ကြီးမားသော အသီးအပွင့်များ (၂)...
Vol. 51 Ch. 752
~ထို့နောက်တွင် လုရီသည် အရောင်ဖျော့သော အနီရောင် အရိပ်ယောင်ကို နှုတ်ဆက်ကာ လျိုနင်ရွှမ်းနှင့် အခြားသူများနှင့်အတူ ထွက်ခွာသွားခဲ့လေသည်။
လျိုနင်ရွှမ်းနှင့် သူမ၏အဖော်များသည် မီးတာအိုကို မကျင့်ကြံသောကြောင့် ထိုနေရာတွင် မည်သည့်အမွေအနှစ်ကိုမျှ လက်ခံရရှိခဲ့ခြင်းမရှိခဲ့ပါ။
သို့ဖြစ်သော်ငြားလည်း လုရီ၏ မျက်နှာကို ထောက်ထားသောအားဖြင့် အရောင်ဖျော့သော အနီရောင်အရိပ်ယောင်က သူတို့၏ ကျင့်ကြံမှုအတွက် ကြယ်တာရာ အမြုတေအချို့ကို ပေးအပ်ခဲ့သေး၏။ သို့သော် လုရီထံတွင် ဤပစ္စည်းများ များစွာရှိနေသောကြောင့် လျိုနင်ရွှမ်းနှင့် သူမ၏အဖော်များသည် ဤအပေါ်၌ ခံစားချက်များစွာ မရှိဘဲ အနည်းငယ် နှမြောတသဖြစ်စွာဖြင့်သာ ထွက်ခွာသွားခဲ့ကြလေသည်။
သို့ရာတွင် သူမတို့သည် မည်သည့်အကျိုးအမြတ်မျှမပါဘဲ ထွက်ခွာသွားခဲ့ခြင်းတော့မဟုတ်ပါ။ နောက်ဆုံးအဆင့်တွင် လုရီနှင့် အရောင်ဖျော့သော အနီရောင်အရိပ်ယောင်တို့ တာအိုအကြောင်း ဆွေးနွေးနေစဉ် သူမတို့သည် ဘေးမှ နားထောင်နေခဲ့ကြ၏။ ဆွေးနွေးမှုမှာ မီးတာအိုအကြောင်းဖြစ်သော်လည်း ၎င်းကို အကိုးအကားအဖြစ် အသုံးပြုနိုင်ခဲ့ရာ
သူမတို့၏ ကိုယ်ပိုင်တာအိုကို နားလည်မှုအတွက် ကြီးစွာသောအကူအညီ ဖြစ်စေခဲ့ပါသည်။
ပြန်ရောက်ပြီးနောက် သူမတို့သာ စိတ်ထဲမှ ထိုးထွင်းဉာဏ်ရရှိသည့်အခိုက်အတန့်ကို
အမိအရအသုံးချနိုင်ပါက သူတို့၏ နိယာမကို နားလည်မှုမှာ များစွာတိုးတက်လာနိုင်ဖွယ်ရှိလေသည်။ ဤသည်မှာ အမှန်တကယ်ပင် အလွန်ကောင်းမွန်သော အခွင့်အရေးတစ်ခု ဖြစ်ပါ၏။
ဟင်းလင်းပြင်ဥမင်ထဲမှ ထွက်ခွာလာပြီးနောက် လုရီနှင့် လျိုနင်ရွှမ်းတို့အပါအဝင် အားလုံးသည် သက်ပြင်းအသာချလိုက်ကြသည်။
"အတွင်းထဲမှာ တကယ်ကို အသက်ရှူကျပ်တာပဲ... အပြင်ကမှ ပိုအေးမြသေးတယ်၊" ဟု
သုန်းကုန်းမင်ယွဲ့က မနေနိုင်ဘဲ ညည်းညူလိုက်လေသည်။
လုရီတို့၏ လက်ရှိတည်နေရာမှာ ချော်ရည်ပင်လယ်၏ အောက်ခြေဖြစ်ပြီး အေးမြခြင်းနှင့် ဘာမှမဆိုင်သော်လည်း ထိုကမ္ဘာငယ်အတွင်းမှ အပူချိန်မှာ အမှန်တကယ်ပင် မြင့်မားလှ၏။ ၎င်းနှင့်နှိုင်းယှဉ်လျှင် အပြင်ဘက်မှာ အတော်လေး အေးမြနေသည်ဟု ထင်မှတ်ရသည်။
လုရီက ခပ်ဖွဖွ ရယ်မောလိုက်ပြီး "ပတ်ဝန်းကျင်က နည်းနည်းကြမ်းတမ်းပေမယ့် ဒီတစ်ခေါက်ရလိုက်တဲ့ အကျိုးအမြတ်တွေကတော့ အတော်ကြီးမားခဲ့တယ်၊" ဟု ဆိုလိုက်၏။
လျိုနင်ရွှမ်းနှင့် သူမ၏အဖော်များအတွက် အကျိုးအမြတ်များမှာ များပြားလှရာ လုရီအတွက်မူ ပြောစရာပင်မလိုတော့ချေ။
အရောင်ဖျော့သော အနီရောင်အရိပ်ယောင်နှင့် ဆွေးနွေးမှုများမှတစ်ဆင့် လုရီသည် မူလဇာစ်မြစ်စွမ်းအင်ကို ပိုမိုနက်ရှိုင်းစွာ နားလည်သွားခဲ့လေသည်။
သူ့မှာ ကြိုတင်ခံစားသိမြင်မှုတစ်ခု ရှိနေခဲ့၏။ သူသာ ပြန်ရောက်သွားလျှင် တံခါးပိတ်ကျင့်ကြံမှုခဏတာဝင်ပြီး ဉာဏ်အလင်းရရှိမှုများကို အင်မော်တယ်ဘုရင်သိုင်းကျမ်းနှင့် ပေါင်းစပ်လိုက်ရုံဖြင့် တာအိုနှင့် လုံးဝပေါင်းစပ်နိုင်ပြီး မူလဇာစ်မြစ်စွမ်းအင်ကို ကျွမ်းကျင်ပိုင်နိုင်သွားလိမ့်မည် ဖြစ်သည်။
ထို့အပြင် ဤအရာသည် အချိန်သိပ်ကြာမည်မဟုတ်ပေ။
လျိုနင်ရွှမ်းနှင့် အခြားသူများ၏ မျက်နှာထက်တွင်လည်း အပြုံးများ ပေါ်လာကြပါ၏။
"သွားကြစို့၊ လိပ်ပြာနီတို့ဆီ သွားအကြောင်းကြားပြီး သူတို့ကို အခွင့်အရေးတွေ သွားရှာခိုင်းမယ်လေ" လုရီက တိုက်တွန်းလိုက်သည်။
ဤစကားကိုကြားသော် လျိုနင်ရွှမ်းနှင့်
အခြားသူများ၏ မျက်နှာပေါ်တွင် မနာလိုဟန်များ ပေါ်လာကြ၏။
"လိပ်ပြာနီက သဘာဝအတိုင်း မီးဓာတ်
အင်မော်တယ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ပါရမီကလည်း ထူးချွန်တယ်။ သူက အဲ့ဒီစီနီယာရဲ့ မျက်နှာသာပေးမှုကို ရနိုင်လောက်တယ်။ အင်မော်တယ်ဘုရင်သိုင်းကျမ်းကိုသာ သူ့ကို လက်ဆင့်ကမ်းပေးခဲ့ရင် သူ အရမ်း စွမ်းအားကြီးလာနိုင်တယ်၊" ဟု လျိုနင်ရွှမ်းက တိုးတိုးလေး ရေရွတ်လေသည်။
ကျန်းရူယွီနှင့် အခြားသူများလည်း ခေါင်းညိတ်လိုက်ကြသည်။
"ဟွန့်၊ တကယ်ကို မနာလိုစရာပဲ၊ ငါက ဘာလို့ ဓားတာအိုကို ကျင့်ကြံရပါလိမ့်ဟယ်"
ကျန်းရူယွီက သူမ၏ခေါင်းကိုကုတ်ကာ စိတ်ညစ်ဟန်ဖြင့် ဆို၏။
ထို့နောက် သူမက လုရီဘက်သို့လှည့်ကာ ရယ်ကျဲကျဲဖြင့်
"ထူးဆန်းတဲ့ ဂျူနီယာမောင်လေး၊ ဓားတာအိုရဲ့ မူလဇာစ်မြစ်ကို ဉာဏ်အလင်းရဖို့အတွက် နင့်ကိုပဲ အားကိုးရတော့မှာပဲ။ နင် နားလည်သွားတာနဲ့ ငါ့ကို သင်ပေးနော်။"
ထိုအခါ လုရီ၏ နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။
"ကျွန်တော့်အတွက်ကတော့ ပြဿနာမရှိပါဘူး၊ ဒါပေမဲ့ အစ်မရူယွီက တစ်ခုခုတော့ ပြန်ပေးရမှာပေါ့နော်။"
လုရီ၏ မျက်နှာပေါ်မှ ကောက်ကျစ်သော အပြုံးကိုမြင်သော် ကျန်းရူယွီ၏ နှုတ်ခမ်းများ တွန့်သွားပြီး သူမ၏ပါးပြင်များ နီမြန်းတက်လာကာ မျက်လုံးလှန်လိုက်ရင်း စကားဆက်မပြောရဲတော့ချေ။
စကားစမြည်ပြောရင်း ရယ်မောရင်းဖြင့် အဖွဲ့သည် ချော်ရည်ပင်လယ်မှ ထွက်ခွာသွားကြလေသည်။ သူ၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည်နှင့် လုရီသည် အပြင်ဘက်ရှိ နေနီလှေပျံကို ချက်ချင်း မြင်တွေ့လိုက်ရ၏။ ထို့နောက်
လုရီက လျိုနင်ရွှမ်းနှင့် အခြားသူများကို ဦးဆောင်ကာ ကောင်းကင်သို့ တက်၍ နေနီလှေပျံဆီသို့ ပျံသန်းသွားတော့သည်။
...
ထိပ်တန်းအဆင့် အင်မော်တယ်လက်နက်တစ်ခုအနေဖြင့် နေနီလှေပျံအတွင်းတွင် နေရာလပ်အခင်းအကျင်းတစ်ခု ပါရှိရာ ၎င်းကို ချဲ့ထွင်နိုင်လေသည်။ လိပ်ပြာနီက အနီရောင်မျိုးနွယ်အားလုံးကို အတွင်းသို့ ခေါ်ဆောင်သွားလျှင်ပင် ကျပ်သည်ဟု ခံစားရမည် မဟုတ်ပေ။
သို့သော်လည်း ဤသည်မှာ အနီရောင်မျိုးနွယ်ကိုယ်တိုင်၏ လူဦးရေနည်းပါးမှုကြောင့်လည်း ဖြစ်ပါ၏။
ကြယ်နီဂြိုဟ်၏ ပတ်ဝန်းကျင်မှာ အလွန်ကြမ်းတမ်းလှရာ အနီရောင်မျိုးနွယ်၏ မွေးဖွားနှုန်းကို အလွန်ခက်ခဲစေခဲ့ပါ၏။
လျော်ကြေးတစ်ခုအနေဖြင့် ဖြစ်နိုင်သည်မှာ အနီရောင်မျိုးနွယ်ဝင်တိုင်းသည် ထူးကဲသော ကျင့်ကြံခြင်းပါရမီကို ပိုင်ဆိုင်ကြပြီး အားလုံးမှာ ကျင့်ကြံသူများ ဖြစ်ကြလေသည်။
သို့မဟုတ် အနီရောင်မျိုးနွယ်၏ ပါရမီမှာ အလွန် မြင့်မားလှသောကြောင့် သူတို့၏ မွေးဖွားနှုန်းမှာ အင်မတန် နည်းပါးခြင်းလည်း ဖြစ်နိုင်ပါ၏။
ထိုအခိုက်အတန့်တွင် လိပ်ပြာနီနှင့် ကြယ်နီဘုရင်တို့သည် ပြတင်းပေါက်အနီးတွင် ရပ်ကာ အောက်ဘက်မှ အနီရောင်သန်းနေသော ဂြိုဟ်ကို ငုံ့ကြည့်နေကြပြီး သူတို့၏မျက်လုံးများတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေခဲ့သည်။
တိတ်ဆိတ်မှုကြားတွင် ကြယ်နီဘုရင်က သက်ပြင်းချလိုက်၏။
"ငါတို့ရဲ့ ဘိုးဘေးကြယ်က ဒီလိုမျိုး ဆန်းကြယ်တဲ့အဖြစ်အပျက်နဲ့ ကြုံရလိမ့်မယ်လို့ ငါတစ်ခါမှ မထင်ခဲ့ဘူး၊ ဟူး... အဆုံးသတ်က ဘယ်လိုဖြစ်လဲကွယ်၊ အရှင်က ဖြေရှင်းပေးနိုင်ပါစေလို့ပဲ မျှော်လင့်ပါတယ်။"
ထိုအခါ လိပ်ပြာနီက နူးညံ့စွာ ပြုံးလိုက်သည်။
"စိတ်မပူပါနဲ့ အဖေ။ အရှင်က အရမ်း စွမ်းအားကြီးပါတယ်၊ သူ သေချာပေါက် ကောင်းကောင်းကိုင်တွယ်နိုင်မှာပါ။"
ယခုအချိန်အထိ လိပ်ပြာနီသည် လုရီမလုပ်နိုင်သောအရာကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ သူမ၏ နှလုံးသားထဲတွင် သူမ၏ အရှင်သည် အရာအားလုံးကို စွမ်းဆောင်နိုင်နေခဲ့သည်။
ကြယ်နီဘုရင်က စိတ်ပိုင်းဖြတ်ထားသော မီးလျှံနီလိပ်ပြာကို တစ်ချက်ကြည့်လိုက်ပြီး ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
"ငါလည်း အဲ့ဒီလိုပဲ မျှော်လင့်ပါတယ်။"
ထိုအခိုက်အတန့်၌ပင် သူတို့ အားလုံး၏ အမူအရာများ ပြောင်းလဲသွားပြီး အရှိန်အဝါ
တစ်ခု လျင်မြန်စွာ ချဉ်းကပ်လာသည်ကို ခံစားလိုက်ရတော့သည်။
လိပ်ပြာနီနှင့် ကြယ်နီဘုရင်တို့ အံ့ဩစွာဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြ၏။
ထို့နောက် လိပ်ပြာနီ၏ မျက်နှာထက်တွင်
စိတ်လှုပ်ရှားသော အမူအရာတစ်ခု ပေါ်လာသည်။
"အရှင်လား။ အရှင်က ကိုင်တွယ်ပြီးသွားပြီလား။"
ကြယ်နီဘုရင်မှာ မယုံနိုင်အောင် ဖြစ်နေ၏။ "ဒါပေမဲ့... ဒါပေမဲ့ ဘာလှုပ်ရှားမှုမှ မရှိခဲ့ဘူးလေ၊ အရှင်က ဘယ်လို ကိုင်တွယ်လိုက်တာလဲ။"
နေရာလပ် ဆန်းကြယ်မြင်ကွင်းသည် ကြီးမားသော အန္တရာယ်များ ကိန်းအောင်းနေငည်ဟု အရှင်က ပြောခဲ့၍ သူ၏အရှင်ကဲ့သို့ အစွမ်းထက်သော ပုဂ္ဂိုလ်ပင်လျှင် အလေးအနက်ထား ကိုင်တွယ်ရမည်ဖြစ်ပြီး အလွန်ခက်ခဲလိမ့်မည်ဟု ကြယ်နီဘုရင်က ထင်ခဲ့သည်လေ။
သို့ဖြစ်လျှင် အဘယ်ကြောင့် နောက်ဆုံးတွင် လှုပ်ရှားမှုတစ်စုံတစ်ရာမျှ မရှိခဲ့ရသနည်း။
ကြယ်နီဘုရင် နားမလည်နိုင်ခဲ့သော်လည်း သူက လျင်မြန်စွာ တုံ့ပြန်လိုက်သည်။
"သွားကြစို့၊ ငါတို့ အရှင်ကို သွားကြိုဆိုရမယ်။"
ကြယ်နီဘုရင်နှင့် လိပ်ပြာနီတို့သည် အနီရောင်မျိုးနွယ်မှ အကြီးအကဲအချို့နှင့်အတူ နေနီလှေပျံထဲမှ ပျံထွက်ကာ လုရီထံသို့ ဦးတည်သွားကြလေသည်။
လုရီနှင့် လျိုနင်ရွှမ်းတို့ မြန်မြန်ဆန်ဆန် လှုပ်ရှားခဲ့ကြရာ နေနီလှေပျံ အပြင်ဘက်သို့ ရောက်ရှိရန် အချိန် မကြာလိုက်ဘဲ ကြိုဆိုရန် ထွက်လာကြသော ကြယ်နီဘုရင်နှင့် လိပ်ပြာနီတို့ကို မြင်တွေ့လိုက်ရ၏။
"အရှင့်ကို ဂါရဝပြုပါတယ်"
လိပ်ပြာနီက ရိုသေစွာ ဆို၏။
ထို့နောက် သူမက လုရီကို မျှော်လင့်တကြီး ကြည့်လိုက်သည်။
"သခင်၊ အခြေအနေ ဘယ်လိုလဲ။"
လုရီက ခပ်ဖွဖွ ပြုံးလိုက်ကာ..
"ဖြေရှင်းပြီးသွားပြီ။ မင်းတို့အားလုံး မင်းတို့
မျိုးနွယ်ရဲ့မြေကို ပြန်လို့ ရပါပြီ။"
ဤစကားကို ကြားသော် လိပ်ပြာနီနှင့် ကြယ်နီဘုရင်တို့အပါအဝင် အခြားသူများ၏ မျက်နှာထက်တွင် အံ့ဩမှုနှင့် ဝမ်းမြောက်မှုတို့၏ အမူအရာများ ပေါ်လာကြတော့သည်။
"ကျေးဇူးတင်ပါတယ် သခင်။" ကြယ်နီဘုရင်နှင့် မျိုးနွယ်အကြီးအကဲများက လျင်မြန်စွာ ရိုသေစွာဆိုကြ၏။
လုရီက ကြည်လင်စွာ ပြုံးလိုက်သည်။
"မင်းတို့ ငါ့နောက်ကို လိုက်မှတော့ ဒီလိုကိစ္စမျိုးတွေကို ငါကူညီပေးရမှာပေါ့။"
ဤသို့ဆိုပြီး လုရီက ခဏရပ်လိုက်ပြီးနောက် "ဒါ့အပြင် မင်းတို့ကို ပြောစရာ သတင်းကောင်းတစ်ခု ရှိသေးတယ်၊" ဟု ဆိုလိုက်၏။
"သတင်းကောင်း ဟုတ်လား။"
လိပ်ပြာနီနှင့် ကြယ်နီဘုရင်တို့ နားမလည်နိုင်စွာဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။
လုရီက ထိုကမ္ဘာငယ်နှင့်ပတ်သက်သော အကြောင်းအရာအားလုံးကို ကြယ်နီဘုရင်နှင့် အခြားသူများအား ရှင်းပြလိုက်လေသည်။
ကြယ်နီဘုရင်နှင့် လိပ်ပြာနီတို့သည် ဤအကြောင်းကိုကြားသော် သူတို့၏ မျက်နှာအမူအရာများမှာ အဆက်မပြတ် ပြောင်းလဲနေပြီး အလွန်အံ့မခန်းဖြစ်နေခဲ့၏။
လုရီစကားဆုံးသွားသောအခါ လိပ်ပြာနီနှင့် အခြားသူများ တိတ်ဆိတ်သွားကြသည်။
သူတို့၏ နှလုံးသားထဲတွင် မယုံနိုင်လောက်အောင် တုန်လှုပ်ခြောက်ခြားနေခဲ့ကြ၏။
သူတို့မျိုးနွယ်၏မြေတွင် အမှန်တကယ်တော့ အင်မော်တယ်ဘုရင်တစ်ပါး၏ အမွေအနှစ်နယ်မြေဖြစ်သော ကမ္ဘာငယ်တစ်ခု တည်ရှိနေသည်တဲ့လား။
"အံ့ဩစရာမရှိပါဘူး၊ ဒါကြောငါ့ အရှင်က အရင်တုန်းက ဒီလောက်တောင် လေးနက်နေခဲ့တာကိုး..."
လိပ်ပြာနီ၏ အသံမှာ တုန်လှုပ်မှုကြောင့် တုန်ယင်နေခဲ့သည်။
အင်မော်တယ် ဘုရင်တစ်ပါးနှင့် ပတ်သက်နေသည့်အခါ မည်သို့ လေးနက်မနေဘဲ ရှိမည်နည်း။
ထိုမျှသာမက သူမတို့မျိုးနွယ်၏ ဇာစ်မြစ်မှာ အမှန်တကယ်တော့ ထိုအင်မော်တယ်ဘုရင်၏ မူလဇာစ်မြစ် အရှိန်အဝါကြောင့် ဖြစ်သည်တဲ့လား။
ဤအရာသည် လိပ်ပြာနီတို့အတွက် လက်ခံရန် အတော်လေး ခက်ခဲသော်လည်း အကျိုးအကြောင်းဆင်ခြင်တုံတရားက ဤသည်မှာ အမှန်တရားဖြစ်သည်ဟု သူတို့ကို ပြောပြနေခဲ့သည်။
သူတို့ တစ်ခဏမျှ အလွန်ရှုပ်ထွေးသွားကြ၏။
ကြယ်နီဘုရင်က ခါးသက်သော အပြုံးဖြင့်
"ကျွန်တော်တို့က အင်မော်တယ်ဘုရင်တစ်ပါးရဲ့ အရှိန်အဝါကနေ ဆင်းသက်လာခဲ့တယ်လို့ ဘယ်သူက ထင်မှာလဲ၊ ဒါဆို သူက ကျွန်တော်တို့ရဲ့ ဖန်ဆင်းရှင်လို့ သတ်မှတ်လို့ ရမလား။"
ထိုအခါ လုရီက ခပ်ဖွဖွ ပြုံးလိုက်သည်။
"အဲ့ဒီလိုပြောလို့ရသလို ခင်ဗျားတို့က သူ့ရဲ့လူမျိုးတွေရဲ့ ဆက်လက် တည်ရှိခြင်း တစ်ခုလို့လည်း ပြောလို့ရတယ်။"
ဤစကားကိုကြားသော် ကြယ်နီဘုရင်နှင့် လိပ်ပြာနီတို့၏ နှလုံးသားများ အတန်ငယ် နေသာထိုင်သာရှိသွားသည်။
ထို့နောက် သူတို့က လုရီကို အနည်းငယ် စိတ်မအေးနိုင်စွာဖြင့် ကြည့်လိုက်ကြ၏။
"အရှင်၊ အဲ့ဒီအင်မော်တယ် ဘုရင် ဘိုးဘေးက ကျွန်မတို့ကို အရင်းအမြစ်တွေ ရဖို့အတွက် တကယ်ပဲ ဝင်ခွင့်ပြုမှာလားဟင်။"
လိပ်ပြာနီက စုံစမ်းမေးမြန်းလိုက်သည်။
ကြယ်နီဘုရင်နှင့် အနီရောင်မျိုးနွယ်၏ မျိုးနွယ်အကြီးအကဲများသည်လည်း အလွန်စိတ်မအေးနိုင်ဖြစ်နေကြသော်လည်း စိတ်လှုပ်ရှားနေကြသည်။
ထိုပုဂ္ဂိုလ်မှာ အင်မော်တယ် ဘုရင်တစ်ပါး ဖြစ်လေသည်။
အနီရောင်မျိုးနွယ်သည် စကြဝဠာထဲတွင် အချိန်အတိုင်းအတာတစ်ခုအထိ နေထိုင်ခဲ့ကြပြီး ဖြစ်ရာ သူတို့သည် အင်မော်တယ် ဘုရင်များအကြောင်းကို အတိုင်းအတာ တစ်ခုအထိ နားလည်ကြပါ၏။ သူတို့သည် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များဖြစ်ကြသည်။
အကယ်၍ သူတို့သည် အင်မော်တယ်ဘုရင် ချန်ထားရစ်ခဲ့သော အမွေအနှစ်ကို ရရှိနိုင်ခဲ့လျှင် သူတို့၏ အနီရောင်မျိုးနွယ်သည် သေချာပေါက် အင်အားကြီးအဖွဲ့အစည်းတစ်ခု ဖြစ်လာပေလိမ့်မည်။
ထိုအခိုက်အတန့်၌ လုရီက ပြုံးကာ ခေါင်းညိတ်လိုက်သည်။
"ရတာပေါ့၊ ငါ အဲ့ဒီစီနီယာနဲ့ ဆက်သွယ်ပြီးသွားပြီ၊ ပြီးတော့ မင်းတို့နဲ့ သူနဲ့ ဆက်နွယ်မှုတစ်ခုရှိ နေတာပဲ။ မင်းတို့ရဲ့ မီးတာအိုပါရမီက ထူးကဲတယ် လေ၊ အခွင့်အရေးတွေကို ဝင်ရောက်ဆုပ်ကိုင်နိုင်စွမ်းရှိတာပေါ့။ မင်းတို့သာ အဲ့ဒီ
စီနီယာရဲ့ မျက်စိကျတာကို ခံရရင် အင်မော်တယ်ဘုရင်သိုင်းကျမ်းကိုတောင် ရနိုင်လောက်တယ်ကွ... လိပ်ပြာနီ ၊ ငါမင်းကို မျှော်လင့်ချက်အကြီးကြီးထားတယ်၊ ကြိုးစားလိုက်ဦး။"
လုရီ၏ အမြင်တွင် အနီရောင်မျိုးနွယ်ထဲတွင် လိပ်ပြာနီ၏ ပါရမီမှာ သံသယဖြစ်ဖွယ်မရှိ အထူးချွန်ဆုံးဖြစ်ပြီး သူမ၏ စိတ်နေစိတ်ထားမှာလည်း အလွန်ကောင်းမွန်လေသည်။
သူ၏ ထက်မြက်သော မျက်လုံးများဖြင့်ပင် လိပ်ပြာနီ၌ အပြစ်ရှာရန် ခက်ခဲပါသည်။
သူမသည် ထိုအင်မော်တယ်ဘုရင်၏ အရိပ်ယောင်၏ သဘောကျမှုကို ရရှိနိုင်မည့် အခွင့်အရေးကောင်းတစ်ခုရှိကာ အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို လက်ခံရရှိနိုင်ဖွယ်ရှိသည်ဟု သူယုံကြည်ပါ၏။