အခန်း (၁၅၇)
Vol. 16 Ch. 157
စျေးအတွင်းမှာ လူများလွန်းတာကြောင့် လီမင်တုန် ချွေးတွေ ထွက်လာခဲ့ကာ သူ့ရဲ့ဇနီးသည်အတွက် ခရင်မ်တစ်ဘူးနှင့် ဝမ်စုဖန်းအတွက် ချည်သားဖိနပ်တစ်ရံသာဝယ်ပြီး သူ့မိသားစုနှင့်အတူ အမြန်ပြန်ထွက်လာခဲ့တယ်။
ပဲမုန့်လုံးက စိတ်မကျေနပ်တော့ဘူး။
“သား ဝအောင် မကြည့်ရသေးဘူးလေ”
လီမင်တုန်က သူ့နဖူးက ချွေးတွေကို သုတ်လိုက်တယ်
“ဒီမှာ မနေနိုင်တော့ဘူး၊ ငါ့ဖိနပ်တောင် ကျွတ်လုမတတ် ဖြစ်သွားတာ၊ ငါတို့ ဒီမှာ ဝယ်တာကောင်းမယ် မထင်ဘူး၊ ပေရှားကိုရောက်မှ အိမ်အတွက်ဝယ်တာက အတူတူပဲဖြစ်လောက်မယ်”
ကွေ့ဟွားက ခေါင်းညိတ်ပြပြီး ပဲမုန့်လုံးကို ဦးထုပ်နဲ့ ပဝါပြန်ပြင်ပေးကာ ချော့မော့လိုက်တယ်။
“ဟိုဘက်မှာ ကောက်နှံစတိုးဆိုင်ရှိတယ်၊ အဲဒီကို သွားကြည့်ရအောင်၊ အဲဒီမှာ နှမ်းကိတ်ရှိရင် မင်းတို့အတွက် ဝယ်ပေးမယ်၊ စားကြည့်ချင်လား”
အသားမုန့်လုံးနှင့် ပဲမုန့်လုံးတို့က ချက်ချင်း ခေါင်းညိတ်လာကြပြီး သူတို့ လမ်းလျှောက်တာနှေးရင် ဆိုင်က ရောင်းကုန်သွားမှာကို စိုးရိမ်နေခဲ့ကြတယ်။
အန်းပေရဲ့ ကောက်နှံစတိုးဆိုင်က လွန်ခဲ့တဲ့ နှစ်လလောက်ကစပြီး နှမ်းကိတ်မုန့်ဆိုင်လေးပါ ဖွင့်လာပြီး နေ့တိုင်းတော့မရောင်းဘူး။ ဒါ့အပြင် တစ်ခါရောင်းရင် မုန့်လေးဆယ်၊ငါးဆယ်လောက်ပဲရရှိတတ်တယ်။
နှမ်းကိတ်မုန့်တစ်လုံးက ငါးဆင့်ကုန်ကျပြီး အစားအသောက်လက်မှတ်ကိုလည်းပေးရတယ်။
ဒါကြောင့် လယ်သမားတွေက ဈေးကြီးတယ်လို့ ထင်ကြပြီး သိပ်မစားတတ်ကြဘူး။ ကလေးအနည်းငယ်ပဲရှိတဲ့ မိသားစုတွေမှ အလုပ်သမားတွေ ဒါမဟုတ် ပိုက်ဆံပိုရှိတဲ့ အလုပ်သမားတွေကသာ တစ်ခါတလေ သားသမီးများကို မြည်းစမ်းနိုင်ဖို့ ဝယ်တတ်တယ်။
လီမင်တုန် ဘွဲ့ရပြီး ဆရာတစ်ယောက်အဖြစ် အလုပ်ဝင်တဲ့အချိန်မှာ ပထမဆုံးလစာမှာ 56 ယွမ် ရရှိခဲ့တယ်။ လွန်ခဲ့တဲ့နှစ်က အန်းပေရဲ့ စိုက်ပျိုးရေးစခန်းမှာ စခန်းသွင်းခံခဲ့ရချိန်မှာတော့ လစာမရှိခဲ့ဘူး။
အလုပ်သမား၊ တောင်သူလယ်သမားနှင့် စစ်သားတွေကိုပြသရန်အတွက် ကောလိပ်ကို ပြန်လည် တည်ထောင်ပြီးနောက်မှာ ဆရာအဖြစ် ဆက်လက် တာရန်ထမ်းဆောင်ခဲ့ပြီး ကျောင်းက အရင်စံနှုန်းတွေအတိုင်း လစာပေးခဲ့တယ်။
ကွေ့ဟွားကတော့ ပြီးခဲ့တဲ့ နှစ်လတုနားက အလုပ်စတင်ဝင်ရောက်ခဲ့တယ်။ အန်းပေ စိုက်ပျိုးရေးကောလိပ်မှာ ဆရာတွေက ပိုများလာခဲ့ပြီး သူတို့ရဲ့ မိသားစုဝင်တွေနှင့် ကလေးတွေကိုလည်း ခေါ်ဆောင်လာခဲ့တာကြောင့် ကျောင်းဝင်းအတွင်းမှာ ကလေးတွေနှင့် ပြည့်နှက်လာခဲ့တယ်။
ဒါကြောင့် စာသင်ချိန်အတွင်း ဆရာတွေကို စိတ်အနှောင့်အယှက်မဖြစ်စေရန်အတွက် ကျောင်းက မူလတန်းကြိုကျောင်းနှင့် ကလေးထိန်း အတန်းအတွက် အိမ်တွေအများကြီးပါတဲ့ ခြံဝင်းတစ်ခုကို ချထားပေးခဲ့တယ်
ကွေ့ဟွားက ငယ်ရွယ်ပြီး ရုပ်ရည်ကလည်း ချောမောကာ သပ်သပ်ရပ်ရပ် ၀တ်ဆင်လေ့ရှိတယ်။ ဒါကြောင့် ကျောင်းက ကလေးတွေကိုကြည့်ရှုပေးရန်အတွက် ကိုယ်စားလှယ်လောင်းတွေ ရွေးတဲ့အချိန်မှာ သူမကို ချက်ချင်းသဘောကျပြီး မူကြိုအတန်းအတွက် အလုပ်ခန့်ပေးခဲ့တယ်။ ဒါကြောင့် သူမမှာလည်း လစာငွေ ရရှိနေပြီ။
လီမင်တုန်နှင့် ကွေ့ဟွားတို့က ဝင်ငွေတွေအများကြီးရှိပြီး ကလေးကတော့နှစ်ယောက်ပဲရှိတာကြောင့် ဝန်က အတော်လေးပေါ့ပါးတယ်။ ဒါကြောင့် ထိုကလေးနှစ်ယောက် ပျော်ရွှင်စေရန် မကြာခဏ ပစ္စည်း အသေးအမွှားလေးတွေ ဝယ်ပေးကြလေ့ရှိတယ်။
ဒီနေ့က ကောက်နှံရောင်းချတဲ့နေ့မဟုတ်တဲ့အတွက်ကြောင့် ကောက်နှံစတိုးဆိုင်ရဲ့အဝင်ဝမှာ လူအများကြီးမရှိဘူး။ ဒါကြောင့် ကွေ့ဟွားက သူမရဲ့ကလေးတွေနှင့်အတူ တန်းစီလိုက်တယ်။
လီမင်တုန်က အရှေ့ကို လှမ်းကြည့်လိုက်တော့ ဒီနေ့အစားအသောက်ရောင်းချတဲ့အပေါက်ဝမှာ နှမ်းကိတ်မုန့်တွေတင်မကဘဲ မီးပုံးကြော်လေးတွေကိုပါ ရောင်းချနေတာကို တွေ့လိုက်ရတယ်။
မီးပုံကြော်ဆိုတာက မီးပုံးပုံစံရှိတဲ့ လေးထောင့်ပုံသဏ္ဍာန်ရှိတဲ့ မုန့်ကြော်ကို ခေါ်တာပဲ။
ဖြူဖွေးသန့်စင်တဲ့ ဂျုံမှုန့်နှင့်လုပ်ထားပြီး ဆီနှင့်ကြော်ထားတာကြောင့် ဆီတွေရှားပါးတဲ့ ခေတ်ကာလမှာတော့မှာ ဇိမ်ခံ အစားအစာတစ်မျိုးဖြစ်လေတယ်။
ဆီနှင့် ဂျုံဖြူကို အသုံးပြုထားတာကြောင့် စျေးကလည်းအလွန်ကြီးပြီး တစ်ခုကို ဆင့်တစ်ပြားတောင် ပေးရတယ်။
နှမ်းကိတ်ဝယ်ချင်တဲ့သူတွေရှိနေရင်တောင် မီးပုံးမုန့်ကြော်ကိုဝယ်တာကတော့ နည်းပါးလွန်းတယ်။ တစ်ခုက ဈေးကြီးတယ်ဆိုပေမဲ့ နောက်တစ်ခုကတော့ ပိုလို့တောင် ရိုးသားမှုမရှိဘူး။ အရသာပိုကောင်းတာကလွဲရင် သေးငယ်ပြီးဆာလောင်မှုကို လုံးဝမပြေပျောက်စေနိုင်ဘူး။
ပဲမုန့်လုံးက လေထဲမှ ဆီရနံ့ကို ရှူရှိုက်ရင်း ပြောလိုက်တယ်။
“အမေ၊ အနံ့က အတော်အရသာရှိမဲ့ပုံရတယ်!”
“မစားရသေးတာတောင် အရသာရှိတယ်လို့ သိနေပြီလား”
ကွေ့ဟွားက ပဲမုန့်လုံးကို ပွေ့ချီလိုက်ပြီး သူမရဲ့ခေါင်းကိုလှည့်ကာ လီမင်တုန်နှင့် ဆွေးနွေးကြည့်လိုက်တယ်။
“သူတို့က မနက်စာစားပြီးပြီဆိုတော့ ဗိုက် အရမ်းမဆာလောက်ဘူး၊ သူတို့အတွက် မီးပုံးကြော်တစ်လုံးပဲဝယ်ကျွေးကြမလား”
“ကောင်းပြီ၊ နှစ်လုံးဝယ်လိုက်ရအောင်၊ သူတို့နှစ်ယောက် တစ်လုံး၊ ကိုယ်တို့နှစ်ယောက်အတွက် တစ်လုံးဝယ်လိုက်လေ၊ မြည်းစမ်းကြည့်ရအောင်”
လီမင်တုန်က သူ့အိတ်ကပ်ထဲက ပိုက်ဆံတွေနှင့်နဲ့ အစားအသောက်လက်မှတ်တွေကို ထုတ်ယူပြီး ကွေ့ဟွားဆီသို့လွှဲပေးလိုက်တယ်။
“ ရဲဘော်၊ ကျွန်မ မီးပုံးကြော်နှစ်ခုလိုချင်တယ်”
အစားအသောက်ရောင်းနေတဲ့လူက ပိုက်ဆံနဲ့ အစားအသောက်လက်မှတ်တွေကို ယူလိုက်ပြီး ခဏကြာတော့ စက္ကူအိတ်နှစ်လုံးကို ထုတ်ပေးလာတယ်။
“ရပါပြီ ရဲဘော်”
လီမင်တုန်က မုန့်တွေကို ယူလိုက်ပြီး လေကာနိုင်မဲ့ နေရာကို လှည့်ပတ်ပြီး ရှာကြည့်လိုက်တယ်။
“ပူနွေးနေတုန်းမှာ စားချင်ရင် ဘေးဘက်က အခန်းလွတ်ကို သွားလိုက်လေ၊ ဒီနေ့က ကောက်နှံတွေမရောင်းတော့ အထဲမှာ ဘာမှမရှိဘူး”
လီမင်တုန်က သူ့ကို အလျှင်အမြန် ကျေးဇူးတင်ပြီး သူ့ဇနီးသည်နဲ့ ကလေးတွေကို ဘေးဘက်မှ အခန်းလွတ်ထဲကို ခေါ်သွားခဲ့တယ်။
မီးပုံးကြော်က ကြော်ထားပြီးကာစဖြစ်လို့ လက်ထဲမှာ ပူနေတုန်းပဲ။
လီမင်တုန်က ကွေ့ဟွားဆီကို တစ်ခုပေးလိုက်တော့ ကွေ့ဟွားက အသားမုန့်လုံးဆီသို့ တဆင့်ပြန်ပေးလိုက်တယ်။
အသားမုန့်လုံးက မုန့်ကိုတစ်ကိုက်ကိုက်ပြီး သူ့ရဲ့ ညီဖြစ်သူရဲ့ ပါးစပ်ဆီကို တိုးကပာပေးလိုက်တဲ။
လီမင်တုန် သူ့ဇနီးသည်နှင့် သားဖြစ်သူတို့ရဲ့ မျက်လုံးတွေက နူးညံ့သိမ်မွေ့မှုအပြည့်ရှိနေတာကို မြင်တွေ့ပြီး ပြုံးလိုက်မိကာ သူ့လက်ထဲမှာ ရှိနေတဲ့ မုန့်ကို ကွေ့ဟွားရဲ့ပါးစပ်အနီးသို့ တိုးပေးလိုက်တယ်။
ကွေ့ဟွားက တစ်ကိုက်ကိုက်လိုက်ပြီး လီမင်တုန်ဆီသို့ အပြုံးလေးနှင့် ပြန်ကြည့်လာတယ်။
“ဒါက တကယ်အရသာရှိတာပဲ”
အသားမုန့်လုံး လီမင်တုန်နှင့်ကွေ့ဟွားကိုကြည့်ပြီး ရုတ်တရက် ရယ်လိုက်တယ်။
“အမေက ကျွန်တော်တို့ ညီအစ်ကိုတွေကို ကျွေးတယ်၊ အဖေကလည်း အမေကို ကျွေးတယ်၊ အရမ်းပျော်ဖို့ကောင်းတာပဲ”
ကွေ့ဟွားက ဆီကြော်မုန့်ကို အသားမုန့်လုံးရဲ့ပါးစပ်ကို ထိုးထည့်ပေးလိုက်ကာ ရယ်မောရင် ဆူပူကြိမ်းမောင်းလိုက်တယ်
“မင်းရဲ့ မီးပုံးကြော်ကိုပဲ စားစမ်းပါ။ စကားကို အများကြီးပြောမနေနဲ့”
*
မဒမ်လီက ကွေ့ဟွားနှင့် လီမင်တုန်တို့တွေ စောစောပြန်လာလောက်တယ်လို့ မှန်းဆထားခဲ့ပြီး လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက အနောက်ဘက်အိမ်မှ ခန်တွေကို အပူပေးထားခဲ့တယ်။ လီမင်တုန်တို့က ကလေးတွေနှင့်အတူပြန်လာမှာဖြစ်လို့ စောင်တွေကို ပြန်သယ်လာနိုင်တော့မှာ မဟုတ်ဘူးလို့လည်း သူမ မှန်းဆထားတာကြောင့် သန့်ရှင်းတဲ့ စောင်တွေကိုလည်း အစောပိုင်းကတည်းကထုတ်ကာ ခန်ပေါ်မှာတင်ပြီး အပူပေးထားခဲ့တယ်။
လီမင်တုန်နှင့် ကွေ့ဟွားက သူတို့ရဲ့ ကလေးတွေနဲ့ အထုပ်တွေကို သယ်ကာ ရထားပေါ်က ဆင်းလာခဲ့ကြတယ်။ သူတို့ အိမ်သို့ လမ်းလျှောက်ပြီးသွားတာ ဆယ်မိနစ်တောင်မပြည့်ခင်မှာပဲ လှည်းတစ်စီးမောင်းနှင်လာတဲ့အသံကို ကြားလိုက်ရလေတယ်
လီမင်တုန် နွားလှည်းသံကိုကြားလို့ နောက်သို့ လှည့်ကြည့်လိုက်တော့ အိမ်နီးချင်းတစ်ယောက်ဖြစ်တဲ့ ဦးလေးချန်ဖြစ်နေတာကို တွေ့လိုက်ရတယ်။
သူ အလျှင်အမြန်ပဲ လှမ်းခေါ်လိုက်တယ်။
“ ဦးလေးချန်၊ ဘယ်ကိုသွားမလို့လဲ”
လောင်ချန်က သူ့ရဲ့ခေါင်းကို လှည့်ကြည့်လိုက်တော့ လီမင်တုန်တို့ မိသားစုကို တွေ့လိုက်ရတာကြောင့် ဇက်ကြိုးကို အလျင်အမြန် ဆုပ်ကိုင်ကာ ရပ်တန့်လိုက်တယ်။
“မင်တုန်ပဲ၊ မင်း အားလပ်ရက်ရလာတာလား၊ လာခဲ့ မင်းရဲ့မိန်းမနဲ့ ကလေးတွေနဲ့ လှည်းပေါ် မြန်မြန်တင်ပေး၊ ငါ မင်းတို့ကို ပြန်ခေါ်သွားပေးမယ်”
လီမင်တုန် သဘောတူပြီး ကွေ့ဟွားကို လှည်းပေါ်တက်ဖို့ ကူညီပေးလိုက်တယ်။ ထို့နောက် သူ့ရဲ့ရသားနှစ်ယောက်ကို ချီပြီး တင်ပေးလိုက်ကာ သူ့အိတ်ကပ်ထဲမှ စီးကရက်တစ်ဗူးကိုထုတ်ပြီး ဦးလေးချန်ကို နှစ်လိပ်ထုတ်ပေးလိုက်တယ်။
ဦးလေးချန်က ချက်ချင်းဆိုသလို ဝမ်းသာပျော်ရွှင်သွားပြီး တစ်လိပ်ကို သူ့နားမှာ ညှပ်လိုက်ပြီး နောက်တစ်လိပ်ကိုတော့ သူ့ရဲ့ပါးစပ်မှာထည့်လိုက်လေတယ်။ လီမင်တုန်က နိုင်ငံခြားဖြစ်မီးခြစ်တစ်ခုကို ထုတ်ကာ ဦးလေးချန်အတွက် စီးကရက်မီးညှိရန် ကူညီပေးခဲ့ပြီးမှ လှည်းပေါ်ကို တက်လိုက်တယ်။
လောင်ချန်တို့မိသားစုနှင့် လီမိသားစုတို့ရဲ့အိမ်တွေက မဝေးသလို လမ့်တစ်ခုတည်းမှာပဲ အတူရှိနေခဲ့တယ်။ ဒါကြောင့် ဦးလေးချန်က လှည်းမောင်းနေရင်းနှင့် သူ့မိသားစုအကြောင်းကို လီမင်တုန်ကိုပြောလာခဲ့တယ်။
“ဒါနှင့် မင်းတို့မိသားစုက မင်နန် လက်ထပ်တော့မယ်ဆိုတဲ့အကြောင်း မင်းဆီကို စာပို့ထားပြီလား၊ ကောင်မလေးက ရေအားလျှပ်စစ်စက်ရုံကလို့ကြားတယ်၊ အသက်ကလည်း မင်နန်လောက်ပဲတဲ့”
လီမင်တုန် ပြုံးပြီး ခေါင်းညိတ်လိုက်တယ်။
“မင်နမ်က ကျွန်တော့်ဆီကိုစာရေးခဲ့တယ်၊ အိမ်ကလည်း ဆောက်ပြီးပြီ ၊ ပရိဘောဂတွေကလည်း နောက်နှစ်မှာ မင်္ဂလာပွဲကျင်းပဖို့ အဆင်သင့်ဖြစ်နေပြီတဲ့၊ ကျွန်တော့်ရဲ့ညီမင်္ဂလာဆောင်ရင် ဦးလေးချန် မင်္ဂလာအရက်သောက်ဖို့ လာရမယ်နော်”
“သေချာပေါက် လာရမှာပေါ့!”
ဦးလေးချန်က အားတက်တရောပြောလာတယ်။
“မင်းတို့မိသားစုထဲက ကလေးတချို့က ငါ့နှာခေါင်းအောက်မှာပဲ ကြီးပြင်းလာကြတာ၊ သူတို့တွေက ငါရဲ့ကိုယ်ပိုင်ကလေးတွေလိုပဲလေ၊ ငါတို့တစ်မိသားစုလုံးက အဲဒီနေ့ကို သွားဖို့ သတ်မှတ်ထားကြတယ်”
လီမင်တုန် ပြုံးပြီး ချန်မိသားစုရဲ့ သားသမီးတွေအကြောင်းကို မေးမြန်းလိုက်တယ်။
“ဦးလေးတို့မိသားစုထဲက ဒုတိယကလေးက မနှစ်က ဘွဲ့ရတယ်လို့ ကျွန်တော်ကြားထားတယ်၊ သူ အခု ဘယ်မှာ အလုပ်လုပ်နေလဲ”
“သူက ဘွဲ့မရခင်အထိ အလုပ်ခေါ် မခံခဲ့ရဘူးလေ၊ ပြီးခဲ့တဲ့လကမှ စီးပွားရေးရုံးမှာ ခန့်အပ်ခံခဲ့ရတယ်၊ တခြားကောင်လေးတွေကတော့ ပညာတတ်လူငယ်နေရာကို ရောက်သွားခဲ့တယ်”
ဦးလေးချန်က ဆက်ပြောလာတယ်။
“ဒါပေမယ့် သိပ်တော့မဝေးပါဘူး၊ ထုတ်လုပ်ရေးအဖွဲ့ကနေ တစ်လကို တစ်ကြိမ် ပြန်လာနိုင်တယ်လေ”
ဦးလေးချန်က စီးကရက်ကို နှစ်ကြိမ်လောက်ရှိုက်လိုက်ပြီး မီးခိုးတွေကို မှုတ်ထုတတ်ကာ လီမင်တုန်ဘက်ကို ပြန်ကြည့်လာတယ်။
“မင်းတို့မိသားစုရဲ့ မင်ပေလည်း အခေါ်ခံရတဲ့အထဲမှာ ပါသွားတယ်လေ၊ ဒါပေမယ့် သူက စိုက်ပျိုးရေးဘက်ကို မပါဘူး၊ ရေအားလျှပ်စစ်စက်ရုံရဲ့နောက်ကို လိုက်ပြီး သစ်တွေထမ်းနေရတယ်လို့ပြောတယ်”
လီမင်တုန်က ဒီအကြောင်းကို မသိတဲ့အတွက်ကြောင့် နောက်ထပ်မေးခွန်းတချို့ကို အမြန်မေးမြန်းလိုက်တယ်။
သူတို့တွေတစ်လမ်းလုံး စကားပြောလာခဲ့ကြပြီး အိမ်ကိုပြန်ရောက်တော့ လီမင်တုန်က မိသားစုထဲမှာဖြစ်ခဲ့တဲ့အကြောင်းတွေကို အကုန်လုံးနီးပါးသိလာခဲ့ပြီ။ ဦးလေးချန်က လီမိသားစုအိမ်တံခါးဝမှာ လှည်းကိုရပ်တန့်လိုက်တော့ လီမင်တုန်က ကလေးတွေနှင့် ဇနီးသည်ကို ကူညီကာ ချပေးလိုက်တယ်။ ထို့နောက် ဦးလေးချန်ကို ကျေးဇူးတင်၀ကားဆိုခဲ့တယ်။
“ ကျေးဇူးတင််ပါတယ် ဦးလေးချန်၊ အချိန်ရရင် အိမ်ကိုလာသောက်ပါဦး”
“ကောင်းပြီ ကောင်းပြီ”
ဦးလေးချန်က လီမင်တုန်တို့ ဝင်သွားတာကို ကြည့်နေပြီးမှ လှည်းကို အိမ်သို့ ပြန်မောင်းသွားခဲ့တယ်။