အခန်း (၁၄၄)
Vol. 15 Ch. 144
လီမင်နန်ရဲ့ လက်ထပ်ပွဲအတွက်က တွေးတောနေဖို့ အချိန်စောလွန်းနေသေးတာကြောင့် လီမိသားစုဟောင်းရဲ့ စိတ်က အခု မုန်ရှောင်ရှီရဲ့အိမ်ကို အလည်သွားဖို့ ကိစ္စဆီသို့ ပြန်လည်ရောက်ရှိသွားကြတယ်။
ကျန်းကျန်းက သူမတို့တွေက လူများတဲ့ မိသားစုကြီးတစ်ခုဖြစ်ကြောင်း ပြောခဲ့တယ်။ လီမင်နန်နှင့် လီမင်ပေတို့က အလွန်အစားကြီးပြီး သူတို့နှစ်ယောက်တည်းနှင့် တခြားလူရဲ့အိမ်မှ အဆာပြေမုန့် သုံးပေါင်လောက်စားနိုင်တယ်လို့ ခန့်မှန်းရတယ်။ ဒီလိုဆိုမှတော့ ဘာလို့သူတို့ဆီကို လက်ဆောင်ပစ္စည်းတွေမယူသွားရမှာလဲ။
မဒမ်လီက ကြက်ဥတစ်ခြင်းနှင့် ဂျုံဖြူ ဆယ်ကယ်တီတို့ကို ပြင်ဆင်ခဲ့တယ်။ ကျန်းကျန်းက တောင်ပေါ်ကိုသွားပြီး ယုန်နှစ်ကောင်၊ ရစ်ငှက်နှစ်ကောင်နှင့် အဆီပေါတဲ့ငါးကြီးနှစ်ကောင်ကိုသွားဖမ်းခဲ့တယ်။
လီမင်နန်က မူလတုန်းက တောရိုင်းပစ္စည်းတချို့ကို သွားရောက်ရှာဖွေလိုခဲ့ပေမဲ့ သူက နေ့ခင်းဘက်မှာ အလုပ်ကိုသွားရပြီး ညဘက် အိမ်ကိုပြန်ရောက်ပြီးချိန်မှာလည်း မှောင်နေပြီဖြစ်လို့ တောင်ပေါ်ကို မတက်နိုင်ခဲ့ဘူး။
ဒါကြောင့် ကျန်းကျန်းက ပစ္စည်းတွေအများကြီး ယူပြီးပြန်လာတာကိုမြင်တော့ လီမင်နန်က အလွန် စိတ်လှုပ်ရှားနေခဲ့ပြီး ကျန်းကျန်းကို ကောက်ယူပြီး ဆွဲလှည့်ပြီး လိုက်လေတယ်။ ကျန်းကျန်း သူ့ခေါင်းကို တိုက်ရိုက်ပဲရိုက်ချလိုက်တယ်။
“တတိယအစ်ကို ညီမလေးကို ထပ်ပြီး လှည့်ရဲရင် ဒါတွေအားလုံးကို ညဘက် စတူးချက်ပစ်လိုက်မယ်!”
လီမင်နန်က ပြုံးပြီး ကျန်းကျန်းကိုအောက်ဘက်သို့ ပြန်ချလိုက်တယ်။
“ အစ်ကိုက အရမ်းပျော်သွားလို့ မင်းကို မိန်းကလေးဆိုတာ မေ့သွားတယ်.. ဒီလိုလုပ်လေ.. မနက်ဖြန် တနင်္ဂနွေနေ့ကျရင် အစ်ကို မင်းကို ရုပ်ရှင် သွားကြည့်ဖို့ ခေါ်သွားပေး.. ဒီလအတွက် ဇာတ်ကားက အရမ်းကောင်းတယ်လို့ကြားတယ် “
“ကောင်းပြီ”
ကျန်းကျန်း ဝမ်းသာအားရ သဘောတူလိုက်တယ်။
“ဒါဆို ညီမလေး အစ်ကိုတို့နှစ်ယောက်ကြားမှာ ထိုင်မယ်”
လီမင်နန် ချက်ချင်းပဲ စကားကိုပြန်ပြင်ပြောလာတယ်။
“အင်း၊ အစ်ကို မင်းကို ပိုက်ဆံပေးလိုက်မယ်လေ.. မင်းရဲ့ စတုတ္ထအစ်ကိုကို ပြခိုင်းလို့ရတယ်”
“ကောင်းပြီ ကောင်းပြီ!”
လီမင်ပေကတော့အလွန်ပျော်နေခဲ့တယ်။
“ကျန်းကျန်း မင်းရဲ့အစ်မ ဝမ်ရှို့ကိုခေါ်လိုက်လေ.. မင်း ငါတို့ ကြားမှာ ထိုင်လို့ရတယ်.. ငါက ကိစ္စမရှိဘူး “
လီမင်နန်က မရယ်ဘဲမနေနိုင်တော့ဘူး။
“ကြည့်ရတာ မင်းရဲ့ကိစ္စက အလုပ်ဖြစ်ပုံမရဘူး .. ကျန်းကျန်းသာ မသွားဘူးဆိုရင် မင်း ယွီဝမ်ရှို့နဲ့ နှစ်ယောက်တည်း ရုပ်ရှင်သွားကြည့်လို့မရဘူးမလား”
လီမင်ပေရဲ့ မျက်နှာက ချက်ချင်းပင် စိမ်းဖန့်သွားခဲ့တယ်။
“ကျွန်တော်က ကျောင်းမပြီးသေးဘူး.. ကျွန်တော် အထက်တန်းဘွဲ့ရပြီးရင် ယွီဝမ်ရှို့နဲ့ဆက်ဆံရေးကို ပြီးမြောက်အောင်လုပ်လို့ရတယ်.. ကျွန်တော် သူ့ကို သဘောကျတယ်ဆိုတာ သူသိတယ်”
“မင်းကြိုက်နေတာကို မျက်မမြင်တွေတောင် မြင်နိုင်လိမ့်မယ်”
လီမင်နန် ရယ်မောလိုက်တယ်။
“ဒါပေမယ့် အဲဒီမိန်းကလေးက မင်းကို သဘောမကျတာဖြစ်နိုင်တယ်.. မင်းရဲ့ရိုးရှင်းတဲ့စိတ်နဲ့ သန်မာတဲ့ခြေတွေလက်တွေကို သူမ မကြိုက်တာများလား”
လီမင်ပေရဲ့မျက်နှာက အစိမ်းရောင်ပြောင်းနေပြီဆိုတာကိုမြင်တော့ လီမင်နန်က အလျှင်အမြန်ပဲ ပြန်ဖြည့်ပြောလိုက်တယ်။
“အချိန်က နှစ်ဝက်ကျော်လောက်ကျန်သေးတာပဲ၊ မင်းအနေနဲ့ တစ်နေကုန် အရွယ်မရောက်သေးတဲ့ကလေးတစ်ယောက်လို မပြုမူပြနဲ့လေ.. အနည်းဆုံးတော့ မိန်းကလေးတွေက မင်းကိုယုံကြည်နိုင်လောက်အောင် ပြုမူနေထိုင်ရင် တွေ့လာလောက်မှာပါ”
လီမင်ပေက ထိုစကားကိုကြားတော့ ငြိမ်သက်သွားခဲ့တယ်။
သူက ခေါင်းကုတ်ပြီး စိတ်ရှုပ်ထွေးတဲ့ပုံစံနဲ့ပြောလာတယ်။
“ကျွန်တော်က တတိယအစ်ကိုလောက်တောင် အရပ်ရှည်နေပြီလေ.. ဘာလို့ ကြီးပြင်းမလာဘူးလို့ပြောတာလဲ”
လီမင်နန်က လီမင်ပေရဲ့ ပုခုံးတွေကို ဖက်လိုက်တယ်။
“ကြီးပြင်းလာတာက မင်းရဲ့ခန္ဓာကိုယ်အရွယ်အစားနဲ့မဆိုင်ဘူး၊ မင်းရဲ့စိတ်ဓာတ်နဲ့ အကျင့်စာရိတ္တပိုင်းဆိုင်ရာ ရင့်ကျက်မှုကို ဆိုလိုတာပဲ.. မင်း တခြားမိန်းကလေးကို သဘောကျပြီး လက်ထပ်ချင်လား”
လီမင်ပေက ရှက်ရွံ့နေခဲ့ပြီး ခေါင်းညိတ်ပြလာတာကိုမြင်တော့ လီမင်နန်ရယ်မောလိုက်မိပြန်တယ်။
“ဒါဆို မင်းက ယုံကြည်စိတ်ချရတဲ့လူဖြစ်ကြောင်း သူမ မြင်နိုင်အောင်ပြရမယ်.. တစ်နေ့တာလုံး ဆော့ကစားနေတာပဲမလုပ်နဲ့၊ အနည်းဆုံးတော့ အခု စက်ရုံစာမေးပွဲအတွက် ပြင်ဆင်နေသင့်တယ်.. မင်းမှာ ကောင်းမွန်တဲ့ အနာဂတ်ရှိတယ်ဆိုတာ သူမ သိအောင်လုပ်ရမယ်”
လီမင်ပေက ခေါင်းညိတ်ပြပြီး လီမင်နန်ဆီကို စိုးရိမ်တကြီးနဲ့ ကြည့်လာပြန်တယ်။
“ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်လောက်က အစ်ကို စက်ရုံထဲကို ဝင်တဲ့နှစ်ကတည်းက ရေအားလျှပ်စစ် စက်ရုံက အလုပ်သမားထပ်ပြီး မခေါ်ယူခဲ့ဘူး၊ နောက်နှစ်မှာ ထပ်ပြီးမစုဆောင်းရင် ဘယ်လိုလုပ်မလဲ”
“ဒါဆိုလည်း မင်း အဖေရဲ့အလုပ်မှာ ဝင်လိုက်ပေါ့”
လီမင်နန်က လီမင်ပေရဲ့ ခေါင်းကို ပွတ်ပေးလိုက်တယ်။
“ မင်းကြိုက်တဲ့လူနဲ့ လက်ထပ်မယ်ဆိုတဲ့အကြောင်းကို တွေးရင် မင်းအလုပ်ပင်ပန်းတာတွေကို မေ့သွားလိမ့်မယ်”
လီမင်နန်က ပြုံးပြီး ခေါင်းညိတ်တယ်။
“ဒါဆို ကျွန်တော် မကြောက်တော့ဘူး.. အလုပ်ရတာနဲ့ သူမကို ဖွင့်ပြောလိုက်မယ်”
လီမင်နန်က အပြုံးတစ်ခုနဲ့ လက်ဝှေ့ရမ်းပြလိုက်တယ်။
“ အခု ခြောက်လတောင်ကျန်သေးတယ်လေ.. သူမရဲ့ဘေးမှာ ဘယ်သူမှမရှိခင် တတ်နိုင်သမျှ မြန်မြန်ပြောသင့်တယ်.. အဲဒီမိန်းကလေးက ဥာဏ်ကောင်းတယ်.. မင်းပြောချင်တဲ့အဓိပ္ပါယ်ကိုနားလည်မှာပါ..တစ်ဖက်လူကို တွေးတောဖို့အချိန်ပေးထားတာမကောင်းဘူးလား?”
လီမင်ပေက ခေါင်းညိတ်ပြီး အစ်ကိုဖြစ်သူကို လေးစားအားကျစွာ ကြည့်လာတယ်။
“တတိယအစ်ကိုက တကယ့်ကို ကျွန်တော့်အစ်ကိုပဲ!”
တနင်္ဂနွေနေ့မှာတော့ လီမိသားစုတွေက ၀တ်စားဆင်ယင်ပြီး မနက်စောစော ထွက်လာခဲ့ကြတယ်။ မဒမ်လီက ခြေတံတိုတိုသာရှိပြီး ရေအားလျှပ်စစ်စက်ရုံသို့ သွားရာလမ်းမှာ ရှည်လျားလွန်းတာကြောင့် လီမူဝူက လီမင်နန်ကို မဒမ်လီနှင့် လက်ဆောင်ပစ္စည်းတွေကို စက်ဘီးနှင့်တင်ဆောင်ပြီး မုန်မိသားစုဆီသို့ အရှေ့မှ အရင်ဆုံးသွားခိုင်းခဲ့တယ်။
လီမင်နန်က စက်ဘီးစီးပြီး တခဏချင်းမှာပဲ ပျောက်ကွယ်သွားခဲ့တယ်။ လီမူဝူနှင့် ဝမ်စုဖန်းတို့က နောက်ကျမှ ရောက်သွားမယ်ဆိုရင် စကားပြောဖို့ အချိန်သိပ်မရမှာကို စိုးရိမ်နေခဲ့ကြပြီး ခေါင်းငုံ့ကာအရှေ့သို့ အမြန်လျှောက်သွားခဲ့ပြတယ်။
တစ်ဖက်မှာတော့ ကျန်းကျန်းက လမ်းလျှောက်ပြီး ဆော့ကစားနေခဲ့ကာ ပန်းတွေကိုလည်း ခူးဖို့ အချိန်ရနေတုန်းပဲ။ ဝမ်စုဖန်းက သူမကို ပြန်လှည့်ကြည့်ကာ ကျန်းကျန်းက ကစားနေခဲ့ပေမဲ့ သူမတို့နှင့် အနီးမှာပဲ အမြဲရှိနေတာကြောင့် ဘာမှ မပြောခဲ့ဘူး။
ကျန်းကျန်းက ပန်းပွင့်တွေကို ဘယ်ဘက်လက်မှာ ကိုင်ထားပြီး သူမရဲ့ ညာလက်ကတော့ ပန်းခက်မှ အပိုအရွက်တွေကို အမြန်ခြွေနေခဲ့တယ်။ အရှေ့ကလူသုံးယောက်က ခေါင်းငုံ့ပြီး လမ်းလျှောက်လာချိန်မှာ သူမက ပန်းပွင့်တွေကို တစ်ပွင့်ပြီးတစ်ပွင့် စုစည်းနေခဲ့တယ်။
မုန်ရှောင်ရှီရဲ့ အိမ်တံခါးဝသို့ရောက်တဲ့အချိန်မှာ ကျန်းကျန်းရဲ့လက်ထဲမှပန်းတွေက လှပတဲ့ပန်းစည်းတစ်ခုအဖြစ်ပြောင်းလဲနေခဲ့ပြီ။
1960 ခုနှစ်တွေမှာရှိတဲ့ အဆောက်အဦးများတွေမှာ အသံလုံအောင် လုပ်ဆောင်နိုင်စွမ်းမရှိသေးဘူး။ ကျန်းကျန်းတို့မိသားစုတွေ ပထမထပ်ကနေ တက်လိုက်တာနဲ့ အခန်းထဲမှာရှိနေတဲ့အန်တီမုန် လှုပ်ရှားသံတွေကို ကြားလိုက်ရပြီးနောက် မုန်ရှောင်ရှီနဲ့အတူထွက်လာကာ တံခါးကို အမြန်ဖွင့်လိုက်တယ်။
“ကျွန်မအခုလေးတင် အန်တီနဲ့ပြောနေတာ.. မြန်မြန် ဝင်လာခဲ့ကြလေ !”
အန်တီမုန်က လီမူဝူကို နှုတ်ဆက်ပြီး ဝင်ခွင့်ပြုကာ ဝမ်စုဖန်းရဲ့ လက်ကို ဝမ်းသာအားရ ဆုပ်ကိုင်လိုက်တယ်။
“ဒီကို လမ်းလျှောက်လာရတာ ပင်ပန်းနေပြီလား”
သူမက ပြုံးပြီးဆက်ပြောလာတယ်။
“ဒါ ရှင်တို့မိသားစုရဲ့ အငယ်ဆုံးသားလား.. ကျွန်မ ရှင်တို့မိသားစုကို နောက်ဆုံးတစ်ခေါက်လာတုန်းက မတွေ့ဖူးဘူး”
ဝမ်စုဖန်း: “ သူက ရေအားလျှပ်စစ်စက်ရုံရဲ့ နံပါတ်တစ်အထက်တန်းကျောင်းမှာ တက်နေတာလေ.. နောက်နှစ်ကျရင် ဘွဲ့ရတော့မှာ”
အန်တီမုန်က ဒီအကြောင်းကို ကြားတော့ ချက်ချင်း မနာလိုဖြစ်လာတယ်။
“ရှင်တို့မိသားစုထဲက ဒီကလေးတွေက တကယ်ကို အလားအလာကောင်းတာပဲ.. ကျန်းကျန်းကလည်း သင်ယူမှုအားကောင်းတယ်လို့ ရှောင်ရှီပြောတာကို ကြားဖူးတယ်.. သူမက နှစ်တိုင်း စာမေးပွဲမှာ ပထမရတယ်ဆို”
“အရင်တုန်းကတော့ အဲလိုပေါ့.. ဒါပေမယ့် အခုက စာမေးပွဲမဖြေရတော့ဘူးဆိုတော့ ဘယ်သူကသိမှာလဲ”
ဝမ်စုဖန်းက ပြုံးပြီး ပြောလိုက်တယ်
“ဒါပေမယ့် ကျွန်မ သူ့ဆရာမကို တွေ့တိုင်း ကျန်းကျန်းက စာအကုန်ရတယ်လို့ပြောခဲ့တာပဲ”
အန်တီမုန်က ကျန်းကျန်းရဲ့ခေါင်းလေးပို ပွတ်သပ်လိုက်တယ်။
“ ကျန်းကျန်းလေးက အရမ်းတော်တာပဲ.. ဒါနဲ့ ဒီလအနည်းငယ်လောက်သူမကို မတွေ့လိုက်ရတဲ့အချိန်မှာ အရပ်ပိုရှည်လာပုံရတယ်”
ဝမ်စုဖန်းက ကျန်းကျန်းရဲ့ ဂုဏ်ယူဝင့်ကြွားမှုအပြည့်နှင့် မျက်နှာကို ကြည့်ပြီး နှိမ့်ချတဲ့စကားနည်းနည်းလောက် မပြောဘဲမနေနိုင်ဘူး။
“ဒီကလေးက တောင်ပေါ်တက်လိုက် မြစ်ထဲဆင်းလိုက်နဲ့ တောရိုင်းဘဝမှာပျော်နေတာလေ.. ဒါကြောင့် ငြိမ်ငြိမ်လေးနေတဲ့ကလေးတွေထက် ပိုပြီး အကြီးမြန်နေတာ”
“ ဆော့ကစားနေတာ ကောင်းပါတယ်၊ အဲလိုကလေးတွေကဥာဏ်ပိုကောင်းတယ်”
အန်တီမုန်က ကျန်းကျန်းရဲ့ မျက်နှာလေးကိုကြည့်ပြီး ပြုံးလိုက်တယ်။
ကျန်းကျန်းက အရှေ့ကိုတိုးကာ နှုတ်ဆက်လိုက်ပြီး လက်ထဲမှ ပန်းစည်းကို မုန်ရှောင်ရှီဆီသို့ လှမ်းပေးလိုက်တယ်။
“ဒါ ညီမလေး လမ်းက ခူးလာတာ .. အစ်မကိုပေးမယ်”
မုန်ရှောင်ရှီလိုအရွယ် မိန်းကလေးတွေက ပန်းတွေနှင့် မြက်တွေကို သဘောကျနှစ်သက်တဲ့အရွယ်ပဲ။ ဒါ့အပြင် ကျန်းကျန်းရဲ့ လက်ထဲမှာရှိနေတဲ့ ပန်းစည်းက သူမရဲ့ဦးခေါင်းထက်တောင် ကြီးနေပြီး ရေဓာတ်ပြည့်ဝနေကာ အရောင်တွေတောက်ပနေခဲ့တယ်။ သစ်ရွက်တွေ ကြွေကျနေတဲ့ ဆောင်းဦးရာသီးမျိုးမှာ ဒီလိုပန်းတွေကိုကြည့်ရတာက အလွန် သက်တောင့်သက်သာရှိစေတယ်။
မုန်ရှောင်ရှီက ဝမ်စုဖန်းကို အိမ်ထဲသို့ ဝင်လာစေရန် စောင့်ဆိုင်းခဲ့ပြီးမှ ကျန်းကျန်းရဲ့ လက်ကို ဆွဲခေါ်လာခဲ့တယ်။ ထို့နောက် အိမ်ထဲမှ သံဘူးတစ်ဘူးကို ရှာဖွေယူလာခဲ့ပြီ ရေဖြည့်ကာ ပန်းရိုင်းတွေ ထည့်လိုက်လေတယ်။
ကျန်းကျန်းက ထိုပန်းအိုးကို ဘယ်ညာ ကြည့်ပြီး မကျေမနပ်နဲ့ ခေါင်းခါလိုက်တယ်။
“ပန်းအရိုးက အရမ်းရှည်နေသေးတဲ့ပုံပဲ၊ အစ်မရှောင်ရှီ. ညီမအတွက် ကတ်ကြေးတစ်ခုလောက်ယူပေးလို့ရမလား.. ညီမလေး အစ်မအတွက် ညှပ်ပေးမယ်”
မုန်ရှောင်ရှီက အိမ်ထဲသို့ဝင်ကာ ကတ်ကြေးအကြီးတစ်ခုကိုယူပြီး ကျန်းကျန်းဆီကို ပေးလိုက်တယ်။ ကျန်းကျန်းက ပန်းခက်တွေကို သုံးဆင့်လောက် ဖြတ်ပြီး ဗူးထဲကိုထည့်လိုက်တယ်။ သူမက ဘယ်ဘက်ကပဲကြည့်ကြည့် မျက်လုံးကို ကျေနပ်နှစ်သက်စေမဲ့ ပုံပန်းသဏ္ဍာန်ဖြင့် ဘူးထဲမှာ စီစဥ်နေရာချခဲ့တယ်။
ပြီးသွားတော့ ကျန်းကျန်းက လက်ထဲမှ ကတ်ကြေးကို စားပွဲပေါ်မှာ တင်ပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်ကြည့်လိုက်တယ်။ စားပွဲပေါ်မှ ပန်းတွေက အတော်လေး လှပနေတာကြောင့် သူမ အနည်းငယ် ကျေနပ်သွားခဲ့လေတ္်။
“ဒါက ပထမဆုံး ပန်းအိုးထိုးဖူးတာပဲ”
“ဒါက ဘယ်လိုလုပ်လိုက်တာလဲ!”
မုန်ရှောင်ရှီက သူမကို အံ့အားသင့်စွာကြည့်လာတယ်။
“မင်းလုပ်လိုက်တာ အရမ်းလှတာပဲ! ဘယ်လိုမျိုး စီစဥ်လိုက်တာလဲ.. ငါဆို အမြဲတမ်း လက်တဆုပ်စာလောက်ခူးပြီး ဘူးထဲမှာ ထည့်ထားတတ်တာ၊ အဲဒါက ရှုပ်ပွနေပြီး အခုလို ကြည့်မကောင်းဘူး”