မင်္ဂလာပွဲကြီး
Vol. 69 Ch. 1113
ယနေ့ လူတိုင်း ကြီးကျယ်ခမ်းနားသော ပွဲတစ်ပွဲအကြောင်း ပြောဆိုနေကြသည်။
ထိုပွဲမှာ မင်္ဂလာပွဲပင်။
အမှန်တကယ်တွင် ထိုမင်္ဂလာပွဲကို စီစဉ်ထားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ပြီး နတ်ဆိုးဘုံက အချိန်ကြာမြင့်စွာ မျှော်လင့် စောင့်စားနေခဲ့သည့် အရာလည်း ဖြစ်၏။ ထိုမင်္ဂလာပွဲကို အင်ပါယာ(၃)ခု၏ မီဒီယာ အမျိုးမျိုးတွင် ကြေညာခဲ့ပြီး ဖြစ်ကာ နတ်ဆိုးဘုံ၏ အကျော်ကြားဆုံး ခေါင်းစဉ် တစ်ခု ဖြစ်လာခဲ့သည်။
ကြယ်ကြွေတမန်တမန် အင်ပါယာ၏ ကြင်ရာတော်မင်းသား ‘အက်ဂ်ယော’က အရိပ်နက် အင်ပါယာ၏ ဧကရီ ကတ်သရင်းနှင့် သွေးရောင်အင်ပါယာ၏ ဧကရီ တစ်ဖနီတို့နှင့် လက်ထပ်မင်္ဂလာ ပြုခြင်းပင် ဖြစ်သည်။
လူသား လောကရှိ တိုင်းပြည်များနှင့် အင်ပါယာများကဲ့သို့ မဟုတ်ဘဲ နတ်ဆိုးဘုံ၌ စုစုပေါင်း အင်ပါယာ(၃)ခုသာ ရှိပြီး ဧကရီဘုရင်မ(၃)ပါးက အချုပ်အခြာ အာဏာပိုင်များကို ကိုယ်စားပြု၏။ နတ်ဆိုးဘုံမှာ လူသားလောကရှိ ဖိုဝါဒီနှင့် မတူဘဲ အစွမ်းအစနှင့် အရည်အချင်းကို ပို၍ အလေးထားလေသည်။ သမိုင်း တလျှောက်တွင် ဧကရီ ဘုရင်မများ များစွာ ရှိခဲ့သော်လည်း အင်ပါယာ အားလုံးကို အမျိုးသမီးများကသာ အုပ်ချုပ်သည်မှာ ယခုတစ်ကြိမ်သာ ပထမဆုံး ဖြစ်သည်။
ယေဘုယျအားဖြင့် ဧကရီ ဘုရင်မ တစ်ပါး၏ ကြင်ရာတော် မင်းသားသည် လက်အောက်ခံ တစ်ဦးနှင့် ညီမျှသော ရာထူးတစ်ခုသာ ဖြစ်သည်။ အမျိုးသား အုပ်စိုးသူ တစ်ဦးကဲ့သို့ပင် ဧကရီဘုရင်မ တစ်ပါးသည်လည်း ကြီးမားသော မောင်းမဆောင်တစ်ခုကို ပိုင်ဆိုင်နိုင်၏။ သို့သော် ယနေ့ နတ်ဆိုးဘုံတွင် ဧကရီ ဘုရင်မ(၃)ပါးလုံး၌ ကြင်ရာတော်မင်းသား တစ်ဦးတည်းသာ ရှိကြလေသည်။
ကြင်ရာတော်မင်းသားတစ်ဦးအနေဖြင့် ‘အက်ဂ်ယော’၏ အောင်မြင်မှုများမှာ မကြုံစဖူးဟူ၍သာ ဆိုနိုင်ပေသည်။
သို့သော် ‘အက်ဂ်ယော’၏ ‘အောင်မြင်မှု’က ‘ကံကောင်းခြင်း’မျှသာ မဟုတ်ဘဲ အရည်အချင်းနှင့် အစွမ်းအစကြောင့် ဖြစ်ကြောင်း လူတိုင်း သိကြသည်။
သွေးရောင်အင်ပါယာတွင် ကျင်းပခဲ့သော နတ်ဆိုးဘုံ သိုင်းပညာ ပြိုင်ပွဲ ဗိုလ်လုပွဲ၌ အရိပ်နက်အင်ပါယာ၏ ဧကရီ ကတ်သရင်းက တုန်လှုပ်ဖွယ်ရာ အမှန်တရားတစ်ခုကို ထုတ်ဖော်ခဲ့သည်။ ‘အက်ဂ်ယော’က ကြယ်ကြွေတမန် အင်ပါယာ၏ စီးပွားရေးနှင့် စစ်ရေး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမှု၏ နောက်ကွယ်မှ ပုဂ္ဂိုလ် ဖြစ်ကြောင်းပင်။ နတ်ဆိုးဘုံကို တုန်လှုပ်သွားစေခဲ့သော ကြယ်ကြွေတမန် အင်ပါယာ စစ်ရေးပြ အခမ်းအနားတွင် ပေါ်ထွက်လာခဲ့သော အားကောင်းသည့် ရှေးဟောင်းဗိုလ်ခြေက သူ၏ လက်အောက်ခံဖြစ်သည်။ သူက စီးပွားရေး စစ်ပွဲတွင်လည်း မယုံနိုင်စရာ နည်းဗျူဟာများကို ပိုင်ဆိုင်ထားသည်။ ဘဏ်၏ ဘဏ္ဍာရေး မတည်ငြိမ်မှုက သွေးရောင် အင်ပါယာနှင့် အရိပ်နက် အင်ပါယာကို ကျည်တစ်တောင့် မဖောက်ရဘဲ ပျက်စီးလုနီးပါး ဖြစ်စေခဲ့၏။ ဧကရီ ရှီရာ၏ လက်အောက်ခံဟု ထင်ရသော ထိုကြင်ရာတော် မင်းသားက နတ်ဆိုးဘုံ၏ ကံကြမ္မာကို အမှန်တကယ် ထိန်းချုပ်ထားသော ဘုရင်ပင် ဖြစ်၏။
သူက အရိပ်နက် အင်ပါယာနှင့် သွေးရောင် အင်ပါယာကို ချေမှုန်းပြီး နတ်ဆိုးဘုံကို စည်းလုံးညီညွတ်အောင် ပြုလုပ်နိုင်စွမ်း အပြည့်အဝရှိသည်။
နတ်ဆိုးဘုံ သိုင်းပညာ ပြိုင်ပွဲတွင် ‘အက်ဂ်ယော’သည် အားကောင်းသော တစ်ဦးချင်း စွမ်းအားကို ပြသခဲ့သည်။ မူလ ထိပ်သီးအင်အားကြီးဖြစ်သော သွေးရောင် အင်ပါယာ၏ အုပ်စိုးသူ ရိုင်ဇန်သည် အကြိုဗိုလ်လုပွဲ မတိုင်မီ အဆင့်တွင် ကြောက်မက်ဖွယ်ကောင်းသော လာလာရီယာကြောင့် မမျှော်လင့်ဘဲ ရှုံးနိမ့်ကာ ထွက်ခွာခဲ့ရသည်။ ထို့နောက် ‘အက်ဂ်ယော’သည် လာလာရီယာကို အမှန်တကယ် အနိုင်ယူခဲ့ပြီး ဗိုလ်လုပွဲတွင် ကက်သရင်းနှင့် တွေ့ဆုံခဲ့လေသည်။
ထိုဗိုလ်လုပွဲတွင် တကယ့်တိုက်ပွဲ မရှိခဲ့သော်လည်း တိုက်ပွဲ တစ်ခုထက် ပို၍ အမှတ်တရ ဖြစ်စေခဲ့သည်။
‘အက်ဂ်ယော’က ကတ်သရင်းအတွက် စစ်ပွဲနှင့် ရည်မှန်းချက်တို့ကို စွန့်လွှတ်ခဲ့ပြီး ကတ်သရင်းသည်လည်း နောက်ဆုံးတွင် ‘အက်ဂ်ယော’အပေါ်ထားရှိသော သူ၏ နှလုံးသားကို ဖွင့်ဟဝန်ခံခဲ့သည်။ သူတို့ နှစ်ဦးတွင် သမီး တစ်ယောက် ရှိနှင့်ပြီး ဖြစ်ကြောင်းလည်း ပေါ်ပေါက်လာခဲ့သည်။ ထိုမိသားစု ပြန်လည် ဆုံဆည်းသည့် မြင်ကွင်းက ယနေ့တိုင် မမေ့နိုင်စရာပင်။
ထိုအဖြစ်အပျက်က နတ်ဆိုးဘုံ၏ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးမည့် အခရာကျသော အလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့သည်။ ထို့နောက် အင်ပါယာ (၃)ခုသည် ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခဲ့ကြသည်။ မကြာသေးမီက ဧကရာဇ် ရိုင်ဇန်သည် သူ၏ ရာထူးကို သမီးဖြစ်သူ တစ်ဖနီအား လွှဲအပ်ခဲ့ပြီး တစ်ဖနီနှင့် အက်ဂ်ယောတို့၏ ထိမ်းမြားလက်ထပ်ပွဲကို ကြေညာခဲ့သည်။
ထိုအရာမှာ နိုင်ငံရေးအရ ထိမ်းမြားခြင်း ဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိပေ။ လူအများ ပိုမို၍ စိတ်ဝင်စားသည်မှာ ထိမ်းမြားခြင်းထက် ထိမ်းမြားခြင်းကြောင့် ဖြစ်လာမည့် နက်ရှိုင်းသော အဓိပ္ပာယ်ပင်။ ဤသည်မှာ အင်ပါယာ (၃)ခုသည် မဟာမိတ်အဖွဲ့အတွင်း တန်းတူညီမျှသော ဆက်ဆံရေးသို့ ပြန်လည်ရောက်ရှိသွားပြီး မဟာမိတ်အဖွဲ့က ပိုမိုခိုင်မာလာမည်ကို ဆိုလိုပေသည်။ ၎င်းက အခြားသော အဓိပ္ပာယ်တစ်ခုဖြင့် စည်းလုံးညီညွတ်ခြင်း ဖြစ်ပြီး စစ်မှန်သော ငြိမ်းချမ်းရေး၏ အစလည်း ဖြစ်ပေ၏။
တစ်ဖနီသည် ရိုင်ဇင်၏ ရာထူးကို လွှဲပြောင်းယူရန် ကမ်းလှမ်းမှုကို လက်ခံပြီးနောက်တွင် စိတ်ကူး၍ပင် မရနိုင်သော ‘သွေးနှင့်သံမဏိမူဝါဒ’ ကို ချက်ချင်းပင် ပြသခဲ့သည်။ သူက သူ့ကို ဆန့်ကျင်သောသူများကို လျှပ်စီးလို အရှိန်ဖြင့် ရှင်းလင်းခဲ့ပြီး ရိုင်ဇင်၏ အရာရှိဟောင်းများစွာကို ရာထူးမှချကာ နာခံမှုရှိသော အရာရှိအုပ်စု တစ်စုကို ထောက်ပံ့ခဲ့သည်။ သူက ကိုယ်ပိုင် အင်အားစု အသစ်များဖြင့် အာဏာ ရလာခဲ့ပြီး ကြယ်ကြွေတမန်အင်ပါယာနှင့် အရိပ်နက် အင်ပါယာတို့ကို နမူနာယူကာ ပြုပြင်ပြောင်းလဲမှုများကို ဆက်တိုက် လုပ်ဆောင်ခဲ့ပြီး အထူးသဖြင့် တော်ဝင် ကောလိပ် ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို အာရုံစိုက်ခဲ့သည်။ ရလဒ်များမှာ ထူးခြား ကောင်းမွန်ခဲ့ပြီး ပြည်သူလူထုထံမှ တညီတညွတ်တည်း ချီးကျူးမှုကို ရရှိခဲ့သည်။
ရိုင်ဇန်၏ အစီအစဉ်နှင့် ပံ့ပိုးမှုတို့လည်း ရှိနေခဲ့သည်။ တစ်ဖနီကို နန်းတက်ခွင့် ပြုရန် မဆုံးဖြတ်မီကပင် ရိုင်ဇန်က ‘နေရာလပ်’များစွာကို တမင်တကာ ချန်ထားခဲ့သည်။ ယခုတွင် တစ်ဖနီက နန်းတက်ပြီးနောက် ထိုနေရာများကို တစ်ခုပြီးတစ်ခု ဖြည့်ဆည်းခဲ့ရာ သူ့ကို အရည်အချင်းရှိသူ တစ်ဦးအဖြစ် ထင်မြင် စေခဲ့သည်။ ထိုအရာက ဧကရီအသစ်၏ အရည်အချင်းကို ပြသနိုင်ခဲ့သည်။
ချန်လွေ့က ထိုအချက်ကို ထောက်လှမ်းရေးဌာနမှတစ်ဆင့် သိရှိခဲ့ပြီး တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ ရိုင်ဇန်၏ နည်းလမ်းမှာ ယခင်ဘဝက ထန်မင်းဆက်နှင့် တူညီသည်။ လီရှီမင်က သေဆုံးမသွားခင်တွင် နာမည်ကြီးအရာရှိ လီကျိကို အခြားနေရာ တစ်ခုသို့ တမင်တကာ ရာထူးချခဲ့သည်။ လီကျီ နန်းတက်ပြီးနောက် သူက လီကျိကို ပြန်လည် အသုံးပြုခဲ့ရာ လီကျိက အလွန် ကျေးဇူးတင်သွားခဲ့သည်။ အမှန်မှာ သူက အာဏာဖြင့် ကစားသော စစ်တုရင်ရုပ် တစ်ရုပ်နှင့် ညီမျှသည်။ တစ်ဖနီ၏ နန်းတက်ပွဲက ရှီရာထက် များစွာ ပိုမို လွယ်ကူခဲ့သည်။ စီးပွားရေး ပြုပြင် ပြောင်းလဲမှု ဖြစ်စေ၊ ဝန်ထမ်း အပြောင်းအလဲ ဖြစ်စေ၊ သဘောထား ကွဲလွဲသူများကို ရှင်းလင်းခြင်း အပါအဝင် အရာအားလုံး၏ နောက်ကွယ်၌ ရိုင်ဇန် အမည်ရှိသော နတ်ဘုရား တစ်ပါး ရှိနေခဲ့သည်။ မည်သည့် လှိုင်းတံပိုးများ ရှိခဲ့လျှင်ပင် မုန်တိုင်း ဖြစ်လာမည် မဟုတ်ပေ။ မကြာမီတွင် သူ၏ အုပ်စိုးသူ အဆင့်အတန်းက အခြေခံအားဖြင့် ခိုင်မာသွားပေလိမ့်မည်။
ယခုတွင် မင်္ဂလာပွဲကြီးက နတ်ဆိုးဘုံ တစ်ခုလုံး၏ အာရုံစိုက်ရာ နေရာဖြစ်ပြီး အင်ပါယာ(၃)ခုကို ဆက်သွယ်ထားသော နှင်းမြေမြို့တော်၌ ဧကရီနှစ်ပါးနှင့် အတူ ကျင်းပခဲ့လေသည်။
နှင်းမြေမြို့တော်မှာ မူလက ဝေးလံ ခေါင်ဖျားသော နယ်စပ်တောင်တန်းဒေသ တစ်ခုမျှသာဖြစ်ပြီး မြို့ငယ်လေးတစ်ခုပင် မဟုတ်ခဲ့ပေ။ သိုင်းပညာ ပြိုင်ပွဲအပြီး အင်ပါယာ(၃)ခု ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု ရရှိပြီးနောက်တွင် သူတို့ ထိုနေရာ၌ အင်ပါယာ(၃)ခုမှ မျှဝေ ပိုင်ဆိုင်သော မြို့တစ်မြို့ ဆောက်ရန် လမ်းများကို ပူးပေါင်းဖောက်လုပ်ခဲ့သည်။ ဤသည်မှာ အင်ပါယာ(၃)ခု၏ ထာဝရ ငြိမ်းချမ်းရေးကို ကိုယ်စားပြုပေသည်။
ယနေ့တွင် ဤမြို့၏ လျင်မြန်သော ဖွံ့ဖြိုး တိုးတက်မှုနှင့် အတူ ကြွယ်ဝ ချမ်းသာသော ကုန်သွယ်ရေး ဗဟိုဌာန တစ်ခု ဖြစ်လာခဲ့သည်။ ဤနေရာတွင် ဧကရီနှစ်ပါးနှင့် မင်္ဂလာပွဲကျင်းပခြင်းက အလွန်ထူးခြားသော အဓိပ္ပာယ်ရှိလှသည်။
နတ်ဆိုးဘုံ၏ နာမည်ကြီးပုဂ္ဂိုလ်များ အားလုံးနီးပါး နှင်းမြေမြို့တွင် ရောက်ရှိ နေကြသည်။ ‘အက်ဂ်ယော’နှင့် လက်ထပ် ထိမ်းမြားပြီးဖြစ်သော ကြယ်ကြွေတမန် အင်ပါယာ၏ ဧကရီရှီရာက ဧကရီနှစ်ပါး၏ သက်သေအဖြစ် ဆောင်ရွက်ခဲ့သည်။ ဆွေမျိုးမိတ်သင်္ဂဟ အဖွဲ့သည်လည်း တက်ရောက်ခဲ့ကြသည်။ သူတို့ထဲတွင် မကျေမချမ်းနိုင်ဆုံးသူမှာ အက်ဂ်လက်စ် ဖြစ်သည်။ ဒီ‘သားမက်’က တခြား မိန်းမတွေနဲ့ နတ်ဆိုးဘုံကို တုန်လှုပ်စေတဲ့ မင်္ဂလာပွဲကြီးကို ကျင်းပနေပြီး ငါ့သမီး နှစ်ယောက်ကတော့...
သို့သော် သူ၏သမီး နှစ်ယောက်ကို ကြည့်လိုက်ရာ တစ်ယောက်မှာ အလွန် စိတ်လှုပ်ရှားနေပြီး (အကြောင်းမှာ မင်္ဂလာပွဲတွင် အခမဲ့ အစားအစာများ ရှိနေ၍ပင်) အခြား တစ်ယောက်မှာ သတို့သားထက် သတို့သမီးကို ပို၍ပင် စိတ်ဝင်စားနေ၏။ နဂါးဧကရာဇ် အရှင်မှာ ငိုရုံသာ တတ်နိုင်သည်။ ကံကောင်းစွာပင် သူ၏ ဘေးတွင် ချစ်စရာကောင်းသော အချစ်တော်လေး သော်သော် ရှိနေပြီး ‘အဘိုး အက်ဂ်လက်စ်’ဟု ခေါ်နေသည်။ ၎င်းက အက်ဂ်လက်စ်ကို အတော်လေး စိတ်သက်သာရာ ရစေခဲ့သည်။ နဂါးဧကရာဇ်က ထိုကလေးမလေးကို အထူးသဖြင့် ချစ်ခင်သည်။ အမှောင်လမှ နှင်းမြေမြို့အထိ သူက သော်သော်ကို အမြဲတမ်း သွားလေရာ ခေါ်ဆောင်သွားပြီး သူ့ကို လက်ဆောင်များလည်း ပေးခဲ့သည်။ နဂါးဧကရာဇ် ထုတ်ပေးနိုင်သော ရတနာ အားလုံးမှာ ထူးခြားသော တန်ဖိုးရှိကြရာ ချွဲကျိကောင် တစ်ကောင်ကို မနာလို ဖြစ်စေခဲ့သည်။ ထိုချွဲကျိကောင်သည် ‘ဇာတ်ကောင်ငယ်၏ဉာဏ်ပညာ’ကို အသုံးမပြုခဲ့သည်တော့ မဟုတ်။ သို့သော် ကံဆိုးစွာပင် သူအသွင်ပြောင်းထားသော သော်သော်လေးက နဂါးဧကရာဇ်၏ နတ်ဘုရား-ယောင် အမြင်အာရုံမှ ပုန်းကွယ်နိုင်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် သူသည် လက်လျှော့ရုံသာ တတ်နိုင်၏။
အသီနာနှင့် ခီရာတို့တွင် မူလက အနည်းငယ် မကျေမနပ်ဖြစ်မှု ရှိခဲ့သည်။ ဇိုလာနှင့် အစ်ဇဘယ်လာတို့က လူသား လောက၏ နဂါးတောင်ကြား၌ မင်္ဂလာပွဲ ကျင်းပခဲ့သည်။ ရှီရာက ကြယ်ကြွေတမန် အင်ပါယာတွင် လက်ထပ်ခဲ့သည်။ ယခု ကတ်သရင်းနှင့် နောက်ပိုင်းတွင် တစ်ဖနီ တို့သည် နတ်ဆိုးဘုံတွင် လက်ထပ်ကြ၏။ သူနှင့် ပထမဆုံး သိကျွမ်းခဲ့သော အသီနာနှင့် ခီရာတို့မှာမူ နောက်ကျ ကျန်ရစ်ခဲ့သည်။ သို့သော် ထိုအမျိုးသမီး နှစ်ဦး၏ သေးငယ်သော မကျေနပ်မှုက ချက်ချင်း ပျောက်ကွယ် သွားခဲ့သည်။ အကြောင်းမှာ ထိုမင်္ဂလာပွဲကြီး မတိုင်မီ ချန်လွေ့က ထိုအမျိုးသမီးနှစ်ဦးအတွက် ရေကန်ပြာတောင်တန်းရှိ ကြယ်မြို့တွင် ခမ်းနားသော မင်္ဂလာပွဲ တစ်ပွဲကို ပြန်လည် ကျင်းပပေးခဲ့သောကြောင့်ပင်။ ရှီရာနှင့် ဗိုလ်ချုပ်ကြီး ဂျော့ချ်တို့က မင်္ဂလာပွဲကို ဦးစီးကျင်းပပေးခဲ့သည်။ မင်္ဂလာပွဲတွင် ကတ်သရင်းနှင့် တစ်ဖနီတို့ပင် တက်ရောက် ခဲ့ကြပြီး ဗိုလ်ချုပ်ကြီး ဂျော့ချ်က ခီရာကို သူ၏ သမီးအဖြစ် အသိအမှတ်ပြုခဲ့သည်။ ထိုကြီးမားသော အဂ္ဂိရတ်သက်ရှိများဖြင့် ဖွဲ့စည်းထားသော အခမ်းအနားအဖွဲ့က အင်ပါယာတစ်ခုနှင့် မည်သို့မျှ မနိမ့်ကျပေ။
ဧကရီနှစ်ပါးနှင့် မင်္ဂလာအခမ်းအနားက မကြုံစဖူး ခမ်းနားကြီးကျယ်လှသည်။ ထိုသော မင်္ဂလာပွဲမျိုးသည် အမြင့်ဆုံး အဆင့်အတန်းနှင့် အတန်းအစား ဖြစ်၏။ အခမ်းအနားတစ်ခုလုံးက မကြာမြင့်ဘဲ လုပ်ငန်းစဉ်တစ်ခုလုံးကို နတ်ဆိုးဘုံသို့ တိုက်ရိုက် ထုတ်လွှင့်ခဲ့သည်။ ယခင် ပြင်ဆင်မှု လုပ်ငန်းများသည် အလွန် ရှုပ်ထွေးပြီး အချိန်ယူရသည်မှာ တရားဝင် အခမ်းအနားထက် အဆပေါင်းများစွာ ပိုမိုကြာမြင့်ခဲ့သည်။
မီးမောင်းများအောက် ကြယ်ကြွေတမန် အင်ပါယာ၏ ဧကရီရှီရာမှ သက်သေ အဖြစ် ဆောင်ရွက်သော မင်္ဂလာ အခမ်းအနားက နောက်ဆုံးတွင် ပြီးဆုံး သွားခဲ့သည်။ ချန်လွေ့က သွေးရောင် အင်ပါယာနှင့် အရိပ်နက် အင်ပါယာမှ ဧကရီ နှစ်ပါး၏ လက်ကိုကိုင်ကာ မှော်ရုပ်မြင်သံကြားတွင် ပေါ်ထွက် လာခဲ့သည်။ သူက ရဲတိုက်အောက်ရှိ လူအများကို လက်ပြနှုတ်ဆက်လိုက်ရာ တိုက်ရိုက် ပရိသတ်များ ဖြစ်စေ၊ ရုပ်မြင်သံကြားစက်ရှေ့မှ လူများဖြစ်စေ အားပေးကြွေးကြော်ကြတော့သည်။
လူအများက နတ်ဆိုးဘုံ သမိုင်းတွင် အံ့ဖွယ်တစ်ရပ်ကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရခြင်း ဖြစ်၏။ ဧကရီ သုံးပါးနှင့် ‘ကြင်ရာတော်မင်းသား’ တစ်ပါး။ သူတို့က ရှည်လျား တည်ငြိမ်သော ငြိမ်းချမ်းရေး ကာလတစ်ခု ရောက်ရှိလာခြင်းကိုလည်း မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသည်။
အခမ်းအနားပြီးနောက် မြို့လုံးကျွတ် အတိုင်းအတာဖြင့် ကြီးမားသော စားသောက်ပွဲနှင့် ခမ်းနားသော ကပွဲတစ်ခု ရှိခဲ့သည်။ လူအားလုံး သက်ဆိုင်ရာ လက်ဆောင်များ ရရှိခဲ့ကြပြီး လူအများက ပွဲတော်တစ်ခုကဲ့သို့ ပျော်ရွှင်စွာ ဆင်နွှဲ ခုန်ပေါက်ခဲ့ကြလေသည်။
“ဟူး... နောက်ဆုံးတော့ ခဏလောက် နားလို့ရပြီ။” ချန်လွေ့က အပေါ်အင်္ကျီကို ပစ်ချလိုက်ပြီး ဆိုဖာပေါ် ခြေကားယား လက်ကားယားဖြင့် လှဲချလိုက်သည်။
“အမူအရာကိုသတိထားပါ။ ခဏနေရင် မိန့်ခွန်း ပြောရဦးမှာ။” တ်သရင်းက ပြုံးလိုက်ပြီး တစ်ဖနီကို တစ်ချက် ကြည့်လိုက်သည်။ “ဒါပေမယ့် ဒီနေ့က တကယ်ပဲ နည်းနည်း ပင်ပန်းတယ်။ အချိန်ရတုန်း နားကြတာပေါ့။ ဧကရီ တစ်ဖနီ။”
“အင်း။” တစ်ဖနီ၏ မျက်နှာက အနည်းငယ် ဂရုမထားပုံရသည်။ သူသည် ကက်သရင်းနှင့် အတူ ချန်လွေ့၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး သူ၏ လှုပ်ရှားမှုများမှာ စေ့စပ်သေချာလှသည်။
“နည်းနည်းပဲ ပင်ပန်းတယ်ဟုတ်လား။” ချန်လွေ့က သူ၏နဖူးမှ ချွေးများကို သုတ်လိုက်သည်။ “မင်းတို့ရဲ့ တိုက်ခိုက်ရေး စွမ်းအားက ငါ့ထက် အများကြီးပိုကောင်းပုံပဲ... ဟေး။ တစ်ဖနီ။ တင်းမထားပါနဲ့။ စိတ်အေးအေးထားပါ၊ ဒီမှာ ငါတို့ သုံးယောက်တည်းပဲ ရှိတာ။”
“သိပါပြီ။ အရှင်မင်းသား။” တစ်ဖနီက ခေါင်းညိတ်သော်လည်း တင်းမာနေဆဲ ဖြစ်သည်။
ချန်လွေ့က ပခုံးတွန့် လိုက်သည်။ “ကောင်းပြီလေ။ မင်း သဘောပါပဲ။”
ကက်သရင်းက တဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ “ကျွန်မ ဘေးအခန်းမှာ မိတ်ကပ် လိမ်းလိုက်ဦးမယ်။ နာရီဝက် ကြာလိမ့်မယ်။”
“နာရီဝက်လောက်တောင်လား။”
“အမျိုးသမီးတွေကို အလုပ်ရှုပ်တယ်လို့ မထင်ပါနဲ့။ ကြင်ရာတော် မင်းသား။ ရှင်က အတွေ့အကြုံ ရှိပြီးသားလို့ ဖြစ်မှာပါ။” ကတ်သရင်းက ချန်လွေ့ကို မျက်စိ တစ်ဖက် မှိတ်ပြလိုက်သည်။ “ဧကရီ တစ်ဖနီ။ ခွင့်ပြုပါဦး။”
“ဧကရီ ကတ်သရင်း...”
“စိတ်မရှိဘူးဆိုရင် ဒီလို အချိန်မျိုးမှာ ကျွန်မကို ကတ်သရင်း ဒါမှမဟုတ် အစ်မ ကက်သရင်းလို့ပဲ ခေါ်ပါ။” ကက်သရင်းက အနည်းငယ် ပြုံးလိုက်၏။ “တစ်ဖနီ...”
“ဟုတ်ကဲ့ပါ။ အစ်မ ကတ်သရင်း။”
တစ်ဖနီ၏ အသံနေအသံထားမှာ တောင့်တင်းနေဆဲ ဖြစ်ကြောင်း ချန်လွေ့ ကြားနိုင်သည်။ သူက အလွန်ပင် စိတ်လှုပ်ရှားနေသည်မှာ ထင်ရှားသည်။ သူနှင့် ကတ်သရင်းက သက်တမ်းရင့် စုံတွဲဖြစ်ပြီး ကလေးအမေ ‘မိတ်ကပ်ပြင်’ ရသည့် ရည်ရွယ်ချက်မှာ သူနှင့် တစ်ဖနီတို့ အကြားမှ အခြေအနေ ပေါ့ပါးသွားစေရန် နေရာတစ်ခု ချန်ထားပေးခြင်းဖြစ်ကြောင်း ကောင်းကောင်းသိသည်။
ကက်သရင်း တံခါးပိတ်လိုက်ပြီးနောက် ချန်လွေ့က ပြောသည်။ “တစ်ဖနီ..”
“အင်း...”
“အင်း။ တကယ်တော့ ငါ...”
“အင်း...”
“...”
သူက စကားစ ရှာမတွေ့ဘဲ အနေရ ခက်နေဆဲ ဖြစ်နေသည်။
“ကောင်းပြီ!” ချန်လွေ့ ထရပ်လိုက်ပြီး လက်ကို ဆန့်တန်းလိုက်သည်။
တစ်ဖနီက သူ့ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။
“ငါ့နောက်လိုက်ခဲ့။”
ထိုစကားက တစ်ဖနီကို အနည်းငယ် သိမ့်သိမ့်တုန် သွားစေသည်။ လျှို့ဝှက် ဆန်းကြယ် နယ်မြေနှင့် သိဒ္ဓိအလင်း တောင်တွင်လည်း ထိုစကားအတိုင်းပင် ဖြစ်ခဲ့သည်။
ထိုစကားက သူ့ကို ဘဝအတွက် နောက်ထပ်တစ်ကြိမ် မျှော်လင့်ချက် ပေးခဲ့သည်။
စိတ်လွင့်နေစဉ်မှာပင် သူ၏ လက်က အလိုအလျောက် ဆန့်သွားပြီး နွေးထွေးမှု ထဲတွင် ဆုပ်ကိုင်ခြင်း ခံလိုက်ရသည်။
ယခင်ကကဲ့သို့ပင် နွေးထွေးလှ၏။
ထိုကဲ့သို့ ဂရုမထားသော စရိုက်ပင်လျှင် ထိုထူးခြားသော ခံစားချက်ကို မဖယ်ရှား နိုင်ခဲ့ပေ။
“မင်းရဲ့ အခမ်းအနား ဝတ်စုံကို အရင် ချွတ်လိုက်။ ငါတို့မှာ နာရီဝက်ပဲ အချိန် ရှိတော့တယ်။”
အဝတ်ချွတ်ရမှာလား။ နာရီဝက်လား။ တစ်ဖနီ၏မျက်နှာ ချက်ချင်းပူတက်လာပြီး နှလုံးခုန်နှုန်း မြန်ဆန်လာကြောင်းကို ခံစားလိုက်ရသည်။ သူက ဆိုဖာကို ကြည့်လိုက်သည်။ “ရှင်ပြောတာက... ဒီမှာ...”
အခမ်းအနားက လုံးဝ မပြီးသေးဘူး မဟုတ်လား။
နေရာက မဟုတ်ဘူး။ အခမ်းအနား ပြီးမှ ရဲတိုက်ထဲက အထူးအိပ်ဆောင်ထဲမှာ ဖြစ်သင့်တာလေ...
“အင်း..” ချန်လွေ့က တစ်ဖနီ၏ ခေါင်းသည် မီးခိုးထွက်လုမတတ် နီရဲ နေသည်ကို မြင်သောအခါမှ ရုတ်တရက် သဘောပေါက်သွားပြီး သူ၏ ခေါင်းကို ပုတ်လိုက်သည်။ “ငါ ပြောတာက အဝတ်အစားလဲပြီးတော့ တိတ်တိတ်လေး ခိုးထွက်ကြမယ်လို့...”
ထိုအခါမှသာ တစ်ဖနီက သူ အထင်လွဲ သွားမှန်း သိလိုက်သည်။ သူက ပို၍ပင် မျက်နှာနီရဲသွားပြီးနောက် လန့်သွား၏။ “ခိုးထွက်မယ်လား။ ဘယ်လိုမျိုးလဲ။”