အခန်း (၁၄၂)
Vol. 15 Ch. 142
လီမင်နန်က ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံရဲ့ ဓာတ်အားပေးစက်ရုံဘက်မှာ အလုပ်ဝင်နေခဲ့တယ်။ ထိုနေရာ ဓာတ်အားပေးစက်ရုံဘက်မှာ ရေချိုးခန်းတွေ၊ ဆံပင်ညှပ်ဆိုင်တွေ၊ ဆေးရုံတွေ၊ ထောက်ပံ့ရေးပစ္စည်းတွေနှင့် စျေးကွက်ရှာဖွေရေး သမဝါယမအရောင်းဆိုင်တွေနှင့်၊ မီးသတ်တပ်ဖွဲ့၊ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ပံ့ပိုးကူညီမှုဌာန စတာတွေ အစုံအလင်ရှိတယ်။
မွန်းတည့်ချိန်ကိုရောက်တော့ လီမင်နန်က သူ့ရဲ့မျက်နှာကို အလျှင်အမြန်ဆေးကြောပြီး မှန်ရှေ့မှာရပ်ကာ သူ့ရဲ့ ဆံပင်တိုတွေကို ဖြီးသင်လိုက်ပြီး စိတ်ကောင်းဝင်စွာနှင့် ဆေးရုံသို့ ထွက်လာခဲ့တယ်။
လီမင်နန်က အရပ်ရှည်ပြီး မျက်ခုံးတို့က ထူထဲကာ မျက်လုံးခပ်ကြီးကြီးရှိပြီး စကားကိုလည်း အမြဲတစေယဉ်ကျေးစွာ ပြောဆိုတတ်တာကြောင့် ဆေးရုံမှာရှိတဲ့ သူနာပြုလေးတွေက သူ့ကိုသတိရနေတတ်ပြီး မြင်မြင်ချင်းမှတ်မိနေခဲ့ကြတယ်။
သူ ရောက်လာတာကိုတွေ့တော့ သတ္တိရှိတဲ့မိန်းကလေးတစ်ယောက်က သူ့ကိုအရင်စမေးခဲ့တယ်။
“လီမင်နန် ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ.. ဒီမှာ ဆေးလာကုတာလား”
လီမင်နန်က သူ့ရဲ့ ခေါင်းကိုခါရမ်းလိုက်တယ်။
“မဟုတ်ဘူး”
သူနာပြုဆရာမလေးက လူနာကိုတွေ့ဖို့လာတာလားလို့ ဆက်မေးခဲ့တယ်။
ထိုအချိန်မှာ လီမင်နန်က မုန်ရှောင်ရှီ အပြင်သို့ ထွက်လာတာကို ရုတ်တရက်မြင်လိုက်ရတာကြောင့် သူ့ရဲ့မျက်လုံးတွေက ချက်ချင်းတောက်ပသွားပြီး ခြေလှမ်းအနည်းငယ်နဲ့ အနီးသို့ လျှောက်သွားခဲ့တယ်။
မုန်ရှောင်ရှီက ခေါင်းမော့ပြီးကြည့်လာချိန်မှာ သူ့ကိုတွေ့လိုက်ရတာကြောင့် နီရဲနေတဲ့မျက်နှာနှင့် ပြောလာတယ်။
“ရှင် ရောက်နေတာလား”
“အင်း!”
လီမင်နန်က ခေါင်းညိတ်လိုက်ပြီး သူ့ရဲ့ ရည်ရွယ်ချက်ကို မမှတ်မိခင်မှာ အချိန်အတော်ကြာအောင် မုန်ရှောင်ရှီကို စိုက်ကြည့်နေခဲ့မိပြီးမှ ပြောလိုက်မိတယ်။
“ဒါဆို ကိုယ် မင်းကို နေ့လည်စာစားဖို့ ကန်တင်းကို ခေါ်သွားပေးမယ်”
မုန်ရှောင်ရှီက ခေါင်းညိတ်ပြလာခဲ့ပြီး လီမင်နန်ဆီကို တောက်ပတဲ့ မျက်လုံးရွဲကြီးတွေနှင့် စိုက်ကြည့်ကာ ရှက်ရွံ့စွာနဲ့ ခေါင်းပြန်လှည့်လိုက်တယ်။
“ကျွန်မ အဝတ်သွားလဲလိုက်ဦးမယ်”
လီမင်နန်က မုန်ရှောင်ရှီရဲ့မျက်နှာကိုကြည့်ကာ မပြုံးဘဲမနေနိုင်ခဲ့ဘူး
။ သူ့ကိုစကားလာပြောခဲ့တဲ့ မိန်းကလေးက လီမင်နန်ရဲ့ဘေးမှာ ရှိနေခဲ့သေးပြီး အနည်းငယ်ရှက်ရွံ့သွားခဲ့တယ်။
ဒါပေမယ့် မုန်ရှောင်ရှီ သူနာပြုဌာနကို ပြန်ဝင်သွားတာကိုကြည့်ပြီး ဘာမှမဖြစ်ခဲ့သလိုမျိုး မေးခဲ့တယ်။
“ရှင် မုန်ရှောင်ရှီနဲ့ ချိန်းတွေ့နေတာလား”
“ချိန်းတွေ့တယ်” ဆိုတဲ့ စကားလုံးကို ကြားလိုက်ရတော့ လီမင်နန်ရဲ့ မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုတွေက ဖုံးကွယ်ထားနိုင်ခြင်းမရှိတော့ဘဲ ခေါင်းကိုမော့ကာ မုန်ရှောင်ရှီဝင်သွားတဲ့ တံခါးပေါက်ဆီကို စူးစူးစိုက်စိုက် ကြည့်နေခဲ့တယ်။
မုန်ရှောင်ရှီ ထွက်လာချိန်မှာတော့ ဒီမြင်ကွင်းကို မြင်လိုက်ရပြီး သူမက သူ့ဆီကို မျက်စောင်းနဲ့ထိုးကာ စိတ်ထဲမှပြောလိုက်မိတယ်: “အရူးလေး”
မုန်ရှောင်ရှီက သူမရဲ့အဖြူရောင်ကုတ်ကို ချွတ်ခဲ့ပြီး အတွင်းပိုင်းမှ အဖြူရောင်နှင့် အပြာရောင် အစင်းကြောင်းတွေပါတဲ့ ပင်လယ်ရေလှိုင်းအင်္ကျီကို ၀တ်ဆင်ထားခဲ့တာကြောင့် တက်ကြွပုံပြီး အလွန်ကြည့်ကောင်းနေခဲ့တယ်။
မုန်ရှောင်ရှီက လီမင်နန်ရဲ့အနီးကိုလျှောက်လာခဲ့ပြီး မရပ်ခဲ့ဘဲ အရှေ့သို့ ဆက်သွားခဲ့တယ်။ လီမင်နန်ကလည်း ကမန်းကတန်း အနောက်ကလိုက်သွားခဲ့ကာ တံခါးကိုဖွင့်ပြီးနောက် အနီးအနားမှာ ဘယ်သူမှ မရှိတာကိုတွေ့တော့ တိုးတိုးလေးပြောလိုက်လေတယ်။
“မင်းက ဒီဝတ်စုံနဲ့ အရမ်းကြည့်ကောင်းတာပဲ၊ ကိုယ့်မှာလည်း ပင်လယ်ရေလှိုင်း ရှပ်အင်္ကျီရှိတယ်၊ မနက်ဖြန်ကျရင် ကိုယ်တို့အတူတူဝတ်ရအောင်လေ”
မုန်ရှောင်ရှီက ရယ်မောလိုက်တော့ သူမရဲ့ မျက်လုံးရွဲကြီးတွေက လခြမ်းကွေးလေးတွေ ဖြစ်သွားခဲ့ပြီး သူမရဲ့ ပါးပြင်ပေါ်မွ ပါးချိုင့်နှစ်ခုက အထင်းသားပေါ်လာခဲ့တယ်။
“ရှင်နဲ့ ဘယ်သူက အဝတ်အစားဆင်တူဝတ်ချင်လို့လဲ မရှက်ဘူးလား”
လီမင်နန် ပြုံးလိုက်ပြီး သူ့ရဲ့ရင်ဘတ်ထဲမှ နှလုံးကလည်း အပြင်ကိုပေါက်ထွက်လုမတတ်ခုန်ပေါက်နေခဲ့တယ်။
ရေအားလျှပ်စစ်စက်ရုံက ပေရှားခရိုင်ရဲ့ မြို့ပြဧရိယာ တစ်ဝက်ကျော်လောက်ကို သိမ်းပိုက်ထားတာကြောင့် ဌာနခွဲတစ်ခုချင်းစီမှာ ကိုယ်ပိုင် ကန်တင်းတွေရှိနေရုံသာမကဘဲ အပိုင်းအခြားအသီးသီးမှာလည်း မျှဝေထားတဲ့ ကန်တင်းတွေရှိနေသေးတယ်။
နေရာတစ်ခုစီမှာရှိတဲ့ အအစားအစာတွေက တူညီနေပေမဲ့လည်း ထောက်ပံ့ပေးထားတဲ့ အစားအစာတွေရဲ့ လတ်ဆတ်မှုအပေါ်မှာ မူတည်သလို စားဖိုမှူးတစ်ဦးချင်းစီရဲ့ လက်ရာအပေါ်မှာလည်း မူတည်ပြီး အရသာတွေ ကွဲလွဲနိုင်တယ်။
သူတို့နှစ်ယောက် ထမင်းဘူးတွေကိုကိုင်ကာ အစားအသောက်ထည့်ပေးတဲ့ ပြတင်းပေါက်နားဆီသို့လျှောက်သွားခဲ့ကြပြီး တန်းစီလိုက်ကြတယ်။ အခုက ဆောင်းဦးရာသီဖြစ်တာကြောင့် အစားအသောက် အမျိုးအစားတွေက ပိုပြီးပေါများတယ်။
လီမင်နန်က သူ့လည်ပင်းကို ဆန့်တန်းပြီး အကြာကြီး စောင့်ကြည့်လိုက်တယ်။ ဒီနေ့ရောင်းချတဲ့ ဟင်းလျာတွေက ပဲနှင့် ဝက်သားစတူးဟင်း၊ ဖရဲသီးနှင့် အာလူးစတူး၊ ငါးခူနှင့်ခရမ်းသီး စတူးတို့ ပါဝင်တာကို တွေ့လိုက်ရတယ်။
လီမင်နန်က ငယ်ရွယ်သေးပြီး နှစ်ဆယ်အစောပိုင်းမှာပဲ ရှိနေသေးကာ စားနိုင်သောက်နိုင်လွန်းတဲ့အရွယ်ပဲ။ သူက ခရမ်းသီးနဲ့ငါးခူစတူး၊ ဝက်သားပြုတ်နှင့် ပဲစတူးတို့နှင့် ဘန်းမာန့်ကြီးနှစ်ခုကို မှာယူခဲ့တယ်။ မုန်ရှောင်ရှီကတော့ စားချင်စိတ်သိပ်မရှိလှဘဲ ချိုမြိန်တဲ့ အရသာရှိတဲ့ ဟင်းလျာတွေကိုသာ နှစ်သက်တာကြောင့် ဖရဲသီးနှင့်အာလူးစတူးကို ပြောင်းဖူးမုန့်နှစ်ခုနဲ့ ဝယ်ယူခဲ့တယ်။
လီမင်နန်က သူမရဲ့ နေ့လည်စာဘူးထဲမှ အစားအသောက်တွေကို ကြည့်ပြီး မုန်ရှောင်ရှီရဲ့ နေ့လည်စာဘူးထဲကို သူဝယ်လာတဲ့ ငါးနှစ်တုံးကို ထည့်ပေးလိုက်တယ်။
“ခရမ်းသီးနဲ့ ငါးခူစတူးက ရှားပါးတဲ့ဟင်းပဲ.. ဒါက ဒီနှစ်ထဲမှာ ငါးခူဟင်းကိုပထမဆုံးအကြိမ်မြင်ရတာလေ.. မြည်းကြည့်ပါလား”
မုန်ရှောင်ရှီက အနည်းငယ် စိုးရိမ်သောကရောက်စွာနှင့် နေ့လည်စာဘူးကို ကြည့်ပြီး ပြောလာတယ်။
“ဒါပေမယ့် ကျွန်မ ဒါကို မကုန်ဘဲ ဖြုန်းတီးသလိုဖြစ်မှာကို ကြောက်တယ်”
“အဆင်ပြေပါတယ် အခု ကိုယ်ရှိနေပြီပဲလေ”
လီမင်နန်က သူမကိုကြည့်ကာ ပြုံးပြီး ဆက်ပြောလိုက်တယ်။
“မင်းမကုန်ရင် ကိုယ် ကူပြီးစားပေးမယ်”
မုန်ရှောင်ရှီက ရှက်ရွံ့သွားခဲ့ပြီး ခေါင်းငုံ့ကာ လီမင်နန်ထည့်ပေးတဲ့ ငါးကို ကိုက်လိုက်တယ်။
“အရသာရှိတယ်!”
တခဏချင်းမှာပဲ လီမင်နန်တစ်ယောက် သူ့ရဲ့ဝိညာဉ်က ပျံသန်းသွားတော့မလိုမျိုး ခံစားလိုက်ရလေတယ်။
လီမင်နန်က ကျောင်းတက်နေတဲ့ကာလအတွင်းမှာ အလွန် ရိုးသားခဲ့ပြီး အရင်တုန်းက လီမင်တုန်လိုမျိုး အချစ်ဝတ္ထုစာအုပ်တွေကိုလည်း မဖတ်ခဲ့ဘူး။
ဒါကြောင့် မုန်ရှောင်ရှီတစ်ယောက် သူမရဲ့ အချစ်ရေးအစမှာကတည်းက ရိုးသားပြီး စိတ်အားထက်သန်မှုရှိလွန်းတဲ့ လီမင်နန်နဲ့ တွေ့ဆုံခဲ့ကာ ရက်အနည်းငယ်အတွင်းမှာပဲ နက်နက်ရှိုင်းရှိုင်းချစ်ခင်စုံမက်တဲ့အဆင့်ကို ရောက်သွားခဲ့တယ်။
သူမက လီမင်နန်ရဲ့အကြောင်းကိုသာ တစ်ချိန်လုံးတွေးတောလာခဲ့ပြီး လီမင်နန်နှင့် ထမင်းစားရမဲ့အချိန်ကို မျှော်လင့်တတ်လာတယ်။ မြစ်ကမ်းစပ်မှာ လမ်းလျှောက်ထွက်ရင်း စကားပြောမဲ့အချိန်တွေကို တွေးတောလာတယ်။ ညဘက် အိမ်မှာ ပန်းကန်ဆေးရင်းနဲ့တောင် သူ့ရဲ့အကြောင်းကိုတွေးတောမိပြီးရုတ်တရက်ရယ်မောသံတွေ ထွက်လာမိခဲ့တယ်။
အန်တီမုန်က မာစတာမုန်ရဲ့ လက်ကိုစိုးရိမ်တကြီးဆွဲကာ ဆွယ်တာအင်္ကျီထိုးနေတဲ့သမီးဖြစ်သူဘက်ကို ကြည့်ခိုင်းလိုက်တယ်။
“ရှင့်သမီးကိုကြည့်လိုက်ဦး.. စေ့စပ်ပြီးတာ တစ်လပဲရှိသေးတယ်.. သူမက ဝိဥာဥ်တောင် ပျောက်ဆုံးလုနီးနီးဖြစ်နေပြီ”
မာစတာမုန် လှမ်းကြည့်လိုက်တော့ မုန်ရှောင်ရှီက ဆွယ်တာအင်္ကျီကို အဆက်မပြတ်ထိုးနေပေမဲ့လည်း သူမရဲ့မျက်လုံးတွေကတော့ ငေးမောနေခဲ့ကာ တစ်ချက်တစ်ချက်မှာ နှုတ်ခမ်းတွေကလည်း ပြုံးစိစိဖြစ်နေခဲ့တယ်။
မာစတာမုန်က ခပ်တိုးတိုး ချောင်းဟမ့်လိုက်တယ်။
“ အခုက တိုင်းပြည်ထဲမှာ လွတ်လပ်တဲ့ အချစ်ရေးကို ထောက်ခံအားပေးနေပြီဆိုတော့ အနာဂတ်မှာ လူတိုင်းက ပျားရည်လို ချိုမြိန်လာကြလိမ့်မယ်”
အန်တီမုန် လှောင်ရယ်လိုက်တယ်။
“ရှင်က သားသမီးတွေအစုလိုက်ရှိနေပြီကို ဘယ်လိုပျားရည်မျိုးရှိနေဦးမှာလဲ၊ အဲဒါက ရေခါးပဲ ဖြစ်နေလိမ့်မယ်.. ဒါပေမယ့် ရှောင်ရှီက ကျွန်မထက် ပိုပြီးကံကောင်းတယ်...”
သူမက မာစတာမုန်ဘက်သို ငုံ့ကြည့်ကာ ရွံရှာစွာနှင့် မျက်နှာကို လှည့်လိုက်တယ်။
“ သူက ပျားရည်သောက်ရပေမယ့် ကျွန်မကတော့ ရေခါးကိုပဲ သောက်ခဲ့ရတယ်”
“မင်းက ဘာလို့ ရေခါးကိုသောက်ရမှာလဲ”
မာစတာမုန်က မယုံကြည်နိုင်စွာ ပြောလာတယ်။
“လက်ထပ်ပြီးကတည်းက ငါ့ရဲ့လစာက ငါ့လက်ထဲမှာ တစ်ရက်ထက် ပိုမကြာခဲ့ဖူးဘူး.. ငါတို့မိသားစုမှာ မင်းပြောတဲ့စကားက အတည်ဖြစ်နေတာ မဟုတ်ဘူးလား.. အဲဒါကို ရေခါးလို့ ခေါ်နေသေးတယ်ပေါ့”
အန်တီမုန်က မာစတာမုန် ပြောတဲ့စကားတွေကိုကြားတော့ မထိန်းနိုင်ဘဲ ရယ်ချင်သွားရတယ်။
“အသုံးမဝင်တဲ့စကားတွေကို ပြောမနေနဲ့တော့ .. တစ်ရက်လောက် အားလပ်ချိန်ရှာပြီး မင်နန်ဆိုတဲ့ကလေးကို အိမ်မှာထမင်းလာစားခိုင်းလိုက်ရအောင်.. သူက နေ့တိုင်းအလုပ်ကပြန်လာရင် ရှောင်ရှီကို အိမ်ပြန်လိုက်ပို့ပေးတတ်တယ်.. ဒါပေမယ့် ကျွန်မတို့မိသားစုမှာ တ်ခါမှ ထမင်းမစားရသေးဘူး”
“မင်နန်မိသားစုကို ဖုန်းဆက်လိုက်လေ.. ရှင် မင်နန်ရဲ့အဖေက စကားစမြည်ပြောလိုက်ပေါ့.. ကျွန်မက သူ့အမေနဲ့ စကားပြောလိုက်မယ်”
အန်တီမုန်က သူမရဲ့ပေါင်ကို ပုတ်ပြီး ထပ်ပြောလိုက်တယ်။
“ဘာလို့ ဒီအပတ် တနင်္ဂနွေနေ့ကို မသုံးရမှာလဲ”
မာစတာမုန်က စီးကရက်တစ်လိပ်ကို ယူလိုက်ပြီး စားပွဲပေါ်ကို ခေါက်လိုက်တယ်။
“ငါတို့မိသားစုက ပြီးခဲ့တဲ့လက ဝက်သားအများကြီး မဝယ်ဖြစ်ခဲ့ဘူး၊ ဒီတစ်ပတ်မှာ ဝက်သားဝယ်လို့ရမလား”
“ရလောက်ပါတယ် .. ကျွန်မ အိမ်နီးနားချင်းတွေနဲ့ စကားပြောပြီး ဒီတစ်လအတွက် အသားဝေစုကို ချေးငှားလိုက်မယ်.. ဒါဆို ကျွန်မတို့တွေ မှာယူလို့ရပြီ”
အန်တီမုန်က ဆက်ပြောလိုက်တယ်။
“မင်နန်ရဲ့ အိမ်မှာ ပြီးခဲ့တဲ့ တစ်ခေါက်က ကျွန်မတို့စားခဲ့တော့ ငါးတွေရော အသားတွေရော အကုန်ပါတယ်.. နဂါးပျံဟင်းတစ်အိုးတောင်ပါသေးတယ်.. အသားက အရမ်းမွှေးပြီး ကျွန်မဆို ရှောင်ဝေ့ကိုမွေးတုန်းကထက် နှစ်ဆလောက်စားခဲ့တာ”
“အဲဒါက သူ့မိသားစုက အမဲလိုက်နည်းကို သိလို့လေ”
မာစတာမုန်က ထုံထိုင်းစွာပြောလာတယ်။
“ငါက အဲဒီနေရာမှာ မတော်ဘူး.. နောက်ပြီး ငါတို့က သူ့မိသားစုနဲ့ တန်းတူ ဟင်းချက်နေစရာ မလိုပါဘူး.. သူက ဒီအိမ်ကို ပထမဆုံးအကြိမ်ရောက်တာဆိုတော့ ကြက်တစ်ကောင်သတ်လိုက်ကြတာပေါ့
ဝက်သားနဲ့ တရုတ်နံနံတွေပါတဲ့ ဖက်ထုပ်လုပ်ရမယ်၊ စည်သွတ်ဘူးလိုတစ်ခုခုကို ထောက်ပံ့ရေးစျေးကွက် အေဂျင်စီမှာ သွားရှာကြည့်လိုက်လေ.. ပြီးရင် ကြည့်ကောင်းမဲ့ အစားအစာတစ်ခွက်လောက် ပြင်ဆင်လိုက်ကြစို့”