အခန်း (၁၅၃)
Vol. 16 Ch. 153
ဝမ်စုဖန်း မြေးအဖွားနှစ်ယောက်စကားပြောတာကိုနားထောင်ရင်း ပြုံးလိုက်ပြီး မျက်နှာသုတ်ပုဝါကို ပြန်ထည့်လိုက်တယ်။
“အမေလည်း ဒါကိုမလိုချင်ပါဘူး၊ မင်းအမေက အခု ယောက္ခမတစ်ယောက်ဖြစ်နေပြီ၊ အခုလို နာမည်ကြီးတဲ့ပစ္စည်းတွေကို သုံးနေတာကို လူတွေသိသွားရင် ဟာသလုပ်နေကြလိမ့်မယ်”
ကျန်းကျန်းက အနည်းငယ်စိတ်မချမ်းသာဖြစ်သွားတာကိုမြင်တော့ သူမက အလျင်အမြန်ထပ်ပြောခဲ့တယ်။
“အမေက ပန်းရောင်ကိုကြိုက်တယ်၊ နောက်ပိုင်း ကျန်းကျန်း အလုပ်သွားတဲ့အချိန်ကျရင် အမေအတွက် ပန်းရောင်ပုဝါဝယ်ပေးလေ”
ကျန်းကျန်း ချက်ချင်း ရယ်မောပြီး ထပ်ခါတလဲလဲ ခေါင်းညိတ်ပြလိုက်တယ်။
“ကောင်းပြီ၊ သမီးတို့ တစ်မိသားစုတစ်ခုလုံးအတွက် အများကြီးဝယ်လိုက်မယ်၊ သားရေဖိနပ်တွေလည်းဝယ်မယ်၊ အမေအတွက် လှပတဲ့ ၀တ်စုံတွေ၊ နှုတ်ခမ်းနီတွေလည်း ဝယ်ပေးမယ်”
ဝမ်စုဖန်း အံ့အားသင့်သွားတယ်။
“အဲဒါက မကောင်းလောက်ဘူး၊ အခုချိန်မှာ အဲလိုဝတ်စားတဲ့လူတွေကို ဖမ်းနေတာလေ၊ ဒါက အရင်းရှင်လူတန်းစားရဲ့ သရုပ်ပျက်ဘဝပုံစံဖြစ်ပြီး လမ်းပေါ်မှာ လှည့်ပတ်ပြခံရလိမ့်မယ်”
ကျန်းကျန်း မျက်တောင်ခတ်လိုက်ပြီး အပြုံးတစ်ခုနှင့်ပြောလာတယ်။
“အဲဒီအချိန်ကျရင် ဒီလိုမျိုးမဖြစ်နိုင်တော့ပါဘူး၊ အဲဒီအချိန် သမီးလိုချင်တာမှန်သမျှကိုဝယ်ပြီး ဘီစကစ်တွေလည်း နှစ်ဘူးလောက် ဝယ်လိုက်မယ်၊ တစ်ဘူးကိုစားပြီး တစ်ဘူးကို တခြားလူတွေကိုပေးမယ်၊
အသားစားရတာ ငြီးငွေ့လာရင် လတ်ဆတ်တဲ့အသီးအရွက်တွေကို စားမယ်၊ နေ့တိုင်း ဘန်းမုန့်တွေ စားရတာ ရိုးအီလာရင် ပန်ကိတ်တွေစားမယ်”
ဝမ်စုဖန်းက သူမပြောတာကို နားထောင်ပြီးနောက် ပြောလိုက်တယ်။
“မင်းပြောတာတွေအကုန်လုံးက ဘာလို့ နတ်သမီးပုံပြင်တွေလိုဖြစ်နေရတာလဲ”
မဒမ်လီလည်း ရယ်မောလိုက်တယ်။
“ကောင်းတာတွေကို စားရပြီးမှတော့ လည်ချောင်းနာစေတဲ့ ဒီကောက်နှံကြမ်းတွေကို ဘာလို့ စားချင်ဦးမှာလဲ”
ကျန်းကျန်းကပြုံးပြီး အများကြီးရှင်းပြမနေတော့ဘဲ နက်မှောင်တဲ့ ပန်းပွင့် တွေပါတဲ့ အထည်စကို ထုတ်ယူပြီး မစ္စစ်လီကို ပြလိုက်တယ်။
“အခုက လက်ထပ်ပွဲတွေမှာ အစိမ်းရောင် စစ်ယူနီဖောင်းဝတ်တာ ခေတ်စားတယ်လို့ပြောပေမဲ့ လက်ထပ်ပွဲက သက်ဝင်လှုပ်ရှားတဲ့အရောင်နှင့် ပိုကြည့်ကောင်းလောက်မယ်လို့ထင်လို့ ဒါလေးယူလာခဲ့တာ၊ အချိန်ကျရင် တတိယအစ်ကိုနှင့် အစ်မရှောင်ရှီရဲ့အမြင်ကို မေးလိုက်မယ်၊ သူတို့ဒါကိုကြိုက်ရင် ဒါကိုဝတ်ခိုင်းလိုက်မယ်လေ၊ သူတို့က အစိမ်းရောင်စစ်ယူနီဖောင်းဝတ်ချင်တယ်ဆိုရင်တော့ ဒီဘက်ကအထည်တွေကို သီးသန့်ထားပြီး သူတို့ကို နောက်ထပ်ဝယ်ခိုင်းပေးလို့ရတယ်”
ဝမ်စုဖန်းက ကျန်းကျန်းရဲ့ မျက်နှာလေးကို ထိလိုက်တယ်။
“ဒီကလေးမလေးရဲ့ ခေါင်းက ဘယ်အချိန်ကတည်းက တွေးနေတာလဲမသိဘူး၊ မင်းအမေထက် အများကြီး ပိုတော်တာပဲ”
ကျန်းကျန်းက ချက်ချင်းပဲ အဖွားဖြစ်သူကို ချော့မော့လိုက်တယ်။
“ဒါတွေအားလုံး အဖွားက သင်ပေးခဲ့တာလေ”
သူမက ပြုံးပြပြီး မဒမ်လီကို ပြဖို့သိုးမွှေးထည်အနည်းငယ်ကို အောက်ခြေမှ ဆွဲထုတ်လိုက်တယ်။
“အဖွား၊ ဒီအထည်ဘယ်လောက်ကောင်းလဲ ကြည့်လိုက်ဦး၊ ဒါဆိုရင်အဖွား၊ အဖေနဲ့အမေတို့အတွက် တစ်ယောက်ကိုတစ်စုံစီချုပ်ပေးလို့ရတယ်”
မဒမ်လီက ထိုအထည်ကိုထိပြီးကျန်းကျန်းဆီမှာ ကပ်ပေးလိုက်တယ်။
“ငါရဲ့ အသက်က ဘယ်လောက်ရှိပြီလဲ၊ ဒီလိုပစ္စည်းကောင်းနဲ့ အင်္ကျီတစ်ထည်ချုပ်ရင် ဖြုန်းတီးသလိုဖြစ်လိမ့်မယ်၊ အချိန်ကျရင် အဖွားက မင်းအတွက် ချုပ်ပေးမယ်၊ ဒါကို ကျောင်းတက်ရင်ဝတ်လို့ရတယ်”
“သမီး မလိုချင်ဘူး”
ကျန်းကျန်းက သူမရဲ့နှာခေါင်းလေးကို ရှုံ့လိုက်ပြီး:
“ဒီအရောင်က ခေတ်နောက်ကျတယ်လို့ထင်တယ်၊ ပြီးတော့ ဆောင်းဦးရာသီတုန်းက ပထမဦးလေးပေးလိုက်တဲ့ အပြာနုရောင် ကုတ်အင်္ကျီကိုလည်း မဝတ်ရသေးဘူး”
လီမူဝမ်းရဲ့ အကြောင်းကိုပြောရင်း ကျန်းကျန်း မဒမ်လီကိုမေးမိပြန်တယ်။
“အဖွား၊ ပထမဦးလေးက ဒီအဝတ်အစားတွေ ဘယ်က ပို့လိုက်တာလဲ၊ ဖူချန်မှာ ဒီလိုသိုးမွှေးအဝတ်အစားတွေ မရရှိနိုင်ဘူးမလား၊ အဲဒီမှာက တစ်နှစ်ပတ်လုံး နေပူပြီး ဒီလိုမျိုး ဝတ်လို့မရဘူးလေ”
မဒမ်လီက ခေါင်းခါပြတယ်။
“အဖွားလည်း မသိဘူး၊ လိပ်စာလည်း မရှိဘူးလေ၊ စာတိုက်က ပင်းချန်ကို အရင်ဝင်ပြီးမု ဒီကိုတဆင့်ပို့ပေးတာ၊ သူတို့ရဲ့ စစ်တပ်အခြေအနေတွေအကြောင်းကို ငါတို့ ထပ်မေးလို့မရဘူး၊ စည်းမျဉ်းတွေ ရှိတယ်၊ ဒီတော့ ငါတို့လည်း မသိဘူး၊ မင်းလည်း ထပ်မမေးနဲ့”
ကျန်းကျန်းရဲ့မျက်နှာက အနည်းငယ်စိတ်ပျက်သွားပုံရတယ်။
“ ဟင်း..သူတို့ဘာတွေ အလုပ်ရှုပ်နေလဲမသိဘူး၊ ပထမဦးလေးလည်းပြန်မလာတာ နှစ်အတော်ကြာနေပြီ၊ ဒုတိယအစ်ကိုရောပဲ၊ ဒီနှစ် နှစ်သစ်ကူးအတွက် အိမ်ပြန်လာနိုင်မလားမသိဘူး”
မဒမ်လီက ဆေးတံကို တိတ်တဆိတ် ကိုင်လိုက်ပြီး သက်ပြင်းကို အသာချမိတယ်။
“ဒါက မတတ်နိုင်ဘူးလေ၊ တိုင်းပြည်က သူတို့ကို လိုအပ်နေတယ်၊ ငါတို့တွေ တခြား ဘာမှ မကူညီနိုင်ဘူး၊ ဒီတော့ ဒါတွေကို တစ်ချိန်လုံးတွေးတောပြီး ဆုပ်ကိုင်မထားနဲ့”
ဝမ်စုဖန်းက မဒမ်လီကို ကြည့်ပြီး ကျန်းကျန်းကို တစ်ဖန် ကြည့်လိုက်ပြန်ကာ အဆုံးမှာ အသံတိုးတိုးနှင့်ပြောလာတယ်။
“ PLA စစ်သား နှစ်ယောက် နောက်ဆုံး အကြိမ် မင်ရှီကိုခေါ်ပြီး ထွက်သွားတုန်းက လိပ်စာ ထားခဲ့တယ်မလား၊ ဘာလို့ အဲဒီကို စာရေးပြီး ပို့ဖို့ မကြိုးစားကြည့်တာလဲ၊ နောက်နှစ်မှာ လီမင်နန်ရဲ့ လက်ထပ်ပွဲရှိကြောင်းပြောပြီး မင်ရှီကို စစ်တပ်ကနေ ပြန်လာဖို့ ရက်နည်းနည်းလောက်ခွင့်ရက် ပေးနိုင်မလားမေးကြည့်မယ်လေ”
မဒမ်လီက ခဏလောက် တုံ့ဆိုင်းနေပြီးမှ ခေါင်းညိတ်လာတယ်။
“စာရေးတာပေါ့၊ ခဏနေရင် ရေးလိုက်မယ်၊ ခွင့်ယူဖို့အကြောင်းကိုတော့ ပြောဖို့ မလိုဘူး၊ မင်နန်ရဲ့ လက်ထပ်ပွဲအကြောင်းနှင့် မင်ပေ ပညာတတ်လူငယ်အတွက် တန်းစီဖို့အခေါ်ခံရကြောင်းကိုရေးလိုက်မယ်၊ ခွင့်ယူပြီးပြန်လာဖို့ ထည့်မပြောနှင့်၊ သူသာ ပြန်လာလို့ရတယ်ဆိုရင် ငါတို့ ပြောစရာမလိုဘဲနဲ့ ပြန်လာလိမ့်မယ်၊ တကယ်လို့ မလာနိုင်ဘူးဆိုရင် ကလေးက အလကားနေရင်းစိတ်ဆင်းရဲနေရလိမ့်မယ်”
ကျန်းကျန်းက မဒမ်လီဆီကို လက်မကို ဆန့်ထုတ်ပြလိုက်တယ်။
“အဖွားပြောတာ မှန်ပါတယ်”
သူမက ချက်ချင်းပဲ ဖိနပ်ကို ချွတ်ပြီး စားပွဲမှာ ဝင်ထိုင်လိုက်တယ်။ ထို့နောက် နေ့ခင်းဘက် အလင်းရောင်ကောင်းကောင်းရတဲ့နေရာကို ဝင်ထိုင်ပြီး စာကို အလျှင်အမြန် ပြီးအောင်ရေးခဲ့တယ်။
“အလင်းရောင်ရှိနေတုန်းမှာ စာကို အမြန်သွားပို့လိုက်မယ်”
မဒမ်လီက ခေါင်းညိတ်ပြပြီး ကျန်းကျန်းဆီသို့ သူမရဲ့အိတ်ကပ်ထဲက ငွေပြားတစ်ပြားကို ထုတ်ပေးလာတယ်။
“တံဆိပ်ခေါင်းနဲ့ စာအိတ်တွေ ဝယ်သွားလိုက်၊ ကျန်တာကို မင်း သကြားလုံးဝယ်လို့ရတယ်”
ကျန်းကျန်းက ချက်ချင်းပဲ ပါးစပ်ကို ဖုံးလိုက်ပြီး ထိတ်လန့်တဲ့ အမူအရာနှင့် ပြောလိုက်တယ်။
“သမီး နောက်ထပ် သွားတွေ ရှိနေချင်သေးတယ်”
*
ညစာစားပြီးနောက် ကျန်းကျန်းက သူမရဲ့အခန်းသို့ စောစောပြန်သွားခဲ့ပြီး တော်ဝင်မြို့တော်မှာရှိတဲ့ စုဝေ့ရန်ရဲ့ အိမ်သို့ ချက်ချင်းရောက်သွားခဲ့တယ်။
စုဝေ့ရမျှော်မှန်းထားတဲ့အတိုင်း သူ့ရဲ့အိမ်က သူ မထွက်ခွာခင်တုန်းကလိုမျိုး သပ်ရပ်မှုမရှိတော့ဘူး။
တံခါးကို တံခါးဘောင်မှ ချိတ်ဆွဲထားရုံသာကျန်ရှိပြီး အိမ်မှာရှိတဲ့ ပရိဘောဂတွေက ပျောက်ကွယ်သွားကာ အလွယ်တကူ မသယ်နိုင်တဲ့ စားပွဲနှင့် ဗီရိုတွေကလည်း ရိုက်ခွဲခံထားရတဲ့ အရိပ်အယောင်တွေရှိနေတယ်။
ကျန်းကျန်း တံခါးကိုပိတ်ပြီး ဗီရိုကြီးဆီသို့ လှမ်းကြည့်လိုက်တယ်။ ကံကောင်းစွာနှင့် ဗီရိုကြီးက သစ်သားအထူကြီးနှင့် ပြုလုပ်ထားပြီး ကျယ်လည်ကျယ်ကာ မြင့်လည်းမြင်းမားတယ်။ ဒီတော့ လူအများစုက မမြှောက်နိုင်တဲ့အတွက် နဂိုအတိုင်းပဲ ကျန်ရှိနေခဲ့တယ်။
ကျန်းကျန်း ဗီရိုကိုဖွင့်ကြည့်လိုက်တယ်။ ဟိုးအရင်တုန်းက ခိုးယူခံထားခဲ့ရတာ ဖြစ်နိုင်တယ်။ ဗီရိုထဲမှာ မူရင်းအဝတ်အစားတွေအပြင် ချိတ်တွေတောင် မကျန်တော့ဘူး။
ကျန်းကျန်း ဗီရိုကိုမရွှေ့ဘဲ မြေအောက်ထပ်ဆီသို့ တန်းတန်းမတ်မတ် ကူးပြောင်းသွားခဲ့တယ်။ မြေအောက်ခန်း ဧရိယာကစတုရန်းမီတာ နှစ်ဆယ်လောက်ရှိတယ်။ နံရံတစ်ဝိုက်မှာ စင်တွေရှိနေပြီး စာရွက်တွေ၊ ပန်းချီ ဆေးတွေနှင် စုတ်တံ အမျိုးမျိုးတို့ရှိနေတယ်။
ကျန်းကျန်း ပစ္စည်းတွေကို နေရာလွတ်ထဲမှာ နေရာချလိုက်ပြီး သူမရဲ့မျက်လုံးတွေက ထောင့်စွန်းမှာရှိနေတဲ့ ပန်းချီကားလိပ်တွေထားတဲ့ နေရာဆီကို ရောက်ရှိသွားရတယ်။ မြေအောက်က အေးပြီး စိုစွတ်နေတာကြောင့် နှစ်နှစ်လောက်ကြာပြီးတဲ့နောက် တချို့စာလိပ်တွေရဲ့ အစွန်းတွေက အဝါရောင်ဖျော့ဖျော့အဖြစ်ပြောင်းလာခဲ့တယ်။
ကျန်းကျန်းအနေနဲ့ ဒီနေရာကို အနှေးနဲ့အမြန် ရှာတွေ့ခံရမှာကို စိုးရိမ်နေခဲ့တာကြောင့် ပစ္စည်းတွေအားလုံးကို နေရာလွတ်ထဲမှာ သိမ်းဆည်းဖို့ ဆုံးဖြတ်လိုက်တယ်။
နောက်နေ့မနက်စောစောမှာတော့ ကျန်းကျန်း မနက်စာစားပြီးတာနှင့် တော်ဝင်မြို့တော်မှ တောင်တန်းဆီကို သွားခဲ့ပြန်တယ်။ သူမက သူမရဲ့နောက်ကျောမှာ သယ်လာတဲ့ ခြင်းတောင်းထဲမှ စာရွက်၊ ပန်းချီဆေးတွေနှင့်၊ စုတ်တံတွေ၊ စတဲ့ပစ္စည်းတွေကို စားပွဲပေါ်မှာ တင်ပြီး စုဝေ့ရန်ကို ပြောလိုက်တယ်။
“လောင်ရှစ်ရဲ့ အိမ်မှာ ဘာပစ္စည်းမှမကျန်တော့ဘူး၊ ဒါပေမယ့် မြေအောက်ခန်းကတော့ ဘီဒိုနောက်မှာရှိနေတာဆိုတော့ ဘယ်သူမှ သတိမထားမိကြသေးဘူး၊
နောက်ပြီး မြေအောက်ထဲမှာ စိုစွတ်ပြီး အုံ့မှိုင်းနေတာကို တွေ့လို့ အထဲက ပစ္စည်းတွေအားလုံးကို နေရာ ပြောင်းထားခဲ့တယ်၊ အပြင်မှာ အေးဆေးတည်ငြိမ်သွားလို့ လောင်ရှစ် အိမ်ကိုပြန်ချင်တဲ့အချိန်ကျရင် ပစ္စည်းတွေကို ပြန်ပို့ပေးမယ်”
စုဝေ့ရန်က ကျေးဇူးတင်ကြောင်းပြသလာခဲ့တယ်။
“ဒီတစ်ကြိမ်လည်း ငါ မင်းတို့ကို ကျေးဇူးတင်ပါတယ်၊ မဟုတ်ရင် ငါ့ရဲ့ပန်းချီကားတွေက အချိန်ကြာလာတာကြောင်း ပျက်စီးသွားမှာကို စိုးရိမ်နေရမှာ”
ကျန်းကျန်း ပြုံးလိုက်ပြီး သူမရဲ့ ပျောက်နေတဲ့ သွားကြားထဲကနေ အေးမြတဲ့ လေကို ရှုရှိုက်ရင်း ပြန်ပြောလိုက်တယ်။
“မတတ်နိုင်ဘူးလေ၊ ဘယ်သူကများ လောင်ရှစ်ကို ကျွန်မရဲ့ဆရာဖြစ်ခိုင်းခဲ့လို့လဲ၊ လုပ်ပေးရမှာပေါ့”
“ကောင်းပါပြီ၊ ယဉ်ကျေးမနေတော့ပါဘူး”
စုဝေ့ရန်က လှိုက်လှဲစွာ ပြုံးလိုက်ပြီး စားပွဲဆီသို့ အလျင်အမြန်လျှောက်လာကာ ဖြတ်ထားတဲ့စက္ကူနှင့် ပန်းချီဆွဲစရာပစ္စည်းတွေကို စားပွဲပေါ်တင်ရင်း ကျန်းကျန်းဆီကို အပြုံးနှင့် မေးလိုက်တယ်။
“ဒီနေ့ ဘာပန်းပုံကို ပန်းချီဆွဲမှာလဲ”
“ဆီးပန်းတွေကို ဆွဲမလို့”
လင်းဖန်ရဲ့ ‘မာနကြီးသော ဆီးပန်းပွင့်များ’ ပန်းချီက ရှေးခေတ်ကတည်းက ပန်းချီဆရာများကြားမှာ နာမည်ကျော်ကြားခဲ့ပြီး ဆီးပန်းပွင့်တွေနှင့် ဆီးနှင်းတွေကို ပေါင်းစပ်ခြင်းကို ကမ္ဘာကတောင် ဂန္ထဝင်ပေါင်းစပ်မှုတစ်ခုအဖြစ် ယူဆထားတယ်။
ကျန်းကျန်းက အရောင်ကို ချိန်ညှိလိုက်ပြီး လှပတဲ့ အနီရောင်ကို စာရွက်ပေါ်မှာ စတင်ခြယ်သလိုက်တယု။ ပန်းချီကားထဲမှာ ဆီးပန်းတွေကို ဖော်ပြသမဲ့အစား ကျန်းကျန်းက တောက်ပတဲ့အနီရောင်ကို အပြည့်အဝ ဆေးချယ်နေခဲ့တယ်။
ဒီအနီရောင်ကပဲ လူတွေရဲ့ စိတ်အားထက်သန်မှုကို ပိုမိုနှိုးဆွပေးနိုင်တယ်။ မနေ့တုန်းက သူမဆွဲခဲ့တဲ့ “ကြာပန်းပန်းချီ”နှင့် နှိုင်းယှဉ်မယ်ဆိုရင် ကျန်းကျန်းရဲ့ လက်ရှိ “ ဆီးပန်းများဆီသို့ တမ်းချင်း”က ပိုမိုတောက်ပရဲရင့်တဲ့အရောင်တွေနှင့် အနည်းငယ်ချဲ့ကားထားတဲ့ဖော်ပြမှုနည်းပညာတွေကို အသုံးပြုထားတယ်။
တစ်ဖက်မှာရှိနေတဲ့ စုဝေ့ရန်ရဲ့မျက်လုံးတွေဆီမှာ အပြုံးတစ်ခုဖြစ်တည်နေခဲ့ပြီး သူ့ရဲ့မုတ်ဆိတ်မွေးကို ပွတ်သတ်ကာ အလေးအနက် ခေါင်းညိတ်လိုက်လေတယ်။