← Chapters

နတ်ဘုရား၏ စွမ်းအား

Vol. 154 Ch. 2182

နတ်ဘုရား၏ စွမ်းအား

Vol. 154 Ch. 2182

နတ်ဘုရားရုပ်ကြွင်းက မျက်လုံးများ ပွင့်ဟလာသည်။

အားလုံးသော တန်ခိုးရှင်များက တုန်ယင်သွားကြပြီး သူတို့မျက်လုံးများသည် မဟာအင်ပါယာရှန်ကျား၏ ရုပ်အလောင်းမှ မလွှဲဖယ်နိုင်တော့ပေ။

ထိုနတ်ဘုရားရုပ်ကြွင်းက ပြန်လည်ရှင်သန်လာသလို ထင်မှတ်ရပြီး မရေတွက်နိုင်သော နတ်အလင်းများနှင့် ဝန်းရံခံထားရသည်။ မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်တွင် သင်္ကေတအက္ခရာများစွာ ပေါ်ပေါက်လာပြီး တောက်ပသော နတ်အလင်းများ ပေါက်ကွဲထွက်လာပေသည်။

“ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။”

ထိုအဓိကပုဂ္ဂိုလ်ကြီးများက မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်ကို အာရုံစိုက်ထားကြပြီး ထိုအရှုပ်အထွေးများကြောင့် ဇဝေဇဝါ ဖြစ်နေကြသည်။ သူတို့အားလုံးက နတ်ဘုရားရုပ်ကြွင်းအား နားလည်သဘောပေါက်ရန် ကိုယ်တိုင်ကိုယ်ကျ ကြိုးစားခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် ရုပ်ကွင်းတွင် ပါဝင်နေသော ထက်ရှသည့် ကြောက်မက်ဖွယ်စွမ်းအင်ကို ကောင်းစွာ သတိပြုမိကြပေသည်။ ၎င်းကို ထိန်းချုပ်ရန်မဆိုထားနှင့် သူတို့အတွက် နားလည်ရန်ပင် ခက်ခဲလှသည်။

သို့သော် ယခု နတ်ဘုရားရုပ်ကြွင်းက ပြန်ရှင်သန်လာသလို ထင်မှတ်ရပြီး တစ်စုံတစ်ယောက်၏ ထိန်းချုပ်မှုကို ခံထားရပေသည်။

လေးမျက်နှာကျေးရွာမှ ထွက်လာသော စွမ်းအားများအရ မဟာအင်ပါယာရှန်ကျားကို ထိန်းချုပ်နေသည့် ပုဂ္ဂိုလ်မှာ လေးမျက်နှာကျေးရွာမှ ဆရာသခင်​ဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိပေ။

“နတ်ဘုရားရုပ်ကြွင်းက တော်ဝင်နန်းတော်ကနေ ရှန်ချင်းနယ်မြေကို ပေးအပ်ထားတာဖြစ်ပေမယ့် ရီဖူရှင်း​နဲ့ ပေါင်းစည်းခဲ့တယ်။ ဒီနေ့ကနေစပြီး အဲဒါက ရီဖူရှင်းအပိုင်ပဲ။ ရှန်ချင်းနယ်မြေရဲ့ အိမ်တော်သခင်နဲ့ တခြားအင်အားစုတွေက ဒါနဲ့ ပတ်သတ်ပြီး ပြဿနာတစ်ခုခုရှိရင် မင်းတို့ နတ်ဘုရားရုပ်ကြွင်းကို ယူဖို့ ကြိုးစားကြည့်နိုင်တယ်။ မဟုတ်လည်း တော်ဝင်နန်းတော်ကို သွားပြီး မဟာအင်ပါယာကို မေးကြည့်လိုက်ကြပါ။” သိမ်မွေ့နက်နဲသော အသံတစ်ခုကို ကြားလိုက်ရပြီး ၎င်းက လူတိုင်း၏ နှလုံးသားများက ပြင်းထန်စွာ တုန်ယင်လာစေသည်။

အကယ်၍ သဘောမတူသူ ရှိလျှင် တိုက်ခိုက်တာမဟုတ်ရင် တော်ဝင်နန်းတော်ကို သွားပြီး အရှင်ဒွန်ဟောင်ကို မေးနိုင်သည်ဟု ပြောခဲ့ပေသည်။

ထိုတည်ငြိမ်သည့် အသံတွင် ပြင်းထန်သော ယုံကြည်ချက်များ ရှိနေပြီး အရှင်ဒွန်ဟောင်က သူ၏ ကြေညာချက်အား သဘောတူလိမ့်မည်ဟု ယုံကြည်ချက်ရှိနေပေသည်။

မဟာအင်ပါယာသည် တစ်ချိန်က လေးမျက်နှာကျေးရွာကို လာရောက်ခဲ့ပြီး ဆရာသခင်အဆင့် တန်ခိုးရှင်များကို လေးမျက်နှာကုန်းမြေသို့ ခြေမချရန် တားဆီးသည့် အမိန့်ထုတ်ခဲ့သည့်အပြင် အပြင်ဘက်မှ ကျင့်ကြံသူများက အထဲရှိ ရွာသားများကို ထိခိုက်စေမည်စိုးသောကြောင့် ရွာအတွင်း ဝင်ရောက်ခြင်းကိုလည်း ကန့်သတ်ခဲ့ပေသည်။ ထိုအချက်ကို ကြည့်လျှင် မဟာအင်ပါယာက လေးမျက်နှာကျေးရွာအား ဘက်လိုက်သည်မှာ သေချာပေသည်။ ဆရာသခင်ပြောသည့် စကားများအရ ဆရာသခင်သည် မဟာအင်ပါယာအား လူကိုယ်တိုင် သိကျွမ်းသည်မှာ သေချာပေသည်။

ထိုအချိန်၌ အရှင်ဒွန်ဟောင်က လက်ရှိအဆင့်သို့ မရောက်သေးဘဲ သာမန်ရန်ဟောင်လေးတစ်ပါးသာ ဖြစ်သည်။ ထိုပတ်သတ်မှုက မည်မျှ နက်ရှိုင်းသည်ကို မသိသော်လည်း ဆရာသခင်က သူ၏ စကားကို အလွန် ယုံကြည်မှု ရှိနေပေသည်။

လေးမျက်နှာတောင်၏ အောက်ဘက်တွင် လေးမျက်နှာမြို့အတွင်းရှိ မရေတွက်နိုင်သော တန်ခိုးရှင်များက ထိုနေရာကို ကြည့်နေကြပြီး ဆရာသခင် ပြောသည့်စကားကိုလည်း ကြားကြပေသည်။ အသံက တည်ငြိမ်အေးချမ်းသော်လည်း တုနှိုင်းမဲ့သည့် ယုံကြည်ချက်နှင့် ခွန်အားတို့ ပါဝင်နေသည်။

ယနေ့တွင် ရှန်ချင်းနယ်မြေမှ တန်ခိုးရှင်များက လေးမျက်နှာကျေးရွာကို ဝန်းရံတိုက်ခိုက်ရန် ရည်ရွယ်လျှင် ဆရာသခင်က ရန်သူများကို သူတစ်ယောက်တည်းနှင့် ချေမှုန်းပစ်ရန် ရည်ရွယ်နေသည်လား။

သူတို့အားလုံးသည် ဆရာသခင်နှင့် ပတ်သတ်သော ကောလာဟလတချို့ကို ပြန်တွေးလိုက်မိသည်။

ရုတ်တရက် လေးမျက်နှာတောင်ပေါ်တွင် အလွန် ပြင်းထန်သော ဖိနှိပ်နိုင်စွမ်းတို့ ပေါ်ပေါက်လာ၏။ အားလုံးသော ထိပ်သီးပုဂ္ဂိုလ်ကြီးများက မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို စိုက်ကြည့်လိုက်ကာ ဆရာသခင်က အမှန်တကယ်ပင် မဟာအင်ပါယာရှန်ကျား၏ ရုပ်အလောင်းကို အကြွင်းမဲ့ ထိန်းချုပ်နိုင်သလား သိချင်နေကြသည်။

“ဆရာသခင်နဲ့ မဟာအင်ပါယာမှာ ပတ်သတ်မှုရှိတဲ့ သမိုင်းကြောင်း ရှိခဲ့တယ်ဆိုရင်တောင် မဟာအင်ပါယာရှန်ကျားရဲ့ ရုပ်ကြွင်းက ရှန်ချင်းနယ်မြေကို ပေးအပ်ထားတဲ့အရာပဲ။ ဘယ်သူ့အပိုင်ဖြစ်မယ်ဆိုတာ ဆရာသခင်ဆုံးဖြတ်လို့ရတဲ့ အရာမဟုတ်ဘူး။” အသံတစ်ခုကို ကြားလိုက်ရပြီး ထိုသူမှာ ကြောက်မက်ဖွယ် အရှိန်အဝါတို့ကို ထုတ်လွှတ်ထားသည့် နတ်ဆိုးတိမ်လွှာကလန်၏ မဟာအကြီးအကဲပင် ဖြစ်သည်။ ကြောက်မက်ဖွယ် နတ်ဆိုးတိမ်လွှာက မိစ္ဆာနတ်ဘုရားတစ်ပါး၏ ပုံရိပ်ကဲ့သို့ သူ့အနောက်တွင် ပေါ်ပေါက်လာကာ ပေါ်ပေါက်လာကာ ထိုဝန်းကျင်အား ဖိနှိပ်ထားပေသည်။

ဘုန်း...

ရှေးခေတ်အခါမှ ရှေးဟောင်းနတ်မိစ္ဆာတစ်ပါးကဲ့သို့ သူ့ထံမှ အစွမ်းထက် စွမ်းအားတို့ ပေါက်ကွဲထွက်လာကာ မိစ္ဆာနတ်ဘုရားလှံတစ်လက်ကို ဆင့်ခေါ်လိုက်သည်။ ၎င်းက ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းကာ လေဟာနယ်အား ထိုးဖောက်လာသည်။ ကောင်းကင်တွင်အနက်ရောင်လမ်းကြောင်းတစ်ခု ချန်ရစ်ခဲ့ကာ ကောင်းကင်မှနေ၍ နတ်ဘုရားရုပ်ကြွင်းကို ထိုးစိုက်လိုက်ပေသည်။

ဘန်း...

အံ့သြထိတ်လန့်ဖွယ် အသံတစ်ခု ထွက်လာပြီး ကြောက်မက်ဖွယ် အရှိန်အဝါက ကျယ်ပြောလှသည့် ကောင်းကင်တစ်ခွင်ကို လွှမ်းခြုံသွားသည်။ မိစ္ဆာနတ်ဘုရားလှံက မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်ကို ထိုးဖောက်လိုက်သည်။ ၎င်းသည် ရုပ်ကြွင်းကို ထိုးဖောက်သွားသလို ထင်မှတ်ရပြီး ကြောက်မက်ဖွယ် ဖျက်ဆီးခြင်းစွမ်းအားများက ၎င်း၏ လမ်းကြောင်းအတွင်း အရာအားလုံးကို ဖျက်ဆီးပစ်ရန် ကြိုးစားနေသလို ထင်မှတ်ရသည်။

သို့သော် လူတိုင်းကို ထိတ်လန့်သွားစေသည်မှာ သူတို့သည် မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်း၌ အသွေးအသားတို့ မရှိတော့ဘဲ အနန္တအက္ခရာသင်္ကေတများနှင့်သာ ဖွဲ့စည်းထားကြောင်း သိလိုက်ရသောကြောင့် ဖြစ်သည်။ ကြောက်မက်ဖွယ် စွမ်းအားက မိစ္ဆာနတ်ဘုရားလှံအား ခိုင်မြဲစွာ ချုပ်ထားခဲ့ပြီး တ​ဖြေး​ဖြေး စတင် ဖျက်ဆီးနေသည်။

“ဒါက...”

လူအများ၏ နှလုံးသားများက ကြောက်ရွံ့ထိတ်လန့်စွာ တုန်ယင်လာသည်။ ထိုသို့ ကြောက်မက်ဖွယ် တိုက်ခိုက်မှုသည်ပင် နတ်ဘုရားရုပ်ကြွင်းကို ထိခိုက်မှုမရှိခဲ့ပေ။ ရုပ်ကြွင်းသည် သာမန်ခန္ဓာကိုယ် မဟုတ်တော့ဘဲ ဖျက်ဆီး၍ မရနိုင်သော အမတနတ်ဘုရားအသွင်ပင် ဖြစ်သည်။

နတ်ဆိုးတိမ်လွှာကလန်၏ မဟာအကြီးအကဲသည် ၎င်းကို မြင်သောအခါ နတ်ဘုရားရုပ်ကြွင်းနှင့် တိုက်ရိုက် ရင်ဆိုင်လျှင် အသုံးမဝင်သည်ကို သိရှိပေသည်။ သူက လက်ဝါးကို ဆန့်ထုတ်လိုက်ပြီး ရီဖူရှင်း ရှိနေရာသို့ ဆွဲဆုပ်သည့်ဟန် ပြုလုပ်ကာ ရီဖူရှင်းကို အရင် ရင်ဆိုင်ရန် ပြင်လိုက်သည်။

လွှမ်းမိုးနိုင်သော စွမ်းအားက ရီဖူရှင်းပေါ်သို့ ကျရောက်လာပြီး သူသည် အသက်ရှုကြပ်ကာ သေလုမတတ် ခံစားလိုက်ရသည်။

သို့သော် ထိုအချိန်၌ ပုံရိပ်တစ်ခုက ရီဖူရှင်းရှေ့တွင် ပေါ်ပေါက်လာသည်။ ယင်းမှာ မဟာအင်ပါယာရှန်ကျားပင် ဖြစ်သည်။ ရှေးဟောင်းသင်္ကေတအက္ခရာများ၏ တောက်ပသော အဆုံးမဲ့နတ်အလင်းများက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး လေဟာနယ်ကို လွှမ်းခြုံကာ ကောင်းကင်တစ်ခွင်၌ တောက်ပသော နတ်အလင်းတို့နှင့် ပြည့်နှက်သွားလေသည်။ လူအုပ်ကြီးသည် ကောင်းကင်သို့ ပျံသန်းလာသည့် သင်္ကေတအက္ခရာများကို မြင်လိုက်ကြရသည်။

“သတိထား။” လူတိုင်း၏ အမူအရာများက ထိတ်လန့်တုန်လှုပ် သွားသည်။ သူတို့က လေဟာနယ်ဥမင်တစ်ခုအတွင်း ဝင်ရောက်သွားပြီး ထိုသင်္ကေတအက္ခရာများက မမြင်နိုင်သော လှိုင်းများကဲ့သို့ လူတိုင်းကို နောက်ထပ် လေဟာနယ်လောကအတွင်း ခေါ်ဆောင်သွားပေသည်။

ရီဖူရှင်းနှင့် အခြားလူများက ပျောက်ကွယ်သွားသည်။ အင်အားစုအသီးသီးမှ တန်ခိုးရှင်များနှင့် မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းသာလျှင် ကျန်ရစ်ပေသည်။

ထိုမြင်ကွင်းသည် လူအများ၏ နှလုံးသားများကို ပြင်းထန်စွာ တုန်ယင်လာပြီး သူတို့သည် ကိုယ်ပိုင်နှလုံးသားများ ခုန်လှုပ်နေသံကို ပြန်ကြားနေရသည်။ သူတို့က ထိပ်သီးပုဂ္ဂိုလ်ကြီးများ ဖြစ်နေလျှင်ပင် ထိုအချိန်၌ ဖော်ပြ၍ပင် မရနိုင်သော ခြိမ်းခြောက်မှုကို ခံစားနေရပေသည်။ မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို ကြည့်ရင်း သူတို့သည် နတ်ဘုရားတစ်ပါး၏ ပြန်လည်ရှင်သန်ခြင်းကို မျက်မြင်တွေ့နေရသလို ခံစားမိပေသည်။

ပိုမို ကြောက်မက်ဖွယ်ကောင်းသည်မှာ တိုင်းတာ၍မရနိုင်သော နတ်ရောင်ဝါတို့က လေဟာနယ်ကို လွှမ်းခြုံလာပြီး သူတို့သည် အလွန် မြင့်မြတ်သော ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရပေသည်။ ထိုပုံရိပ်မှာ မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းမှ အသွင်ပြောင်းလဲထားသော ဧရာမနတ်ဘီလူးတစ်ကောင်ဖြစ်ကာ သူတို့က သူ့ခန္ဓာကိုယ်အတွင်း ရှိနေသလို ထင်မှတ်ရပေသည်။

၎င်းမှာ နတ်ဘုရားနယ်မြေဖြစ်နိုင်သလား။

ဆရာသခင်က မည်သူဖြစ်နိုင်သနည်း။ သူက မည်သည့်အတွက်ကြောင့် မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို ဤအဆင့်ထိ ထိန်းချုပ်နိုင်ရသနည်း။

နတ်ဆိုးတိမ်လွှာကလန်၏ မဟာအကြီးအကဲက ထိုရုပ်ကြွင်း သူ့ထံ လျှောက်လာပြီး မဟာအင်ပါယာရှန်ကျားက အလင်းအလျင်နှင့် သူ့လက်ဝါးကို မြှောက်ကာ သူ့ထံ ရိုက်ချလိုက်သည်။ သူက ကောင်းကင်ကဲ့သို့ ကြီးမြတ်လှသည့် ရှေးဟောင်းအက္ခရာများနှင့် ဝန်းရံထားပြီး သူတို့ရှိနေသည့် လောကကို လွှမ်းမိုးထားပေသည်။

နတ်ဆိုးတိမ်လွှာကလန်၏ မဟာအကြီးအကဲက အားကောင်းလှသည့် ခြိမ်းခြောက်မှုကို ခံစားမိလိုက်သည်။ သူက မာန်သွင်းဟစ်ကြွေးလိုက်ပြီး ရုတ်တရက် ကြောက်မက်ဖွယ် မိစ္ဆာနတ်ဘုရားတစ်ပါး ပေါ်ပေါက်လာသည်။ ဤမိစ္ဆာနတ်ဘုရားက မဟူရာရွှေအလင်းတို့ဖြင့် တောက်ပလာပြီး သူ့ကို ပြိုင်ဘက်ကင်းဟု ထင်မှတ်ရစေသည်။

ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ကောင်းကင်အထက်တွင် ကြီးမားသော လက်ဝါးရိပ်ကြီး ပေါ်ပေါက်လာပြီး သတ်ဖြတ်ရန် အောက်သို့ ရိုက်ချလိုက်သည်။

နတ်ဘုရား၏ လက်ဝါးရိပ်ကြီး ကျဆင်းလာသည်ကို မြင်သည့်အခါ မိစ္ဆာနတ်ဘုရား၏ လက်ဝါးကလည်း ကောင်းကင်သို့တိုင် ရောက်ရှိလာပြီး ၎င်းနှင့် ထိပ်တိုက်ရင်ဆိုင်ချင်နေသည်။ နတ်ဘုရား၏ လက်ဝါးရိပ်က အရာအားလုံးကို ဖျက်ဆီးပစ်ရန် ရည်ရွယ်နေပေသည်။ မိစ္ဆာနတ်ဘုရားက စူးရှစွာ အော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ်က နတ်ဘုရား၏ လက်ဝါးရိပ် အလေးချိန်ကြောင့် သူ့ခန္ဓာက ကွေးညွှတ်သွားလေသည်။

ဘုန်း...

ထိုဆူညံသံနှင့်အတူ မိစ္ဆာနတ်ဘုရားက ဒူးထောက်ပြုတ်ကျလာကာ ကြောက်မက်ဖွယ် အက်ကွဲတုန်ခါသံများကို ကြားလိုက်ရ၏။ သူ၏ ခန္ဓာကိုယ်က အဆက်မပြတ် ပေါက်ကွဲထွက်နေသည်။ နတ်ဆိုးတိမ်လွှာကလန်၏ မဟာအကြီးအကဲက ပါးစပ်အပြည့်သွေးတို့ အန်ထုတ်လိုက်ရပြီး သူ့ မျက်နှာက ဖြူဖျော့နေသည်။ သူက တောင်းပန်လိုက်၏။ “ဆရာသခင် သနားညှာတာပေးပါ။”

ကျယ်လောင်သော ပေါက်ကွဲသံနှင့် လက်ဝါးရိပ်က ရိုက်ချလာကာ နတ်ဆိုးတိမ်လွှာကလန်၏ မဟာအကြီးအကဲကို အဝေးသို့ လွင့်စင်သွားစေသည်။

အဓိကအင်အားစုများမှ ပုဂ္ဂိုလ်ကြီးတိုင်းက ထိတ်လန့်သွားကြသည်။ သူတို့က ရှန်ချင်းနယ်မြေတွင် ကျင့်ကြံခြင်းလောကတွင် အမြင့်ဆုံး၌ ရပ်တည်နေသည့် အထွတ်အထိပ်တည်ရှိမှုများ ဖြစ်သည်။ ကောင်းကင်ဒေသတစ်ခွင်လုံး၌ သူတို့နှင့် ယှဥ်ပြိုင်နိုင်သည့်သူ များများစားစား မရှိပေ။

သို့သော် ယခု မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းအရှေ့၌ သူတို့က အကြွင်းမဲ့ တုန်လှုပ်ခြင်းမရှိသော အစစ်အမှန် နတ်ဘုရားတစ်ပါးနှင့် ရင်ဆိုင်နေရသလို ထင်မှတ်မိပေသည်။

မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်က အခြားတစ်ဖက်သို့ ကြည့်ကာ သူ့မျက်လုံးများက နန်ဟိုင်ကလန်ခေါင်းဆောင်၏ မျက်လုံးများထဲ တိုက်ရိုက်ထိုးဖောက်သွားသည်။ သူက ပြောလိုက်၏။ လေးမျက်နှာကျေးရွာရဲ့ လူငယ်မျိုးဆက်လေးတွေကို ဖိအားပေးတိုက်ခိုက်ခဲ့တဲ့အတွက် ဒီလက်ဝါးချက်က မင်းအတွက်ပဲ။”

သူ့အသံထွက်လာပြီးနောက် မဟာအင်ပါယာရှန်ကျား၏ မျက်လုံးများက မှိတ်သွားကာ အဆုံးမဲ့ သင်္ကေတအက္ခရာများက သူ၏ အသိစိတ်အတွင်း တိုးဝင်လာပေသည်။ ၎င်းသည် သူ ယခင်က နတ်ဘုရားရုပ်ကြွင်းအား ကြည့်စဥ်အခါကကဲ့သို့ပင် ခံစားရပေသည်။

မရေတွက်နိုင်သော လက်ဝါးရိပ်များက ပေါ်ပေါက်လာပြီး နတ်ဘုရား၏ ကြီးမားသော လက်ဝါးရိပ်ကဲ့သို့ ကောင်းကင်ကို ဖုံးလွှမ်း၍ နေကို အုပ်ကွယ်သွားသည်။ နန်ဟိုင်မိသားစုခေါင်းဆောင်က ဒေါသတကြီးအော်ဟစ်လိုက်ပြီး သူ့လက်ဝါးများကို ရှေ့သို့ တွန်းပို့လိုက်သည်။ သို့သော် မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်က ​ရှေ့သို့ ပြေးဝင်သွားပြီး မရေတွက်နိုင်သော အနန္တအက္ခရာများက မရေတွက်နိုင်သော နတ်အလင်းများအဖြစ် ပြောင်းလဲသွားသည်။ ကျယ်လောင်သည့် အသံနှင့်အတူ နန်ဟိုင်မိသားစုခေါင်းဆောင်၏ ကြောက်မက်ဖွယ် တိုက်ခိုက်ရေးစွမ်းအားနှင့် လက်ဝါးရိပ်များက မည်သည်မှ မကျန်အောင် ဖျက်ဆီးခံလိုက်ရသည်။ မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်ကို ၎င်းက ထိုးဖောက်သွားသေးသော်လည်း ထိုကြောက်မက်ဖွယ် တိုက်ခိုက်မှုက အပြည့်အဝ လျစ်လျူရှုခံလိုက်ရပေသည်။

အနီးမှ လူတိုင်းသည် မဟာအင်ပါယာရှန်ကျား၏ အတွင်းမှ နတ်အလင်းများက လမ်းစဥ်အားလုံးကို ဖျက်ဆီးပစ်နိုင်ကြောင်း သတိပြုမိလိုက်သည်။ ဤရုပ်ကြွင်းက နတ်ဘုရားရုပ်ကြွင်း ဖြစ်တာကြောင့် သာမန်ရုပ်ကြွင်းများထက် သာလွန်ပေသည်။ ထို မြင့်မြတ်သော ရုပ်ကြွင်း၌ မဟာအင်ပါယာရှန်ကျား အသက်ရှင်စဥ်က စွမ်းအားများ ပါဝင်နေသည်။ ၎င်းတို့က မဟာလမ်းစဥ်ကို ဖျက်ဆီးပစ်နိုင်သော စွမ်းရည်ရှိပေသည်။

ထိုရုပ်ကြွင်းအား ထိန်းချုပ်နိုင်သည်နှင့် နတ်ဘုရား၏ ပြန်လည်ရှင်သန်ခြင်းစွမ်းအားကို လက်ဝယ်ပိုင်ဆိုင်လိုက်သည်နှင့် တူပေလိမ့်မည်။ ထိုစွမ်းအားက မည်မျှ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်နည်း။

၎င်းကို မည်သူကမှ မရပ်တန့်နိုင်ပေ။

မဟာအင်ပါယာရှန်ကျား၏ နတ်ခန္ဓာက လက်သီးတစ်ချက်ပစ်လွှတ်ရုံနှင့် အရာအားလုံးကို ဖျက်ဆီးပစ်ရန် လုံလောက်ပေသည်။ တိုက်ခိုက်မှုက နန်ဟိုင်မိသားစုခေါင်းဆောင်၏ ခန္ဓာကိုယ် ပေါ် ကျရောက်လာပြီး သူ့ခန္ဓာကို ထိုးဖောက်သွားသည်။ ကြောက်မက်ဖွယ် စွမ်းအားက သူ၏ ခန္ဓာကိုယ်အတွင်း တိုးဝင်လာသောအခါ ကလန်ခေါင်းဆောင်က သွေးအန်ခြင်းကို မရပ်တန့်နိုင်တော့ပေ။ သူက အပြည့်အဝပြိုကွဲသွားသော လေဟာနယ်လောကအတွင်းမှ တိုက်ရိုက်ထုတ်ပယ်ခံလိုက်ရပေသည်။

အပြင်ဘက်မှ တန်ခိုးရှင်များသည် လေဟာနယ်ထဲကို တစ်ဖန် ပြန်မြင်လာရသည်။ သူတို့သည် နတ်ဆိုးတိမ်လွှာကလန်မှ မဟာအကြီးအကဲက သွေးများ ဆိုးဆိုးဝါးဝါး အန်နေပြီး နန်ဟိုင်မိသားစု ခေါင်းဆောင်၏ အရှိန်အဝါက အလွန် အားနည်းနေသည်။ သူ၏ ခန္ဓာကိုယ်သည် ထိုးနှက်ခံထားရပြီး မဟာလမ်းစဥ်ကြောင့် ဒဏ်ရာရရှိထားပေသည်။

ကျန်သည့် တန်ခိုးရှင်များက မတူညီသည့် နေရာများတွင် ရပ်နေကြပြီး သူတို့အားလုံးက တုန်ယင်နေခဲ့ကြသည်။ သူတို့က ထိပ်သီးပုဂ္ဂိုလ်ကြီးများ ဖြစ်လျှင်ပင် စိုးရိမ်ကြောင့်ကြမှုများနှင့် ရပ်နေရသည်။ သူတို့သည် ယခင်က ဤသို့သော အခြေအနေမျိုးနှင့် မည်သည့်အခါမှ ရင်ဆိုင်ခဲ့ဖူးခြင်း မရှိဘဲ သူတို့အား အလွန် စိတ်ဓာတ်ကျအောင် လုပ်နိုင်သည့် တည်ရှိမှုမျိုးကိုလည်း မကြုံခဲ့ဖူးကြပေ။

“မင်းတို့မှာ ဘာပြောချင်တာ ရှိသေးလဲ။” မဟာအင်ပါယာရှန်ကျားက ထပ်မေးလိုက်သည်တွင် လူတိုင်းက တိတ်ဆိတ်သွားသည်။ ကျင့်ကြံခြင်းလောက၌ ခွန်အားကသာ ပဓာနဖြစ်သည်။ ယခုတွင် မဟာအင်ပါယာရှန်ကျားက သူတို့အားလုံးကို ဖျက်ဆီးပစ်နိုင်ရာ သူတို့၌ မည်သည့် ထင်မြင်ချက်များ ရှိနိုင်ပါဦးမည်နည်း။

ကျိုးမုဟွမ်က အရာအားလုံးကို မြင်လိုက်ရသောအခါ စိတ်ထဲက အကြီးအကျယ် တုန်လှုပ်သွားပေသည်။ ဆရာသခင်က မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို ထိန်းချုပ်နိုင်ပြီး ထိုသို့သော စွမ်းအားမျိုး ထုတ်ဖော်နိုင်မည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ပေ။

ယနေ့ လေးမျက်နှာကျေးရွာကို လာရောက်ဝန်းရံထားသည့် ကျင့်ကြံသူအားလုံးမှာ အချည်းနှီးဖြစ်ကာ ပြန်ရရန် ကြမ္မာဖန်ပုံရလေသည်။

“ဆရာသခင်ရဲ့ ကျင့်ကြံခြင်းက ထိပ်တန်းပါပဲ။ တကယ်လို့ ဆရာသခင်အနေနဲ့ နတ်ဘုရားရုပ်ကြွင်းကို လိုချင်တယ်ဆိုရင်လည်း ရှိပါစေတော့။ နယ်​မြေသခင်အိမ်တော်က တော်ဝင်နန်းတော်ကို အစီရင်ခံလိုက်ပါ့မယ်။ အဲဒါဆို​  နှုတ်ဆက်ခဲ့ပါတယ်။” ကျိုးမုဟွမ်က လက်ကို ဆုပ်ကာ အရိုအသေပြုရင်း ပြောလိုက်သည်။ သူက မည်သို့ လုပ်နိုင်ပါမည်နည်း။

ကျန်သည့် အဓိကတန်ခိုးရှင်များသည်လည်း သူတို့၏ နှလုံးသားထဲ၌ ကြီးစွာသော မလိုလားခြင်းများဖြင့် ထွက်ခွာသွားကြသည်။ ဤဖြစ်ရပ်က လေးမျက်နှာကျေးရွာ၏ အင်အားမှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း သူတို့ကို သိရှိစေခဲ့သည်။

ကြည့်ရသည်မှာ လေးမျက်နှာကျေးရွာ၏ မြင့်တက်လာမှုမှာ အဆုံး၌ မြေကြီးလက်ခတ်မလွဲ ဖြစ်လာမည့်အရာဖြစ်ကာ သူတို့၏တိုးတက်မှုအား ရပ်တန့်နိုင်မည့်သူ မရှိနိုင်ပုံရလေသည်။ ယခု ဆရာသခင် ထုတ်ဖော်ပြသခဲ့သော နန်ဟိုင်ကလန်ခေါင်းဆောင်အပေါ် တိုက်ခိုက်မှုက သင်ခန်းစာ ဖြစ်ပေလိမ့်မည်။

လူအုပ်ကြား၌ ရှိနေသော မုယွင်လန်သည် အရှုပ်ထွေးဆုံး ခံစားချက်များနှင့် ဖြစ်နေခဲ့သည်။ သူ ငယ်ရွယ်စဥ်က ဆရာသခင်၏ အုပ်ထိန်းမှုအောက်၌ လမ်းစဥ်ရှာဖွေရန် သင်ကြားပြသပေးခြင်း ခံခဲ့ရသည်။ ဤတစ်ကြိမ်၌ သူက လေးမျက်နှာကျေးရွာ၏ ရန်သူဖြစ်လာခဲ့သည်။ သူ၏ ငယ်ဘဝကို ဤနေရာ၌ ကုန်ဆုံးခဲ့ကြောင်း ပြန်တွေးမိသည့်အခါ စိတ်ခံစားချက်များနှင့် ပြည့်နှက်သွားခဲ့သည်။ သူသည် ဆရာသခင်က အားကောင်းလှသည်ကို သိသော်လည်း ဤအဆင့်ထိ ရှိလိမ့်မည်ဟု မည်သည့်အခါကမှ ထင်မှတ်ထားခဲ့ခြင်း မရှိပေ။

“ဆရာသခင်။” မုယွင်လန်က ခေါ်လိုက်သည်။

“မင်းက ကိုယ့်လမ်းကိုယ် ရွေးပြီးသွားပြီ။ ဆက်လျှောက်ပါ။” နက်နဲသိမ်မွေ့သော အသံတစ်ခုက ပြန်ဖြေလိုက်ပြီး မုယွင်လန်က အနည်းငယ် မှင်တက်သွားခဲ့သည်။ ထို့နောက် သူက ရိုသေလေးစားစွာဖြင့် ဦးညွှတ်ကာ အဝေးသို့ လျှောက်သွားခဲ့လေသည်။

***

All Chapters