ရုတ်တရက် အပြောင်းအလဲ
Vol. 69 Ch. 1114
အမှောင်ထု စတင် ဝင်ရောက်လာသော ကောင်းကင်ယံတွင် လနှစ်စင်းက ခရမ်းရောင် အလင်းတန်း ဖျော့ဖျော့ကို ထုတ်လွှတ်နေသည်။
နှင်းမြေမြို့တွင် နေရာတိုင်း၌ သီဆို ကခုန်နေသော ပွဲတော်များဖြင့် စည်ကား နေလေသည်။
အရက်ဆိုင်နှင့် စားသောက်ဆိုင်ကြီး အားလုံးသည် အထူး လျှော့စျေးများနှင့် အခမဲ့ဝိုင်များပင် ကမ်းလှမ်းလျက်ရှိသည်။ တည်ငြိမ်အေးဆေးစွာ ရှိနေကြသူများမှာ အစောင့်များသာ။ တပ်စွဲထားသော အင်အားမှာ ပုံမှန်ထက် ဆယ်ဆ တိုးမြှင့် ထားသည်။ ယနေ့ကဲ့သို့ အထူးနေ့မျိုးတွင် မည်သည့်အမှားအယွင်းမျှ မဖြစ်သင့်ပေ။
လမ်းမထက်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပေါ်ထွက်လာသည်။ အမျိုးသားမှာ ရုပ်ရည် သာမန်ဖြစ်ပြီး အမျိုးသမီးမှာ အရိပ်နက် အင်ပါယာမှ အမျိုးသမီး တစ်ဦးကဲ့သို့ ဝတ်ရုံနှင့် မျက်နှာလွှားကို ဝတ်ဆင်ထားသည်။ ထိုအမျိုးသားနှင့် အမျိုးသမီးတို့၏ ပေါ်ထွက်လာမှုက မလိုလားအပ်သော အာရုံစိုက်မှုကို မဆွဲဆောင်နိုင်ခဲ့ပေ။ လူတိုင်း ကိုယ့်ဘာသာ ပျော်ရွှင် နေကြသည်။
ထိုအရာက ရိုးရှင်းသော ရုပ်ဖျက်မှု တစ်ခုသာ ဖြစ်သည်။ ရဲတိုက်ထဲမှ ကြင်ရာတော်မင်းသား ‘အက်ဂ်ယော’နှင့် သွေးရောင်အင်ပါယာ၏ ဧကရီအရှင်မတို့ ယခုအချိန်တွင် ဤနေရာ၌ ရှိနေမည်ဟု မည်သူမျှ စိတ်ကူးမိမည် မဟုတ်ပေ။
လက်ချင်း တွဲထားကြသော်လည်း အမြဲတမ်း အလှမ်းကွာနေသော ခံစားချက် တစ်ခု ရှိနေပုံရပြီး ထိုအလှမ်းကွာဝေးမှုကို သူတို့ နှစ်ဦးစလုံး ခံစားမိနေသည်။
“တောင်းပန်ပါတယ်။ တစ်ဖနီ။”
“ဘာလို့ ဒီလို ပြောရတာလဲ။”
“ဒီလောက်ကြာမှ မင်းနဲ့အတူ ဈေးဝယ် ထွက်ဖူးတာ ဒါ ပထမဆုံးအကြိမ် မို့လို့ပါ။”
“အင်း...”
“တကယ်တော့ ငါ တကယ် တောင်းပန် ချင်တာက...” ချန်လွေ့ ခေါင်းခါ လိုက်သည်။ “ဒီနိုင်ငံရေးအရ ထိမ်းမြားမှု အတွက်ပါ။”
တစ်ဖနီသည် ခေါင်းငုံ့ကာ တိတ်ဆိတ် နေခဲ့သည်။
သူတို့နှစ်ဦး လမ်းပေါ်ရှိ အရက်ဆိုင် တစ်ဆိုင်၏ တံခါးဝတွင် တစ်ဖနီ ရုတ်တရက် ရပ်တန့်သွားသည်အထိ ရှေ့သို့ ဆက်လျှောက်နေခဲ့ကြသည်။
“ရှင်က လူကောင်းတစ်ယောက်ပါ။”
“...” ချန်လွေ့က နဖူးမှ ချွေးများကို သုတ်လိုက်သည်။ သူတို့နှ စ်ဦးကြားတွင် ယခင်က စိတ်ခံစားချက် မရှိခဲ့သော်လည်း ယခု မင်္ဂလာပွဲ ပြီးသွားပြီ ဖြစ်ရာ တစ်ဖနီက သူ၏ တရားဝင်ဇနီး ဖြစ်နေပြီ ဖြစ်လေသည်။ သို့တိုင် သူက လူကောင်း တစ်ယောက်ဟု ဆိုလိုက်သေးသည်။
“ဒါ...” ချန်လွေ့က ခေါင်းကုတ် လိုက်သည်။ “ငါ့ရဲ့ ဇာတိမြေမှာတော့ မိန်းကလေးတွေ ယောက်ျားလေးတွေကို ဒီလိုမျိုး ပြောလိုက်ပြီဆိုရင် အဓိပ္ပာယ်က ‘ရှင်က လူကောင်းတစ်ယောက်ပါ။ ဒါပေမဲ့ ကျွန်မတို့က ရိုးရိုးသာမန် မိတ်ဆွေတွေပဲ ဖြစ်နိုင်တယ်’ လို့ ဆိုလိုတာပဲ။”
မျက်နှာလွှားနောက်ကွယ်မှ တစ်ဖနီ၏ နှုတ်ခမ်းထောင့်များ လှုပ်ရှားသွားသည်။ အနည်းငယ် တင်းမာနေသော မျက်နှာ အတော်လေး ပြေလျော့သွားပုံရပြီး သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ရှင်က လူကောင်းတစ်ယောက်ပါ။”
“ကောင်းပါပြီဗျာ။” ချန်လွေ့ သက်ပြင်း ချလိုက်သည်။ “ဝန်ခံပါတယ်။”
“ရှင် ပြောဖူးတယ်လေ။” တစ်ဖနီက မော့ကြည့်လိုက်သည်။ “သိဒ္ဓိအလင်း တောင်မှာ အဲဒီလူရဲ့ တာဝန်ပေးအပ်မှု မရှိရင်တောင် ရှင် အဲဒီလိုလုပ်မှာပဲလို့။”
ချန်လွေ့က ‘အဲဒီလူ’ ဆိုသည်မှာ ရိုင်ဇန်ကို ရည်ညွှန်းကြောင်း သိပြီး သူ ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်၊ ငါ တရားမျှတမှု ဆိုတာအတွက် လုပ်တာ မဟုတ်ဘူးလို့လည်း ပြောခဲ့တယ်။ ငါ လုပ်ချင်တာကိုပဲ လုပ်ချင်တာပါ။”
“ကျွန်မ သဘောပေါက်ပြီ။” တစ်ဖနီ မျက်နှာနီမြန်းစွာဖြင့် သူ၏မျက်လုံးများကို စိုက်ကြည့်ကာ ပြောသည်။ “ရှင် တကယ် တောင်းပန်စရာ မလိုပါဘူး။”
“အမ်..”
“ဒါက ရှောင်လွှဲလို့မရတဲ့ နိုင်ငံရေးအရ ထိမ်းမြားမှုတစ်ခု ဖြစ်နေတာဆိုတော့..” တစ်ဖနီ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သတ္တိမွေးနေပုံရသည်။ “တစ်ဖက်လူက ရှင့်လို လူမျိုးဆိုရင် လက်မခံနိုင်စရာတော့ မဟုတ်ပါဘူး...”
ထိုစကားက ပွင့်လင်းလှပေသည်။ ချန်လွေ့ မှင်တက်သွား၏။ သူက တစ်ဖနီ၏ မျက်လုံးများမှာ ဆုံးဖြတ်ချက် ချပြီးသည့်အလား အလွန်ပင် ပြတ်သား နေသည်ကို တွေ့လိုက်ရသည်။
ထိုအကြည့်မှ ချန်လွေ့၏ စိတ်ထဲတွင် စကားတစ်ခွန်း ပေါ်လာခဲ့သည်။
ငါ့ကို မသတ်နိုင်တဲ့ အရာမှန်သမျှက ငါ့ကို ပိုပြီး သန်မာလာစေလိမ့်မယ်။ အခု ခံစားနေရတဲ့ နာကျင်မှုနဲ့ ဝမ်းနည်းမှု အားလုံးဟာ အနာဂတ်မှာ မင်းရဲ့ အခိုင်မာဆုံးသော အင်အား ဖြစ်လိမ့်မယ်။
သူက ထိုစကားကို တစ်ဖနီအား ပြောခဲ့ဖူးသည်။ ဒါပေမဲ့ အခုလို အခြေအနေမှာ ဒီလို စကားလုံးတွေကို သုံးတာက နည်းနည်းတော့...
ထိုသို့သော ပြတ်သားမှုက တစ်မိနစ် မပြည့်မီပင် ပျောက်ကွယ်သွား၏။ တစ်ဖနီ အနည်းငယ် တုန်ယင်သွားသည်။ သမ၏ မျက်လုံးများက ပျော့ပျောင်းသွားခဲ့ပြီး ရှက်သွေးဖြာလာကာ ပါးပြင်များမှာ မီးကဲ့သို့ နီရဲနေ၏။ သူက မျက်နှာလွှား ဝတ်ထားလျှင်ပင် ချန်လွေ့ ခံစားမိသည်။ “အဲဒါ... ချန်လွေ့.. ကျွန်မ...”
နောက်တစ်ယောက်လား။ ချန်လွေ့က တစ်ဖနီ၏ စရိုက် ပြောင်းလဲသွားသည်ကို ခံစားမိလိုက်သည်။ ၎င်းမှာ အေးစက်သော စရိုက်မှ နူးညံ့သိမ်မွေ့သော စရိုက်သို့ ရှင်းလင်းစွာ ပြောင်းလဲသွားခြင်းဖြစ်သည်။ ကောင်းပြီလေ။ တကယ်တော့ အဲဒီစရိုက် ‘တိုက်ခိုက်ရေးစွမ်းအား’က ဒီလောက်ပါပဲ။
“ပြောစရာ မလိုပါဘူး။ နားလည် ပါတယ်။” ချန်လွေ့ သူ့လက်ကို ဆုပ်ကိုင် လိုက်သည်။ “အစီအစဉ်က နည်းနည်း ပြောင်းပြန် ဖြစ်နေပေမယ့် အရင်ဆုံး လက်ထပ်ပြီးမှ ချစ်ကြတာပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် တစ်ယောက်ကို တစ်ယောက် အခွင့်အရေး ပေးကြည့်ကြရအောင်။”
“အင်း...” တစ်ဖနီက ရှက်ရွံ့စွာ ခေါင်းငုံ့ပြီး အနားသို့ အနည်းငယ် တိုးကပ်လာသည်။ ၎င်းက သူတို့ နှစ်ဦးကြားက အကွာအဝေးကို ပိုမို၍ နီးကပ်သွားစေသည်မှာ သေချာပေသည်။ အပေါ်ယံသာ မဟုတ်ပေ။
ထိုနူးညံ့သော စရိုက်က အချို့သော ကဏ္ဍများတွင် အခြားတစ်ယောက်ထက် ပို၍ သတ္တိရှိပုံ ရသည်။
တစ်ဖနီ၏ လက်ရှိအစွမ်းက နတ်ဆိုး အရှင်သခင် အထွတ်အထိပ် ဖြစ်သည်။ အစပိုင်းတွင် သိဒ္ဓိမိန်းမပျို ယူဒိုရာက အယ်လီဇာ၏ အရည်အချင်းကို အသုံးပြု၍ သူ့အစွမ်းအချို့ကို ယူသွားရာ တစ်ဖနီ၏ စွမ်းအား ကျဆင်းသွားခဲ့ပြီး ချန်လွေ့က သူ့ကို သွေးရောင်အင်ပါယာသို့ ပြန်မပို့မီ ကြယ်တစ်ပွင့် အဆင့်မြှင့်တင်မှု စွမ်းအား ပေးခဲ့သည်။ တစ်ဖနီမှာ မူလက စေတန်၏ တပည့် ဖြစ်သည်။ စေတန်က သူ့ကို လျှို့ဝှက် ဆန်းကြယ်သော နေရာကို ဖွင့်ပေးမည့် ‘သော့’တစ်ချောင်း အဖြစ် လေ့ကျင့်ပေးရန် ရည်ရွယ်ခဲ့သည်။ ထို‘သော့’သည် အစွမ်းအဆင့်အတန်း တစ်ခုသို့ ရောက်ရှိရမည် ဖြစ်သောကြောင့် သူက တစ်ဖနီကို စစ်မှန်သော ကျွမ်းကျင်မှု အချို့ကိုပင် သင်ကြားပေးခဲ့သည်။ ယခု ကြယ်တစ်ပွင့် အဆင့် တိုးမြှင့်မှု၏ အာနိသင်အောက်တွင် သူက အခြေခံကို ပြန်လည် တည်ဆောက်နေပြီး သူ၏ အစွမ်းက မူလအဆင့်သို့ လျင်မြန်စွာ ပြန်လည် ရောက်ရှိလာခဲ့သည်။ သို့သော် တစ်ဖနီ၏ စွမ်းအင် အများစုကို တိုင်းပြည် အရေး ကိစ္စများတွင် အာရုံစိုက်ထားပြီး လေ့ကျင့်ချိန် အတော်လေး နည်းပါး၏။ သို့မဟုတ်လျှင် ကြယ်တစ်ပွင့် အဆင့် တိုးမြှင့်မှု၏ အားကောင်းသော အထူး ဂုဏ်သတ္တိနှင့် သူ၏ မူလအခြေခံတို့ ပေါင်းစပ်လိုက်ပါက တိုင်းပြည်အဆင့်သို့ ထိုးဖောက်သွားနိုင်ပေသည်။
ဘေးမှ ဆူညံသံများက ပို၍ပို၍ ကျယ်လောင်လာပြီး ထိုလူများကြားတွင် ပြဿနာအချို့ ရှိနေပုံရသည်။
အရက်ဆိုင်ထဲတွင် လူများလွန်းရာ ဆိုင် အပြင်ဘက်တွင် စားပွဲများစွာ ထပ်ထည့် ထားသည်။ အပြင်ဘက်ဆုံး စားပွဲတွင် အဖွဲ့နှစ်ဖွဲ့ ငြင်းခုံနေကြ၏။
“ဧကရီ ကတ်သရင်းက နတ်ဆိုးဘုံရဲ့ ထိပ်တန်း မိန်းမလှဆိုတာ လူတိုင်း သိကြတာပဲ။ ဟုတ်တယ်။ ဧကရီ ကတ်သရင်းက ပိုလှတာပေါ့!” အသံ ကျယ်ကျယ်ဖြင့် ပြောနေသူမှာ ရုပ်ရည် ချောမောသော အမျိုးသားတစ်ဦး ဖြစ်ပြီး သူ့ဘေးတွင် မျက်နှာလွှား ဝတ်ထားသော အလှပဂေးနှစ်ဦး ရှိနေသည်။ သူတို့က အရိပ်နက်အင်ပါယာမှ နေထိုင်သူများ ဖြစ်လောက်သည်။
“ဧကရီ ကတ်သရင်းရဲ့ အလှတရားကို ငါ လက်ခံတယ်။ ဒါပေမဲ့ ငါတို့ရဲ့ ဧကရီ တစ်ဖနီကလည်း မနိမ့်ကျဘူး!” ငြင်းခုံ နေသော အမျိုးသားမှာ သွေးရောင် အင်ပါယာမှ ဖြစ်သည်မှာ ထင်ရှားသည်။ “ဧကရီ တစ်ဖနီမှာ အလှအပ အပြင်ကို အရည်အချင်းနဲ့ ဉာဏ်ပညာလည်း ရှိတယ်။ အချိန်တိုအတွင်းမှာ သွေးရောင် အင်ပါယာ အခြေအနေ တည်ငြိမ်အောင် လုပ်နိုင်ခဲ့တယ်။ အင်ပါယာဟာ တခြား အင်ပါယာ နှစ်ခုထက် မနိမ့်တဲ့ အရှိန်အဟုန်မြင့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းအပေါ်ကို ရောက်ရှိနေပြီ။ သွေးရောင် အင်ပါယာက ပြည်သူ အားလုံးရဲ့ နှလုံးသားထဲမှာတော့ သူက ထိပ်တန်းမိန်းမလှပဲ!”
“ဧကရီ ကတ်သရင်းက ထိပ်တန်း ပညာရှိတစ်ပါးလည်း ဟုတ်တယ်!” ဘေးမှ တစ်စုံတစ်ယောက်က ကက်သရင်းကို ထောက်ခံစပြုလာသည်။
“ဧကရီ တစ်ဖနီ!”
“ဧကရီ ကတ်သရင်း!”
“...”
ထိုအခါမှ ချန်လွေ့က ထိုအရာမှာ ယနေ့ သတို့သမီးနှစ်ဦးထဲမှ မည်သူက အလှဆုံး ဖြစ်ကြောင်း ငြင်းခုံနေခြင်း ဆိုသည်ကို သိလိုက်ရသည်။ အနည်းငယ် ငြီးငွေ့ဖွယ် ကောင်းသော်လည်း လူထု အတွက်မူ ထိုအရာမှာ အမှန်တကယ်ပင် ညစာစားပြီးနောက် ဆွေးနွေးနိုင်သော အကြောင်းအရာ ဖြစ်၏။ အထူးသဖြင့် ယနေ့လို နေ့မျိုးတွင် ဖြစ်သည်။ နှစ်ဖက် စလုံးမှ ပရိသတ်အဖွဲ့များ ပြင်းထန်စွာ ငြင်းခုံနေကြသော်လည်း သူတို့က ဧကရီ နှစ်ပါးကို အနည်းငယ်မျှပင် ဂုဏ်သိက္ခာ ကျဆင်းအောင် မပြောဆိုကြပေ။ ပြောရမည် ဆိုလျှင် ကတ်သရင်းက ဟိုးအရင်ကတည်းက ကျော်ကြားခဲ့ခြင်း ဖြစ်ရာ သူ၏ ပရိသတ် အဖွဲ့က အသာစီးရနေခဲ့သည်။
တစ်ဖနီသည် အခြားသူများက သူ၏ ရုပ်ရည်ကို ကတ်သရင်းနှင့် နှိုင်းယှဉ် နိုင်ကြောင်း မှတ်ချက်များကို ကြားရာ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
ချန်လွေ့က ဘေးမှ စိတ်ဝင်တစား ကြည့်နေစဉ်တွင် အရိပ်နက်အင်ပါယာမှ အမျိုးသားက ဝိုင်ပုလင်း တစ်လုံးဖြင့် သူ့ထံသို့ လာပြီး ဝိုင်တစ်ခွက် ကမ်းပေး လိုက်သည်။ သူက ပြောသည်။ “ညီလေး၊ အရိပ်နက်အင်ပါယာရဲ့ ဧကရီ ကတ်သရင်း အလှဆုံးပဲ။ မင်း သဘောမတူဘူးလား။”
ထိုသူက ချန်လွေ့၏ ‘အမျိုးသမီး’ ဝတ်စား ဆင်ယင်ပုံမှာ အရိပ်နက် အင်ပါယာမှ တစ်စုံတစ်ယောက်နှင့် တူသည်ကို မြင်လိုက်ပြီး အဆုံးအဖြတ် ပေးနိုင်သော အောင်ပွဲအတွက် အင်အား ဖြည့်တင်းရန် လာရောက်ခြင်း ဖြစ်သည်။ သို့သော် ထိုလူများထဲမှ မည်သူမျှ အရိပ်နက် အင်ပါယာမှ ဟူ၍ ထင်ရသော အမျိုးသမီးမှာ အမှန်တကယ် သွေးရောင် အင်ပါယာ၏ အုပ်စိုးသူ ကိုယ်တိုင် ဖြစ်ကြောင်း စိတ်ကူးမိမည် မဟုတ်ပေ။
ချန်လွေ့ ပြန်ဖြေလိုက်သည်။ သူက ဝိုင်ခွက်ကို ယူ၍ သောက်လိုက်ပြီးနောက် ပြုံးရင်း ပြောလိုက်သည်။ “တကယ်တော့ ဧကရီအရှင်မ နှစ်ပါးစလုံးမှာ ကိုယ်ပိုင် အလှတရားတွေ ရှိကြတော့ ဘယ်သူက ပိုလှလဲဆိုတာ ဆုံးဖြတ်ရ ခက်လွန်းတယ်။ ကျုပ်ရဲ့ စိတ်ထဲမှာတော့ ဧကရီ တစ်ဖနီနဲ့ ဧကရီ ကက်သရင်းတို့ နှစ်ယောက်လုံးက တစ်မျိုးစီ လှကြပါတယ်။”
ကြင်ရာတော် မင်းသား၏ စကားကို ဧကရီ တစ်ဖနီက လက်ခံသော်လည်း အရက်ဆိုင်ထဲမှ ပရိသတ် အဖွဲ့ကမူ လက်မခံခဲ့ပေ။
“ထွီး! မျက်နှာနှစ်ဖက်နဲ့ကောင်!”
“သိတယ်။ ဒီကောင် ကြယ်ကြွေတမန် အင်ပါယာကပဲ!”
“အဲဒီအဖြေက လုံးဝမမိုက်ဘူး...”
တစ်ဖနီက ရှက်ရွံ့စွာဖြင့် ပြောသည်။ “တကယ်တော့ ကျွန်မထင်တာ ဧကရီ ကက်သရင်းက ပိုလှပါတယ်။”
တစ်ဖနီ၏ နှလုံးသားထဲ အနည်းဆုံး ထိုစရိုက်၏ နှလုံးသားထဲတွင် သူသည် ယုံကြည်မှုနှင့် ဉာဏ်ပညာတို့ဖြင့် ပြည့်နှက်နေသော ‘အစ်မ’နှင့် အမှန်ပင် မနှိုင်းယှဉ်နိုင်ဟု ထင်မိသည်။
“ဒီကောင်ရဲ့ မိန်းမက ပိုပြီးတော့ ပွင့်လင်းတာပဲ!”
“ငါတို့ အရိပ်နက်အင်ပါယာ အလှပဂေး ဆိုတာ ဒါမျိုးမှပေါ့!”
“ဒီကောင် မင်းကို နှိပ်စက်ရဲရင် ငါ့ကိုပြော။ သူ့ကို မင်းအတွက် သင်ခန်းစာ ပေးလိုက်မယ်!”
“ဟုတ်တယ်! ဟားဟား!”
“...”
ချန်လွေ့က ဤအရာအားလုံးမှာ စေတနာကောင်းဖြင့် ဆူညံနေခြင်း ဖြစ်ကြောင်း သိ၍ သူ အလေးအနက် မထားခဲ့ပေ။ သူက တမင်တကာပင် မေးလိုက်သည်။ “ခင်ဗျားတို့က မိန်းမလှ အကြောင်းပဲ ပြောနေကြတာ။ ဒါပေမဲ့ ကြင်ရာတော် မင်းသားက တကယ်တော့ တော်တော်လေး ချောတယ်လို့ ဘယ်သူမှ မထင်မိဘူးလား။”
ထိုစကား ထွက်လာသည်နှင့် ပရိသတ် အဖွဲ့၏ ဆူညံသံက ရုတ်တရက် တိတ်ဆိတ် သွားသည်။ ချန်လွေ့က ပတ်ဝန်းကျင်မှ ထူးဆန်းသော မျက်လုံးများကြောင့် အနည်းငယ် ကြက်သီးထလာခဲ့သည်။
နောက်ဆုံးတွင် တစ်စုံတစ်ယောက်က စကားပြောလာသည်။
“ကြင်ရာတော်မင်းသားရဲ့ ရုပ်ရည်က... အဲ.. အဲဒါ သူ့ရဲ့ ရုပ်အမှန် မဟုတ်ဘူးလို့ ကြားမိတယ်။”
“ရုပ်အမှန် မဟုတ်တောင် အတူတူပဲ... အစွမ်းအစ အကြောင်း ပြောကြရအောင်။”
“ဟုတ်တယ်။ သူ့ရဲ့ အစွမ်းကတော့ ဧကရီနှစ်ပါးနဲ့ ထိုက်တန်ပါတယ်။”
“သူ့ရဲ့အရည်အချင်းလည်း မဆိုးဘူး။”
“...”
ချန်လွေ့ မျက်လုံး လှန်နေသည်ကို မြင်ရာ တစ်ဖနီ မပြုံးဘဲ မနေနိုင်တော့ပေ။ ‘အစွမ်းအစဖြင့်သာ နှိုင်းယှဉ်နိုင်သော’ ကြင်ရာတော် မင်းသားနှင့် အတူ သူ အရက်ဆိုင်မှ ထွက်ခွာသွားခဲ့သည်။
လမ်းမပေါ် လျှောက်နေစဉ် တစ်ဖနီက လက်ချင်းတွဲထားရာမှ ချန်လွေ့၏ လက်မောင်းကို ချိတ်ကိုင်လိုက်သည်။ ကောင်းကင်တွင် အခါအားလျော်စွာ တက်လာသော မှော်မီးရှူးမီးပန်းများက နီးကပ်လာသော အရိပ်နှစ်ခုကို အကြိမ်ကြိမ် လင်းထိန်စေခဲ့သည်။
အပြင်ဘက်မှ ဆူညံပွက်လောရိုက်မှုနှင့် နှိုင်းယှဉ်လျှင် တစ်ဖနီ၏ စိတ်က လုံးဝ ငြိမ်းချမ်းနေခဲ့သည်။ ထိုပလ္လင်ပေါ်၌ပင် ထိုသို့သော ခံစားချက်မျိုးကို မကြုံတွေ့ ခဲ့ဖူးပေ။ ထိုနွေးထွေးသော ခြံဝင်း ထဲတွင်သာ ကြုံတွေ့ခဲ့ဖူးသည်။
ဤလောကထဲတွင် အမျိုးသားများစွာ ရှိသော်လည်း ထိုပုဂ္ဂိုလ် တစ်ဦးတည်းသာ အရည်အချင်းနဲ့ ရုပ်ရည် မထည့်တွက်ဘဲ သူ၏ နှလုံးသားကို အမှန်တကယ် ထိတွေ့နိုင်ပြီး သူ၏ နှလုံးသားထဲသို့ ဝင်ရောက်နိုင်ခဲ့သည်။
ဒီနိုင်ငံရေးအရ လက်ထပ်ထိမ်းမြားမှုက တကယ်တော့...
“နာရီ ပြည့်တော့မယ်။ ငါတို့တွေ ပြန်သင့်ပြီ။” အမျိုးသား၏ အသံက တစ်ဖနီ၏ နှလုံးသားကို အနည်းငယ် တင်းကျပ် သွားစေသည်။ ဒီလောက် မြန်တာလား။
ချန်လွေ့က တစ်ဖနီ၏ အတွေးများကို မြင်လိုက်သည်။ “စိတ်မပူပါနဲ့။ ငါတို့မှာ ရှေ့ဆက်ရမယ့် အနာဂတ် အရှည်ကြီး ရှိပါသေးတယ်...”
“အင်း...” တစ်ဖနီ ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ အနာဂတ်မှာ အဲဒီလို ငြိမ်းချမ်း တည်ငြိမ်မှုမျိုး... ငါ အမြဲတမ်း ပိုင်ဆိုင်နိုင်မှာပါနော်။
ထိုအခိုက်တွင် ချန်လွေ့ ရုတ်တရက် ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ အလင်းစက် နှစ်စက်က လျှပ်စီးကဲ့သို့ ကောင်းကင်သို့ မှေးမှိန် ပျောက်ကွယ် သွားနေသည်။ ၎င်းတို့က ကောင်းကင်ရှိ တောက်ပလှပသော မှော်မီးရှူးမီးပန်းများ အကြားတွင် အထူးတလည် ထင်ရှားခြင်း မရှိသော်လည်း ချန်လွေ့က ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားတစ်ခု၏ အငွေ့အသက်ကို မရေမရာ ခံစားလိုက်ရသည်။ သူ၏ လက်ရှိ အခြေအနေ၌ပင် သူက ကြက်သီးထဖွယ် ခံစားချက်တစ်ခုကို ခံစားလိုက်ရဆဲ ဖြစ်သည်။ သူက ချက်ချင်းပင် အမြင်အာရုံကို စုစည်း၍ ကြည့်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်း အလင်းတန်း နှစ်ခုကြားတွင် ရောယှက်မှု တစ်မျိုးမျိုး ဖြစ်ပွားခဲ့ပြီး အလင်းတန်း တစ်ခုက ပြင်းထန်စွာ ပြုတ်ကျလာခဲ့သည်။
ချန်လွေ့ တုန်လှုပ်သွားပြီး နေရာ၌ပင် ပျောက်ကွယ်သွားခဲ့သည်။
အကြောင်းမှာ ပြုတ်ကျလာသော အလင်းတန်း၏ ပုံသဏ္ဌာန်ကို မြင်တွေ့ပြီး ဖြစ်သောကြောင့်ပင်။ ဧရာမနဂါး။ ပြီးတော့ နဂါးနက်!
နဂါးဧကရာဇ် အက်ဂ်လက်စ်!