← Chapters

ထိတ်လန့်ဖွယ်ရာ

Vol. 69 Ch. 1115

ထိတ်လန့်ဖွယ်ရာ

Vol. 69 Ch. 1115

အက်ဂ်လက်စ် ပြုတ်ကျလာတဲ့ပုံကို ကြည့်ရတာ သူက ခန္ဓာကိုယ် ဟန်ချက်ကို လုံးဝ မထိန်းချုပ်နိုင်တော့တဲ့ ပုံစံမျိုးပဲ။ ခုနက အလင်းတန်းနှစ်ခု တိုက်ခိုက်မှုက သူ့ကို စိတ်ကူးလို့မရနိုင်တဲ့ ထိခိုက်မှုကို ခံစားလိုက်ရစေတာထင်တယ်။

ဖိုက်သွန်ရဲ့ လမ်းညွှန်မှုအောက်မှာ အက်ဂ်လက်စ်က နတ်ဘုရား-ယောင် ဘဝရဲ့ လျို့ဝှက်နက်နဲမှုကို ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်း နားလည်လာခဲ့သည်။ သူရဲ့အစွမ်း အများကြီး တိုးတက်လာခဲ့ပြီး နဂါး အဆောင်ပစ္စည်း [နဂါးနတ်ဘုရား မျက်လုံး]ကိုလည်း ပိုင်ဆိုင်ထားသည်။ သူ့ကို ဒီလိုအခြေအနေမှာ အနိုင်ယူနိုင်တဲ့ ရန်သူက အတော်လေးကို ကြောက်စရာ ကောင်းတဲ့ တည်ရှိမှုတစ်ခု ဖြစ်မှာ အသေအချာပဲ။

ချန်လွေ့ ပေါ့ဆရဲခြင်း မရှိပေ။ သူက ချက်ချင်း [ဓူဝံကြယ် အသွင်ပြောင်းခြင်း] စွမ်းအားကို အသုံးပြု၍ [လေလို မြန်ဆန်] ကို သုံးကာ အက်ဂ်လက်စ်၏ အောက်သို့ အမြန်ရောက်သွားပြီး ဧရာမခန္ဓာကိုယ်ကို ထိန်းပေးလိုက်သည်။

အက်ဂ်လက်စ်၏ အခြေအနေမှာ မျှော်လင့်ထားသည်ထက် ပိုဆိုးနေ၏။ ယုံကြည်မှု သံချပ်ကာ ဝတ်ဆင်ထားသော ဧရာမခန္ဓာကိုယ်က အက်ကွဲကြောင်းများ ပြည့်နှက်နေသည်။ အက်ကြောင်းများမှာ သွေးများနှင့် ကြောက်မက်ဖွယ်ရာ ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။ သူ၏ မျက်လုံးနှစ်လုံးရှိ ဒေါင်လိုက်သူငယ်အိမ် တွင်ပင် အက်ကွဲကြောင်းများ ရှိနေ၏။

ချန်လွေ့ သူ့ကို ကယ်တင်ရန် ပြင်လိုက်စဉ်မှာပင် အက်ဂ်လက်စ်၏ နောက်ထပ် စကားတစ်ခွန်းက သူ၏ မျက်နှာ အမူအရာကို ပြောင်းလဲ သွားစေသည်၊ “ငါ့အတွက် စိတ်မပူနဲ့! သော်သော်ကို သွားကယ်။”

ဟုတ်တယ်! အက်ဂ်လက်စ်က သော်သော်ကို အမြဲတမ်း ချီပိုးထားခဲ့တာ!

ချန်လွေ့ တုန်လှုပ်သွား၏။ သူက ချက်ချင်းပင် ခရမ်းရောင် လျှပ်စီးကြောင်း တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး ညအမှောင်ထဲတွင် ပျောက်ကွယ်လုနီးပါး ဖြစ်နေသော အဖြူရောင် အလင်းတန်း နောက်သို့ လိုက်သွားခဲ့သည်။

အဖြူရောင် အလင်းတန်း၏ အရှိန်က အလွန်ပင် မြန်ဆန်လှသည်။ [ဓူဝံကြယ် အသွင်ပြောင်းခြင်း] အခြေအနေတွင် [လေလိုမြန်ဆန်] အစွမ်းနှင့် အရိပ်လေပြေ ဖိနပ်၏ [လေလွင့်ပြေး]ကို အသုံးပြုပြီး နောက်တွင် ချန်လွေ့က ထိုအဖြူရောင် အလင်းတန်းနောက် မနည်းလိုက်နေရပြီး ချက်ချင်း လိုက်မီနိုင်ခြင်း မရှိခဲ့ပေ။

ချန်လွေ့က အရိပ်လေပြေ ဖိနပ်၏ အရှိန်သုံးဆ မြှင့်တင်သည့် စွမ်းရည် [မီးပွင့်]ကို ချက်ခင်း အသုံးပြုလိုက်သည်။ နောက်ဆုံးတွင် သူက အကွာအဝေးကို ကျုံ့နိုင်ခဲ့သည်။

အဖြူရောင် အလင်းတန်းထဲတွင် မသဲမကွဲ ပုံရိပ်တစ်ခု ရှိနေသော်လည်း သော်သော်၏ အရိပ်အယောင် မရှိပေ။ သို့သော် ချန်လွေ့က သော်သော်သည် ထိုပုဂ္ဂိုလ်၏ ထိန်းချုပ်မှု အောက်တွင် ရှိနေရမည်ကို သိသည်။ ထိုအချိန်တွင် နှစ်ဖက်စလုံး၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လွန်းပြီး အချိန် အရှိန်အဝါကို အသုံးပြုရန် အကွာအဝေးမှာ အလွန် ဝေးကွာလွန်းနေသည်။ သူက အသံ ကျယ်ကျယ် အော်ပြီး အားကောင်းသော ပျက်စီးခြင်းစွမ်းအားက သူ၏ ညာဘက် လက်သီးတွင် ချက်ချင်း စုစည်းသွား၏။ ကြက်သွေးရောင် အလင်းတန်း တစ်ခုက အဖြူရောင် အလင်းတန်းထဲမှ ပုံရိပ်ထံသို့ တန်းတန်းမတ်မတ် ပစ်လွှတ်လိုက်သည်။ လမ်းတလျှောက်ရှိ ညကောင်းကင်က ထိုအလင်းတန်းကြောင့် နှစ်ပိုင်းပိုင်းသွား သကဲ့သို့ ထင်ရသည်။

[အစစ်အမှန်အနီရောင် ပျက်သုဉ်း]!

အဖြူရောင် အလင်းတန်းထဲမှ ပုံရိပ်က ထိုတိုက်ကွက်၏ စွမ်းအားကို ခံစားမိသော်လည်း နောက်ပြန်လှည့် မကြည့်ခဲ့ပေ။ သူက လက်ကို နောက်သို့ ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရုံဖြင့် [အစစ်အမှန်အနီရောင်ပျက်သုဉ်း] ၏ အလင်းတန်းက မီးတောက်နှင့်တွေ့သော နှင်းပွင့်များသဖွယ် ချက်ချင်းပင် ပြိုကွဲ သွားခဲ့သည်။

ချန်လွေ့က ကြီးကျယ်ခမ်းနားသော စွမ်းအားတစ်ခုက ချွန်ထက်သော ဓား တစ်စင်းကဲ့သို့ သူ့ထံသို့ လာနေကြောင်း ကိုသာ ခံစားလိုက်ရ၏။ ထိုစွမ်းအားက အလွန်ပင် ကြောက်မက်ဖွယ်ကောင်းရာ ချန်လွေ့က ၎င်းနှင့် ထိမိရုံမျှဖြင့် သူ၏ ခန္ဓာတစ်ခုလုံး [အစစ်အမှန်အနီရောင် ပျက်သုဉ်း] ကဲ့သို့ပင် လုံးဝပြိုကွဲမည်ကို အသေအချာ ခံစားမိနေသည်။

[ကြေးမုံခန္ဓာ] သုံးရမှာလား။ [နတ်ဆိုးယင်ကောင် အသွင်ပြောင်းခြင်း] သုံးရမှာလား။ မဟုတ်ဘူး။ ပြိုင်ဘက်ရဲ့ လှုပ်ရှားမှု အရှိန်က မြန်လွန်းတယ်။ ငါ နည်းနည်းလေး နှေးရင်တောင် နောက်ကျ ကျန်ခဲ့လိမ့်မယ်။ ပြီးတော့ [မီးပွင့်] က တစ်မိနစ်ပဲ သုံးလို့ရတာ။ ဒီလိုမျိုး အခြေအနေမှာတော့ [ကြယ်လမ်းလွှဲ]ပဲ သုံးလို့ ရတော့မယ်။

ချန်လွေ့၏ လက်ထဲတွင် အလင်းရောင် ဖျော့ဖျော့တစ်ခု ချက်ချင်း ပေါ်လာပြီး လျင်မြန်စွာ ယိမ်းသွားသည်။ ဓားနှင့် တူသော စွမ်းအားက ဘေးနှစ်ဖက်သို့ ဆွဲထုတ် ခံလိုက်ရသော်လည်း ထိုလူ၏ အရှိန်မှာ အလွန်မြန်ဆန်သောကြောင့် သူ ပြန်လမ်းလွှဲနိုင်ခြင်းမရှိခဲ့ပေ။

ချက်ချင်းဆိုသလိုပင် အရှိန်မြင့်မားစွာ ဖြတ်ကျော်သွားသော အလင်းတန်းများစွာ ထပ်မံရောက်ရှိလာ၏။

ချန်လွေ့က ဂေဘရီယယ်နှင့် ‘အရှိန် တိုက်ပွဲ’ အတွေ့အကြုံ ရှိသည်။ ယခု တစ်ကြိမ်တွင် အပြည့်အဝ သတိထားကာ [မီးပွင့်]ကို အကောင်းဆုံး အသုံးချ၍ ဖြတ်ကျော်သွားသော အလင်းတန်းများ အကြား ရှောင်တိမ်းရာ ထိုအလင်းများ အားလုံး အချည်းနှီး ဖြစ်သွားခဲ့သည်။ သို့တိုင် အလင်းရောင် အရှိန်၏ လွှမ်းမိုးမှု ခံရသော ကြယ်ချပ်ကာ အပေါ်တွင် အက်ကြောင်းများ ပေါ်လာခဲ့သည်။ အတော်လေးကို ကြောက်စရာကောင်းတဲ့ စွမ်းအားပဲ!

အဖြူရောင် အလင်းတန်းမှ ပုဂ္ဂိုလ်က သူ၏ တိုက်ခိုက်မှုများ တစ်ခုမျှ မထိမှန် သည့်အတွက် အနည်းငယ် အံ့ဩသွား၏။ ချန်လွေ့ တဖြည်းဖြည်း ချဉ်းကပ်လာနေပြီ ဖြစ်သည်။ ထိုပုဂ္ဂိုလ်က ရုတ်တရက် နောက်ပြန် လှည့်ကြည့်လိုက်ရာ ချန်လွေ့ အရောင်စုံ မီးရှူးမီးပန်းများကြောင့် လင်းထိန်နေသော ညကောင်းကင် တစ်ခုလုံး ရုတ်တရက် မှောင်သွားသလို ခံစားလိုက်ရသည်။ ကောင်းကင်ပေါ်တွင် ခရမ်းရောင် လနှစ်စင်းသာ ကျန်တော့၏။

မဟုတ်ဘူး။ လ မဟုတ်ဘူး။

မျက်လုံးတွေ။

ဧရာမ မျက်လုံးနှစ်လုံး။

ထိုမျက်လုံး နှစ်လုံးသည် တိတ်ဆိတ် ငြိမ်သက်နေပုံ ရသော်လည်း ထိုအခိုက်င် ချန်လွေ့၏ အမွေးများ ထောင်သွားပြီး အလွန်အန္တရာယ်ရှိသော အငွေ့အသက်ကို ခံစားလိုက်ရသည်။

ထို့ပြင် ထို‘မျက်လုံး’ကို မြင်ဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။

ထိုရန်သူသည် မည်သူဖြစ်ကြောင်းကို သူ နောက်ဆုံး နားလည်သွားခဲ့သည်။

နောက်စက္ကန့်တွင် ချန်လွေ့ အဝေးသို့ ထွက်ပြေးသွားခဲ့သော အဖြူရောင် အလင်းတန်းမှလွဲ၍ သူ၏ ပတ်ဝန်းကျင်ရှိ အရာအားလုံး ရပ်တန့်သွားကြောင်းကို ခံစားလိုက်ရသည်။

ထိုအရာမှာ အချိန် စီးဆင်းနှုန်း ပြောင်းလဲ သွားခြင်းကြောင့် မဟုတ်ဘဲ နေရာလွတ်တစ်ခုလုံး အေးခဲသွားခြင်းပင်!

အဝေးရှိ အဖြူရောင် အလင်းတန်းဆီမှ စကားတစ်ခွန်း ထွက်ပေါ်လာခဲ့လေသည်။ “ကြမ္မာဆိုး!”

ထိုစကား ထွက်ပေါ်လာသည်နှင့် မျက်လုံးနှင့် တူသော လနှစ်စင်းက ချက်ချင်းပင် သွေးကဲ့သို့ နီရဲသွား၏။

ထူးဆန်းသော အငွေ့အသက်က နေရာလွတ် တစ်ခုလုံးကို ချက်ချင်းပင် ပြည့်နှက်သွားခဲ့လေသည်။ ထိုအရာမှာ သာမန် ချုပ်ချယ်သည့် စွမ်းအားတစ်ခုသာ မဟုတ်ဘဲ အထူးစွမ်းအား ပြည့်နေသော စွမ်းအားတစ်ခု ဖြစ်သည်။ သူ၏ခန္ဓာနှင့် ဝိညာဉ်က တစ်ချိန်တည်း ချုပ်နှောင်ခြင်း ခံလိုက်ရသည်။ ထိုစွမ်းအားက ကြမ္မာ၏ အမျှင်တန်းကဲ့သို့ မမြင်နိုင်သော အထူး စည်းမျဉ်းတစ်ခုဖြင့် သူ၏ ဝိညာဉ်နှင့် ဆက်သွယ်ထားကြောင်း ပင်ကိုအသိစိတ် ပြောပြနေသည်။ ထိုနေရာ၌ ဆက်လက်၍ ရှိနေပါက သူ၏ ဝိညာဉ် တဖြည်းဖြည်း တိုက်စားပျက်စီးသွားပေလိမ့်မည်။ အခြား တစ်ဖက်တွင်လည်း အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် ကွင်းဆက်တုံ့ပြန်မှုကို ဖြစ်ပေါ်စေပေလိမ့်မည်။

ဒီတုံ့ပြန်မှု စွမ်းအားက အတော်လေးကို ကြောက်စရာပဲ။ ဒီအမျှင်တန်းတွေရဲ့ ချုပ်နှောင်မှုကနေ ဖောက်ထွက်ချင်ရင် ငါ့ဝိညာဉ်တောင် ကြေမွသွားပေလိမ့်မယ်။

ဒါက [ကြမ္မာဆိုး] စွမ်းအားပဲ!

လှုပ်လို့မရ။ [ကြေးမုံခန္ဓာ]ကို သုံး၍မရ။ [နတ်ဆိုးယင်ကောင် အသွင်ပြောင်းခြင်း] ကိုလည်း သုံးလို့မရဘူး။

ဒီလိုမျိုး ထူးဆန်းသော စွမ်းအားကို တဖြည်းဖြည်း ချေဖျက်ဖို့အတွက် [ကြယ် ဝါးမျိုခြင်း]လို နည်းလမ်းတွေကိုပဲ သုံးလို့ ရနိုင်မယ်။

ချန်လွေ့က ထိုပုဂ္ဂိုလ်က ထိုစွမ်းအားကို အသုံးပြု၍ စေတန်နှင့် ယှဉ်ပြိုင်သည်ကို တစ်ချိန်က မြင်တွေ့ခဲ့ဖူးသည်။ ယခု သူကိုယ်တိုင် ကြုံတွေ့ရသောအခါမှ ထိုစွမ်းအား၏ ကြီးမားမှုကို သိတော့သည်။ ဒါက သူ့ရဲ့ အစွမ်းအထက်ဆုံး [ကြမ္မာဆိုး ကပ်ဘေး အခန်းကြီး (၇)ခန်း]တောင် မဟုတ်သေးဘူး!

ထိုပုံရိပ်သည် အဝေးတွင် အလင်းစက် တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်၏။ တစ်စက္ကန့်တိုင်း နှောင့်နှေးသွားလေလေ လိုက်မီရန် မျှော်လင့်ချက် နည်းပါးလေ ဖြစ်သည်။

သော်သော်က သူ့ရဲ့ လက်ထဲမှာ ရှိနေသေးတယ်! ချန်လွေ့က သည်းမခံ နိုင်တော့ပေ။ သူ စိတ်ပိုင်းဖြတ်ကာ သူ၏ အစွမ်းအားလုံးကို ထုတ်ဖော်လိုက်သည်။ [မီးပွင့်] စွမ်းအားကို အပြည့်အဝ သုံးကာ ရှေ့သို့ ပြေးထွက်သွားခဲ့သည်။ ချက်ချင်း ဆိုသလိုပင် ချန်လွေ့က ဝိညာဉ်ထဲတွင် ပြင်းထန်သော တုန်ခါမှု တစ်ခုကို ခံစားလိုက်ရသည်။ ခဲနေသော နေရာလွတ် တစ်ခုလုံးက မီးစာဖြင့် မီးရှို့လိုက်သော ဒိုင်းနမိုက်ကဲ့သို့ အရာအားလုံးကို ချေမှုန်း ဖျက်ဆီးပစ်လိုက်လေသည်။

သူ၏ အသိစိတ်က ရုတ်တရက် ဝေဝါးသွား၏။

သူ၏ ခန္ဓာကိုယ် ဆက်လက် ပြုတ်ကျ နေစဉ်တွင် စွမ်းအားမှာလည်း လျင်မြန်စွာ ကျဆင်းလာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ၏ ကြေမွသွားသော ဝိညာဉ်ကလည်း ပြုတ်ကျသွားခဲ့သည်။

သူ အပေါ် ပျံတက်ရန် အသည်းအသန် ရုန်းကန် ခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ပြီး စွမ်းအားများကို စုစည်းနိုင်ခြင်း မရှိခဲ့ပေ။

သူ၏ မျက်ခွံများမှာ ပို၍ပို၍ လေးလံ လာခဲ့သည်။ လောကကြီးက ထိုကဲ့သို့ လည်ပတ်နေသည်ကို သိနေသော်လည်း သူ၏ အမြင်အာရုံက တဖြည်းဖြည်း အမှောင်ထုထဲ ကျရောက် သွားခဲ့သည်။

ငါ ဘယ်တော့မှ နိုးမှာ မဟုတ်ဘူး! မဟုတ်ဘူး! ငါဘယ်လိုလုပ် ဒီမှာ မေ့လဲ သွားရမှာလဲ!

နိုးထစမ်း!

သော်သော်... သော်သော်...

သမီးဖြစ်သူ၏ အမည်က ချန်လွေ့အား ‘အချည်းနှီးဖြစ်ခြင်း’မှ ပြင်းထန်သော တိုက်ခိုက်လိုစိတ်ကို ပြန်လည် မွေးဖွား လာစေခဲ့ပြီး ချန်လွေ့က မျက်လုံးများကို အားယူကာ ဖွင့်လိုက်၏။ “သော်သော်!”

ညကောင်းကင်လည်းမရှိ၊ အဖြူရောင် ပုံရိပ်လည်းမရှိ၊ စိုးရိမ်ပူပန်မှု ပြသနေသော လှပသော မျက်နှာတစ်ခုသာ ရှိနေသည်။

ကက်သရင်း။ သူ တစ်ယောက်တည်း သာမက တစ်ဖနီနှင့် ခီရာတို့လည်း ရှိနေသည်။ ခီရာက သူနိုးလာသည်ကို မြင်သည်နှင့် အပြင်သို့ ပြေးထွက်သွား၏။ အခြားသူများကို ခေါ်ရန်ဖြစ်ဟန်တူသည်။

ချန်လွေ့က သူ၏ ဝိညာဉ်မှ စူးရှသော စုတ်ပြဲမှုကို ခံစားလိုက်ရပြီး ခန္ဓာကိုယ် မှာလည်း ပြိုလဲကျ တော့မည့်အလား ဖြစ်နေသည်။ ခုနက အိပ်မက် မဟုတ်ဘဲ တကယ့် အဖြစ်မှန်ကဲ့သို့ပင်။

“သော်သော် ဘယ်မှာလဲ။”

“အရင်ဆုံး ဒဏ်ရာကို ကုလိုက်ပါဦး။ ရှင် သတိလစ်နေတာ နှစ်ရက်နဲ့ နှစ်ည ရှိနေပြီ။” ကက်သရင်း၏ မျက်လုံးများ ရုတ်တရက် မှေးမှိန် သွားလေသည်။ “အရှင် အက်ဂ်လက်စ်ရဲ့ ဒဏ်ရာတွေက ပိုပြင်းတယ်။ သူ အခုထိ သတိလစ် နေတုန်းပဲ။”

“သော်သော်ကို ဘယ်သူ ခေါ်သွားတာလဲ။” ထိုသူက အမြဲတမ်း တိတ်ဆိတ် နေတတ်သော တစ်ဖနီပင်။ သူက ချန်လွေ့နှင့် အက်ဂ်လက်စ်ကို ကယ်တင်ခဲ့သော်လည်း သူရောက်လာချိန် သူတို့နှစ်ဦးစလုံး မြေပေါ်တွင် လဲလျောင်း နေသည်ကိုသာ တွေ့ခဲ့ရသည်။ လေထဲမှ အဖြူရောင်အလင်းတန်း အစအနမကျန် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

တစ်ဖနီတွင်လည်း သော်သော်အပေါ် အထူး ခံစားချက်များ ရှိနေခဲ့သည်။ သူ လောကနှင့် အဆက်အသွယ် ဖြတ်ထားစဉ် သော်သော်က သူ့ကို မည်သည့် တွန့်ဆုတ်မှုမှ မရှိဘဲ လက်ခံခဲ့သည်။ အချို့သော ‘ပြဇာတ်’တွင် သနားစရာ ကောင်းသော စာကြောင်းအနည်းငယ်သာ ရှိခဲ့ပြီး ထိုစာကြောင်းများပင် မှားယွင်းစွာ ပြောဆိုခဲ့သော်လည်း ထိုအချိန်မှာပင် သူ မျှော်လင့်ချက် လောကသို့ ပြန်လည် ရောက်ရှိခဲ့၏။ အမှောင်လမှ ထွက်ခွာစဉ် အမြဲတမ်း ဂရုမထားနေသော တစ်ဖနီက လူတိုင်း၏ အရှေ့တွင် သော်သော်ကို ပွေ့ဖက်ရင်း ငိုကြွေးခဲ့သည်။ တစ်ဖနီ အတွက် သော်သော်သည် သူ၏ နှလုံးသားထဲမှ ရေခဲလောကထဲတွင် နွေးထွေးသော နေရောင်ခြည် တစ်စ ဖြစ်သလို ချန်လွေ့လည်း အတူတူပင်။

“ဆာ ရီ ရယ်!” ချန်လွေ့က အံကြိတ်ကာ နာမည်တစ်ခုကို ထုတ်ဖော် ပြောလိုက်သည်။ ထိုပုဂ္ဂိုလ်၏ ပုံပန်း သဏ္ဌာန်ကို သေချာ မမြင်ခဲ့ရသော်လည်း ထိုစွမ်းရည်အရ ၎င်းက ‘မိတ်ဆွေဟောင်း’ ဆာရီရယ် ဖြစ်လောက်သည်!

ထိုစဉ်က ဆာရီရယ် မိစ္ဆာမျက်ဆံ၏ စွမ်းအားကို အသုံးပြု၍ ချန်လွေ့ကို ထိန်းချုပ်ခဲ့ပြီး နောက်ပိုင်း ငွေသေတ္တာ အတွက် စေတန်နှင့် ပြင်းထန်သော တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။

“တကယ် ဆာရီယယ်ကိုး။” ဖိုက်သွန်၏ အသံသည် ဘေးမှ ထွက်ပေါ်လာသည်။ “ဒါဆို ရှင်က သူ့ရဲ့ [လဝိညာဉ်] စွမ်းအား ထိသွားတဲ့ပုံပဲ။ ဒီထူးဆန်းတဲ့ စွမ်းအားက အသိစိတ်ကို အလိုအလျောက် ဆက်တိုက် ပြိုလဲစေတယ်။ ရှင့်ရဲ့ လက်ရှိ အစွမ်း အဆင့်နဲ့ [လဝိညာဉ်] စွမ်းအားကနေ ကိုယ်ပိုင် စိတ်ခွန်အားနဲ့ လွတ်နိုင်တာကို ကျွန်မ အံ့ဩမိတယ်။”

အစွမ်းအစအရတွင် ဆာရီရယ်ယ်နှင့် စေတန်က တန်းတူဖြစ်သည်။ အနည်းငယ် ကွာဟမှုရှိလျှင်ပင် ခြားနားချက်မှာ အလွန် နည်းပါးလှ၏။ စေတန်က ငွေသေတ္တာ လုပွဲတွင် ဆာရီရယ်ကို အနိုင်ယူခဲ့စဉ်က အကြံအစည်နှင့် ကြိုးပမ်း အားထုတ်မှု များစွာကို အမှန်တကယ် သုံးခဲ့ရသည်။ ထို့ကြောင့် ယခုတစ်ကြိမ် ချန်လွေ့ လိုက်လံဖမ်းဆီးစဉ် အချိန်တို အတွင်း အလွယ်တကူ ရှုံးနိမ့်ခဲ့သည်မှာ အံ့ဩစရာ မဟုတ်ပေ။ အသက်ရှင် ကျန်ရစ်ခဲ့ သည်မှာပင် ကံကောင်းသည်ဟု ဆိုရမည်။

ထိုသို့ ထိပ်တိုင်ရင်ဆိုင် တိုက်ပွဲတွင် ချန်လွေ့က လက်ရှိအစွမ်းဖြင့် အမှန်ပင် ပြိုင်ဘက်တစ်ဦး မဟုတ်ခဲ့ပေ။

ကတ်သရင်းသည် ချန်လွေ့ထံမှ ဆာရီရယ် အကြောင်းကို ယခင်က ကြားဖူးသည်။ ထိုသူမှာ စေတန်နှင့် အဆင့်တူ နတ်ဘုရား-ယောင်အဆင့် အထွတ်အထိပ် ပုဂ္ဂိုလ်ဖြစ်ကြောင်း သိရာ မျက်မှောင်ကြုတ်လိုက်၏။ “ဆာရီရယ်က သော်သော်ကို ဘာလို့ ဖမ်းပြီးတော့ ခေါ်သွားတာလဲ။”

ချန်လွေ့ ခေါင်းခါလိုက်သည်။ သူက ဆာရီရယ်ကို ရင်ဆိုင်စဉ် ‘အက်ဂ်ယော’ အမည်ကို သုံးခဲ့သော်လည်း ‘အက်ဂ်ယော’ အမည်က အလွန်ပင် သာမန်ဖြစ်ပြီး ‘ကြင်ရာတော်မင်းသား အက်ဂ်ယော’၏ မျက်နှာအမှန်ကို အပြင်လူ မည်သူမျှ မသိပေ။ ချန်လွေ့ သူ့ကို စာအုပ်ပေါင်းချုပ် ခန်းမသို့ ဖိတ်ကြားခဲ့သော ရိုင်ဇန်နှင့် ထိုအကြောင်းကို ကြိုတင်ပြောထားပြီး ဖြစ်သည်။ အရေးကြီးဆုံးမှာ ဆာရီရယ် ‘အက်ဂ်ယော’ကို စေတန် သတ်ခဲ့ကြောင်း ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးသည်။ စေတန်၏ အစွမ်းဖြင့် ထိုအချိန်က ‘အက်ဂ်ယော’ ကို ချေမှုန်းခြင်းမှာ အလွန် လွယ်ကူလှပြီး သံသယဖြစ်ဖွယ် မရှိလောက်ပေ။

အမှန်မှာ ချန်လွေ့က နတ်ဆိုးဘုံတွင် အက်ဂ်ယောအဖြစ် နောက်တစ်ကြိမ် ပေါ်ထွက်လာရန် ကြိုးစားခဲ့စဉ် မည်သည့် လှုပ်ခတ်မှုမှ မရှိခဲ့သော်လည်း ချန်လွေ့ သတိလက်လွတ် မနေခဲ့ပေ။ မင်္ဂလာပွဲ အတွင်း၌ပင် သူ အတော်လေး သတိထား နေခဲ့သည်။

ဒါပေမဲ့ ဆာရီရယ်က ငါ့ကိုမတွေ့ဘဲ သော်သော်ကို ခေါ်သွားမယ်လို့ မထင် ထားခဲ့ဘူး။ သူ ငါ့သရုပ်မှန်ကို သိသွားပြီး ငါ့သမီးကို တမင် ခေါ်သွားတာများလား။ ဆာရီရယ်ရဲ့ အစွမ်းနဲ့ဆိုရင် သူ လူတိုင်းကို သူ့သဘောအတိုင်း သတ်ဖြတ်နိုင်တာပဲ၊ ဒီလိုမျိုး လုပ်စရာ မလိုဘူး။

“ဘာလို့လဲဆိုတာ ကျွန်မ သိမယ် ထင်တယ်။” ဖိုက်သွန်က ပြောသည်။

“ဘာဖြစ်လို့လဲ။”

“သွေးမျိုးဆက်ကြောင့်။ သော်သော်ရဲ့ သွေးမျိုးဆက်။”

“သော်သော်ရဲ့ သွေးမျိုးဆက် ဟုတ်လား။” ဖိုက်သွန်၏ အဖြေက ချန်လွေ့နှင့် ကတ်သရင်းကို အံ့အားသင့် သွားစေပြီး သူတို့ နှစ်ဦးစလုံးက လူသား လောကရှိ အလင်းရောင် ဘုရင်သုံးပါးက အလေးထား ပြောဆိုခဲ့သော ‘အထူး သွေးမျိုးဆက်’ကို ပြန်လည် သတိရ သွားခဲ့ကြသည်။

“ဒါတောင် မမှတ်မိ တော့ဘူးလား။” ဖိုက်သွန်၏ အကြည့်မှာ အနည်းငယ် ထူးဆန်းနေ၏။ “သူက ရှင့်ရဲ့ သမီးလေ။”

“အခု ကျုပ် ရှင်းပြဖို့အတွက် စိတ်ရှည် မနေဘူး။” ချန်လွေ့က ဖိုက်သွန်၏ မျက်လုံးကို စိုက်ကြည့်ကာ ပြောသည်။ “လိုရင်းကိုပြော။”

“ရှင် တကယ် နားမလည်သေးတဲ့ပုံပဲ။” ဖိုက်သွန်က ချန်လွေ့၏ ဖိအားပေးသော အကြည့်ကို မရှောင်တိမ်းခဲ့ပေ။ သူက အခန်းတစ်ခုလုံးကို တုန်လှုပ်သွားစေသော စကားလုံး နှစ်လုံးကို ပြောလိုက်လေ၏။ “နတ်ဘုရားမျိုးဆက်လေ!”

All Chapters