ရှားလော့ခ်၏ အကြံပြုချက်
Vol. 22 Ch. 330
"ကျွန်တော်တို့ မတွေ့ဖြစ်တာ အတော်ကြာပြီ အရှင်ရှားလော့ခ်။ အရှင့်စာကို လက်ခံရရှိ ပြီးပြီးချင်း ကျွန်တော် အမြန်ဆုံး လာခဲ့ပါတယ်။ ထာဝရတိုင်းပြည် ဒီလောက် မြန်မြန် ချဲ့ထွင်တိုးတက် လာလိမ့်မယ်လို့ ကျွန်တော် လုံးဝ မမျှော်လင့်ထားခဲ့ဘူးလို့ ပြောရမှာပဲ။ ထာဝရတိုင်းပြည်က ထာဝရမီးလျှံကို ကျော်တက်သွားဖို့က အချိန်ကာလ တစ်ခုပဲ လိုတော့တယ်။" ပရော်ဖက်ဆာ ဘေကွန်က သူ၏ အရိုးများမှ ယိုစိမ့်ကျကာ မြေပြင်ပေါ်သို့ ကြဲပြန့် ကျသွားသော သွေးဂန္ဓမာ လက်ဖက်ရည်ကို သောက်ပြီး ဆိုလိုက်သည်။
"ဒန်ဂျင် တစ်ခု စီမံခန့်ခွဲတာက ကျွန်တော့် ဝါသနာ တစ်ခုပါပဲ။ ကျွန်တော့်မှာ တခြား စီမံခန့်ခွဲရမယ့် စီးပွားရေးလုပ်ငန်းတွေ ရှိသေးတယ်၊ ပြီးတော့ အဲဒါတွေက ကျွန်တော့်ကို ခေါင်းမူးစေတယ်ဗျာ။"
ရှားလော့ခ်က သက်ပြင်း ချလိုက်ပြီး ပင်ပန်းနွမ်းနယ်နေပုံ ပေါက်နေခဲ့သည်။
"ခင်ဗျားက ကုန်သည်မဟာမိတ်အဖွဲ့ ချန်ထားခဲ့တဲ့ အရှုပ်ထုပ်တွေကိုလည်း ရှင်းလင်း ပေးရသေးတယ်။ ဟားဟားဟား၊ ကျွန်တော် နောက်တာပါ။"
ဘေကွန်က ပေါ့ပေါ့ပါးပါး နောက်ပြောင်လိုက်သည်။ တစ်ဦးမှာ အထက်တန်းစား နတ်ဆိုး ဖြစ်ပြီး အခြားတစ်ဦးမှာ ဝိညာဉ် ဖြစ်သည်။ သူတို့သည် ကုန်သည်မဟာမိတ်အဖွဲ့နှင့် တူညီသော ဂိုဏ်းခွဲမှ မဟုတ်ကြပေ။
"ဒီနေ့ခေတ် သတ္တဝါတွေက ကြိုတင် ခန့်မှန်းလို့ မရနိုင်တော့ဘူး။ သူတို့ထဲက အများစုက စစ်ပွဲရဲ့ ကြမ်းတမ်းမှုကို မသိကြဘဲ ဒုက္ခရှာ ဖန်တီးချင်ကြတယ်။ လူငယ်လေးတွေက ထိန်းမနိုင်သိမ်းမရ ဖြစ်လာကြပြီ။" ရှားလော့ခ်က လေးလံသော နှလုံးသားဖြင့် သက်ကြီးရွယ်အို တစ်ဦးကဲ့သို့ ပြောဆိုလိုက်သည်။
"ဟုတ်တယ်၊ စစ်ပွဲခေတ်..."
ဘေကွန်သည် အတိတ်ကို ပြန်လည် အမှတ်ရနေသည့် အလား ပေါက် နေခဲ့သည်။
"ကျွန်တော် ခင်ဗျားကို အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒီကို ခေါ်ခဲ့တာပါ။"
ရှားလော့ခ်သည် သူ၏ နားထင်ကို နှိပ်နယ်လိုက်စဉ် ပရော်ဖက်ဆာ ဘေကွန်က ရှေ့သို့ ကိုင်းညွှတ်ကာ မေးလိုက်သည်။ "ဒါက ကုန်သည်မဟာမိတ်အဖွဲ့နဲ့ ပတ်သက်တာလား။ ကျွန်တော် ခင်ဗျားကို ဘယ်လို ကူညီနိုင်မလဲ။"
"မဟုတ်ဘူး၊ ဒါက စစ်ပွဲနဲ့ ပတ်သက်တယ်။"
ပရော်ဖက်ဆာ ဘေကွန်သည် တုန်လှုပ်သွားပြီး "စစ်ပွဲလား။ ဒန်ဂျင် တစ်ခုက အရှင်ရှားလော့ခ်ကို စစ်ကြေညာခဲ့တာလား။ ဒါက တုန်လှုပ်စရာပဲ။"ဟု ဆိုလိုက်သည်။
"ဒါက ဒန်ဂျင်တွေကြားက စစ်ပွဲ မဟုတ်ဘူး။ နတ်ဆိုးစီမံခန့်ခွဲရေး ကော်မတီက ကိုယ်ပိုင်စစ်ပွဲတွေကို ခွင့်ပြုမှာ မဟုတ်ဘူး။ မဟုတ်ဘူး၊ ကျွန်တော်က မြေပေါ်လောက,က သတ္တဝါတွေကို ရည်ညွှန်းနေတာပါ။"
ရှားလော့ခ်က "ကျွန်တော့်ဒန်ဂျင်က မြေပေါ်လောက,ကို သွားတဲ့ ထွက်ပေါက်နဲ့ နီးစပ်တယ်။ ပရော်ဖက်ဆာ ဘေကွန် ဒါကို သိပြီးသား ဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်။"ဟု ဆိုလိုက်သည်။
"ဟုတ်ကဲ့၊ ကျွန်တော် သိပါတယ်။ တစ်နေ့တာ ခရီးလောက်ပဲ ရှိမှာပေါ့။ ကျွန်တော် ခင်ဗျား အတွက် စိုးရိမ်မိတယ်။" ပရော်ဖက်ဆာ ဘေကွန်က မျက်မှောင်ကြုတ်ရင်း ဆိုလိုက်သည်။
"ကျွန်တော်လည်း စိုးရိမ်မိပါတယ်။ လူသားအုပ်စု တစ်စုက ဝင်ပေါက်ကို ရှာဖွေတွေ့ ရှိပြီးနောက် အခြေအနေကို ကိုင်တွယ်ဖို့ ကျွန်တော့်ရဲ့ ပူးပေါင်း ဆောင်ရွက်ဖက်ကို စီစဉ်ပေးခဲ့ပါတယ်။"
ပရော်ဖက်ဆာ ဘေကွန်သည် အံ့အားသင့်သွားခဲ့သည်။
"အခြေအနေကို ကိုင်တွယ်ဖို့လား။"
"ဟုတ်တယ်၊ ကျွန်တော့်ရဲ့ ပူးပေါင်းဆောင်ရွက်ဖက်ကို သူတို့ရဲ့ ခေါင်းဆောင် ဖြစ်ခွင့် ပေးလိုက်တာပေါ့။" ရှားလော့ခ်က သူ၏ လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ပြီး ဆိုလိုက်သည်။ "ခင်ဗျားသိတဲ့ အတိုင်း မြေပေါ်လောကရဲ့ အာဏာ လွန်ဆွဲပွဲတွေက မြေအောက်လောကထက် ပိုပြီး ပြင်းထန်တယ်။ သူတို့က အာဏာကို တခြားအရာ အားလုံးထက် ပိုပြီး အရေးကြီးတယ်လို့ မြင်ကြတယ်။ အထက်တန်းစား နတ်ဆိုးတစ်ဦး ဖြစ်တဲ့ ကျွန်တော်တောင် အာဏာရှိရင် အဲဒီမှာ ခေါင်းဆောင် တစ်ယောက် ဖြစ်လာနိုင်တယ်။ မြေအောက်လောကမှာ မဟာမှော်အရှင် တစ်ယောက်က ခေါင်းဆောင် လာဖြစ်ချင်တယ်ဆိုရင် အဲဒါက..."
ရှားလော့ခ်သည် မဖြစ်နိုင်ဟု ပြောလိုသော်လည်း မြင့်မြတ်သော အလင်းတန်းကို ယုံကြည်သူ မဟာမှော်အရှင်တစ်ဦး ဖြစ်သော သားရဲကောင်ကို ရုတ်တရက် သတိရသွားခဲ့သည်။ ထို့ကြောင့် သူ့စကားကို ပြင်ဆင် ပြောဆိုလိုက်သည်။ "အဲ၊ ဒါက ခက်ခဲတဲ့ ပြဿနာ တစ်ခုပဲ။ အဲဒါ ကျွန်တော့်ရဲ့ အဓိကအချက် မဟုတ်ဘူး။ ကျုပ်တို့ကို ရှာဖွေ တွေ့ရှိခဲ့တဲ့ လူသားတွေကို ထိန်းချုပ်ပြီးနောက် ကျွန်တော့်မှာ အကြံဉာဏ် တစ်ခု ရခဲ့တယ်။"
"အဲ... ဘာအကြံဉာဏ်လဲ။"
ပရော်ဖက်ဆာ ဘေကွန်သည် မည်သို့ တုံ့ပြန် ရမည်ကို မသိခဲ့ပေ။ လောကနှစ်ခုကို ဆက်သွယ်ထားသော ဥမင်လှိုဏ်ခေါင်းကို ရှာဖွေ တွေ့ရှိခဲ့ပါက ထိုရိုင်းစိုင်းသော လူသားများသည် မြေအောက်လောက,ကို ကျူးကျော်လာနိုင်ဖွယ် ရှိသည်။ သို့သော် ရှားလော့ခ်သည် ထိတ်လန့်ခြင်း မရှိဘဲ သူ၏ ပူးပေါင်းဆောင်ရွက်ဖက်ကို သူတို့၏ ခေါင်းဆောင်အဖြစ်ပင် စီစဉ်ပေးခဲ့သည်။
ထိုပူးပေါင်းဆောင်ရွက်ဖက်မှာ သူ၏ အစေခံ ဟုတ်၊မဟုတ် ပြောရန် ခက်ခဲလှသည်။
"ကျွန်တော်က ဝိညာဉ်ကောလိပ် ကျောင်းသားတွေရဲ့ သင်ယူမှု အခြေအနေကို စိုးရိမ်နေတာပါ။ ဝိညာဉ်ကောလိပ်က ကျောင်းသားတွေ အတွက် တိုက်ခိုက်ရေး လေ့ကျင့်ခန်းတွေ ပြုလုပ်ပေး လိမ့်မယ်လို့ ကျွန်တော် နားလည်ပါတယ်။ မြေပေါ်လောကနဲ့ စစ်ပွဲဖြစ်နိုင်ခြေကို ထည့်သွင်း စဉ်းစားရင် သူတို့သာ ကြိုးစားလေ့ကျင့်မှု မရှိရင် မြေပေါ်လောကနဲ့ တိုက်ခိုက်ရမယ့်အချိန် ရောက်တဲ့ အခါ အရမ်း နောက်ကျသွားနိုင်တယ်။ မြေပေါ်လောက,က သတ္တဝါတွေက ထူးဆန်းတဲ့ ပုံပန်းသဏ္ဌာန် ရှိကြတယ်၊ ဒါကြောင့် လစ်ခ်ျတွေ သူတို့ကို မြင်ရင် သွေးလန့်သွားမှာကို ကျွန်တော် စိုးရိမ်တယ်။" ရှားလော့ခ်က စိုးရိမ်စွာ ဆိုလိုက်သည်။
"အင်း၊ ခင်ဗျား မှန်တယ် အရှင်ရှားလော့ခ်။ ဒါဆို ခင်ဗျား ပြောချင်တာက..."
"ဒီအခွင့်အရေးကို အသုံးချပြီး ကန့်သတ်ဒန်ဂျင်နယ်မြေ အသစ် တစ်ခု ဖန်တီးလိုက်ပါလား။ အာ၊ ကျွန်တော် ဆိုလိုတာက ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး အသစ် တစ်ခု ဖန်တီးဖို့ပါ။ မြေပေါ်မျ ိုးနွယ်စုတွေရဲ့ အသက်က အရေးမကြီးသလို တစ်ပြားတစ်ချပ်မှ တန်ဖိုး မရှိဘူး။ သူတို့ ဝိညာဉ်ကောလိပ်မှာ သေဆုံးသွားရင်တောင် ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ဘူး။ ကျွန်တော် သူတို့ကို ဝိညာဉ်ကောလိပ်ကို ပို့ဆောင်ပေးပြီး ကောလိပ်ရဲ့ သင်ကြားရေးကို ပံ့ပိုး ကူညီနိုင်ပါတယ်။" ရှားလော့ခ်က ရိုးသားဖြောင့်မတ်စွာ ဆိုလိုက်သည်။
"အရှင်ရှားလော့ခ်... ကျွန်တော် အရမ်း စိတ်လှုပ်ရှားမိပါတယ်။ ကျောင်းအုပ်ကြီးနဲ့ မိဘတွေ ကိုယ်စား ခင်ဗျားကို ကျေးဇူးတင်ချင်ပါတယ်။" ပရော်ဖက်ဆာ ဘေကွန်သည် ထရပ်လိုက်ကာ သူ၏ မျက်လုံးခွံများတွင် မျက်ရည်များ ပြည့်လျှံ လာခဲ့သည်။ သူက "အရှင်ရှားလော့ခ်က လူသားတွေကို ထိန်းချုပ်ထားနိုင် မှတော့ ခင်ဗျား သူတို့ကို ဖမ်းဆီးပြီး မှော်ကျောက်တုံးတွေကော မဖန်တီးဘူးလား။ လူသားဝိညာဉ်တွေ သုံးပြီး မှော်ကျောက်တုံးတွေ ဖန်တီးတာက အတော်လေး ထိရောက်မှု ရှိပါတယ်။"ဟု ဆိုလိုက်သည်။
"ကျွန်တော် စဉ်းစားနေပါတယ်... ကျွန်တော် ဆိုလိုတာက ကျွန်တော် စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ ငွေကြေးက ပညာရေး တန်ဖိုးလောက် အရေးမကြီးပါဘူး။ ဟုတ်ပါတယ်၊ ကျွန်တော် အခကြေးငွေအချို့တော့ ကောက်ခံနိုင်ပါတယ်၊ အဲဒါတွေက အဓိကအားဖြင့် ကုန်ကျစရိတ်တွေကို ကာမိဖို့ပါပဲ။ ခင်ဗျားသိတဲ့ အတိုင်း နေရာရွှေ့ပြောင်း ဝင်ပေါက်တွေ တည်ဆောက်တာနဲ့ လူသားတွေ သယ်ယူပို့ဆောင်တာက ကုန်ကျစရိတ်တွေ ရှိတယ်လေ။"
ပရော်ဖက်ဆာ ဘေကွန်သည် စိတ်လှုပ်ရှားသွားပြီး "ဟုတ်ပါတယ်"ဟု ဆိုလိုက်သည်။
"ဒီလိုဆိုရင် အသေးစိတ် အချက်အလက်တွေကို ဆွေးနွေးကြရအောင်..."
...
လန်ဆလော့သည် မယုံနိုင်လောက်သော မြင်ကွင်းကြောင့် အံ့အားသင့် သွားခဲ့သည်။
ဓားပြ နှစ်ရာသည် လူအုပ်ကြီးကို ရက်စက် ကြမ်းကြုတ်စွာ သတ်ဖြတ်နေကြ သော်လည်း ဤလူသားများ၊ ဖယ်ရီများနှင့် အက်လ်ဖ်များသည် အညံ့မခံကြသလို ကြောက်ရွံ့ခြင်းလည်း မရှိကြကြောင်း သူတို့ တွေ့ရှိခဲ့ကြသည်။
သူတို့၏ မျက်လုံးများတွင် မြင်းများသာ ရှိပြီး မြင်းများကို ရရှိရန် ဓားပြများကို သတ်ဖြတ်ရန် နည်းမျိုးစုံဖြင့် ကြိုးစား နေကြသည်။
အလွန်အမင်း ရူးသွပ်မှုကြောင့် လန်ဆလော့ပင် ကြောက်ရွံ့ လာခဲ့သည်။ သူ ဟမ်းစတား သုံးကောင်ကို ရှာဖွေရန် အားထုတ်မှု အလဟဿ မဖြစ်ခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် သူတို့ တိုက်ပွဲစတင်ချိန်မှ စ၍ ပုန်းအောင်း နေခဲ့သောကြောင့် ဖြစ်သည်။
ဓားပြများသည် တုန်လှုပ် ချောက်ချားကာ တပ်ပျက် ပြိုလဲကျ လာကြသော်လည်း တိုက်ပွဲမှာ မရပ်တန့်ခဲ့ပေ။ ဓားပြများ ချန်ထားခဲ့သော မြင်းများမှာ အကန့်အသတ်ဖြင့်သာ ရှိသောကြောင့် မြင်းများကို ပိုင်ဆိုင်ခွင့်ရရန် နောက်ထပ် တိုက်ပွဲ အသစ် တစ်ခု ထပ်ဖြစ်ပွားခဲ့သည်...