နောက်ခံတောင့်ပြီး မရိုးဖြောင့်သည့် ကျောင်းသား
Vol. 1 Ch. 2
အန်လင်းက စိတ်ပျက်လက်ပျက် ဖြစ်နေတုန်းမှာပင် စနစ်၏ နယ်ပယ်က သူ့စိတ်ထဲတွင် ရုတ်ခြည်း ပေါ်လာခဲ့သည်။ “လက်ခံသူက ထိုက်ချူ ကုန်းမြေကြီးသို့ ဝင်ရောက်ပြီးစီးကြောင်း ထောက်လှမ်းမိပါသည်။ ဘာသာစကား စနစ် စတင် ထည့်သွင်းနေပြီ ဖြစ်ပါသည်။”
ထိုသည်ကို မြင်တော့ အန်လင်း၏ မျက်နှာတွင် ပျော်ရွှင်မှုတို့ သန်းလာခဲ့သည်။ နောက်ဆုံးတော့ ဘာသာစကား အတားအဆီး ပြဿနာက ဖြေရှင်းပြီးတော့မှာပေါ့။ သူက တွေးလိုက်သည်။
ခေတ္တကြာပြီးနောက် စနစ်က အခြား မက်ဆေ့ချ်တစ်ခု ပေးပို့လာသည်။ “ဘာသာစကား စနစ် ထည့်သွင်းခြင်း ကျရှုံးပါသည်။ လက်ခံသူက ခွေးလို နှစ်ကြိမ် ဟောင်ရမည် ဖြစ်ပြီး အသံကျယ်လောင်မှု ၇၀ ဒက်ဆီဘယ်အောက် မနည်းရပါ” (ဒက်ဆီဘယ်က အသံတိုင်းတာသည့် အခြေခံယူနစ် ဖြစ်ပါတယ်)
အန်လင်း “ ...”
ဘယ်လိုသောက် အဖြစ်အပျက်တွေ ဖြစ်နေတာလဲဆိုတာ ဘယ်သူကများ ပြောပြပေးနိုင်မလဲဗျာ ...
ငါကဘာလို့များ ခွေးလိုဟောင်ဖို့ လိုအပ်ရတာတုန်း ... အဲလိုဟောင်လိုက်ရင် ဘာတွေများ ရလာမှာတဲ့လဲ ...
အန်လင်းက သူ့စိတ်ထဲမှနေ မရပ်မနား ငိုကြွေး နေတော့သည်။ စနစ်ကတော့ သောက်ဖက်နည်းနည်းတောင် မလုပ်ပေ။
“ဝုတ် ... ဝုတ် ...” အန်လင်းက တိတ်တဆိတ် ဟောင်လိုက်သည်။ သူ့မျက်နှာတွင် ရှက်ရွံ့မှု တို့က အတိုင်းသားပင်။
ထို့နောက် စနစ်က နောက်ထပ် မက်ဆေ့ချ်တစ်ခု ပို့လာပြန်သည်။ “လက်ခံသူ၏ အသံသည် ၂၀ ဒက်ဆီဘယ်သာ ရှိကြောင်း ထောက်လှမ်းမိပါသည်။ အသံအကျယ် မလုံလောက်သဖြင့် မှတ်တမ်းယူဖို့ မဖြစ်နိုင်ပါ”
အန်လင်း “ ...”
မိန်းကလေးက အန်လင်းအား ထူးဆန်းသည့် အကြည့်နှင့် ကြည့်လာသည်။ အန်လင်းက အရမ်းကို ထူးဆန်းသည့် အသံတွေ ပြုလုပ်နေသည်ကို ကြားလိုက်မိသည်ဟု ခံစားနေရသည်။
မိန်းမလှလေးက အန်လင်း နားမလည်သည့် ဘာသာစကားနှင့် ပြောပြန်သည်။ သူမ၏ အကြည့်မှာလည်း တဖြည်းဖြည်းနှင့် ပြောင်းလဲလာနေပြီ ဖြစ်သည်။
ဟုတ်သည်။ သူမက သူ့အား ဉာဏ်ရည် မမီသည့် သူတစ်ယောက်လို ကြည့်နေခြင်း ဖြစ်သည်။
အန်လင်းက ထပ်ပြီးတော့ သည်းမခံ နိုင်တော့ပေ။ ထို့ကြောင့် ကျယ်နိုင်သမျှ ကျယ်ကျယ်ဟောင်ဖို့ ဆုံးဖြတ်လိုက်သည်။ “ဝုတ် ... ဝုတ် ...”
သူ့အသံက အရမ်းကျယ်သွားသည့် အတွက် အနီးအနားရှိ ဖြတ်သွားဖြတ်လာ လူအများ၏ အာရုံစူးစိုက်မှုကိုပါ ရရှိလိုက်သည်။ ထိုသူများက တွေဝေသည့် အမူအရာများဖြင့် ကြည့်လာကြသည်။
အန်လင်း အရှေ့တွင် ရပ်နေသည့် မိန်းကလေးမှာလည်း ရုတ်တရက် ဆိုသလို ထိတ်လန့်သွားသည်။
“နင်က ရူးနေတာလား ...” မိန်းကလေးက အော်လိုက်သည်။
ဟ ... ငါမျှော်လင့်ထားသလိုပဲ အရူးလို့ အခေါ်ခံလိုက် ရတာပါလား ... အန်လင်းက ခါးသက်သက်နှင့် ရယ်မောလိုက်သည်။
“ခဏလေး ... နင်ပြောတာ ငါနားလည်နိုင်ပြီပေါ့ ...”
အန်လင်းက အသိစိတ် ပြန်ဝင်လာပြီး ထူးခြားသည့် ဘာသာစကား တစ်ခုက သူ့နှုတ်ခမ်းမှနေ အလိုအလျောက် ထွက်လာခဲ့သည်။
မိန်းကလေးက ပါးစပ်ကို လက်ဖြင့် အုပ်လိုက်ပြီး တခစ်ခစ် ရယ်လိုက်သည်။ “အာ ... နင်က လူစကားပြော နိုင်တယ်ပေါ့ ... အခုနက နင်ရုတ်တရက်ကြီး ဟောင်နေတာ ဆိုတော့ နင်က ခွေးမိစ္ဆာ အသွင်ပြောင်း ထားတာလို့ ထင်မိတော့ မလို့ပဲ ...”
အန်လင်းရဲ့ မျက်နှာက ရဲတက် လာတာကြောင့် အလျင်အမြန်ပင် ခေါင်းစဉ်ပြောင်းဖို့ ကြိုးစားလိုက်သည်။ “အမ် ... မင်္ဂလာပါ ... ငါ့နာမည်က အန်လင်း ... ဒီကို ပထမဆုံးအကြိမ် ရောက်လာတာပဲ ... ဒီနေရာ အကြောင်းလေးများ ပြောပြ ပေးနိုင်မလား ...”
ထိုမိန်းကလေးက အနည်းငယ် အံ့ဩသွားပြီး “ဒီနေရာအကြောင်း မသိဘဲနဲ့ နင်ဘယ်လို ရောက်လာတာလဲ ...”
“တကယ်တော့ အရမ်း အစွမ်းထက်တဲ့ သူတစ်ယောက် ငါ့ကို တည်နေရာ ရွှေ့ပြောင်း ပေးလိုက်တာ ... ဒီနေရာနဲ့ ပတ်သက်ပြီး ငါက ဘာမှ မသိဘူးရယ် ...”
“အိုး ... အဲလိုမျိုးလား ... အဲဒီ ကုန်းမြေက ကောင်းကင်ဘုံ ပိုင်နက်လေ ...” မိန်းကလေးက ဝင်ပေါက် အနောက်မှာ ရှိတဲ့ နန်းတော်များကို ညွှန်ပြရင်း ရှင်းပြသည်။ “အဲဒီ ဝင်ပေါက်တွေ အတွင်းက ပိုင်နက်က စုစည်းညီညွတ် ကျင့်ကြံခြင်း ကျောင်းတော်ရဲ့ ကျောင်းဝင်းလေ ... နင်ကလည်း ကျောင်းသားအသစ်ပဲလို့ ငါထင်တယ် ...”
“ဝိုး ... ... နင်ပြောသလိုဆို အဲဒီ ဝင်ပေါက် အနောက်က အရမ်းကျယ်ဝန်းတဲ့ နေရာကြီးက ကျောင်းတော်ရဲ့ ကျောင်းဝင်းပေါ့ ဟုတ်လား ...” အန်လင်းက အရမ်းအံ့ဩသည့် လေသံနှင့် ပြောသည်။
သူက အဝေးရှိ မရေမတွက် နိုင်အောင် ပြန့်ကျဲနေသည့် အဆောက်အဦများကို ကြည့်လိုက်သည်။ ထိုအဆောက်အဦများက ကျယ်ဝန်းသည့် နေရာတစ်ခုလုံးတွင် အဆုံးမသတ် နိုင်အောင် ရှိနေသည်။
“အံ့ဩစရာပဲ မဟုတ်လား ... ဒါနဲ့ နင်က ဒီကို ဘာလာလုပ်တာလဲ ...” မိန်းကလေးက စပ်စပ်စုစု မေးလာသည်။
“တကယ်တော့ အခုနက နင်ခန့်မှန်းလိုက်တာ မှန်တယ်ဟ ... ငါက ကျောင်းသားအသစ် တစ်ယောက်ပဲ ...” သူက ပြောနေရင်း ရွှေစာရွက်လေးကို ကမ်းပေးလိုက်သည်။
“အစစ်အမှန် နတ်ဘုရားတစ်ပါးရဲ့ ထောက်ခံစာ ...” မိန်းကလေးက အာမေဋိတ်သံ ပြုလိုက်သည်။
ချက်ချင်း ဆိုသလိုပဲ အန်လင်းအပေါ် အမြင်အသစ် တစ်မျိုးနှင့် ကြည့်လိုက်သည်။
မိန်းကလေးက ချစ်စဖွယ် အပြုံးလေးနှင့် အန်လင်းအား မိတ်ဆက်လာသည်။ “မင်္ဂလာပါ ... ငါက ကျောက်နဂါး ပြည်နယ်က လာတဲ့ စုရှောင်လန် ပါ ... ငါလည်းပဲ ကျောင်းသူအသစ်ပါ ...”
“နင်က ဒီနေရာနဲ့ မရင်းနှီးဘူး ဆိုတော့ ငါက နာမည်စာရင်း သွင်းဖို့ ကူညီပေးမယ် ...”
စုရှောင်လန်က အန်လင်းရဲ့ အဖြေကိုတောင် မစောင့်တော့ဘဲ သူ့လက်ကို ဆွဲပြီး ကျောင်းတော်ဝင်ပေါက် ဆီသို့ ဆွဲခေါ်သွားသည်။
အန်လင်းက အရမ်းကို ပျော်ရွှင်သွားသည်။ ဒီမိန်းမလှလေးက ရုတ်တရက်ကြီး ဘာလို့ သဘောတွေ ကောင်းလာရတာတုန်း ...
“ဒီ စုစည်းညီညွတ် ကျင့်ကြံခြင်းကျောင်းတော်ကို ကောင်းကင်ဘုံပိုင်နက်က အထောက်အပံ့ ပေးထားတာပဲ ... ပြီးတော့ ကိုးပြည်ထောင်မှာ ဆိုရင် စုစည်းညီညွတ် ကျောင်းတော်က ထိပ်တန်းအဆင့် ကျင့်ကြံခြင်း ကျောင်းတော် ပဲလေ ... ကျောင်းတော် တစ်ခုလုံးက စတုရန်း ကီလိုမီတာ လေးသောင်းလောက် ကျယ်တယ် ...” စုရှောင်လန် လမ်းလျှောက်နေရင်း အန်လင်းကို ကျောင်းတော်အကြောင်း ပြောလာသည်။
အန်လင်း၏ အမူအရာမှာ စိတ်လှုပ်ရှားမှု အပြည့်နှင့် ဖြစ်သည်။ ကျောင်းတော်၏ ပိုင်နက်ကပင် ထိုင်ဝမ်ကျွန်း တစ်ကျွန်းလုံးထက် ကြီးမားကျယ်ပြန့် နေသေးသည်။
ကျောင်းတော် အတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် တမူထူးခြားသည့် နတ်ဗိမာန်များ ထက်ပိုပြီး သူ့အား အံ့အားသင့်စေသည့် အရာမှာ လမ်းပေါ်တွင် မြင်တွေ့နေရသည့် လူများသာ ဖြစ်သည်။
သူတို့ ဝတ်ဆင်ထားသည့် အဝတ်အစားမျိုးစုံ သာမက သူတို့၏ အသားအရောင် များမှာလည်း အရောင်အသွေး စုံလှသည်။ အန်လင်းဘေးမှ ဖြတ်သွားသည့် အမျိုးသား တစ်ယောက်ဆိုလျှင် ဦးခေါင်းတွင် ဦးမှင်နှင့် နောက်ကျောတွင် ခရုခွံ ရှိနေသည်ကိုပါ မြင်လိုက်ရသေးသည်။
သူတို့နှင့် ယှဉ်ကြည့်ပါက စုရှောင်လန်၏ တာအိုဝတ်စုံနှင့် သွင်ပြင်မှာ အရိုးရှင်းဆုံးပင် ဖြစ်မည်။
တချို့ ကျောင်းသားများ၏ ဟိုဟိုဒီဒီ သွားလာနေကြသည့် ပုံစံမှာ အရမ်းကို စိတ်ဝင်စားဖွယ် ကောင်းလှသည်။ တချို့က လေဟုန် စီးနေကြပြီး တချို့မှာတော့ သူတို့၏ မှော်ရတနာများကို အသုံးပြုပြီး မြန်မြန်ဆန်ဆန် ပျံသန်း နေကြသည်။ ထိုနည်းလမ်း အားလုံးမှာ လက်ခံ နိုင်ဖွယ်ရာပင်။
သို့ပေမဲ့လည်း အဲဒီလူတစ်ယောက်က လေဆင်နှာမောင်းပေါ် ဘာထိုင် လုပ်နေတာတုန်း။
ခင်ဗျားက လေဆင်နှာမောင်းအပေါ် ထိုင်နေတာကို ထားပါဦးဗျာ ... ဒါပေမဲ့ ဘာလို့များ လေနဲ့အတူ လိုက်လည် နေရတာတုန်း ...
ထိုသည်ကို မြင်တော့ အန်လင်းက မထိန်းနိုင်တော့ဘဲ ကျယ်လောင်စွာ အော်ရယ်မိတော့သည်။
ထိုသည်ကို မြင်တော့ လေဆင်နှာမောင်း ပေါ်တွင် ထိုင်နေသည့်သူမှာ အတော်လေး ဒေါသထွက်သွားပြီး သူ့အား ရယ်နေသည့် အန်လင်းကို ဘုကြည့်ကြည့်လာသည်။
လေဆင်နှာမောင်း အဆင့်၏ ဆင့်ကဲ ဖြစ်စဉ်တိုင်းတွင် ထိုကဲ့သို့ လည်နေမည် ဖြစ်သဖြင့် အန်လင်းက ထိုအကြည့်ကို ကြံ့ကြံ့ခံရမည် ဖြစ်သည်ကြောင့် ထိုလူက အဝေးသို့ ရောက်မသွားမချင်း ထပ်မံပြီး မရယ်ရဲတော့ပေ။
စုရှောင်လင်က လူစုစု ရှိနေသည့် နေရာတစ်ခုကို ညွှန်ပြလိုက်ပြီး “စာရင်းသွင်းရမယ့် နေရာက အဲမှာပဲ ...”
ထိုသည်က မြေကွက်လပ် တစ်ခုဖြစ်ပြီး လူထောင်ပေါင်းများစွာက ကြည့်ရှု နေကြသည်။
ဧရာမ ကျောက်နက်ပြား တစ်ချပ်က လူအုပ်အကြားတွင် ရှိနေပြီး အဖြူရောင် အလင်းတန်းများ ထုတ်လွှတ်ပေးနေသည်။
တာအိုခန္ဓာ - အဆင့် ၇
“ဝိုး ... မိုက်တယ်ဟေ့ ...”
လူအုပ်က ယောက်ယက်ခတ် သွားသည်။
အန်လင်း၏ မျက်နှာမှာ မှောင်မိုက်လာသည်။ ဒီလို စမ်းသပ် စစ်ဆေးမှုမျိုးကို ရင်းနှီးနေသည်ဟု ဘာလို့ ခံစားမိနေတာလဲ။
“ဒါက စာရင်း မသွင်းခင် ကျင့်ကြံခြင်း အခြေခံကို စစ်ဆေးတာလေ ... ငါတို့က ကျောင်းလက်ခံတဲ့ အသိပေးစာကို ရထားပြီးသားပေမဲ့ ငါတို့ရဲ့ ကျင့်ကြံခြင်း အခြေခံအလိုက် တက်ရမယ့် အတန်းတွေကို ပြန်စီပေးတာလေ ...” စုရှောင်လန်က ရှင်းပြသည်။
“လူသစ်က တစ်သောင်းလောက် ရှိတာကြောင့် ငါတို့ကို တန်းခွဲပေါင်း ၁၀၀ လောက်မှာ ခွဲစုစီပေးလိမ့်မယ် ... ကျင့်ကြံခြင်းအခြေခံကို အမြင့်ကနေ အနိမ့်ကို စီထားတာကြောင့် တန်းခွဲ ၁ ကနေ တန်းခွဲ ၁၀၀ အထိ အသီးသီးပေါ့ ...” စုရှောင်လန်က ဆက်ပြောသည်။
“ဘယ်လိုတောင် ရိုးရှင်းပြီး ကြမ်းတမ်းတဲ့ တန်းခွဲစနစ်လဲ ...” အန်လင်းက အံ့အားတကြီး ရေရွတ်လိုက်သည်။
“ကျောင်းသားရဲ့ စွမ်းရည်ပေါ်မှာ မူတည်ပြီး ဒီသင်ကြားနည်းက ပိုထိရောက်လိမ့်မယ် ... အဲဒီအပြင် နင်က ပါရမီရှင် တစ်ယောက်နဲ့ တူတာကြောင့် အသာလေး တန်းခွဲ ၁ ကို ဝင်နိုင်တယ် ...” စုရှောင်လန်က ခပ်ပါးပါး ပြုံးလိုက်သည်။
စုရှောင်လန်ရဲ့ ပြောစကားက အန်လင်းကို ဆွံ့အ သွားစေသည်။ သူက တာအိုခန္ဓာ ဆိုတာတောင် ဘာမှန်းမသိတာ တန်းခွဲ ၁၀၀ ကို ဝင်ရင်တောင် ကံကောင်းလွန်းလို့ပဲ ဖြစ်မည်။
အန်လင်းနှင့် စုရှောင်လန်တို့က လူအုပ်ကို တိုးဝှေ့ ဖြတ်သန်းပြီး နောက်တွင်တာ့ စာရင်း ပေးသွင်းရမည့် နေရာသို့ ရောက်ရှိလာခဲ့သည်။
စုရှောင်လန်က သူမ၏ အဖြူရောင်ဝင်ခွင့် စာရွက်ကို ထုတ်ပြီး သက်လတ်ပိုင်း လူကြီးကို ကမ်းပေးလိုက်သည်။ ထိုလူကြီး၏ ခါးတွင်တော့ အင်မော်တယ် ဓားတစ်ချောင်း ချိတ်ဆွဲထားသည်။
ထို့နောက် သူမက ဧရာမ ကျောက်နက်ပြားဆီ လျှောက်သွားပြီး သူမရဲ့လက်ကို တင်လိုက်သည်။
ကျောက်တုံးမှနေ အဖြူရောင် အလင်းတန်းများ ထုတ်လွှတ်လာပြီး ကြီးမားသည့် စကားလုံးများ ပေါ်လာသည်။ “တာအိုခန္ဓာ - အဆင့် ၉”
“ပါရမီရှင်ဟေ့ ... ငယ်ငယ်လေးနဲ့ အဆင့် ၉ တာအိုခန္ဓာ ရောက်နေပြီ ...” လူအုပ်ကြီးက အံ့အားတကြီး ရေရွတ်ကြသည်။
ကျော့ရှင်းပြီး ရိုးရှင်းသည့် တာအိုဝတ်စုံနှင့် မိန်းမလှလေးကို လူအားလုံးက အလွန် အံ့ဩတကြီး ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများတွင် မနာလိုသည့် အရိပ်အယောင်များ ကပ်ငြိနေသေးသည်။
“စုရှောင်လန် တန်းခွဲ ၁ ...” အင်မော်တယ်ဓား ချိတ်ဆွဲထားသည့် သက်လတ်ပိုင်း လူကြီးက ကျယ်လောင်စွာ ကြေညာလိုက်သည်။
များပြားသည့် မျက်လုံးများအောက်မှာ စုရှောင်လန်က အန်လင်း၏ ဘေးတွင် ရပ်လိုက်ပြီး “အန်လင်း ... အခု နင့်အလှည့်ပဲ ... မင်းကံကောင်းပါစေ ...” စုရှောင်လန်က ပြုံးလိုက်သည်။
အန်လင်းက အနည်းငယ် စိတ်ဖိစီးနေပြီး သက်လတ်ပိုင်း လူကြီးဆီ လျှောက်သွားကာ ရွှေစာရွက် အပိုင်းလေးကို ကမ်းပေးလိုက်သည်။
အန်လင်းဆီမှ ရွှေစာရွက် အပိုင်းလေးကို ယူပြီးသည်နှင့် သက်လတ်ပိုင်း လူကြီး၏ အကြည့်သည် စိတ်မဝင်စားသည့် ပုံစံမှနေ အံ့အားသင့်သည့် ပုံသို့ တစ်မုဟုတ်ချင်း ပြောင်းလဲသွားသည်။
ရွှေစာရွက်ကို အသက်ဝင်လာစေရန် အလျင်အမြန်ပင် သူ၏ မှော်စွမ်းအင်ကို အသုံးပြု လိုက်သည်နှင့် ယင်းမှနေ ရွှေရောင်အလင်းများ ထွက်ပေါ်လာသည်။
သက်လတ်ပိုင်း လူကြီးက အန်လင်းကို ကြည့်လိုက်ပြီးနောက် သူ့မျက်နှာတွင် မမျှော်လင့်ဘဲ ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လာခဲ့သည်။ “သွားလေ ... သွားပြီး မင်းရဲ့ ကျင့်ကြံခြင်း အခြေခံကို တိုင်းတာချေ ...” သူက နူးနူးညံ့ညံ့ ပြောသည်။
“အဲဒါ အစစ်အမှန် နတ်ဘုရားတစ်ပါးရဲ့ ထောက်ခံစာကွ ...” ရွှေစာရွက်ကို မြင်တော့ အမြင်စူးရှသည့် ကျောင်းသားတစ်ယောက်က အံ့ဩတကြီး အော်လိုက်သည်။
ထိုသည်ကို ကြားလိုက်ရတော့ ကျောင်းသားအသစ် အားလုံးမှာ စိတ်လှုပ်ရှား လာကြသည်။
“သူ့မှာ အစစ်အမှန် နတ်ဘုရား တစ်ပါးရဲ့ ထောက်ခံစာကို ရလောက်တဲ့အထိ အရည်အချင်း ရှိနေတာဆိုတော့ ဒီလိုမျိုး ပါရမီရှင်က ဘယ်မျိုးနွယ်က လာတယ်ဆိုတာ သိချင်လိုက်တာ ...”
“ဒါနဲ့ ... အစစ်အမှန် နတ်ဘုရားရဲ့ ထောက်ခံစာနဲ့ ရောက်လာတာ ငါတို့ လူသစ်တွေထဲ မှာဆို သူက သုံးယောက်မြောက် မဟုတ်ဘူးလား ...”
“အမှန်ပဲပေါ့ကွာ ... အရင်ကဆို တစ်ယောက်တောင်မှ ပါလာဖို့ မဖြစ်နိုင်ဘူးကွ ... ရုတ်တရက် ဆိုသလို သုံးယောက်ကြီးများတောင် ဆိုတော့ ... ဒီလိုမျိုး တစ်ခါမှတောင် မမျှော်လင့် ထားဖူးပါဘူးကွာ ...”
လူအုပ်ကြီးက ထိုအကြောင်းက စိတ်ပါလက်ပါ ဆွေးနွေးနေကြပြီး လူအားလုံး နီးပါးက အန်လင်းကို စိတ်အား ထက်သန်စွာ ကြည့်နေကြသည်။
တချို့ မိန်းမငယ်လေးများမှာ အန်လင်း၏ ချောမောသည့် ရုပ်ရည်သွင်ပြင်ကို မြင်ရသည့်အခါ ရှက်သွေးဖြာပြီး ချစ်မေတ္တာများပင် ပွင့်ဖူး လာကြသည်။
ငလူး ... သူတို့အားလုံးက ငါ့ကိုဘာလို့ ကြည့်နေကြတာတုန်း ...
များပြားလှသည့် အာရုံစိုက်မှုများကြောင့် အန်လင်းမှာ စိတ်ပူပင် သောက ရောက်လာရသည်။
သူတို့အားလုံးက ဘာလို့ငါ့ကို မျှော်လင့်ချက် ကြီးမားနေရတာတုန်း ... အန်လင်းမှာ ဘေးကျပ်နံကျပ် အခြေအနေနှင့် ရင်ဆိုင် နေရသလိုပင်။
စိတ်ထဲ ထည့်မနေတော့ဘူး ... ငါက တာအိုခန္ဓာ အဆင့် ၁၀ တို့ ဘာတို့ ဖြစ်ချင် ဖြစ်နေနိုင်တာပဲ။
ထိုသို့ တွေးလိုက်ပြီးနောက် အန်လင်းက သူ့ကိုသူ ပြန်လည်ထိန်းချုပ် နိုင်သွားသည်။
ဟုတ်တယ် ... တကယ်တမ်း ငါကသောက်ရမ်း မိုက်နေတာကို ငါကိုယ်တိုင် သတိမထား မိသေးတာပဲ ဖြစ်ရမယ်။
အန်လင်းက ဧရာမ ကျောက်နက်ပြားကြီးပေါ်တွင် သူ့လက်ကို တင်လိုက်သည်။ အဖြူရောင် အလင်းတွေ တောက်ပလာပြီးနောက် သူ့လက်တစ်လျှောက် တုန်ခါလာသည်။ သူ့စိတ်တွေ လေးလံလာပြီး ထွက်ပေါ်လာမည့် ရလဒ်ကို မျှော်လင့်နေသည်။
ကြီးမားသည့် စာလုံးကြီးများက ဧရာမ ကျောက်နက်ပြားကြီး ပေါ်တွင် ပေါ်လာခဲ့သည်။ “တာအိုခန္ဓာ ဗလာအဆင့် ...”
လူအုပ်ကြီးက ချက်ချင်းဆိုသလို တိတ်ဆိတ်သွားပြီး လူအားလုံးက ကျောက်နက်ပြားပေါ်ရှိ စာလုံးများကို ငေးကြည့်နေကြသည်။
တချို့ဆို သူတို့ မြင်လိုက်ရသည်ကို မယုံနိုင်သဖြင့် မျက်လုံးများကို လက်ဖြင့်ပွတ်ကာ ပြန်ကြည့်လိုက်သေးသည်။
သူက စိတ်ထဲတွင် ပြင်ဆင် ထားပေမဲ့လည်း ထွက်ပေါ်လာသည့် ရလဒ်ကြောင့် တစ်ခဏမျှ စကား မပြောနိုင်အောင် ဆွံ့အသွားသည်။
သို့ပေမဲ့လည်း အမှန်တရားက သူ့အရှေ့သို့ ရုတ်တရက်ကြီး ရောက်ရှိလာသဖြင့် သူ့ကိုသူ စိတ်ပျက် နေမိသည်။
အရာအားလုံးက ရုတ်ခြည်းဆိုသလို ကြောက်မက်ဖွယ် ကောင်းအောင် တိတ်ဆိတ်သွားသည်။
အန်လင်းက ကျောင်းသား အသစ်များကို လိုက်ကြည့်လိုက်သည်။ သူတို့သည် သူ့ထက်ပင် ပိုပြီး အံ့အားသင့်ကာ ဆွံ့အ နေကြသည်ကို တွေ့လိုက်ရသဖြင့် ပြောစရာ စကားပင် ဆွံ့အသွားသည်။
“အန်လင်း တန်းခွဲ ၁ ...” သက်လတ်ပိုင်း လူကြီးက အော်ပြောလိုက်သည်။
အန်လင်းက ယိုင်တိယိုင်တိုင်ဖြင့် လျှောက်သွားလိုက်သည်။ သက်လတ်ပိုင်း လူကြီးနှင့် မျက်နှာချင်းဆိုင်ရသည့် အခါတွင် သူ့မျက်လုံးထဲတွင် မယုံကြည်နိုင်သော အကြည့်များက အတိုင်းသားပင်။ သူက မှားယွင်းစွာ ကြားလိုက်ရသည် ဟုပင် သံသယ ဖြစ်မိသည်။
ထို့နောက် တခြားကျောင်းသားများ ဆီသို့ ကြည့်လိုက်သည့်အခါ သူတို့ကလည်းပဲ သူ့အား ဖော်ပြလို့ မရနိုင်အောင် စိတ်ရှုပ်ထွေးသည့် အမူအရာ များဖြင့် ကြည့်နေကြသည်။
အရာအားလုံးက နောက်တစ်ကြိမ် တိတ်ဆိတ် သွားပြန်သည်။
“နောက်ခံတောင့်ပြီး မရိုးဖြောင့်တဲ့ ကျောင်းသားတစ်ယောက် ကတော့ ဒီနှစ် လူသစ်တွေထဲ ပါလာခဲ့ပြီဟေ့ ...”
ထိုအချိန်မှာပင် လူအုပ်ထဲရှိ တစ်ယောက်က မှတ်ချက်ပြုသည်။
တစ်ဦးတစ်ယောက် ကမှ ပြန်လည် ချေပခြင်း မပြုဘဲ လူအများက သူတို့၏ခေါင်းများကို ညိတ်ကာ သဘောတူကြောင်း ပြနေကြသည်။
အန်လင်း ဆိုသည့် အမည်မှာ စုစည်းညီညွတ် ကျင့်ကြံခြင်းကျောင်းတော် တစ်ဝန်း မကြာခင်မှာပင် ပျံ့နှံ့ သွားတော့မည်ကို သူတို့က သဘောပေါက် နားလည်ကြသည်။
အားလုံးပြီးသည့် နောက်တွင်တော့ အန်လင်းက အဆိုးရွားဆုံး ရလဒ်နှင့် အကောင်းဆုံး တန်းခွဲသို့ ဝင်ခွင့်ရသည့် ပထမဆုံး ကျောင်းသားအဖြစ် မှတ်တမ်း ဝင်သွားပြီ ဖြစ်သည်။
ထိုမှတ်ချက်ကို ကြားလိုက်ရတော့ အန်လင်းမှာ မျက်နှာ ရှုံ့မဲ့မဲ့ပင် ဖြစ်လာသည်။ ခေါင်းငိုက်စိုက်ချကာ စုရှောင်လန် ရှိရာသို့ ပြန်သွားလိုက်သည်။
စုရှောင်လန်၏ မျက်လုံးများမှာ ကြင်နာမှုဖြင့် ပြည့်နေပြီး သူက နှစ်သိမ့်ဖို့ရာ ကြိုးစားလိုက်ပေမဲ့ မည်ကဲ့သို့ စပြောရမည်မှန်း မသိပေ။
အန်လင်းက ခေါင်းကို လေးဆယ့်ငါး ဒီဂရီ မတ်လာခဲ့သည်။ မျက်နှာတွင် စိတ်ဓာတ်ကျသည့် အမူအရာဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။
သူက ငြိမ်းချမ်းစွာ ကျင့်ကြံလိုသည်သာ ဖြစ်သည်။ ဘာလို့များ ကျောင်းတော်သို့ ဝင်ဝင်ချင်း လူအားလုံး၏ အာရုံစိုက်စရာ ဖြစ်လာ ခဲ့ရတာလဲ။
ထို့အပြင် သူက လူအားလုံး မနှစ်မြို့စွာ အာရုံစိုက်ခံရသူ တစ်ယောက် ဖြစ်လာခဲ့ခြင်းပေ။
***