မျှော်လင့်ချက် အပြည့်နှင့် လောကတစ်ခု
Vol. 69 Ch. 1112
ချန်လွေ့က ထိုအရာအားလုံးကို မြင်တွေ့ခဲ့ပြီး အဲလစ်က သူတို့ကို တမင်တကာ စနေခြင်း ဖြစ်ကြောင်း အလိုလို သဘောပေါက်လိုက်သည်။ သူက တိတ်တဆိတ် ခေါင်းခါလိုက်၏။ ထိုအခိုက်တွင် ဘေးမှ အသံတစ်ခု ထွက်ပေါ်လာသည်။ “မင်းတို့ အားလုံး ဒီနေရာမှာ ဘာလုပ်နေကြတာလဲ။”
အဲလစ် ခေါင်းလှည့် ကြည့်လိုက်သည်။ ရိုင်းပြခြင်းမရှိဘဲ ချန်လွေ့ လက်မောင်းကို တင်းတင်းကိုင်ထားသော သူ၏လက်ကို လွှတ်ကာ မုတ်ဆိတ်မွေး ထူလဗျစ်နှင့် လူလတ်ပိုင်း ယောက်ျားကို ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။ “ဌာနမှူး ဆီရာရို”
“မင်းသမီးအဲလစ်။” တော်ဝင်ကောလိပ် ဒုတိယဌာနမှူးက အဲလစ်ကို ကြည့်လိုက်သည်။ ထို့နောက် သူ၏ အကြည့်က ချန်လွေ့၏ လည်ပင်းပေါ်တွင် တက်ထိုင်နေသော ကလေးမလေးထံသို့ ရောက်သွားပြီး သူ့မျက်လုံးသူငယ်အိမ်မှာ အနည်းငယ် ကျုံ့သွားလေသည်။
“ဦးလေး!” တူမန်က အားကိုးရာ ရောက်လာသည်ကို မြင်လိုက်သည်နှင့် ချက်ချင်းပင် တက်ကြွသွားပြီး ချန်လွေ့ကို လက်ညှိုးထိုးပြ၏။ “ဘယ်ကမှန်းမသိတဲ့ ဒီအကောင်ကို အမြန်ဖမ်းလိုက်ပါ...”
“ဖြန်း!” တူမန် စကားမဆုံးခင်မှာပင် ဆီရာရိုက သူ၏စကားလုံးများ ပြန်ဝင် သွားစေရန် ရက်ရက်စက်စက် ပါးရိုက်ချ လိုက်သည်။
ဆီရာရိုက ချန်လွေ့ကို ခါးကိုင်း၍ လေးနက်စွာ အရိုအသေပေးလိုက်လေ၏။ “မင်းသမီးအဲလစ်။ ဒီက လူကြီးမင်း။ ကျုပ် တောင်းပန်ပါတယ်။ ဒါတွေအားလုံးက ဒီအသုံးမကျတဲ့နှစ်ယောက်ရဲ့ အမှားကြောင့်ပါပဲ။ ရိုင်းပြမိတဲ့အတွက် ခွင့်လွှတ်ပေးပါ။”
ချန်လွေ့က ပြုံးလျက် ပြောသည်။ “ဒါက ကိစ္စအသေလေးလေး တစ်ခုပါပဲ။ အဲလစ် အရင်သွားရအောင်။”
အဲလစ် ဆီရာရိုကို ခေါင်းညိတ်ပြပြီး ချန်လွေ့၏ လက်ကို ကိုင်လိုက်သည်။ “အစ်ကိုက ကောလိပ်ကို လာလည်တာ ရှားတယ်။ ကျွန်မ လိုက်ပြပေးမယ်လေ။”
“အင်း...”
အဲလစ်က ထိုအမျိုးသားကို ဦးဆောင်၍ အဝေးသို့ ထွက်ခွာသွားသည်ကို မြင်ရာ တူမန်က စိုးရိမ်လာခဲ့လေသည်။“ဦးလေး! ဟိုလူနဲ့ မင်းသမီးအဲလစ်...”
“အသိတရားမရှိတဲ့ အမှိုက်ကောင်တွေ! မင်းသမီး အဲလစ်က အဲဒီလူကို တကယ် သဘောကျရင် မင်းတို့ နှစ်ယောက်ရော၊ တခြား ကောင်တွေရော အိပ်မက်မက်နေ တာကို မေ့လိုက်တော့...။ မင်းတို့ အားလုံးမှာ မျှော်လင့်ချက် လုံးဝ မရှိတော့ဘူး!”
တူမန်က မကျေမနပ်ဖြင့် ပြောသည်။ “အခု မင်းသမီး အဲလစ်က လက်မထပ် ရသေးတော့ လူတိုင်းမှာ မျှော်လင့်ချက် ရှိတာပဲလေ။ ပြီးတော့ အဲဒီလူက သိသိသာသာကြီးကို...”
“ပါးစပ်ပိတ်ထား! မင်းတို့တမိသားစုလုံး ပျက်စီးသွားချင်ရင် အဲဒီလူကို သွားပြီး စော်ကားကြည့်လိုက်!” ဆီရာရိုက သူ၏ တူဖြစ်သူကို စိုက်ကြည့်ကာ ကြိမ်းမောင်း လိုက်လေသည်။
တမိသားစုလုံး ပျက်စီးသွားမှာလား။ ထိုစကား၏ လေးနက်မှုက တူမန်ကို မှင်တက်သွားစေသည်။ “အဲဒီလူက ဘယ်သူလဲ။”
ဆူဗော်က လိမ္မာပါးနပ်စွာ ဝင်ပြော၏။ “ကျုပ် မှတ်မိရသလောက်တော့ အဲဒီ အဘိုးကြီးက ဧကရီအရှင်မ အနားမှာရှိတဲ့ လူဝံ ဝန်ကြီး ဂက်စ် ဖြစ်မယ့်ပုံပဲ။ ဂက်စ်က အမှောင်လနယ်မြေမှာ ရှိကတည်းက ဧကရီအရှင်မရဲ့ နောက်ကို လိုက်ပါခဲ့တာ။ သူက ဂက်စ်ရဲ့ တူလား။ အဲဒါဆိုရင် တောင်မှ...”
“ဘိုးလ်မိသားစုက မင်းလို ငတုံးတွေ ချည်းပဲလား။ မင်းက မင်းသမီးအဲလစ်ကို လိုက်ဖို့ မျက်နှာ ရှိသေးတယ်ပေါ့! တူသာဆိုရင် သူက အဲဒီလောက်အထိ အရိုအသေ ပေးပါ့မလား။” ဆီရာရိုက မျက်နှာသာ မပေးဘဲ ပြင်းထန်စွာ ဆူပူလိုက်သည်။ “အဲဒီလူကို မသိပေမယ့် သူ ချီထားတဲ့ ကလေးမလေးကိုတော့ နည်းနည်း မှတ်မိသလို ရှိတယ်...”
“ကလေးမလေး ဟုတ်လား။” တူမန်နှင့် ဆူဗော်တို့ တပြိုင်နက် ပြောလိုက်၏။ တော်ဝင် ကောလိပ်၏ ဌာနမှူးက ကလေးမလေး တစ်ယောက်ကြောင့် ဘယ်လိုလုပ် ကြောက်ရွံ့သွားတာလဲ။ အဲဒီ ကလေးမလေးရဲ့ နောက်ခံက ဘယ်လို ဖြစ်မလဲ။ သူက ဧကရီ ရှီရာ၏ သမီးတော်များ ဖြစ်နေမလား။
“ဟွန့်! သွေးရောင် အင်ပါယာမှာ ကျင်းပခဲ့တဲ့ နတ်ဆိုးဘုံ သိုင်းပညာပြိုင်ပွဲ ဗိုလ်လုပွဲကို မင်းတို့မေ့သွားကြပြီလား။”
“အဲဒီ ဗိုလ်လုပွဲက နတ်ဆိုးဘုံ တစ်ခွင်လုံး ကျော်ကြားခဲ့တာပဲ။ ထိပ်သီး အင်အားကြီးဖြစ်တဲ့ ကြင်ရာတော်မင်းသား အက်ဂ်ယောနဲ့ ဧကရီ ကက်သရင်းကို ဘယ်သူက မသိဘဲနေမှာလဲ...” တူမန်က နောက်ဆုံးတွင် သတိရသွားပြီး သူ၏ အသံမှာ ရုတ်တရက် ထစ်အသွား၏။ “ဒါဆို... အဲဒီကလေးမလေးက...”
ဆူဗော်က ခက်ခက်ခဲခဲဖြင့် ပြောသည်။ “သူ ခုနက အဲဒီလူကို ‘ဖေဖေ’ လို့ ခေါ်လိုက်သလိုပဲ။”
သူတို့ နှစ်ဦးစလုံးက အဖြေကို သိရှိ သွားကြသည်။ ဧကရီရှီရာရဲ့ သမီးတော် မဟုတ်ဘူး။ အခြား ဧကရီတစ်ပါး၏ သမီးတော်ပဲ!
အဲဒီကလေးမလေးရဲ့ အဖေက သူ့ရဲ့ အမေထက်တောင် အစွမ်းပိုထက်ပြီးတော့ ပိုတောက်ပတယ်။
နတ်ဆိုးဘုံ တစ်ခွင်လုံး လူတိုင်း ပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့သူ!
ငါတို့ ခုနက သူ့ကို သွားပြီးတော့ စော်ကားခဲ့ကြတာလား။
အဖြစ်မှန်ကို သိသွားကြသော တူမန်နှင့် ဆူဗော်တို့ ကြောက်လန့်လွန်း၍ ကျင်ငယ် ထွက်ကျမတတ် ဖြစ်သွားကြလေ၏။
ဆူဗော်နှင့် တူမန်တို့က အရေးမပါသော ဇာတ်ကောင်လေးများသာဖြစ်၍ ချန်လွေ့ သူတို့ကို အရေးမထားခဲ့ပေ။ သူက အဲလစ်ကို ဦးဆောင်ခွင့် ပေးကာ ကျောင်းဝင်းထဲ လမ်းလျှောက်နေခဲ့ရာ မရေမတွက်နိုင်သော လူများ၏ အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။
အမျိုးသား အားလုံးကို အမြဲပင် ငြင်းပယ်ခဲ့သော မင်းသမီး အဲလစ်က အမျိုးသားတစ်ဦး၏ လက်ကို ကိုင်ကာ စကားပြော ရယ်မောနေသည်ကို မြင်ရာ လူတိုင်း အံ့ဩသွား၏။ ထူးဆန်းသည်မှာ ထိုအမျိုးသားက ရုပ်ရည် ချောမောသူ တစ်ဦး မဟုတ်ဘဲ သူ၏ ရုပ်ရည်မှာ အလွန်ပင် သာမန် ဖြစ်နေခြင်း ဖြစ်သည်။ အဲလစ်၏ မျက်နှာအမူအရာမှာ မကြုံစဖူး ပျော်ရွှင်နေသည်မှာ မယုံနိုင်စရာပင်။
တော်ဝင် ကောလိပ်ကို တည်ထောင် ခဲ့သည်မှာ မကြာသေးသော်လည်း ရှီရာက ထိုကဏ္ဍကို အလွန်အလေးထားသည်။ ဧရိယာ ကျယ်ဝန်းမှု ဖြစ်စေ၊ အထောက်အပံ့ ပစ္စည်းများဖြစ်စေ လူသားလောကရှိ အကျော်ကြားဆုံး ကြယ်အလင်းကောလိပ်ထက် မနိမ့်ကျဘဲ ခမ်းနားထည်ဝါမှုဖြင့် ပြည့်နှက်နေ၏။
သော်သော်လည်း ထိုသို့ ထူးခြား ဆန်းသစ်သော နေရာကို အလွန်ပင် စိတ်ဝင်စားပြီး မေးခွန်းများစွာ မေးခဲ့သည်။ ချန်လွေ့က သမီးဖြစ်သူကို ကောင်းမွန်သော သင်ယူမှုဝန်းကျင်ကို ကြိုတင်ခံစားစေလိုသည့် ရည်ရွယ်ချက် ရှိရာ တစ်ခုချင်းစီကို စိတ်ရှည်လက်ရှည် ဖြေကြားပေးခဲ့သည်။ အဲလစ်ကလည်း အခါအားလျော်စွာ စကားဝင်ပြောသည်။ မင်းသမီးလေးက သူ၏ ရည်မှန်းချက်ကို အခြားသော နည်းလမ်းဖြင့် အောင်မြင်ရန် ဆုံးဖြတ်ထားသောကြောင့် ချန်လွေ့၏ လက်ကို လွှတ်လိုက်ပြီး သော်သော်ကို ပွေ့ချီကာ လမ်းလျှောက်သွားလေသည်။ သို့သော် ကိုယ်လုံး ကိုယ်ပေါက်ကြောင့် သူတို့နှစ်ဦးမှာ ညီအစ်မ နှစ်ယောက်နှင့် ပိုတူနေသည်။
“အစ်မ အဲလစ်! အဲ့ဒါ ဘယ်လို ဝတ်စုံမျိုးလဲ။”
“အဲဒါ ကျားဝတ်စုံလေ။ ဖျော်ဖြေပွဲ အတွက်ပေါ့။ ကျောင်းပြဇာတ်တစ်ခုရှိလို့ သူတို့လေ့ကျင့်နေကြတာ။”
“ကျားဝတ်စုံလား။ အရမ်းစိတ်ဝင်စားဖို့ ကောင်းတာပဲ!”
“နင့်အတွက် တစ်စုံ ယူပေးမယ်လေ။” အဲလစ် မျက်လုံးတစ်ချက် လှန်လိုက်၏။ “ဒါပေမယ့် ငါ့ကို မေမေလို့ ခေါ်ရမယ်။”
“အင်းပါ။ အစ်မ။ ဒါပေမယ့် မေမေက အစ်မထက် အရပ် ပိုပြီးတော့ ရှည်တယ်။ ပြီးတော့...”
သော်သော်က အဲလစ်၏ အတော် ပြားချပ်သော ရင်ဘတ်ကို သံသယဖြင့် ကြည့်လိုက်လေသည်။ ကတ်သရင်းနှင့် နှိုင်းယှဉ်လျှင် မင်းသမီးတစ်ပါးမှာ လေယာဉ်ကွင်းဟုသာ တင်စားရပေမည်။
မင်းသမီးတစ်ပါးက တိတ်တဆိတ် မျက်ရည်ကျသွားတော့သည်။ ငါက ဒီလို ဖြစ်ချင်တယ် ထင်နေလား။
“ဒါဆို ဒေါ်လေးလို့ခေါ်။”
“ဟုတ်ကဲ့ပါ! အစ်မ။”
“...”
လိုလီ မင်းသမီးလေးက ဇာတ်တိုက် လေ့ကျင့်နေသော မိန်းကလေးများထံသို့ ချဉ်းကပ်သွားရာတွင် သော်သော်၏ ချစ်စရာကောင်းသော ပုံစံကြောင့် ထိုမိန်းကလေးများက သူတို့ နှစ်ဦးကို ဝိုင်းအုံလာကြသည်။
“မင်းသမီးအဲလစ်။ ဒီကလေးမလေးက ဘယ်သူလဲ။”
“ချစ်စရာကောင်းတဲ့ ညီမလေး! နာမည် ဘယ်လိုခေါ်လဲ။”
“အဲ...” အဲလစ်၏ ခရမ်းရောင် မျက်လုံးများက မှိတ်တုတ် မှိတ်တုတ် လုပ်လိုက်ကာ ဂုဏ်ယူစွာဖြင့် ပြော၏။ “ဒါက ငါ့ရဲ့ သမီးလေ!”
ထိုစကားကြောင့် ပွက်လောရိုက် သွားလေသည်။ ယောက်ျားလေးတွေ လိုက်ပြိးတော့ ပိုးပန်းနေတဲ့ မင်းသမီး အဲလစ်မှာ ဒီအရွယ် သမီးတစ်ယောက် ဘယ်တုန်းက ရှိသွားတာလဲ။
ထိုအချိန်တွင် သော်သော်၏ စကားက သူမကို ဖော်ကောင် လုပ်လိုက်သည်။ “အစ်မ အဲလစ်။ သမီး ကျားဝတ်စုံ လိုချင်တယ်။”
သူ့ညီမကိုး။ မိန်းကလေးများအား လုံး ရယ်မော လိုက်ကြသည်။ မိန်းကလေး တစ်ဦးက ကျားဝတ်စုံတစ်စုံ ယူလာပေးပြီး သော်သော်ကို ဝတ်ဆင်ပေးလိုက်သည်။ ထိုဝတ်စုံက အရွယ်အစားကို အလိုလို ချိန်ပေးနိုင်သော မှော်ပစ္စည်းဖြင့် ပြုလုပ် ထားလေသည်။
“ဝိုး။ သိပ်ကို ချစ်စရာကောင်းတဲ့ ကျားပေါက်လေးပဲ!” ကျားဝတ်စုံ ဝတ်ထားသော သော်သော်ကို မြင်ရာ မိန်းကလေးများ၏ မျက်လုံးထဲတွင် ကြယ်ပွင့်လေးများ လင်းလက်သွား၏။
“အစ်မ အဲလစ်။ ဘာလို့ ကျား မလုပ်တာလဲ။”
အဲလစ်က အလျင်အမြန် ကျားဝတ်စုံကို ဝတ်ပြီး ဟိန်းဟောက်လိုက်သည်။ သူက သော်သော်၏ လက်ကိုကိုင်ကာ အနားမှ မိန်းကလေးများကို မျှော်လင့်တကြီးဖြင့် မေးလိုက်သည်။ “ငါတို့နှစ်ယောက်က ကျား သားအမိနဲ့ တူလား။”
“ကျား ညီအစ်မ နှစ်ယောက်လိုပဲ!”
“ဟားဟား! ချစ်စရာကောင်းချက်!”
မိန်းကလေးများ အားရပါးရ ရယ်မော လိုက်ကြသည်။
“ဟွန့်။ အမြင်မရှိကြဘူး။” အဲလစ်က မကျေမနပ်ဖြင့် နှုတ်ခမ်းစူလိုက်သည်။ သူ အမြီးတိုလေးကို ဆွဲကာ သော်သော်နှင့် အတူ စင်မြင့်ပေါ်မှ ဆင်းသွားလိုက်၏။
“သော်သော်။ ငါ့ကို တိတ်တိတ်လေး မေမေလို့ ခေါ်ရင် ကောလိပ်ရဲ့ အထူးထုတ် ဖျော်ရည် သွားတိုက်မယ် ဟုတ်ပြီလား။ အရမ်း အရသာရှိတာ!”
“ဟုတ်ကဲ့ပါ။ အစ်မ!”
“...”
ချစ်စဖွယ် ကျားကြီးနှင့် ကျားငယ်လေး နှစ်ကောင်ကို ကြည့်ရင်း ချန်လွေ့က အားရပါးရ ပြုံးလိုက်မိသည်။
နောက်မှ ဂက်စ်က ပြောလိုက်သည်။ “မင်းသမီး အဲလစ် အရမ်းပျော်နေတာကို မြင်နေရတယ်။ သူ့ကို ဒီလိုပြုံးနေတာမျိုး မတွေ့ရတာ အတော်ကြာခဲ့ပြီ။”
“ဟုတ်လား။”
“မင်းသမီးလေးက အရှင့်ကို ဘယ်လို သဘောထားလဲ ဆိုတာကို အရှင် နားလည်သင့်တယ်။ မင်းသမီးကြီး... အဲ... ဧကရီအရှင်မလည်း ရှင်းရှင်းလင်းလင်း သိပါတယ်။” ရှီရာ နန်းတက်ခဲ့သည်မှာ ကြာပြီ ဖြစ်သော်လည်း ရှီရာကို ငယ်စဉ် ကတည်းက စောင့်ရှောက်ကြည့်ရှုခဲ့သော အဘိုးအိုက ဧကရီကို မင်းသမီးကြီးဟု ခေါ်မိနေဆဲ ဖြစ်သည်။
ထိုအသုံးက ချန်လွေ့ကို အတိတ်အား လွမ်းဆွတ်စေပြီး သူ ခေါင်းခါလိုက်၏။ “ကျုပ် သိပါတယ်။ ဒါပေမယ့် ကျုပ်က အရိပ်နက် အင်ပါယာနဲ့ သွေးရောင် အင်ပါယာက ဧကရီနှစ်ပါးနဲ့ မင်္ဂလာပွဲကြီး ကျင်းပတော့မှာလေ...”
ဂက်စ် ခေါင်းညိတ်လိုက်သည်။ “မင်းသမီးလေးက ဒီသတင်းကို အရင်ဆုံး သိတဲ့ သူတွေထဲက တစ်ယောက်ပါ။ သံတမန်က သတင်းပို့တဲ့အချိန်မှာ သူက ဧကရီအရှင်မရဲ့ ဘေးမှာ ရှိနေခဲ့တာ။ အဲဒီအချိန် မင်းသမီးလေး စိတ်ဓာတ်ကျ နေခဲ့မှာ သေချာပေမယ့် အခုတော့ သူ အတော်လေးကို ပျော်ရွှင်နေပါတယ်။ အဲဒီ ပျော်ရွှင်မှုက အတုအယောင် မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတာ သိသလား။”
ချန်လွေ့ မဖြေခင်မှာပင် ဂက်စ်က အဖြေကို သူကိုယ်တိုင် ပြောနှင့်ပြီး ဖြစ်သည်။ “ယုံကြည်မှုပဲ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု မဟုတ်ဘဲနဲ့ အရှင့်အပေါ် ထားရှိတဲ့ ယုံကြည်မှု တစ်ခုပါ။”
ချန်လွေ့က အလျင်အမြန် ပြေးလွှား သွားနေသော ‘ကျားမလေး’ကို ကြည့်ရင်း အတန်ကြာ တိတ်ဆိတ်နေခဲ့သည်။
“ကျုပ်မှာ သားတစ်ယောက်နဲ့ သမီး တစ်ယောက် ရှိခဲ့တယ်။ သမီးလေးက မွေးပြီးမကြာခင်ပဲ ဖျားပြီး ဆုံးသွားတယ်။ သားကတော့ သန်းခေါင်နေသခင် နဲ့အတူ စစ်ထွက်သွားပြီး ပြန်မလာခဲ့တော့ဘူး။ ကျုပ်က မင်းသမီးကြီးနဲ့ မင်းသမီးလေး ကြီးပြင်းလာတာကို ကြည့်ရှုစောင့်ရှောက် ခဲ့ရတာပါ။ ခွင့်လွှတ်ပေးပါ။ ကျုပ်ရဲ့ စိတ်ထဲမှာတော့ သူတို့က ကျုပ်ရဲ့ သမီးတွေလိုပါပဲ။” ဂက်စ်၏ မျက်လုံးတွင် ကြင်နာသော အမူအရာများ ပေါ်လာ၏။ ချန်လွေ့ ခေါင်းညိတ်သည်။ ဂက်စ်၏ ရှီရာအပေါ်တွင် သစ္စာစောင့်သိမှုကို သူ ကောင်းကောင်း သိလေသည်။ အရေး အကြီးဆုံးအချိန်များ၌ပင် သူက ရှီရာကို စွန့်ခွာမသွားခဲ့ပေ။
ထိုအရာက သစ္စာစောင့်သိမှုသာမက အခြားသော မေတ္တာတစ်မျိုးလည်း ဖြစ်၏။
“အရှင်။ လေးစားသမှုနဲ့ ပြောတာပါ။ ကျုပ် သိရသလောက်တော့ အရှင့်မှာ ဧကရီအရှင်မ(၃)ပါးအပါအဝင် အမျိုးသမီး အတော်များများ ရှိပါတယ်။ တစ်ယောက်ချင်းစီက ပြိုင်ဘက်ကင်း အလှတရားတွေ ပိုင်ဆိုင်ထားကြတဲ့ သူတွေပါ။ ဒါပေမယ့် လူသား လောကမှာပဲ ဖြစ်ဖြစ်၊ နတ်ဆိုးဘုံမှာပဲ ဖြစ်ဖြစ် အရှင် ပိုင်ဆိုင်တဲ့ အမျိုးသမီး အရေအတွက်က မောင်းမတွေနဲ့ ပြည့်နေတဲ့ တော်ဝင် မိသားစုတွေနဲ့ ယှဉ်ရင် အတော်လေးကို နည်းတယ်လို့တောင် ပြောလို့ရပါတယ်။ မင်းသမီးကြီး... ဧကရီအရှင်မက ငယ်ငယ်ကတည်းက မိခင်ကို ဆုံးရှုံးခဲ့ရပြီး မင်းသားဂါရမ်းရဲ့ ဖိအားတွေအောက်မှာ သူ့ကိုယ်သူ လုံးဝ ပြောင်းလဲခဲ့ရတယ်။ ဒါပေမယ့် အခု သူ အရမ်း ပျော်နေပြီ။ မင်းသားဂါရမ်းရဲ့ နောက်ဆုံး ဆန္ဒကို ဖြည့်ဆည်းပေးပြီးတော့ အင်ပါယာကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့တဲ့ အပြင်ကို အရှင်နဲ့ အတူရှိနေရလို့လည်း ပါပါတယ်။ အမှောင်လမှာ အရှင်နဲ့ တွေ့ဆုံခဲ့ရတာက သူ့ဘဝရဲ့ အကြီးမားဆုံး အချိုးအကွေ့နဲ့ ကံအကောင်းဆုံး အချိုးအကွေ့လို့တောင် ပြောလို့ရပါတယ်။ မင်းသမီးလေး အတွက်ကတော့ အရှင့်မှာ ကိုယ်ပိုင် အစီအစဉ်တွေ ရှိကောင်းရှိနိုင်ပေမယ့် ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် မင်းသမီးလေးကိုလည်း ပျော်ရွှင်ခွင့်ပေးဖို့ မျှော်လင့်ပါတယ်။”
ထိုသို့ ပြောပြီးနောက် ဂက်စ်က ခါးကိုင်း၍ လေးနက်စွာ အရိုအသေ ပေးလိုက်သည်။ “လူအိုကြီးတစ်ယောက်ရဲ့ စကားအရှည်ကြီးတွေကို ဒီလောက် ကြာအောင် နားထောင်ပေးတဲ့အတွက် အရှင့်ကို ကျေးဇူးတင်ပါတယ်။ ပြောရရင် ကျုပ်က အရှင်မင်းသားကို ဒီလိုပြောဖို့ အရည်အချင်းမရှိပါဘူး။ ဒါပေမယ့်...”
“မဟုတ်ဘူး။ ရှီရာနဲ့ အဲလစ်ကို ချစ်ခင်တဲ့ အကြီးအကဲ တစ်ဦးအနေနဲ့ ခင်ဗျားမှာ အပြည့်အဝ အရည်အချင်း ရှိပါတယ်။” ချန်လွေ့က သူ့ကို လေးစားစွာ ပြောလိုက်သည်။ “ကျုပ်ကို ယုံကြည်တဲ့ ကျုပ် ချစ်ရသူတွေကို အဲလစ်အပါအဝင် စိတ်ပျက်အောင်လုပ်မှာ မဟုတ်ပါဘူး။”
ဂက်စ်က အသုံးအနှုန်း ကွဲပြားမှုကို သတိမထားမိသော်လည်း ချန်လွေ့၏ နောက်ဆုံး စကားကို ကြားရာ သူ၏ မျက်လုံးများက အရောင်တောက်လာပြီး ခေါင်းညိတ်လိုက်၏။ “ကျေးဇူးတင်ပါတယ် အရှင်။”
“ရှီရာနဲ့ အဲလစ်ရဲ့ ဆွေမျိုးရင်းချာတွေ အနေနဲ့ ခင်ဗျား ကျုပ်ကို ကျေးဇူးတင်စရာ မလိုပါဘူး။”
“တခြား အကြောင်းတွေကို မပြောကြ ရအောင်။ အရှင်က ကျုပ်ရဲ့ အသက်ကို ကယ်ခဲ့တာပဲ။” ဂက်စ်က ပြုံးလိုက်သည်။ “နှစ်တွေကြာတော့ အပြောင်းအလဲတွေက အတော်လေး ကြီးမားတယ်။ တော်ဝင် ကောလိပ်ကို ဥပမာအနေနဲ့ ထားကြည့်။ တည်ထောင်တာ မကြာသေးပေမယ့် ဧကရီအရှင်ရဲ့ အာရုံစိုက်မှုကို ရရှိခဲ့တယ်။ မကြာခင်က အင်ပါယာသုံးခုရဲ့ ကောလိပ် ဖလှယ်ရေး ပြိုင်ပွဲမှာလည်း ကျုပ်တို့က ချန်ပီယံသုံးခု ရရှိခဲ့တယ်။ ဌာနတစ်ခုချင်း စီကနေ ထူးချွန်တဲ့ အရည်အချင်းရှိသူတွေ ပေါ်ထွက်လာခဲ့တယ်။ ကောလိပ်ရဲ့ အဆင့်အတန်းနဲ့ အရေးပါမှုကလည်း တိုးပွားလာနေပြီးတော့ အင်ပါယာရဲ့ အရည်အချင်းရှိတဲ့သူတွေ စုစည်းရာနဲ့ လေ့ကျင့်ပျိုးထောင်ရာ အရေးကြီးတဲ့ အခြေစိုက်စခန်းတစ်ခု ဖြစ်လာခဲ့ပြီ။”
အင်ပါယာ သုံးခု၏ တော်ဝင် ကောလိပ်များ တည်ထောင်ပြီးနောက် သက်ဆိုင်ရာ ဖလှယ်ရေး ပြိုင်ပွဲများကို နှစ်စဉ် ကျင်းပလေ့ ရှိသည်။ ဆုများက ဆွဲဆောင်မှု ရှိရုံသာမက အနိုင်ရရှိ သူများက အင်ပါယာ၏ အထက်ပိုင်း အရာရှိများ၏ သတိပြုခြင်းကို ခံရနိုင်ရာ သူတို့၏ အနာဂတ် အလားအလာမှာ အကန့်အသတ် မရှိပေ။
လူသား လောကမှ နာမည်ကြီး ကောလိပ်များနှင့် နှိုင်းယှဉ်လျှင် နတ်ဆိုးဘုံ၏ တော်ဝင်ကောလိပ်(၃)ခု၏ အထောက်အပံ့များနှင့် အတိုင်းအတာမှာ မနိမ့်ကျသော်လည်း ဆရာများနှင့် ကျောင်းသားများအပိုင်း၌မူ ကြီးမားသော ကွာခြားချက်များစွာ ရှိနေသေးသည်။ သို့သော် အချိန်ကြာလာသည်နှင့် အမျှ နောက်ဆုံးတွင် ခွဲခြားမရနိုင်သော တည်ရှိမှု တစ်ခု ဖြစ်လာပေလိမ့်မည်။
“အခု ပြန်တွေးကြည့်တော့ အိပ်မက် တစ်ခုလိုပါပဲ။ အဲဒီ ပြိုကျပျက်စီးနေတဲ့ အမှောင်လ နယ်မြေမှာ ရုန်းကန် နေခဲ့ရတုန်းက ဒီလိုဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။ ဒါက မြှောက်ပင့် ပြောဆိုတာ ချဲ့ကား ပြောနေတာ မဟုတ်ဘူး။ အမှောင်လ၊ ကြယ်ကြွေတမန်အင်ပါယာနဲ့ နတ်ဆိုးဘုံ တစ်ခုလုံးရဲ့ လက်ရှိ အောင်မြင်မှုက အရှင့်ကြောင့်လို့ ပြောရမှာပါပဲ။ အရှင်ရဲ့ ထူးခြားတဲ့ စွမ်းဆောင်ရည်က အရှင် ပိုင်ဆိုင်ထားတဲ့ တိုက်ခိုက်ရေး စွမ်းအား ထက်ကို လုံးဝမနိမ့်ပါဘူး။ ဒီထက်တောင် ပိုပြီးတော့ ပိုကောင်းနေနိုင်ပါတယ်။ အရှင်က နတ်ဆိုးဘုံရဲ့ နံပါတ်(၁)အဖြစ် ထိုက်တန်ပါတယ်။”
ချန်လွေ့က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။ “မဟုတ်ဘူး။ ဒါက ကျုပ်ကြောင့် မဟုတ်ဘူး။ ကျုပ် မရှိရင်တောင်မှ အချိန်တန်ရင် ဒီလိုမျိုး အခြေအနေကို အလိုလို ရောက်လာမှာပါ။ ပြီးတော့ အခုက... မလုံလောက်သေးဘူး။”
အနာဂတ်မှာ ရောက်လာနိုင်တဲ့ အသူရာ ချောက်နက်ကို တိုက်ခိုက်ဖို့ အတွက် ဒီအရာတွေက အမှန်တကယ် မလုံလောက်သေးဘူး။ လုံးဝ မလုံလောက် သေးဘူး။
အဓိကယဇ်ပလ္လင်(၃)ခုကို ဖျက်ဆီးခဲ့ပြီး ဖြစ်သော်လည်း အသူရာချောက်နက်၏ အကျပ်အတည်းကို လုံးဝဖြေရှင်းပြီးပြီဟု မဆိုလိုပေ။ နှောင့်နှေးသွားသည် ဟူ၍သာ ဆိုနိုင်သည်။ အသူရာ ချောက်နက်၏ အုပ်စိုးရှင် သုံးဦး၏ ကိုယ်ပွားများက ဖျက်ဆီးမခံရခင်တွင် ဤလောကသို့ ဆင်းသက်လာရန်မှာ အနှေးနှင့် အမြန်သာ ဖြစ်တော့မေည့်အလား ပြင်းထန်သော ယုံကြည်ချက်ကို ပြသခဲ့ကြလသည်။ ယခုတစ်ခေါက် သိပ်ပြီး ကြာမြင့်လှမည် မဟုတ်ပေ။
လှည့်စားနေတာ ဟုတ်ဟုတ် မဟုတ်ဟုတ် ငါ သတိလက်လွတ်ဖြစ်ဖို့ မဖြစ်ဘူး။
အသူရာချောက်နက် ရောက်လာတဲ့ အချိန်မှာ ငါ ရှိရှိ မရှိရှိ၊ သေချာတာ တစ်ခုကတော့ စီးပွားရေး ပိုပြီးတော့ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်ရမယ်။ စစ်တပ်က ပိုပြီး အားကောင်းလာရမယ်။ မှော်ဂိမ်းက လူတွကို ပိုပြီး အားကောင်း လာစေရမယ်။ အသူရာ ချောက်နက် ရန်သူတွေရဲ့ အထူးပြု စွမ်းရည်များကို ပိုပြီးတော့ လိုက်လျောညီထွေဖြစ်အောင် လုပ်ပေးရမယ်။
“မလုံလောက်သေးဘူး။” ထိုစကားက ဂက်စ်ကို အလွန်ပင် အံ့ဩသွားစေသည်။ အမှောင်လကို အခြေခံ၍ အိုဆိုင်ဒန်ကို တစ်ချက်တည်းဖြင့် ဖြုတ်ချခဲ့သည်။ ရှီရာကို နန်းတက်ရန် ကူညီခဲ့သည်။ ကြယ်ကြွေတမန်အင်ပါယာ၏ စစ်ရေးနှင့် စီးပွားရေးကို မကြုံစဖူး လျင်လျင်မြန်မြန် ဖွံ့ဖြိုးတိုးတက်စေခဲ့သည်။ အင်ပါယာ (၃)ခု မဟာမိတ်ဖွဲ့ခြင်း၊ နတ်ဆိုးဘုံကို စည်းလုံးစေခြင်းနှင့် စစ်မှန်သော ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးခြင်း။ ထိုအရာများမှာ ‘မကြုံစဖူး’ ကြီးကျယ် ခမ်းနားသော အောင်မြင်မှုများ ဖြစ်သည်။ ဒီအရာတွေက မလုံလောက်သေးဘူးလား။
ချန်လွေ့ ရှင်းမပြခဲ့ပေ။ သူက ကောင်းကင်ပေါ်ရှိ လနှစ်စင်းကိုသာ ကြည့်နေခဲ့သည်။
ဤလောကသို့ ပထမဆုံး ရောက်လာခဲ့စဉ် ထိုလနှစ်စင်းကို ရင်ဆိုင်ရသောအခါ သူ၏ စိတ်အစဉ်မှာ နှိုင်းယှဉ်၍ မရနိုင်သော အထီးကျန်မှု၊ မျှော်လင့်ချက်မဲ့မှုနှင့် ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေခဲ့ပြီး ကြုံတွေ့ခဲ့ရသမျှကိုပင် ကျိန်ဆဲခဲ့ဖူးသည်။ သို့သော် ယခုတွင်မူ လပေါ် ထင်ဟပ်နေသည့် ပြုံးရွှင်သော မျက်နှာများက သူ့ကို မျှော်လင့်ချက်ကို ခံစားစေသည်။ ထိုသူများကြောင့် လောက တစ်ခုလုံး မျှော်လင့်ချက်များဖြင့် ပြည့်နှက် နေခဲ့လေသည်။
“ဖေဖေ! ဒီဖျော်ရည်က အရမ်းကို အရသာရှိတယ်။ မြန်မြန်လာ!”
ကောင်းကင်ဘုံက အသံတစ်ခု။
နတ်သမီးတစ်ပါးလိုပဲ။
ဒီလောကရဲ့ တမန်တော်တွေလိုမျိုး မဟုတ်ဘူး။ ငါ့နှလုံးသားထဲမှာ ရှိတဲ့ အလှပဆုံးနဲ့ အသန့်စင်ဆုံး နတ်သမီး။
ချန်လွေ့ ပြုံးလိုက်ပြီး ဂက်စ်ကို အသိပေးကာ ရှေ့သို့ ခြေလှမ်းကျဲကြီးဖြင့် လျှောက်သွားလိုက်တော့သည်။
အသူရာချောက်နက်က လောကကြီးကို ဖျက်ဆီးရသည့် ရည်ရွယ်ချက်က ဘာပဲ ဖြစ်ဖြစ်၊ ငါ့တစ်ဘဝလုံးမှာ တကယ့် အသူရာချောက်နက်ကို ရင်ဆိုင်ရရင်ပဲ ဖြစ်ဖြစ်၊ မရင်ဆိုင်ရရင်ပဲ ဖြစ်ဖြစ်၊ အနာဂတ်တွင် ဘယ်လိုမျိုး ရန်သူတွေပဲ ဖြစ်ဖြစ်... နတ်ဘုရား ဖြစ်နေပါစေ...
ဒီအသံကို ကာကွယ်ဖို့၊ မျှော်လင့်ချက် အားလုံးကို ကာကွယ်ဖို့၊ အရာအားလုံးကို ပေးဆပ်ပြီး ရင်ဆိုင်သွားမယ်။