အခန်း (၁၄၆)
Vol. 15 Ch. 146
မုန်ရှောင်ရှီက စားပွဲပေါ်မှ နှိုးစက်နာရီကို တစ်ချက်ကြည့်လိုက်ပြီး မှိုနှင့်ကြက်သားစတူးက အဆင်သင့်ဖြစ်လလောက်ပြီလို့ ခန့်မှန်းကာ မတ်တပ်ရပ်ပြီး အပြုံးနှင့် ပြောလိုက်တယ်။
“အဖွား၊ အန်တီ ..ထိုင်ပြီး စကားပြောလိုက်ကြပါဦး၊ သမီး ဟင်းသွားချက်လိုက်ဦးမယ်”
အန်တီမုန်က သမီးဖြစ်သူကို စိတ်ကျေနပ်စွာ တစ်ချက်ကြည့်လိုက်ပြီး မဒမ်လီဘက်ကိုလှည့်ကာ ချီးမွှမ်းစကား မပြောဘဲ မနေနိုင်ဘူး။
“အန်တီ၊ ရှောင်ရှီက ကျွန်မရဲ့သမီးဖြစ်လို့ ချီးကျူးတာတော့ မဟုတ်ဘူး၊ သူက ကျွန်မထက် ဟင်းချက်လက်ရာ ပိုကောင်းတယ်၊ ခဏနေရင် သူ့လက်ရာကို မြည်းကြည့်လို့ရတယ်၊ သူမက အိမ်သန့်ရှင်းရေးနဲ့ ဟင်းချက်တာကိုဝါသနာပါတယ်လေ ၊ အန်တီတို့တွေ သဘောကျမှာပါ”
ဝမ်စုဖန်းက ခေါင်းညိတ်ပြီးသဘောတူလာတယ်။
“ပထမတစ်ချက် ကြည့်လိုက်ရုံနှင့် မိန်းကလေးက သပ်သပ်ရပ်ရပ်နေတတ်တာကိုမြင်နိုင်တယ်၊ ရှောင်ရှီက ရှင့်နောက်ကနေ ကောင်းကောင်းသင်ယူထားတဲ့ပုံပဲ”
ကျန်းကျန်းက ထိုင်ခုံပေါ်မှာထိုင်ပြီး သူတို့ရဲ့ အချင်းချင်း ချီးကျူးမြှောက်ပင့်စကားတွေကို နားထောင်ရတာ ပျင်းရိလာခဲ့တာကြောင့် အမြန်ထရပ်ပြီးပြောလိုက်တယ်။
“အစ်မရှောင်ရှီ ချက်ပြုတ်နေတာကို ကူညီဖို့ မီးဖိုချောင်ကို သွားလိုက်မယ်”
မဒမ်လီတစ်ယောက် အလွန်ထိတ်လန့်သွားပြီး ချက်ချင်း တားလိုက်ရတယ်။ ပုံမှန်အားဖြင့် သူမက ကျန်းကျန်းကို အပူလောင်သွားမှာကို စိုးရိမ်ပြီး ရေနွေးတောင် ခပ်ခိုင်းတာမဟုတ်ဘူး။
ဒါပေမယ့် သူမက မီးဖိုချောင်ကို သွားခွင့်မပြုဘူးလို့ ပြတ်ပြတ်သားသားပြောလိုက်ရင် မုန် မိသားစုက အများကြီး တွေးတောနေမှာကို ကြောက်တာကြောင့် မဒမ်လီက လီမင်နန်ကို အလျင်အမြန်ဆွဲခေါ်လိုက်တယ်။
“မင်နန် သွားကူညီပါစေ၊ သူတို့ရဲ့ဆက်ဆံရေးလည်း ပိုကောင်းသွားတာပေါ့၊ မင်းဆိုတဲ့ ကလေးမက ဘာတွေ သွားပြီး ဝင်ပါချင်နေတာလဲ”
မုန်ရှောင်ရှီက ခြေမြန်လက်မြန်ရှိပြီး အလွန်လျင်မြန်စွာ လုပ်ကိုင်ခဲ့တယ်။ ကြက်သားနှင့် မှို စတူးဟင်းကို ထုတ်ပြီးနောက် မျက်စိတစ်မှိတ်အတွင်း ငါးတွေကြော်ပြီး ဟင်းပွဲ ငါးပန်းကန်ကို ပြင်ဆင်ထုတ်ယူခဲ့တယ်။ မာစတာမုန်ကလည်း ဝိုင်ဖြူကို လောင်းထည့်လိုက်ပြီး အိမ်ထောင်ရေးကိစ္စကိုအလေးအနက် ဆွေးနွေးခဲ့ကြတယ်။
အန်တီမုန်က လက်မထပ်ခင် ချစ်မိသွားတဲ့ကိစ္စကြောင့် သမီးဖြစ်သူရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမှာကို စိုးရွံ့မိတာကြောင့် ဒီစကားကို ကြားတော့ အလျှင်အမြန် ခေါင်းညိတ်ခဲ့တယ်။
“အန်တီတို့ သဘောကျသလိုစီစဥ်လို့ရတယ်၊ ကျွန်မတို့မှာ ပြောစရာ မရှိပါဘူး”
လီမင်နန်ရဲ့ အိမ်ထောင်ရေးက အအေးဒဏ်ပိုလာမဲ့ ဆောင်းရာသီ မရောက်ခင်မှာ စီစဥ်ပြီးသွားခဲ့တယ်။
မဒမ်လီက ခန်ပေါ်မှာထိုင်ပြီး မုန်မိသားစုနဲ့ လက်ထပ်ပွဲမှာ ဖိတ်သင့်တဲ့သူတွေကို စီစဉ်နေချိန်မှာပဲ ရေဒီယိုမှသတင်းတစ်ခုကို ရုတ်တရက်ကြေညာလာတယ်။
“....ကျွန်တော် အရေးကြီးတဲ့ အမိန့်တစ်ခုကို ကြေညာပေးချင်ပါတယ် - ပညာတတ်လူငယ်တွေကို ပြောလိုပါတယ်.. ကျေးလက်ကိုသွားပြီး ဆင်းရဲသားနဲ့ အလယ်အလတ် လယ်သမားတွေကို ပညာတွေပြန်လည်သင်ဖို့အတွက် အရမ်းလိုအပ်နေပါတယ်...”
ကျန်းကျန်း သူမရဲ့လက်ထဲမှာရှိတဲ့ သစ်အယ်စေ့တွေကို ခွဲနေရင်းကနေ ရေဒီယိုကို ဗလာဖြစ်စွာ စိုက်ကြည့်ရင်း အနည်းငယ်မင်တက်သွားခဲ့ရတယ်:
သူမက ဒီသမိုင်းကြောင်းကို နက်နက်ရှိုင်းရှိုင်း သိထားခြင်းမရှိဘူး။ သူမက နောက်နှစ်လောက်မှာ ပညာတတ်လူငယ်တွေက တောင်တွေနှင့် ကျေးလက်ဒေသတွေကို သွားရလိမ့်မယ်လို့သာ အမြဲတမ်း တွေးနေခဲ့မိတယ်။ ဒီလိုအချိန်မှာ ဖြစ်လာလိမ့်မယ်လို့ သူမ မမျှော်လင့်ထားခဲ့မိဘူး။
“ကျန်းကျန်း မင်းဘာဖြစ်နေတာလဲ”
မဒမ်လီက သူမရဲ့အမူအရာကြောင့် လန့်ဖျပ်သွားပြီး ခေါင်းကို အမြန်ထိလာခဲ့တယ်။
ကျန်းကျန်း မဒမ်လီရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး ငိုကြွေးမိလုနီးပါးဖြစ်နေခဲ့တယ်။
“အဖွား .. သမီးတို့ စတုတ္ထအစ်ကိုကတော့ ဒီတစ်ကြိမ်မှာ ဒုက္ခတွေခံစားရတော့မယ်”
မဒမ်လီ ထိတ်လန့်သွားပြီး ဘာကြောင့်လဲဆိုတာကို မေးချင်နေတဲ့အချိန်မှာပဲ ရေဒီယိုမှ ထုတ်လွှင့်လာတဲ့ အသံတွေကို ကြားလိုက်ရတယ်။
“... အလယ်တန်း ကျောင်းသားတွေနဲ့ အထက်တန်းကျောင်းသားတွေက ကျောင်းကနေ ထွက်ခွာပြီး ကျယ်ပြောလှတဲ့ ကျေးလက်ကို သွားရပါမယ်...”
“မင်ပေက ပညာတတ်လူငယ်တစ်ယောက်အနေနဲ့ တောင်တန်းတွေနဲ့ ကျေးလက်တွေဆီကို သွားရမှာလား”
မဒမ်လီ ကြောင်အမ်းစွာ မေးလာတယ်။
“တောင်တွေဆီကိုသွားရမယ်၊ ကျေးလက်ဒေသကိုသွားရမယ်” ဆိုတဲ့ စကားလုံးကို ဖော်ပြလာခဲ့တာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ဘူး။ ဒီလိုအကြောင်းအရာမျိုးကို 1950 အစောပိုင်းလောက်မှာလည်း ဖြစ်ပျက်ခဲ့ဖူးတယ်။
ထိုအချိန်မှာတုန်းက နိုင်ငံတစ်ဝှမ်းမှ ပညာတတ်လူငယ် အများအပြားက ဟေးပြည်နယ်သို့ ရောက်ရှိလာကြပြီး လယ်ယာတွေကို ပြန်လည်သိမ်းယူခဲ့ကြပြီး သူတို့ရဲ့လုပ်အားတွေနှင့် အတိုင်းအတာတစ်ခုလောက်အထိ ဖြေရှင်းနိုင်ခဲ့တယ်။ ဒါကြောင့် ပြည်နယ်အတွင်း အစာရှားပါးမှုပြဿနာကိုဖြေရှင်းနိုင်ခဲ့တယ်။
ထိုအချိန်မှာ တစ်နိုင်ငံလုံးအနှံ့အပြားမှ ပညာတတ်လူငယ်တွေအားလုံးကို စုစည်းခံခဲ့ရကာ ဟေးပြည်နယ်သို့ ရောက်ရှိလာခဲ့ကြပြီး မြေရိုင်းတွေကိုလည်း တူးထုတ် ဖွင့်လှစ်ကာ လယ်မြေတွေအဖြစ် စိုက်ပျိုးခဲ့ကြတယ်။ သူတို့တွေက နှစ်အနည်းငယ်ကြာအောင် မဖြစ်ထွန်းတဲ့ နယ်မြေတွေဆီကို သွားရောက်ပြီး နေထိုင်ခဲ့ကြရတယ်။
လီမင်တုန်က အန်းပေမှာ တစ်နှစ်ပတ်လုံး စာသင်ကြားပေးနေခဲ့ရပြီး လီမင်ရှီကတော့ စစ်တပ်ကိုဝင်သွားကာ နှစ်နှစ်ကြာအောင် သတင်းစကားတစ်ခွန်းမှ မပြောလာခဲ့ဘူး။ လက်ရှိမှာ သူမရဲ့မြေးနှစ်ယောက်ဖြစ်တဲ့ လီမင်နန်နှင့် လီမင်ပေတို့သာ အိမ်မှာရှိနေခဲ့တယ်။ ဒါကို နှစ်သစ်တောင်မကူးခင်မှာ ဘာလို့ ထပ်မံ ခေါ်ယူခံလိုက်ရပြန်တာလဲ။
ဒီ ခဏအတွင်းမှာ မဒမ်လီတစ်ယောက် မျက်ရည်တွေကို မထိန်းနိုင်တော့ဘဲ ခန်ပေါ်မှာ ထိုင်ချလိုက်လေတယ်။
ကျန်းကျန်းသည်လည်း ဒီအခြေအနေအတွက် အားကိုးရာမဲ့နေခဲ့တယ်။ အခုအကြိမ် လူတွေ ခေါ်ယူခြင်းက အချိန်ကြာမြင့်ခဲ့ရုံသာမကဘဲ နောက်ဆက်တွဲအဖြစ် မြို့ကို ပြန်သွားချိန်မှာလည်း ထိန်းမနိုင်သိမ်းမရ ပြဿနာများစွာရှိခဲ့သေးတယ်။
ဒီလိုနဲ့ ညဘက်မှာ လီမိသားစုက ဒီကိစ္စနှင့်ပတ်သက်ပြီး ဘာလုပ်ကြမလဲဆိုတာကို ဆွေးနွေးဖို့ ခန်ပေါ်မှာ ထိုင်ခဲ့ကြတယ်။
နိုင်ငံရဲ့မူဝါဒကို တွန်းလှန်ဖို့က မဖြစ်နိုင်ဘူး။ အခုချိန်မှာ လီမင်ပေကို အမြန်ဆုံး အလုပ်တစ်ခုမှာ တာဝန်ထမ်းဆောင်ခွင့်ပေးခြင်းကသာ ဒီကိစ္စကို ရှောင်ရှားနိုင်ပုံရတယ်။
လီမင်ပေက ဒီနေ့ညမှာတော့ စကားတစ်ခွန်းမှ မပြောခဲ့ဘဲ ရှားရှားပါးပါး တိတ်ဆိတ်နေပြီး နောက်တစ်နေ့မှာ မနက်စောစောထပြီး ကျောင်းသွားဖို့ ပြင်ဆင်ခဲ့တယ်။
ထင်ရှားလွန်းတဲ့ ညွှန်ကြားချက်နှင့် ဖော်လှစ်ခဲ့တဲ့ မူဝါဒကို နိုင်ငံတစ်ဝှမ်းမှာ အလွန်လျင်မြန်စွာ အကောင်အထည်ဖော်ခဲ့ကြတယ်။
လတစ်ဝက်ကြာပြီးခဲ့ရင် လီမင်ပေက ဒီစာသင်နှစ်တစ်ဝက်ပြီးသွားပြီး ဘွဲ့ရတော့မယ်။ ဒါပေမယ့် ထိုကိစ္စတွေကြောင့် နဂိုအချိန်ဇယားထက် စောပြီး အဆုံးသတ်သွားခဲ့ရတယ်။ ကျောင်းက သူ့ကို အိမ်မှာ စောင့်နေဖို့ နဲ့ လူတန်းစီဖို့ ခေါ်မဲ့သတင်းကို စောင့်နေဖို့ အကြောင်းကြားခဲ့ကာ ဒီအတောအတွင်းမှာ အပြင်ကို မသွားခိုင်းခဲ့ဘူး။
ဝမ်စုဖန်းက သူမရဲ့သားလေးယောက်အကြောင်းကို တွေးတောပြီး စိတ်ဆင်းရဲနေခဲ့တယ်။ သားနှစ်ယောက်မှာ သူမနှင့် အတူမနေခဲ့ဘဲ နောက်ထပ်တစ်ယောက်ကလည်း ထားသွားရတော့မယ်။ သူမက ခန်ပေါ်မှာ ထိုင်ရင်းမငိုမိအောင်မထိန်းနိုင်တော့ဘူး။
မဒမ်လီကလည်း ခန်ပေါ်မှာထိုင်ရင်း သက်ပြင်းချမိတယ်။ သူတို့နှစ်ယောက်က လီမူဝူပြန်ယူလာမဲ့ သတင်းအချက်အလက်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့ကြသည်။
လီမူဝူက သူ့ရဲ့သားကို အလုပ်တစ်နေရာယူခွင့်ပေးဖို့ အဆိုပြုတဲ့အချိန်က အရမ်းသိသာထင်ရှားလွန်းပြီး ကောက်နှံစတိုးက ခဏကြာတဲ့အထိ အကြောင်းမပြန်ခဲ့ဘူး။ လီမူဝူက စီးကရက်တွေသောက်ရင်းစောင့်နေခဲ့ပြီး အကြိမ်ပေါင်းများစွာ လှမ်းမျှော်ကြည့်ပြီးမှ သေချာတဲ့ စကားလုံးတစ်ခုကို ရရှိခဲ့တယ်- မရဘူး!
ဖောက်ထွက်မဲ့လမ်းက လုံးဝ ပိတ်ဆို့ခံလိုက်ရပြီ။ ကြည့်ရတာ လီမင်ပေတစ်ယောက် ကျေးလက်သို့သွားဖို့ လမ်းတစ်လမ်းပဲ ကျန်ရှိနေတော့တဲ့ပုံရတယ်။ တစ်မိသားစုလုံး စိတ်မသက်မသာခံစားနေရပြီး လီမင်ပေကို ပိုလို့ ဖူးဖူးမှုတ်ပြီး ချစ်ပေးခဲ့ကြတယ်။
မဒမ်လီကလည်း လီမူဝူကို ဝက် စောစောသတ်ဖို့ ပြောခဲ့လေတယ်။ လီမင်ပေကို အသားဟင်းတွေ ကျွေးလိုက်ရလိမ့်မယ်။ နောက်ပိုင်း လူတန်းစီဖို့ အခေါ်ခံရပြီးသွားရင် အသားအနံ့ကိုတောင် မရနိုင်လောက်တော့ဘူး။
ကျန်းကျန်းကလည်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က လီမင်ပေ ကင်ထားပေးတဲ့ အသားက အရသာရှိတယ်လို့ အကြိမ်ကြိမ်တွေးခဲ့ပြီး တောင်ပေါ်မှ သမင်ထီးတစ်ကောင်ကို တောင်ပေါ်မှ ဆင်းရန် အလျင်အမြန် ထိန်းချုပ်လိုက်ကာ လီမိသားစုရဲ့ အိမ်တံခါးဆီသို့ သူ့ဘာသာသူ ပြေးဝင်လာခိုင်းဖို့ ထိန်းချုပ်ခဲ့ပြီး အပြင်ထွက်ခါနီးဖြစ်တဲ့ လီမူဝူကို ဝင်တိုက်မိလုနီးပါး ဖြစ်သွားခဲ့လေတယ်။
မိသားစုထဲမှ လူတချို့က ကျန်းကျန်း တိရိစ္ဆာန်တွေကို ထိန်းချုပ်နိုင်တာကိုလည်း သိနေကြပြီဖြစ်လို့ လီမူဝူက ကျန်းကျန်းရဲ့ ခေါင်းကို ထိလိုက်ကာ ပျော်ရွှင်မှုတစ်ဝက်၊ ဝမ်းနည်းတစ်ဝက်နှင့် ပြောခဲ့တယ်။
“သူက ဝက်သား စားနေရတာပဲလေ မင်း သူ့ကို အကျင့်ဖြစ်အောင်လုပ်နေတာပဲ”
“စားပါစေ၊ သူ အခေါ်မခံရခင် အချိန်လေးပဲ စားရမှာလေ”
ကျန်းကျန်း သက်ပြင်းချလိုက်တယ်။
“သူစားချင်တာ အားလုံးကို စားခိုင်းရအောင် ၊ နောက်ကျရင် အစားအစာကို သူကိုယ်တိုင် ချက်ပြုတ်နေရလိမ့်မယ်၊ စတုတ္ထအစ်ကိုက ဆာလောင်ပြီး နေရတော့မလားတောင် မသိနိုင်ဘူးလေ”
ဒါကိုကြားတော့ ဝမ်စုဖန်းက ထပ်ငိုပြန်တယ်။
နောက်တစ်ကြိမ် မီးလင်းဖိုနှင့် သံပြားကို ထုတ်ယူခဲ့ကာ အရင်တစ်ကြိမ်ကအတိုင်း ထပ်မံနေရာချပြီး အသားကင်ကိုလည်း ထိုနည်းအတိုင်း ကင်ကြပေမဲ့ အသားကင်ကို အတူတူစားသောက်မဲ့သူတွေကတော့ နည်းပါးသွားခဲ့ပြီ။
လီမင်ပေက သမင်သားကို တည့်တည့် စိုက်ကြည့်နေခဲ့ကာ ပထမတစ်ပန်းကန် ကျက်သွားတာနဲ့ မဒမ်လီရဲ့ စားပွဲကို အလျှင်အမြန် ပို့လိုက်ပြီး အသားအသစ်ထပ်ကင်ဖို့ အလျင်လိုနေခဲ့တယ်။
မဒမ်လီက အသားတစ်ပိုင်းကို ကောက်ယူလိုက်ပေမဲ့လည်း သူမရဲ့ပါးစပ်ထဲကို မထည့်သွင်းနိုင်ခဲ့ဘူး။ သူမက ခေါင်းကိုမော့ပြီး လီမင်ပေကိုပြန်ခေါ်လိုက်တယ်။
“မင်းစားတာ ပိုကောင်းတယ်၊ အဖွားက မစားနိုင်ဘူး”
လီမင်ပေက ခန်ပေါ်မှာ ထိုင်လိုက်ပြီးမဒမ်လီအတွက် အသားကင်ကို အဝါရောင် ဂေါ်ဖီထုပ်နှင့် ထုပ်ပိုးပေးလိုက်ကာ မဒမ်လီရဲ့ လက်ထဲကို ထည့်ပေးလိုက်တယ်။
“အဖွား .. ဒါက ဘာမှမဟုတ်ပါဘူး၊ တကယ်တော့ အတော်လေးတောင်ကောင်းမယ်လို့ထင်တယ်၊ ကျွန်တော်တို့ အဲဒီကို လိုက်သွားတဲ့အချိန် ယွီဝမ်ရှို့နဲ့လည်း အတူတွေ့နိုင်တာပဲလေ၊ ကျွန်တော်တို့ နှစ်နှစ်လောက်အတူဖြတ်သန်းပြီးသွားရင် သူမက ကျွန်တော့်ကို လက်ထပ်ဖို့ ဆန္ဒရှိလာတာလည်း ဖြစ်လာနိုင်တာပဲ”
မဒမ်လီတစ်ယောက် သူမရဲ့ပါးစပ်ထဲမှ အသားတွေနဲ့ သီးလုနီးပါးဖြစ်သွားရပြီး နဂိုတုန်းကရှိနေတဲ့ ဝမ်းနည်းမှုအများစုကလည်း ပျောက်ကွယ်သွားခဲ့ကာ လီမင်ပေကို နားမလည်နိုင်လောက်တဲ့အကြည့်နဲ့ စိုက်ကြည့်လာတယ်။
“ယွီဝမ်ရှို့က ဘယ်သူလဲ”
“အဲဒါ ကျွန်တော်တို့ အတန်းထဲက ကျွန်တော် ကြိုက်နေတဲ့ ကောင်မလေးလေ”
ယွီဝမ်ရှို့ရဲ့အကြောင်းကိုပြောတော့ လီမင်ပေက အနည်းငယ် ရှက်သွားရတယ်။
“ကျန်းကျန်းကို ရေအားလျှပ်စစ် စက်ရုံကို ပထမဆုံးအကြိမ် ရုပ်ရှင်ကြည့်ဖို့ ခေါ်သွားတုန်းက တွေ့ဖူးခဲ့တဲ့ မိန်းကလေးလေ၊ သူက ကျွန်တော့်ထက် အသက်နည်းနည်းကြီးပြီး ရုပ်ရည်လည်း လှတယ်”