← Chapters

ကောင်းကင်များ၏ အဆုံးစွန်

Vol. 154 Ch. 2185

ကောင်းကင်များ၏ အဆုံးစွန်

Vol. 154 Ch. 2185

ရှန်ချင်းနယ်မြေ၊ နယ်မြေသခင်အိမ်တော်။

အစွမ်းထက်တန်ခိုးရှင်များစွာက နေရာအသီးသီးမှ ဆက်လက် ရောက်ရှိလာနေပြီး အမှန်တကယ်၌ ရီဖူရှင်း၏ အဖွဲ့က နောက်အကျဆုံး ရောက်ရှိလာသူများဖြစ်သည်။ အခြားသော အင်အားစုများသည် အထက်ကောင်းကင်ကိုးလွှာ၌ နေထိုင်ကြပြီး လေးမျက်နှာကုန်းမြေမှ လူများသည်သာ ဝေးလံခေါင်သီသည့် နေရာတွင် ရှိနေသူများ ဖြစ်ကြသည်။ ထို့အပြင် သူတို့သည် ရှေးဟောင်းတော်ဝင် သွမ့်မိသားစုသို့ အာကာသခရီးသွားဝင်္ကပါနှင့် မသွားခဲ့ကြပေ။ ထို့အစား သူတို့​က သံတမန်နှင့်အတူ လိုက်လာခဲ့ခြင်း ဖြစ်ပေသည်။

ထို့ကြောင့် ရီဖူရှင်းနှင့် သူ့လူများ နယ်မြေသခင်အိမ်တော်သို့ ရောက်လာသောအခါ လူတိုင်း ရောက်နှင့်နေကြပြီ ဖြစ်၏။

အိမ်တော်ထဲတွင် ရှိနေသည့် လူတိုင်းက ရီဖူရှင်းနှင့် လေးမျက်နှာကျေးရွာမှ တန်ခိုးရှင်များအဖွဲ့ကို လှည့်ကြည့်လိုက်ကြသည်။

ရွာအပြင်ဘက်၌ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသည် သူတို့၏ စိတ်ထဲ၌ မနေ့တနေ့က ဖြစ်ခဲ့သလို ထင်မှတ်ရပေသည်။

ရွာမှ လူများအပေါ် သူတို့၏ ထင်မြင်ချက်က ယခင်နှင့်မတူဘဲ ကွဲပြားခြားနားသွားပေသည်။ ယခင်၌ လေးမျက်နှာကျေးရွာက သီးခြားနေထိုင်ခြင်းကို စွန့်လွှတ်၍ ကျင့်ကြံခြင်းလောကအတွင်း ဝင်ရောက်လာပြီး အခြားအင်အားစုများက ရွာ၏ အလားအလာကို မြင်ခဲ့ကြသော်လည်း ယခုမှ လောကအတွင်း ခြေချသည်မှာရာ သူတို့၏ အုတ်မြစ်က မခိုင်မာသေးပေ။ ရွာသားများကလည်း လောကနှင့် ထိတွေ့ရသည်မှာ အစိမ်းသက်သက် ဖြစ်နေသေးသောကြောင့် သူတို့က သင်ယူစရာများစွာ ရှိပြီး ဗဟုသုတ ချို့တဲ့နေကြသေးသည်။ သို့သော် ထိုအချိန်က ဆရာသခင်နှင့် တိုက်ပွဲမှာ သူတို့၏ ဂုဏ်သတင်းအား ပြိုင်ဘက်ကင်းလာစေ၏။ နယ်မြေသခင်အိမ်တော်မှ ထိုလူများသည်ပင် ကျေးရွာမှ လူများအား ပြန်လည်အကဲဖြတ်ရန် ဖိအားဖြစ်ခဲ့ရသည်။

မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်း ဖြစ်ရပ်သည် သက်ရောက်မှု ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပေါ်စေခဲ့သည်။ ကျင့်ကြံခြင်းလောက၌ တစ်စုံတစ်ယောက်၏ စစ်မှန်သော စွမ်းအားကသာ အရာအားလုံးကို အဆုံးအဖြတ်ပေးနိုင်ပေသည်။ သူတို့သည် လေးမျက်နှာကျေးရွာက ရှန်ချင်းနယ်မြေတစ်ခွင်လုံး၏ ပူးပေါင်း တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်ဟု ဆုံးဖြတ်ခဲ့သောကြောင့် တိုက်ခိုက်ရဲခြင်း ဖြစ်ပေသည်။

သို့သော် ဆရာသခင်က အစပြုကာ သူ၏ စွမ်းအားကို သူတို့အား ပြသခဲ့စဥ်ကတည်းက မည်သူကမှ နတ်ဘုရားရုပ်ကြွင်းနှင့် ပတ်သတ်သော ကိစ္စကို မဟရဲကြတော့ပေ။

နတ်ဘုရားရုပ်ကြွင်းက ယူဆောင်သွားခံရပြီး သူတို့က ထိုကိစ္စနှင့် ပတ်သတ်၍ မည်သို့မှ မလုပ်ဆောင်ရဲခဲ့ပါချေ။

ထိုအစွမ်းထက် တန်ခိုးရှင်များထံမှ အကြည့်များက ရီဖူရှင်းပေါ် ကျရောက်နေသည်။ သူက နတ်ဘုရားရုပ်ကြွင်းကို လေ့လာခြင်းမှ အဆင့်တက်သွားခဲ့သည့်အပြင် ၎င်းကို ယူဆောင်သွားသူလည်း ဖြစ်သည်။ ယခုအချိန်၌ သူ၏ အရှိန်အဝါက အတော်လေး ကွဲပြားသွားပြီး ယခင်က ပို၍ သန်မာအားကောင်းလာပုံပေါ်သည်။

လေးမျက်နှာကျေးရွာမှ လူများက အလွန် အစွမ်းထက်လှသည်။ အဘိုးမာလည်း ထိုနေရာ၌ ရှိနေပေသည်။ ပြီးပြည့်စုံသော မဟာလမ်းစဥ်နှင့် အဆင့်ရှစ်မှ အဆင့်မြင့်ရန်ဟောင်များစွာ ရှိနေပြီး ရီဖူရှင်း၏ အဖွဲ့လည်း ရှိနေသည်။ ဆရာသခင်က ရွာအတွင်းမှ ကိစ္စများကို ကိုင်တွယ်နေရာ သူတို့က စိတ်ပူစရာမလိုတော့ပေ။ ရွာကို ဆန့်ကျင်ရန် ကြိုးစားရဲသူမှန်သမျှ အကျိုးဆက်ကို တွေးထားရန် လိုပေသည်။

ထိုအချိန်တွင် လူတစ်စု ထွက်ပေါ်လာ၏။ နယ်မြေသခင်၊ ကျိုးမုဟွမ်၊ ကျိုးလင်ရှီးနှင့် အခြားလူများ ဖြစ်သည်။ နယ်မြေသခင်က မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းနှင့် ပတ်သတ်သော ကိစ္စကို အစမဖော်တော့ပေ။ သူတို့သည် အစကတည်းက မည်သည့်ကိစ္စမှ မဖြစ်ခဲ့သလို ထိုကိစ္စများကို ချန်ထားရစ်ခဲ့ပြီ ဖြစ်နိုင်ပေသည်။

ကျိုးလင်ရှီးက ရီဖူရှင်းဘက်သို့ လှည့်ကြည့်ကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ “ရှင်ရောက်နေပြီပဲ ဆရာရီ။”

ရီဖူရှင်းက နယ်မြေသခင်အိမ်တော်အပေါ် အမြင်ကောင်းမရှိတော့ပေ။ ယခင်က နယ်မြေသခင်အိမ်တော်သည် သူ့ကို အိမ်တော်၌ ကျင့်ကြံဖို့ရာ သိမ်းသွင်းရန် အကောင်းဆုံး ကြိုးစားခဲ့ကြပြီး သူတို့ မည်သည့်အတွက်ကြောင့် သူ့ကို ထိုမျှ ဆွဲဆောင်နေသည်အား စတင် စဥ်းစားမိလာပေသည်။ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် နယ်မြေသခင်အိမ်တော်မှ လူများက ရည်မှန်းချက် အလွန် ကြီးကြောင်း ခံစားမိစေသည်။ ယခင်က ကျိုးမုဟွမ်၏ အကြံပြုချက်အား ကြည့်လျှင် ၎င်းက မှန်ကန်ကြောင်း သိသာစေသည်။ သူ၏ အကြံပြုချက်မှာ အခွင့်အရေး ဖြစ်သလို ခြိမ်းခြောက်မှုလည်း ဖြစ်ကာ ငြင်းပယ်ပါက သူ့အတွက် ပြဿနာပင် ဖြစ်စေနိုင်ပေသည်။

အမှန်တကယ်၌ နယ်မြေသခင်အိမ်တော်မှ လူများသည် နတ်ဘုရားရုပ်ကြွင်းအား သူ့ကို လက်လွှဲပေးခြင်းနှင့်အတူ ကိစ္စများကို အစပြုကာ ဖျန်ဖြေပေးခဲ့ပါလျှင် နောက်ဆက်တွဲ ပြဿနာများပင် ဖြစ်လာလိမ့်မည် မဟုတ်ပေ။ နယ်မြေသခင်အိမ်တော်က ထိုသို့ လုပ်နိုင်စွမ်းရှိသည့် အခွင့်အာဏာအပြည့်အဝရှိပြီး ထိုမျှ လွှမ်းမိုးနိုင်စွမ်း ရှိသော်လည်း ကျိုးမုဟွမ်သည် ရီဖူရှင်းထံက ငြင်းပယ်ခံရပြီးနောက် မည်သည့်စကားမှ မဆိုခဲ့ပေ။

ရီဖူရှင်းက နယ်မြေသခင်အိမ်တော်မှ လူများ သူ့ကို ကူညီရန် ထွက်မလာသည့်အပေါ် မည်သည့် ရန်ငြိုးမှ မထားသလို အစကတည်းက သူတို့ နှစ်ဖက်လုံးက တစ်ဖက်နှင့်တစ်ဖက် ပေးဆပ်ရန် အကြွေးမရှိကြပေ။ သို့သော်လည်း အနည်းဆုံး သူတို့၏ ပတ်သတ်မှုမှာ သိသာသော အကွာအဝေးရှိသွားခဲ့ပြီ ဖြစ်ရာ သူတို့က မည်သည့်အခါမှ မိတ်ဆွေ ဖြစ်နိုင်တော့မည် မဟုတ်ပေ။

သို့သော် ကျိုးလင်ရှီးက နှုတ်ဆက်လာသည့်အခါ ရီဖူရှင်းသည် သူမကို ရိုင်းရိုင်းစိုင်းစိုင်း လျစ်လျူရှုရန် မတတ်နိုင်ပေ။ သူက ရိုးရှင်းစွာပင် ခေါင်းညိတ်၍ အပြုံးနှင့် ပြန်ဖြေလိုက်သည်။

နယ်မြေသခင်က အရှေ့ဆုံး၌ ရပ်နေပြီး ရောက်လာသည့် အစွမ်းထက် တန်ခိုးရှင်အားလုံးကို ဝေ့ကြည့်လိုက်သည်။ ရှန်ချင်းနယ်မြေတစ်ခွင်မှ အင်အားစုအားလုံး ဤနေရာ၌ စုစည်းရောက်ရှိနေကြပြီ ဖြစ်သည်။ အချို့အင်အားစုများမှ ထိပ်သီးပုဂ္ဂိုလ်များ ရောက်မလာကြသော်လည်း အချို့အင်အားစုများတွင် ထိပ်သီးတန်ခိုးရှင်ဟု ယူဆရမည့် တန်ခိုးရှင်နှစ်ယောက်သည် သူတို့၏ အဖွဲ့များကို ဦးဆောင်ကာ ရောက်ရှိနေသည်။ ထိုသို့သော သူများ ရောက်ရှိလာခြင်းဟူသည်မှာ သူတို့က လေဟာနယ်ဘုံမှ ကိစ္စများကို စိတ်ဝင်စားသောကြောင့် ဖြစ်ပေသည်။

အဆုံးမှာတော့ သူတို့က လေဟာနယ်ဘုံနှင့် ပတ်သတ်၍ ကောလာဟလများသာ ကြားဖူးကြခြင်း ဖြစ်သည်။

“ဒီနေ့ ခင်ဗျားတို့အားလုံးကို ဒီမှာ စုစည်းရတဲ့ အကြောင်းပြချက်က တော်ဝင်နန်းတော်ကနေ အကြောင်းကြားမှုကို လက်ခံရရှိလို့ပဲ။ ကျုပ် အရင်က လေဟာနယ်ဘုံအကြောင်း တစ်ခုနှစ်ခု ပြောဖူးခဲ့တယ်။ တကယ်တော့ လွန်ခဲ့တဲ့ နှစ်များစွာကတည်းက လေဟာနယ်ဘုံမှာ အပြောင်းအလဲတချို့ ဖြစ်နေခဲ့ပြီ။ မှော်နက်စစ်တပ်က လေဟာနယ်ဘုံကို သွားမယ့် လမ်းကြောင်းကို ဖွင့်ခဲ့တာကြောင့် တော်ဝင်နန်းတော်က ချက်ချင်း လှုပ်ရှားခဲ့ရတယ်။ ပြီးတော့ ကောင်းကင်ဒေသရဲ့ အင်အားစုတချို့ကလည်း အဲဒီကို သွားခဲ့ကြတယ်။”

နယ်​မြေသခင်က လူအုပ်ကြီးကို ဦးတည်ကာ ဆက်ပြောလိုက်သည်။ “ဒါပေမယ့် အရင်တုန်းက တော်ဝင်နန်းတော်ကနေ ဘာအမိန့်မှ မရခဲ့ဘဲ အခြေအနေကလည်း ကိုင်တွယ်နိုင်လောက်တဲ့ အနေအထား ဖြစ်တယ်။ လေဟာနယ်ဘုံကို သွားခဲ့တဲ့ လူတွေကလည်း အစက လေဟာနယ်ဘုံမှာ တစ်ခုခုလုပ်စရာရှိလို့ပဲ။ ဒါပေမယ့် ကိစ္စတွေက အခု ကွဲပြားသွားပြီ။ တော်ဝင်နန်းတော်က နယ်မြေဆယ့်ရှစ်ခုရဲ့ တန်ခိုးရှင်တွေ သွားပြီး လေဟာနယ်ဘုံကို စစ်ဆေးကြည့်စေချင်နေတယ်။ ပြီးတော့ လေဟာနယ်ဘုံအတွင်းမှာ ကြီးမားတဲ့ အပြောင်းအလဲတချို့ ရှိနေတယ်လို့ ကျုပ်ရဲ့ ကိုယ်ပိုင် သတင်းအရင်းအမြစ်ကနေ သတင်းတချို့ ရရှိခဲ့တယ်။ တော်ဝင်နန်းတော်ကနေ ဖိအားပေးဖို့အတွက် တရားဝင်ကြေညာချက် မထုတ်ပြန်ခဲ့သလို ပါဝင်ဖို့ ဆန္ဒမရှိတဲ့ သူတွေကိုလည်း ဖိအားပေးပါဝင်ခိုင်းမှာ မဟုတ်ဘူး။ တော်ဝင်နန်းတော်က ဒီအတိုင်း ခင်ဗျားတို့ကို အဲဒီသွားပြီး အခြေအနေ လေ့လာစေချင်ရုံပဲ။”

လူတိုင်းက တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။ သူတို့အားလုံးက အနည်းနှင့်အများ သတင်းရရှိခဲ့သော်လည်း ထိုသတင်းများက မလုံလောက်သည့်အတွက် လေဟာနယ်ဘုံ၌ အမှန်တကယ် မည်သည်တို့ ဖြစ်ပျက်နေ​ကြောင်း မသိကြပေ။

“ဒီတစ်ခေါက် ကျုပ်တို့ နယ်မြေသခင်အိမ်တော်က အင်အားစုတွေကို မုဟွမ်က ဦးဆောင်လိမ့်မယ်။ ခင်ဗျားတို့ အဲဒီကို ရောက်တဲ့အခါ အချင်းချင်း ဂရုစိုက်ကြပါ။ အဲဒီနေရာက အခု အတော်လေး ရှုပ်ထွေးတဲ့ အ​ခြေအနေမှာ ရှိနေတယ်။ နယ်မြေဆယ့်ရှစ်ခုရဲ့ ထိပ်သီးအင်အားစုတွေ အားလုံးက လူတွေလည်း အဲဒီမှာ တွေ့ရလိမ့်မယ်။ ကောင်းကင်ဒေသက မဟုတ်တဲ့ အင်အားစုတွေလည်း အဲဒီကို သွားကြမှာ။ ကျုပ်တို့ အဲဒီကို သွားတဲ့အခါ ရှန်ချင်းနယ်မြေက လူတွေအနေနဲ့ ပိုပြီး စည်းလုံးကြမယ်လို့ မျှော်လင့်​ပါတယ်။” နယ်မြေသခင်က လူအုပ်ကြီးကို ပြောလိုက်သည်။ လူတိုင်းက ခေါင်းညိတ်ကာ တုံ့ပြန်လိုက်၏။ သူတို့၏ အဆင့်အတန်းများနှင့် ကျင့်ကြံဆင့်အရ သူတို့သည် နယ်မြေသခင်က သူတို့အား မည်သို့လုပ်ပါရန် ပြောနေပါရန် မလိုအပ်တော့ပေ။

“ကျုပ်ပြောတာ လုံလောက်ပြီလို့ ထင်တယ်။ ကျုပ်တို့ လမ်းသွားရင်း ဆက်ပြောကြတာပေါ့။ အခု သွားကြရအောင်။ တော်ဝင်နန်းတော်ကို မသွားခင် တော်ဝင်ဘုံကို အာကာသခရီးသွားဝင်္ကပါ သုံးဖို့ လိုအပ်တယ်။” နယ်​မြေသခင်က ဦးဆောင်သွားရင်း ပြောလိုက်သည်။

ကောင်းကင်ဒေသက အရှင်ဒွန်ဟောင်အုပ်စိုးပြီး ၎င်း၏ အလယ်ဗဟို၌ တော်ဝင်နန်းတော် တည်ရှိပေသည်။ အားလုံးသော နယ်မြေဆယ့်ခုနစ်ခုက ထိုနေရာမှ ဖြန့်ကျက်လာသည်။ ကောင်းကင်ဒေသတစ်ခွင်၌ မရေတွက်နိုင်သော ကုန်း​မြေများ တည်ရှိသည်။

ထိုသို့သော အခြေအနေအောက်တွင် တော်ဝင်နန်းတော်က နယ်မြေဆယ့်ရှစ်ခုလုံးတွင် ဖြစ်ပျက်နေသမျှကို သိရှိနိုင်ရန် အာကာသခရီးသွားဝင်္ကပါ လိုအပ်ပေသည်။ ထို့ကြောင့် အားလုံးသော နယ်မြေများ၌ တော်ဝင်နယ်မြေသို့ တိုက်ရိုက် သွားနိုင်သော ဝင်္ကပါများ ရှိကြသည်။ တစ်ခုခု ဖြစ်ပွားခဲ့လျှင် သူတို့က ပြဿနာကို ရင်ဆိုင်ရန် တတ်နိုင်သမျှ လျင်လျင်မြန်မြန် သွားရောက်နိုင်သည့်အတွက် အချိန်ကုန်သက်သာပေသည်။

ရှန်ချင်းနယ်မြေမှ အာကာသခရီးသွားဝင်္ကပါမှာ နယ်မြေသခင်အိမ်တော်အတွင်း၌ တည်ဆောက်ထားခြင်း ဖြစ်သည်။ ထိုအာကာသခရီးသွားဝင်္ကပါမှာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ကြီးမားလှသည်။ ဝင်္ကပါအား အသက်သွင်းလိုက်သည့်အခါ နယ်မြေသခင်အိမ်တော်တစ်ခုလုံး တောက်ပသည့် နတ်အလင်းတို့နှင့် လင်းလက်လာသည်။ နတ်အလင်းတန်းက လေထဲသို့ ထိုးထွက်လာပြီး အာကာသခရီးသွားဝင်္ကပါ၏ ဝင်ပေါက်က ကြယ်များထံ ဦးတည်နေကာ ကောင်းကင်၌ ပေါ်ပေါက်လာသည်။

ထိုအခိုက်အတန့်၌ အိမ်တော် အတွင်းအပြင်၌ ရှိနေသည့် မရေတွက်နိုင်သော တန်ခိုးရှင်များက ကောင်းကင်ရှိ ထိုနေရာသို့ ကြည့်လိုက်ကြသည်။

သူတို့ ငေးကြည့်​နေရင်းပင် ကောင်းကင်တစ်ခွင်လုံး ကြောက်မက်ဖွယ် ကောင်းလောက်အောင် နတ်အလင်းတို့နှင့် လင်းလက်လာပြီး မြင့်မြတ်သည့် ရှေးဟောင်းလမ်းကြောင်းတစ်ခု ဖြစ်တည်လာသည်။

“သွားတော့ မုဟွမ်။” နယ်မြေသခင်က ဤခရီးစဥ်အတွင်း အစွမ်းထက် တန်ခိုးရှင်များကို ဦးဆောင်သွားမည့် ကျိုးမုဟွမ်အား ပြောလိုက်သည်။

“ကောင်းပြီ။” ကျိုးမုဟွမ်က ခေါင်းညိတ်ကာ အရင် ခြေလှမ်းလိုက်ပြီး ထိုကြီးမားလှသော ဝင်္ကပါအတွင်း ခြေချလိုက်၏။ သူတို့၏ ခန္ဓာကိုယ်များက အလွန် တောက်ပသော နတ်အလင်းတို့နှင့် လွှမ်းခြုံခံထားရပေသည်။ သူတို့သည် ကောင်းကင်သို့ ထိုးတက်သွားကာ ထိုကြောက်မက်ဖွယ် လေဟာနယ် လမ်းကြောင်းသို့ ဝင်ရောက်သွားပေသည်။ ခဏကြာပြီးနောက် သူတို့က ပျောက်ကွယ်သွားကြသည်။

ကျိုးမုဟွမ် နောက်မှ တစ်ယောက်ပြီးတစ်ယောက်လည်း ပျောက်ကွယ်သွား၏။ ဝင်္ကပါကို အသက်သွင်းချိန်၌ မြို့ထဲမှ အားလုံးသော တန်ခိုးရှင်များက နယ်မြေသခင်အိမ်တော်သို့ ကြည့်လိုက်ကြသည်။ သူတို့သည် လေထဲမှ လမ်းကြောင်းအတွင်း ခြေလှမ်းလိုက်သည်နှင့် ကောင်းကင်၌ ပျောက်ကွယ်သွားသော ပုံရိပ်များကို ကြည့်နေကြပေသည်။

…

တော်ဝင်နယ်​မြေသည် အမြင့်ဆုံးနေရာတွင် ရှိပြီး ကောင်းကင်ဒေသ၏ အလယ်ဗဟို၌ တည်ရှိသည်။ တော်ဝင်နယ်မြေက အခြားနယ်မြေများနှင့် ကွာခြားသည်။ သူတို့အားလုံး လေဟာနယ်ဝင်ပေါက်က ထွက်လာသည့်အခါ မည်သူမှ မြေပေါ်တွင် ပေါ်မလာဘဲ လေထဲ၌ ဖြစ်နေပေသည်။

တောက်ပသော အလင်းများက သူတို့ကို လွှမ်းမိုးထားပြီး အလင်းတန်းများက မျက်စိကျိန်းလောက်ပေသည်။

ရီဖူရှင်းက သူ့အနီးဝန်းကျင်ကို ကြည့်လိုက်ပြီး မျက်စိရှေ့၌ ရှိနေသည့်အရာများကြောင့် အံ့သြမှင်တက်သွားခဲ့သည်။

သူက အောက်ခြေမှ လေဟာနယ်အတွင်းတွင် မရေတွက်နိုင်သော ကုန်း​မြေများရှိနေသည်ကို မြင်လိုက်ရသည်။ ကုန်းမြေများက အလွန် ဝေးကွာစွာ တည်ရှိနေသောကြောင့် ၎င်းတို့အားလုံးက လေထဲတွင် ရစ်ဝဲနေသော ကျွန်းများနှင့် အလားသဏ္ဌာန်တူပြီး ကောင်းကင်နှင့်မြေကြီးကြား၌ ရှိနေသည့်ပုံစံများမှာလည်း အလွန် ဆင်တူလှသည်။ ကြည့်ရသည်မှာ ၎င်းတို့အားလုံးက တူညီသော သဘောသဘာဝ ရှိပုံရလေသည်။

မရေတွက်နိုင်သော ကုန်းမြေများကြားမှ ကုန်းမြေတစ်ခုချင်းစီတိုင်းသည် ကောင်းကင်အမြင့်ဆုံးနေရာသို့ ဦးတည်နေသည့် တောက်ပသော နတ်အလင်းများ ထိုးထွက်နေသည်ကို မြင်ရပေသည်။

အလင်းတန်းများသည် ကောင်းကင်သို့ ဦးတည်နေသော လှေကားထစ်များအဖြစ် ပေါင်းစည်းသွားပြီး ၎င်းတို့အားလုံးက အဆင့်တစ်ဆင့်ချင်းစီ ဖြစ်ရန် စီစဥ်ထားသည့်အတွက် လှေကားထစ်များနှင့် အမှန်တကယ် တူလှပေသည်။

ရီဖူရှင်းနှင့် အခြားသူများက ထိုနေရာ၌ ပေါ်ပေါက်လာကြသည်။

သူတို့က အထက်မှ ကောင်းကင်ကို မော့ကြည့်လိုက်ကြ၏။ ကုန်းမြေများစွာမှ ထွက်ပေါ်လာသော နတ်အလင်းများ ဆုံရာ ကောင်းကင်အမြင့်ဆုံးတွင် လေထဲ၌ ရှိနေသော မြို့တစ်မြို့ကို မြင်လိုက်ရသည်။ ထိုမြို့က ကြောက်မက်ဖွယ် အလင်းများနှင့် လင်းလက်နေခဲ့သည်။ ၎င်းသည် နတ်ဘုရားများ နေထိုင်ရာနေရာနှင့် တူလှပေသည်။

ထိုမြို့မှ နတ်အလင်းများက အောက်သို့ ထိုးဆင်းနေပြီး အောက်ခြေရှိ မရေတွက်နိုင်သော ကုန်း​မြေများနှင့် ဆက်သွယ်ထားကာ ၎င်းတို့ကို စုစည်းထားသည်။

ထိုမြင်ကွင်းမှာ ယခုမှ ရောက်လာကြသော တန်ခိုးရှင်တိုင်းနှင့် ရီဖူရှင်းကဲ့သို့ တစ်စုံတစ်ယောက်သည်ပင် မြင်လိုက်ရသည့် တောက်ပလှသော မြင်ကွင်းကြောင့် အလွန် အံ့အားသင့်သွားကြသည်။ သူက ကောင်းကင်၏ ထိုအမြင့်ဆုံးနေရာ၌ မည်သည်တို့ ရှိနေကြောင်း ခန့်မှန်းနိုင်စွမ်း ရှိပေသည်။

ထိုသည်မှာ တော်ဝင်နန်းတော် တည်ရှိရာ တော်ဝင်နယ်မြေ၏ အလယ်ဗဟို ဖြစ်သည်။ ထိုနေရာက အရှင်ဒွန်ဟောင်၏ နန်းတော် တည်ရှိသည့် အင်ပါယာမြို့ပင် ဖြစ်လေသည်။

ရီဖူရှင်းသည် လုံးဝ နစ်မြုပ်သွားသည်ကို ခံစားလိုက်ရသည်။ သူက ထိုအချိန်၌ မူလဘုံသို့ ပြန်ချင်နေခဲ့သော်လည်း ရောက်ရှိပြီးနောက် စိတ်ကို တည်ငြိမ်အောင် စိန်ခေါ်နေရဆဲပင် ဖြစ်သည်။

သူက နောက်ဆုံး၌ ကောင်းကင်ဒေသ၏ အလယ်ဗဟို၌ တည်ရှိသော အင်ပါယာမြို့သို့ ရောက်ရှိလာပြီ ဖြစ်၏။ သူ ရှာနေသည့် အားလုံးသော အဖြေများမှာ ထိုနေရာ၌ ရှိနေနိုင်ပေသည်။ ထိုမြို့သည် ကောင်းကင်အမြင့်ဆုံး နေရာတွင် တည်ရှိနေသည်။ သူ၏ ဇာစ်မြစ်၊ အင်ပါယာရီချင်၊ သူ့ မွေးစားအဖေနှင့် အခြားအရာများဖြင့် သက်ဆိုင်ပြီး သူသိရန် လိုအပ်သော အရာအားလုံးက ဤနေရာ၌ ရှိနေပေလိမ့်မည်။ သူသည် ထိုမေးခွန်းအားလုံး၏ အဖြေကို ဤနေရာတွင် ရှာဖွေတွေ့ရှိနိုင်ပေသည်။

သူက အချိန်အကြာကြီး ကျင့်ကြံခဲ့ပြီး မြင့်မားသော ရန်ဟောင်အဆင့်သို့ ရောက်ရှိလာကာ နောက်ဆုံး၌ လောက၏ ဗဟိုချက်ဖြစ်သော အင်ပါယာမြို့သို့ ရောက်လာပြီ ဖြစ်လေသည်။

***

All Chapters