တော်ဝင်နန်းတော်မှ သတင်းများ
Vol. 154 Ch. 2184
အချိန်က ကုန်လွန်သွားသည်။ လေးမျက်နှာမြို့သည် ပျားပန်းခတ်မျှ လှုပ်ရှားသွားလာမှုများနှင့် အသက်ဝင်နေစဥ် လေးမျက်နှာကျေးရွာက အေးချမ်းသာယာကာ ဆိတ်ငြိမ်နေခဲ့သည်။
ရီဖူရှင်းက လေးမျက်နှာကုန်းမြေအတွင်းမှ သန့်စင်မြင့်မြတ်နယ်မြေဖြစ်သော ရှေးဟောင်းသစ်ပင်အောက်တွင် တင်ပျဥ်ခွေထိုင်နေခဲ့သည်။ သူ၏ ခန္ဓာကိုယ်တွင် မဟာလမ်းစဥ် နတ်အလင်းတို့ စီးဆင်းကာ တောက်ပနေခဲ့၏။ မတူညီသော မဟာလမ်းစဥ်စွမ်းအားများက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေပြီး သူ့ကို မဟာလမ်းစဥ်နှင့် ဖွဲ့စည်းထားသည့် ခန္ဓာတစ်ခုနှင့် တူနေစေပေသည်။
သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် အရှိန်အဝါတို့ ထုတ်လွှတ်နေခဲ့၏။ သူ့ကို ဗဟိုပြုကာ ထိတ်လန့်တုန်လှုပ်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုသည်မှာ သူ ရှိနေသည့်နေရာကို လွတ်လပ်သည့် လေဟာနယ်တစ်ခု ဖြစ်လာသလို ထင်မှတ်ရစေပေသည်။ သူ့မျက်နှာက ထိုလေဟာနယ်အတွင်း ဝေဝါးဝါး ထွက်ပေါ်လာပြီး ရှေးဟောင်းနတ်ဘုရားတစ်ပါးကဲ့သို့ ပေါ်ပေါက်လာသည်။
သူက လေပေါ် ပျံတက်လာကာ ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်လာသကဲ့သို့ လောကနှင့် ပေါင်းစပ်နေပုံရသည်။ ထိုနေရာက ဆက်လက် ကျယ်ပြန့်လာပြီး ကောင်းကင်ကို လွှမ်းခြုံလာသည်။ လေဟာနယ်အတွင်းတွင် သဘာဝဖြစ်စဥ်က ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိုးပွားလာခဲ့သည်။ လူတိုင်းသည် သူ၏ ရှေးဟောင်းနတ်ဘုရားကဲ့သို့သော ခန္ဓာကိုယ် အထက်၌ မြင်ကွင်းအမြောက်အမြား ပေါ်ပေါက်လာသည်ကို မြင်လိုက်ကြရသည်။ နေရောင်က အောက်ဘက်ရှိ အရာအားလုံးပေါ် တောက်ပနေ၏။ အေးစက်သော လမင်းတစ်စင်းအောက်၌ ရေခဲတမျှ အေးစိမ့်သော လောကတစ်ခု၊ နတ်တောင်ပံများ ဖြန့်ကျက်ထားသော ဥဒေါင်းတစ်ကောင်၊ ကောင်းကင်တစ်ခွင် စုတ်ဖြဲတော့မည့် နတ်ငှက်ကြီးတစ်ကောင်၊ ကောင်းကင်ကို ဟိန်းဟောက်နေသည့် နတ်လူဝံတစ်ကောင်နှင့် မားမားမတ်မတ် ရပ်တည်နေသော နတ်ဆင်တစ်ကောင်....
ထိုအားလုံးသော သဘာဝဖြစ်စဥ်တို့က အလွန် မှင်တက်ဖွယ် ကောင်းလှသော လှပသည့် ပန်းချီကားတစ်ချပ်အတွင်း ပျော်ဝင်သွားသည်။ ထိုပန်းချီထဲတွင် မြင့်မားကာ ခမ်းနားကြီးကျယ်လှသည့် ဖြစ်တည်မှုတစ်ခုက ပြင်းထန်သော စွမ်းအားများနှင့် အရာအားလုံး၏ အထက်၌ ရပ်တည်နေသလိုပင်။ ၎င်းက အရာအားလုံးကို အုပ်စိုးသော စစ်မှန်သည့် နတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်ရပေသည်။
ထိုမြင်ကွင်းက လေးမျက်နှာကျေးရွာတစ်ခွင်လုံးကို လှုပ်ခတ်သွားစေသည်။ လှပသော ပန်းချီကားက နတ်အလင်းများနှင့် တောက်ပနေသည်။ လူအများသည် ရီဖူရှင်းကို အဝေးမှ လှမ်းကြည့်နေကြပြီး သူတို့ထံ တိုးဝင်လာနေသည့် ကြောက်မက်ဖွယ် မဟာလမ်းစဥ်စွမ်းအားကို ခံစားမိကြပေသည်။ ကျင့်ကြံခြင်း၌ အားနည်းသူများမှာ အနားပင် မကပ်ဝံ့ကြပေ။
အဘိုးမာ၊ မျက်မမြင်ထျယ်နှင့် အချို့လူများက သူရှိရာသို့ ပျံသန်းလာပြီး သူ ကျင့်ကြံနေသည်အား အဝေးမှ ရပ်ကြည့်နေကြသည်။ ခမ်းနားသော သဘာဝဖြစ်စဥ်မှာ သူတို့ကို ကျောရိုးတလျှောက်မှပင် ထိတ်လန့်သွားစေပြီး ထို တောက်ပ၍ ခမ်းနားထည်ဝါသော မြင်ကွင်းက သူတို့ မျက်လုံးထဲ၌ ရောင်ပြန်ဟပ်နေသည်။
သူက တစ်ချိန်လုံး ကျင့်ကြံနေခဲ့ပြီး တစ်ခါတစ်ရံ၌ နတ်ဘုရားရုပ်ကြွင်း၏ စွမ်းအားများကို လေ့လာရန်နှင့် ဆရာသခင်၏ သင်ကြားပြသမှုကို ခံယူရန် သီးသန့်ကျောင်းသို့ သွားရောက်တတ်သည်။ လူတိုင်းသည် သူ နေ့တိုင်း တိုးတက်လာသည်ကို ခံစားမိကြပေသည်။ ထိုဖြစ်စဥ်က သူ၏ အဆင့်ထက် ပိုမို တိုးတက်လာစေပြီး ကျင့်ကြံခြင်း၌ နားလည်မှုကိုလည်း ပိုတိုးတက်လာစေသည်။
အရာအားလုံးက နောက်ဆုံး၌ ကြီးစွာသော အပြောင်းအလဲ ဖြစ်ခဲ့ပြီး သူက ယခင်ကနှင့် အလွန် ကွာခြားလာပေသည်။
ထိုအခိုက်အတန့်တွင် သူ၏ မျက်လုံးများ ပွင့်လာပြီး ၎င်းတို့မှ ကြောက်မက်ဖွယ် နတ်အလင်းများ ထွက်ပေါ်လာသည်။ ထိုမျက်လုံးများက သူ့ဖြစ်တည်မှု၏ လက္ခဏာသဖွယ်ပင် ဖြစ်သည်။ သူ့အနီးမှ ထူးခြားဆန်းကြယ်သော သဘာဝဖြစ်စဥ်က ချက်ချင်း ပျောက်ကွယ်သွားပြီး သူ့ခန္ဓာကိုယ်အတွင်း ပြန်ဝင်သွား၏။ သူက လေထဲတွင် တစ်ယောက်တည်း ရပ်နေခဲ့သည်။ သို့သော်လည်း လူတိုင်းသည် သူ့ခန္ဓာကိုယ်က ယခင်ကနှင့် ကွဲပြားခြားနားသွားသည်ကို ခံစားနိုင်ကြပေသည်။ သူသည်လည်း အတွင်းအပြင် ပြောင်းလဲသွားမှုများကို တွေ့ကြုံခံစားမိသည်။
“အဲဒီတော့ မင်း နောက်ဆုံး အောင်မြင်သွားပြီလား။” အဘိုးမာက ရီဖူရှင်းထံ လျှောက်လာရင်း မေးလိုက်သည်။ သူသည် လူငယ်လေးထံ၌ မည်သည်တို့ ဖြစ်ပျက်နေသည်ကို သိရှိပေသည်။
“အင်း.. ကျုပ် နောက်ဆုံး အောင်မြင်သွားပြီ။” ရီဖူရှင်းက ပြုံးကာ ခေါင်းညိတ်လိုက်သည်။
“ဘယ်လိုခံစားရလဲ။” ထို့နောက် အဘိုးမာက မေးလိုက်သည်။
ရီဖူရှင်းက ပြုံးလိုက်ပြီး လက်ကို မြှောက်လိုက်သည်။ သူ့လက်မှ မဟာလမ်းစဥ်၏ တုန်ခါမှုကို ကြားလိုက်ရပေသည်။ ၎င်းက ကြောက်မက်ဖွယ် စွမ်းအားများနှင့် ပြည့်နှက်နေသည်။ သူသည် ရှေ့တစ်လှမ်းလျှောက်လာခဲ့ပြီး နေရာအနှံ့မှ တုန်ခါသံများကို ကြားနေရသည်။ ကမ္ဘာမြေကြီးကပင် လှုပ်ခါနေပေသည်။
ယခု အဖြစ်အပျက်သည် သူတို့အားလုံး၏ အာရုံကို ဖမ်းစားသွားနိုင်သည်။ မျက်လုံးများက ရီဖူရှင်းထံတွင် ကျရောက်နေပြီး ဤကဲ့သို့ တည်ရှိမှုက မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း တွေးနေကြသည်။ သူတို့အားလုံးသည် ယခု ထိုအင်အားက မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သိရှိကြပြီး သူ လက်တစ်ချက် မြှောက်ရုံ ခြေတစ်လှမ်း လျှောက်ရုံဖြင့် တုန်ခါမှုကို ဖြစ်ပေါ်စေနိုင်စွမ်း ရှိသည်။
ချန်ယိက လျှောက်လာကာ ရီဖူရှင်းအား ပြင်းထန်စွာ စိုက်ကြည့်လိုက်၏။ “တချို့လူတွေက မဟာလမ်းစဥ်နဲ့ မွေးဖွားလာကြပြီး မဟာလမ်းစဥ်ခန္ဓာကိုယ် တည်ဆောက်ပုံကို ပိုင်ဆိုင်ကြတယ်။ အဲဒီလို ထူးခြားတဲ့ ပါရမီရှိတဲ့သူတွေကို မဟာလမ်းစဥ် နတ်ခန္ဓာလို့ ခေါ်ကြတယ်။ အခု မင်းရဲ့ ခန္ဓာကိုယ်ကို ဘယ်လိုခေါ်ရမလဲ သိချင်မိတယ်။”
“ကောင်းကင်လမ်းစဥ် နတ်ခန္ဓာလို့ ခေါ်ရမယ် ထင်တယ်။” ရီဖူရှင်းက ပြုံးကာ ပြန်ဖြေလိုက်သည်။ ၎င်းက သူ နောက်ပြောင်နေသည်နှင့် တူပေသည်။ ၎င်းက သူ လေဟာနယ်ဘုံအတွင်း တော်ဝင်အထက်ကိုးဘုံ၌ ရှိစဥ် ခရမ်းရင့်ကောင်းကင်နန်းတော်၏ ကျန်းယွမ်အား ရင်ဆိုင်ရသည့်အခါက သူ့ခန္ဓာကိုယ်အား ထိုသို့ ပြောခဲ့ဖူးသည်။ ကျန်းယွမ်က သူ့ကိုယ်သူ မဟာလမ်းစဥ် အထွတ်အထိပ်ခန္ဓာကိုယ်ဟု ဆိုခဲ့သောကြောင့် ကောင်းကင်လမ်းစဥ်နတ်ခန္ဓာဟု ပြောခဲ့ခြင်း ဖြစ်သည်။
“နာမည်ကောင်းပဲ။” ချန်ယိက ခေါင်းညိတ်လိုက်သည်။ “အခု မင်းရဲ့ ခန္ဓာကိုယ်ကို မဟာလမ်းစဥ်နတ်ခန္ဓာလို့ ခေါ်တာက ပိုအဆင်ပြေတယ်။ အပြင်ဘက်က လူတိုင်း မင်းနဲ့ ယှဥ်ရင် အရူးလုပ်ခံရသလို ခံစားမိကြမှာ။ မင်းနဲ့သာ တွေ့ခဲ့ရင် သူတို့ရဲ့ မဟာလမ်းစဥ် စစ်မှန်မှုကိုတောင် သံသယဝင်သွားကြလိမ့်မယ်။”
ရီဖူရှင်းက ပြုံးရင်း ခေါင်းယမ်းလိုက်သည်။ သူ၏ စိတ်အတွင်း နက်ရှိုင်းသော နေရာမှ အတွေးတစ်ခု ထွက်ပေါ်လာသည်။ 'ကောင်းကင်လမ်းစဥ် နတ်ခန္ဓာ' ဟု ခေါ်ခြင်းမှာ အမှန်တကယ် ကိန်းကြီးခန်းကြီး နိုင်လှပေသည်။
“နာမည်က ကောင်းတယ်။” အဘိုးမာက ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည်။ “ဒါဆို ကောင်းကင်လမ်းစဥ်နတ်ခန္ဓာ လို့ပဲ ခေါ်ကြတာပေါ့။ မင်းသာ ဒီခန္ဓာကိုယ်တည်ဆောက်ပုံကို သေချာ အပြီးသတ် တည်ဆောက်နိုင်စွမ်းရှိရင် ဒီဟာကို မင်းရဲ့ မျိုးဆက်တွေထိ လက်ဆင့်ကမ်းသွားနိုင်မယ်လို့ ငါ ထင်မိတယ်။”
တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းက ထိုအဆင့်ထိ ရောက်လာလျှင် သူတို့၏ ပါရမီကို လက်ဆင့်ကမ်းပေးနိုင်စွမ်း ရှိပေသည်။ ထိုသို့ ထူးခြားလှသည့် အစွမ်းထက်ခန္ဓာတည်ဆောက်ပုံအား ဖွဲ့စည်းနိုင်ပြီးနောက် သူ့မျိုးဆက်များကို လက်လွှဲပေးနိုင်သည့် အခွင့်အရေး ကျိန်းသေ ရှိပေလိမ့်မည်။ သို့သော် သူသည် ကလေး ရရှိရန် မည်သည့် အတွေးမှ မရှိပုံရလေသည်။
ရီဖူရှင်းသည် သူတို့ပြောနေသည်များကို ကြားပြီးနောက် ဆွံ့အသွားရပေသည်။ သူက စနောက်နေခြင်းသာ ဖြစ်သော်လည်း သူတို့က အမှန်တကယ် အတည်မှတ်ယူကာ 'ကောင်းကင်လမ်းစဥ်နတ်ခန္ဓာ'က သင့်တော်သော အမည်ဟု တွေးနေကြပေသည်။
သို့ဆိုလျှင်လည်း ခပ်လျှိုလျှိုနေရန် ဆက်လက် ကြိုးစားနေဖို့ရာ မလိုတော့ပေ။
“မင်းရဲ့ အခု ခန္ဓာကိုယ်က ဘယ်လောက် အစွမ်းထက်လဲ။” ချန်ယိက အတော်လေး သိချင်တာကြောင့် မေးလိုက်သည်။
“အခု မင်းနဲ့ ငါက အဆင့်ချင်းအတူတူပဲမလား။ မင်း အစွမ်းရှိသမျှ အကောင်းဆုံး ငါ့ကို တိုက်ခိုက်လိုက်။ ငါ ရပ်ရုံပဲ ရပ်နေမယ်။ ဒါပေမယ့် မင်း ငါ့ကို သတ်နိုင်စွမ်းရှိမှာ မဟုတ်ဘူး။” ရီဖူရှင်းက ရယ်မောရင်း အဖြေပေးလိုက်သည်။
“အင်း...”
ချန်ယိက ရီဖူရှင်းကို ကြည့်လိုက်ပြီး တစ်ဖက်လူက အမှန်တကယ်ကိန်းကြီးခန်းကြီးနိုင်လှသည်ဟု တွေးမိပေသည်။
“ကောင်းပြီ။ မင်းက ကောင်းကင်လမ်းစဥ်နတ်ခန္ဓာကို ပိုင်ထားတယ်ဆိုပေမယ့် ငါကလည်း အလင်းနတ်ဘုရားခန္ဓာကို ပိုင်ထားတယ်ဆိုတာ မမေ့နဲ့။ မင်း ပြောတာ သေချာရဲ့လား။” ချန်ယိက အနည်းငယ် စိတ်တိုစွာနှင့် ပြောလိုက်သည်။ သူက အမှန်တကယ် စမ်းသပ်ချင်နေပေသည်။
“အလင်းနတ်ဘုရားခန္ဓာလား...” ရီဖူရှင်းက အတော်လေး ခြိမ်းခြောက်ခံရသလို ခံစားလိုက်ရသည်။ ထိုအမည်က အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
“လေးမျက်နှာကျေးရွာရဲ့ အမွေအနှစ်ဖြစ်တဲ့ နတ်ဘုရားနည်းစနစ်ကိုးခုမှာ ရှေးဟောင်းနတ်ဘုရားအမတခန္ဓာ ရှိတယ်ဆိုတာလည်း မမေ့နဲ့။ ငါက အဲဒီနည်းစနစ်ကို ငါ့ခန္ဓာကိုယ်မှာ ပေါင်းစပ်ထားတယ်။” ရီဖူရှင်းက ပြုံးကာ ဆက်ပြောလိုက်သည်။ သူ၏ လက်ရှိခန္ဓာကိုယ်သည် အဆင့်တူမှ တစ်စုံတစ်ယောက်အတွက် သူ့ကို သတ်ဖြတ်ရန် အလွန့်အလွန် ခက်ခဲပေလိမ့်မည်။
သို့သော် သူ၏ စကားများက ပြီးပြည့်စုံသော မဟာလမ်းစဥ်နှင့် အဆင့်ခြောက်ရန်ဟောင်များကိုသာ ဆိုလိုပေသည်။ ပြီးပြည့်စုံသော မဟာလမ်းစဥ် မရှိသည့် အဆင့်ခြောက်မှ လူများအတွက် သူက ရပ်နေကာ သူတို့ကို အစွမ်းကုန် တိုက်ခိုက်ခိုင်းလျှင်ပင် မစွမ်းနိုင်မည်ကို စိုးမိသည်။ သူတို့က သူနှင့် အဆင့်တူမှ မဟုတ်သူများ မဟုတ်သည့်အတွက် သူသည် သူတို့နှင့် ယှဥ်ရန် အလုပ်ရှုပ်ခံနေတော့မည် မဟုတ်ပေ။
“ကောင်းပြီ။ မင်းနိုင်ပါတယ်။” ချန်ယိက သူ့မျက်လုံးများကို လှိမ့်လိုက်ပြီး ကျင့်ကြံသည့်အခါ၌ ပို၍ အားထုတ်ရန် တွေးလိုက်သည်။ မဟုတ်လျှင် တစ်ဖက်လူက သူ့ကို အမှန်တကယ် အထင်အမြင်သေးနေပေလိမ့်မည်။
ရီဖူရှင်း ဆက်၍ ကြွားဝါမနေတော့ပေ။ သူသည် အဘိုးမာကို ကြည့်ကာ မေးလိုက်၏။ “အပြင်ဘက်က သတင်းတစ်ခုခု ရသေးလား။”
သူက တစ်ချိန်လုံး ကျင့်ကြံခြင်း၌ နှစ်မြှုပ်ထားသော်လည်း တော်ဝင်နန်းတော်မှ သတင်းကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
သူတို့က မူလဘုံသို့ မည်သည့်အချိန် ထွက်ခွာနိုင်မည်နည်း။
“တော်ဝင်နန်းတော်က အရမ်းဝေးတာကြောင့် လေဟာနယ်ဘုံက သတင်းကို သိရဖို့ နည်းလမ်းမရှိဘူး။ အခုချိန်မှာ နယ်မြေသခင်အိမ်တော်ကတောင်မှ အဲဒီကိစ္စနဲ့ ပတ်သတ်ပြီး သတင်းအများကြီး မရထားဘူး။ လေဟာနယ်ဘုံနဲ့ ကောင်းကင်ဒေသက ပိုင်းခြားထားတာလေ။ ကျုပ်တို့က နယ်မြေသခင်အိမ်တော်ကနေ ထွက်လာတဲ့ သတင်းကို ဆက်စောင့်နေရုံပဲ တတ်နိုင်တယ်။” အဘိုးမာက ပြန်ဖြေလိုက်သည်။
ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီး အတော်လေး စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။ သူက မကြာခင်၌ တတ်နိုင်သမျှ မြန်မြန် သတင်းများရနိုင်ရန် မျှော်လင့်ထားခြင်း ဖြစ်သည်။
“ကျုပ် ဆရာသခင်နဲ့ သွားတွေ့လိုက်ဦးမယ်။” ရီဖူရှင်းက ပြောကာ လူတိုင်းက ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက သီးသန့်ကျောင်းသို့ သွားခဲ့သည်။
သူက ဆရာသခင်၏ နေရာသို့ ရောက်သောအခါ မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို တစ်ချက်ကြည့်လိုက်သည်။ သူက နတ်ဘုရားရုပ်ကြွင်းအား သင်ယူရန် အားထုတ်မှုကို မည်သည့် အလေအလွင့်မှ မဖြစ်စေချင်ပေ။ အမှန်တကယ်၌ သူ၏ ကိုယ်ပိုင်မဟာလမ်းစဥ်ခန္ဓာက မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို လေ့လာခြင်းမှ တည်ဆောက်ထားခြင်း ဖြစ်သည်။
“ဆရာသခင်” ရီဖူရှင်းက ထူးခြားဆန်းကြယ်သည့် ပုံရိပ်ကို လှည့်ကြည့်ကာ ခေါ်လိုက်သည်။
ဆရာသခင်က ခေါင်းညိတ်ကာ ပြောလိုက်၏။ “ဒီတစ်ကြိမ်အပြောင်းအလဲက မင်းရဲ့ စွမ်းအားကို သိသိသာသာ တိုးလာစေတာပဲ။”
“အဲဒါအကုန်လုံးက ဆရာသခင်ရဲ့ သင်ကြားပြသပေးမှုကို ကျေးဇူးတင်ရမှာပါ။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။
“တကယ်တော့ ဒါတွေ အားလုံးက မင်းရဲ့ ကျင့်ကြံမှုကြောင့်ပါ။ ငါက မင်းကို နည်းနည်းလောက်ပဲ သင်ပြပေးနိုင်တာ။ ဒီအခြေအနေလောက်ကတော့ ငါ ရှိရှိမရှိရှိ မင်းရောက်နိုင်စွမ်းရှိမှာပါပဲ။” ထို့နောက် ဆရာသခင်က ဆက်ပြောလိုက်သည်။ “နောက်ပိုင်း မင်း အဲဒီကလာတဲ့ စွမ်းအားကို ပို ခံနိုင်ရည်ရှိလာအောင် လုပ်ပြီး နတ်ဘုရားရုပ်ကြွင်းနဲ့ သဟဇာတဖြစ်နိုင်တဲ့ အကြိမ်ရေတိုးလာနိုင်တယ်။ မင်းရဲ့ ခန္ဓာကိုယ်ကို ပြီးပြည့်စုံတဲ့ အဆင့်နဲ့ နီးလာအောင် ဆက်ပြီး ကျင့်ကြံပေါ့။”
“နားလည်ပါပြီ။” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။
“ဒါဆို သွားပြီး ကျင့်ကြံပါ။” ဆရာသခင်က အခြားအရာ ထပ်မပြောခဲ့ပေ။ သူက ပြန်လှည့်ထွက်သွားခဲ့၏။ ရီဖူရှင်းက နတ်ဘုရားရုပ်ကြွင်းထံ လျှောက်သွားကာ မျက်လုံးများကို မှိတ်၍ ဆက်လက်ကျင့်ကြံခဲ့သည်။ သူသည် အချိန်တစ်ခုထိ ကျင့်ကြံခြင်းတွင် နစ်မြုပ်နေခဲ့ပြီး အပြင်ဘက်မှ အရာအားလုံးကို လျစ်လျူရှုထားလိုက်ပေသည်။
…
ကောင်းကင်ပြက္ခဒိန် ၁၀၀၆၂ ခုနစ်။
ရှန်ချင်းနယ်မြေ၏ နယ်မြေသခင်အိမ်တော်မှ တစ်စုံတစ်ယောက်က လေးမျက်နှာကျေးရွာသို့ ရောက်လာသည်။
ရီဖူရှင်းက နယ်မြေသခင်အိမ်တော်မှ တစ်စုံတစ်ယောက် ရောက်လာသည်ကို သိပြီးနောက် ကျင့်ကြံခြင်းအား ချက်ချင်း ရပ်တန့်လိုက်သည်။ သူက သံတမန် ရှိနေသည့်နေရာသို့ ရောက်လာသောအခါ အဘိုးမာနှင့် အခြားသူများလည်း ရှိနေပေသည်။
“ကျုပ်က နယ်မြေသခင်ရဲ့ အမိန့်နဲ့ လေးမျက်နှာကျေးရွာကို လာခဲ့တာပါ။ တော်ဝင်နန်းတော်က နယ်မြေ ၁၈ ခုရဲ့ တန်ခိုးရှင်တွေကို မူလဘုံဆီ သွားဖို့ စစ်တပ်ထဲ ဖိတ်ခေါ်ချင်နေတယ်။ သွားချင်တဲ့သူရှိရင် တော်ဝင်နယ်မြေကို သွားရပါမယ်။ လေးမျက်နှာကျေးရွာကနေ အဲဒီကို သွားချင်တဲ့ တန်ခိုးရှင်တွေရှိရင် ကျုပ်နဲ့အတူ နယ်မြေသခင်အိမ်တော်ကို လိုက်လာပြီး အဲဒီနောက် အတူတူ သွားလို့ရတယ်။” သံတမန်က ပြောလိုက်သည်။ ရီဖူရှင်းက စိတ်သက်သာရာရသွားခဲ့၏။ သူစောင့်နေသော နေ့က နောက်ဆုံး ရောက်လာခဲ့ပြီ ဖြစ်သည်။
သူက တော်ဝင်နန်းတော်မှ နယ်မြေဆယ့်ရှစ်ခု၏ အစွမ်းထက်တန်ခိုးရှင်များကို စစ်တပ်ထဲဝင်ရောက်ပါရန် ခေါ်မည့်အချိန်အား တစ်ချိန်လုံး စောင့်ဆိုင်းနေခဲ့သည်။ ကြည့်ရသည်မှာ လေဟာနယ်ဘုံမှ ပဋိပက္ခက သူ ခန့်မှန်းထားသည်ထက် ပို၍ ပြင်းထန်လာပုံရပေသည်။
ယခင်က အင်အားစုများမှာ လေဟာနယ်ဘုံကို ပိုင်ဆိုင်ရရေးအတွက် တိုက်ပွဲဖြစ်ပွားရန် ဆုံးဖြတ်ခဲ့ကြသည်။ သူသည် မှော်နက်စစ်တပ်နှင့် နတ္ထိဘုံမှ လူများက သဘောတူစာချုပ်ကို နောက်တစ်ဖန် ချိုးဖောက်ပြန်ပြီလားဟု သိချင်မိပေသည်။
၎င်းက နှစ်များစွာပင် မကြာမြင့်သေးပါချေ။
မူလဘုံ၌ အမှန်တကယ် မည်သည်တို့ ဖြစ်ခဲ့သနည်း။
“တော်ဝင်နန်းတော်က ဆင့်ခေါ်ချက်က အတင်းအကျပ် ဖိအားပေးတာမျိုးမရှိသလို နယ်မြေသခင်ကလည်း ဘယ်လို တောင်းဆိုချက်မှ ပြုလုပ်မှာ မဟုတ်ဘူး။ သွားဖို့ဆန္ဒရှိတဲ့ ဘယ်သူမဆို ကျုပ်နဲ့ လိုက်ခဲ့ပါ။” သံတမန်က ဆက်ပြောလိုက်သည်။
အဘိုးမာက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ “ကျေးဇူးတင်ပါတယ်။ ဒါဆို သွားကြရအောင်။”
သူသည် ရီဖူရှင်းက ဤနေ့ကို စောင့်ဆိုင်းနေကြောင်း သိရှိပြီး သူတို့ထဲ၌ မည်သူက လိုက်ပါမည်ကိုလည်း ဆုံးဖြတ်ပြီး ဖြစ်သည်။ သတင်းရောက်လာသည်နှင့် သူတို့က ထွက်ခွာဖို့ရာ ပြင်ဆင်ရန် အချိန်အနည်းငယ်သာ လိုအပ်ပေသည်။
“ကောင်းပြီ.. သွားကြစို့။” သံတမန်က ခေါင်းညိတ်လိုက်ပြီး သူတို့အဖွဲ့က ရွာအပြင်သို့ ဦးတည်လိုက်ကြသည်။
ရီဖူရှင်းသည် ထိုအခိုက်၌ အလွန် စိတ်သက်သာရာရသလို ခံစားနေရပေသည်။ အဆုံးမှာတော့ သူက အတော်လေး အချိန်ကြာမြင့်စွာ ကျင့်ကြံခဲ့ပြီး ဖြစ်သည်။ သူက မူလဘုံအကြောင်း စိုးရိမ်ပူပန်နေဆဲ ဖြစ်၏။
***