← Chapters

ကြယ်တာရာတပ်မတော် အခင်းအကျင်း၏ ပိုမိုကောင်းမွန်သော ပုံစံ...

Vol. 51 Ch. 755

ကြယ်တာရာတပ်မတော် အခင်းအကျင်း၏ ပိုမိုကောင်းမွန်သော ပုံစံ...

Vol. 51 Ch. 755

~"ဒီကိစ္စက ကျွန်တော့်ရဲ့ နောက်လိုက်တစ်ယောက်နဲ့ သက်ဆိုင်နေတာပါ ၊ အဒေါ်ယွီ..."

လုရီက ကြယ်နီဂြိုဟ်နှင့် ထိုကမ္ဘာငယ်နှင့် ပတ်သက်သည့် အခြေအနေကို အကျဉ်းချုံး ရှင်းပြလိုက်သည်။

ယွီရှန်းယွင်ကဲ့သို့ အင်မော်တယ် ဧကရာဇ် နယ်ပယ်မှ ကျင့်ကြံသူတစ်ဦးပင်လျှင် လုရီ၏ ဇာတ်ကြောင်းကို ကြားပြီးနောက် အလွန်အမင်း တုန်လှုပ်အံ့ဩသွားခဲ့ရ၏။

"တကယ်ပဲ အင်မော်တယ်ဘုရင်ရဲ့ အမွေအနှစ်ရှိနေတာလား။"

"ဟုတ်ပါတယ်၊ အဲ့ဒီစီနီယာ အင်မော်တယ်ဘုရင်က တော်တော်လေး ဖော်ရွေပါတယ်၊ ကျွန်တော်သူနဲ့ ဆက်သွယ်ပြီးသွားပါပြီ။ ယွီမိသားစုရဲ့ ပါရမီရှင်တွေလည်း အဲ့ဒီကိုသွားပြီး လေ့ကျင့်လို့ရတယ်၊ ပြီးတော့ မီးတာအိုကို ကျင့်ကြံတဲ့ ပါရမီရှင်တွေရှိရင် အမွေအနှစ်တစ်ခု ရကောင်းရနိုင်ပါတယ်၊" ဟု လုရီက ခပ်ဖွဖွရယ်မောကာ ခေါင်းညိတ်ရင်း ပြောပြလေသည်။

ယွီရှန်းယွင်က လုရီကို နွေးထွေးစွာ ကြည့်ကာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် ရီအာ။"

မည်သို့ပင်ဖြစ်စေ ဤသည်မှာ လုရီ၏ နောက်လိုက်တစ်ဦး၏ ဘိုးဘေးကြယ်ဖြစ်ပြီး၊ နဂိုမူလအားဖြင့် အမွေအနှစ်များသည် လုရီ၏ တစ်ဦးတည်းသော ပိုင်ဆိုင်မှုဖြစ်သော်လည်း

လုရီက ၎င်းတို့ကို ယွီမိသားစုနှင့် မျှဝေရန် ဆန္ဒရှိခဲ့သည်။ ထို့အပြင် သူ၏ ယခင် အဆင့် ချိုးဖြတ်တက်ရောက်မှုအတွင်းမှ တာအိုဒီရေလှိုင်းများသည်လည်း ယွီမိသားစုအတွက် ကြီးမားသော အကူအညီ ဖြစ်ခဲ့ပါ၏။

လုရီသည် ယွီမိသားစုတစ်ခုလုံးအပေါ် ကြီးမားသော ကျေးဇူးတရားများ ပြသခဲ့သည်ဟု ဆိုနိုင်လေသည်။

လုရီက ခေါင်းခါလိုက်၏။

"အဒေါ်ယွီက အားနာနေပြန်ပြီ။ ယွီမိသားစုက ကျွန်တော့်အပေါ် အရမ်းကောင်းခဲ့တာပဲ၊ ဒါကြောင့် ကျွန်တော်ကလည်း ကျေးဇူးတရားကို ကိုယ်ပိုင်နည်းလမ်းနဲ့ ပြန်ဆပ်ချင်တာပေါ့။"

ထိုအခါ ယွီရှန်းယွင်က နွေးထွေးစွာ ပြုံးလိုက်ပြီးနောက်

"အဲ့ဒီအင်မော်တယ်ဘုရင်နဲ့ ကျိုယိုချီကိစ္စကိုတော့ မင်းရဲ့ ဦးလေးယွီနဲ့ အဒေါ် ပြောလိုက်မယ်။ အရင်ဆုံး ဒီတစ်ခေါက် ယွီမိသားစုဆီက ဘာအကူအညီလိုလဲဆိုတာ ပြောပြပါဦး။"

"ဒီကိစ္စကလည်း အဲ့ဒီအင်မော်တယ်ဘုရင်နဲ့ ဆက်စပ်နေပါတယ်"

လုရီက အရောင်ဖျော့သော အနီရောင်အရိပ်ယောင်၏ မျိုးဆက်များအကြောင်း အခြေအနေကို ပြန်ပြောပြပြီး အနီရောင် ကျောက်စိမ်းပေလွှာကို ထုတ်ယူလိုက်သည်။

"ဒါက အဲ့ဒီစီနီယာ ချန်ထားခဲ့တဲ့ ရှေးဟောင်းကြယ်တာရာမြေပုံတစ်ခုပါဗျ။ လက်ရှိကြယ်တာရာကောင်းကင်က အဲ့ဒီခေတ်ကတည်းက အများကြီးပြောင်းလဲသွားပြီ၊ ကျွန်တော်လည်း တည်နေရာကို မဆုံးဖြတ်နိုင်ဘူးဖြစ်နေတယ်။ ယွီမိသားစုက ကူညီဖော်ထုတ်ပေးနိုင်မလား မသိဘူးဗျာ။"

လုရီ၏ စကားကိုကြားသော် ယွီရှန်းယွင်သည် ဉာဏ်အလင်းရသွားဟန်ဖြင့် ခပ်ဖွဖွရယ်မောလိုက်သည်။

"အဟင်းဟင်..ဒါကတော့ ပြဿနာမရှိလောက်ပါဘူး... ဒီလိုလုပ်လေ၊ မင်းကြယ်တာရာမြေပုံကို ပုံတူ တစ်ခုကူးလိုက်၊ ငါတို့မိသားစုရဲ့ နက္ခတ်တာရာကြည့်စင်ကို ငါလွှဲပေးလိုက်မယ်။ သူတို့က တည်နေရာကို ရှာတွေ့ဖို့ နည်းလမ်းရှာကြလိမ့်မယ်။"

လုရီ၏ မျက်လုံးများ အရောင်တောက်သွားပြီး သူက ပြုံးလိုက်၏။

"ဒါဆိုရင်တော့ အဒေါ်ယွီကို ဒုက္ခပေးရတော့မှာပဲ။"

ယွီရှန်းယွင်က ခေါင်းခါကာ ညင်သာစွာရယ်မောလိုက်သည်။

"ဒီလိုကိစ္စသေးသေးလေးက ရီအာက အဒေါ်တို့ယွီမိသားစုအတွက် လုပ်ပေးခဲ့တာတွေနဲ့ နှိုင်းယှဉ်ရင် ဘာမှမဟုတ်ပါဘူးကွယ်။"

ထို့နောက်တွင် လုရီသည် ကြယ်တာရာမြေပုံကို ပုံတူ တစ်ခုကူးကာ ယွီရှန်းယွင်အား ပေးအပ်လိုက်သည်။

ယွီရှန်းယွင်က လုရီနှင့် သူ၏အဖော်များကို သူမ၏အိမ်တွင် ရက်အနည်းငယ်ကြာ နေထိုင်ရန် ဖိတ်ခေါ်ခဲ့လေသည်။

ဤကာလအတွင်း လုရီသည် ယွီရှန်းယွင်နှင့်ပင် တာအို ဆွေးနွေးခဲ့ပြီး စီနီယာ အင်မော်တယ်ဘုရင်အရိပ်ယောင်နှင့် ဖလှယ်မှုမှ ရရှိခဲ့သော ဉာဏ်အလင်းများကို မျှဝေပေးခဲ့သည်။

ယွီရှန်းယွင်သည် အင်မော်တယ်ဧကရာဇ်အဆင့်တွင် ရှိနေပြီးဖြစ်ရာ သူမ၏ နိယာမစွမ်းအားအပေါ် နားလည်မှုမှာ ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိနေခဲ့သည်။ သူမသည် မူလဇာစ်မြစ်ကို မကျွမ်းကျင်သေးသော်လည်း တာအိုအပေါ်တွင် အတိုင်းအတာတစ်ခုအထိ နားလည်မှုရှိပါ၏။

လုရီနှင့် တာအိုဆွေးနွေးပြီးနောက် ယွီရှန်းယွင်သည် အတော်လေး ဉာဏ်အလင်းရသွားပြီး လုရီအပေါ် ပို၍ပင် ကျေးဇူးတင်မိတော့သည်။

ရက်အနည်းငယ်အကြာတွင် နက္ခတ်တာရာကြည့်စင်မှ အကြောင်းပြန်လာခဲ့၏။ ယွီမိသားစုတွင် ရှေးဟောင်းကြယ်တာရာဇယားများစွာ သိုလှောင်ထားရာ လိုချင်သောတစ်ခုကို ရှာဖွေရန် အချိန်အနည်းငယ်ကြာနိုင်သောကြောင့် သူတို့အချိန်ပိုလိုအပ်သည်ဟု ဆိုပါသည်။

လုရီသည် နေလောင်ကြယ်ကြွေသိုင်းနည်းစနစ်ကို နားလည်ရန် စိတ်အားထက်သန်နေသောကြောင့် ကျောက်စိမ်းကြယ်တာရာဂြိုဟ်ပေါ်တွင် ဆက်မနေတော့ချေ။

သူသည် ယွီရှန်းယွင်ကို နှုတ်ဆက်ရန် ရွေးချယ်လိုက်ပြီး သတင်းတစ်စုံတစ်ရာ ရရှိမှသာ ကျောက်စိမ်းကြယ်သို့ ပြန်လာမည် ဖြစ်သည်။

"ရီအာ၊ မင်း နောက်ထပ် ရက်အနည်းငယ်လောက် မနေချင်တော့ဘူးလားကွယ်"

ယွီရှန်းယွင်က အနည်းငယ် နှမြောတသစွာဖြင့် မေးလိုက်သည်။

လုရီ၏ တာအိုအပေါ် နားလည်မှုမှာ နက်ရှိုင်းလှပြီး ဤရက်များအတွင်း သူတို့၏ တာအိုဆွေးနွေးမှုများက ယွီရှန်းယွင်ကို များစွာအကျိုးဖြစ်ထွန်းစေခဲ့သည်။ သူမသည် လုရီ အနည်းငယ်ကြာကြာ နေထိုင်စေလိုကြောင်း စိတ်ထဲမှ ဆန္ဒရှိနေမိ၏။

လုရီက ပြုံးကာဆိုသည်။

"အဒေါ်ယွီ၊ ကျွန်တော်ကျင့်ကြံဖို့ ပြန်ရဦးမယ်။ အင်မော်တယ်ဘုရင်သိုင်းကျမ်းကို အပြည့်အဝနားလည်သွားပြီးရင် မီးမူလဇာစ်မြစ်ကို ဆုပ်ကိုင်နိုင်မယ့် အခွင့်အရေးတစ်ခု ရှိနိုင်လောက်လို့ပါခင်ဗျာ၊"

"နှမြောစရာပဲကွယ်၊ ဒါက မီးဓာတ်ရဲ့ မူလဇာစ်မြစ်စွမ်းရည်တစ်ခုဖြစ်နေတာကိုး၊"

ယွီရှန်းယွင်သည် ဤကိစ္စနှင့်ပတ်သက်၍ သူမ၏နှမြောမှုကို တစ်ကြိမ်ထက်မက ထုတ်ဖော်ပြောကြားခဲ့ပြီး အကြိမ်များစွာ ပြောဆိုခဲ့လေသည်။

ထို့နောက် လုရီနှင့် သူ၏အဖွဲ့သည် ယွီရှန်းယွင်ကို နှုတ်ဆက်ကာ ကျောက်စိမ်းကြယ်မှ နေနီလှေပျံဖြင့် ထွက်ခွာသွားကြတော့သည်။

------

နေနီလှေပျံပေါ်တွင် လင်းလောင်တောင်ထိပ်သခင်မ လင်းလောင်သည် ဝေးကွာရာမှ တဖြည်းဖြည်းသေးငယ်သွားသော ကျောက်စိမ်းကြယ်တာရာကို ကြည့်ကာ မနေနိုင်ဘဲ ညည်းညူလိုက်သည်။

"ငါ့အမေက တကယ်ပဲ နော်... နင်က သူ့ရဲ့အရင်းအချာ သားသမီးလို့တောင် သူများ‌တွေ ထင်ကြလိမ့်မယ်..."

ဤရက်များတွင် ယွီရှန်းယွင်သည် လုရီကို အလွန်ကောင်းမွန်စွာ ဆက်ဆံခဲ့ရာ လင်းလော့ပင်လျှင် အနည်းငယ် ပြောစရာ စကား ပျောက်ရှသွားရသည်။

ထို့အပြင် ဤအချိန်အတောအတွင်း ယွီရှန်းယွင်သည် လင်းလောင်အား မည်သို့ပိုမိုတက်ကြွစွာ ယူရမည်ကို လျှို့ဝှက်စွာ သင်ကြားပေးခြင်းမရှိခဲ့ပေ။ ဤသင်ကြားမှုတွင် နှုတ်ဖြင့်သင်ကြားခြင်းနှင့် လက်တွေ့သင်ကြားခြင်းတို့ ပါဝင်ပြီး တစ်ခါတစ်ရံ အတော်လေး အတင်းအကျပ်ဖြစ်လာတတ်သည်။

လင်းလောင်သည် အစောကြီးကတည်းက ထွက်သွားချင်နေခဲ့သော်လည်း ယွီရှန်းယွင်က သူမကို သေအောင်ရိုက်မည်ကို ကြောက်သောကြောင့်

လုရီအား ပိုမိုပွင့်လင်းစွာ မပြောရဲခဲ့ပေ။

ယခု နောက်ဆုံးတွင် ထွက်ခွာလာနိုင်ခဲ့ပြီဖြစ်သောကြောင့် လင်းလောင်ခမျာ ဘဝကြီးမှာ အလွန်လှပလာသည်ဟု ခံစားနေရလေသည်။

လုရီက ရယ်မောလိုက်၏။

"အဒေါ်ယွီက အရမ်းကြင်နာတတ်တဲ့ သူပဲလေ။ သူ ကျွန်တော့်အပေါ် ကောင်းတာက သဘာဝပဲမဟုတ်လား။"

ထိုအခါ လင်းလောင်က မျက်လုံးလှန်လိုက်ပြီး စကားဆက်မပြောလိုတော့ချေ။

သူမ၏ ကိုယ်ပိုင်အမေက သူမအပေါ် ဤမျှ ကြင်နာခြင်းမရှိခဲ့ပေ။

ဘေးတွင် လျိုနင်ရွှမ်းနှင့် အခြားသုံးယောက်မှာ ထူးဆန်းသော အမူအရာများဖြင့် အကြည့်ချင်းဖလှယ်နေကြသည်။ သူတို့သည် ယွီရှန်းယွင်နှင့် လင်းလောင်၏ အခြေအနေကို အတိုင်းအတာတစ်ခုအထိ သိရှိကြပြီး လင်းလောင်၏ အမူအရာကို ကြည့်ကာ ထူးဆန်းနေသည်ဟု ခံစားမိကြသည်။

ခရီးလမ်းမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

မကြာမီမှာပင် နေနီလှေပျံသည် ထျန်းမင်သို့ ပြန်ရောက်လာခဲ့၏။

ပြန်ရောက်ပြီးနောက် လုရီသည် နေလောင်ကြယ်ကြွေသိုင်းနည်းစနစ်ကို နားလည်ရန် တံခါးပိတ်ကျင့်ကြံတော့သည်။

အင်မော်တယ်ဘုရင်သိုင်းကျမ်းသည် နက်နဲပြီး နားလည်ရန်ခက်ခဲသော်လည်း လုရီထံတွင် သူ၏ အင်မော်တယ်သိုင်းကျမ်းအပေါ် နားလည်နိုင်စွမ်းကို တိုးတက်စေသော ဆုလာဘ်များ အတော်များများ ကျန်ရှိနေသေးသည်။ ၎င်းတို့ကို တစ်ခုပေါ်တစ်ခုထပ်ဆင့်ကာ သူ့ကိုယ်ပိုင် တာအိုနားလည်မှုနှင့် ပေါင်းစပ်လိုက်ရာ တိုးတက်မှုမှာ အလွန်လျင်မြန်နေခဲ့၏။

သုံးနှစ်အတွင်းမှာပင် လုရီသည် အင်မော်တယ်ဘုရင်သိုင်းကျမ်းကို ကနဦးနားလည်မှုတစ်ခု ရရှိသွားခဲ့သည်။ ထိုကနဦးနားလည်မှုအပြီးတွင် လုရီသည် နိယာမစွမ်းအားနှင့် မူလဇာစ်မြစ်တို့၏ ကွာခြားချက်ကို ချက်ချင်းပင် သိရှိသွားတော့သည်။

နိယာမစွမ်းအားဟုခေါ်ဆိုသောအရာသည် တာအိုအောက်တွင်သာ လည်ပတ်နေသေးပြီး စည်းမျဉ်းများအပေါ်တွင် အချို့သော လည်ပတ်မှုစည်းမျဉ်းများကို အသုံးချခြင်းသာ ဖြစ်သည်။

သို့သော်လည်း မူလဇာစ်မြစ်မှာမူ ကွဲပြားပြီး ၎င်းသည် တာအိုကိုယ်တိုင်ကို ကိုယ်စားပြုလေသည်။

မူလဇာစ်မြစ်ကို ဆုပ်ကိုင်ထားသော ကျင့်ကြံသူတစ်ဦးသည် ထိုတာအိုကို ကိုယ်စားပြုမည်ဖြစ်ပြီး ၎င်းမှာ ထိုတာအိုကို အဆုံးစွန်ကန့်သတ်ချက်အထိ ယူဆောင်သွားခြင်းကို ဆိုလိုသည်။

ယေဘုယျအားဖြင့် အင်မော်တယ် အရှင်သခင်နယ်ပယ်သို့ ရောက်ရှိခြင်းသည် မိမိ၏ အတွင်းကမ္ဘာကို အဆုံးစွန်အထိ ကျင့်ကြံခြင်းကို ဆိုလိုပြီး နိယာမစွမ်းအားကိုလည်း အဆုံးစွန်ကန့်သတ်ချက်အထိ နားလည်ထားပြီးဖြစ်သော်လည်း အတွင်းကမ္ဘာသည် နောက်ဆုံးတွင် မိမိကိုယ်တိုင်နားလည်သော နိယာမများ၏ ကမ္ဘာမျှသာ ဖြစ်ပါ၏။

All Chapters