အခန်း (၁၅၁)
Vol. 16 Ch. 151
ကျန်းကျန်း စုဝေ့ရန်ရဲ့စကားကြောင့် ရှက်ရွံ့စွာ ပြုံးလိုက်တယ်။
“အဓိက အကြောင်းအရင်းကတော့လောင်ရှစ်ရဲ့ပန်းချီကားတွေက အရမ်းကောင်းနေလို့လေ၊ အစတုန်းကတော့ ကြည့်သာကြည့်နေရပေမဲ့ မှန်ကန်အောင် မပြောနိုင်ခဲ့ဘူး၊ နေရာတိုင်းက ကြည့်လို့ကောင်းတယ်လို့ပဲ တွေးတောနေခဲ့မိတာ၊
ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်တွေကတည်းက လောင်ရှစ်ဆီကနေ သင်ယူခဲ့ရပြီးတော့ အနှစ််သာရတွေကိုလည်း တဖြည်းဖြည်း ပိုသိလာပြီး ပိုပြီးတန်ဖိုးထားလာခဲ့တာ”
စုဝေ့ရန် သူ့ရဲ့စကားကြောင့် ရယ်မောချင်သွားရတယ်။
“မင်းက နှလုံးသားထဲက အနှစ်သာရတွေကိုသိမြင်လာတယ်လို့ ပြောရဲနေသေးတယ်၊ မင်းက ကိုယ့်ကိုယ်ကို မြှောက်ပင့်ရမှာကို တကယ် မကြောက်ဘူးပဲ”
ကျန်းကျန်း သူ့ကို ယုံကြည်စိတ်ချမှုအပြည့်နှင့် ပြောလိုက်တယ်။
“ဘာလို့ သဘောပေါက်တယ်လို့ မပြောမှာလဲ၊ ဒါက အနိမ့်ဆုံးအဆင့်လေးပဲရှိသေးတယ်ဆိုပေမဲ့ အနည်းဆုံးတော့ အရောင်အနိမ့်အမြင့်နှင့် ခံ့ညားထည်ဝါမှု အရှိန်အဟုန်တွေ ကို ကြည့်တတ်နေပြီလေ၊ ဒါက အရင်တုန်းကကြည့်တာထက် အများကြီး ပိုကောင်းလာတာပဲမလား”
စုဝေ့ရန်က သူမရဲ့ စကားတွေကိုကြားတော့ ရယ်မောလိုက်ရင်း စားပွဲပေါ်က ပစ္စည်းတွေကို ဖယ်ပြီး ပုံဆွဲစာရွက်ကို အပေါ်မှာ တင်လိုက်တယ်။
“ကောင်းပြီ၊ စကားနှင့် မပြောတော့ဘူး၊ လက်တွေ့နှင့်ကြည့်ကြရအောင်၊ မင်း ပန်းချီကားတွေ လာမဆွဲတာ လဝက်ကျော်လောက်ရှိပြီ၊ အိမ်မှာလည်း မလေ့ကျင့်ဘူးမလား၊ အခု ဆွဲကြည့်လိုက် ငါကြည့်မယ်”
ကျန်းကျန်း အပြစ်ရှိသလို ခံစားရစွာနှင့် စုဝေ့ရန်ရဲ့မေးခွန်းကို အလိုအလျောက် ကျော်သွားလိုက်တယ်။
“ကျွန်မရဲ့ အစ်ကိုက လက်ထပ်တော့မှာဆိုပေမဲ့ ဘီဒိုမှာတပ်မဲ့ ပန်းချီကားတွေ အခုထိမရှိသေးဘူး၊ အဲဒါ ဘီဒိုမှာတပ်ဖို့ ပန်းချီဆွဲချင်တယ်”
သူမက စုဝေ့ရန် နံရံမှာ ချိတ်ဆွဲထားတဲ့ ပန်းတွေနှင့် အပင်တွေအကြောင်းရေးဆွဲထားတဲ့ ပန်းချီကားတွေကို အသာ လှမ်းကြည့်လိုက်မိပြီး ယုံကြည်ချက်မရှိစွာနှင့် ထပ်ပြောလိုက်တယ်။
“ဘာပဲဖြစ်ဖြစ် ဒါက အိမ်ထဲက ဘီဒိုမှာ ကပ်ထားမှာပဲဆိုတော့ ရုပ်ဆိုးတာဖြစ်ဖြစ် လှတာဖြစ်ဖြစ် ကိစ္စမရှိလောက်ပါဘူး”
“ဆွဲကမဆွဲရသေးဘူး၊ ယုံကြည်ချက်က ပျောက်နေပြီလား”
စုဝေ့ရန်က ပန်းချီဆွဲဖို့ ဆေးတွေနှင့် စုတ်တံမျိုးစုံကို ထုတ်ယူပြီး ဘေးမှာချလိုက်တယ်။
“မင်းက ငါ့ စုဝေ့ရန်ရဲ့ တပည့်မဟုတ်ဘူးလား”
စုဝေ့ရန်က ကျန်းကျန်းကို အလွန်လေးနက်တဲ့ အမူအရာနဲ့ ကြည့်ပြီး ပြောလာတယ်။
“အရင်တုန်းက ငါ့ဆီမှာ ကျောင်းသားတွေ အများကြီးရှိပေမယ့် သူတို့အားလုံးက အသက်မွေးဝမ်းကြောင်းပြုဖို့အတွက်သက်သက်ပဲ တပည့်ဖြစ်လာကြတာ၊ ဒါပေမယ့် မင်းကတော့မတူဘူး၊ မင်းက ငါ့ရဲ့ပညာကို ကြိုက်နှစ်သက်ပြီးလိုချင်လို့ တပည့်ဖြစ်လာတဲ့သူပဲ၊
ငါ့ရဲ့ သင်ကြားပေးမှုအောက်မှာ မင်းရဲ့ ပန်းချီပညာအဆင့်အတန်းက အနာဂတ်မှာ တခြားသူတွေထက် ပိုကောင်းလာလိမ့်မယ်လို့ ငါယုံကြည်တယ်”
ကျန်းကျန်း ချက်ချင်းပဲ သူမရဲ့ ရင်ဘတ်ကို ဖြောင့်တန်းလိုက်ပြီး ဂုဏ်ယူတဲ့ ခံစားချက်တွေနှင့် ခိုင်မာတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ထွက်ပေါ်လာခဲ့ကာ လေးနက်စွာ ခေါင်းညိတ်လိုက်တယ်။
“သေချာပေါက် အဲလိုဖြစ်လာစေရမယ်!”
စုဝေ့ရန် ပြုံးပြီး ကျန်းကျန်းရဲ့ ခေါင်းကို ပွတ်သပ်ကာ သူမကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်တယ်။
“မင်းဆီမှာ တကယ့်ကို ထူထဲတဲ့ အသားအရည် ရှိနေတာပဲ “
ကျန်းကျန်း ပြုံးလိုက်ပြီး သူမရဲ့ အင်္ကျီလက်စတွေကို ခေါက်တင်လိုက်တယ်။ ထို့နောက် ဆေးရောင်အနည်းငယ်ကို ရွေးချယ်ပြီး အရောင်တွေကို စတင်ချိန်ညှိခဲ့တယ်။
စုဝေ့ရန်က သူမ ပန်းရောင်တွေကို ထည့်သုံးနေတာတွေ့တော့ မေးလာခဲ့တယ်။
“ဒါက ပန်းတွေကို ဆွဲမလို့လား?”
ကျန်းကျန်း ခေါင်းညိတ်လိုက်တယ်။
“အိမ်ထောင်ရေးဆိုတာက ပွဲလမ်းသဘင်ဖြစ်ပြီး၊ သက်ဝင်လှုပ်ရှားမှုတွေလိုအပ်တယ်လေ”
စုဝေ့ရန်က ခေါင်းညိတ်လိုက်ပြီး သူ့ထင်မြင်ချက်ကို ထုတ်မပြဘဲ ကျန်းကျန်း ရေးဆွဲတာကို ကြည့်ဖို့ ပြင်ဆင်ထားခဲ့တယ်။
အရောင်တွေကို ချိန်ညှိပြီးတဲ့နောက် ကျန်းကျန်းက စတင်ရေးဆွဲဖို့အတွက် အလျင်စလိုမလုပ်ဘဲ သူမရဲ့ မျက်လုံးတွေကို မှိတ်ထားပြီး သူမ ဆွဲမဲ့ ပန်းတွေအကြောင်းကို စတင်တွေးတောခဲ့တယ်။
ကျန်းကျန်းက ငယ်စဉ်ကတည်းက တောင်တန်းများပေါ်မှာ ပြေးလွှားနေခဲ့ပြီး သူမရဲ့ကိုယ်ပိုင်စွမ်းရည်ကလည်း ကမ္ဘာပေါ်ရှိအရာအားလုံးကို ထိန်းချုပ်နိုင်စွမ်းရှိနေခဲ့တာကြောင့် သူမ မြင်တွေ့ဖူးသမျှ အပင်အားလုံးကို သိနေခဲ့တယ်။
မကြာခင်မှာဘဲ သူမက မျက်လုံးတွေကိုဖွင့်ကာ အရောင်တချို့ထဲကို စုတ်တံနှင့်နှစ်ပြီး စာရွက်ပေါ်မှာ စတင်ရေးဆွဲခဲ့တယ်။ နေရောင်အောက်မှာပွင့်လန်းနေတဲ့ ပန်းတွေက သူတို့ရဲ့ဦးတည်ရာကိုလိုက်ပြီး အလင်းအမှောင်သဘောထားအရ အရောင်တွေကလည်း ပြောင်းလဲသွားလိမ့်မယ်။
ကျန်းကျန်း အရောင်တွေကို ချိန်ညှိပြီး စာရွက်ပေါ်မှာ သူမရဲ့အတွေးတွေကို စတင် ဖော်လှစ်ခဲ့တယ်။
စုဝေ့ရန်က ကျန်းကျန်းရဲ့ ညာဘက်နောက်ကျောနားမှ ရပ်ကာ စာရွက်ပေါ်မှာ သူမရဲ့စိတ်ကူးစိတ်သန်း အတွေးအမြင်တွေကို စတင်ရေးဆွဲနေတာကို တိတ်တဆိတ် ကြည့်နေခဲ့တယ်။
အချိန်သိပ်မကြာခင်မှာ လေထဲမှာ လှုပ်ရမ်းနေတဲ့ ကြာပန်းသုံးရွက်က နေရာတော်တော်များများကို သိမ်းပိုက်ထားတာကိုတွေ့လိုက်ရတယ်။
ထို့နောက်မှာ ပန်းရောင်နှင့် အဖြူရောင်တို့ရောစွတာနေတဲ့ ကြာပန်းပွင့်လေးတစ်ပွင့်က ဘေးနားမှာ ဂုဏ်ယူဝံ့ကြွားစွာနှင့် ငွားငွားစွင့်သွင့် ပွင့်လန်းလာခဲ့တယ်။
ထိုပန်းပွင့်ရဲ့ဘေးမှာတော့ ပန်းနုရောင် အဖူးအငုံလေးတစ်ခုရှိနေခဲ့ကာ ဘဝသစ်နှင့် မျှော်လင့်ချက်များကို သယ်ဆောင်ကာရှင်သန်နေခဲ့လေတယ်။
ကျန်းကျန်းအနေနဲ့ ပန်းချီကားထဲမှ အသက်တွေက သူမရဲ့လက်ထဲမှာရှိနေတာကိုသိနေခဲ့ပြီး သူမရဲ့စိတ်ခံစားချက်တွေက ပန်းချီကားပေါ်မှာ ရောင်ပြန်ဟပ်လာလိမ့်မယ်ဆိုတာကို သိထားတယ်။
သူမက ကြာပန်းရဲ့အရောင်အဆင်းတွေကို စတင်ပြောင်းလဲခဲ့ပြီး ကြာပန်းကို ပိုမိုသဘာဝကျစွာနှင့် လှပစေခဲ့တယ်။
စုဝေ့ရန် ခေါင်းအနည်းငယ် ညိတ်လိုက်တယ်။ ကြာပန်းပန်းချီဆိုတာက စုတ်တံနှင့် မင်လေ့ကျင့်ခြင်းတို့အတွက် အခြေခံအတတ်ပညာပဲ။ ကျန်းကျန်းက မင်နှင့် အရောင်ကို သုံးစွဲရာမှာ အလွန်အမင်း ထိန်းချုပ်နေသေးပေမဲ့၊ သူမရဲ့ စုတ်တံ ဆွဲချက်တွေက အနည်းငယ် မရင့်ကျက်သေးပေမဲ့လည်း သူမက ကြာပန်းကို တခြားသူတွေထက် ပိုပြီး နားလည်ထားတာကြောင့် ထိုအချက်တွေက ချို့ယွင်းချက်တွေကို ပြန်လည်ဖုံးဖိထားနိုင်ခဲ့တယ်။
တစ်နာရီလောက်ကြာပြီးနောက် ကျန်းကျန်း သူမရဲ့ ပန်းချီကားကို အဆုံးသတ်နိုင်ခဲ့ပြီး စုတ်တံကိုချကာ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်ပြီး သူမရဲ့လက်ရာကို အဝေးကနေ ပြန်ကြည့်လိုက်တယ်။
ထို့နောက် အလွန် ကျေနပ်နေတဲ့မျက်နှာထားနှင့် ပြောလာတယ်။
“ပိုပိုပြီး တိုးတက်လာတယ်ဆို လောင်ရှစ် ချီးမွမ်းလာတာ မဆန်းဘူး၊ ကျွန်မရဲ့တိုးတက်မှုက အရမ်းကိုမြင့်မားလာတာပဲ! လောင်ရှစ် ကျွန်မရဲ့ပန်းချီကားက ဘယ်လိုနေလဲ”
စုဝေ့ရန်က ချက်ချင်းပဲ အော်ရယ်လိုက်မိကာ ကျန်းကျန်းကိုကြည့်ပြီး သူမကို ဆူပူဖို့ လုပ်လိုက်ပေမဲ့ ကျန်းကျန်းက သူ့ရဲ့အတွေးကို သိနေခဲ့ပြီး လျှင်မြန်စွာပြောလာတယ်။
“ကိုယ့်ကိုယ်ကိုယ် ဘဝင်မြင့်နေလို့မရဘူး ဟုတ်တယ်မလား လောင်ရှစ်.. လောင်ရှစ် ကျွန်မရဲ့ ပန်းချီကားက အားနည်းချက်တွေကို လမ်းညွှန်ပေးပါဦး”
စုဝေ့ရန်ကလည်း သူ့ရဲ့နောက်ပြောင်တဲ့ စိတ်ကို ပြန်ဖယ်ထားလိုက်ပြီး ကျန်းကျန်းရဲ့ ပန်းချီကားကို လက်ညှိုးထိုးပြကာ မှတ်ချက်ပေးခဲ့တယ်။ ဒါပေမယ့် စုတ်တံနဲ့ မင်အသုံးပြုပုံအကြောင်းကိုတော့ သိပ်မပြောခဲ့ဘူး။ ပန်းချီရေးတဲ့ လုပ်ငန်းစဉ်အတွက် ဒီလိုအခြေအနေက သူရဲ့ကိုယ်ပိုင် ခံယူချက်၊ နားလည်မှုနဲ့ စိတ်ကူးစိတ်သန်းတွေနှင့် တိုးတက်လာသင့်တယ်။
တကယ်လို့ တခြားလူရဲ့ပြောစကားတွေအတိုင်း ဆေးခြယ်မယ်ဆိုရင် ကိုယ်ပိုင် ဝိညာဉ်ကို ဆုံးရှုံးသွားလိမ့်မယ်။
ပန်းချီကားက ဘီဒိုမှာ တပ်ဆင်ဖို့ လိုအပ်ပြီး မတပ်ဆင်မီ အခြောက်လှန်းဖို့လည်းလိုအပ်သေးတယ်။ ဒါကြောင့် ကျန်းကျန်းအနေနဲ့ တောင်တန်းပုံ ဒုတိယပန်းချီကို ရေးဆွဲရန် မနက်ဖြန်အထိ စောင့်ဖို့ဆုံးဖြတ်ခဲ့တယ်။
ကျန်းကျန်း ပန်းချီကို သေတ္တာထဲမှာ ထည့်နေတုန်းမှာ စုဝေ့ရန်ကမေးလာတယ်။
“မင်းအရင်က ယူလာတဲ့ စက္ကူနဲ့ ဆေးတွေက ငါအရင်တုန်းကသုံးခဲ့တာတွေနဲ့ အတူတူပဲ၊ အခု အဲဒါတွေ ဝယ်ရတာ အဆင်ပြေသေးရဲ့လား? တကယ်တော့ ငါ့အိမ်က မြေအောက်ခန်းထဲမှာ အရည်အသွေးမြင့်ဆေးတွေ အများကြီးရှိတယ်၊ ဒါပေမယ့် ရှိသေးရဲ့လားမသိဘူး၊ တစ်ယောက်ယောက် ရှာတွေ့ပြီး ယူသွားလောက်ပြီလားပဲ”
ကျန်းကျန်း ခဏလောက်စဉ်းစားပြီး ပြောလိုက်တယ်။
“ကျွန်မရဲ့ မိသားစုနဲ့အရင်ဆုံးစကားပြောကြည့်လိုက်ဦးမယ်၊ ပြီးရင်လောင်ရှစ်အတွက် သွားကြည့်ပေးမယ်”
ဒါကိုကြားတော့ စုဝေ့ရန်က သော့တွဲတစ်တွဲကို အမြန်ယူပြီး ကျန်းကျန်းကို ပေးလိုက်တယ်။
“မင်း ငါ့ရဲ့အိမ်လိပ်စာသိတယ်မလား၊ ဧည့်ခန်းထဲက ဗီရိုကို ဖယ်ပြီးရင် မြေအောက်ခန်း ဝင်ပေါက်ကို တွေ့ရလိမ့်မယ်၊ ဒါက အဲဒီအခန်းအတွက်သော့ပဲ”
သူက ခဏရပ်ပြီး ခါးသက်စွာပြုံးလိုက်တယ်။
“ငါမင်းနဲ့မလိုက်ခင်တုန်းက၊ အောက်ထပ်မှာ ငါ့အတွက်အရေးကြီးတဲ့အရာအားလုံးကို ဝှက်ထားခဲ့တယ်၊ အဲဒါတွေကို သူတို့တွေ့သွားပြီလားတော့မသိဘူး၊
တကယ်လိုရှိနေသေးမယ်ဆိုရင် စုတ်တံတွေ၊ ပုံဆွဲစက္ကူနဲ့ ဆေးရောင်တွေကို ယူလာပေးဖို့ ကူညီပေးပါဦး၊ ဒါ့အပြင် မြေအောက်ထပ်စားပွဲပေါ်က သေတ္တာကနေ ပိုက်ဆံနည်းနည်းလောက်ပါ ယူသွားလိုက်ပါ၊ ပြီးခဲ့တဲ့တွေအတွင်းမှာ မင်း ငါတို့ကို အများကြီးကူညီထည့်ပေးထားတယ်”
ကျန်းကျန်းက သော့ကိုယူလိုက်တယ်။
“လောင်ရှစ်အတွက် စားစရာတွေဝယ်ဖို့က ဘယ်လောက်ထိကုန်ကျနိုင်မှာမို့လို့လဲ ၊ လောင်ရှစ်ရဲ့အရည်အချင်းတွေကို ကျွန်မဆီကို သင်ပေးလာတာက တန်ဖိုးတောင်မဖြတ်ဘူး ၊ စည်းကမ်းဟောင်းတွေကို လိုက်နာရင်တောင်မှ ကျွန်မက လောင်ရှစ်ကို ပြုစုလုပ်ကျွေးသင့်တယ်လေ...”
ကျန်းကျန်း စုဝေ့ရန်ကို စနောက်လိုစွာပြုံးပြလိုက်ကာ ဆက်ပြောခဲ့တယ်။
“ကျွန်မက လောင်ရှစ်ရဲ့ အနီးကပ်တပည့်ပဲလေ၊ နောက်ပိုင်းမှာ လောင်ရှစ်အနားယူသွားရင် လောင်ရှစ်ရဲ့အမွေတွေကို ဆက်ခံရမှာမလား”
စုဝေ့ရန်ရဲ့ နှလုံးသားက နွေးထွေးလာခဲ့ပြီး ကျန်းကျန်းကို ချစ်မြတ်နိုးတဲ့ မျက်လုံးတွေနှင့် ကြည့်လာတယ်။
“မှန်တယ်၊ ဆရာတစ်ယောက်အနေနဲ့ အင်းကို အမွေပေးရလိမ့်မယ်”
စုဝေ့ရန်နှင့်အတူ စာကြည့်ခန်းထဲမှ ထွက်လာပြီးနောက် ကျန်းကျန်းက ရိုးရာတိုင်းရင်းဆရာဝန်ဆီကိုသွားပြီး ဆောင်းရာသီမှာ မစ္စလီသောက်သုံးနိုင်ဖို့အတွက် အာဟာရဆိုင်ရာ ဆေးစာ အနည်းငယ်လောက်အတွက် ထပ်မံဆွေးနွေးခဲ့ပြီးမှ အိမ်ကိုပြန်သွားခဲ့တယ်။
ကျန်းကျန်းအနေနဲ့ မဒမ်လီကိုခေါ်ပြီး သွေးခုန်နှုန်းကို မစစ်ဆေးခိုင်းနိုင်သလို သူမကိုယ်တိုင်လည်း ဘယ်လိုမျိုးကုသရမလဲဆိုတာကို မသိပေမဲ့လည်း သူမရဲ့ကိုယ်ပိုင်စွမ်းအားတွေက သတ္တဝါအားလုံးရဲ့အခြေအနေကို အာရုံခံစားနိုင်တယ်။
ဒီတော့ မဒမ်လီရဲ့လက်တွေကို ဆုတ်ကိုင်ထားရုံနှင့် သူမရဲ့ခန္ဓာကိုယ်က အားနည်းသွားတာကို ခံစားနိုင်တယ်။
ကျန်းကျန်းက ဒီကိုရောက်လာတိုင်းမှာ မိသားစုထဲမှာရှိတဲ့ လူတိုင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေအကြောင်းကို ဆရာဝန်အိုကြီးကို ပြောပြပြီး သင့်တော်တဲ့ ဖြည့်စွက်စာကို ကူညီရှာဖွေခိုင်းလေ့ရှိတယ်။ ပြီးသွားရင် သံသယဖြစ်ခြင်းကိုကာကွယ်ရန်အတွက် တောင်ပေါ်ကနေ ဆေးပင်တွေခူးဆွတ်သွားလေ့ရှိတယ်။
အဟာရဟင်းရည်ကို နှစ်နှစ်သောက်ပြီးနောက်မှာ မဒမ်လီရဲ့ မူလက ဆံပင်ဖြူတွေထါမှာ တစ်ဝက်ခန့်ပြန်မည်းလာခဲ့ပြီး ကျန်းမာရေးကလည်းအရင်တုန်းကထက်ပိုပြီး ကောင်းမွန်လာခဲ့တယ်။