← Chapters

ကျင့်ကြံခြင်း

Vol. 154 Ch. 2183

ကျင့်ကြံခြင်း

Vol. 154 Ch. 2183

ရှန်ချင်းနယ်မြေ နေရာအသီးသီးမှ တန်ခိုးရှင်များအားလုံး ထွက်ခွာသွားရန် အချိန်သိပ်မကြာလိုက်ပေ။ ရှေးဟောင်းတော်ဝင် သွမ့်မိသားစုမှ လူများသာလျှင် နောက်၌ ကျန်နေခဲ့သည်။

သူတို့အားလုံးသည် ပြင်းထန်စွာ ထိတ်လန့်တုန်လှုပ်နေကြပြီး သူတို့က လေးမျက်နှာကျေးရွာနှင့် ရန်သူဆက်မဖြစ်ဘဲ မိတ်ဆွေများ ဖြစ်လာသည်မှာ ကံကောင်းသည်ဟု တွေးမိလိုက်ကြသည်။ ဆရာသခင်က အပြင်လောကအရေးကို ဂရုမစိုက်ဘဲ သီးခြားနေထိုင်သော်လည်း လေးမျက်နှာကျေးရွာထံ တစ်စုံတစ်ခု ဖြစ်ပျက်သွားလျှင် မည်သို့ဖြစ်လာလိမ့်မည်ကို မည်သူက သိပါမည်နည်း။

လက်ရှိတွင် သွမ့်ထျန်းရှုံသည် ကျေးရွာမှ ဆရာသခင်က သာမန်မဟုတ်ကြောင်း ခံစားမိသည်။

၎င်းသည် မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်း ဖြစ်ပြီး ဆရာသခင်က မည်သို့ ထိန်းချုပ်သွားကြောင်း သိချင်မိပေသည်။

ဆရာသခင်သည် ထိုရုပ်ကြွင်း၏ စွမ်းအားများကို ကျွမ်းကျင်စွာ ခြယ်လှယ်သွားနိုင်စွမ်း ရှိသည့်အတွက် ကျိန်းသေ ပြိုင်ဘက်ကင်း ဖြစ်ရပေမည်။

ထိုသည်မှာ တစ်စုံတစ်ယောက်၏ လက်ထဲသို့ နတ်ဘုရားလက်နက်တစ်ခု ရသွားခြင်းနှင့် တူပေသည်။

ကောင်းကင်ဒေသအတွင်း အလွန် ရှေးကျသော အချို့ အင်အားစုများတွင် ထိုသို့သော ရတနာများက သူတို့၏ ပိုင်ဆိုင်မှုအတွင်း ရှိသည်ဟု ပြောနိုင်သည်။ သို့သော်လည်း သူတို့သည် လေးမျက်နှာကျေးရွာမှ ဆရာသခင်က မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို ထိန်းချုပ်သကဲ့သို့ ပြောင်​မြောက်စွာ ထိန်းချုပ်နိုင်လိမ့်မည်ဖြစ်ကြောင်း မသေချာပေ။ ထိုမျှ ကြောက်မက်ဖွယ် စွမ်းအားသည် ဘေးမှ ရပ်ကြည့်နေသည့် သွမ့်ထျန်းရှုံကိုပင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားစေခဲ့ပေသည်။

နန်ဟိုင်ကလန်ခေါင်းဆောင်ကဲ့သို့ အစွမ်းထက်သည့် တစ်စုံတစ်ယောက်သည်ပင် ရိုက်ချက်တစ်ချက်ကို ခံနိုင်ရည်မရှိခဲ့ဘဲ သူ့ခန္ဓာကိုယ်ကို ထိုးဖောက်ခံရကာ ဆုတ်ခွာရန် ဖိအားပေးခံခဲ့ရသည်။

ရှန်ချင်းနယ်မြေမှ လူတိုင်းသည် ယခုတွင် လေးမျက်နှာကျေးရွာ၏ စွမ်းအားများကို ပြန်လည် ဆန်းစစ်ရန် ဖိအားပေးခံခဲ့ရပေသည်။

လေးမျက်နှာမြို့မှ တန်ခိုးရှင်များသည် အရာအားလုံးကို မြင်တွေ့လိုက်ရပြီး အံ့သြထိတ်လန့်မှုများစွာဖြင့် ရွာ၌ ကျင့်ကြံနိုင်ရန် ပို၍ပင် မျှော်လင့်နေတော့သည်။

သို့သော် ရွာမှ လူတချို့သာလျှင် ဆရာသခင်က အလွန် အစွမ်းထက်သော်လည်း သူ့ကို ရွာမှ ထွက်ခွာခြင်းအား တားဆီးထားသော အချို့ ကန့်သတ်ချက်များ ရှိနေကြောင်း သိကြပေသည်။ ဤတစ်ကြိမ်၌ တိုက်ဆိုင်စွာဖြင့် ရီဖူရှင်းက မဟာအင်ပါယာ ရှန်ကျား၏ ရုပ်ကြွင်းကို ဆရာသခင် အနားယူနေသော နေရာဖြစ်သော လေးမျက်နှာကျေးရွာသို့ ယူဆောင်လာခြင်းဖြစ်သည်။

ရီဖူရှင်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူသည် ထိုသူများနှင့် လိုက်ပါသွားရန် စီစဥ်ထားသော်လည်း ထိုအချိန်၌ ဆရာသခင်က လှုပ်ရှားမှုပြုလာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ထို့အပြင် ဆရာသခင်သည် နတ်ဘုရားရုပ်ကြွင်းအား အမှန်တကယ်ပင် အပြည့်အဝ ထိန်းချုပ်ခံလိုက်ရပေသည်။

ထိုတိုက်ပွဲတစ်ခုတည်းကပင် သူ၏ ပြိုင်ဘက်ကင်း ဖြစ်တည်မှုဟူသည့် ဂုဏ်သတင်းကို ခိုင်မာလာစေပေလိမ့်မည်။

ထိုတိုက်ပွဲပြီးသည့်နောက် နယ်မြေသခင်အပါအဝင် အထက်ကောင်းကင်ကိုးလွှာမှ အခြားကျင့်ကြံခြင်း အင်အားစုများသည် ရွာမှလူများကို စဥ်းစားခြင်းမရှိဘဲ အလွယ်တကူ ရန်စရဲလိမ့်တော့မည် မဟုတ်သည်မှာ သေချာပေသည်။ ဆိုလိုသည်မှာ နောက်ပိုင်း ရွာသားများ အပြင်သို့ စွန့်စားထွက်ခွာသည့်အခါ အများကြီး ပိုလုံခြုံသွားမည် ဖြစ်ပေသည်။

ရှန်ချင်းနယ်မြေတစ်ခွင်မှ လူများသည် ရွာမှလူများ၏ အဆင့်အတန်းကို နယ်မြေသခင်အိမ်တော်မှ လူများနှင့် တူညီသော အဆင့်သို့ တိုးမြှင့်ဆက်ဆံရပေလိမ့်မည်။

“ဒီနေ့မှာ ဒီလောက်ထိ ကြီးကျယ်ခမ်းနားတဲ့ တိုက်ပွဲမျိုး မျက်မြင်တွေ့ရလိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး။ ဘယ်သူမဆို ဆရာသခင်ရဲ့ စွမ်းအားကို ယှဥ်နိုင်ဖို့ ခက်ခဲလိမ့်မယ်။” သွမ့်ထျန်းရှုံက ဆရာသခင်အား အလွန် ချီးမွမ်းပြောဆိုလိုက်သည်။ ထိုတိုက်ပွဲသည် နယ်မြေအတွင်းမှ အပြင်းထန်ဆုံး တိုက်ပွဲများထက်ပင် ကျော်ကြားရန် လုံလောက်ပေသည်။

ရှန်ချင်းနယ်မြေတစ်ခွင် အထက်ကောင်းကင်ကိုးလွှာမှ ထိပ်သီးပုဂ္ဂိုလ်ကြီးများက လေးမျက်နှာကျေးရွာကို တိုက်ခိုက်ခဲ့သော်လည်း သူတို့က ဆရာသခင်တစ်ယောက်တည်း၏ စွမ်းအားကြောင့် မောင်းထုတ်ခံခဲ့ရပေသည်။ သူက တိုက်ခိုက်ရန် မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို အသုံးပြုခဲ့သော်လည်း အခြားမည်သည့် တိုက်ပွဲနှင့်မှ မတူခဲ့ပေ။

ထို့အပြင် ဆရာသခင်သည် လောကအပြင်ဘက်မှ သာလွန်သော တစ်စုံတစ်ယောက် ဖြစ်ပေသည်။ ရီဖူရှင်းက အစပိုင်းတွင် သူ ယူဆောင်လာမိသော နတ်ဘုရားရုပ်ကြွင်းကို ပြန်ပေးခဲ့သည်။ ၎င်းက နတ်ဘုရားရုပ်ကြွင်းအား ထိန်းချုပ်ခဲ့သည့် ဆရာသခင်သည် ထိုရုပ်ကြွင်းအား လိုချင်တပ်မက်ခြင်း မရှိကြောင်း သိသာပေသည်။ မဟုတ်လျှင် သူက ရီဖူရှင်းအား ထိုရုပ်ကြွင်းကို ထုတ်ယူသွားခွင့် ပြုလိမ့်မည် မဟုတ်ပေ။

တစ်ဖက်လူများက ရီဖူရှင်းအား တိုက်ခိုက်ပြီး သူ့ကို အဝေးခေါ်ဆောင်သွားရန် ကြိုးပမ်းသည့် အချိန်မှသာ ဆရာသခင်က လှုပ်ရှားမှု ပြုလုပ်ခဲ့ကာ သူတို့အား ပြန်ဆုတ်ခွာရန်နှင့် နတ်ဘုရားရုပ်ကြွင်းကိုလည်း ချန်ရစ်ခဲ့ရန် ပြောခဲ့ခြင်းဖြစ်ပေသည်။ ဆရာသခင်သည် ရီဖူရှင်းနှင့် နတ်ဘုရားရုပ်ကြွင်းက ဤနေရာ၌ ကျန်နေရစ်ရမည်ဟူသော သူ၏ စကားအတိုင်းညီအောင် လုပ်ခဲ့ခြင်း ဖြစ်သည်။

ရွာမှ ကျင့်ကြံသူများက မည်သည့် စကားမှ မဆိုခဲ့ပေ။ ထို့နောက် အဘိုးမာက သွမ့်ထျန်းရှုံကို ပြောလိုက်သည်။ “ကျုပ်တို့ ရွာထဲ ခဏလောက်သွားကြမယ်ဆို ဘယ်လိုလဲ။”

“ကျုပ်အတွက်ကတော့ မလိုအပ်ပါဘူး။ ဒါပေမယ့် သွမ့်ချုံးနဲ့ လူငယ်လေးတွေက အမြဲတမ်း ရွာကို လာပြီးလည်ပတ်ချင်နေကြတာ။ သူတို့ကို နေခဲ့ခိုင်းပြီး ဒီနေရာကို လှည့်ပတ်ကြည့်ခိုင်းမယ်ဆိုရင်ရော ဘယ်လိုသဘောရလဲ။” သွမ့်ထျန်းရှုံက အပြုံးနှင့် ပြောလိုက်ပြီး အဘိုးမာက ခေါင်းညိတ်လိုက်၏။ “ကောင်းပြီ။”

“ဒီလိုဆိုရင် ကျုပ် အရင်ပြန်နှင့်လိုက်မယ်။ ဒီလိုဖြစ်ပြီးသွားတော့ ဘယ်သူကမှ ရွာကို တစ်ခုခု လုပ်ရဲမှာ မဟုတ်တော့ဘူး။ အခု ကျုပ်တို့က တော်ဝင်နန်းတော်က သတင်းကို စောင့်ရုံပဲ ရှိတော့တယ်။” သွမ့်ထျန်းရှုံက ပြောလိုက်သည်။ အဘိုးမာနှင့် အခြားလူများက ခေါင်းညိတ်လိုက်၏။

ရီဖူရှင်းသည် ထိုစကားကို ကြားပြီးနောက် အတော်လေး စိတ်သက်သာရာ ရသွားပေသည်။ မုန်တိုင်းပြီးဆုံးသွားသည့်နောက် သူသည်လည်း တော်ဝင်နန်းတော်မှ သတင်း အနှေးနှင့်အမြန် ရောက်လာရန် မျှော်လင့်မိသည်။ သူက လာခဲ့သည့်ဘုံသို့ ပြန်ရန် ဆန္ဒစောနေပြီး ထိုနေရာမှ ကိစ္စများကို စစ်ဆေးချင်နေသည်။

သွမ့်ထျန်းရှုံက ထွက်ခွာသွားပြီး လူတိုင်းက ရွာသို့ ပြန်သွားကြ၏။ ဆရာသခင် ထိန်းချုပ်ထားသော နတ်ဘုရားရုပ်ကြွင်းက သီးသန့်ကျောင်းသို့ ဦးတည်သွားသည်။ ရီဖူရှင်းက ပြန်ရောက်သည်နှင့် ဆရာသခင်၏ ဆင့်ခေါ်ခြင်းကို ခံလိုက်ရပြီး သူသည်လည်း ကျောင်းထဲသို့ ဝင်သွားခဲ့သည်။ နတ်ဘုရားရုပ်ကြွင်းက ဘေး၌ ငြိမ်သက်စွာ လဲလျောင်းနေခဲ့သည်။ ကြည့်ရသည်မှာ ၎င်းက ဆရာသခင်၏ ထိန်းချုပ်မှုအောက် အပြည့်အဝ ကျရောက်နေပုံပင်။

“ကျေးဇူးတင်ပါတယ် ဆရာသခင်။” ရီဖူရှင်းက ဆရာသခင်အား အရိုအသေပြုလိုက်သည်။ သူ့ အမြင်အရ ဆရာသခင်က ပို၍ပင် လျှို့ဝှက်ဆန်းကြယ်လာသလို ထင်မှတ်ရပြီး သူက ဆရာသခင်အား ဖြတ်​မြင်နိုင်စွမ်း မရှိပုံရလေသည်။

ရွာသားများ၏ စကားအရဆိုလျှင် ဆရာသခင်သည် အလွန့်အလွန် ရှည်ကြာစွာ နေထိုင်ခဲ့သူ ဖြစ်သည်။ သို့သော် မည်မျှ ကြာရှည်ကြောင်း မည်သူကမှ မသိပေ။  ဆရာသခင်က ရွာနှင့် သက်တမ်းတူနေသည်လည်း ​ဖြစ်နိုင်ပေသည်။

ထို့အပြင် ဆရာသခင်ထံ၌ လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါတစ်ခု ရှိသည်။ သူသည် အခြားလူများအတွက် အစစ်အမှန် မဟုတ်သယောင် ခံစားမိစေပြီး သူက လူ့လောကနှင့် မသက်ဆိုင်သကဲ့သို့ ထင်မှတ်ရသည်။

“နတ်ဘုရားရုပ်ကြွင်းက မင်းနဲ့အတူ ပါလာခဲ့တာကြောင့် ရေစက်ရှိတယ်လို့ သတ်မှတ်လို့ရတယ်။ မင်း ဒါကို ပြန်ပေးဖို့ မလိုအပ်တော့ဘူး။ အခု ရှန်ချင်းနယ်မြေရဲ့ တန်ခိုးရှင်တွေက အရမ်းရက်စက်တာမို့ ငါတို့ဘက်ကလည်း သူတို့ကို ယဥ်ကျေးပြနေဖို့ မလိုတော့ဘူးလေ။ မင်း နတ်ဘုရားရုပ်ကြွင်းကို လေ့လာချင်ရင် ဒီကို လာခဲ့ပါ။ အဲဒါမှ တစ်ခုခု ဖြစ်လာရင် အချိန်မီ တားဆီးပေးလို့ရလိမ့်မယ်။” ဆရာသခင်က ရီဖူရှင်းကို ပြောလိုက်သည်။

“ကောင်းပါပြီ။” ရီဖူရှင်းက အရိုအသေပြုလိုက်သည်။ “တစ်ခုလောက်မေးချင်လို့ပါ ဆရာသခင်။”

“မေးပါ။” ဆရာသခင်က ပြန်ဖြေလိုက်သည်။

“ရှေးခေတ်အခါက ကောင်းကင်လမ်းစဥ် ပြိုကျချိန်မှာ တကယ်ပဲ ဘာတွေ ​ဖြစ်ခဲ့တာလဲ။ အရမ်းသာလွန်တဲ့ ကျင့်ကြံခြင်းတွေက ကောင်းကင်လမ်းစဥ်ကို ဖျက်ဆီးခဲ့တာလား။ ဆရာသခင်လို စွမ်းအားမျိုးနဲ့ တစ်စုံတစ်ယောက်က ဘာလို့ ရွာမှာ တစ်ချိန်လုံး နေနေရတာလဲ။” ရီဖူရှင်းက မေးလိုက်သည်။

“ကျင့်ကြံသူတွေရဲ့ လောကထဲက ကိစ္စတွေဟာ မင်း ထင်နေသလောက် မရိုးရှင်းဘူး။ ကျင့်ကြံသူတွေက အမြင့်ဆုံးအဆင့်ကို ရဖို့ တိုက်ခိုက်ခဲ့ကြပြီး ရှေးခေတ်အချိန်တုန်းက နတ်ဘုရားတွေကြား စစ်ပွဲတစ်ခု ဖြစ်ခဲ့တယ်။ အခု ငါ့အပေါ် ရှိ​နေတဲ့ ကန့်သတ်ချက်တွေကတော့ ရှေးခေတ်အချိန်က ဘာတွေဖြစ်ခဲ့တယ်ဆိုတာ အသာထား လက်ရှိ မင်းရှေ့မှာ မြင်နေရတာတွေတောင် အစစ်အမှန် မဟုတ်နိုင်ဘူး။ မင်းသေချာတဲ့ အဆင့်တစ်နေရာကို ရောက်တဲ့အခါ အဲဒီ ကိစ္စတွေကို သိနိုင်စွမ်းရှိလာလိမ့်မယ်။” ဆရာသခင်က ရီဖူရှင်းကို ပြောလိုက်သည်။

ရီဖူရှင်းက လက်ရှိ ကျင့်ကြံခြင်းလောက၌ ဖြစ်ပျက်နေသော အကြောင်းအရာများနှင့် ကောင်းကင်လမ်းစဥ် ပြိုကျရခြင်း၏ အမှန်တရားကို သိချင်သောကြောင့် အတော်လေး နေမထိထိုင်မသာ ခံစားလိုက်ရပေသည်။

သူ မြင်နေရသည်က အမှန်တကယ် အစစ်အမှန် မဟုတ်ခြင်းဖြစ်နေသလားဟုလည်း သိချင်သွားမိသည်။

“အရမ်းတွေးနေစရာမလိုဘူး။ သင့်လျော်တဲ့ အဆင့်ကို ရောက်တဲ့အခါ အဖြေ တွေ့ရလိမ့်မယ်။ အဲဒီနောက်မှာ မင်းမသိချင်ရင်တောင် မရတော့ဘဲ ဖြစ်လိမ့်မယ်။” ဆရာသခင်က ဆက်ပြောလိုက်သည်။ ရီဖူရှင်းက ခေါင်းညိတ်ကာ တစ်ခါထပ်၍ အရိုအသေပေးလိုက်သည်။ “ကျေးဇူးတင်ပါတယ်.. ဆရာသခင်။”

သူက သီးသန့်ကျောင်းမှ ထွက်ခွာလာပြီး သူ ထွက်လာသည်နှင့် သူ့ထံသို့ လူများ ရောက်ရှိလာကြသည်။ ထိုသူတို့က အခြားမဟုတ်ဘဲ ဖန်းချွင့်၊ ရှောင်လင်း၊ ထျယ်ထိုနှင့် သော်ယွီတို့ ဖြစ်လေသည်။

သူတို့လေးယောက်က အတော်လေး ကြီးလာပြီး သူတို့ မြင်နိုင်သည့် လမ်းစဥ်မှာလည်း နေ့စဥ်နှင့်အမျှ ပြောင်းလဲနေခဲ့သည်။

ဆရာသခင်က မည်မျှ အစွမ်းထက်သည်ကို သိပြီးနောက် ဤရွာမှ လူငယ်လေးများက မည်သည့်အတွက်ကြောင့် အလွန် အစွမ်းထက်ပြီး မဟာလမ်းစဥ်ပင်ကိုစွမ်းရည်များနှင့် မွေးဖွားလာကာ လူအများ၏ အထက်၌ ရှိရန် ကံကြမ္မာကို ပိုင်ဆိုင်ထားကြောင်း နားလည်လာပေသည်။ သူတို့အားလုံးက အလွန် ကြောက်မက်ဖွယ်ပင် အလားအလာများကို ပိုင်ဆိုင်ထားကြသည်။

သူတို့လေးယောက်၏ အောင်မြင်မှုက ဖန်းကိုင့်၊ အဘိုးမာ၊ မျက်မမြင်ထျယ်နှင့် အခြားလူများထက် သာလွန်သွားပေလိမ့်မည်။ သူတို့အားလုံးက အလွန် ကျော်ကြားသော ပုဂ္ဂိုလ်များအဖြစ် ကြီးပြင်းလာပေလိမ့်မည်။

“အခုတလော မင်းတို့ ကျင့်ကြံနေတာ ဘယ်လိုလဲ။” သူက သူတို့ခေါင်းလေးများကို ပုတ်ကာ မေးလိုက်သည်။

“ဆရာ ကျွန်တော် သူတို့ကို တစ်ချိန်လုံး စောင့်ကြည့်နေတာ။ သူတို့ ကောင်းကောင်းကြိုးစားကြတယ်။ ပြီးတော့ ဆရာသခင်ကလည်း ကျွန်တော်တို့ကို သင်ပေးတယ်။” ဖန်းချွင့်က အပြုံးနှင့် ပြန်ဖြေလိုက်သည်။ ထိုကလေးက ရီဖူရှင်းအား ယခင်ကထက်ပို၍ လေးစားလာသည်ဟု ဆုံးဖြတ်နိုင်သည်။ ထို့အပြင် ထိုလေးစားမှုက စစ်မှန်ပြီး ဆိုးသွမ်းသည့် ဉာဥ်ကလေးက အမှန်တကယ် လျော့ပါးသွားပေသည်။

ဤသည်က သူ ကြီးပြင်းလာသည်ဟု သတ်မှတ်နိုင်သည်။

“ကောင်းပြီ။ ကျင့်ကြံဖို့ကို မပျင်းကြနဲ့။” ရီဖူရှင်းက သူတို့ကို အပြုံးနှင့် ပြောလိုက်သည်။ ဆရာသခင် ပြောသည်ကို ကြားပြီးနောက် လောကကြီးက သူ ထင်ထားသည်ထက် ပိုမို ရှုပ်ထွေးနေလိမ့်မည်ဟု ထင်မြင်မိပေသည်။ ထို့အပြင် မှော်နက်စစ်တပ်ကဲ့သို့သော အင်အားစုမျိုးက လှုပ်ရှားလာပြီး ကောင်းကင်ဒေသတစ်ခုလုံးကိုပင် ပျံ့နှံ့နိုင်သည့် စစ်ပွဲကို အစပြုရန် ကြိုးစားနေပြီ ဖြစ်သည်။

မူလဘုံမှ စစ်ပွဲက မြေစမ်းခရမ်းပျိုးခြင်း ဖြစ်နိုင်သည်။ အနာဂတ်၌ မည်သည်တို့ ဖြစ်လာမည်မှာ မပြောနိုင်သော်လည်း လောကတစ်ခွင်လုံး ကြီးမားသော အပြောင်းအလဲများ ဖြစ်လာနိုင်ပေသည်။ လူတိုင်းက ပြင်ဆင်ထားရန် လိုအပ်ပြီး ကြီးမားသော အပြောင်းအလဲတချို့ ဖြစ်လာလျှင် အနာဂတ်၌ ဖြစ်လာမည့်အရာများကို ရင်ဆိုင်ရန် လူတိုင်း​မြန်မြန် ရင့်ကျက်လာဖို့ရာ လိုအပ်ပေသည်။

…

လေးမျက်နှာကျေးရွာမှ တိုက်ပွဲက ရှန်ချင်းနယ်မြေတစ်ခွင်လုံးကို ကိုင်လှုပ်သွားခဲ့သည်။ ပါဝင်ပတ်သတ်ခဲ့သူများအားလုံးက ပြန်ဆုတ်ခွာခဲ့ကြပြီး အရာအားလုံးက ပုံမှန်မဟုတ်စွာ ဆိတ်ငြိမ်သွားခဲ့သည်။ မည်သူကမှ နတ်ဘုရားရုပ်ကြွင်းကို ပြန်လည်မယူဆောင်လာနိုင်သော်လည်း ရှန်ချင်းနယ်မြေတစ်ခွင်မှ ကျင့်ကြံသူအားလုံးသည် တိုက်ပွဲ ပြီးသွားသည့်နောက် ရှန်ချင်းနယ်မြေ၏ အဆင့်မြင့်ကောင်းကင်ကိုးလွှာတွင် မည်သူမှ သွားရှုပ်၍ မရနိုင်သော ပြိုင်ဘက်ကင်းဖြစ်တည်မှုတစ်ခု ရှိ​နေကြောင်း လူတိုင်း သိသွားကြပေသည်။

နန်ဟိုင်ကလန်ခေါင်းဆောင်က ဒဏ်ရာများနှင့် ပြန်ရောက်လာပြီးနောက် တံခါးပိတ်ကျင့်ကြံသွားခဲ့သည်ဟု ဆိုကြသည်။

လေးမျက်နှာကုန်းမြေသည် ပို၍ များပြားသော တန်ခိုးရှင်များ ရွှေ့ပြောင်းလာကြပြီး ပိုမိုစည်ကားလာပေသည်။ လက်ရှိတွင် ထိပ်ဆုံး၌ ရှိနေသော စွမ်းအား၊ အလွန်အစွမ်းထက်သော သူများ အရေအတွက်များစွာ ရှိနေပြီး သူတို့၏ နောက်ပိုင်းမျိုးဆက်များတွင် ယခုထက် ပို၍ မြင့်မားသော ရှန်ချင်းနယ်မြေ၏ အထွတ်အထိပ်၌ ရပ်တည်နိုင်ပေလိမ့်မည်။ လာမည့်အနာဂတ်၌ ရွာက မည်မျှအစွမ်းထက်လိမ့်မည်ကို မည်သူမှ မသိသော်လည်း ရှန်ချင်းနယ်မြေတစ်ခွင်၌ အစွမ်းထက်ဆုံး အင်အားစုတစ်ခုပင် ဖြစ်လာနိုင်ချေ ရှိပေသည်။

ထိုအချိန်သို့ ရောက်သည့်အခါ လေးမျက်နှာကျေးရွာက အလွန် ကျော်ကြားလာလိမ့်မည် ဖြစ်ပြီး ထိုသို့သော အခွင့်အရေးမျိုးနှင့် မည်သူမှ လွဲချော်ချင်ကြလိမ့်မည် မဟုတ်ပေ။

သို့သော် ထိုအရာအားလုံးမှာ ရီဖူရှင်းနှင့် မည်သို့မှ မသက်ဆိုင်သယောင် ထင်မှတ်ရသည်။

ရီဖူရှင်းသည် ရွာမှ ရှေးဟောင်းသစ်ပင်အောက်တွင် တင်ပျဥ်ခွေထိုင်ကာ ကျင့်ကြံနေသည်။ ရှားရှင်းယွန်က မနီးမဝေး၌ ရှိနေပြီး သိမ်းငှက်လေးက ပျင်းရိစွာ ပျံသန်းနေသည်။ ကလေး လေးယောက်က ရီဖူရှင်းကို ဝန်းရံကာ ကျင့်ကြံနေကြသည်။ ထိုမြင်ကွင်းမှာ ပန်းချီဆွဲထားသကဲ့သို့ ငြိမ်းချမ်းကာ လှပသည့် မြင်ကွင်းတစ်ခုပင် ဖြစ်သည်။

သူက မျက်လုံးများကို မှိတ်ကာ သစ်ပင်အောက်၌ ထိုင်နေခဲ့သည်။ အကိုင်းအခက်နှင့် အရွက်များက ယိမ်းနွဲ့နေကာ သူ့ကို လွှမ်းခြုံထား၏။ သူ့ခန္ဓာကိုယ်ထဲမှ တုန်ခါသံများက အဆက်မပြတ် ထွက်ပေါ်နေပြီး နတ်အလင်းက သူ့ကို ဆက်လက်လွှမ်းခြုံထားသည်။

အချိန်က တဖြေးဖြေး ကုန်ဆုံးနေပြီး သူတို့က ကျင့်ကြံခြင်းမှာသာ နှစ်မြှုပ်၍ အပြင်လောကနှင့် အဆက်အသွယ် ဖြတ်ထားကြပေသည်။ သူတို့က ရောက်နေသည့် အဆင့်မှ စွမ်းအားများကို တည်ငြိမ်အောင် လုပ်ဆောင်နေခဲ့သည်။ သူ့အမြင်အရ ကျင့်ကြံခြင်းကသာလျှင် သူ မူလဘုံသို့ ပြန်နိုင်ရန်အတွက် ပြင်ဆင်မှု ဖြစ်ပေလိမ့်မည်။

***

All Chapters