အခန်း (၁၅၅)
Vol. 16 Ch. 155
ပညာတတ်လူငယ်နေရပ်က ပေရှားက သိပ်မဝေးလှဘူး။ ဒီပညာတတ်လူငယ်တွေက တောင်တက်လမ်းတွေမှာ လမ်းလျှောက်နေကျဖြစ်တဲ့အတွက် အခုလို လမ်းက ကောင်းမွန်သွားတဲ့အချိန်မှာ တစ်နာရီအတွင်းမှာပဲ ရေအားလျှပ်စစ်စက်ရုံသို့ ပြန်ရောက်လာခဲ့ကြတယ်။
လီမင်နန် အလုပ်က ပြန်လာတဲ့အချိန်မှာ လီမင်ပေကို အိမ်မှာမတွေ့တာကြောင့် ထူးဆန်းစွာ မေးလိုက်တယ်။
“မင်ပေ ဘယ်ကို သွားတာလဲ”
ဝမ်စုဖန်းက မီးဖိုချောင်အတွင်းကနေ ခေါင်းကိုမော့ပြီး ပြန်ဖြေလာတယ်။
“မင်ပေက ပြန်မလာဘူးလေ၊ မင်း သူတို့ ပြန်လာမယ်လို့ကြားခဲ့လို့လား”
လီမင်နန်က သူ့ရဲ့သားရေဂျာကင်ကြီးကို ချွတ်လိုက်ပြီး ရှုပ်ထွေးစွာကြည့်ရင်းပြန်ပြောလာတယ်။
“ရေအားလျှပ်စစ်စက်ရုံက ပညာတတ်လူငယ် တော်တော်များများ ဒီနေ့ ပြန်ရောက်လာပြီလေ၊ သူတို့ နှစ်ရက်လောက် အားလပ်ရက် ရကြတယ်လို့ ပြောတယ်၊ မင်ပေက အခု ပြန်မလာရင် ဆယ့်နှစ်လပိုင်းအထိစောင့်ရတော့မှာ”
ဒါကိုကြားတော့ ဝမ်စုဖန်းက ဒေါသတကြီးပြောလာတယ်။
“ဒီကောင်စုတ်လေးကတော့ တောရိုင်းထဲမှာ ဆော့နေတာပဲဖြစ်ရမယ်၊ သူပြန်လာတဲ့အချိန် ငါဘယ်လိုရိုက်မလဲဆိုတာ ကြည့်နေလိုက်”
လီမင်နန်ကအပြင်ကို ထွက်သွားပြီး ထင်းတွေကိုပြန်သယ်လာခဲ့ကာ မီးဖိုထဲသို့ ထင်းထည့်ဖို့ ဝမ်စုဖန်းကို ကူညီပေးခဲ့တယ်။
“အမေ၊ ဒီတစ်ခါ အမေ ကျွန်တော့်ညီလေးကို အထင်လွဲသွားပြီ၊ နေ့လည်ခင်း အလုပ်သွားတုန်းက ကျွန်တော်တို့အလုပ်ထဲက မစ္စတာဝမ်က ပြောခဲ့တယ်၊
မင်ပေနဲ့ တခြားသူတွေ လုပ်နေရတဲ့ အလုပ်က တောင်ပေါ်ကနေ သစ်တွေသယ်လာရတာတဲ့၊ မစ္စတာဝမ် ရဲ့သားက နေ့ခင်းတုန်းက ထမင်းတောင်ပြီးအောင်မစားနိုင်ပဲ ပင်ပန်းလွန်းလို့ အိပ်ပျော်သွားခဲ့တယ်တဲ့လေ၊ မစ္စတာဝမ်ဆို စိတ်ဆင်းရဲလွန်းလို့ ငိုတောင်ငိုခဲ့တယ်”
လီမင်နန်က ဒီလိုပြောတာကိုကြားတာံ ဝမ်စုဖန်းတစ်ယောက် ငြိမ်မနေနိုင်တော့ဘူး။ သူမက လီမင်နန်ကို အိုးထဲက ဟင်းတွေကို ကြည့်ခိုင်းခဲ့ပြီး အရှေ့ဘက်ခန်းထဲကို ပြေးဝင်သွားကာ မဒမ်လီဆီကို လီမင်နန်ပြောခဲ့တာကို ပြန်ပြောပြလိုက်တယ်။
“အမေ၊ ဒီတစ်ကြိမ် မင်ပေ ပြန်မလာဘူးလို့ ထင်လား၊ သူ့မှာ တစ်ခုခု အမှားအယွင်းရှိနေတာတော့ မဟုတ်လောက်ပါဘူးနော်”
“ဘာဖြစ်ရမှာလဲ?”
မဒမ်လီက သူမရဲ့မျက်ခွံတွေကို မပင့်ဘဲ ပြောလာတယ်။
“လမ်းလျှောက်ရတာတောင် ပင်ပန်းနေလို့ ခန်ပေါ်မှာ အိပ်နေတာနေမှာပေါ့၊ သူပြန်မလာရင်လည်း မလာဘူးပေါ့၊ မနေ့ ကပြောခဲ့တဲ့ စကားကို မင်းမေ့သွားပြီလား”
“အိုး! ဟုတ်သားပဲ!”
ဝမ်စုဖန်းက အာရုံတွေ ပြန်ရောက်လာခဲ့တယ်။ သူမက မဒမ်လီကို စိုက်ကြည့်ကာ ဘာမှမပြောတော့ပေမဲ့ သူမရဲ့အမူအရာက အနည်းငယ် ငေးငိုင်နေခဲ့တယ်။
ကျန်းကျန်းက အခန်းထဲကနေ ဝမ်စုဖန်းနှင့် မဒမ်လီတို့ပြောတာကို ကြားခဲ့ပြီး သူမရဲ့ အသိစိတ်ကို လူငယ်နေရပ်ဆီသို့ ရွှေ့ပြောင်းလိုက်တယ်။ အခန်းကြီးက တော်တော်များများက လွတ်နေခဲ့ပေမယ့် အမှန်တကယ်အိပ်နေတဲ့လူနှစ်ယောက်ရှိနေခဲ့တယ်။
ကျန်းကျန်း အနီးကပ်ကြည့်လိုက်တော့ သူတို့က လီမင်ပေ မဟုတ်ခဲ့ဘူး။ သူမ အနောက်ဘက်ကို ပြန်ကြည့်လိုက်တော့ လီမင်ပေက သစ်လုံးနှစ်လုံးကို ထမ်းပြီး တောင်ပေါ်ကနေ လမ်းလျှောက်လာနေတာကို တွေ့လိုက်ရတယ်။
သစ်သားရဲ့ အလေးချိန်က လီမင်ပေရဲ့ပုခုံးကို ဖိထားခဲ့ပြီး သူက သစ်သားတွေကို လက်နှစ်ဘက်နှင့် ထိန်းကိုင်ထားခဲ့ရင်း အံကို တင်းတင်းကြိတ်ထားကာ လေပြင်းတွေတိုက်ခတ်နေတဲ့ လမ်းကို အားစိုက်ပြီး လျှောက်နေခဲ့ကာ နှင်းတောထဲကို တိုးဝင်ပြီး လျှောက်သွားနေခဲ့တယ်။
ကျန်းကျန်း အနည်းငယ် စိတ်ဆင်းရဲသွားရပြီး မင်ပေ့ကို သူမရဲ့စွမ်းအင်တချို့ကိုသုံးပြီး ကူညီပေးချင်ပေမဲ့လည်း မဒမ်လီပြောခဲ့တဲ့ စကားတချို့က သူမရဲ့ နားထဲကို တိုးဝင်လာခဲ့တယ်။
“ သူတို့မှာလည်း ကိုယ်ပိုင်နေ့ရက်တွေရှိလာလိမ့်မယ်၊ ဆင်းရဲဒုက္ခတွေ ပင်ပန်းမှုကို တချိန်လုံးရှောင်ပြေးနေလို့မရဘူး၊ အခက်အခဲတွေ ကြုံတွေ့လာရတိုင်းမှာ တစ်သက်လုံး ကူညီပေးနေလို့ မရတော့ဘူး”
ကျန်းကျန်း သူမရဲ့နှုတ်ခမ်းကို ကိုက်ခဲလိုက်ပေမယ့် သူမ စွမ်းရည်ကိုတော့ ပြန်လည်ရုပ်သိမ်းလိုက်တုန်းပဲ။
လီမင်ပေက အားလပ်ရက်မှာ ဘာကြောင့် ပြန်မလာဘဲ အလုပ်ဆက်လုပ်ဖို့ ရွေးချယ်ခဲ့လဲဆိုတာကို သူမ မသိပေမယ့် လီမင်ပေက ဒီနည်းလမ်းကို ရွေးချယ်ပြီးကတည်းက သူ့မှာ အကြောင်းပြချက်တွေ ရှိနေလိမ့်မယ်။
ကျန်းကျန်း သူမရဲ့အသိစိတ်ကို ပြန်ဆွဲယူလိုက်ပြီး ဘာကိုမှ မသိသလိုဟန်ဆောင်ကာ တရုတ်နှစ်သစ်ကူးအကြောင်းကိုမေးဖို့အတွက် မဒမ်လီဆီကို သွားခဲ့တယ်။
ပြီးခဲ့တဲ့လတုန်းက မင်တုန်က အိမ်သို့ စာတစ်စောင်ပေးပို့ခဲ့ပြီး နောက်ထပ်ရက်အနည်းငယ်အတွင်းမှာ အိမ်ကိုပြန်လာဖြစ်မဲ့အကြောင်း မျှော်မှန်းအချိန်ကို အကြမ်းဖျင်းဖော်ပြခဲ့တယ်လေ။
*
ဒီအချိန်မှာတော့ အန်းပေမှာရှိတဲ့ စိုက်ပျိုးရေးကောလိပ်ရဲ့ဝန်ထမ်းမိသားစုဧရိယာမှာ ကွေ့ဟွားက အသားမုန့်လုံးကို ကျောင်းကနေ ပြန်ခေါ်လာကာ အိမ်သို့ ပြန်ခဲ့တယ်။
လီမင်တုန်ကလည်း ဒီနေ့မှာစာသင်နှစ်ရဲ့ နောက်ဆုံးသော အတန်းကို ပြီးဆုံးသွားခဲ့ပြီ။ သူတို့နှစ်ယောက်ရဲ့ အစီအစဉ်အရ တရုတ်နှစ်သစ်ကူးအတွက် နောက်တစ်နေ့ မနက်စောစောမှာ ပေရှားကို ရထားနဲ့ ပြန်သွားခဲ့ကြလိမ့်မယ်။
သူခြံဝန်းထဲကို ပြန်ဝင်လာပြီး ခြံတံခါးကိုဖွင့်လိုက်တာနဲ့ သူ့ရှေ့မှာ အစက်အပြောက်လေးတောင် မရှိတဲ့ အိမ်ကိုတွေ့လိုက်ရတယ်။
သူက တံခါးကိုတွန်းဖွင့်ပြီး အိမ်ထဲသို့ဝင်ကာ အပေါ်က ဂွမ်းကပ်အကျီကိုချွတ်လိုက်တယ်။ ထို့နောက် ခေါင်းကိုဆန့်ကာ အနောက်ဘက်မှာ ဟင်းချက်နေတဲ့ ကွေ့ဟွားဆီကိုလှမ်းမေးလာတယ်။
“မင်း ခြံထဲက နှင်းတွေကိုပါ လှည်းကျင်းထားတာလား၊ မိုးလေဝသခန့်မှန်းချက်အရ မနက်ဖြန်နဲ့ သဘက်ခါနှင်းတွေကျနေဦးမယ်လို့ ကိုယ်ကြားခဲ့တယ်၊ မင်း မပင်ပန်းဘူးလား”
ကွေ့ဟွားက မီးဖိုထဲမှ အာလူးအနည်းငယ်ကို မီးဖိုချိတ်ကိုအသုံးပြုကာ ထုတ်လိုက်ပြီး အအေးခံဖို့အတွက် ဘေးမှာဖယ်ထားလိုက်တယ်။ ထို့နောက် လီမင်တုန်ဘက်ကို ပြန်လှည့်ကာပြုံးပြလိုက်တယ်။
“နှစ်သစ်မပြန်ခင်လောက်ကိုတော့ အိမ်မှာ သန့်ရှင်းရေးလုပ်ထားချင်လို့လေ၊ မပင်ပန်းပါဘူး၊ ဒါမှမဟုတ်ရင် ကျွန်မမှာ ဘာမှလုပ်စရာမရှိသလိုမျိုး အမြဲခံစားနေရလို့”
လီမင်တုန်က မီးဖိုရှေ့မှာ ဆောင့်ကြုတ်ထိုင်လိုက်ကာ ခေါင်းကိုစောင်းငဲ့ကြည့်ပြီး ကွေ့ဟွားရဲ့ မျက်နှာကို စိုက်ကြည့်ရင်း မေးလိုက်တယ်။
“ဒီရက်ပိုင်း အိမ်ကိုလည်းသန့်ရှင်းရေးလုပ်ပြီး မူကြိုတန်းမှာ အလုပ်လုပ်နေရတာ မပင်ပန်းဘူးလား”
“ဘာတွေများ ပင်ပန်းစရာရှိနေလို့လဲ၊ ကလေးတွေကို ဂရုစိုက်စောင့်ရှောက်ပေးနေရုံလေးပဲ မဟုတ်ဘူးလား”
ကွေ့ဟွားက လီမင်တုန်ဘက်ကိုလှည့်ပြီး ပြုံးပြလိုက်တယ်။
“ကျွမ်မ ဒီအလုပ်ကို အရမ်းကြိုက်တယ်၊ နေ့တိုင်း လုပ်စရာတစ်ခုရှိနေပြီး ဆယ်ယွမ်လည်း ရသေးတယ်၊ နှစ်သစ်ကူးကျ အိမ်ပြန်တဲ့အချိန်မှာ အဖွားကို အများကြီး ပေးနိုင်တော့မှာ!”
လီမင်တုန် မထိန်းနိုင်တော့ဘဲ သူမရဲ့ မျက်နှာကို နမ်းလိုက်လေတယ်။
“ကိုယ် နှစ်သစ်အတွက် မင်းကို တစ်ခုခုဝယ်ပေးမယ်၊ မင်းရဲ့ခရင်မ်တွေ လိမ်းလို့ ကိန်သွားပြီလား၊ ထောက်ပံ့ရေးနဲ့ စျေးကွက်ရှာဖွေရေးသမဝါယမဆီကို ကိုယ်မင်းနှင့် အတူလိုက်ခဲ့ပေးမယ် “
လက်ထပ်ခဲ့တာ နှစ်အတော်ကြာပြီးဆိုပေမဲ့လည်း လီမင်တုန်က အခုလိုမျိုး နေ့လည်ခင်းအချိန်မှာ နမ်းရှိက်လာတဲ့အချိန်မှာ ကွေ့ဟွားတစ်ယောက် ရှက်ရွံ့သွားရတုန်းပဲ။
သူမက လီမင်တုန်ဆီကိုရှက်ရွံ့စွာစိုက်ကြည့်ကာ သူမရဲ့အသံက နူးညံ့ပြီး ကလူမြူဆွယ်တဲ့အရိပ်တချို့ ပါလာခဲ့တယ်။
“မလုပ်နှင့်လေ၊ ကလေးတွေ မြင်သွားရင် ဘယ်လိုလုပ်မလဲ”
လီမင်တုန် ခပ်နိမ့်နိမ့် ရယ်မောလိုက်ပြီး ကွေ့ဟွားရဲ့ နီရဲနေတဲ့ နားရွက်လေးကို ကိုက်လိုက်တယ်။
“ဒါဆို ညဘက်မှ ထပ်နမ်းကြရအောင်၊ နောက်နေ့က အလုပ်မသွားရဘူး၊ နောက်ကျမှ အိပ်ယာထလို့ရတယ်”
လီမင်တုန်ရဲ့ပါးစပ်ထဲမှ ထွက်လာတဲ့ ပူနွေးတဲ့လေတွေက ကွေ့ဟွားရဲ့ လည်ပင်းဆီကို ရိုက်ခတ်လာခဲ့တယ်။
ကွေ့ဟွားက ခေါင်းကို တစ်ဖက်သို့လှည့်လိုက်မိပြီး သူမ စကားမပြောရသေးခင်မှာဘဲ လီမင်တုန်က သူမရဲ့ ခါးကို ညင်သာစွာ ဖိလာခဲ့တယ်။
“ပြောကြည့်ပါဦး၊ ကလေးနှစ်ယောက်မွေးပြီးတာတောင် ခါးက ဘာလို့ ဒီလောက်တောင် သေးသွယ်နေရတာလဲ၊ မိန်းမပျိုလေးတစ်ယောက်လိုပဲ”
ကွေ့ဟွားမှာ လီမင်တုန်ရဲ့ စနောက်ခြင်းကို ခံခဲ့ရပြီး သူမရဲ့ မျက်နှာက နီရဲနေခဲ့တယ်။ သူမက လီမင်တုန်ရဲ့လက်ကို ပုတ်လိုက်ပြီးသူမရဲ့လေသံကလည်းအလွန် နူးညံ့ပျော့ပျောင်းနေခဲ့တယ်။
“ပြသနာမရှာနှင့်တော့ ကျွန်မ ထပ်ပြီး စိတ်ဆိုးမိတော့မယ်”
“ပြသနာမရှာပါဘူး၊ ပြသနာမရှာပါဘူး!”
လီမင်တုန်က ပြုံးလိုက်ပြီး သူမရဲ့လက်ကို ဆုတ်ကိုင်လိုက်တယ်။
“ကိုယ်က မင်းကို ဒီကိုခေါ်လာပြီးကတည်းက မင်းကို အဖော်မပြုပေးနိုင်ခဲ့ဘူးလို့ ခံစားမိလို့ပါ၊ မင်းက အလုပ်မှာရော၊ မိသားစုကိုပါ ဂရုစိုက်နေရလို့ ကိုယ် မင်းအပေါ် အပြစ်ရှိသလိုမျိုး ခံစားရတယ်၊ မနက်ဖန် မင်းနဲ့ သားတွေကို အပြင်ကို ခေါ်သွားပေးမယ်၊ အန်းပေက ပေရှားလောက်တော့ မဟုတ်ပေမယ့် သမဝါယမစျေးက အတော်လေးမဆိုးဘူး”
ကွေ့ဟွားတစ်ယောက် မျက်နှာပေါ်မှာ အပူဒဏ်ကို ခံစားနေရဆဲဖြစ်ပြီး သူမရဲ့ နှုတ်ခမ်းတွေကိုဖိရင်း ပြောလာတယ်။
“ကောင်းပြီ၊ ဒါဆို မနက်ဖြန် မနက်စာစားပြီးရင် အပြင်ထွက်ပြီး သူတို့အတွက် ဝယ်စရာ တစ်ခုခု ရှိမလား ကြည့်ကြမယ်”
လီမင်တုန်က ကွေ့ဟွားရဲ့လက်ကို လှမ်းကိုင်ပြီး ပြုံးလိုက်ကာ အိမ်ထဲသို့ လှမ်းအော်လိုက်တယ်။
“အသားမုန့်လုံးနှင့် ပဲမုန့်လုံး မင်းတို့တွေ လက်ဆေးပြီး စားဖို့ အဆင်သင့်ပြင်တော့ ၊ ထမင်းစားပြီးရင် စောစောအိပ်ရာဝင်ရမယ်၊ ဒီည မင်းအမေနဲ့ ငါ အရေးတကြီး လုပ်စရာရှိတယ်”
ကွေ့ဟွားတစ်ယောက် ရှက်ဒေါသတွေဖြစ်သွားခဲ့ရပြီး လီမင်တုန်ရဲ့ရင်ဘတ်ကို နှစ်ကြိမ်ထုလိုက်တယ်။
“ဒါက ဘယ်လိုစကားမျိုး ပြောနေတာလဲ၊ ကလေးတွေ ကြားသွားရင် ဘယ်လိုတွေးနေမလဲ”
လီမင်တုန်က ရယ်မောလိုက်တယ်။ ဒါပေမယ့် ထိုအချိန်မှာပဲ အသားမုန့်လုံးက အခန်းထဲက ပြေးထွက်ပြီး စပ်စုစွာ မေးလာတယ်။
“အမေ၊ အမေနှင့်အဖေက ဒီည ဘယ်လိုအရေးကြီးတာတွေ လုပ်မှာလဲ”
ကွေ့ဟွားက လီမင်တုန်ကို ဒေါသတကြီးကြည့်ပြီး အသားမုန့်လုံးကိုပွေ့ချီလုက်တယ်။
“မင်းအဖေရဲ့စကားတွေကို နားမထောင်နဲ့၊ သူက မင်းကို စောစောအိပ်ရာဝင်စေချင်နေတာ၊ မနက်ဖြန်ကျရင် အပြင်ထွက်ပြီး ကစားခိုင်းမလို့တဲ့”
မနက်ဖြန် အပြင်ကို ထွက်ရတော့မယ်ဆိုတဲ့စကားကိုကြားတော့ အသားမုန့်လုံးနဲ့ ပဲမုန့်လုံးတို့က အလွန်ပျော်ရွှင်သွားကြပြီး အပြင်မှာ ဘာတွေလုပ်မလဲလို့ ဆွေးနွေးနေခဲ့ကြပြီး တစ်ချိန်တည်းမှာ ထမင်းကို အမြန်စားပြီးသွားခဲ့ကြတယ်။
ပြီးနောက်မှာ လီမင်တုန်က သူတို့ညီအစ်ကိုတွေကို မြန်မြန်ဆေးကြောပြီး အိပ်ယာဝင်ဖို့ ပြောလာတာကိုတောင် မစောင့်ဆိုင်းနေခဲ့ကြဘဲ အလျှင်အမြန်ပဲ အခန်းထဲသို့ဝင်ကာ အိပ်ကြတော့တယ်။