင်း အပြည့်နှင့် ဖြစ်သည်။

အဲဒီတော့ ... ဒီကမ္ဘာကြီးမှာ အင်မော်တယ်လောကဆိုတာ တကယ်ကြီး ရှိတာပေါ့ ...

ငါကလည်း အင်မော်တယ်လောကကို ရောက်လာနိုင်တယ်ပေါ့ ... အန်လင်းက သူ့စိတ် လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ပြီး သူ့ကိုသူ တည်ငြိမ်အောင် ပြုလိုက်သည်။

တစ်ခဏ ကြာတော့ တာအိုဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းကလေး တစ်ယောက်က သူ့ဆီသို့ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည်။ သူ့အခြေအနေကို အတည်ပြုလိုသဖြင့် အလျင်အမြန် ပြေးသွားပြီး ထိုမိန်းကလေးကို နှုတ်ဆက်လိုက်သည်။

“မင်္ဂလာပါ အင်မော်တယ် ညီမလေး ခင်ဗျာ ...” အန်လင်းက မိန်းကလေးကို လက်ပြလိုက်သည်။

အန်လင်း လက်ပြ နှုတ်ဆက်သည်ကို မြင်သဖြင့် ထိုမိန်းမလှလေးက သူ့ဆီသို့ လျှောက်လှမ်းလာသည်။

ထိုသည်ကို မြင်တော့ အန်လင်းက စိတ်လှုပ်ရှားစွာဖြင့် “နတ်မိမယ် မိန်းမလှလေး ခင်ဗျာ ... ဒီနေရာက ဘယ်နေရာဆိုတာ သိခွင့်ရမလား ခင်ဗျာ ... ကျွန်တော်က အခုမှ ရောက်ရှိလာတာ ဖြစ်ပြီး ဒီနေရာနဲ့ အစိမ်းသက်သက် ဖြစ်နေလို့ပါ ခင်ဗျာ ...”

အန်လင်း၏ စကားလုံးများကို ကြားရတော့ ထိုမိန်းကလေး၏ အမူအရာမှာ ထူးဆန်းသွားပြီး “ကျိ လိ ကု လု”

“ဟမ် ... ဘာပြောတာပါလဲ ခင်ဗျာ ...” အန်လင်းက အနည်းငယ် ခေါင်းရှုပ်လာသည်။

အန်လင်း ကဲ့သို့ပင် ထိုမိန်းကလေး သည်လည်း ခေါင်းရှုပ်သည့် အမူအရာ ဖြစ်လာခဲ့သည်။ “ကျိ လိ ကု လု ဝ လဲ ကျိ လိ”

အန်လင်းက စိတ်ရှုပ်ထွေးလာသည်။ သူက ဘယ်ကမ္ဘာရဲ့ ဘာသာစကားကို ပြောနေတာတုန်း ...

ကြောက်မက်ဖွယ် အတွေးက သူ့ခေါင်းထဲ ရောက်ရှိလာသည်။

“နတ်သမီးညီမလေး ... မင်း တရုတ်လို ပြောတတ်လား ...” အန်လင်း၏ မျက်လုံးများမှာ မျက်ရည်များပင် ဝဲနေသည်။

“ကု လု ကု လု ဝ ကျိ ကျိ ကျိ” ထိုမိန်းမလှလေးသည် သူမ၏ လက်များကို ခါးတွင် ထောက်လိုက်ပြီး အနည်းငယ် ဒေါသ ထွက်လာပုံရသည်။

ပြီးသွားပြီ ... ငါတို့မှာ ဘာသာစကားက အတားအဆီး ဖြစ်သွားပြီ ...

ဘယ်ကမ္ဘာက စကားတွေကို သူပြောနေတာတုန်း ... ငါတကယ်ကို နားမလည် နိုင်တော့ဘူး ...

ထိုအချိန်မှာပင် အန်လင်းက အနည်းငယ် ရူးချင်စိတ်ပင် ပေါက်လာသည်။ သူက ထိုနေရာမှာပင် ရပ်နေပြီး မျက်လုံးများမှာ ကြောင်တောင်တောင် ဖြစ်နေသည်။ သူ့စိတ်ထဲတွင် အတွေးတစ်ခု သာလျှင် ရှိသည်။

ဘာလို့လဲ ... ဝတ္ထုတွေထဲကနဲ့ လုံးဝကို မတူတာပဲဟ ... ကမ္ဘာကြီး တစ်ခုလုံးက တရုတ်စကား ပြောကြတာ မဟုတ်ဘူးလားဟင် ...

နောက်ဆုံးမှာတော့ အန်လင်းက စတင် ငိုပါတော့သည်။

ငါက စကားကိုတောင် နားမလည်ဘူးဆိုရင် ဘယ်လိုလုပ် ကျင့်ကြံနည်းကို သင်ယူပြီး အင်မော်တယ် ဖြစ်လာမှာတဲ့လဲ ... တခြားသူတွေက သူတို့ရဲ့ ခရီးကြမ်းတွေကို အားနည်းခြင်းကနေ စတင်ကြတယ် ... ငါကျတော့ အစကတည်းက အနှောင့်အယှက်က ငါကိုယ်တိုင် ဖြစ်နေတာပဲ ...

***

All Chapters